ပဲခူးမြို့ အမှတ် ၂ အထက ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားရွှေက ဒီလကစပြီး ကျောင်းသားတွေဆီမှာ ကျောင်းအိမ်သာ ပြင်ဖို့ဆိုပြီး ပိုက်ဆံကို မတော်မတရား ကောက်ခံနေပါတယ်။
အိမ်သာပြင်ဖို့က သိန်း ၂၀ ကျော် ကုန်ကျမယ်လို့ဆိုပြီးတော့ ၉-၁၀ တန်း ကျောင်းသားတယောက်ကို ကျပ် ၄၀၀၀ကောက်ပါတယ်။ ၈ တန်းကနေ အငယ်တန်းတွေအထိ တယောက်ကို ကျပ် ၃၀၀၀ စီပါ။ မပေးနိုင်တဲ့ ကျောင်းသားတွေကို စာမေးပွဲ ပေးမဖြေဘူးလို့လည်း ဆိုပါတယ်ရှင့်။
အတန်းပိုင်ဆရာမ တယောက် ပြောပြတာက အထက်ကနေ အိမ်သာပြင်ဖို့အတွက် ၂၂ သိန်း ချပေးတယ်တဲ့။ ဒါကို တခြား ကျောင်းသားမိဘတွေလည်း သိပါတယ်။ သူတောင်းတဲ့ပိုက်ဆံ မပေးနိုင်တဲ့ ကျောင်းသားမိဘတွေကို ရုံးခန်းမှာ ခေါ်ဆူတာလည်း ရှိပါတယ်။
မပေးနိုင်တဲ့ ကျောင်းသားတွေကတော့ အတန်းထဲမှာ မျက်နှာငယ်ပြီး၊ တနေ့တနေ့ ဆရာတွေကတဆင့် အပြောခံနေရလို့ စိတ်မချမ်းသာကြရပါဘူး။
Friday, August 28, 2009
Wednesday, August 26, 2009
စားသောက်ဆိုင်များ စလောင်းမတပ်ရ
ရန်ကုန်မြို့တွင်းရှိ လက်ဖက်ရည် ဆိုင်များနှင့် စားသောက် ဆိုင်များတွင် ရှစ်ပေ၊ ဆယ်ပေ ဂြိုဟ်တု စလောင်းများကို တပ်ဆင်ကြည့်ရှုခြင်း မပြုရန် အာဏာပိုင်များက လတ်တလော တားဆီးမှုများ ပြုလုပ်နေကြောင်း လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့ခံများက ပြောသည်။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်များနှင့်စားသောက် ဆိုင်ပိုင်ရှင်များအား ၎င်းတို့၏ဆိုင်များတွင် Family Entertainment Group မှထုတ်လွှင့်ပြသနေသော ရုပ်သံလိုင်းများကိုသာပြသရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။
“စလောင်းတွေဖြုတ်ရမယ်။ အဓိက ကတော့ပြည်ပကလွှင့်တဲ့ DVBရုပ်သံလိုင်းမကြည့်ဖို့အတွက် ပြောသွားတယ်။ စလောင်းအစား 5 Movies ပြပေါ့တဲ့”ဟု ရန်ကုန် သာကေတမြို့နယ်အတွင်းမှ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦး က ပြောသည်။
DVB ရုပ်သံလိုင်းသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနှင့် ၂၀၀၈ ခုနှစ်နာဂစ်မုန်တိုင်းတို့တွင် ပြည်တွင်း၌ဖြစ် ပေါ်ခဲ့သောဖြစ်ရပ်များကိုနေချင်းဖော်ပြနိုင်ခဲ့ပြီး နာဂစ်ဒဏ်ခံခဲ့ရသော ဒေသခံများ၏အခြေအနမှန်များကို ပြည် တွင်း ပြည်ပ မှ သိရှိရန် ဖော်ပြနိုင်ခဲ့သည်။
“စလောင်းတတ်ထားရင် လိုင်း၁၇၀ လောက်ကြည့်လို့ ရတယ်။ 5 Movies ကအများဆုံး ၂၀ လောက်ပဲကြည့်လို့ရ တာလေ။ ကျမတို့ ကတော့ အိမ်ရှေ့တတ်လို့ မရရင် အိမ်နောက် ပြောင်းတတ်မှာပဲ”ဟု သာကေတမြို့နယ်မှ အိမ်ရှင်မ တစ်ဦးကပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ စလောင်းနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေမှုများကြောင့် အစိုးရအနေဖြင့် ကုန်သွယ်ခွန်၊ လိုင်စင်ကြေး၊ နှစ်စဉ်ကြေး စသည့် အခွန်ဘဏ္ဏာငွေဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် တားမြစ်ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ စလောင်းများကို ဘဏ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းများ၊ သံတမန်များ၊ ဟိုတယ်များ၊ တက္ကသိုလ် များကိုသာ တရားဝင်လိုင်စင်ဖြင့် စိစစ် ခွင့်ပြုထားကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့ နှင့် တခြားသောမြို့ ကြီးများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တရားဝင် အခွန်ပေးဆောင်၍ ကြည့်ရှုနေသော ဂြိုဟ်တုစလောင်းများကို သက်တမ်းတိုးခွင့် ရပ်ဆိုင်းခဲ့သည်။
ယင်းဖေဖော်ဝါရီလအတွင်းကပင် နိုင်ငံပိုင် သတင်းစာများတွင် ဆောင်းပါးရှင် ကျော်ရဲမင်း၏ “အဆိပ်ပင်ကို ဆက်ပြီး ရေမလောင်းသင့်ပါ”ဆောင်းပါးတွင် “ကျနော်တို့ နိုင်ငံမှာ လွတ်လွတ်လပ်လပ်ကြီးကြည့်နေကြတဲ့ရှစ်ပေ စလောင်းကို အများပြည်သူတွေ တစ်ဦးချင်းဖမ်းယူ ကြည့်ရှုခွင့် လုံးဝမပေးထားဘူးဆိုတာပါပဲ”ဟု ရေးသားထား သည်။
ယခုကဲ့သို့ပြုလုပ်နေခြင်းမှာ အစိုးရက ၎င်းတို့၏လုပ်ရပ်များနှင့်ပတ်သက်ပြီး အများပြည်သူကို နားပိတ်၊ မျက်စိ ပိတ်ဖြစ်စေရန် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာတစ်ဦးက ပြောသည်။
စစ်အစိုးရ နေ့စဉ်ထုတ် သတင်းစာများနှင့် MRTV ,MRTV4,MWD တို့တွင် “VOA,BBC ရန်တိုက်ပေးနေသည်။ RFA,DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ။ နားမယောင်လေနဲ့သတိထား” ဟူသော ဆောင်ပုဒ်များ ထုတ်လွှင့် ဖော်ပြထားသည်။
“သူတို့က DVBတို့ ၊VOA တို့ ကိုမကြည့်ဖို့ အဓိကပြောနေတာ။ သူတို့က အခုလို လိုင်းတွေကိုကြောက်တယ်၊ မီဒီယာကို မီဒီယာနဲ့တိုက်မယ်လို့ ပြောထားတယ်လေ”ဟု ရန်ကင်းမြို့ နယ်မှ နိုင်ငံရေးသမား တစ်ဦးကပြောဆို သည်။

Wednesday, August 19, 2009
ပဲခူးမြို့ အဖြူရောင်လှုပ်ရှားမှုနှင့်ဝတ်ပြုဆုတောင်းမှု ဘုရားကိုးဆူ လှည့်လည်ပြုလုပ်မည်
နေအိမ်တွင်အကျယ်ချုပ်ချခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် ရေးအတွက် ပဲခူးမြို့မှဒီမိုကရေစီရေးလှုပ်ရှားသူများက တန်ခိုးကြီး ဘုရားကိုးဆူကို လှည့်လည်၍၀တ်ပြုဆုတောင်း သွားမည် ဟုသိရသည်။
ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် အမျိုးသမီးများနှင့်လူငယ်များပူးပေါင်း၍ မြို့ပေါ်ရှိ တန်ခိုးကြီးဘုရား များအား လှည့်လည်ကာပဌာန်းရွတ်ဆိုခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်းများကို ၅ ရက်မြောက်နေ့အဖြစ် ယနေ့ဆက် လက်ပြုလုပ်လျက်ရှိသည်။
လွန်ခဲ့သည့် ၄ ရက်က ရွှေမော်ဓောဘုရား၌သာ ၀တ်ပြုဆုတောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့တွင် မြို့ ပေါ်ရှိတန်ခိုးကြီးဘုရားကိုးဆူသို့ လှည့်လည်ဆုတောင်း ကြမည်ဟု လှုပ်ရှားမှုတွင်ပါဝင်သူ လူငယ်တဦးက ယခုလို ပြောသည်။
“ဒီနေ့က ကျနော်တို့ ပဲခူးမြို့မှာရှိတဲ့ ကြီးကိုးကြီးဘုရားတွေမှာ ကျနော်တို့ ဆုတောင်းပွဲတွေ လိုက်လုပ် တာပေါ့ခင်ဗျ။ အခုချိန်ထိမပြီးသေးဘူးလေ။”
တိုင်းပြည်ငြိမ်းချမ်းမှုရရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ကြခြင်း ဖြစ်သည်ဟု အဖွဲ့နှင့် အတူ လိုက်ပါဆုတောင်းနေသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ခင်ညွှန့်မူကပြောသည်။
“ငြိမ်းချမ်းသောနည်းနဲ့ ဘုရားတွေမှာ ကျမတို့ ပရိတ်ရွတ်ဆို၊ ပဌာန်းရွတ်ဆိုပြီးတော့ ကျမတို့ ဖြစ်ချင် တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကိုရစေချင်တယ်။ ငြိမ်းချမ်းသောနည်းနဲ့ ပြေလည်စေချင်တယ်။ စစ်မှန် တဲ့တွေ့ဆုံဆွေးနွေးရေးကို ဖြစ်စေချင်တယ်။ ဒါကြောင့်မို့လို့ကျမတို့က ငြိမ်းချမ်းသောနည်းနဲ့ ပြုလုပ် ကြတာဖြစ်ပါတယ်။”
ဝတ်ပြုဆုတောင်းပွဲများပြုလုပ်နေသည့်အပေါ် အာဏာပိုင်များအနေနှင့်ပိတ်ပင်တားဆီးမှု မရှိ သော်လည်း လိုက် လံစောင့်ကြည့်နေပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ယူခြင်းများ ရှိသည်ဟု သိရသည်။
၎င်းတို့အနေနှင့် လောလောဆယ် အနှောင့်အယှက်မရှိသော်လည်း ယမန်နေ့ မိတ္ထီလာ လှုပ်ရှားမှု၌ အမည်မသိ လူတစုက လောက်လေးခွဖြင့်ပစ်ခတ်မှုဖြစ်ပွားသည့်အပေါ် အာဏာပိုင် များ၌တာဝန်ရှိကြောင်းဒေါ်ခင်ညွှန့်မူက သူမ၏အမြင်ကိုယခုလိုပြောခဲ့သည်။
“တာဝန်ယူရမယ့်သူတွေက ဒီလိုအကြမ်းဖက်ခြင်းကိုပြုလုပ်တာဟာ အင်မတန်မှရုပ်ဆိုးတဲ့ လုပ်ရပ် တွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။”
ယမန်နေ့ကလည်း အဖြူရောင်လှုပ်ရှားမှုနှင့် ၀တ်ပြုဆုတောင်းပွဲများကို နိုင်ငံနှင့်အ၀ှမ်းပြုလုပ်ခဲ့သည်။
လယ်ပဒူရွက်နဲ့ အသက်ဆက်နေရ
ကျမတို့ရွာက နာဂစ်ဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်ရဲ့ ဒေးဒလူ ကျေးရွာအုပ်စုထဲက ချောင်းဝကျေးရွာ ဖြစ်ပါတယ်။ ဒေးဒလူ ကျေးရွာအုပ်စုထဲမှာ ရွာပေါင်း ၁၃ ရွာအနက် ကျမတို့ရွာ အပါအဝင် ဘုန်းကြီးသောင်၊ ကုလားတက်၊ ကင်းဝန်း၊ ကမ်းသာယာနဲ့ ရွှေလှေကျင်းစတဲ့ ရွာ ၁ဝ ရွာမှာ ပိုက်ဆံမရှိလို့ ဆန်ဝယ်မစားနိုင်တဲ့အတွက် လယ်ကွင်းထဲမှာ ပေါက်နေတဲ့ တို့စရာနဲ့၊ ချဉ်ရေဟင်းချက်တဲ့ လယ်ပဒူရွက်တွေကို ပြုပ်ပြီး ထမင်း အစားထိုး စားနေရပါတယ်။
ကျမမှာ သားသမီး ၇ ယောက် ရှိပါတယ်။ ကျမယောက်ျား အပါအဝင် မိသားစုဝင် ၉ ယောက်ရဲ့ တနေ့ ဝင်ငွေဟာ ၁၂ဝဝ ကျပ်ပဲ ရှိပါတယ်။ ဒါတောင် ကောက်စိုက်၊ ပျိုးနုတ် အလုပ်မျိုးရှိမှ ရတာပါ။ အဲဒီလို ပိုက်ဆံရတဲ့နေ့ ဆိုရင်တော့ ရွှေဝါထွန်း ဆန်တပြည် ၇ဝဝ ကျော် ဝယ်ချက်စားပါတယ်။ အလုပ်မရှိတဲ့နေ့ ဆိုရင်တော့ မနက်စောစောထ လယ်ကွင်းထဲသွားပြီး လယ်ပဒူရွက်ခူး၊ ရွာထဲလည်ရောင်းပါတယ်။ ဝယ်မယ့်လူရှိလို့ ပိုက်ဆံ နည်းနည်းပါးပါးရရင် ဆန်လေးနည်းနည်းဝယ်ပြီး ဆန်ပြုပ်သောက်ပါတယ်။ ဝယ်မယ့်လူ မရှိရင်တော့ အဲဒီလယ်ပဒူရွက်တွေကိုပဲ မနက်စာ၊ ညစာ ပြုပ်လိုက် ကြော်လိုက်နဲ့ ထမင်းအဖြစ် စားရတာပါ။
ထမင်းလိုတော့ မတင်းတိမ်ဘူးပေါ့ရှင်။ တခါတလေ ဗိုက်နာတဲ့အခါလည်း နာပါတယ်။ ဒါပေမဲ့ အငတ်မခံနိုင်တော့ ရှိတာ ရှာကြံစားသောက်ရတာပါပဲ။ တပတ်မှာ လယ်ပဒူရွက်ပြုပ်က ၃ ရက်လောက် စားရပါတယ်။ ထမင်းက ၄ ရက်လောက်ပဲ စားနိုင်ပါတယ်။
ကျမတို့ရွာမှာ အိမ်ထောင်စုပေါင်း တထောင်နီးပါး ရှိပါတယ်။ အခုလိုမျိုး စားသောက်နေရတဲ့ မိသားစုက ၁၂ဝ ကျော် ရှိပါတယ်။ ဒီ ၁၂ဝ ကျော်ထဲမှာ ၉ဝ လောက်က နာဂစ်တိုက်တုန်းက အိမ်တွေ၊ ပစ္စည်းတွေ ပျက်ဆီးဆုံးရှုံးခဲ့ရသူတွေပါ။
ကျမတို့ဒေသဟာ အရင်ကတည်းက ပင်လယ်ဆိပ်ကမ်းဒေသဖြစ်တော့ မဖွံ့ဖြိုးရတဲ့အထဲ ၂ဝဝ၈ ခုနှစ်မှာ နာဂစ် ဝင်မွှေသွားတော့ လူတွေမှာ ပိုပြီးစီးပွားရေး၊ လူမှုရေးတွေ ကျပ်တည်းဆိုးဝါးလာတာ အခုဆို လယ်ပဒူရွက် ပြုပ်စားရတဲ့ အခြေအနေတောင် ရောက်နေပါပြီရှင်။ လယ်သမားတွေကလည်း လယ်စိုက်ဖို့ ပိုက်ဆံမရှိလို့ လယ်မစိုက်နိုင်ကြတော့ ကျမတို့အတွက် လယ်စိုက်ရာသီဖြစ်ပေမယ့် ကောက်စိုက်၊ ပျိုးနုတ်အလုပ် ကလေးတောင် နေ့စဉ် မသေချာတဲ့ အခြေအနေပါ။ အခု နေနေရတာကလည်း နာဂစ်တုန်းက အိမ်ပြိုသွားလို့ တာလပတ်မိုး ဓနိဖက်ကာထားတဲ့ အိမ်လေးမှာ မိသားစု နေရတာပါ။
အာဏာပိုင်တွေကလည်း နာဂစ်ဖြစ်ပြီးခါစက အိမ်လေး အလုံး ၃ဝ လောက် လာဆောက်ပေးသွားပါတယ်။ နောက်ပိုင်းမှာတော့ ပေါ်မလာတော့ပါဘူး။ ကျမတို့မှာ ပိုက်ဆံလည်း မရှိ၊ အလုပ်လည်း မရှိ၊ နေ့စဉ် ထမင်းစားနိုင်ဖို့တောင် ခက်ခဲနေလို့ ကူညီနိုင်တဲ့ပုဂ္ဂိုလ်များ ကူညီကြပါဦးရှင်။
ချောင်းဝကျေးရွာသူ
ဒေးဒလူကျေးရွာအုပ်စု
အမာမြို့နယ်၊ ဖျာပုံခရိုင်
ဧရာဝတီတိုင်း

Monday, August 17, 2009
အဓိက တရားခံ ယက်ထော လွတ်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုဖြင့် ထောင် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား စစ်အာဏာပိုင်များ က ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ မစ္စတာ ယက်ထောကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် ၏ တောင်းဆိုမှုအရ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဂျင်မ် ဝက်ဘ်က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မစ္စတာ ယက်ထော လွတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးအပြင် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် တောင်းဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သတင်းထောက်များကို ပြောဆိုသွားသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ ကျနော် မျှော်လင့်ပါတယ်”ဟုလည်း ပြောသည်။
ပြည်တွင်း ပြည်ပရှိ လေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရန် အလားအလာ မရှိ ကြောင်း သုံးသပ်သည်။
ယခု မစ္စတာ ယက်ထောကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် ပြန်လည် လွှတ်ပေးခြင်းဖြစ် သည်ဟု ရှေ့နေ ဦးခင်မောင်ဦးကလည်း ပြောပြသည်။
“နိုင်ငံတော်အကြီးအကဲရဲ့ အမိန့်နဲ့ပေါ့၊ လွှတ်ပေးလိုက်တာ၊ ကျနော် တဆင့်သိရတာပါ၊ အပြုသဘော မြင်ပါ တယ်၊ ဝမ်းသာစရာလို့ပြောရမှာပေါ့”ဟု မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။
မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ယမန်နေ့က တွေ့ဆုံပြီးနောက် ယင်းကဲ့သို့ မစ္စတာ ယက်ထောအား ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
ယမန်နေ့က မစ္စတာ ဂျင်မ် ဝက်ဘ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့သေးသည်။
ယနေ့ မွန်းလွဲပိုင်းတွင် မစ္စတာ ယက်ထောသည် မစ္စတာ ဂျင်မ် ဝက်ဘ် နှင့် အတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မစ္စတာ ယက်ထော ကို ပြန်လည် လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ချုပ်နှောင်ထိန်း သိမ်းထားပါက အလွန်ဆိုးဝါး၍ မမျှတသော လုပ်ရပ်ပင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။
“မစ္စတာ ယက်ထောကို ပြန်လွှတ်လိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလားအလာကတော့ သူတို့ အာဏာ ပိုင်တွေ အပေါ်မှာပဲ မူတည်ပါတယ်၊ တခုတော့ စဉ်းစားမိတာက သူ့ကြောင့် ဖြစ်ရတဲ့ အမှုဟာ သူက ပြန် သွားခွင့် ရပြီးတော့ ကျန်တဲ့ လူတွေက အချုပ်နဲ့နေရတာကတော့ လုံးဝကြည့်မကောင်းတဲ့ ကိစ္စပဲ၊ တကယ်လို့ ဒေါ်အောင် ဆန်းစုကြည်တို့အပေါ်မှာ လွတ်ဖို့ ဘာမှ မလုပ်ဘူးဆိုရင်တော့ အတော်ရုပ်ဆိုးတာပဲလို့ ပြောချင်တယ်”ဟု ၎င်းက ဆိုသည်။
ယမန်နေ့က နေပြည်တော်၌ မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် ၂၅ မိနစ်ခန့် သီးသန့် တွေ့ဆုံရာတွင် NLD ဗဟိုအလုပ် အမှုဆောင်(CEC) အဖွဲ့ဝင်များဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့် ၊ ဦးညွန့်ဝေ တို့က ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်းသည် တရားမျှတမှုမရှိကြောင်းနှင့် ပြန်လွှတ်ပေးရေးအတွက် ပြောဆိုခဲ့ကြောင်း သိရသည်။
“ကျနော်တို့ CEC တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးတာ မတရားဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု အများယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် သူ့ကို အချုပ်ထဲမှာ ထားပြီးတော့ နိုင်ငံရေးပြေလည်မှု ဆိုတာ မရနိုင်ဘူး၊ ဒါကြောင့် သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ်ဆိုတာကို ပဲ အဓိက ပြောခဲ့တယ်လို့ သိရပါ တယ်၊ မစ္စတာ ဂျင်မ် ဝက်ဘ် ကတော့ ဒီအချက်အလက်တွေကို သူအာဏာပိုင်တွေကို ပြောခဲ့မယ်တဲ့”ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း ယင်း မစ္စတာ ဂျင်မ် ဝက်ဘ်(Jim Webb)သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်း ၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ၊ ယဉ်ကျေးမှု ဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော် တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထို့အပြင် တရားသူကြီးချုပ် ဦးအောင်တိုး ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်အဖွဲ့၊ ဗိုလ်ချုပ် ဌေးဦး နှင့် ကြံ့ဖွံ့အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းတို့နှင့်လည်း တွေ့ဆုံသည်။
အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာကော်မတီ ဥက္ကဌ မစ္စတာ ဂျင်မ် ဝက်ဘ် သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ၎င်း၏ ၂ ပတ်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ်အရ သောကြာနေ့က လာအို နိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိလာခြင်းဖြစ်သည်။
ယင်း မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက် မျှော်လင့်ချက် မထားကြောင်း လေ့လာသူများက ဝေဖန် ပြောဆိုကြသည်။
အဆိုပါ မစ္စတာ ယက်ထောကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် ၏ တောင်းဆိုမှုအရ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စစ်လေယာဉ်ဖြင့် ရောက်ရှိလာသော မစ္စတာ ယက်ထော (ဓာတ်ပုံ - Reuters)

Tuesday, August 11, 2009
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ပြန်ထား
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ် လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကပြောသည်။
“၃ နှစ်ချတာတဲ့ ၊ အဲဒါကို ပြည်ထဲရေး အမိန့်နဲ့ ၁ နှစ် ခွဲ ကိုလျှော့ပေါ့ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် ချုပ်ဖို့ သတ်မှတ်လိုက်တယ်လို့ ပြောတယ်၊ မြန်မာ့ရုပ်သံကလည်း ကြေညာသွားတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်သို့ လာရောက်ဖတ်ကြားသွားကြောင်း သိရသည်။
ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်၍ လည်းကောင်း၊ အာဃာတ မထား၍ လည်းကောင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းလည်း သိရသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD က ပြောသည်။
ယင်း ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ချရာ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင်လည်း ရဲ တပ်သားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် များစွာ ချထားကြောင်း တွေ့မြင်ရသူ တဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၂၂ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
(ဧရာဝတီသတင်းဌာန)