မြန်မာနိုင်ငံတွင် အကျဉ်းသား ၇၀၀၀ လျှင် ဆရာဝန် ၁ ဦးနှုန်းသာ ခန့်အပ်ထားကြောင်း အကျဉ်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။ အကျဉ်းသား ၂ သိန်းခွဲခန့်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၇၅ ဦးသာ ခန့်ထားသောကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေသည်ဟု ရန်ကုန်မြို့မှ အထွေထွေ ရောဂါကု ဆရာဝန်တဦးက သုံးသပ်သည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၂ ခုနှင့် ရဲဘက် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား အရေအတွက် ၂၄၈၆၆၄ ဦး ရှိသော်လည်း အဆိုပါ အကျဉ်းသားများနှင့် အချုပ်သားများကို ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ပေးရန် အကျဉ်းဦးစီး ဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြု ၂၂ ဦး စုစုပေါင်း ၇၅ ဦးရှိကြောင်း အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ရန်ကုန် အင်းစိန်ထောင်တွင် နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အကျဉ်းသား ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။
“လူဦးရေ နှစ်သိန်းခွဲ လောက်ကို ဆရာဝန် ၃၄ ဦးနဲ့ ပုံမှန် ဆေးကုသမှု ပေးဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒီစာရင်း အရဆိုရင် နေထိုင်မကောင်းဖြစ်တဲ့ အကျဉ်းသားတိုင်း ဆေးကုသ ခံယူခွင့် မရနိုင်လောက်ဘူး” ဟု အထွေထွေ ရောဂါကု ဆရာဝန်က ပြောသည်။
အကျဉ်းဦးစီးဌာနမှ အရာရှိတဦးအဆိုအရ အကျဉ်းထောင်နှင့် ရဲဘက်အလုပ်စခန်းအများစုတွင် ဆေးကုသမှုဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုများ မရှိဘဲ ဆေးကုသမှုပညာ အနည်းငယ်သာ တတ်ကျွမ်းသော ဆေးတပ်သားများသာ ထားရှိကြောင်း သိရှိရသည်။
“အလုပ်စခန်းတွေမှာတော့ ဆရာဝန်မရှိဘူး။ လူဦးရေများတဲ့ ထောင်တချို့မှာတော့ ဆရာဝန်တဦးစီ ရှိတယ်။ ရဲဘက် အလုပ်စခန်းနဲ့ ထောင်တွေမှာ အများဆုံးထားတာက ဆေးတပ်သားတွေပဲ” ဟု သူက ဆက်ပြောသည်။
ဆေးတပ်သား ဆိုသည်မှာ ကျန်းမာရေးနှင့် ဆေးကုသမှုဆိုင်ရာ ပညာရပ်များကို စနစ်တကျ သင်ကြားခဲ့ခြင်းမရှိဘဲ လအနည်းငယ်မျှ ဆေးထိုး၊ ဆေးစပ်နည်းများသာ သင်ယူ ထားသူများဖြစ်ပြီး အကျဉ်းသားများကို လုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှု မပေးနိုင်ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆရာဝန်က ဆိုသည်။
စစ်အစိုးရ အကျဉ်းထောင်များတွင်နာမကျန်းဖြစ်နေသော အကျဉ်းသားများကို စနစ်တကျ ဆေး ကုသပေးနိုင်သော ကျန်းမာရေးဝန်ထမ်း မရှိသောကြောင့် အကျဉ်းသားအများစုသည် နေထိုင် မကောင်းဖြစ်လာလျှင် ဆေးမြီးတိုများကိုသာ အားကိုးရကြောင်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် ထောင်ကျခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်မြောက် လာသော နိုင်ငံရေးအကျဉ်းသား တဦးက ရှင်းပြသည်။
“ထောင်ဝင်စာလာတွေ့တဲ့မိသားစုကို ဆေးမြီးတိုနဲ့ တိုင်းရင်းဆေးအထုပ်တွေ မှာရတယ်။ ထောင်ထဲမှာ ဖျားနာလာရင် အချင်းချင်း ဆေးမြီးတိုလေးတွေနဲ့ ကုကြတယ်” ဟုသူကဆိုသည်။
အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေပြီး ငွေကြေးတတ်နိုင်သော အကျဉ်းသားများက အကျဉ်းဦးစီး အရာရှိ များကို ငွေပေးကာ ကောင်းမွန်စွာ နေထိုင်နိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံရေး အကျဉ်းသားများမှာမူ ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုများ ခံရလေ့ရှိပြီး တခြားအကျဉ်းသားများ နည်းတူ အခွင့်အရေးတန်းတူ မရကြောင်း၊ အထူးသဖြင့်နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ဆေးကုသခွင့်ရရန် မလွယ်ကူကြောင်း သိရသည်။
“နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆေးကုသ ခွင့်ရဖို့ တော်တော်အရေးဆိုရတယ်” ဟု ၁၅ နှစ်ခန့် ထောင်ကျခဲ့ဖူးသူ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။
နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကျန်းမာရေးကိစ္စအပါအ၀င် ကိစ္စများအားလုံးကို ထောင်အာဏာပိုင်များက ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ စစ်ဗိုလ်ချုပ်ကြီးများအထိ တင်ပြကာ ခွင့်ပြုမိန့် တောင်းခံရလေ့ ရှိသောကြောင့် နိုင်ငံရေး အကျဉ်းသားများ နေထိုင်မကောင်းဖြစ်လာလျှင် ချက်ချင်း ဆေးကုသခွင့် မရနိုင်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ကြားသိရသည်။
ယခုဒီဇင်ဘာလအတွင်း အင်းစိန်ထောင်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ၃ လ ကျခံနေရသော အသက် ၃၈ နှစ်အရွယ် မတင်တင်ထွေး နှလုံး သွေးကြောပေါက်ရောဂါဖြင့် ကွယ်လွန်သွားသည်ဟု ကြားသိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများ အရ သိရသည်။
စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ၂၀၀၆ ခုနှစ်က အကျဉ်းသားဦးရေ ၁၀၀၀ လျှင် သေဆုံးသူ ၆ ဦးရှိပြီး ယခု ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၁၀၀၀ လျှင် သေဆုံးသူ ၃ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
Tuesday, December 29, 2009
Saturday, December 26, 2009
ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သူ မတင်တင်ထွေးထောင်ထဲတွင်ကွယ်လွန်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် မတင်တင်ထွေးသည် အသက် ၃၈ နှစ်ရှိပြီး အမှတ် ၄၈(ဘီ)၊ အုဌ်လမ်း၊ ဗဟန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပါသည်။ သားသမီး ၃ ယောက်ရှိပြီး အကြီးဆုံးသားမှာ တက္ကသိုလ်တွင် ပထမနှစ်တက်နေသောကျောင်းသားတဦး ဖြစ်ပါသည်။
မတင်တင်ထွေးသည် ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ပြီး စစ်ထောက်လှန်းရေးတို့၏ ဖမ်းဆီးခြင်းကိုခံရကာ ထောင်ဒဏ် ၃နှစ်နှင့် ၃ လ ချမှတ်ထားခြင်းခံခဲ့ရပါသည်။ နိုင်ငံရေးရပ်တည်ချက်အရ၎င်း၊ ထောင်တွင်းဖြတ်သန်းမှုအရ၎င်း ရပ်တည်ချက် ခံယူချက်ခိုင်မာသူတဦးလည်းဖြစ်ပါသည်။
၎င်းမကွယ်လွန်မီ ၄ ရက်အလို စနေနေ့(ဒီဇင်ဘာ ၁၉၊ ၂၀၀၉)တွင် နောက်ဆုံးထောင်ဝင်စာတွေ့ခဲ့ပြီး မိသားစုအား ဗဟန်းမြို့နယ် အဖွဲ့ချုပ်ရုံးသို့ သွားရောက်ကာ စည်းအဖွဲ့ဝင်းများနှင့်တွေ့ဆုံရန် ပြောကြားခဲ့ပါသည်။ ၎င်းသည် သွေးတိုးရောဂါရှိသူတဦးဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက် အင်္ဂါနေ့တွင် အင်းစိန်ဆေးရုံသို့တင်ပြီး နောက်တရက် ဒီဇင်ဘာ ၂၃ ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ ကွယ်လွန်ပြီးချိန်တွင် မိသားစုက ၎င်း၏ရုပ်အလောင်းကို အင်းစိန်အကျဉ်းထောင်မှ ပြန်ထုတ်ယူရာတွင် ဆူဆူပူပူမလုပ်ရန်အတွက် ထောင်အာဏာပိုင်များထံ လက်မှတ်ထိုးပေးခဲ့ရပါသည်။
ယခုလည်း သူမ၏နာရေးအခမ်းအနားတွင် ဓါတ်ပုံ မထောင်ရန်၊ မချိတ်ရန်အတွက် မြို့နယ်အာဏာပိုင်များက မိသားစုဝင်များကို လာရောက်ပိတ်ပင်ထားပါသည်။ ၎င်း၏ မိသားစုဝင်တချို့မှာ စည်ပင်သာယာမှ ၀န်ထမ်းများဖြစ်ပြီး အာဏာပိုင်တို့၏ ဖိအားပေးမှုများကြောင့် ၎င်း၏အသုဘ အခမ်းအနားကိုအဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖိတ်ကြားရန် မ၀ံ့မရဲဖြစ်နေကြပါသည်။
သို့အတွက်ကြောင့် မတင်တင်ထွေး၏နာရေးသတင်းနှင့်ပတ်သက်၍ မီဒီယာများ၏ စုံစမ်းမေးမြန်းမှုများကို လက်ခံဖြေကြားပေးမည့်သူမရှိဘဲဖြစ်နေသည်ဟု နောက်ဆုံးအချိန်အထိ စုံစမ်းသိရှိရပါသည်။

ဗိုလ်ချုပ်မှူးကြီး၏ မြေးကို ထိုင်ကန်တော့ပြီး တောင်းပန်ခဲ့ရ
နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည် စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့ တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။
“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေးအိမ်ကို သွားပြီး ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။
ထိုည (၁) နာရီ မိနစ် (၂၀) ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက တံခါးဖွင့်ပေးလိုက်ရသည်။
“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင် ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့ ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။
ဖိုးလပြည့်နှင့်အတူ လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့် အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့ တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင် စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။
“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့ ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု ဆက်လက်ပြောဆိုသည်။

Wednesday, December 23, 2009
မြို့တော်ဝန် အမိန့် ရယက ဥက္ကဋ္ဌ မလိုက်နာ
ကျနော်တို့နေတဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ၂၆ ရပ်ကွက်မှာ လမ်းပြင်ဖို့ဆိုပြီး ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌ ဦးသက်နိုင်က ရာအိမ်မှူးတွေကတဆင့် တအိမ်ထောင်ကို ကျပ် တထောင်နှုန်း ကောက်ခံနေပါတယ်။
ဒီလ ၅ ရက်နေ့စပြီး ကောက်လာတာပါ။ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးရမယ်လို့ ပြောထားပါတယ်။
တောင်းတဲ့ငွေ မပေးရင် ဧည့်စာရင်းတိုင်တဲ့အခါ ထုတ်မပေးဘူးလို့ ဆိုပါတယ်။
အကျယ် ၁၂ ပေ၊ အရှည် ၁၈၅၂ ပေရှိတဲ့ မိုးစန္ဒာလမ်းကို မြေလမ်းကနေ ကွန်ဂရစ်လမ်း လုပ်ဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ငွေထုတ်ပေးပြီးသားလို့ သိရပါတယ်။
ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေအတွက် ပြည်သူတွေဆီ ငွေမကောက်ရဘူးလို့ ရန်ကုန်အခြေစိုက် ဂျာနယ်တွေက တဆင့် ဒီနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကျနော်တို့ ရပ်ကွက်က အဖြစ်မှာတော့ မြို့တော်ဝန်ရဲ့ အမိန့်ကို ရယက ဥက္ကဋ္ဌ အဆင့်ကတောင် မလိုက်နာဘူး ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။
ဒဂုံသား
၂၆ ရပ်ကွက်
ဒဂုံမြို့သစ် တောင်ပိုင်း

Tuesday, December 08, 2009
ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြနေ
စစ်အစိုးရက အကြမ်းဖက်သမားဟု စွပ်စွဲခံထားရသော ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုညီညီအောင်သည် အကျဉ်းသား အခွင့် အရေး ရရှိရန်အတွက် အင်းစိန်ထောင်တွင် လွန်ခဲ့သည့်အပတ် သောကြာနေ့မှ စတင်ကာ အစာငတ်ခံဆန္ဒပြ တောင်းဆိုနေသည် ဟု မိသားစုဝင်များက ပြောသည်။
ကိုညီညီအောင်သည် အင်းစိန်ထောင်တွင် တရားမျှတမှုရရှိရေး အပါအ၀င် အချက် ၃ ချက်ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြနေ ခြင်းဖြစ်ကြောင်း ယမန်နေ့က ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သည့် အဒေါ်ဖြစ်သူက ဧရာဝတီသို့ ပြောသည်။
“တရားမျှတမှု မရှိဘူး၊ လွတ်လပ်မှု မရှိဘူး၊ ဖိနှိပ်ချုပ်ချယ်တယ်၊ သူ့အတွက် မဟုတ်ဘူးတဲ့ သူ့အတွက်ကတော့ အားလုံး အဆင်ပြေ တယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု မလုပ်ရင် ဘယ်လိုမှ ပြောင်းလဲမှာ မဟုတ်ဘူးတဲ့၊ အဲဒါတွေ ပြောတယ်၊ အဲဒါတွေကို သူက တောင်းဆိုတယ်၊ အဲဒီတောင်းဆိုချက်တွေရမှ သူထမင်းပြန်စားမယ်လို့ ပြောတယ်”ဟု ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြော ဆိုသည်။
ကိုညီညီအောင်သည် အင်းစိန်ထောင်အတွင်း အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည်မှာ ၄ ရက်မြောက်ရှိပြီ ဖြစ်သောကြောင့် ၎င်း၏ ကျန်းမာရေးအတွက် မိသားစုဝင်များက စိုးရိမ်နေကြကြောင်းလည်း သိရသည်။
“ကျန်းမာရေးကတော့ ကောင်းနေတယ်၊ သူ့အတွက် ဘာမှ မပူပါနဲ့တဲ့ လူကြီးတွေကတော့ အရမ်းကို စိုးရိမ်နေပါတယ်၊ အစားမစား တာ အခုဆိုရင် ၄ ရက် မြောက်ရှိပြီ လဲတော့ လဲမသွားသေးဘူး”ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။
မြန်မာနိုင်ငံတွင် အကျဉ်းသား အခွင့်အရေးနှင့် ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုမှုများကို စစ်အာဏာပိုင်များက ညှိနိုင်းဖြေရှင်း သကဲ့သို့ အကြမ်းဖက် ဖြေရှင်းမှုများလည်းရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ရှင်းပြသည်။
“၁၉၉၈ တုန်းကဆိုရင် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်တဲ့ ကိုအောင်ကျော်မိုးက သာယာဝတီ အကျဉ်းထောင်ထဲမှာ သူ့ရဲ့ လွတ်မြောက်ရေး၊ သူက လွတ်ရက် ကျော်နေ ပြီး မလွတ်သေးလို့ အစာငတ်ခံဆန္ဒပြတာရှိတယ်၊ အဲဒီတုန်းကတော့ သူတို့ အာဏာပိုင်တွေ ရိုက်သတ်တော့ ကိုအောင်ကျော်မိုးသေသွားတယ်”ဟု ၎င်းက ဆိုသည်။
တချို့ဆန္ဒပြတောင်းဆိုသူများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခြင်း၊ တိုက်ပိတ်ထားခြင်း၊ ထမင်းပြန်စားရန် အမိန့်ပေးခြင်းနှင့် ရေဖြတ်ခြင်းများကို ထပ်မံပြုလုပ်လာ နိုင်ကြောင်းလည်း ကိုဘိုကြည်က ပြောသည်။
ကိုညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အဖမ်းခံရပြီး ၃ ပတ် အကြာတွင် သူ၏သတင်းကို အစိုးရ သတင်းစာများတွင် တွေ့ရသည်။
ထိုစဉ်က ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ အစိုးရက ကိုညီညီညီအောင်သည် ထိုပေါက်ကွဲမှုများ အတွက် တာဝန်ရှိသည်ဟုလည်း စွပ်စွဲခဲ့သည်။
အစိုးရက သူ့ကို အကြမ်းဖက်သမားဖြစ်သယောင် ရေးသားခဲ့သော်လည်း လိမ်လည်မှုပုဒ်မ (၄၂၀) နှင့် စာရွက်စာတမ်း အတု အသုံးပြုမှု ပုဒ်မ (၄၆၈) တို့နှင့် အမှုစွဲတင် ထားပြီး ရှေ့နေကြီးများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေကြသည်။ ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းက နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ်ထားရှိမှုဖြင့် ကိုညီညီအောင်ကို ပုဒ်မ ထပ်တိုးခဲ့သည်။
ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဖောက်ခွဲ ဖျက်ဆီးရေးကိစ္စရပ်များနှင့် ပတ်သက်၍ လည်း တာဝန်မကင်းဟု စက်တင်ဘာလထုတ် စစ်အစိုးရ သတင်းစာများတွင် ရေး သားဖော်ပြခဲ့သည်။
ကိုညီညီအောင်၏ မိခင်အပါအ၀င် မိသားစုဝင် တချို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံ ထားရကြောင်း သိရသည်။
(ဧရာဝတီသတင်းဌာန)

ညီညီအောင် (ခ) ကျော်ဇောလွင်

Thursday, December 03, 2009
နာဂအဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်
အိန္ဒိယ မြန်မာနယ်စပ် အခြေစိုက် နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NNLD) က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် စစ်အစိုးရကို တောင်းဆိုလိုက်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်မည့် အစီအစဉ်ကို ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
စစ်အစိုးရစိတ်ကြိုက် တဖက်သတ် ရေးဆွဲ အတည်ပြုထားသည့် အခြေခံဥပဒေကို အမှီပြု၍ ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အထောက်အပံ့ ပေးမည်သာ ဖြစ်ကြောင်း NNLD က ဆိုသည်။
“၂ဝဝ၈ မှာ လုပ်ခဲ့တဲ့ အခြေခံဥပဒေ ထောက်ခံတဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခံယူတာ မဟုတ်ဘဲ အတင်းအဓမ္မ သဘောမတူလည်း တူရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ခဲ့တာ။ ထပ်ပြီးတော့ ဒါကို အခြေခံပြီးတော့ ပြုလုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲဟာ အမှန်ဖြစ်လာဖို့က မယုံကြည်တဲ့အတွက် ကျနော်တို့က လုံးဝ အဲ့ဒါ ကန့်ကွက်တယ်” ဟု NNLD ဥက္ကဋ္ဌ ဦးစောဆက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရ၊ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား အင်အားစုများ သုံးပွင့်ဆိုင် ဆွေးနွေးပြီး အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်သုံးသပ်ရန် လိုအပ်သည်ဟု သူကဆိုသည်။
“ဒီသုံးပွင့်ဆိုင်ကနေ စပြီးတော့ နိုင်ငံရေးဆွေးနွေးမယ်၊ ပြီးတော့ အခြေခံ ဥပဒေဟာ ပြန်ပြီးတော့ ရေးဆွဲရမယ်။ အခု စစ်တပ်က သူကြိုက်တဲ့ ပုံစံ၊ တဦးတည်း တယောက်တည်းက ဆွဲထားတဲ့ အခြေခံ ဥပဒေ ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။
NNLD သည် ၁၉၈၉ ခုနှစ်မှ စတင်ပြီး အိန္ဒိယမြန်မာနယ်စပ်တွင် လှုပ်ရှားနေသော အဖွဲ့ ဖြစ်သည်။ ယနေ့ NNLD က ထုတ်ပြန်သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကြေညာချက်တွင် နာဂတောင်တန်းဒေသကို နာဂပြည်နယ်အဖြစ် သတ်မှတ်လိုသည်ဟုလည်း ဖော်ပြထားသည်။
နာဂပြည်နယ်အဖြစ် ၎င်းတို့ သတ်မှတ်လိုသည့် ဒေသတွင် စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းဒေသရှိ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ လေရှီး၊ ခန္တီး၊ လဟယ်၊ နန်းယွန်း စသည့် မြို့နယ်များနှင့် ကချင်ပြည်နယ်အတွင်းရှိ တနိုင်းမြို့နယ်တို့ ပါဝင်သည်။ ထိုမြို့နယ်များသည် နာဂတောင်တန်းဒေသတွင် တည်ရှိသည်။
ယခုအခါ အာဏာပိုင်တို့က နာဂတိုင်းရင်းသားများ နေထိုင်ကြရာ ထိုဒေသများတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မက်လုံးပေး စည်းရုံးနေသည် ဟုလည်း သူက ဆိုသည်။ ထိုဒေသတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူ ဒေသခံများကိုလည်း သူက အပြစ်တင်လိုက်သည်။
“ဒီလူတွေဟာ နိုင်ငံရေးမှာ နာဂပြည်သူတွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ သူတို့ဟာ သမိုင်းတရားခံတွေပဲလို့ ကျနော်တို့က ဒီလိုပဲ ပြောဖို့ရှိတယ်” ဟု သူက ပြောသည်။
နာဂပြည်သူများ နေထိုင်ရာ ဒေသမှာ လမ်းပန်း ဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဖွံ့ဖြိုးမှု နှောင့်နှေးနေသည်။
နယ်မြေခံ စစ်တပ်များက လုပ်အားပေး စေခိုင်းခြင်း၊ လယ်ယာမြေများ သိမ်းယူခြင်း၊ ရွာများ ရွှေ့ပြောင်းခြင်းများ စသည့် သတင်းများလည်း ထိုဒေသမှ မကြာခဏ ထွက်ပေါ်လာတတ်သည်။
(ဧရာဝတီသတင်းဌာန)

နှစ်သစ်ကူးပွဲတော်တခုတွင် တွေ့ရသော နာဂ ကလေးငယ်များ (ဓာတ်ပုံ - saila110)

Tuesday, December 01, 2009
ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ
အမေရိကန် ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင်ချက်များကို ရှင်သန်စေသော သင်္ကေတ အမှတ်အသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် (၁၀၀) စာရင်းတွင် ရွေးချယ်လိုက်ကြောင်း သိရသည်။
၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားသည် ခွဲထုတ်၍မရသော နေ့စဉ်ဘ၀၏ အစိတ်အပိုင်းတခု (Fear is an integral parts of everyday existence) ဟူသော မိန့်ခွန်းနှင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေး ( revolution of the spirt) ဟူသော အယူအဆ များကိုလည်း ယင်းဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်း စုကြည်သည် ဗုဒ္ဓ၏ ငြိမ်းချမ်းရေး အခြေခံနှင့် မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်ရေးမူတို့ ဖြင့် စိတ်ပိုင်းဆိုင်ရာ တွန်းအားကို ရယူခဲ့ကာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အရေးကြီးသော အပြောင်းအလဲ ကာလတွင် နိုင်ငံတကာက ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းရေးအတွက် စစ်အစိုးရကို အကူအညီပေးခဲ့ကြောင်း ရေးသားထားသည်။
၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ဦးဝင်းတင် က “ ဒေါ်အောင်ဆန်းစုကြည်ကို နီးနီးကပ်ကပ် ဆက်ဆံဖူးတဲ့ ကျနော့် အနေနဲ့ တော့ ဂုဏ်ယူတယ်၊ ၀မ်းသာတယ် ပေါ့ဗျာ၊ ကျေနပ် တယ်၊ နှစ်ထောင်း အားရရှိတယ်၊ သူကျင့်သုံးနေတဲ့ သဘော တရား သူ့ရဲ့ဒဿန နိုင်ငံရေး အယူအဆ၊ စိတ်နေ စိတ်ထားတွေကို နိုင်ငံရေး သမားလုပ်ဖော်ကိုင်ဖက် အချင်းချင်းကို သာမက ကျောင်းသား လူငယ်များကိုလည်း ပုံမှန်ပြောပြနိုင်တယ်၊ သူပြောပြတာ တွေကို ကိုယ်တိုင် ကျင့်သုံးတယ်ဗျ၊ ပြီးတော့ သူ့ရဲ့ စွဲမြဲတဲ့ ညီညွတ်တဲ့ အယူအဆတွေ ကျင့်ဝတ်တွေရှိတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရာတွင် အဓိက တွေ့ရသည်မှာ ဉာဏ်ပညာက အမြဲ ဦးဆောင် နေကြောင်း၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်နှင့် ပတ်သက်၍ ဓနုဖြူ ဖြစ်ရပ်က သက်သေခံလျက် ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဒီမိုကရေစီ လိုချင်လျှင် စည်းကမ်းရှိကြပါဟု ပြောဆိုခဲ့ခြင်းဖြင့် စည်းကမ်းနှင့် တာဝန်သိမှုကို အလေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတွေး အခေါ်နှင့် ပတ်သက်၍ အနှစ်ချုပ်ရာတွင် မီးလျှံထဲက ကြာကဲ့သို့ အမြဲ အသစ် ပြန်လည် ပျိုးထောင်နိုင်သည့် သဘောတရားများကလည်း ဒေါ်အောင်ဆန်း စုကြည်၏ အကျင့် စရိုက် အတွေးအခေါ် အယူအဆများတွင် လွမ်းမိုးမှုရှိကြောင်း၊ မေတ္တာတရားသည် အမြဲသူ၏ ရင်တွင်းရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်းက“ဒေါ်အောင်ဆန်းစုကြည်က မှောင်မိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် အခြားသော အာဇာနည်တွေလိုပဲ တောက်ပတဲ့ကြယ်တလုံးပါ၊ တိုင်းပြည်အကျိုးအတွက် ဘယ်လို လူပုဂ္ဂိုလ်၊ ပါတီနဲ့မဆို ပူးပေါင်း ဆောင်ရွက်နိုင်တယ်၊ သူက အကြမ်း မဖက်ရေးကို စွဲစွဲမြဲမြဲ ယုံကြည်ပြီးတော့ ပြဿနာတိုင်းကို နှုးညံသိမ်မွေ့စွာ ရင်ဆိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ သူပြောဖူးတယ် ကျမတို့အားလုံး မကောင်းမှုတွေကို လုပ်တာ ရှက်ကြောက်ကြဖို့ ပြီးတော့ သူက မတရားမှုကို ဘယ်တော့မှ သီးခံမှာမဟုတ်သလို တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ တုံ့ပြန်တတ်ပါတယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး စံနမှုနာ ဖြစ်ပါတယ်” ဟု ပြောသည်။
၁၉၇၀တွင် စတင်ထူထောင်ခဲ့သည့် Foreign Policy မဂ္ဂဇင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထင်ရှား သြဇာရှိသော မဂ္ဂဇင်း တစောင်ဖြစ်သည်။
ယခုထုတ်ပြန်ခဲ့သည့် ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမေရိကန် လက်ရှိသမ္မတ ဘားရက် အိုဘားမား၊ သမ္မတဟောင်း ဘီလ် ကလင်တန် ဇနီးမောင်နှံ၊ အမေရိကန်- ဒုသမ္မဟောင်း ဒစ်ချေနေ၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း နိုဗယ် ဆုရှင် စာရေးဆရာ ဗားကလက် ဟာဗယ် တို့လည်း ရွေးချယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရူးဆု (၁၉၉၅)၊ မာတင်လူသာကင်းဆု (၂၀၀၉) များ အပါအ၀င် နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။
ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်ရန် ပြင်ဆင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ကျော်ပြီ ဖြစ် သည်။
(ဧရာဝတီသတင်းဌာန)

(ဓာတ်ပုံ - ဧရာဝတီ)