Sunday, August 29, 2010

ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေ


အကြောင်းအရာ။ ။ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း

အထက်ပါ အကြောင်းအရာနှင့်ပတ်သက် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ် (၂)
ရက်ကွက် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ရုံးမှ စီပွားရေးလုပ်ငန်းရှင်များကို ညှိုနှိုင်းဆွေးနွေးရန် ဟု ဆိုကာ ၂၈.၈.၂၀၁၀ ရက်နေ့ ရက်စွဲဖြင့် ခေါ်ယူပြီး အလှူငွေ များကို ကောက်ခံခဲ့ကြောင်းကို ထို ရပ်ကွက်နေ လုပ်ငန်းကြီးတစ်ခု၏ မန်နေဂျာ ဖြစ်သူမှ ထပ်ဆင့် ပြောပြလာပါသည်။
အကြောင်းအရာ အပြည့်အစုံမှာ မန်နေဂျာ ဖြစ်သူမှ ကျွန်တော်တို့ ကို ၂၈.၈.၂၀၁၀ ရက်စွဲ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ရဝတ ရုံးသို့ လာကြရန်ဖိတ်ခေါ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မန်နေဂျာများမှ လည်း နေ့လည် ၁ နာရီခန့် ရဝတ ရုံးသို့ အရောက်သွားခဲ့ကြပါသည်။ နေရာကတော့ အမှတ် ၂ ရက်ကွက် မရမ်းကုန်းမြို့နယ် ပေါ်တော်မူ ဘုရားဝင်းထဲမှာပါ။ ကျွန်တော်တို့ မန်နေဂျာ များ ရောက်ရှိလာသောအခါ ဘာအစည်းအဝေးလဲလို့ မေးသောအခါ ဘာမှ မဟုတ်ပါဘူးလို့ ရဝတ အတွင်းရေးမှုး ဦးစိုးနိုင် ဆိုသူမှ ပြောပါသည်။ ငါတို့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မင်းတို့ လုပ်ငန်းရှင်တွေ ဆီမှာ အလှူခံမလို့ဟု ပြောပါသည်။ ရွေးကောက်ပွဲတွင် မဲပေးမည့် အမည်စာရင်းတွေ မိတ္တူကူးတာရယ် စာအုပ်ချုပ်တာရယ် အတွက် ပိုက်ဆံလို လို့ ကောက်တာဟုပြောပါသည်။ အဲတော့ ကျွန်တော်တို့မှ ဘယ်လောက်သတ်မှတ်ထားပါသလဲ ဟု မေးသောအခါ မင်းတို့ စေတနာရှိသလောက် ရပါတယ်ဟု ပြန်လည်ဖြေကြားပါသည်။ မည်သည့်အကြောင်းအရာ နှင့် အစည်းအဝေးခေါ်သည်ကို မသိခဲ့ရသောကြောင့် ကျွန်တော်တို့တွင် ပိုက်ဆံအများကြီးမပါလာပါ ထို့ကြောင့် မိမိတို့တွင် ပါလာသော တစ်ယောက်ကို ပိုက်ဆံ ၅၀၀၀၀ ကို ထည့်ပါ့မည်ဟု ဆိုကာ ပိုက်ဆံထည့်ခဲ့ရပါသည်။ ထိုအခါ ရပ်ကွက် အတွင်းရေးမှုးမှ ပိုက်ဆံ ၅၀၀၀၀ နည်းတယ် ဟုဆိုကာ အလှူငွေထည့်လိုက်သော ပိုက်ဆံနှင့်ပတ်သက်ပြီး အလှူငွေ ဖြတ်ပိုင်းလေးတောင်ပြန်လည် မပေးခဲ့ပါ။ ပြီးတော့ မင်းတို့ အလုပ်ရှင်တွေကို လွတ်လိုက် ဟုဆိုပါသည်။ ကျွန်တော်တို့လည်း အလုပ်ရှင်ထံသို့ ပြန်သွားပြီး ပိုက်ဆံပြန်ယူကာ ထို့ထက်မကသော အလှူငွေ ပိုက်ဆံကို ထည့်ဝင်လာရပါသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်မှ ကျခံသုံးစွဲရမည့် အစား ယခုအခါ လုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံ နေပြီး ပြည်သူများမှာ မိမိသဘောကိုဆန္ဒ အမှန်ကိုလည်း ထုတ်ဖော်ပြသ ၍ လည်း မရသလို မိမိတို့၏ ပိုက်ဆံများကိုပါ ရွေးကောက်ပွဲကို အကြောင်းပြုကာ အလှူငွေများ အတင်း မက ကောက်ခံနေကြောင်းကို အများပြည်သူ သိရှိစေရန် တင်ပြအပ်ပါသည်။

Thursday, August 26, 2010

နိုင်ငံရေးပါတီများ စာရွက်စာတမ်း ရိုက်နှိပ်ထုတ်ဝေရန် ခက်ခဲ

စစ်အစိုးရက ဦးဆောင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့် နိုင်ငံရေးပါတီများ၏ ပါတီမူဝါဒဆိုင်ရာ စာရွက် စာတမ်းများကို ပုံနှိပ်တိုက်များက ရိုက်နှိပ်မပေးရဲသည့် အတွက် ပါတီတချို့ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“ပုံနှိပ်တိုက်တွေကရိုက်မပေးရဲကြတော့တဲ့အတွက် ဒုတိယအကြိမ် ထုတ်မယ့် စာစောင်အတွက် အခက်အခဲဖြစ်နေတယ်” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) ၏ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဧရာဝတီကိုပြောသည်။

ဒီမိုကရက်တစ်ပါတီမှ မန္တလေး၌ ပထမအကြိမ် ထုတ်ဝေခဲ့သော စာစောင်တွင်“ ကလိမ်ကကျစ်” ဟူသောစာသားကြောင့် နိုင်ငံရေးပါတီများ စာပေထုတ်ဝေခွင့် စိစစ်ရေးဌာနမှ ဒဏ်ငွေ ၂ သိန်းကျပ် အပြင် “ကဒေါင်း” ဟူသည့် စာသားကြီးနေခြင်း ကြောင့်လည်း ဒဏ်ငွေ ၇ သောင်းကျပ် ကို စာပေစိစစ်ရေးသို့ ပေးဆောင်ရကြောင်းလည်း သိရသည်။

ဒဏ်ကြေးဆောင်ရမည့် ငွေအား အာမခံကြေးပေးထားရသည့် ငွေ ၅ သိန်းကျပ်မှ ဖြတ်ယူမည်ဖြစ်ပြီး ပါတီမှ အစားထိုး ပြန်ဖြည့်ပေးသွားရမည်ဟု ဒေါ်သန်းသန်းနုက ရှင်းပြသည်။

နိုင်ငံရေးပါတီများသည် စာအုပ်၊ စာစောင် ထုတ်ဝေခွင့်ရရေးအတွက် စာပေစိစစ်ရေးသို့ မှတ်ပုံတင်ကြေး ၁ သိန်းကျပ်နှင့် အာမခံကြေး ၅ သိန်းကျပ်ကို ကြိုတင်ပေးထားရကြောင်း သိရသည်။ ထိုကြေးများသွင်းပြီးမှသာ စာစောင်ထုတ်ဝေခွင့် လက်မှတ် (န.သ) လိုင်စင်ရရှိကြောင်း၊ န.သ လက်မှတ်ပါရှိပါက မည်သည့်ပုံနှိပ်တိုက်တွင်မဆို ရိုက်နှိပ်ပိုင်ခွင့်ရှိကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၏ ဒု ဥက္ကဋ္ဌ ၂ ဦးတင်မောင်အေးက ရှင်းပြသည်။

“ပုံနှိပ်တိုက်တွေက ကြောက်ကြတာတော့အမှန်ပဲ၊ ဘာကြောင့်လဲဆိုတော့ စာလုံးလေး တလုံးမှားတာကအစ သူတို့မှာ
တာဝန်ရှိနေတဲ့ အတွက်ပါ၊ မတော်တဆမှားသွားရင် သူတို့အတွက် နစ်နာမှုကလည်း ကြီးတယ်”ဟု ဦးတင်မောင်အေးက ဆိုသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီ အနေဖြင့် စာစောင်ထုတ်ဝေခွင့် ဥပဒေ မထုတ်ခင်ကသာ စာစောင်ထုတ်ဝေခဲ့ပြီး လက်ရှိတွင် အကန့်အသတ်များနေ၍ မထုတ်ဖြစ်သေးကြောင်း၊ မဲဆွယ် စည်းရုံးရေးကာလ ရောက်မှသာ အခြေအနေအရ လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ဆက်ပြောသည်။

“ပြဿနာတက်လို့ စက်အသိမ်းခံရရင် သိန်းထောင်ချီ ဆုံးရှုံးသွားနိုင်တယ်”ဟု ပြည်တွင်းထုတ် ဂျာနယ်တစောင်၏ ဖြန့်ချိရေး တာဝန်ယူထားသူ တဦးကလည်း ဆိုသည်။

ပုံနှိပ်စက် အများစုသည် မူလတင်သွင်းသည့် လုပ်ငန်းရှင်မှတဆင့် ၀ယ်ထားယူကြခြင်းဖြစ်သည့်အပြင် အခွန်ဆောင်ကြေး လည်း မြင့်မားနေခြင်းတို့ကြောင့် အများစုမှာ မှတ်ပုံတင် လုပ်မထားကြကြောင်း သိရသည်။

စစ်အစိုးရ အာဏာပိုင်များသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့) ၏ လုပ်ဆောင်မှုမှ လွဲ၍ တခြားသော နိုင်ငံရေးပါတီများ၏ လုပ်ဆောင်ချက်များကို ထက်ကြပ်မကွာ စောင့်ကြည့်၍ ကန့်သတ်မှုအမျိုးမျိုး၊ ဥပဒေ အမျိုးမျိုး ထုတ်၍ လုပ်ဆောင်နေသည်ဟု ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူ ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP)၏ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ဧရာဝတီသို့ ပြောသည်။

ဦးသိန်းဌေးသည် စစ်အစိုးရက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ် လာမည်မဟုတ်ဟု ဆိုကာ ပါတီ ဥက္ကဋ္ဌ နေရာမှနုတ်ထွက်သွားသော ဦးဖြိုးမင်းသိန်းနေရာတွင်တာဝန်ယူထားသူဖြစ်သည်။

“ကျနော်တို့ ပါတီတွေ လုပ်နေတာတွေကို အမြဲတမ်းစောင့်ကြည့်တယ်၊ ပြီးရင် လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး ဥပဒေတွေ တခုပြီးတခု လိုက်ထုတ်တယ်၊ ပါတီတွေ အနေနဲ့လည်း ကြံ့ခိုင်ရေးပါတီရဲ့လုပ်ရပ်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင် ထားရမယ်၊ လက်တွဲမဖြုတ်ကြဖို့ အရေးကြီးပါတယ်”ဟု ဦးသိန်းဌေးက ဆိုသည်။

UDP အနေဖြင့် ပါတီ၏ စာရွက်စာတမ်းများ၊ စာစောင်များ ထုတ်ဝေခြင်းတို့ကို အခက်အခဲများ ရှိသော်လည်း၊ စက်တာဘာလ ၁၀ ရက်နောက်ပိုင်း မဲဆွယ်စည်းရုံးရေးကာလတွင် လုပ်ဆောင်သွားမည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။

Wednesday, August 25, 2010

စစ်အစိုးရတောင်းဆိုမှုကို အပစ်ရပ်အဖွဲ့များ ငြင်းပယ်

ရှမ်းပြည်နယ်အရှေ့ခြမ်းရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက ဖိအားပေးတောင်းဆိုလာသည့်အပေါ် ထပ်မံငြင်းပယ် လိုက်သည်။
စစ်အစိုးရ၏ စစ်ဖက်ရေးရာအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က နယ်ခြားစောင့်တပ် (သို့မဟုတ်) ဌာနေပြည်သူ့စစ် တပ်ဖွဲ့ရေးထက် လုံးဝလက်နက်ချရမည်ဟုပြောဆိုခဲ့မှုအပေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မိန်းလားခေါ် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ခေါင်းဆောင်တို့က ငြင်းပယ်လိုက်သည်ဟု ရှမ်းသံတော်ဆင့်သတင်းအယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။
မနေ့က မိန်းလန်းနဲ့ ပန်ဆန်းအဖွဲ့နှစ်ဖွဲ့ အစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ချက် ချလိုက်ပြီ။ မနေ့ ကညနေပိုင်းလောက်မှာ ဗိုလ်ရဲမြင့်ဆီ စာပြန်လိုက်ပြီ။ စကားလုံးယဉ်ယဉ် ကျေးကျေးသိမ်သိမ် မွေ့ မွေ့လေးတွေ သုံးပြီးမှ အကြောင်းပြန်လိုက်တယ်။ အဓိပ္ပါယ်က အနှစ်ချုပ်လိုက်လို့ရှိရင် သူတို့က လက် မခံဘူး။
နှင့် မိန်းလားအဖွဲ့ခေါင်းဆောင်များ ယခုလ ၂၀ ရက်နေ့က ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ဆွေးနွေးခဲ့စဉ် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကိစ္စများ သတ်မှတ်ရက် ကုန်ဆုံး သွားသည့်အတွက် လုံးဝလက်နက်ချရမည် ဟု  ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ပြောကြောင်း ဦးစိန်ကြည်က ဆက်ပြော သည်။
အခုနောက်ဆုံးမနေ့ကသိရတာ။ ရဲမြင့်ပြောတာက နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဘာညာ ဆိုတာ အခွင့်အရေး မရှိတော့ဘူး။ သူ့သက်တမ်းကုန်ဆုံးသွားပြီ။ လုံးဝလက်နက် ချရေးပဲပြောတယ် တဲ့။ အဲတာ စက်တင်ဘာ(၁)ရက် နောက်ဆုံးထားပြီးတော့မှ လုပ်မလုပ်၊ လက်ခံမခံ အကြောင်း ပြန်ဖို့ပဲ။
ထို့အပြင် လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် စစ်အစိုးရပြုလုပ်ပေးမည့် ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ၀နယ် မြေအတွင်း ပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း အနုနည်းဖြင့် တုန့်ပြန်ပြောဆိုခဲ့သည်ဟု သိရသည်။
နှစ်ဖက်တင်းမာသည့် အခြေအနေဟု မဆိုသာသော်လည်း ယခုရက်ပိုင်းအတွင်း ပန်ဆန်းမြို့ပေါ်၌ ယခင်က နှင့်မတူပဲ ငြိမ်သက်နေပြီး မြို့ပေါ်ရှိ စစ်အစိုးရတပ်ဖွဲ့ဝင်များအား စခန်းတာဝန်ရှိသူများက အကြောင်းမဲ့ပြင်ပ ထွက်ခွင့်ကို ပိတ်ပင်ထားသည်ဟု အမည် မဖော်လိုသည့် တပ်ဖွဲ့ဝင်တစ်ယောက်က ယခုလို ပြောသည်။
ဈေးသွားဈေးလာတာကလွဲလို့ ဘယ်မှမထွက်ခိုင်းဘူးကော သူတို့လူကြီးတွေ။ သူတို့နေရာ ပတ်ပတ် လည်မှာ စောင့်ထားပြီကော။ မြို့ထဲမှာလည်း ညကိုးနာရီဆိုရင် လူသွားလူလာ တောင်မရှိတော့ဘူး။ တိတ်ဆိတ်နေတာပဲ။

Tuesday, August 17, 2010

လိုင်စင်မဲ့ကား တန်ဖိုးဖြတ်ရာတွင် ဝန်ထမ်းများ လာဘ်စား

လိုင်စင်မဲ့ ကားများကို တန်ဖိုးဖြတ် အခွန်ဆောင်စေ၍ လိုင်စင် လုပ်ပေးရာတွင် လာဘ်ပေး လာဘ်ယူမှုများ ပေါ်ပေါက်နေပြီး ၀န်ထမ်း အချင်းချင်း အပြန်အလှန် တိုင်ကြားကြကာ ၀န်ကြီးဌာနများ အကြားတွင်လည်း မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

“မြ၀တီမြို့မှာ လိုင်စင်မဲ့ ကားတွေကို လာဘ်ပေး လာဘ်ယူလုပ်ပြီး တန်ဖိုး သတ်မှတ် အခွန် ဖြတ်တာ။ ပြည်နယ် အခွန်ဦးစီးမှူးနဲ့
မြို့နယ်အခွန် ဦးစီးမှူးကြားမှာ ပြဿနာ တက်ကုန်တယ်။ အခု အဲဒီမှာ တိုင်ကြ တောကြနဲ့ လိုင်စင်မဲ့ကား အခွန်ဆောင် တာတွေ ခဏရပ် နေတယ်” ဟု ရန်ကုန်မြို့ရှိ အကောက်ခွန် ဦးစီးဌာန (ရုံးချုပ်)၊ စုံစမ်း စစ်ဆေးရေး ဌာနခွဲမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပြည်ပမှ တရားမဝင် တင်သွင်းထားသော ယာဉ်များအား “ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့” တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၄ ခု လက်အောက်မှ ဌာနခွဲများ ပူးပေါင်း ပါဝင်သည်။

ယင်း ပူးပေါင်းထားသည့် ဌာနခွဲများတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနက ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာ့ စီးပွားရေးဘဏ်၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာနတို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

လိုင်စင်မဲ့ကားများကို တန်ဖိုးသတ်မှတ်ရေးအဖွဲ့က စိစစ်တန်ဖိုးသတ်မှတ်ပြီး ကားတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကို အခွန်ဆောင်စေရာတွင် လိုင်စင်မဲ့ကားပိုင်ရှင်က လာဘ်ငွေ ပေးပြီး ကားတန်ဖိုးကို လျှော့ချသတ်မှတ်စေခြင်းဖြင့် အခွန်အနည်းငယ်သာ ဆောင်ခွင့်ရအောင် ကြိုးပမ်းကြကြောင်း၊ ထိုသို့ ကြိုးပမ်းရင်း ၀န်ထမ်းများအကြား မကျေနပ်မှုများ လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အခွန်ဆောင်မည့် ကားပိုင်ရှင်၊ ကားပွဲစားများက ၎င်းတို့နှင့် သိကျွမ်းရင်းနှီးသော ဌာနဆိုင်ရာ ၀န်ထမ်းများကို
ချိတ်ဆက် ပေးကမ်းပြီး အခွန်ဆောင်ကြောင်း သိရသည်။

“ပြည်တွင်းအခွန် ဦးစီးမှူးနဲ့ ပိုင်တဲ့သူက ပြည်တွင်းအခွန် ဦးစီးမှူးကို လာဘ်ထိုးပြီး အခွန်နည်းနည်းပဲ ဆောင်ရအောင်လုပ်တယ်။
အကောက်ခွန် အရာရှိနဲ့ ပိုင်တဲ့သူကလည်း အကောက်ခွန် အရာရှိကို လာဘ်ထိုးတယ်။ အဲဒီလိုပုံစံနဲ့ အချင်းချင်း ဝေစု မတည့်ကြတော့တာ” ဟု အစိုးရ အရာရှိတဦးက ရှင်းပြသည်။

လိုင်စင်မဲ့ကားများ အခွန်ဆောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး အထူးသဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာန အကြားတွင် မကျေမနပ်မှုများ ပိုများနေသည်ဟု သိရှိရသည်။

“တကယ်ဆို ဒီလိုင်စင်မဲ့ကား ဒဏ်ရိုက်တဲ့အလုပ်က အကောက်ခွန်ဦးစီးဌာနရဲ့ အလုပ်။ ပြည်တွင်းအခွန်ဆိုတာ ရလာတဲ့ အကျိုးအမြတ်ပေါ်မှာပဲ အခွန်ကောက်ရတာ။ ပြည်တွင်းအခွန်က တရားမ၀င်ပစ္စည်းတွေကို ဥပဒေနဲ့အညီ ဘယ်လိုဒဏ်ရိုက်ရ မယ်ဆိုတာ သေသေချာချာ မသိဘဲ လုပ်ချင်ရာလုပ်တော့ ပြဿနာတွေ တက်လာတယ်။ ရှေ့လျှောက် ဒီထက်ပို ပြဿနာကြီးလာမှာ” ဟု အကောက်ခွန် ဦးစီးမှူးတဦးက ဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း အခွန်ဆောင်ရန်လာသော လိုင်စင်မဲ့ကားများကို ၎င်းတို့လက်ထဲသို့ အပ်နှံပြီးမှ အခွန်ဆောင်ခွင့်ပြုရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ကို ဖိအားပေးကြောင်း သိရသည်။

“ရဲကဖမ်းဆီးလိုက်တဲ့ လိုင်စင်မဲ့ကားတစီး အခွန်ဆောင်ပြီးတာနဲ့ ချက်ချင်းပဲ ဖမ်းဆီးတဲ့ရဲအတွက် အခွန် ၁၀ ရာခိုင်နှုန်း ဆုကြေးပေးရတယ်။ အဲဒီတော့ ရဲက အခွန်ဆောင်မယ့် ကားတိုင်းကို သူတို့လက်ထဲ အပ်စေချင်တယ်” ဟု
ပြည်တွင်းအခွန် ဦးစီးဌာနမှ အရာထမ်းတဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်တွင်းအခွန်ဦးစီးမှူး အငြိမ်းစား ဗိုလ်ကြီး ဇေယျာသည် ယာဉ်ထိန်းရဲများနှင့် ညှိနှိုင်းပြီး အခွန်ဆောင်ရန်လာသော ကားတိုင်းကို ရဲဖမ်းဆီးကားများအဖြစ် သတ်မှတ် အခွန်ဆောင်စေကြောင်း ကားပိုင်ရှင်များထံမှ သိရသည်။

ရန်ကုန်မြို့ ဟံသာဝတီကားဈေးကွက်မှ ကားပွဲစားတဦးက “တန်ဖိုးဖြတ်တဲ့ဈေးက တသမတ်တည်းမရှိဘူး။ ငွေပေးရင် နည်းတယ်။ ငွေမပေးရင် အခွန် တအားများတယ်။ မကျေနပ်တဲ့သူက တိုင်တယ်” ဟု ပြောသည်။

တချို့ လိုင်စင်မဲ့ကားများကို တန်ဖိုးသတ်မှတ်ရာတွင် ဈေးကွက်ပေါက်ဈေးထက် များပြားသောကြောင့် ယာဉ်ပိုင်ရှင်များသည် အခွန်မဆောင်ဘဲ ရှောင်တိမ်းကုန်ကြကြောင်း သိရှိရသည်။

Monday, August 16, 2010

ရုန်းမထွက် နိုင်သေးသော နာဂစ်ဒေသ ဘဝများ

ဓနိကျဲကျဲ မိုးထားသော ခေါင်မိုးပေါ်သို့ တပေါက်ပေါက် ကျနေသော မိုးစက်သံမှ လွဲလျင် ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ် နေသည်။ ရုတ်တရက် ကုန်ပစ္စည်း တခုခုကို အော်ဟစ် ရောင်းချသံ လိုလို အသံ သဲ့သဲ့ကြောင့် အသံလာရာသို့ ဦးဘမြင့် နားစွင့်မိသွားသည်။ အသံသဲ့သဲ့လေးသည် တဖြည်းဖြည်းနီးကပ်လာပြီး ပီသစွာ ကြားလိုက်ရချိန်တွင် လဲလျောင်းနေရာမှ ကုန်းထပြီး တဲအောက်သို့ အပြေးကြည့်လိုက်မိသည်။

3mile
၂၀၀၈ နာဂစ် ဆိုင်ကလုန်းဒဏ် ခံခဲ့ရသည့် လပ္ပတ္တာမြို့နယ် အတွင်းရှိ ဆောက်လုပ်ဆဲ သုံးမိုင်မြို့သစ် (ဓာတ်ပုံ - ဧရာဝတီ)
အပြာရောင် ပုဆိုးပိုင်းပြတ် ကလေးနှင့် ထုပ်ပိုး ထားသည့် ရက်သား အရွယ် ကလေး တဦးကို ပိုက်ချီရင်း “ဘယ်သူ ယူမလဲ။ ဘယ်သူ ခေါ်မွေးမလဲ” ဟု တအိမ်ဝင် တအိမ်ထွက် ကလေး လိုက်လံ ပေးနေသော ခြေဆုံး ခေါင်းဆုံး နနွင်းများ ၀ါထိန်နေအောင် လိမ်းထားသော အမျိုးသမီးငယ် တဦး၏ အသံကြောင့် ဦးဘမြင့် တုန်လှုပ် ချောက်ချားပြီး မိမိနားနှင့် မျက်စိကိုပင် မယုံနိုင် ဖြစ်နေသည်။

“ဒီလိုနေရာမှာ အခြေအနေတွေ ဆိုးဝါးတယ် ဆိုတာ သိပေမယ့် ဒီလောက် ဖြစ်နေမှန်း မသိဘူး” ဟု မိမိဝမ်းနှင့် လွယ်မွေး ထားသော
ကလေးကို လိုက်ပေး နေသည့် အသက်၂၀ ကျော်အရွယ် အမျိုးသမီးငယ်ကို ကြည့်ပြီး ဦးဘမြင့်က ဆိုသည်။

ဦးဘမြင့်သည် လပွတ္တာမြို့မှ ၄ နာရီကျော်ကြာ စက်လှေဖြင့် သွားရသော ကျားချောင်းကျေးရွာ၌ နာဂစ်မုန်တိုင်းလွန် တည်ဆောက် ရေးလုပ်ငန်းများ လုပ်ကိုင်ရန် တာဝန်ကျလာသည့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ ၀န်ထမ်းတဦးဖြစ်သည်။

ကျားချောင်းကျေးရွာတွင် နေထိုင်သော မဌေးနိုင်သည် မလွှဲသာမရှောင်သာသည့် ကိစ္စကြောင့် ကလေးကိုယ်ဝန်ရရှိပြီး မွေးဖွား လိုက်ရသော်လည်း ယင်းကလေးကို လူလားမြောက်အောင် ကျွေးမွေးရန် မဖြစ်နိုင်သည့်အတွက် သူများကို မွေးစားရန် လိုက်ပေး နေရကြောင်းကို ဦးဘမြင့်ကို ရှင်းပြနေသည်။

“ငတ်တလှည့် ပြတ်တလှည့်ဖြစ်နေတဲ့ ကျမနဲ့နေရင် ဒီကလေး သေသွားမှာ” ဟု မဌေးနိုင်က ပြောရင်း ငိုကျွေးနေရှာသည်။ မုန်တိုင်း တိုက်ခိုက်ပြီး ၂ နှစ်ကျော်ထိ အလုပ်အကိုင် အတည်အကျမရှိသည့်အတွက် နေ့စဉ်စားဝတ်နေရေး အခက်အခဲကို
ကြုံသလို ကျော်ဖြတ်နေရသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါး သေကြေပျက်စီး ဆုံးရှုံးခဲ့ရသည့် ကျားချောင်းကျေးရွာ၏ တိတ်ဆိတ်ငြိမ်သက်သော
နေ့လယ်ခင်းသည် တခဏတာဆူညံပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဦးဘမြင့်ရင်ထဲတွင် ဆူပွက်လျက် ကျန်ခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ပြင်းထန်လှသည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ပြီး ၅၀၀၀၀ ကျော် ပျောက်ဆုံးခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီး ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မုန်တိုင်းဒဏ်သင့် ဒေသခံများကို ဘ၀သစ်များပြန်လည် စတင်နိုင်ရန် ကူညီခဲ့သော်လည်း ထိရောက်သည်ဟု မဆိုနိုင် သေးပေ။

ကျောင်းစိမ်းဘောင်းဘီအတိုနှင့် စွပ်ကျယ်လက်ပြတ် အနက်ရောင်အစင်း ၀တ်ဆင်ထားပြီး အညိုရောင် ဦးထုပ်ကလေးကို
ဦးခေါင်းပေါ် တင်ရုံတင်ထားသော အသက် ၁၁ နှစ်ရှိ မောင်မဲလုံးမှာ ပူပြင်းပြီး အက်ကွဲနေသော မြေကြီးများပေါ် ဖိနပ်မပါဘဲ
ရွှံ့များအထပ်ထပ် ပေကျံနေသည့် ခြေဗလာဖြင့် လျှောက်လာရင်း “မေကြီး ရွာမှာပဲနေပြီး ဈေးရောင်းလို့မရဘူးလား။ မေကြီး မေကြီး”ဟု မိခင်မျက်နှာကို မော့ကြည့်ပြီး တဂျီဂျီနှင့် လှေဆိပ်ရောက်သည်အထိ မနားတမ်းပြောလာသည်။

မိခင်မျက်နှာကိုသာ မော့ကြည့်ပြီး သူဖြစ်ချင်သည့်စကားတွေ ရေရွတ်လာရာ မြေကြီးပေါ်မှ ခဲလုံးများ၊ ငုတ်များ၊  အချွန်အတက်များ နှင့် သူ၏ ခြေထောက်တို့ တိုက်မိ နင်းမိ ဆူးမိမှုများကို ဂရုမပြုနိုင်။ နာကျင်လို့ နာကျင်မှန်းမသိ။ အပြင်ပန်း နာကျင်မှုသည် သူ၏
ရင်ထဲမှနာကျင်မှုကိုတော့ အံမတုနိုင်ပါ။

မောင်မဲလုံး လိုက်ပါသွားမည့် ပဲ့ထောင်ကို ကျောခိုင်းရပ်ပြီး ကျပ်ငွေ ၄၅၀၀၀ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အံကျိတ် ငိုကျွေးနေသော မိခင်ကို “မေကြီး၊ မေကြီး” ဟု အော်ဟစ်နေသည့် မောင်မဲလုံး၏ ပုံရိပ်သည် လေယာဉ်ကွင်းကျေးရွာမှ ပဲ့ထောင်လေး တဖြည်းဖြည်း ကွယ်ပျောက်သွားသော်လည်း မိခင်အတွက် ရင်နင့်ပြီး မမေ့ပျောက်နိုင်သော ပုံရိပ်ပါ။

ရန်ကုန်မြို့ရှိ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်စသော နေရာများတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ လူများ မုန်တိုင်း မတိုက်ခတ်စဉ်ကတည်းက သွားရောက် အလုပ်လုပ်ကိုင်မှုများ ရှိသော်လည်း မုန်တိုင်းပြီးနောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်မှု
နှစ်ဆမြင့်တက်လာကြောင်း အပြည်ပြည်တိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ တာဝန်ရှိသူတဦးက ဆိုသည်။

နေ့စဉ်စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် သားသမီးများကို ရင်နာစွာဖြင့် စွန့်လွှတ်ခဲ့ကြသကဲ့သို့ မိဘမဲ့ကာ ခိုကိုးရာမဲ့သော ဆယ်ကျော်သက် မိန်းကလေးများသည် ခန္ဓာကိုယ်ကို ရောင်းစားပစ်ခြင်း၊ ခန္ဓာကိုယ်နှင့် ရင်းပြီး ငွေရှာခြင်းများ ပြုလုပ် လာကြသည်။

ဆယ်ကျော်သက် မိန်းကလေးအများစုသည် ကျေးရွာအတွင်းရှိ အသက်အရွယ်ကြီး မုဆိုးဖိုများနှင့် အိမ်ထောင်ကျမှု များပြားနေ သည်။

“မိဘမရှိတော့ အားကိုးမရှိဘဲ ထမင်းငတ်တဲ့ဒဏ် မခံနိုင်လို့ ယူလိုက်တာ” ဟု အသက် ၁၆ နှစ်အရွယ် သစ်ပုတ်ကျေးရွာရှိ
မိန်းကလေးတဦးသည် အသက် ၄၅ နှစ်ရှိ မုဆိုးဖိုတဦးနှင့် အိမ်ထောင်ပြုရခြင်း အကြောင်း ပြောပြသည်။

မုန်တိုင်းတိုက်ခတ်ပြီး ၂ နှစ်နှင့် ၃ လကြာမြင့်ချိန်တွင် အရာရာပြောင်းလဲစ ပြုလာသော်လည်း မုန်တိုင်းသင့်ဒေသတွင်
မပြောင်းလဲနိုင်သောအရာသည် စားဝတ်နေရေး ခက်ခဲခြင်းပင်ဖြစ်သည်။

ရွေးမြစ်နှင့် ပြာမလော့မြစ်ကို မှီခိုပြီး ဘိုးစဉ်ဘောင်ဆက် ကွန်ပစ်ရင်း ငါးဖမ်းဝမ်းစာရှာလာသည့် တံငါသည်များသည် အချိန်တိုင်း ငါးဖမ်းထွက်သော်လည်း ငါးမရသော နေ့ရက်က တရက်မကသောကြောင့် ၀မ်းရေးမမှန်။ အုံ့မှိုင်းနေသော မိုးသားအောက်တွင် အချိန်လုပြီး လယ်စိုက်နေသော လယ်သမားများမှာလည်း ငွေကြေးနှင့် အားအင်များ အပြည့်ထည့် စိုက်ပျိုးသော်လည်း စားမလောက်။

ရာသီဥတုမမှန်သောကြောင့် ဆားလုပ်ငန်း လုပ်ကိုင်သူများလည်း အရှုံးများသဖြင့် ဆားလုပ်ငန်းများ ရပ်ဆိုင်းထားရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၏ အဓိကလုပ်ငန်းကြီး ၃ ခုဖြစ်သော လယ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် ဆားလုပ်ငန်းများမှာ အခက်အခဲများကြောင့် စားဝတ်နေရေးကို ဆိုးဝါးစွာထိခိုက်ပြီး လူမှုရေးကဏ္ဍများပါ ထိခိုက်လာကြောင်း ဒေသခံများက
ပြောသည်။

“အလုပ်အကိုင် မကောင်းတော့တာလည်း ပါတယ်။ ရွာသူရွာသားတွေက ထောက်ပံ့မှုတွေအပေါ် မှေးလိုက်နေတဲ့ အချက်လည်း ရှိတယ်”ဟု NGO၀န်ထမ်း တဦးက ဆိုသည်။
အဖန်ဖန်သုံးပါများပြီး စွန်းထေးနေသော အ၀တ်စတစကို ညာဘက်လက်မှကိုင်ပြီး စားပွဲကို အားပါးတရ သုတ်ကာ “ငွေသုံးသောင်းလောက်ရဖို့ တနေ့ ၅ နာရီလောက်ပဲ အိပ်ပြီး နေ့တိုင်း အလုပ်လုပ်နေရတော့ အမေ့ကို စိတ်ဆိုးမိတယ်” ဟု လေသံသဲ့သဲ့ဖြင့် ဖိုးဇော်က ပြောသည်။

ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံနှင့် သင်တန်းများကို အမှီပြုဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်တဆိုင်တွင် အသက် ၁၃ နှစ်မှစ၍
စားပွဲထိုးလုပ်ကိုင်လာခဲ့ရသည်။ သုံးလတခါ၊ ငါးလတခါ ရွာသို့ပြန်ပြီး လစာငွေ အမေ့ဆီ သွားပေးချိန်တွင်သာ အချိန်တော်တော် ကြာ လွတ်လပ်စွာ အိပ်စက်ရသော်လည်း “ ထ ထ ရန်ကုန်ပြန်ဖို့ လုပ်တော့” ဆိုသော အမေ့စကားသံကို တွေးမိတိုင်း ၀မ်းနည်း နာကျင်ခဲ့ရသည်။

သူသည် ငွေမရှိလျင် မရပ်တည်နိုင်သော မိသားစုဘ၀အခြေအနေကြောင့် ရန်ကုန်သို့ ပြန်မလာချင်ဘဲ ပြန်ပြန်လာရသော နေ့ရက်များကို မုန်းတီးနေဆဲဖြစ်ပါသည်။

ကျောင်းကိစ္စပြင်ပသို့ မတိုင်ကြားရန် ကျောင်းသားမိဘများကို ၀န်ခံလက်မှတ်ထိုးခိုင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း အထက (၁) မှ ကျောင်းအာဏာ ပိုင်များက ကျောင်းတွင်းဆောင်ရွက်နေသည့် ကိစ္စများကို ပြင်ပသို့ မတိုင်ကြားရန်အတွက်  ကျောင်းသားမိဘ များကို ၀န်ခံကတိပြုလက်မှတ် ရေးထိုးခိုင်း ခဲ့သည်။
ကျောင်းအုပ်ဆရာကြီး အပါအ၀င် ၎င်း၏စာရေးမနှင့် ဆရာဆရာမအချို့တို့က ကျောင်းသူ၊ ကျောင်းသားများထံ ငွေကြေးကောက်ခံနေသည့်အပေါ် ကျောင်းသားမိဘများက မကျေနပ်၍ အင်တာနက်အွန်လိုင်းပေါ်တွင် ရေးတင် ထားသည့်အတွက်ကြောင့် ယခုလိုလက်မှတ် ထိုးခိုင်းခြင်းဖြစ်သည်ဟု သိရကြောင်း ကျောင်းသားမိဘတစ်ဦးက ယခုလိုပြောသည်။
အင်တာနက်မှာ သတင်းတွေထွက်လို့ သူတို့ဖက်က အဲလိုမျိုး ၀န်ခံလက်မှတ်ထိုးခိုင်း တယ်လို့လည်း ပြောသံကြားတယ်။
လက်မှတ်ထိုးခဲ့စဉ်က ရေးသားထားချက်များနှင့် ပတ်သက်၍ ကျောင်းသားတွေရဲ့ လူမှုရေး ပညာရေးနဲ့ ပတ်သက်ပြီးတော့ အတန်းပိုင်ဆရာဆရာမတွေနဲ့ ကျောင်းအုပ်ဆရာကြီး တွေက ပြုလုပ်တဲ့ကိစ္စ တွေ မှာတဲ့ ကျောင်းသားမိဘတွေက မည်သည့်ကိစ္စကိုမဆို တစ်ခုခု အမှားရှိတယ်ဆိုရင်တဲ့ သူတို့နဲ့ပဲ လာ ရောက်ပြီးတော့ ဖြေရှင်းပေးဖို့ပဲပေါ့။ ဘယ်ဌာနကိုမှ မတိုင်ပါဘူးဆိုတဲ့ လက်မှတ်ကို ထိုးခိုင်းတာ။ ဟု ဆက်ပြောသည်။
ယခုလ ၈ ရက်နေ့က ဟစ်တိုင်အင်တာနက် စာမျက်နှာတွင် တာချီလိတ်မြို့ အထက(၁)မှ ကျောင်းသူ၊ ကျောင်း သားများထံ ငွေကြေးကောက်ခံမှုနှင့်ပတ်သက်ပြီး ကျောင်းသားမိဘ တစ်ဦးမှ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ခဲ့သည်။  
လွန်ခဲ့သည့် လေးရက်ခန့်က လက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်ပြီး မိဘအချို့မှာ မည်သည့် အတွက်ကြောင့် ယခုလို လက်မှတ်ထိုးရသည်ကို မသိကြသော်လည်း အချို့မိဘများ အနေနှင့် မတရားသည့်လုပ်ရပ်ဖြစ်သည့်အတွက် မ ကျေနပ်ကြဟု ဆက်ပြောသည်။
လက်မှတ်ကိုထိုးပေးလိုက်တော့လည်း မိဘအနေနဲ့က မတိုင်ပါဘူးဆိုတဲ့ ကတိပေးလိုက် သလိုမျိုးပဲ။ ထိုးမပေးပြန်ဘူးဆိုလို့ရှိရင်လည်း ဒီကျောင်းအုပ်ဆရာကြီးနဲ့ ဆရာဆရာမ တွေရဲ့ လုပ်တဲ့အလုပ်ကို ဆန့်ကျင်ဖက်ပြုတယ်ဆိုပြီးတော့ ရှေ့ဆက် ဘာဖြစ်လာမယ် ဆိုတာကိုလည်း ပြောလို့မရဘူး။ အဲဒီ တော့ မထိုးပေးလည်းအခက်၊ ထိုးပေးလည်း အခက် အဲလိုမျိုးဖြစ်နေတာဗျ။
အခြားကျောင်းသားမိဘတစ်ဦးက ကျောင်းသားရေးရာကိစ္စနှင့် ပတ်သက်၍ မိဘများနှင့် ကျောင်းဆရာဆရာမ များ ညှိနိုင်းဖြေရှင်းမှုမျိုး တစ်ကြိမ်မျှ မကြုံခဲ့ဘူးကြောင်း ယခုလို ပြောသည်။
ဘယ်သူကဆွေးနွေးမှာလည်းဗျာ။ဆွေးနွေးလည်းသူတို့ကဖျက်သိမ်းပေးတာမျိုးမှမရှိတာကိုး။ ကောက် တာကောက်တယ် စာရင်းဇယားတွေ အသေးစိတ်ကိုလည်း ကျောင်းသားမိဘတွေ အစည်းအဝေးမှာ ဘာမှ ရှင်းပြထားတာမျိုးမှ မရှိဘူး။

Sunday, August 15, 2010

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်

နအဖ’ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်ပရေးကော်မရှင်က ရွေးကောက်ပွဲကျင်းပပြုလုပ်မယ့်ရက်ကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အဖြစ် ဒီကနေ့မှာ သတ်မှတ်ပြီး အမိန့်ကြော်ငြာစာနှစ်ခုနဲ့အတူ တရားဝင်ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်တွေကို နိုင်ငံပိုင်ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဒီကနေ့ နံနက်ပိုင်းက ကြေညာခဲ့တာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ – ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၃၄ (ဂ) နှင့် နည်းဥပဒေ-၁၆ (ဃ) တွေအရ ၁၃၇၂ ခုနှစ် လတန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သတ်မှတ်ကြေညာခဲ့တာပါ။ ဒါအပြင် လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုတွေကို သြဂုတ်လ ၁၆ ရက်နေ့မှာ စတင်ပြုလုပ်ရမှာဖြစ်ပြီး နောက်ဆုံး ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်တယ်လို့လည်း ဒီအမိန့်ကြေညာချက်တွေမှာဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုတွေကို စက်တင်ဘာလ ၆ ရက်နေ့က ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး လွှတ်တော်ကိုယ် စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာမှုတွေကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ဆက်လက်တည်ထောင် ခွင့်လျှောက်ထားသည့် ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီ ၄၁ ပါတီ အနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။
၁၉၉၀ ပြည့်နှစ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုတော့ မေလ ၂၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂,၂၀၉ ဦးနဲ့ တစ်သီးပုဂ္ဂလအမတ် ၈၇ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Wednesday, August 11, 2010

ကျောင်းရံပုံငွေကောက်ခံမှုကြောင့် ကျောင်းသားမိဘများ အခက်အခဲဖြစ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းရံပုံငွေများ သီးသန့် ကောက်ခံနေသည့်အတွက် ကျောင်းသားမိဘများ အခက်အခဲဖြစ်နေကြသည်။
ကုက္ကိုတော ရပ်ကွက်အတွင်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများက စာသင်ကျောင်းဖွင့်ပြီး နှစ်လကျော်အတွင်း ကျောင်းရံပုံငွေဟုဆိုကာ ငွေကြေးကောက်ခံနေသည်ဟု ကျောင်းသား မိဘ တစ်ဦးက ယခုလို ပြောသည်။
ကျမတို့က ကလေးများတော့ တအားဒုက္ခရောက်တယ်ရော၊ ကလေးတွေကျောင်းနေရတာ။ ဒီနှစ် တောင်မှ မထားတော့ဘူး၊ ထုတ်မယ်လို့ကိုအောက်မေ့နေတာ။ သမီးက အားလုံးပေါင်းထည့်ရမယ့်ဟာ က ငါးထောင့်ခုနှစ်ရာတဲ့။ ငါးထောင့်ခုနှစ်ရာကို သုံးထောင် ထည့်ထားမယ်ဆိုတာကိုမရဘူး။ အဲတာ ကြောင့် ကလေးတွေကကျောင်းမှာ အရှက်ကွဲတဲ့ အခါကျတော့ မသွားရဲဘူး။ ပညာကိုပိုက်ဆံနဲ့ ၀ယ်ယူ နေရတာ။
ယခုနှစ် ဇွန်လပိုင်းက ကျောင်းများစတင် ဖွင့်လှစ်ချိန်၌ ကျောင်းဝင်ကြေးနှင့် စာရေး ကရိယာကြေး တစ်ဦးလျှင် ကျပ်ငွေ တစ်သောင်းကျော်နှင့် ကျောင်းသားလေးဦးအတွက် ငါးသောင်းကျော် ကုန်ကျခဲ့ပြီး ယခု ထပ်မံကောက် ခံခြင်းဖြစ်သည်။
ထို့အပြင် ကုက္ကိုတောရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌လည်း ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ရံပုံငွေအဖြစ်ကျောင်းသားတစ်ဦးလျှင် ကျပ်ငွေတစ်သောင်းနှုန်းကောက်ခံနေသည်ဟု ဆက်ပြော သည်။
ယင်းကိစ္စမှန်ကန်ကြောင်းနှင့် ရပ်မိရပ်ဖများအပါအ၀င် ကျောင်းကော်မတီနှင့် ရပ်ကွက် ကျေးရွာ တာဝန်ရှိသူများ အစည်းဝေးဆုံးဖြတ်ချက်အရ ကောက်ခံခြင်းဖြစ်သည်ဟု အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆ ရာမတစ်ဦးက ယခုလိုပြောသည်။
ဒါက မိဘတွေနဲ့ ကျောင်းမှာအစည်းအဝေးလုပ်ပြီးတော့ မိဘတွေ သဘောတူပြီးမှ ကောက်ထားတာ ပါ။ တချို့တွေက မိဖတွေက လာမတက်ကြဘူး။ အကုန်လုံးခေါ်တဲ့အချိန်၊ တချို့မိဖတွေတက်တဲ့ ဟာ ကျတော့ သူတို့ဒီလိုကောက်ပေးဖို့ပဲ ပြောထားကြတယ်။
ဒေသခံ အခြားကျောင်းသားမိဘတစ်ဦးကလည်း ဗန်းမော်မြို့ ကန်တော်ရပ်ကွက်ရှိ အလယ်တန်းကျောင်းအား တွဲဖက်အထက်တန်းကျောင်း တိုးချဲ့ဆောက်လုပ်နိုင်ရန် ကျောင်းသားများထံ အလှူငွေကောက်ခံနေသည်ဟု ပြောသည်။
ကျမတို့ကလေးတွေတက်တဲ့ကျောင်းကတော့ အခု ကျောင်းဆောင်အသစ်ဆောက်နေလို့ ပိုက်ဆံနည်း နည်းပိုကုန်တယ်။ ကလေးတစ်ယောက်ကို အလှူငွေချည်းပဲကို သုံးထောင် ထည့်ရတာ။ အလှူငွေချည်း သတ်သတ်ပဲအဲတာက။ စာအုပ်စာတမ်းကြေးတွေ ဘာမှ မပါဘူး။
ဗန်းမော်မြို့ပေါ်၌ အထက်တန်းနှင့် အလယ်တန်းကျောင်း လေးကျောင်းစီရှိပြီး မူလတန်းကျောင်း ငါးကျောင်း ရှိ သည်။
မြန်မာပြည်အနှံ့ရှိ စာသင်ကျောင်းများသည် ဒေသနှင့် ကျောင်းမတူညီမှုပေါ်မူတည်၍ ကျောင်းဝင်ကြေးကောက် ခံမှု ကွဲပြားနေပြီး အထက်တန်းကျောင်းသားတစ်ဦးလျှင် ထည့်ဝင်ရသည့်ကျောင်းဝင်ကြေး ကျပ်ငွေသုံးထောင်မှ ခြောက်ထောင်ကြား ရှိသည်ဟု သိရသည်။
အစိုးရအနေနှင့် ကျာင်းထိန်းသိမ်းရေးကိစ္စအပါအ၀င်ကျောင်းနှင့်ပတ်သက်သည့် ကုန်ကျစားရိတ်ငွေများကို ဘတ် ဂျက်သီးသန့်ထုတ်ပေးထားခြင်းမရှိသဖြင့် ယင်းအတွက် ကျောင်းသူ ကျောင်းသားများထံမှ ကောက်ယူနေရသည် ဟု ရန်ကုန်ရှိ ပညာရေးအသိုင်းအ၀ိုင်းကပြောသည်။

Thursday, August 05, 2010

စစ်တွေရှိ မိဘမဲ့ ကလေးများ ဝေးလံသည့်ဒေသ အပို့ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့ အာကျိတ် တောင်ကုန်း၊ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျေင်းတိုက်မှ မိဘမဲ့ကလေး တရာနီးပါးကို စစ်အစိုးရ အာဏာပိုင်များက အကြောင်းပြချက် တစုံတရာ မပေးဘဲ မကွေးတိုင်းနှင့် မန္တလေး ဒေသများသို့ ယနေ့ နံနက်ပိုင်း တွင် ခေါ်ဆောင် သွားကြောင်း စစ်တွေ ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။

“ဒီနေ့မနက် ၈ နာရီလောက်မှာ ကလေးတွေကို ဟိုင်းဝေးကားကြီးတွေနဲ့ခေါ်သွားပါတယ် ၊ ကလေးတွေက ဘာမသိ ညာမသိနဲ့ ပါသွားတာပါ၊ နည်းနည်းကြီးနေပြီဖြစ်တဲ့ ကလေးတွေရဲ့မျက်နှာတွေက လုံးဝစိတ်ထိခိုက်နေကြတဲ့ပုံပါ”ဟု ဒေသခံ မျက်မြင် တဦးက ဧရာဝတီသို့ ပြောသည်။

ထိုကလေးများအား ဒေသဆိုင်ရာ အာဏာပိုင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်တွေမြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ကြက်ခြေနီ၊ မီးသတ် စသည့် အဖွဲ့ အစည်းများက ဦးဆောင်၍ စစ်တွေမြို့မှ ကြံတိုင်းအောင်၊ တိုးရတနာ စသည့် ဟိုင်းဝေး ကားကြီးများဖြင့် တင်ဆောင် ၍ ခေါ်ဆောင်သွားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

“ကျနော်သိတာတော့ ငါးနှစ်အောက် ကလေး ၃၈ ယောက်ကို မကွေးတိုင်း၊ မင်းဘူးပို့မယ်၊ ငါးနှစ် အထက် ၃၂ ယောက်ကို မန္တလေးကိုပို့မယ်၊ ကျန်တဲ့ကလေး တွေကိုတော့ ဆေးရုံကြီးမှာထားတယ်လို့ သိရတယ်၊ ဒီကလေးတွေကို တော့ ဘယ်ကိုပို့မယ်ဆိုတာ မသိရသေးပါဘူး”ဟု လူမှုဝန်ထမ်းဌာနနှင့် နီးစပ်သူက ရှင်းပြသည်။

အဆိုပါ ကလေးများသည် ဇူလိုင်လ၂၇ ရက်နေ့တွင် အဖမ်းခံခဲ့ရသော မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရ ၏ ကျောင်းတိုက်မှ မိဘမဲ့ ကလေးငယ်များဖြစ်သည်။

ဆရာတော် အရှင်ပညာစာရသည် စွပ်စွဲချက် အမျိုးမျိုးနှင့် အာဏာပိုင်များက အသင့်ရေးပြီး ယူဆောင်လာသော စာရွက် စာတမ်းများကိုဖတ်ပြပြီး ပြည်နယ်ရဲမှူးကြီး ကိုယ်တိုင် လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဆရာတော်အား ဖမ်းဆီးသွားသည့် အပြင် ကျောင်းတိုက်ရှိ ရခိုင် ရှေးဟောင်းဘုရားများ၊ စာရွက်စာတမ်းများ၊ ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ၊ ပေစာ၊ ပုရပိုက်စာများ၊ ရှေးဟောင်း ရခိုင် ယဉ်ကျေးမှု အမွေ အနှစ်များ စသည့် ပစ္စည်းများကိုပါ အာဏာပိုင်များက ယူဆောင်သွားကြကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများက ပြောဆိုသည်။

Sunday, August 01, 2010

ပဲခူးမြစ်ရေတက် ပဲခူးမြို့တွင် ရေကြီး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ယနေ့ ရေပိုကြီးလာပြီး အစိုးရရုံးနှင့် ကျောင်းအချို့ကို ပိတ်ထားရကာ ရေဘေးဒုက္ခ သည်များကို လွတ်ရာသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။
ပဲခူးမြစ်ရေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ ရှိပြီး၊ ၂၄ နာရီအတွင်း မြစ်ရေမှာ ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု မိုးလေ၀သ နှင့် ဇလ ဗေဒညွန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြစ်ရေကြီးမှုကြောင့် အနိမ့်ပိုင်းတွင် ရှိသည့် ကျေးရွှာ၊ ရပ်ကွက်များမှာ အိမ်မြုပ်နိုင်သဖြင့် ရပ်ကွက်သားများကို ကုန်းမြင့်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွင် ပြောင်းရွှေ့ထားရသည်ဟု မြို့ခံတဦးက ပြောသည်။
“ဒီမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အခုအနိမ့်ပိုင်းမှာ ရှိတဲ့ ရပ်ကွက်တွေပေါ့နော် မြို့ပေါ်ရပ်ကွက်တွေ ရော ပဲခူးလမ်းမပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကော အနိမ့်ပိုင်းအိမ်လေးတွေပေါ့၊ တထပ်အိမ်လေး တွေ ကြမ်းပြင်လောက်အထိကို မြုပ်မယ့်အနေအထားရှိတော့ လူတွေက အဲဒီမှာ အိမ်ပေါ်မှာ နေလို့ မရတော့ဘူး။ နေအိမ်ကို စွန့်ခွါပြီးတော့ အဓိက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တက်နေ ကြတာပေါ့။ မြို့ပေါ်မှာရှိတဲ့ ချမ်းသာတဲ့လူတွေက သူတို့ကို အဓိကထားပြီးတော့ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအရ ပေါ့ဗျာ ထမင်းထုပ်တွေ ရေတွေ ဝေပေးကြတယ်။”
မြစ်ရေကြီးမှုကြောင့် ပဲခူးမြို့နှင့် ရပ်ရွာများရှိ ဆင်းရဲသားရပ်ကွက်နေအိမ်အများစု ရေမြုပ်ခံရသည်ဟု အခြား မြို့ခံတဦးက ပြောသည်။
“တော်တော်တော့ များတာပေါ့ဗျာ။ ရပ်ကွက်ကလည်း ကျနော်သိသလောက်ဆိုရင် ပဲခူး၊ ဥဿာကြီး၊ ကျောက်စုကြီး၊ နောက် ကျွန်းသာယာ၊ ပြီးတော့က အမှတ်နှစ်ဆိုလည်း တပိုင်းလုံးလဲ။ နောက် ဟိုးချောင်းနဲ့ တံတားကြီးရဲ့အနောက်ခြမ်းတခြမ်းလုံးပါတယ်။ အလယ်ကျောက်ကြီးတို့ဆိုလည်း ပဲခူး ချောင်းအရှေ့မှာ ကမ်းနဖူးမှာ၊ ရွာသစ်ဆိုလည်း တရပ်ကွက်လုံးပဲ အဲဒါတွေက တကယ့်ဆင်းရဲသား ရပ်ကွက်တွေ၊ တနေ့လုပ်မှာ တနေ့စားရတဲ့ ရပ်ကွက်တွေပဲ။ ဘူတာဈေးဆိုတာရှိတယ် ပျံကျဈေးပေါ့ မြုပ်သွားလို့၊ ပဲခူး မီးရထားကုန်းကျော် တံတားဘေးမှာ ခေါင်းရွက်တဲ့ ဗန်းဈေးသည်တွေ၊ သားငါး သည် တွေက ရောင်းနေကြတယ်။”
မြို့တွင်းရှိ လမ်းမကြီးများလည်း ခါးကျော်အထိ ရေမြုပ်ရာ ယာဉ်အသွားအလာများ ခက်ခဲပြီး မောင်းနှင်၍ မရကြ သဖြင့် အချို့မှာ လှေများဖြင့် သွားလာနေရပြီး စာသင်ကျောင်းနှင့် ရုံးအချို့လည်း ပိတ်ထားရကာ မြစ်ရေမကျ၍ ဆက်တက်နေလျှင် နောက်ထပ် ၄ ရက်ခန့် ဆက်ပိတ်မည်ဟု ဆရာမတဦးက ပြောသည်။
ရေဘေးဒုက္ခသည်များကို ငွေကြေးရှိသည် မြို့ခံများ၊ လူမှုရေးအသင်းအဖွဲ့များက အစားအသောက် များကို လိုက် လံပေးဝေနေသည်ဟု ဒေသခံများက ပြောသည်။
“ကျနော်တို့ ဒီနေ့ ပဲခူးမြို့မှာ ရှိတဲ့ အဲန်အယ်လ်ဒီ လူငယ်တချို့နဲ့ နောက် ရွေးကောက်ပွဲ ၀င်မယ် ဆိုတဲ့ အဲန်ဒီအက်ဖ်ပေါ့ဗျာ။ လမ်းပြကြယ်အဖွဲ့ ဦးအေးမြင့်နဲ့ ရဟန်းသံဃာတော်တွေနဲ့တော့ ဟိုးဝေး လံ ခေါင်သီတဲ့ ကျေးရွာတွေ ရပ်ကွက်တွေကို သွားပြီးတော့ ထမင်းထုပ်တွေကို ဖြန့်နေတယ်ဆိုတာ ကျနော် ကြားလည်းကြားတယ် မြင်လည်းမြင်တယ်။” ဟု မြို့ခံက ပြောသည်။
ဒေသခံအာဏာပိုင်များ မည်သည့်ကယ်ဆယ်ရေလုပ်ငန်းများကို ကူညီမှု မပေးသေးကြောင်း၊ ရဲနှင့်ကြက်ခြေနီ အချို့က အဝေးပြေးလမ်းမကြီးနှင့် ချိုင့်ရှိသော လမ်းနေရာများတွင် ရေတိုင်ကီများကို အမှတ်အသား ပြုလုပ်ချ ထားပြီး ယာဉ်အသွားအလာများ သတိထား တိမ်းရှောင်နိုင်ရန် အသိပေးနေသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။