Thursday, September 24, 2009

လေဆိပ်တွင် အဖမ်းခံရသည့် ကိုညီညီအောင် အကြမ်းဖက်သမားဟု စွပ်စွဲခံရ

စစ်အစိုးရက ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော နိုင်ငံရေး လှုပ်ရှားသူ ကိုညီညီအောင်ကို အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးရေး သမားအဖြစ် စွပ်စွဲအရေးယူထား ကြောင်း သိရသည်။

ညီညီအောင် (ခ) ကျော်ဇောလွင်
ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင်“ပြည်ပ နိုင်ငံသား ခံယူပြီး မိမိနိုင်ငံနှင့် လူမျိုးအပေါ် သစ္စာမဲ့စွာ ပြည်တွင်း၌ ဆူပူအုံကြွမှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ဖြစ်ပွား စေရန် စီစဉ်ချိတ်ဆက် ဆောင် ရွက်ခဲ့သူ ညီညီအောင်(ခ) ကျော်ဇောလွင်အား ဖမ်းဆီးရမိ”ဟူသော ခေါင်းစဉ် ဖြင့် ဖော်ပြထားသည်။

ယင်းကိုညီညီအောင်သည် အစိုးရ စွပ်စွဲသကဲ့သို့ အကြမ်းဖက်လုပ်ရပ်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်သွားခြင်း မဟုတ်ကြောင်း ထိုင်းနိုင်ငံရှိ အစ်ကို ဖြစ်သူ ကိုကိုအောင်က ပြောဆိုသည်။

“သူသွားတဲ့ လမ်းကြောင်းက အကြမ်းဖက်မှုနဲ့ လုံးဝ ပတ်သက်မှုမရှိပါဘူး၊ သူက အမျိုးသားသင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း အတိုင်းသွားတာပဲ၊ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သိပါ တယ်၊ ဒါကတော့ အစိုးရရဲ့ လုပ်ကြံဇာတ်ပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ကိုညီညီအောင်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေကလည်း“သတင်းစာ နဲ့ တီဗီ တွေမှာတွေ့တော့ ကျမတို့ အနေ နဲ့ တော်တော်ကို စိုးရိမ်ပူပန်မိပါတယ်၊ ကျမတို့မှာ ထမင်းလည်း မစားနိုင်၊ မအိပ်နိုင်ဖြစ်သွားတယ်၊ သူက ဒီနေ့ ဒီအချိန်အထိ ကိုယ်ကျိုး အတွက် တခုမှ မလုပ်ခဲ့ပါဘူး”ဟု ပြောသည်။

သတင်းစာတွင် ကိုညီညီအောင်သည် ပြည်ပအခြေစိုက် ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)  အဖွဲ့ တို့နှင့် ချိတ်ဆက်ပြီး ဖောက်ခွဲရေးလုပ်ငန်းစဉ်ကို စီမံဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့များနှင့်ချိတ်ဆက်ပြီး ပြည်တွင်း အကြမ်းဖက် ဖောက်ခွဲမှုများ ဆောင်ရွက်ရန် စက်တင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်ရောက်စဉ် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။

ယင်း ABSDF နှင့် AASYC အဖွဲ့တို့၏ ပူးပေါင်း ယူဂျီအဖွဲ့ဝင်များအား ယခု စက်တင်ဘာလ ပထမအပတ်တွင် ဖမ်းဆီးခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

အာဏာပိုင်တို့က ကိုညီညီအောင်အား ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မင်္ဂလာဒုံ လေဆိပ်အဝင်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၇ ရက်နေ့က အင်းစိန်ထောင်သို့ပို့လိုက်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးက မိသားစုထံ ထုတ်ဖော် ပြောကြားသည်ဟု ဆိုသည်။

ကိုညီညီအောင်သည် ထိုင်းနိုင်ငံ မြန်မာသံရုံးမှတဆင့် ဗီဇာရယူပြီး ဘန်ကောက်မှ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်း လေယာဉ် TG/305 ဖြင့် ထွက်ခွာသွားစဉ် ရန်ကုန်အဝင်၌ စစ်အစိုးရက ထိန်းသိမ်းခြင်းခံခဲ့ရပြီး ၁၉ ရက်နေ့တွင် အမေရိကန် သံရုံးအရာရှိနှင့် တွေ့ခွင့်ပေးကြောင်း သိရသည်။

ကိုညီညီအောင် အထိန်းသိမ်း မခံရမီကပင် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် မိသားစုဝင် ၅ ဦး အဖမ်းဆီးခံခဲ့ရသည်။

၎င်း၏ မိခင် ဒေါ်စန်းစန်းတင်သည် ထောင်ဒဏ် ၅ နှစ်ချခံထားရပြီး မောင်နှမ ၀မ်းကွဲ တော်စပ်သူ မသက် သက်အောင် မှာ ထောင်ဒဏ် ၆၅ နှစ် ချခံထားရသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက် ပိုင်းတွင် ထိုင်းနယ်စပ်အခြေစိုက် ABSDF တွင် ခေတ္တ ပါဝင်ခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စု တွင် သွားရောက် ခိုလှုံခွင့်ယူပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူခဲ့သည်။

စစ်အစိုးရက ကိုညီညီအောင်အား ဖမ်းဆီးပြီးနောက်ဆက်တွဲအဖြစ် ၎င်း၏ ပြည်တွင်း အဆက်အသွယ်များ နှင့် ကွင်းဆက် တရားခံများကို ဖမ်းဆီးရမိရန် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟုဆိုသည်။

တချိန်တည်းတွင် ရန်ကုန် အထူး ရဲ တပ်ဖွဲ့က စက်တင်ဘာလ အစောပိုင်းမှစပြီး ရန်ကုန်၊ ရခိုင်ပြည်နယ် တို့မှ ရခိုင်ကျောင်းသားနှင့် လူငယ် ၁၆ ဦးခန့်ကို ဖမ်းဆီးပြီး ရန်ကုန်စစ်ကြောရေး စခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၄ ရက်နေ့ ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ) (HREIB) တွင် ၂ နှစ်ကျော် လုပ်ကိုင်ခဲ့သော ကိုထွဋ်ဆိုသူသည် မြဝတီမြို့မှတဆင့် မြန်မာပြည်တွင်းသို့ ပြန်ဝင်၍ စစ် အစိုးရနှင့် ပူးပေါင်းခဲ့ကြောင်း HREIB မှ တာဝန်ရှိသူ တဦးကပြောသည်။

အဆိုပါ ကိုထွတ်သည် HREIB၏ လူ့အခွင့်ရေးဆိုင်ရာ ပညာပေး၊ သင်တန်းရုံးတွင်နေထိုင် လုပ်ကိုင်ခဲ့သူဖြစ် ကြောင်း၊ စစ်အစိုးရနှင့် မပူပေါင်းခင်အချိန်က HREIBမှ ငွေရေးကြေးရေး အလွဲသုံးစားလုပ်ခဲ့ကြောင်း အဆိုပါ HREIB တာဝန်ရှိသူက ရှင်းပြသည်။

၎င်းကိုထွဋ်မှတဆင့် သတင်း အချက်အလက် တချို့ကို အခြေခံပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးမှုရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ သို့သော်လည်း ယင်းအဖမ်းအဆီးနှင့် ပတ်သက် ပြီး အတိအကျ မသိရှိရကြောင်းကို အထက်ပါ HREIB တာဝန်ရှိသူကပြောသည်။

(ဧရာဝတီသတင်းဌာန)

Tuesday, September 22, 2009

လွတ်မြောက်လာသူများက ဆိုးဝါးသော ထောင်တွင်း အခြေအနေများကို ထုတ်ဖော်

မြန်မာနိုင်ငံတဝန်းရှိ စစ်အစိုးရ အကျဉ်းထောင် များအတွင်း နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းနှင့် အစားအစာ ချို့တဲ့ခြင်းများကြောင့် ကျန်းမာရေး ဆိုးဝါးမှုများရှိကြောင်း မကြာသေးခင်က ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားများက ပြောသည်။

ထောင်တွင်းတွင် ကျန်းမာရေး အခက်အခဲရှိလျှင် အရေး ပေါ်လူနာများ အနေဖြင့် ထောင်ပြင်ပရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသရပြီး တခါတရံတွင် အာဏာပိုင်များက ခွင့်မပြုသောကြောင့် အသက်ဆုံးရှုံးရသော အကျဉ်းသားများပင် ရှိကြောင်း မကြာသေးခင်က သာယာဝတီ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ကိုအောင်ထွန်းက ပြောသည်။

“တကယ့်အရေးပေါ်ကိစ္စ ညပိုင်းမှာ ပေါ်လာရင်တော့ဗျာ၊သူတို့ကလည်းခွင့်မပြုတော့ မကုနိုင်လို့ တိမ်းပါးသွား တဲ့သူတွေ မနည်းဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ကျနော်ရောက်တဲ့အချိန်က စပြီး၊ ပြန်ထွက်တဲ့ အချိန်အထိ ထောင်မှာ ဆရာဝန်မရှိဘူး၊ ဆေးမှူးအဆင့်ရှိတဲ့ သူပဲရှိတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ဘူး၊ ဆေးဝါးမလုံလောက်ဘူး” ဟု ၎င်းကပြောပြသည်။

ကိုအောင်ထွန်းသည် “မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း” စာအုပ် ရေးသားပြုစုသည့်အတွက် ၁၉၉၈ ခုနှစ်တွင် စစ် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

ထို့အတူ သရက်ထောင်တွင်လည်း အစားအသောက်ချို့တဲ့ခြင်း၊ ဆေးဝါးမပြည့်စုံခြင်း၊ ဆေးကုသခွင့်မရခြင်း၊ အဓမ္မအလုပ် စေခိုင်းခြင်းများ ကြုံခဲ့ရပြီး အင်းစိန်ထောင်တွင် ရှိစဉ်ကလည်း ခုခံအားကျရောဂါဖြင့် သေဆုံးသူ အကျဉ်းသားများကို တွေ့ခဲ့ ရသည်ဟု သရက်ထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ကိုထွန်းထွန်ငြိမ်းကလည်း ဆိုသည်။

“ဆေးမရှိဘူး။ ဆရာဝန်ကလည်း ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး”ဟု ၎င်းကပြောသည်။

အဆိုပါ သရက်ထောင်တွင် သံတွဲထောင်မှ ရွှေ့ပြောင်းလိုက်သော အစာရေပြွန်ရောဂါဝေဒနာရှင် ၈၇ နှစ်အရွယ်တောင် ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ခိုင်ကို  သရက်ထောင် ရင်ခွဲရုံတွင် တဦး တည်းထားရှိပြီး၊ ရွှေဝါရောင်တော်လှန်ရေးကာလ ဖမ်းဆီးခံခဲ့ရသော မနီလာသိန်း၊ ပခုက္ကူမှ ဦးသန့်ရှင်း၊ သာယာဝတီမှ ကိုဂျော်လီထွန်း၊ ဘိုကလေးမှ ဦးအောင်ခင်ဘို နှင့် ကိုစိန်အေး၊ တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင် တို့အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၀ နီးပါးလည်း သရက်ထောင်တွင်ရှိနေသေးသည်ဟု သိရသည်။

လက်ရှိ အကျဉ်းထောင်များတွင် ကျန်းမာ ရေးစောင့်ရှောက်မှု အခြေအနေမှာ အင်မတန်ဆိုးရွားနေ၍ မကြာသေးခင်က ပြန်လွတ်လာသော နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိမ်းသည်လည်း ထောင်တွင်းကျန်းမာရေးအခြေအနေ ဆိုးဝါးမှု ကြောင့် လမ်းမလျှောက်နိုင်ကြောင်း သိရသည်။

မန္တလေးအိုးဘိုထောင်တွင်လည်း အကျဉ်းသားများသည် အစားအသောက်ချို့တဲ့မှုများ ရှိနေကြပြီး ထောင်ဝင်စာ နှင့် ပြင်ပ အလှူရှင်များ ၏ လှူဒါန်းမှုများကိုသာ အားထားနေရကြောင်း၊ ထောင်အာဏာပိုင်များ ကလည်း ငွေကြေးတတ်နိုင်သူများ ကိုသာ အခွင့်အရေးပေးကြောင်း ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသား ကိုဘိုဘို က ပြောသည်။

ကိုဘိုဘို ( ခ ) ကိုမျိုးကျော်သူသည် ယခင်က (ABSDF -မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖမ်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တသက်တကျွန်းကျခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

“ကျနော်ထောင်တသက်ကျတော့ ကျနော့်မိန်းမက ထောင်ထဲမှာ လာပြီးတော့ ကွာရှင်းခွင့်တောင်းတယ်၊ အခုတော့ သားလေးတယောက်ကျန်ခဲ့တယ်”ဟု ကိုဘိုဘိုက ဧရာဝတီသို့ ပြောပြသည်။

မန္တလေးအိုးဘိုထောင်မှ ကိုရန်နိုင်မင်း၊ ကိုစိန်လင်း၊ ကိုစိုးမိုးနိုင်၊ မဇင်မာအောင်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောကြာဦး နှင့် မကေသီအောင်တို့ပါဝင်ပြီး၊ သာယာဝတီထောင်မှ ဦးသောင်းဝင်းဗိုလ်၊ ဦးဘချစ်နှင့် ကေအန်ယူမှ ကိုရွှေသားတို့ပါဝင်ပြီး၊သရက်ထောင်မှမကွေးတိုင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးမြင့်ဦး၊ ကိုရန်အောင်ရွှေ၊ ဦးသာချို (ရေနံချောင်း)၊ နတ်မောက်မှ ကိုဌေးဝင်း၊ ချောက်မှ ကိုထွန်းထွန်းငြိမ်းတို့အပြင် ၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး စီးနင်းမှုဖြင့် စွဲချက်တင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုခိုင်ကောင်းစံနှင့် ကေအန်ယူမှ ကိုတောကြည်တို့ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

 (ဧရာဝတီသတင်းဌာန)

Friday, September 18, 2009

ရွေးကောက်ပွဲနီးလေ သတင်းဂျာနယ်များကို ပိုနှိပ်ကွပ်လေ

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် အချိန် နီးကပ် လာသည်နှင့် အမျှ ပြည်တွင်း သတင်း မီဒီယာများ အပေါ် တင်းကျပ်စွာ ဖိနှိပ်၍ သတင်းများကို ပိုမို စိစစ်ဖြတ်တောက် လာကြောင်း သိရသည်။

myanmar1
ရန်ကုန်မြို့ လယ်ရှိ လမ်းဘေး ဂျာနယ်အရောင်းဆိုင် တဆိုင်မြင်ကွင်း (ဓါတ်ပုံ AP)
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု  တရားဝင်ကြေညာပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ၃၀ ရက်နေ့ နောက်ဆုံးထား တင်သွင်းကြရန် ညွှန်ကြားချက် ထုတ်ပြန် လိုက်သည့်အတွက် နိုင်ငံရေးပါတီများ မကျေနပ်ကြကြောင်း၊ ထိုသို့ မကျေနပ်ချက်များကို နိုင်ငံရေး ပါတီများက ပြည်တွင်းသတင်း မီဒီယာများထံ ဖြေကြားကြသော်လည်း စာပေစိစစ်ရေးကဖော်ပြခွင့်မပြုဘဲ ပိတ်ပင်လိုက်ကြောင်း  သိရသည်။

“ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ လွှတ်တော်အမတ်လောင်း တင်သွင်းရမယ့်ရက် ထုတ်ဖော်ကြေညာတာနဲ့ ပတ်သက်လို့  အပြုသဘောဆောင် ကြိုဆိုတာတွေ ကိုပဲ ဖော်ပြခွင့်ပြုတယ်။ ဝေဖန်တာတို့၊ မကျေနပ်တာတို့လို အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်တွေ လုံးဝဖော်ပြခွင့် မပြုဘူး” ဟု ရန်ကုန်အခြေစိုက် အမှုဆောင်အယ်ဒီတာတဦးက ပြောသည်။

ယခု လကုန်ပိုင်းအတွင်း လွှတ်တော်အမတ်လောင်း ကိုယ်စားလှယ်စာရင်း တင်သွင်းခိုင်းသည့် အတွက် နိုင်ငံရေးပါတီ အများစု အဆင်သင့်မဖြစ်သေးဘဲ ပါတီဖျက်သိမ်း ခံရနိုင်သည်အထိ အခက်အခဲများကြုံတွေ့ နေရသည်ဟု သိရှိရသည်။

“ပါတီဝင်အင်အား တင်ပြဖို့လုပ်နေတယ်။ အမတ်လောင်းစာရင်းအတွက်လည်း ဘာမှ မပြင်ဆင်ရသေးဘူး။ ပါတီ ဖျက်သိမ်းမခံရဖို့ အနည်းဆုံး မဲဆန္ဒနယ်သုံးခု ပြိုင်နိုင်အောင် လုပ်နေပါတယ်” ဟု နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေတွင် ပါတီမှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း ၉၀ အတွင်း သတ်မှတ် ပါတီဝင်အင်အား တင်ပြခြင်းမရှိလျှင်လည်းကောင်း၊ အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလျှင်လည်းကောင်း ပါတီကို ဖျက်သိမ်းခံရ မည်ဟု တရားဝင်ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီများ လွှတ်တော်အမတ် ကိုယ်စားလောင်းစာရင်း တင်သွင်းရန်နှင့် ပါတီဝင်အင်အား ပြည့်မီရေးအတွက် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ အလွန် လိုအပ်နေသောကြောင့် ပြည်တွင်း သတင်းမီဒီယာ များမှတဆင့် ပြည်သူလူထုထံ အသိပေး အကူအညီ တောင်းခံလိုသော်လည်း စာပေစိစစ်ရေး၏ ဖြုတ်ပယ်မှုကြောင့် အကျပ်အတည်းဖြစ်နေရကြောင်း နိုင်ငံရေးပါတီတချို့၏ တာဝန်ရှိသူများက ရှင်းပြသည်။

“ဈေးတွေမှာ အလှူခံတော့လည်း စည်ပင်က တရားစွဲတယ်။ မီဒီယာကတဆင့် ပြည်သူလူထု ဆီမှာ အကူအညီတောင်းပြီး အလှူခံချင်တော့လည်း စာပေစိစစ်ရေးက ဖြုတ်တယ်။ နိုင်ငံရေးပါတီတွေ ဘယ်လိုနည်းလမ်းနဲ့ အလှူခံရမလဲ” ဟု
နိုင်ငံရေး ပါတီတခုမှ အမှုဆောင်တဦးက ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများ၏ ပြည်သူလူထုအတွင်း လှုံ့ဆော်စည်းရုံး လှုပ်ရှားရန် ပြင်ဆင်လုပ်ဆောင်နေသည့် သတင်း များကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်လျက်ရှိကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီကို ကျော်ပြီး နိုင်ငံရေးပါတီတွေ လူသိများလာမှာ အစိုးရက ကြောက်တဲ့ပုံပဲ။ ပါတီစည်းရုံးရေးသတင်းတွေ အပါအဝင် နိုင်ငံရေးသတင်း တော်တော်များများ အဖြုတ်ခံနေရတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ရှင်းပြသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသော စာပေစိစစ်ရေးဌာနသည် ရွေးကောက်ပွဲကာလ နီးကပ် လာသည်နှင့်အမျှ ပိုမိုတင်းကျပ်သော မူဝါဒများ ချမှတ်လာကာ ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ခြင်း၊ မှားယွင်းဖော်ပြခြင်း ပြုလုပ်လျင်
သတင်းဂျာနယ်များ ပိတ်သိမ်းမည်ဟူ၍ ဇူလိုင်လ ၂၀ ရက်နေ့က ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့သည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ဦးဆောင် ပါဝင်သော နိုင်ငံတော် လုံခြုံရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် သတင်းများစိစစ် ဖြုတ်ပယ် နေရသည့်အပြင် ညွှန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေသည်လည်း တင်းကျပ်စွာ ဆောင်ရွက်မည့် စာပေစိစစ်ရေး မူဝါဒများနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာနသို့ မကြာခဏဆိုသလို သွားရောက် သြ၀ါဒ ခံယူနေရ ကြောင်း သိရသည်။

“ဂျာနယ်မှာပါတဲ့ သတင်းတခုကြောင့် လူကြီးတွေ စိတ်ဆိုးရင် ကျနော်တို့ စာပေစိစစ်ရေးက ၀န်ထမ်းတွေ နေစရာ နေရာ မရှိတော့ဘူး။ အပေါ်ကလည်း ထောင်း၊ ဂျာနယ်တွေကလည်း ငြိုငြင်နဲ့ ကျနော်တို့ အနေအထားက တော်တော် ထိခိုက်လွယ်တယ်။ အချိန်မရွေး ရာထူးက ပြုတ်ကျသွားနိုင်တယ်။ ထောင်ကျသွားနိုင်တယ်” ဟု အမည် မဖော်လိုသော စာတည်းမှူးတဦးက ရှင်းပြသည်။

စာပေစိစစ်ရေးက ခွင့်ပြုထားပြီးသည့် သတင်းဖြစ်သော်လည်း နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများကို စိတ်အနှောင့်အယှက် ဖြစ်စေလျှင် စာပေစိစစ်ရေးက သတင်းဂျာနယ်အား ပိတ်ပင်အရေးယူလေ့ရှိသည်။

ဇူလိုင်လနှင့် သြဂုတ်လ ၂ လအတွင်းတွင် စာပေစိစစ်ရေးက ၄ ကြိမ်တိုင်တိုင် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

ယခု အခြေအနေအရ ပြည်တွင်း သတင်းမီဒီယာများ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်သော သတင်း မီဒီယာအဖြစ် ရပ်တည်နိုင်မည်မဟုတ်ဘဲ စစ်အစိုးရ၏ နှိပ်ကွပ်မှုအောက်တွင်သာ သတင်းများ စိစစ်ဖော်ပြခွင့် ရမည်ဖြစ်ကြောင်း ပြည်တွင်း စာနယ်ဇင်းသမားများက ပြောဆိုနေကြသည်။

“သတင်းလွတ်လပ်ခွင့်က အခုလည်း မရဘူး၊ နောင်လည်း မရဘူး။ အနာဂတ်မှာလည်း ရဖို့ မသေချာဘူး။ ဒီရွေးကောက်ပွဲမှာ မီဒီယာလွတ်လပ်ခွင့် လုံးဝ ရှိမှာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ မီဒီယာ လွတ်လပ်ခွင့်မရှိတဲ့ ရွေးကောက်ပွဲက တရား မျှတဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု သတင်းစာဆရာ တဦးက ရှင်းပြသည်။

Wednesday, September 16, 2009

ရွှေဝါရောင် ၂ နှစ်ပြည့် ကာလ အဖမ်းအဆီးကြမ်း

စစ်အာဏာပိုင်များက ယခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ကာလအတွင်း မန္တလေးတိုင်း မြင်းခြံမြို့မှ သံဃာတော်တပါး အပါအ၀င် ၈ ဦးကို ယနေ့နံနက်ပိုင်းက ထပ်မံ ဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ၈ ဦးကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့မှ အကြောင်းပြချက် တစုံတရာမရှိဘဲ လာရောက်ခေါ်ဆောင် သွား ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လူငယ်တွေကတော့ သူတို့က သာမန် အပြင်က တက်ကြွသူတွေပဲ။ ဘာအဖွဲ့အစည်းကမှ မဟုတ်ဘူး။ မနက် ၃ နာရီလောက်က ခဏဆိုပြီး တချိန်တည်းလောက် အိမ်ကိုလာခေါ်သွားတာ။ စက်တင်ဘာနှစ်ပတ်လည်နီးလို့ ခဏခေါ်ထိန်းတာထင်တာပဲ” ဟု အဖမ်းခံရသူ လူငယ်တဦး၏ မိတ်ဆွေက ဧရာဝတီသို့ပြောသည်။

အဖမ်းခံရသော လူငယ်များမှာ မြင်းခြံမှ ကိုမျိုးဟန်၊ ဒေါက်တာဝင့်သူ၊ ကိုလှမျိုးကျော်၊ အောင်မျိုးလတ်၊ စိုးရာဇာဖြိုး၊ တောင်သာမှ ကိုကြည်စိုး၊ အမည်မသိရသေးသော လူငယ်တဦးနှင့် သံဃာတော်တပါး တို့ဖြစ်ကြပြီး ယခုအချိန်ထိ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာဝင့်သူ၏ မိခင်ဖြစ်သူက“နှစ်နာရီခွဲလောက်က လာရှာကြတာ။ ဘယ်သူတွေမှန်းလဲ မသိပါဘူး။ လာတုန်းကတော့ သားက မရှိတော့ မတွေ့သွားဘူး။ နောက်တော့ သူ့သူငယ်ချင်းတွေ ဘယ်သူဖြင့် ပါသွားပြီ ဆိုတာတွေ ကြားတော့ သူက မနေနိုင်ဖြစ်ပြီး ထလိုက်သွားတော့တာပါပဲ။ သားက ဥပဒေနဲ့ ငြိစွန်းတာ ဘာမှ လုပ်ထားတာ မရှိပါဘူး”ဟု ပြောပြသည်။ 

ဖမ်းဆီးခံရသူ လူငယ်များသည် မြင်းခြံမြို့တွင် မရှိတော့ဘဲ မန္တလေးသို့ ခေါ်ဆောင်သွားသည့်သတင်းသာ ကြားရသည်ဟု မိသားစုဝင်များက ဆိုသည်။

အဆိုပါ လူငယ်များမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ဖူး၍ မြင်းခြံမြို့ မယကမှ ခေါ်ယူသတိပေးခြင်းခံရဖူးကြောင်း သိရသည်။

မြင်းခြံမြို့ရှိ စာသင်ကျောင်းတိုက်များတွင် လုံခြုံရေးများ အထူးချမှတ်ထားသည့်အပြင် လူငယ်များ စုဝေးလေ့ရှိ သော မြင်းခြံမြို့စွန်ရှိ စွန်းလွန်းဂူကျောင်းတွင်လည်း အထူးရဲတပ်ဖွဲ့များ တင်းကြပ်စွာ ချထားသည်ဟု မြင်းခြံဒေသ ခံများက ပြောသည်။

ရန်ကုန်မြို့တွင်လည်း၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်ကာလဖြစ်သဖြင့် ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်း စသော လူစည်ကားရာ နေရာများတွင် လုံထိန်းများ၊ ရဲတပ်ဖွဲ့ဝင်များ ချ၍ ယနေ့တွင် လုံခြုံရေး တင်းကျပ်ထားကြောင်း တာဝန်ကျ ရဲအရာရှိ တဦး ကပြောသည်။

ထို့အပြင် ည သန်းခေါင်ယံ အချိန်တွင် အာဏာပိုင်များက ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများလည်း ပြုလုပ်နေ ကြောင်း သိရသည်။

လွန်ခဲ့သည့် အပတ်က မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) တွင်  ၀င်ရောက်သတင်းမေးခဲ့သော အမျိုးသမီးတဦးအပါဝင် အကူ အညီ ပေးခဲ့သည့် အမျိုးသား၂ ဦး ကို အာဏာ ပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လအတွင်းကလည်း ၎င်း ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုဒ္ဓ ထိန်းသိမ်းခံရသည်ဟုလည်း သိရသည်။

စစ်အစိုးရသည် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် သံဃာတော်များ ခရီးသွားလာ သီတင်းသုံး နေထိုင်ရာတွင် အထူးတင်းကျပ်ခြင်း၊ ကျောင်းတိုက်များကို စောင့်ကြပ်ကြည့်ရှုခြင်း၊ စစ်ဆေး မေးမြန်း ဖမ်းဆီးမှု များကို ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားသည်။

ယင်းသံဃာအဖွဲ့က အကျဉ်းကျသံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များအပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက်များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ် ပြီး ဆန္ဒပြ တောင်းဆိုသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။

 (ဧရာဝတီသတင်းဌာန)