ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံ၊မြောက်ဒဂုံ၊သာကေတ၊ သင်္ဃန်းကျွန်း စသည့်မြို့နယ်များအတွင်းရှိ သစ်ခွဲစက်ငယ်များကို ပြောင်းရွှေ့ လုပ်ကိုင်ရန် မြေနေရာ သတ်မှတ်ပေးခြင်း မရှိဘဲ လက်ရှိမြေနေရာမှ လုပ်ငန်းကို လုပ်ကိုင်ခြင်းအား ရပ်ဆိုင်းရန်နှင့် မရပ်ဆိုင်းဘဲ ဆက်လက် လုပ်ကိုင်ပါက စည်ပင်ဥပဒေ ပုဒ်မ (၂၈၊၂၉၊၂၀၅)၊ငွေဒဏ်၊ထောင်ဒဏ် ချမှတ်အရေးယူမည် ဟုဆို၍ လုပ်ငန်းများ မလုပ်ကိုင်နိုင်ဘဲ ဒုက္ခရောက် နေကြပါသည်။
လူနေရပ်ကွက်အတွင်းရှိ စက်မှု့လက်မှု့လုပ်ငန်းများမှာ ဆူညံသံများ ထွက်ရှိခြင်းကြောင့် မြို့စွန်ထွက် လုပ်ကိုင်ရန်နှင့် မြေနေရာ သတ်မှတ်ပေးမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ အကြောင်းကြားခြင်း ခံရသော်လည်း မ.ယ.ကမှ ပြောင်းရွှေ့လုပ်ကိုင်ရန် မြေနေရာကို သတ်မှတ်ပေးခြင်း မရှိပေ။ သို့သော် စည်ပင်သာယာရေး ကော်မတီမှမူ လုပ်ငန်းလုပ်ကိုင်ခြင်းအား ချက်ခြင်းရပ်ဆိုင်းရန် သတိပေးခြင်း ခံရပါသည်။
ပြောင်းရွှေ့လုပ်ကိုင်ရန် မြေနေရာမရှိ၊ လုပ်ငန်းများ ရပ်ဆိုင်းခြင်း ခံထားရသော လုပ်ငန်းရှင်များမှာ မိသားစုနှင့် အလုပ်သမားများရဲ့ဝန် ပိ၍နေပါသည်။ ပြည်တွင်း စက်မှု့လက်မှု့ လုပ်ငန်းငယ်များသာ ဖြစ်ကြသော လုပ်ငန်းရှင်များမှာ အထက်ကလာသည့် ပေါ်လစီအမိန့်ဖြင့် အရေးယူနေသော တာဝန်ရှိသူများကို ပြောင်းရွှေ့ လုပ်ကိုင်ရန် မြေနေရာမရရှိခင် ယာယီ ဆက်လက် လုပ်ကိုင်ခွင့်ပြုရန်ကိုပင် အသနားခံစာ တင်နေရပါသည်။
တရားဝင် လိုင်စင်ခွန်၊စည်ပင်ခွန်၊အမြတ်ခွန်၊ကုန်သွယ်ခွန်များကို အပြည့်အဝ ပေးဆောင် လုပ်ကိုင် နေကြသော လုပ်ငန်းရှင်များမှာ စီးပွားရေး ပျက်ကပ်ကြားထဲ လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် ဘဏ်ချေးငွေ၊ ပြင်ပမှ ချေးငွေများနှင့် ရုန်းကန်နေကြရသည်။ ချေးငွေ အတိုးပေးရ အလုပ်သမားစရိတ် အထွေထွေစရိတ်များဖြင့် ပတ်ချာလည်နေသည့်အပြင် ဖိနှိပ် အနိုင်ကျင့်မှု့နှင့် ထပ်မံ ရင်ဆိုင်ရသဖြင့် လွန်စွာထိခိုက် နစ်နာလှပါသည်။
စက်ပိုင်ရှင်တဦး
Friday, January 22, 2010
Thursday, January 21, 2010
သရက်ညိုမှာ အဓမ္မ ငွေကောက်လို့
ကျနော်တို့ဟာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဗိုးဒေါနကုန်း ကျေးရွာအုပ်စု သရက်ညိုရွာသားတွေ ဖြစ်ပါတယ်။ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူလယ်သမားတွေပါ။ ကျနော်တို့တွေကို နိုင်ငံတော်က စိုက်ပျိုးရေးအတွက် ချေးငွေကို ပြီးခဲ့တဲ့နှစ် မေလ ၂၆ ရက်နေ့မှာ ထုတ်ပေးခဲ့တဲ့အတွက် လယ်သမားတွေအနေနဲ့ အလွန်ပဲ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ ရပ်ကွက်ဥက္ကဋ္ဌနဲ့ မြေတိုင်းဝန်ထမ်းတို့က ဘဏ်စာအုပ် လွှဲပြောင်းပြုလုပ်ပေးဖို့အတွက် လယ်သမား တဦးကို ၅၀၀၀ ကျပ်ကနေ ၃၀၀၀၀ ကျပ်အထိ အဓမ္မ ငွေတောင်းခံလို့ ပေးခဲ့ရပါသေးတယ်။
ငွေပေးခဲ့ရသူ ၁၉ ဦး ရှိပါတယ်။ အားလုံးဟာ လက်မှတ်ထိုးပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲဆီကို စာနဲ့ တင်ပြပြီး ဖြစ်ပါတယ်။ အခုအချိန်ထိ စုံစမ်းအရေးယူခြင်း မရှိတော့ “ငါ့ကို တိုင်မယ့် လူတွေကို ငါကတော့ ပြဿနာရှာမှာပဲ။ အထက်လူကြီးတွေကို ငါ ပိုင်တယ်။ ငါ့ကို ဘယ်သူတိုင်တိုင် ဂရုမစိုက်ဘူး။ ငါ့ကို ဘယ်လူကြီးမှ ထုတ်လို့ မရဘူး” လို့ ပြောဆိုတာတွေ ရှိနေပါတယ်။
အဲဒီလို အစိုးရက တဧကကို ၁၀၀၀၀ နှုန်း ထုတ်ပေးတာ။ ဘဏ်စာအုပ် လွှဲပေးဖို့ ငွေပြန်တောင်းတာကို မကျေနပ်လို့ နိုင်ငံတော် အကြီးအကဲဆီကို ၃ ကြိမ်တိုင် စာတိုက်ကနေ ပို့ခဲ့ပါတယ်။ စာကို ဇူလိုင်လ ၁၃ ရက်မှာ တကြိမ်၊ စက်တင်ဘာ ၂၉ ရက်မှာ တကြိမ်နဲ့ နိုဝင်ဘာ ၂၇ ရက်မှာ တကြိမ် စာပို့ခဲ့ပါတယ်။
လယ်သမားတဦး
မှော်ဘီမြို့နယ်

Monday, January 11, 2010
ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော
၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီး တင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက်များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကို လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်း တဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။
ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင် ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြား စေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြား စေခဲ့သည် ဆိုသည်ကို သူ မယုံကြည်ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
ဦးစိန်လွင် (အသက် ၃၅ နှစ်) သည် ၂၀၀၄ ခုနှစ်အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြန်မာသံရုံးတွင် ဌာနခွဲ ၂ ၏ ဌာနခွဲမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထောက်လှမ်းရေး အချက်အလက်များ စုဆောင်း ရယူခြင်းနှင့် မြန်မာစစ်တပ်သို့ အစီရင်ခံခြင်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
သို့သော် ယမန်နှစ်က ထိုသို့ ဖမ်းဆီးချိန်တွင် သူသည် မြန်မာနိုင်ငံတွင် ရှိနေခြင်း မရှိပါ။ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်များကို ဖော်ပြ လိုက်ပါသည်။
မေး။ လျှို့ဝှက် စာရွက်စာတန်းတွေ ပေါက်ကြားတယ်ဆိုပြီး အရာရှိ နှစ်ဦးကို မကြာသေးခင်က သေဒဏ် ပေးလိုက်တဲ့ အပေါ်မှာ ခင်ဗျား ဘယ်လို ယူဆပါသလဲ။
ဖြေ။ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ - MAS) အကြီးအကဲက ၂ဝဝ၉ ခုနှစ် ဂျူလိုင်လက စပြီး နေပြည်တော်မှာ အသစ် ခန့်အပ်ထားတဲ့ ထောက်လှမ်းရေး အရာရှိတွေကို သတင်းပေါက် ကြားမှုနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းဖော်ထုတ်ဘို့ ညွှန်ကြားထားတယ်။
ဒီထောက်လှမ်းရေးအရာရှိအသစ်တွေကလဲ စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ကျေနပ်အောင် ယာယီဘဲ ဖြစ်ဖြစ် ဓါးစာခံတွေ ရှာပြဘို့ လိုလာတယ်။ ဒီလို သတင်းပေါက်တာ ဒီလူတွေ ကြောင့်ဘဲ ဆိုတာ လုပ်ပြလိုက်ရင် နိုင်ငံခြားရေး ဌာနတွင်း သံရုံး ဝန်ထမ်း အပြောင်းအရွှေ့ သတင်းတွေလဲ နောင်ကို ထွက်တော့မှာ မဟုတ်ဘူးလို့ထင်တာ။
ဒီနှစ်ယောက်ကို သေဒဏ်ပေးလိုက်ရင် နောက်လူတွေလဲ လုပ်ရဲတော့မှာ မဟုတ်ဘူးလို့ အာဏာရှင် တွေက မျှော်လင့်နေတာ။ ဒါပေမဲ့ ကြည့်ပါ ဒီအစိုးရ အပြောင်းအလဲ ဖြစ်တဲ့အထိ မီဒီယာပေါ်မှာ သတင်းတွေ ဓါတ်ပုံတွေ နောက်ထပ် အနှေးနဲ့ အမြန် ဆိုသလိုဘဲ တက်လာဦးမှာဘဲ။
မေး။ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော် အကြောင်း ကျနော်တို့ကို ပြောပြပေးနိုင်မလား။ သူဘယ်လို အဖမ်းခံခဲ့ရတယ် ဆိုတာရောပေါ့။
ဖြေ။ သူက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာအလုပ် လုပ်နေတာပါ။ သူ့ကို ခြေရာခံမိသွားတာ က ကမ္ဘောဒီးယား မြန်မာသံရုံး စစ်သံမှူးရုံးက ဗိုလ်မှူးချုပ်သန်းဟန်ပဲ။ သူက သူခုလိုစောင့် ကြည့်ခံနေရတယ် ဆိုတာ မသိဘူး။ ဒီပေါက်ကြားသွားတဲ့ သတင်းတွေ သာမကဘူး။ သူ့ဆရာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဆိုသည့် စစ်အစိုးရ၏ တရားဝင်အမည်၊ နောင်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ဟု အမည်ပြောင်းသည်) ရဲ့ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦး ၂ဝဝ၁ ခုနှစ်က လုပ်ကြံ ခံရတယ်ဆိုတာကို သူက သိထားတယ်။
ဒီတော့ဗိုလ်ချုပ်ကြီးတွေက ဒီတခါ ခဲတလုံးထဲနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာ ပေါ့။ ဝင်းနိုင်ကျော် ဒီမိုကရေစီ ဘက်ကို ဘက်ပြောင်းပြီး တနေ့မှာ ဒီလုပ်ကြံမှုကြီး အကြောင်း ဖော်ရင် လက်ရှိ ဗိုလ်ချုပ်ကြီးတွေ တပ်တွင်း မျိုးဆက်သစ်တွေ ကြားထဲမှာ ထောက်ခံမှုရတော့မှာ မဟုတ်ဘူး။
သူက ၂ဝဝ၉ ဒီဇင်ဘာလဆန်းမှာပြန်လာတာ။ စရဖ က သူ့ကို ရန်ကုန်မင်္ဂလာဒုံ လေဆိပ်မှာဘဲ ဖမ်းလိုက်တာ။ ရိုးရိုးသားသား ပြောရရင် အဲဒီအချိန်က ကျနော် မြန်မာပြည်မှာ မရှိပါဘူး။ ဒါပေမဲ့ ကျနော့် အဆက်အသွယ်တွေ ဆီက သတင်းအရဆိုရင် သူ့ဆီက လှိုဏ်ခေါင်းပုံတွေ စရဖ က တွေ့တယ် ပြောတယ်။ ဒါပေမဲ့ တကယ့်အဖြစ်က အတွင်းရေးမှူး (၂) ရဲ့ ပိုအရေးကြီးတဲ့ ပိုလျှို့ဝှက်တဲ့ ဖိုင်တွေက သူ့ခရီးဆောင် ကွန်ပျူတာထဲမှာ ရှိနေတာ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတွေက ဒီကိစ္စ တွေကို ပြဿနာပို မကြီးစေချင်ဘူးလေ။
မေး။ ပြည်ပမီဒီယာကို လျှို့ဝှက်ဖိုင်တွေ ပို့ခဲ့တာ သူမဟုတ်ဘူးလို့ ခင်ဗျား ဘယ်လို ပြောနိုင်လဲ။
ဖြေ။ ဝင်းနိုင်ကျော်က နိုင်ငံခြားရေး ဝန်ကြီးဌာနက မဟုတ်ပါဘူး။ သူ့နောက်ဆုံး ရာထူးက အမျိုးသား စီမံကိန်း ဝန်ကြီးဌာနမှာ နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး။ သူဒီရာထူးက နေ ၂ဝဝ၄-၂ဝဝ၅ တဝိုက်လောက်မှာ ထွက်သွားပြီး ကုလသမဂ္ဂ အေဂျင်စီတခုမှာ အလုပ်ရတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်ရိုးလုပ်စဉ် အတိုင်းဆိုရင် အမှုတွဲတွေက ကကကြည်း (ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဦးစီးချုပ်ရုံး) ရယ် ကက(လှမ်း) (ကာကွယ်ရေးဌာန ထောက်လှမ်းရေးမှူး ချုပ်ရုံး)၊ နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ရုံးချုပ်တို့ကို မိတ္တူပို့ရတယ်။ ဥပမာ ဂျွန်ယက်တော အမှုတွဲမျိုးဆို အစိုးရ ဌာန ဆိုင်ရာတွေ ကြားထဲမှာ ဖြန့်ရတယ်။
မေး။ စစ်အစိုးရက သေဒဏ်ပေးတာ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် တယောက်ထဲ မဟုတ်ဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနက စာရေး ကိုသူရကျော်ကိုပါ အပြစ်ပေးတာ။ ဒီတော့ ဒီသတင်းဖိုင်တွေက ကိုသူရကျော် ဆီက လာတာ ဖြစ်နိုင်တာပေါ့။ ခင်ဗျား ဒီကိစ္စကို ဘယ်လို ပြောမလဲ။
ဖြေ။ ဒီအမှုတွဲဖိုင်က ကိုသူရကျော် ရုံးခန်းကလာတာ ဖြစ်ပေမဲ့ မိတ္တူတွေက တခြား အစိုးရဌာနနဲ့ အေဂျင်စီတွေ မှာလည်း ရှိနေတာဘဲ။ နေပြည်တော်မှာက အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်တယ်။ ဒီတော့ ကကကြည်းနဲ့ ကကလှမ်းကိုလဲ သူတို့ ထည့်စဉ်းစားဘို့ လိုတာဘဲ။ ကာကွယ်ရေး ဌာနက တယောက်ယောက် ကလဲ ဒါကို အလွယ်လေး ပို့လိုက်လို့ ရတာဘဲ။ ဒီအမှုမှာ ကိုသူရကျော်ရဲ့ ဖိုင်တွေ ဗိုလ်မှူး ဝင်းနိုင်ကျော် ခရီးဆောင် ကွန်ပျူတာထဲက တွေ့တယ်ဆိုတာ အဓိပ္ပါယ် မရှိပါဘူး။ ဒါပေမဲ့လဲ စရဖက ထိန်းချုပ်ထားတဲ့ စစ်အစိုးရရဲ့ တရားရုံးမှာ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လောက် တန်ဘိုးပေးရ ပေးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အတိတ်က အဖြစ်တွေကို အစ ဖျောက်ပစ်ချင်နေတာ။ ဒီတခါတော့ ခရီးဆောင် ကွန်ပျူတာထဲက ဖိုင်တွေက တရားရုံးမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ဖြစ်သွားတော့တာပေါ့။
မေး။ သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားခဲ့တယ် ဆိုတာ ခင်ဗျား သိသလား။ ဒီတရားရုံးတင် စစ်ဆေးတဲ့ အကြောင်းကိုကော ခင်ဗျားသိသလား။
ဖြေ။ ဖမ်းမိမိချင်း စရဖ ဌာနချုပ်ကို အစီရင်ခံတယ်၊ ပြီးတော့ စစ်ကြောရေး အတွက် ရေကြည်အိုင်ကို ပို့တယ်။ အမိန့် မချခင်မှာ အင်းစိန်ထောင်ကို သူ့ကို ပို့တယ်။ စစ်တဲ့ရုံးကတော့ အင်းစိန်မြို့နယ် ရွှေပြည်သာ လမ်းမှာရှိတဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်ရုံးပါ။
မေး။ အတွင်းရေးမှူး (၂) လုပ်ကြံခံရတယ်ဆိုတဲ့ အထောက်အထား ဘာရှိသလဲဗျ။
ဖြေ။ ကျနော် ၂ဝဝ၂ ခုနှစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မှုခင်း စုံစမ်း ထောက်လှမ်းရေး (CID) သင်တန်း တက်နေတုံး ဗိုလ်မှူး ဝင်းနိုင်ကျော်လဲ လာတက်တယ်။ ကျနော်တို့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ရဟတ်ယာဉ် မောင်းနှင်သူ ပိုင်းလော့ကို သံလွင်မြစ်ထဲက ဆယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ပစ်သတ်ခဲ့တယ်။
မေး။ ပိုင်းလော့ကိုဘယ်သူသတ်တာလဲဗျ။
ဖြေ။ ဒါတော့မသိဘူး။ ဖြစ်နိုင်တာ စစ်ထောက်လှမ်းရေးနဲ့ စစ်တပ် တခုခုပဲ။ အာဏာပိုင်တွေက အစိုးရ သတင်းစာတွေမှာ နာရေး ကြော်ငြာထည့်ခွင့် မပေးခဲ့ဘူး။ အဲဒီအချိန်က တွင်း ၂ တင်ဦးရဲ့သား ဇော်ထွန်းဦးက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာဘဲ ရှိသေးတယ်။ သူနဲ့ ကျနော်နဲ့က ဖောင်ကြီး (အစိုးရ ဝန်ထမ်းများ အတွက်သင်တန်း) မှာ ၁၉၉၈ ခုနှစ်က အပတ်စဉ် တခုထဲ အတူတူ တက်ခဲ့ကြတာ။ သူ့အပြောအရ အဲဒီ အချိန်တုံးက သူ့အဖေနဲ့ မောင်အေး၊ ခင်ညွန့် တို့ ကြားမှာ အာဏာ အားပြိုင်မှု အတော် ကြီးမားခဲ့တယ်လို့ ဆိုတယ်။
မေး။ ခင်ဗျား ဘာဖြစ်လို့ ခုလို ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့တာလဲ။ လတ်တလော အကြောင်းတွေက ဘာတွေလဲဗျ။
ဖြေ။ ဗိုလ်မှူးဝင်းနိုင်ကျော်က သူ စောင့်ကြည့်ခံနေရပြီ ဆိုတာရယ်၊ သူ့ကို နာမည်ပျက် စာရင်း သွင်းထားပြီ ဆိုတာရယ်ကို မသိဘူး။ သူသာသိခဲ့ရင် ဗမာပြည်ကို ပြန်မှာ မဟုတ်ဘူး။ ကျနော်ကတော့ ကျနော်ရယ် နောက်တခြား ဝန်ထမ်းဟောင်း တွေရယ်ကို နာမည်ပျက် စာရင်း သွင်းထားပြီ ဆိုတာ သိတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံကို ချစ်ပေမဲ့ ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့ရတာဘဲ။ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရတဲ့နေ့ လုံခြုံ စိတ်ချရတဲ့နေ့မှာ ကျနော် ဗမာပြည်ကို ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ ပြန်မှာပါ။
မေး။ စစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်းချက်ကို ခင်ဗျား ဘယ်လို ထင်မြင် ယူဆပါသလဲ။
ဖြေ။ အီရတ်မှာလို အမေရိကန်က ဝင်တိုက်မှာကို စစ်အစိုးရက တကယ်ကြောက်နေတာပါ။ နျူကလီးယား လက်နက် ပိုင်ဆိုင်ပြီး စစ်ရေး အင်အား ကြီးထွားလာမယ် ဆိုရင် နိုင်ငံရေး အရလဲ အင်အားရှိလာမယ်၊ အမေရိကန် ကလဲ စစ်အစိုးရကို ဝင်တိုက်မှာ မဟုတ်ဘူးလို့ ယူဆထားတာ။
မေး။ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်လို့ ခင်ဗျား ဘာတွေ သိထားပါသလဲ။
ဖြေ။ စစ်အစိုးရက ၁၉၉၀ တုံးကလို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကဘဲ အများစု နိုင်မှာဘဲ။ ဒီတော့ စစ်အစိုးရက ခဲတလုံးထဲနဲ့ ငှက်သုံးကောင် ပစ်ချပြီးသား ဖြစ်သွားတာပေါ့။ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလဲ ပယ်ဖျက်ပြီး ဖြစ်သွားမယ်၊ တိုင်းရင်းသား အဖွဲ့တွေကိုလဲ လက်နက် ဖြုတ်ပြီးသား ဖြစ်သွားမယ်။
မေး။ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့ဘို့ရယ်၊ အပစ်ရပ်အဖွဲ့ တွေရယ်နဲ့ ပတ်သက်လို့ ဘာ အစီအစဉ်တွေ ရှိတယ် ဆိုတာ ခင်ဗျား သိသလား။
ဖြေ။ အပစ်ရပ်အဖွဲ့တွေက ဗိုလ်ချုပ်ကြီးတွေရဲ့ ရေရှည် စီမံကိန်း ထောင်ချောက်ထဲမှာ မိနေပြီးသား ဖြစ်နေပြီ။ ဒါက အရင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့် လုပ်ခဲ့တဲ့ အစီအစဉ်ပါ။ စစ်တပ် လက်အောက်မှာ နယ်ခြားစောင့်တပ် ဖွဲ့ရေး အစီအစဉ်ဟာ ၅ နှစ် အတွင်း ဒီလက်နက်ကိုင် အဖွဲ့တွေကို ဖျက်ဆီးပစ်ဘို့ နည်းပရိယာယ် ပါဘဲ။ ၅ နှစ်ကြာရင် နယ်ခြားစောင့်တပ်ဖွဲ့ ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ မြန်မာ စစ်သားတွေက တဖြေးဖြေး ဝင်အစားထိုး နေရာယူ သွားမှာဘဲ။
မေး။ မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာ စစ်အစိုးရ အကြား ဆက်ဆံရေး အခြေအနေကိုကော ခင်ဗျား ဘယ်လို ထင်ပါသလဲ။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား နိုင်ငံက လုပ်နေတဲ့ စီမံကိန်းတွေ ဘာရှိလဲ။
ဖြေ။ နှစ်နိုင်ငံစလုံးက နိုင်ငံတကာမှာ နိုင်ငံရေးအရ အထီးကျန် ဖြစ်နေတာ။ မြန်မာ စစ်ထောက်လှမ်းရေး တွေကို သင်တန်း ပေးတာရော၊ နျူကလီးယား စီမံကိန်းတွေရော အများကြီးရှိတယ်။ လျှို့ဝှက် စာရွက် စာတန်းတွေ ခင်ဗျား ဖတ်ပြီးရောပေါ့၊ အဲဒါတွေဟာ အမှန်တွေပါပဲ။

Friday, January 08, 2010
ရန်ကုန် လှိုင်သာယာမြို့နယ်အတွင်းရှိတဲ့ မာဆတ် အနှိပ်ခန်းတွေထံကနေ နအဖလက်ပါးစေ စရဖတွေ၊ ရဲမှူး ရဲအုပ် ဌာနမှူး တွေဟာ လိုင်းကြေးရယူကာ လာဘ်စားနေကြ
ရန်ကုန် လှိုင်သာယာမြို့နယ်အတွင်းရှိတဲ့ မာဆတ် အနှိပ်ခန်းတွေထံကနေ နအဖလက်ပါးစေ စရဖတွေ၊ ရဲမှူး ရဲအုပ် ဌာနမှူးတွေဟာ လိုင်းကြေးရယူကာ လာဘ်စား အကျင့်ပျက် နေကြကြောင်း မြို့နယ်အတွင်းနေ ပြည်သူများမှ သတင်းပေးပို့ လာပါတယ်။
အောက်ဖေါ်ပြပါ စာရင်းထဲပါ နအဖ စရဖ ရဲတွေဟာ အနှိပ်ခန်းတွေဆီက လိုင်းကြေးတွေ ပုံမှန်တောင်းတဲ့အပြင် ၄င်းတို့ သွားရောက် စားသောက်နေသော စားသောက်ဆိုင် များသို့ စားသောက်ထားသမျှ လာရောက်ပေးဆောင်ခိုင်းခြင်း၊ ဇိမ်မယ်များကို ၄င်းတို့ နှစ်သက်သည့် တည်ခိုးခန်းများသို့ ပို့ဆောင်ပေးရခြင်း၊ ၄င်းတို့ နှစ်သက်သမျှ အရက်၊ ဆေးလိပ်၊ အခြားစားသောက် ဖွယ်ရာများကိုပါ ၀ယ်ခြမ်းပေးရခြင်း(သို့) ရှင်းလင်း ပေးဆောင်ပေးရခြင်း အစရှိတဲ့ အကျင့်ပျက်မှုများကိုပါ အလွန်အကျူး ပြုမူနေကြကြောင်း သိရှိရပါတယ်။
ပေးဆောင်နေရသော အနှိပ်ခန်းလိုင်းကြေးများနှင့် လာဘ်စားနေသူများ စာရင်းကတော့ ...
ရန်ကုန်တိုင်းဒန။
ဌာနမှူး မြင့်သောင်း (၂၀၀၀၀ိ)
ရဲအုပ် အောင်မြတ်စိုး (၂၀၀၀၀ိ)
ဒုရဲအုပ် ရဲသူ (၂၀၀၀၀ိ)
ရန်ကုန်တိုင်း ထလနနိုင်။
ဌာနမှူး ရဲမှူးစိုးညွန့် (၂၀၀၀၀ိ)
ဒုရဲအုပ် တေဇာမိုး (၂၀၀၀၀ိ)
အရာခံ သန်းဇော်မြင့် (၂၀၀၀၀ိ)
တကက သိန်းမောင်ကြီး (၂၀၀၀၀ိ)
ရန်ကုန်တိုင်း စစရ။
ဌာနမှူးရဲမှူး ဘုန်းမင်းစိုး (၂၀၀၀၀ိ)
ဒုရဲအုပ် မြင့်အောင် (၂၀၀၀၀ိ)
တကက စိန်မြင့် (၂၀၀၀၀ိ)
မြောက်ပိုင်းခရိုင်ဦးစီး ၁။
ရဲအုပ် သူရဇော် (၂၀၀၀၀ိ)
ဒုရဲအုပ်ဇော်ဖုန်းဝင်း (၂၀၀၀၀ိ)
ဗမြောက်ပိုင်းခရိုင် မူးယစ်။
ဒုရဲအုပ်လှကျော်ဦး (၂၀၀၀၀ိ)
ဗမြောက်ပိုင်းခရိုင်ဦးစီး ၁။
ဒုရဲအုပ်သန်းစိုး (၂၀၀၀၀ိ)
ဒုရဲအုပ်ထွန်းနိုင် (၂၀၀၀၀ိ)
အကြမ်းဖက်။ ဒုရဲအုပ်အောင်ရဲမင်း (၂၀၀၀၀ိ)
မြောက်ပိုင်းခရိုင် ဒန။
ရဲအုပ် ဗျက်ဆန်း (၂၀၀၀၀ိ)
ရဲအုပ် ဇော်မင်းဦး (၂၀၀၀၀ိ)
တကက အောင်သိန်းနိုင် (၁၅၀၀၀ိ)
တကက ကျော်မြသိန်း (၁၅၀၀၀ိ)
မြောက်ပိုင်းခရိုင် မူးယစ်။
တကက လွင်မော် (၁၅၀၀၀ိ)
မြောက်ပိုင်းခရိုင် ဦးစီး ၁။
ဒုရဲအုပ် အောင်ကျော် (၂၀၀၀၀ိ)
မြို့နယ်မှူး ရဲအုပ်ခင်မောင်စိန် (၅၀၀၀၀ိ)
စခန်းမှူး ရဲအုပ်လှအောင် (၃၀၀၀၀ိ)
စခန်းမှူး(အောက်) ရဲအုပ်ကျော်ဇေယျ (၅၀၀၀၀ိ)
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စော်နိုင်ဦး (၂၀၀၀၀ိ)
နယ်ထိန်းခေါင်းဆောင်(အောက်) ဒုရဲအုပ်ချစ်တင် (၂၀၀၀၀ိ)
နယ်ထိန်း သက်ဆိုင်ရာ (၂၀၀၀၀ိ)
မြို့နယ်တာဝန်မှူး အဖွဲ့ ။
ဒုရဲအုပ် ၀ဏ္ဏဆွေ (၁၅၀၀၀ိ)
ဒုရဲအုပ် အောင်ဆန်းထွန်း (၁၅၀၀၀ိ)
တွဲဖက်နယ်ထိန်း သက်ဆိုင်ရာ (၂၀၀၀၀ိ)
ရဲအုပ်မြင့်ဦး (၂၀၀၀၀ိ)
ဒုရဲအုပ် ခင်မောင်ညွန့် (၁၅၀၀၀ိ)
ဒုရဲအုပ်သန်းဇာ် (၁၅၀၀၀ိ)
မယက ဦးကျော်နိုင် (၃၀၀၀၀ိ)
စစစ ဒုရဲအုပ်အောင်စိုးမင်း (၂၀၀၀၀ိ)
ရယက ဥက္ကဌ သက်ဆိုင်ရာ (၃၀၀၀၀ိ)
ခလရ ၅၃၂ တပ်ရင်းစရဖ (၂၀၀၀၀ိ)
စရဖ (တောင်ဒဂုံ) အငယ်လေးကောက်ခံ (အင်ဖော်မာ) (၂၀၀၀၀ိ)
စရဖ (အကူ ၁ ) (၁၀၀၀၀ိ)
စရဖ (အကူ ၂) (၂၀၀၀၀ိ)
အဆိုပါ လှိုင်သာယာမြို့နယ်အတွင်းရှိ နအဖ၊ စရဖ ရဲများ နည်းတူ အခြားသော နေရာ ဒေသများတွင်လည်း နအဖ၊ စရဖ ရဲများဟာ ယခုလို လဘ်စားမှုများ အနိုင်ကျင့်မှုများ အကျင့်ပျက်မှုများ မြောက်မြားစွာ ရှိနေပါတယ်။

Tuesday, January 05, 2010
မုန်တိုင်းအလွန်...
နေရောင်ခြည် အလင်းရောင် ကွယ်ပျောက်လုနီးအချိန်တွင် အမွှေးနံ့သာများမွှေးကြိုင်စွာ လိမ်းခြယ်ထားပြီး အနက်ရောင် တီရှပ်၊ ဂျင်းဘောင်းဘီ အပြာရောင် ၀တ်ဆင်ထားသော မိန်းကလေးတဦးသည် ရှည်လျားသောလမ်းမကြီးဆီသို့ မျက်နှာမူရင်း တစုံတရာ ကို စောင့်မျှော်လျက်ရှိသည်။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးနောက် တနှစ်ခွဲကျော် ကာလကတည်းက ယခုကဲ့သို့ ရန်ကုန်- လပွတ္တာ ကားလမ်းမ တဘက်တချက်ရှိ ခုန်တန်းလျားများပေါ်တွင် တစုံတခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ သူ့အတွက် ပုံမှန်အလုပ်တခု ဖြစ်ခဲ့သည်။ “အိမ်မှာ ထမင်းစားဖို့စောင့်နေတဲ့ မိသားစုမျက်နှာကြောင့် ဒီအလုပ်ကိုလုပ်မိတာ၊ စားဖို့အတွက် ခန္ဓာကိုယ်နဲ့ရင်းပြီး ပိုက်ဆံရှာဖြစ် ခဲ့တာပဲ”ဟု ရီဝေသော မျက်လုံးများထဲမှ လိမ့်ကျလာသည့် မျက်ရည်စများကို လက်ကိုင်ပ၀ါနှင့် သုတ်ရင်း အသက် ၁၉ နှစ်အရွယ် ဒါဒါက ပြောပြသည်။
စားဝတ်နေရေး အခက်အခဲများအတွက် လိင်အလုပ်သမ ဘဝကို ခံယူခဲ့ရသည့် ဒါဒါ၏ ဘခင်မှာ တံငါသည် တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးခဲ့ရသည်။ အရွယ်မရောက်သေးသော မောင်နှမများ၏ အနာဂတ် အတွက် သူ့ အနာဂတ်ကို စတေးခဲ့ရသည်ဟု ဒါဒါကပြောရင်း သူတို့ရွာက တခြားမိန်းကလေးများပါ သူ့လို လိင်အလုပ်သမ ဖြစ်လာကြပုံကို ဆက်ပြောပြသည်။

“ကျမ ဒီအလုပ်လုပ်တာ နေ့စဉ် ၀င်ငွေရှိလာတော့ ရွာက သူငယ်ချင်းတယောက်လည်း အတူလာလုပ်နေတယ်၊ အိမ်က ညီမလေး ကလည်း သူကြီးလာရင် မမနဲ့ အလုပ်အတူ လိုက်လုပ်မယ်လို့ ပြောတယ်၊ အဲဒါမှ ထမင်းနေ့တိုင်းစားရမှာလို့ ပြောတယ်”ဟု ဒါဒါက ဆိုသည်။
မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် အဆိုပါ လပွတ္တာမြို့အ၀င်ဝရှိ အသစ်တိုးချဲ့ တည်ဆောက်နေသော သုံးမိုင်မြို့သစ်အနီးတွင် လိင်အလုပ်သမ မိန်းကလေးများစွာ အခြေချလာကြသည်ကို တွေ့ရသည်။
၂၀၀၈ ခုနှစ် မေလ၂ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် မုန်တိုင်းပြင်းထန်သည့် ဧရာဝတီတိုင်း အတွင်းရှိ လူဦးရေ ၇ သန်းရှိသည့်အနက် လူဦးရေ ၂. ၄ သန်း ထိခိုက်နစ်နာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူဦးရေ ၁၄၀၀၀၀ ခန့် သေကြေပျောက်ဆုံးခဲ့ရသည်။ ၈ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ကာ အိမ်ပေါင်း ၄၅၀၀၀၀ ခန့်ပျက်စီးခဲ့သည်ဟု စာရင်းဇယားများအရ သိရသည်။
အဆိုပါ မုန်တိုင်းကြောင့် အသက်မသေဘဲ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ခဲ့သူများသည် အချိန် ၂ နှစ်ခန့် ကြာမြင့် လာခဲ့သော်လည်း နာလန်မထူနိုင်သေးသည့် အပြင် စားဝတ်နေရေး ခက်ခဲနေကြဆဲ ဖြစ်သည်။
အသက်မသေဘဲ ကျန်ရှိသူများသည် စားဝတ်နေရေး အခက်အခဲများကြောင့် ၀င်ငွေရနိုင်သော မည်သည့် အလုပ်ကိုမဆို လုပ်ကိုင်ရန် ၀န်မလေးကြတော့ကြောင်း လပွတ္တာမြို့နယ် စစ်တွဲကျေးရွာနေ မသီတာက ပြောသည်။
“သုံးမိုင်မြို့သစ်မှာ အုတ်သယ်တဲ့ အလုပ် လာလုပ်ရင်းက အဆင်မပြေတာနဲ့ ဒီနားက အနှိပ်ခန်းမှာ အလုပ်လုပ်ဖြစ်သွားတယ်”ဟု အသက် ၂၄ နှစ်အရွယ် မသီတာ(အမည်ရင်း မဟုတ်) က ၀ါးလက်စ ကွမ်းယာကို ထွေးထုတ်ရင်းဆိုသည်။
မုန်တိုင်းကြောင့် မိသားစုများသေဆုံးကာ နေထိုင်စားသောက်ရန် အခက်အခဲဖြစ်နေသည့်အတွက် မုဆိုးဖိုတဦးနှင့် ပေါင်းသင်းခဲ့ရပြီး ၎င်းအမျိုးသား၏ နှိပ်စက်မှုများစွာလည်း ခံစားခဲ့ရကြောင်း မသီတာကပြောသည်။
“အားကိုးမရှိလို့ ယူမိတာ၊ သူ့ကို ပင်ပင်ပန်းပန်း ပြန်ရှာကျွေးနေရတယ်၊ ဒါကြောင့် မထူးဇာတ်ခင်းလိုက်တော့တယ်၊ စလုပ်လုပ်ချင်း တောသူတွေ ဆိုတော့ ဒီလိုအလုပ်လုပ်ရတော့ ရှက်တာ မပြောပါနဲ့၊ ဘယ်လုပ်ချင်မလဲနော်” ဟု သူက ဆက်ပြောသည်။
အဆိုပါ သုံးမိုင်မြို့သစ်တွင် ကာရာအိုကေ၊ အနှိပ်ခန်းများ ယခင်ထက် ပို၍ ဖွင့်လှစ်လာသောကြောင့် အလုပ်အကိုင်ရှားပါးပြီး ငွေကြေးလိုအပ်မှုကြီးမားလာသော မိန်းကလေးအများစုအတွက် ရွေးချယ်ခွင့်တခု ဖြစ်လာခဲ့သည်။
“လက်တွေ အသားမာတက်အောင် ရှာတဲ့ အလုပ်တွေမှ အဆင်မပြေတာ၊ မကောင်းတဲ့ မိန်းမဆိုတဲ့ နာမည်ကြီးကို ဘယ် ယူချင်မလဲ” ဟု မသီတာကပြောရင်း အမျိုးသား ၂ ဦးမောင်းနှင်လာသော ဆိုင်ကယ်ရှိရာသို့ ထွက်ခွာသွားသည်။
လပွတ္တာမြို့အ၀င်တွင် လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေသော မိန်းကလေးများသည် ငွေကျပ် ထောင်ဂဏန်း ၀န်းကျင် ရရှိရန်အတွက်ပင် ၎င်းတို့ ခန္ဓာကိုယ်ကို အရင်းပြုနေရသည်ဟု ဒါဒါက ဆိုသည်။
“ငွေ ၅၀၀၀ ရဖို့ ယောက်ျား တယောက်နဲ့ နေပေးရတယ်” ဟု ဒါဒါကပြောသည်။ သို့ရာတွင် သူ့အတွက် ငွေ ၅၀၀၀ ပေးမည့်သူကို ၃ နာရီကျော်ကြာ စောင့်နေရသော်လည်း ရောက်မလာသေးပေ။
မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများနှင့် လပွတ္တာခရိုင်မှာ ပိုမိုစည်ကား ခေတ်မီလာခဲ့ပြီး ငွေကြေးတောင့်တင်းသူ တချို့က အမျိုးသမီး စားပွဲထိုးများပါသော အရက်ဆိုင်၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ ဖွင့်လာကြတော့သည်။
“အရင်က ဒီမှာအနှိပ်ခန်းတွေ၊ ကာရာအိုကေတွေ မရှိတော့ ဒီလို အလုပ်မျိုးလုပ်တဲ့ မိန်းကလေးလည်း နည်းပါတယ်၊ အခု ကျနော်တို့မြို့မှာ အဲဒါတွေ ရှိလာတော့ ပိုများလာတယ်၊ သူတို့ရှိနေတဲ့ နေရာတခု သတ်မှတ်ထားပေးသလိုဖြစ်လာတယ်၊ ရန်ကုန်မှာ လောက်တော့ ပိုက်ဆံဘယ်ရမလဲ” ဟု လပွတ္တာမြို့ပေါ်ရှိ ကုန်သည်တဦးကပြောသည်။
မုန်တိုင်း အလွန် ၂ နှစ်တာ အတွင်း လပွတ္တာ ခရိုင်အတွင်းရှိ ကျေးရွာများတွင် အလုပ်အကိုင် ရှားပါးလာကာ နေ့စဉ် စားဝတ်နေရေး အတွက် ခက်ခဲလာသောကြောင့် လယ်ယာလုပ်ကိုင်သူများမှာ လယ်ကိုစွန့်ခဲ့ရပြီး ရေလုပ်ငန်းလုပ်ကိုင်သူများ မှာလည်း ပိုက်ကွန်ကိုစွန့်ကာ နေ့စဉ်စားသောက်နေထိုင်ရန်အတွက် ကြုံရာကျပန်း အလုပ်များ လုပ်ကိုင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာမှာ စားဖို့ အရမ်းခက်ခဲနေကြတာ၊ ကျမ ဒီအလုပ်လုပ်တာတောင် ကလေးတွေ ၀၀လင်လင်မစားရဘူး၊ ကျောင်းလည်း မနေနိုင်ကြဘူး၊ ဒါကြောင့် ဒီအလုပ်ကို မစွန့်နိုင်ဖြစ်နေရတာ”ဟု ဒါဒါက ဆိုသည်။
ယင်း အလုပ်ကို လုပ်ကိုင်သည့်အတွက် ရွာရှိဆွေမျိုးသားချင်းများ၏ ပြောဆိုရိုက်နှက်မှုများစွာခံရသည့်အပြင် နေအိမ်မှ မောင်းထုတ်ခံရသောအကြိမ်ပေါင်းများစွာခံခဲ့ရသော်လည်း မွေးရပ်မြေလပွတ္တာသို့ မကြာခဏပြန်ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ အနှိပ်ခန်းတခုတွင်အလုပ်လုပ်ကိုင်နေသော အသက်၁၇နှစ်အရွယ် အေးမိုးကပြောသည်။
“အနှိပ်ခန်းထက် ပိုက်ဆံပိုရလို့ ဒီအလုပ်ပြောင်းလုပ်တာ ရွာကအမျိုးတွေသိသွားတော့ အိမ်ပေါ်ကနှင်ချတယ်လေ၊ ဆင်းရဲပြီး မစားနိုင်မသောက်နိုင်ဘ၀ကို မနေနိုင်လို့မြို့တက်ပြီး ဒီအလုပ်လုပ်ဖြစ်တာ၊ မုန်တိုင်းတိုက်ပြီးတော့ ရွာကမိန်းကလေးတွေ ဒီလိုနေရာတွေမှာအလုပ်လာလုပ်ကြတယ်”ဟု လက်နှစ်ဘက်ကိုသုတ်လက်စ စနိုးတာဝါကိုကိုင်ကာ ဧည့်သည်စောင့်နေသော အခန်းဘက်သို့ ခြေလှမ်းများစတင်လှမ်းရင်းဆိုသည်။
လိမ္မော်ရောင်မီးတပွင့်သာထွန်းထားသော တဦးမျက်နှာတဦး ထင်းထင်းမမြင်ရသည့် ၁၂ ပေ ပတ်လည်အခန်းထဲရှိ မအေးမိုးက “မပျော်ဘူး ဒီအလုပ်လုပ်နေရတာ၊ စာမှမတတ်တာ ဘယ်လိုအလုပ်က ခေါ်ခိုင်းမှာလဲ”ဟု ပြောရင်း စကားလုံးများ အက်ကွဲလာ သည်။
ရန်ကုန်မြို့ရှိ ကေတီဗီ၊ မာဆတ်များ၌ နယ်မြို့များမှ မိန်းကလေးအများအပြား လာရောက်လုပ်ကိုင်မှုများထဲတွင် ဧရာဝတီ တိုင်းအတွင်းမှ မိန်းကလေးများ သုံးပုံတပုံ ခန့် ပါဝင်လျက်ရှိပြီး နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်အပြီးတွင် မုန်တိုင်းဒဏ်သင့် မိန်းကလေးတချို့ ထပ်မံဝင်ရောက် လုပ်ကိုင်လာကြကြောင်း ကျောက်တံတားမြို့နယ်အတွင်း ဖွင့်လှစ်ထားသော အနှိပ်ခန်း ဆိုင်မန်နေဂျာတဦးက ပြောသည်။
“နေ့ဘက်ကို လူစုံတဲ့လှေဆိပ်တွေမှာ သွား သွားစောင့်ရတယ်” ဟု မသီတာက သူ ၀င်ငွေ ပိုမိုရရှိစေရန် နေ့ခင်းဘက်များ တွင်ပါ အလုပ်လုပ်ကိုင် နေရသည့်အကြောင်း ပြောသည်။
မြန်မာနိုင်ငံ၏ စပါးကျီ ဆန်အိုးကြီး ဟု ခေါ်ဝေါ်တင်စားရသော ဧရာဝတီတိုင်းတွင် အလုပ်အကိုင်ပြောင်းလဲ လုပ်ကိုင်လာမှုများ ကြောင့် နောင် စပါးစိုက်မည့်သူ ရှားပါးလာနိုင်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး ဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။
မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဆားလုပ်ငန်းများ ဆုံးရှုံးမှုကြီးမားခဲ့ပြီး မုန်တိုင်းလွန် ၂ နှစ်တာ ကာလအတွင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ကြသော်လည်း ထင်ထားသလောက် အောင်မြင်မှု မရှိကြောင်း ပြင်ခရိုင်မြို့နယ်ခွဲ အဆင်းချိုင် ကျေးရွာတွင် ရေလုပ်ငန်းကို နှစ် ၃၀ ကြာ လုပ်ကိုင်လာသော ဦးသောင်းစိန်ကပြောသည်။
“ဘယ်လုပ်ငန်းမှ ကောင်းကောင်း အဆင်မပြေတော့ လုပ်ငန်းတိုင်း လူများများခေါ်မသုံးနိုင်ဘူး၊ ဘောက်သမား တော်တော်များများ ဒုက္ခရောက်ကုန်တာ၊ ငတ်ကုန်တော့ ရတဲ့အလုပ်လုပ်ကုန်ကြတယ်” ဟု ၎င်းကဆိုသည်။
လပွတ္တာခရိုင် သုံးမိုင်မြို့အ၀င်ကို နာဂစ်နောက်ပိုင်းတွင် လိင်အလုပ်သမ အများစု အခြေစိုက်ရာ နေရာတခုအဖြစ် မြင်လာကြပြီး နာဂစ်ဒဏ်ကြောင့် ဇနီးမယားများ သေဆုံးခဲ့ရသော ဆားကွင်းများရှိ လုပ်သားများနှင့် လယ်လုပ်သားများအတွက် လာရောက် ခေါ်ယူကြကြောင်း သိရသည်။
“ဆားကွင်းပိုင်ရှင်တို့၊ ငါးဒိုင်တို့၊ လယ်ပိုင်ရှင်တို့က သူတို့အလုပ်ထဲကို တပတ်၊ ဆယ်ရက် လာခေါ်တတ်တယ်။ အဲဒီလိုမျိုးဆိုရင် ပိုက်ဆံများများ တခါတည်းနဲ့ ရတယ်” ဟုမသီတာက ဆိုသည်။
နာဂစ်ဆိုင်ကလုန်းဒဏ် ခံစားခဲ့ရသော ဒေသများတွင် ပြန်လည်ထူထောင်ရေး ကာလ တိုတောင်းသည့်အပြင် ဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရာတွင် လိုအပ်ချက်များစွာ ရှိနေသောကြောင့် ယခုအချိန်အထိ လုပ်ငန်းများ အသားပြန်ကျသည် မရှိဘဲ ပိုမိုဆိုးဝါးလာသည်မှာ လပွတ္တာ သုံးမိုင်တွင် ခန္ဓာကိုယ်ရင်း၍ ရှာဖွေစားသောက်ရသော မိန်းကလေးအများစုက သက်သေထူလျက်ရှိသည်။
“ဟိုးအရှေ့ကို လှမ်းမကြည့်ချင်၊ မတွေးချင်တော့ဘူး၊ တွေးကြည့်ရင် ကြောက်လာတယ်၊ ဒီနေ့ ထမင်းစားရဖို့ အတွက် ဒီနေရာမှာ ရှိနေရမယ်ဆိုတဲ့ အတွေးနဲ့ အသက်ရှင်နေတာ”ဟု လပွတ္တာမှ ရန်ကုန်သို့ပြန်ထွက်သော ခရီးသည်တင်ကားကြီးများ သွားလာ နေသည်ကို မျက်စိတဆုံးလိုက်ကြည့်ရင်း ပြောနေသည့် ဒါဒါသည် အမျိုးသား ၄ ဦး ပါလာသည့် ထော်လာဂျီ ယာဉ်ပေါ်သို့ အပြေး တက်သွားတော့သည်။

၂၀၀၈ ခုနှစ် မေလ ဆန်းက နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် ပျက်စီးခဲ့ရသည့် လပွတ္တာ မြို့မြင်ကွင်း (ဓာတ်ပုံ - Getty Images)