Wednesday, December 23, 2009

မြို့တော်ဝန် အမိန့် ရယက ဥက္ကဋ္ဌ မလိုက်နာ

ကျနော်တို့နေတဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ၂၆ ရပ်ကွက်မှာ လမ်းပြင်ဖို့ဆိုပြီး ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌ ဦးသက်နိုင်က ရာအိမ်မှူးတွေကတဆင့် တအိမ်ထောင်ကို ကျပ် တထောင်နှုန်း ကောက်ခံနေပါတယ်။

ဒီလ ၅ ရက်နေ့စပြီး ကောက်လာတာပါ။ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးရမယ်လို့ ပြောထားပါတယ်။

တောင်းတဲ့ငွေ မပေးရင် ဧည့်စာရင်းတိုင်တဲ့အခါ ထုတ်မပေးဘူးလို့ ဆိုပါတယ်။

အကျယ် ၁၂ ပေ၊ အရှည် ၁၈၅၂ ပေရှိတဲ့ မိုးစန္ဒာလမ်းကို မြေလမ်းကနေ ကွန်ဂရစ်လမ်း လုပ်ဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ငွေထုတ်ပေးပြီးသားလို့ သိရပါတယ်။

ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေအတွက် ပြည်သူတွေဆီ ငွေမကောက်ရဘူးလို့ ရန်ကုန်အခြေစိုက် ဂျာနယ်တွေက တဆင့် ဒီနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့ဖူးပါတယ်။

ဒါပေမဲ့ ကျနော်တို့ ရပ်ကွက်က အဖြစ်မှာတော့ မြို့တော်ဝန်ရဲ့ အမိန့်ကို ရယက ဥက္ကဋ္ဌ အဆင့်ကတောင် မလိုက်နာဘူး ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။

ဒဂုံသား

၂၆ ရပ်ကွက်
ဒဂုံမြို့သစ် တောင်ပိုင်း