လက်ပံတောင်း လှုပ်ရှားမှု မှတ်တမ်းများ၊ ဓာတ်ပုံ- မုံရွာ/ ပွင့်လင်းအဖွဲ့
Tuesday, October 30, 2012
တောင်ကြည့်ပွဲ၊ ဘိုးဘွားပိုင်မြေကာကွယ်မှု၊ ကန့်ကွက်မှုမှတ်တမ်း
သံဖြူဇရပ်မှာ ဘာတွေ ဖြစ်နေသလဲ
လုံခြုံရေး ရဲတပ်ဖွဲနဲ့ လက်ပံတောင်းဒေသခံများ တင်းမာမှု မှတ်တမ်း
ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်
ဒေသခံများ တင်းမာမှုကို ဒေသခံ ရပ်ရွာ ဆရာတော်က ညှိနှိုင်းဆောင်ရွက်ပေးစဉ်၊
ဓာတ်ပုံ- မုံရွာ- ပွင့်လင်း အဖွဲ့
ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး
ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပထမဦးဆုံးအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်းဟိုတယ်တွင် ယနေ့ ကျင်းပရာ သဘောတူညီချက် တစုံတရာ မထုတ်ပြန်နိုင်ဘဲ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် နှစ်ဘက်ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရာတွင် စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးနိုင်မှ ရေရှည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ကို နှစ်ဘက်စလုံးမှ အလွတ်သဘော ပြောဆိုကြသော်လည်း စစ်ရေးအရ မည်သို့ အပစ်အခတ် ရပ်ဆဲမည်ကိုမူ နှစ်ဘက်စစ်ရေးခေါင်းဆောင်များ မတက်ရောက်ခဲ့သဖြင့် ရှင်းလင်းစွာ မသိရပေ။
“အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ မပြေလည်ရင် စစ်ဆိုတာ ထပ်ဖြစ်မှာပဲ။ အဲဒါကြောင့် စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းတာ မဟုတ်ပဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းပေးဖို့ ကျနော်တို့ ထပ်တောင်းဆိုပါတယ်” ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ပြောသည်။
အငြင်းပွားဖွယ်ရာ ကြိုတင်ကန့်သတ်ချက်များ မရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းကလည်း နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရန် ကြိုးစားသွားမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မှီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် ညှိနှိုင်းမည်ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ကတိပေးတယ်။ KIO နဲ့ နောက်တကြိမ် ဆွေးနွေးတဲ့အခါ ပြည်တွင်းမှာပဲ တွေ့ချင်တယ်။ ဗန်းမော် သို့မဟုတ် မူဆယ်ကို KIO က ရွေးပေးပါ။ နောက်ထပ်လည်း တွေ့ချင်တယ်” ဟု ၎င်းက ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များ၏ အဆိုအရ ယခု အကြိမ် ဆွေးနွေးပွဲကို နိုင်ငံရေး နှင့် စစ်ရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များသာမက ပြည်နယ်ဝန်ကြီးချုပ်အဆင့်များ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြီးတန်း စစ်ဦးစီးမှူးများပါ တက်ရောက်ရန် ပြင်ဆင်ခဲ့ကြောင်း၊ အပစ်အခတ် ရပ်ဆဲရေးအတွက် စစ်ဘက် အကြီးတန်း ကိုယ်စားလှယ်များ နှစ်ဘက် အပြန်အလှန် တွေ့ဆုံရန်လိုကြောင်း၊ သို့သော် ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ KIO ဒုတိယစစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် မတက်ရောက်မည့် အကြောင်းပြန်မှုကို နောက်ဆုံးအချိန်မှ သိရ၍ မြန်မာအစိုးရဘက်မှ အဆင့်တူ ဆွေးနွေးမည့် ကာကွယ်ရေး ၀န်ကြီှးဌာန အထူးစစ်ဆင်ရေးမှူး ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်နိုင်ခြင်း မရှိဟု သိရသည်။
အောက်တိုဘာလ ၂၄ ရက်မှ စတင်ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဗိုလ်မှူးချုပ်ဂွန်မော် မလာရောက်နိုင်ခြင်းဖြစ်ကြောင်း KIO က ပြောသည်။
KIO က နိုင်ငံရေးဆွေးနွေးရန် အဓိက တောင်းဆိုနေပြီး မြန်မာ အစိုးရဘက်ကမူ မြစ်ကြီးနား-ပူတာအိုလမ်းကို လုံခြုံငြိမ်းချမ်းသော အခြေအနေသို့ ရောက်ရှိရေးအတွက် KIO က ကူညီရန်၊ တာပိန် ရေအားလျှပ်စစ် စီမံကိန်း ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်ခွင့်ပေးရန်၊ ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူများကို ၂ ဖက် ပူးပေါင်း ကူညီဆောင်ရွက်ရန်နှင့် ၂ ဦး ၂ ဖက် စစ်ရေး အရှိန်လျှော့ချရန် တောင်းဆိုသည်။
KIO နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရသစ် လက်ထက်တွင် နောက်ဆုံး ကျန်ရှိသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတခု ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် သုံးကြိမ်တိုင် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံမှုမှာ ယခုအကြိမ် ပထမဆုံးဖြစ်သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ပြီး ဖြစ်ပွားခဲ့သော မြန်မာအစိုးရတပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။
ယခု တွေ့ဆုံမှုသည် ပထမ ခြေလှမ်းဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုကိုသာ အစဉ်တစိုက် တောင်းဆိုသွားမည်ဖြစ်ကြောင်း KIO က ဆိုသည်။
Monday, October 29, 2012
မပြေလည်သေးတဲ့ တောင်ကြီးတိုးဂိတ်ကိစ္စ
တိုးဂိတ်ဆောက်သည့်ကိစ္စ ဒေသခံများနဲ့ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးစဉ်
တိုးဂိတ် တည်ဆောက်မှုနဲ့ပတ်သက်လို့ သော်တာဝင်း ကုမ္ပဏီ ဒါရိုက်တာ ဦးသက်တင်ဦးနဲ့ အဖွဲ့
အောက်မှာ ဖော်ပြထားတဲ့
စာရွက်တွေကတော့ တိုးဂိတ် လမ်းအသုံးပြုမှု ကောက်ခံမယ့် နှုန်းထားတွေနဲ့
မကျေနပ်လို့ တိုင်ကြာထားခဲ့တဲ့ စာတွေဖြစ်ပါတယ်။
ရခိုင်ပြည်တ၀န်း တည်ငြိမ်အေးချမ်းမှု ပြန်ရရှိပြီဟု ဆို
ထပ်မံဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် တိုက်ခိုက်အကြမ်းဖက်မတည်ငြိမ်မှုတွေ အခု အခါ ရခိုင်ပြည်နယ် တ၀န်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိပြီလို့ ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်အခြေအနေဟာ သတင်းစာက ဖော်ပြသလို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆၊ ၂၇ ရက်တွေမှာ တည် ငြိမ် အေးချမ်းမှုတွေ ပြန်လည်ရရှိပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကိုလည်း လုံခြုံရေးအင်အားတွေ ထပ်မံ ဖြည့်တင်းနေပြီဖြစ်တယ်လို့ သတင်းစာက ဆိုပါတယ်။
မြန်မာအစိုးရ၏ နောက်ဆုံးထုတ်ပြန်မှုအရ သေဆုံးသူပေါင်း ၈၀ ကျော်ပြီး အိုအိမ်ပျက်ဆီးဆုံးရှုံးမှု ထောင်ချီ ရှိပါတယ်။ တချို့သော သတင်းတွေမှာ ၁၀၀ ကျော် သေဆုံးခဲ့ကြတယ်လို့ ဆိုပြီး ရာနဲ့ချီပြီး ထိခိုက်ဒဏ်ရာ ရတယ်လို့ ဆိုထားပါတယ်။
ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးကတော့ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်ပေါင်း ၂၂၀၀၀ ကျော် ရှိတယ်လို့ ပြော ပါတယ်။
ရခိုင်အရေး ခေါင်းအေးအေး အဖြေရှာနိုင်ရင် အောင်မြင်နိုင်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ဂြိုလ်တုမှ ရိုက်ကူးထားပုံနှင့်အပျက်အစီးကို HRW က ထုတ်ပြန်ထား
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်နေရတာဟာ လူမျိုးရေးကြောင့်လည်း မဟုတ်သလို ဘာသာရေးကြောင့် လည်း မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာလည်း မဟုတ်သလို လူမျိုးတုန်း သုတ်သင်နေတာ လည်း မဟုတ်ပါဘူး။
မူလအကြောင်းရင်းကို ပြန်ကြည့်ရင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ နယ်မြေတွေမှာ တဖက်နိုင်ငံက ဘင်္ဂလီတွေဟာ တရားမဝင် ခိုးဝင် နေထိုင် မွေးဖွားရင်းနဲ့ ပြဿနာတွေ ရှိလာကြပါတယ်။
နည်းမှန်လမ်းမှန် မဖြေရှင်းနိုင်ခဲ့တာကြောင့် ပြဿနာတွေဟာ ပိုမို ကြီးမား ရှုပ်ထွေးလာပါတယ်။ ဒီကြား ထဲမှာ ပိုမိုဆိုးဝါးလာစေတဲ့ အကြောင်းတခုကတော့ ခိုးဝင် နေထိုင် မွေးဖွားလာကြတဲ့ ဘင်္ဂလီတွေဟာ ရိုဟင်ဂျာလို့ နာမည်အတပ်ခံရပြီး နိုင်ငံသစ် တည်ထောင်ချင်သူတွေရဲ့ အကြံအစည်အောက်မှာ အသုံးချ ခံလိုက်ရတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ နာမည်တပ်ထားတာကို အကြောင်းပြုပြီး ဘင်္ဂလာဒက်ရှ် အစိုးရဟာ ရခိုင်နယ်မြေထဲ ရောက်နေ တဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာ ဆိုပြီးတော့ သူ့နိုင်ငံသားအဖြစ် အသိအမှတ် မပြုသလို သူတို့ကို မကူညီနိုင် ဘူး လို့လည်း ဆိုလာပါတယ်။
ဒါ့အပြင် ဘင်္ဂလာဒက်ရှ် နိုင်ငံထဲမှာ အခြေစိုက်ပြီး မြန်မာတပ်မတော်ကို တိုက်ခိုက်နေတဲ့ Rohingya Solidarity Organisation (RSO) အဖွဲ့နဲ့ အခြား ဘင်္ဂလီအဖွဲ့တွေကို ဒီနှစ် နိုဝင်ဘာလအတွင်း ထွက်ခွာဖို့ ဘင်္ဂလာဒက်ရှ် အစိုးရက ပြည်နှင်ဒဏ် ပေးထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံထဲကို RSO နဲ့ အခြား ဘင်္ဂလီအဖွဲ့တွေ နောက်ထပ် စိမ့်ဝင်လာဖို့ အကြောင်း တရပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ရုတ်တရက် ထဖြစ်လာတဲ့ အနာစိမ်း ဆိုရင်တော့ ကုသရတာ လွယ်ကောင်း လွယ်နိုင်ပါလိမ်မယ်။ ဒါပေမယ့် အမြစ် တွယ်နေတဲ့ အနာမျိုးဆိုရင်တော့ အချိန်ယူရတော့မှာ ဖြစ်ပါတယ်။ ပဋိပက္ခမှာလည်း ဒီသဘောမျိုး ရှိပါတယ်။
မြစ်တွယ်နာကို အချိန်ယူ ကုသတယ် ဆိုပေမယ့် လတ်တလော နာကျင်မှု ပြေပျောက်အောင်တော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ လက်ရှိ ပဋိပက္ခကို မကြီးထွားလာစေဘဲ ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်ဆိုင်းစေဖို့ အားသွန်ခွန်စိုက် ကြိုးပမ်း ရပါမယ်။
တချိန်တည်းမှာ လိုအပ်လာတာကတော့ လုံခြုံရေး၊ စားစရာ နေစရာနဲ့ ကျန်းမာရေး ထောက်ပံ့ ဖို့ ဖြစ်ပါတယ်။
နောက်တဆင့်ကတော့ အဲဒီ ပဋိပက္ခကို ထာဝရ ချုပ်ငြိမ်းအောင် လုပ်ယူရတာ ဖြစ်ပါတယ်။ ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ် ဘက် ကာယကံရှင်တွေရဲ့ ဆန္ဒအတိုင်း ငြိမ်းချမ်းစွာ ပြေလည်စေဖို့ ကြိုးပမ်းယူရ မှာ ဖြစ် ပါတယ်။ ဒီအတွက် အချိန်ယူ ရမှာတော့ ရှိပါတယ်။
တကယ်လို့ တဘက်ဘက်က ငြိမ်းချမ်းရေးကို မလိုချင်ဘဲ တဖက်သပ် ဖြစ်နေဦးမယ် ဆိုရင်တော့ အချိန် ပိုမို ကြန့်ကြာနေဦးမှာလည်း ဖြစ်ပါတယ်။ ပဋိပက္ခ ဖြေရှင်းရေးကို ဘာသာရပ်တခုအနေနဲ့ အထူးလေ့လာ ကြရပါတယ်။
လူမျိုးသဘာဝနဲ့ ရေမြေနောက်ခံ အနေအထားအရ ကွဲပြားစွာရှိနေကြတာကြောင့် တကမ္ဘာလုံး
ဖြစ်ပျက်နေတဲ့ ပဋိပက္ခချင်း အမျိုးအစား မတူကြပါဘူး။ ဒါတွေကို ပညာရှင်တွေက စနစ်တကျ ပိုပြီး သိကြ မှာပါ။
ပညာရှင် မဟုတ်ပေမယ့် ဗဟုသုတနဲ့ အတွေ့အကြုံရှိပြီး ဆင်ခြင် မြော်မြင်နိုင်စွမ်းအား မြင့်မားသူတွေ ဆိုရင်လည်း သိနိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အင်အားနဲ့အတူ တတ်သိပညာရှင်တွေက အချိန်ယူပြီး ကောင်းမွန်တဲ့ အနာဂတ်ဖြစ်အောင် အခြေခံအုတ်မြစ်ကို စနစ်တကျ ချပေးနိုင်ကြရဖို့ ရှိပါလိမ့်မယ်။
အချိန်ယူ လုပ်ဆောင်ကြတဲ့အခါမှာ နည်းလမ်းတွေ ရှာဖွေ ပြင်ဆင်တာနဲ့ အကောင်အထည် ဖော်တာတွေ ရှိလာမှာ ဖြစ်ပါတယ်။ ဆွေးနွေး ညှိနှိုင်းရမှာတွေ အတော်များနေမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ အသိ၊ ပညာပေးရေး ကိစ္စတွေ၊ ပြန်လည် ထူထောင်ရေးကိစ္စတွေကို တဖက်တလမ်းက ဖြည့်ဆည်းနေရမှာ ဖြစ်ပါတယ်။
ဒါကြောင့် နောင်အလျဉ်းသင့်ချိန်မှာ ဆက်လက် လုပ်ဆောင်ကြစေလိုပါတယ်။ အောင်မြင်သွားမယ်လို့ လည်း ယုံကြည်ထားပါတယ်။ လတ်တလောမှာ အရေးကြီးဆုံး လိုအပ်ချက်ကတော့ အကြမ်းဖက် ပဋိပက္ခ ဖြစ်နေတာတွေကို ရပ်ဆိုင်းစေပြီး လုံခြုံမှုနဲ့ ထောက်ပံ့မှုတွေ အလျင်စလို ဖြည့်ဆည်းနိုင်ဖို့သာ ဖြစ်ပါတယ်။
လတ်တလောမှာ ဒါကိုပဲ ကျနော်တို့ ပိုမို အာရုံစိုက်ထားသင့်ပါတယ်။ အခုလို ပဋိပက္ခကို အမြန်ဆုံး ရပ်ဆိုင်းသွားအောင် ကြိုးပမ်းနေချိန်မှာ အထိရောက်ဆုံး ဖြစ်စေဖို့ တာဝန်ရှိကြသူတွေဟာ အင်အား အကောင်းဆုံး ဖြစ်ဖို့ လိုသလို အင်အားကို သန့်စင်စေဖို့လည်း လိုအပ်မယ်လို့ ဆိုရပါမယ်။
အင်အားကောင်းလာစေဖို့ ဆိုရာမှာ မြန်မာနိုင်ငံအပေါ် သစ္စာရှိရှိနဲ့ တာဝန်ယူနိုင်ကြသူတွေ၊ မြန်မာနိုင်ငံရဲ့ အကျိုးကို လိုလားသူတွေ ပါဝင်လာတဲ့ အနေအထားကို ဆိုလိုပါတယ်။ အဓိကအားဖြင့် မြန်မာအစိုးရနဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ဖြစ်ပါတယ်။
အင်အားကို သန့်စင်ဖို့ ဆိုရာမှာတော့ မြန်မာနိုင်ငံမှာ ထိန်းမနိုင် သိမ်းမရ ဗရုတ်ဗရက်တွေ ဖြစ်နေတုန်း အခွင့်အရေးယူ ကိုယ်ကျိုးရှာသူ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ထိန်းချုပ် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ သူတို့ကြောင့် မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်နဲ့ ကျိုးစီးပွားတွေ ပျက်စီးသွားနိုင်ပါတယ်။
အထက်ဖော်ပြပါ အမျိုးအစားနှစ်ခုနဲ့ မတူတဲ့ အခြားတမျိုးကတော့ မြန်မာနိုင်ငံအပေါ် သစ္စာရှိပေမယ့် တာဝန်မယူသူ (သို့) တာဝန်ယူဖို့ မရဲသူ (သို့) စောင့်ကြည့်နေသူ ဖြစ်ပါတယ်။ သူတို့ဟာ ကြားနေတဲ့သူတွေ မဟုတ်ကြပါဘူး။ အေးအေးဆေးဆေး နေချင်ကြသူတွေ ဖြစ်ပါတယ်။
ဒါပေမယ့် တိုင်းပြည်တခုခု ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာကို သူတို့လည်း စိုးရိမ်ပူပန်စိတ် ရှိကြပါတယ်။ အင်အားကောင်းဖို့နဲ့ အင်အားသန့်စင်စေဖို့အတွက် အမျိုးသားရေးအမြင်ဟာ အဓိကအကျဆုံး လိုအပ်ချက် ဖြစ်ပါတယ်။
အမျိုးသားရေးလို့ ပြောရင် ညီညွတ်မှုကလည်း အလိုလို တွဲပါလာမှာဖြစ်ပါတယ်။ တဦးနဲ့တဦး အပြန်အလှန် နားလည်မှု ရှိနေပြီး ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်နိုင်ကြရင် အင်အားကောင်းတရပ်ကို စုစည်းနိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ တရားဥပဒေ စိုးမိုးမှုကို အမြန်ဆုံး တည်ဆောက်နိုင်မယ့် အင်အားဖြစ်တယ်လို့ ဆိုရပါမယ်။ အမှန်တကယ် နေရာတိုင်း အချိန်တိုင်းမှာ တိတိကျကျ တရားဥပဒေ စိုးမိုးနိုင်မှလည်း လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ထိန်းချုပ် ရပ်ဆိုင်းစေနိုင်မှာ ဖြစ်ပါတယ်။
အင်အားကို ပိုမိုကောင်းမွန်စေဖို့ ညီညွတ်မှုကို အလေးထားရာမှာ တဦးနဲ့တဦး အပြစ်တင် ဝေဖန်တာ
တွေ လျှော့နိုင်သမျှ လျှော့ကြဖို့၊ သည်းခံနိုင်သမျှ သည်းခံနိုင်ကြဖို့၊ ချော့မော့ထိန်းပေးကြဖို့ လိုအပ်နေပါ တယ်။
စေတနာထားကြတာ၊ အားမလို အားမရ ဖြစ်ကြတာ၊ ခံပြင်းနေကြတာ၊ စိုးရိမ်ပူပန်စိတ် ပြင်းပျနေကြတာ၊ မကျေမနပ် ဒေါသတွေ ပေါက်ကွဲနေကြတာကို နားလည်ပေးနိုင်ပါတယ်။ ဒါတွေဟာ တဖက်စွန်းရောက် သွားရင် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားတတ်ပါတယ်။
နည်းလမ်းကောင်းတွေကို မစဉ်းစားနိုင်တော့ဘဲ မွှန်ထူသွားတတ်ပါတယ်။ သမာဓိကောင်းကောင်း ခေါင်း
အေးအေး ထားပြီး နည်းလမ်းကောင်းတွေကို တရားဥပဒေဘောင်ထဲကပဲ ကြံဆ စေလိုပါ တယ်။
ပြည်သူတွေဟာ အစိုးရကို ဒီနည်းအတိုင်း အမှန်တကယ် ထိန်းကျောင်းပေးနိုင်ရင် ရကိုရမယ်လို့ ယုံကြည် ထား အပ်ပါတယ်။
ကိစ္စအတော်များများထဲက ထင်ရှားတဲ့ ဥပမာနှစ်ခုကို ပေးရရင် မြစ်ဆုံကိစ္စနဲ့ အိုအိုင်စီ အလိုမရှိ ကိစ္စတွေ ဖြစ်ပါတယ်။
အဲဒီကိစ္စတွေဟာ အမျိုးသားရေး အသွင်သဏ္ဍာန် ဖြစ်လာပြီး တကယ်ပဲ အစိုးရနဲ့ ပြည်သူတို့က တည်ငြိမ်စွာနဲ့ အောင်ပွဲဆင်ခဲ့ကြပြီးပါပြီ။
Sunday, October 28, 2012
ဦးခင်ညွန့် လူမြင်ကွင်း ခပ်စိပ်စိပ် ပြန်ထွက်လာ
ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သတင်းထောက်များနှင့် စကားပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရာက ယခုနှစ်ဆန်းပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။
လွတ်မြောက်ပြီးနောက်သူက နိုင်ငံရေးလုပ်မှာ မဟုတ်တော့ကြောင်း၊ လူမှုရေး လုပ်ငန်းတွေသာ လုပ်မှာ ဖြစ်တဲ့အကြောင်း၊ အကျဉ်းထောင်တွေထဲ ကျန်ရှိနေသေးတဲ့ တပည့်စစ်ထောက်လှမ်းရေး များ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။
မြန်မာပြည် အနောက်ဖက် တံခါးမှာ ၀မ်းနည်းဖွယ်ဖြစ်ရပ်တွေဆက်တိုက်ဖြစ်ပေါ်နေချိန်မှာ အခုလို တိုက် တိုက်ဆိုင်ဆိုင် လူမြင်ကွင်းကို ဆက်တိုက်ထွက်ပေါ်လာနေတာလည်းဖြစ်ပါတယ်။
မကြာသေးခင်ကလည်း မန္တလေး မစိုးရိမ်တိုက်သစ်က နိုင်ငံရေးအကျဉ်းသားဟောင်း အရှင် ၀ိရသူနဲ့ အတူ ဘာသာရေးပွဲ တခုမှာ အတူတွဲလျှက် တွေ့ခဲ့ရတဲ့ ဓာတ်ပုံလည်း အရှင် ၀ိရသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ ဖော်ပြခဲ့ပါသေးတယ်။
အခုတခေါက်တာကတော့ ဦးခင်ညွန့်ဟာ မိသားစုတွေနဲ့ အတူ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော် ကို အောက်တိုဘာ လ ၂၇ ရက်နေ့က တက်ရောက်ဖူးမြှော်တဲ့ မြင်ကွင်းပါ။
ဒီဓာတ်ပုံဟာ အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာမှာ လူအများ စိတ်ဝင်တစားရှိနေကြပါတယ်။
ပုံမှာမြင်ရတာကတော့ ဦးခင်ညွန့်ဟာ တချိန်တုန်းကလို လန်းလန်းဆန်းဆန်းနဲ့ မြေး ၂ ဦးကို တဖက်စီ ခြံရံ ရင်း လေခါးထစ်က ဆင်းလာတာကို တွေ့ရပါတယ်။ ဦးခင်ညွန့်နဲ့ မိသားစုဟာ ယနေ့ အောက်တိုဘာလ ၂၈ ရက် နေ့မှာလည်း ကျိုက်ထီးဆောင်း ဆရာတော်ထံ သွားရောက် ဖူးမြှော်ဖို့ ရှိပါတယ်တဲ့။
အခုလို လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာနေတာနဲ့ပတ်သက်ပြီး ဝေဖန်မှုကတော့ အမျိုးမျိုးပါ။ အကောင်းမြင်ဝေဖန်မှုတွေရှိသလို အဆိုးမြင်ဝေဖန်မှုတွေလည်း ရှိကြပါတယ်။








