Friday, November 09, 2007

အန်တီစုနှင့်ဂမ်ဘာရီ



ကုလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ၎င်း၏ ခရီးစဉ်ပြီးဆုံးသည့် ယနေ့ မပြန်ခင် နာရီပိုင်းအလိုတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရသွားကြောင်း သိရသည်။

ဒီနေ့သတင်းများအရ အန်တီစုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ ၃ ဦးနှင့်လည်း တွေ့ဆုံခွင့်ကို နအဖမှ ခွင့်ပြုလိုက်သည်ဟုထပ်မံ ကြားသိရပါသည်။ မည်သည့်နေ့တွင် တွေ့ဆုံမည် မသိရသေးချေ။

အန်တီစု ကျန်းမာစွာဖြင့် တိုင်းပြည်အကျိုး ထမ်းရွက်နိုင်ပါစေ။

၈၈ မျိုးဆက် မြေအောက်ကျောင်းသားခေါင်းဆောင် မမီးမီးရဲ့ သဘောထား

၈၈ မျိုးဆက် မြေအောက်ကျောင်းသားခေါင်းဆောင် မမီးမီးရဲ့ သဘောထားလေးကို နှစ်သက်စွာ မျှဝေပေးတာပါ။

ကျမတို့ တိမ်းရှောင်နေရပေမယ့် ကျမတို့နဲ့ ဆက်သွယ်နိုင် တဲ့ နေရာတွေမှာ ကျောင်းသားတွေဟာ လူကိုယ်တိုင်၏ သော်လည်းကောင်း၊ သူတို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်း တွေသော် လည်းကောင်း ကျမတို့ကို သူတို့ အမြဲတမ်း ဆက်သွယ်ပါတယ်။ သူတို့ လုပ်မယ့်ဟာ တွေကိုလည်း ကျမတို့ကို သူတို့ ပြောပြပါတယ်။ ကျမတို့က သူတို့ကို ဦးဆောင်မှု မပေးပါဘူး။ သူတို့ရင်တွင်းက ဆန္ဒနဲ့သူတို့ဘာသာ သူတို့ဖေါ်ထုတ်နေကြတာပါ။

ကျမတို့က ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး ဖွဲ့ထားတာကိုက ကျမတိုချည်းမဟုတ်ဘူး။ ၁၉၈၈ ခုနှစ်ကနေစပြီးတော့ ယနေ့အထိ ကျမတို့မြန်မာပြည်ကို အလင်းရောင်ပွင့်လန်းလာအောင်လုပ်နိုင်တဲ့ မျိုးဆက်သစ် လူငယ်အားလုံးကို ဆိုလိုပါတယ်။ ကျမတို့အကိုတွေမရှိတော့လည်း ကျမတို့ဆက်လုပ်တယ်။ အဲဒီလိုပါပဲ ကျမတို့တိမ်းရှောင်နေရပေမယ့်လည်း ၈၈ မျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး။ နေရာအနှံ့မှာ ရှိပါတယ်။ သူတို့ဘယ်လောက် ဖြိုခွင်းဖြိုခွင်း ကျမတို့ ၈၈ ကျောင်းသားမျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အခုလို ကျောင်းသားတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ကျမအနေနဲ့ကတော့ ၁၉၈၈ လိုမျိုး သွေးထွက်သံယိုဖြစ်မှုပေါ့၊ အဲဒီလိုဖြစ်မှုမျိုးကြီးကို ကျမတို့ မြန်မာပြည်သူလူထုတွေ အနေနဲ့ နောက်တကြိမ် ထပ်ပြီးတော့ မခံစားစေချင်ပါဘူး။

ဒါပေမယ့် အခုလိုမျိုးသာ အာဏာကိုသုံးပြီးတော့ လိုက်လုပ်နေမယ်ဆိုရင်တော့ ၁၉၈၈ ထက်ဆိုးတဲ့ အာဏာရှင်မှန်သမျှ လုံးဝချုပ်ငြိမ်းသွားစေမယ့် လူထုအုံကြွမှုကြီးတော့ ဖြစ်ပေါ်လာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။

မမီးမီး
၈၈ မျိုးဆက်ကျောင်းသား အဖွဲ့