Saturday, May 30, 2009

ဒီပဲယင်း ၆ နှစ်ပြည့်ချိန် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံနေရ

လွန်ခဲ့သည့် ၆ နှစ်က ဒီပဲယင်းမြို့အနီး တိုက်ခိုက်မှုတွင် သေဆုံးသွားရသူများ အတွက် ရည်စူးပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် ယနေ့နံနက်ပိုင်းက သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းကပ် လှူဒါန်းကြသည်။

undefined
ဒီပဲယင်းမြို့အနီး ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသည့် နေရာ (ဓာတ်ပုံ-ရန်ကုန်မြို့၊ အမေရိကန်သံရုံး)
ဒီပဲယင်းမြို့ အနီး အကြမ်းဖက် တိုက်ခိုက်ခံရပြီး ၆ နှစ်ကြာ ချုပ်နှောင် ခံနေရသည့် အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည့် ပုဒ်မဖြင့် အင်းစိန်ထောင်တွင်း တရားရုံးတွင် အမှု ရင်ဆိုင်နေရသည်။

ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်သို့ ရောက်ရှိနေခြင်းမှာ ဤအကြိမ်သည် ပထမအကြိမ် မဟုတ်ပေ။ ၂ဝဝ၃ ခုနှစ်ကလည်း ဒီပဲယင်းမြို့ တိုက်ခိုက်မှု အပြီး အင်းစိန်ထောင်တွင် အထိန်းသိမ်းခံရဖူးသည်။

ထိုနှစ် မေလ ၃ဝ ရက်နေ့ညက ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များကို တင်ဆောင်လာသော မော်တော်ယာဉ်တန်းသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပြင်တွင် တုတ်၊ ဓား စသည့် လက်နက်မျိုးစုံ ကိုင်ဆောင် စောင့်ဆိုင်း နေသော လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း မျက်မြင် သက်သေများက ပြောသည်။

ကားမှန်များ ကွဲသွားသည့် အချိန်တွင် ယာဉ်မောင်းသူ ကိုကျော်စိုးလင်းက သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လူအုပ် အတွင်းမှ မောင်းထွက်သွားသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ထိုသတ်ကွင်းအတွင်းမှ လွတ်မြောက်သွားခဲ့သည်။

“ကားထဲကို တုတ်၊ ဓားတွေနဲ့ပစ်လို့ ကျနော်တောင်မှ ခေါင်းကွဲသွားသေးတယ်” ဟု ကိုကျော်စိုးလင်းက ပြောသည်။

သံဆူးကြိုး အရံအတားများကို ဖောက်ထွက်အပြီး ဝင်ရောက် တိုက်ခိုက်လာသော ဒိုင်နာကား ၂ စီးကိုလည်း ရှောင်ထွက်ခဲ့ကြောင်း၊ ထို့ပြင် ရေဦးမြို့သို့ သွားသည့် လမ်းတွင် စောင့်နေသော ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများကိုလည်း ဖောက်ထွက် နိုင်ခဲ့ကြောင်း ကိုကျော်စိုးလင်းက ပြောသည်။ သေနတ်သံများ ထွက်ပေါ် လာသော်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ကျည်ဆန် ထိမှန်ခြင်း မရှိဟု ဆိုသည်။

“ရေဦးမြို့ ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်တယ်၊ သူက မလိုက်ဘူး၊ သတ်ချင်ရင်လည်း ကျမတို့ တဖွဲ့လုံးကို သတ်ပစ်လိုက်ပါ၊ ဥပဒေအတိုင်း ဆောင်ရွက်မှသာလျှင် ကျမ တယောက်တည်း လိုက်ခဲ့မယ်လို့ ပြောတယ်” ဟု ကိုကျော်စိုးလင်းက ကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့သူများ၏ အရေအတွက်မှာ ထောင်ပေါင်းများစွာ ရှိသည်ဟု မျက်မြင် သက်သေများက သတင်းဌာနများကို ပြောပြကြသည်။ အာဏာပိုင်တို့ကလည်း ထိုအရေအတွက်ကို အတည်ပြုထားသည်။

“ဒီပဲယင်း မရောက်မီ နှစ်မိုင်ခန့်အကွာ မြို့အဝင်တွင် ဒေါ်စုကြည်အား ကန့်ကွက် ဆန္ဒပြရန် စောင့်နေသည့် လူ အင်အား (၅ဝဝဝ)ခန့် ရှိသည့် လူစုလူဝေးနှင့် ကြုံတွေ့ခဲ့ရကြောင်း”ဟု တိုက်ခိုက်မှု အပြီး နောက်တနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အာဏာပိုင်တို့က ပြောကြားခဲ့သည်။ လူ ၄ ဦး သေဆုံးပြီး ၅ဝ ခန့် ဒဏ်ရာရသွားသည်ဟု ဆိုသည်။ မျက်မြင်သက်သေများကမူ ထိုထက်မက သေဆုံး၊ ဒဏ်ရာရမှုများ ရှိသည်ဟု ပြောကြသည်။

ထိုဖြစ်ရပ် မဖြစ်ပွားမီ တလအလိုတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အနှံ့ သွားရောက်ခဲ့သည့် သူ၏ ခရီးစဉ်အတွင်း ရန်လိုမှုများနှင့် ကြုံခဲ့ရသည်ဟု သတင်းထောက်များကို ပြောပြသည်။

“ဒေသခံ အာဏာပိုင်တွေက နိုင်ငံတော်အဆင့် အာဏာပိုင်တွေရဲ့ သဘောတူချက် ဒါမှမဟုတ် အနည်းဆုံးတော့ နားလည်မှုနဲ့ ခွင့်ပြုချက် ရှိတယ်လို့ မထင်ရင် သူတို့ လုပ်ခဲ့တာတွေကို လုပ်ရဲမှာ မဟုတ်ဘူး” ဟု သတင်းထောက်များကို ပြောခဲ့ဖူးသည်။

ဒီပဲယင်း လုပ်ကြံမှုအပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးက မြန်မာနိုင်ငံသို့ သွားရောက် လေ့လာပြီးနောက် ပြစ်မှု ကျူးလွန်သူများကို တရားစွဲဆိုခြင်း မရှိဘဲ တိုက်ခိုက်ခံခဲ့ရသူများသာ ထောင်ထဲရောက်သွားကြောင်း သုံးသပ်လိုက်သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ထိုနှစ် နိုဝင်ဘာလတွင် တင်သွင်းသည့် သူ၏ အစီရင်ခံစာတွင် “အစိုးရ အာဏာပိုင်များက ကြံစည် ဆောင်ရွက်တာမျိုး မဟုတ်လျှင် ဒီပဲယင်း ဖြစ်ရပ် ဖြစ်ပွား နိုင်စရာ မရှိဘူး ဆိုသည့် အချက်ကို လက်ခံနိုင်လောက်အောင် မြင်သာသည့် သက်သေခံ အထောက်အထားများ ရှိနေပြီ” ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ၆ နှစ်အတွင်း စစ်အစိုးရက ဒီပဲယင်း ဖြစ်ရပ်နှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောဆို ရေးသားခြင်း မရှိခဲ့ပေ။

ဒီပဲယင်း ဖြစ်ရပ်နှင့် ပတ်သက်ပြီး အချက် အလက်များ စုဆောင်းထားသော ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီက “ဒီပဲယင်း လုပ်ကြံမှုကြီးအပေါ် ထိရောက်စွာ အရေး မယူနိုင်ခဲ့သဖြင့်လည်း ပြစ်မှု ကျူးလွန်ခဲ့သူများသည် ပို၍ လက်ရဲဇက်ရဲ ဖြစ်ကာ ယနေ့ အချိန်အထိ နောက်ထပ် ပြစ်မှုကြီးများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်” ဟု ပြောကြားလိုက်သည်။

ရှေ့နေများ ကောင်စီက ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်း ဒေသတွင် တိုက်ခိုက်ခံရခြင်းမှာ ပထမ နစ်နာ ဆုံးရှုံးမှု၊ ထို တိုက်ခိုက်မှုအပြီး ချုပ်နှောင် ခံခဲ့ရခြင်းမှာ ဒုတိယ နစ်နာ ဆုံးရှုံးမှုဖြစ်သည်ဟု ဖော်ပြထားသည်။ “ချုပ်နှောင် ခံနေရစဉ်အတွင်း မည်သည့် ပြစ်မှုမျှ ကျူးလွန်ခြင်း မရှိပါဘဲလျှက် ရုံးတင်တရားစွဲ ခံနေရခြင်းမှာ တတိယ နစ်နာဆုံးရှုံးမှု ဖြစ်သည်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံရပြီး ၁၁ ရက်အကြာတွင် အင်းစိန်ထောင်ရှိ ဒေါ်အောင်ဆန်းစုကြည် ထံသို့ ကုလသမဂ္ဂ သံတမန် တဦး ဖြစ်သူ မစ္စတာ ရာဇာလီ အစ္စမေးလ် ရောက်ရှိသွားသည်။ နောက်ပိုင်းတွင် မစ္စတာ ရာဇာလီနှင့် မလေးရှားကီနီ အင်တာနက် သတင်းဌာနတို့ တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်သည့်အခါ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒကို သိခဲ့ရသည်။

“ဒေါ်အောင်ဆန်းစုကြည်က မေ ၃ဝ ဖြစ်ရပ်ကို လူမဆန်တဲ့ ရက်စက် ယုတ်မာမှုလို့ ပြောပြီး ဥပဒေအရ တရား အမျှတဆုံး ဆုံးဖြတ်ပေးဖို့လည်း တင်ပြ တောင်းဆိုခဲ့တယ်” ဟု မစ္စတာ ရာဇာလီက ရှင်းပြသည်။

၆ နှစ်တာ ကာလအတွင်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ အမှာစကား ထိုတကြိမ်သာ ပေါ်ထွက်လာခဲ့ဖူးသည်။

မကြာသေးမီ ရက်များအတွင်း အင်းစိန်ထောင်ရောက် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အခြေစိုက် သံတမန်များ သွားရောက် တွေ့ဆုံခွင့် ရကြသည်။ သူက သံတမန်များကို ဒီပဲယင်း ဒေသ အကြမ်းဖက်မှု အကြောင်းကို လည်းကောင်း၊ လက်ရှိ ရင်ဆိုင်နေရသည့် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သောအမှုနှင့် ပတ်သက်၍ လည်းကောင်း ပြောကြားခြင်း မရှိခဲ့ဟု သိရသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဆန္ဒရှိကြမယ် ဆိုရင် အခွင့် အလမ်းတွေ ရှိပါသေးတယ်” ဟုသာ ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို ပြောဆိုလိုက်သည်။

 (ဧရာဝတီသတင်းဌာန)

ယက်ထော မည်သို့ ဝင်ထွက်သည်ကို သရုပ်ပြ

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ အင်းလျားကန် အတွင်းမှ မည်ကဲ့သို့ ဝင်ထွက်သည်ကို အစိုးရအာဏာပိုင်များက ယမန်နေ့တွင် သရုပ်ပြ ရှင်းလင်းမှု ပြုလုပ် ခိုင်းကြောင်း သိရသည်။

အဆိုပါ တရားခံ ဂျွန် ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အင်းလျားကန်အတွင်းမှ မည်သို့ ဝင်၍ ပြန်လည်ထွက်ခွာလာသည်ကို ရှင်းလင်းစွာသိရှိရန် ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး ရုံးထိုင်တရားသူကြီးများ ၊ ခရိုင် ဥပဒေ အရာရှိများနှင့် တရားခံ ရှေ့နေ ဦးခင်မောင်ဦး တို့သည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၉ ခ။ (၁)၊ တရားရုံးများလက်စွဲ အပိုဒ် ၆၂၁ ပြဌာန်းချက်များနှင့်အညီ အခင်းဖြစ်ပွားရာသို့ တရားခံနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေး ကြကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦဉာဏ်ဝင်းက ယင်းသရုပ်ပြ ရှင်းလင်းမှုသည် အမှုနှင့် မသက်ဆိုင် ကြောင်း၊ အစိုးရဘက်က လိုအပ်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

“သရုပ်ပြ ရှင်းလင်းပွဲကတော့ အမှုနဲ့ မဆိုင်ဘူးဗျ၊ ကျနော်တို့လည်း မပါဘူး၊ ကျနော်တို့လည်း မသိဘူး၊ သူ့ဘာ သာ သူ အစိုးရဘက်က လိုအပ်လို့ လုပ်တာ၊ အမှုအတွက်တော့ အဲဒီဟာ ဘာမှမဆိုင်ဘူးလို့ ကျနော်ထင်တယ်၊ ကျနော်တို့နဲ့ ဆိုင်တယ်ဆိုရင် ကျနော်တို့ကို ခေါ်ရမှာ၊ ကျနော်တို့ကို မခေါ်ဘဲနဲ့ သူ့ဘာသာသူလုပ်တာ သူသိချင် လို့ လုပ်တဲ့ သဘောပါပဲ”ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။

ဂျွန် ယက်ထောကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြားနာစစ်ဆေးရာတွင် ၎င်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ လမ်းလျှောက်၍ သွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

“အင်းလျားကန်ကိုဖြတ် ဒေါ်စုအိမ်ကို အဝင်မှာ သူ့ အပြောက Walk through လို့ သုံးတယ်၊ အစိုးရ ရှေ့နေတွေ က Walk through သုံးလို့ မရဘူး၊ ရေထဲမှာ လမ်းလျှောက်လို့ မရဘူး ရေကူးရမှာ Swam လို့ သုံးပါ လို့ ပြောတော့ သူက မပြောနိုင်ဘူး ငါလုပ်တဲ့အတိုင်း အမှန်အတိုင်းပြောတာတဲ့၊ လမ်းလျှောက်တယ်ပဲ ပြောတာ တဲ့၊ အဲဒီမှာ တော်တော် ငြင်းခုန်နေတာ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ထုတ်အစိုးရသတင်းစာများတွင်လည်း ဂျွန်ယက်ထော၏ ထွက်ဆိုချက်အရ “ရေထဲမှ ဖြတ်၍ လျှောက်သွား ခြင်း ဖြစ်ကြောင်း”ဟု ဖော်ပြထားသည်။

ယခု ဒုတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ အဝင်လမ်းတွင် လုံခြုံရေး အဖွဲ့ဝင် ၅ ဦးနှင့် တွေ့ဆုံသော် လည်း ၎င်းအား စစ်ဆေး ဖမ်းဆီးခြင်း မရှိဟု ဂျွန် ယက်ထောက ထွက်ဆိုကြောင်းလည်း သိရသည်။

မေလ၂၆ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တစောင်တွင်“ဤအမှုကို လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကို လည်း အရေးယူ တရားစွဲဆိုထားခြင်း တစုံတရာမရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။  ထို့နောက် မစ္စတာ ယက်ထောကဆက်လက်ပြီး အကြမ်းဖက်သမားများက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံရန် ရှိသည်ဟု သူ၏အာရုံတွင် ဖြစ်ပေါ်လာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သတိပေးရန် ဘုရားသခင်က လွှတ် ၍ ရောက်ရှိလာခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ထိုသို့ မစ္စတာ ယက်ထောက ဘုရားသခင်လွှတ်၍ ရောက်လာရကြောင်း ထွက်ဆိုသည့်အချိန်တွင် အစိုးရ အရာရှိများက လှောင်ပြောင်သည့် သဘောဖြင့် ရယ်မောသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေး လွတ်လပ်ခွင့်အရ မပြုလုပ်သင့်ကြောင်း မှတ်ချက်ပေးခဲ့သည်ဟု  ဦးဉာဏ်ဝင်းက ပြောသည်။

“ဒါ အလွန့်ကို စိတ်မကောင်းစရာပဲ ကျမ အတော်ခံစားရတယ်တဲ့၊ ဘာဖြစ်ဖြစ် သူယုံကြည်တာဟာ အပြစ်မဟုတ် ဘူး၊ သူလွတ်လပ်စွာ ယုံကြည်ခွင့်ရှိ တယ်၊ ကိုးကွယ်ခွင့်ရှိတယ်၊ သူ့ဘာသာ ဘုရားသခင်ယုံကြည်တာကို ကျမတို့ က ဗုဒ္ဓဘာသာ မို့လို့ အခုလို သူ့ သိက္ခာ ထိပါးလောက်အောင်လှောင်တာ မျိုးဟာ အတော့်ကို စိတ်မကောင်းစရာ ပဲ တဲ့၊ ကိုယ်မယုံကြည်ရင်လည်း ထားလိုက်ပေါ့လို့ မှတ်ချက်ပေးတယ်”ဟု ၎င်းက ပြောပြသည်။

ဗုဒ္ဓဟူးနေ့က တရားခွင်တွင် မစ္စတာ ယက်ထောက သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ်တွေ့ဆုံခဲ့ကြောင်းနှင့် တွေ့ဆုံသည်အကြိမ်တိုင်းတွင် ဥပဒေကို လေးစားလိုက်နာရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အိမ်မှ အမြန်ဆုံး ပြန် လည် ထွက်ခွာသွားရန် ပြောသည်ဟုလည်း ထွက်ဆိုခဲ့သည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

 (ဧရာဝတီသတင်းဌာန)

Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည် လွှတ်ရေး ဆန္ဒပြသူအဖမ်းခံရ

အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဦးဇော်ညွန့် ဆိုသူ အမျိုးသားတဦးက ဆိုင်းဘုတ်ကိုင် တောင်းဆို ဆန္ဒပြသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

“သူက ဆိုင်းဘုတ်ကိုင်ထားတယ်၊ ဆိုင်းဘုတ်မှာ အမေစုကို ကယ်ဖို့သင့်ပြီ ဆိုတဲ့ စာတန်း ပါတာကို မြင်လိုက် တယ်၊ အောက်မှာတော့ တခြားစာတွေလားမသိဘူးပါသေးတယ်၊ သူက လက်ကို မြှောက်ပြီး ပြနေတုန်း သူ့ကို ရဲနဲ့ အရပ်ဝတ် လုံခြုံရေးတွေက ချက်ချင်းဖမ်းသွားတာ တွေ့လိုက်တယ်”ဟု ဦးဇော်ညွှန့် အဖမ်းခံရသည်ကို မြင်တွေ့လိုက်ရသော လူငယ်တဦးက ပြောပြသည်။

ထိုသို့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြချိန်မှာ မိနစ်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး လုံခြုံရေးရဲများက ဖမ်းဆီး၍ အင်းစိန်ဈေး အတွင်းသို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် ရဲကားဖြင့်ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်းလည်း သူက ပြော သည်။

အဆိုပါ ဆန္ဒပြသူ ဦးဇော်ညွှန့်သည် နိုင်ငံရေးပုဒ်မဖြင့် ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးပြီး နောက် အင်းစိန်ထောင်အနီးတွင်လုံခြုံရေးပိုမို တင်းကျပ်လာကြောင်း သိရှိရသည်။

“သူ့ကို ဖမ်းပြီး ကားနဲ့တင်ခေါ်သွားတာ တွေ့လိုက်ရတာတော့ နေ့လယ် ၁နာရီခွဲ ကျော်ကျော်လောက်ပဲ၊ အဲဒီ နောက်ပိုင်းတော့ ရဲကားတွေ ရောက်လာတယ်၊ ပြီးတော့ အရပ်ဝတ်ရဲတွေလည်း ပိုများလာတယ်”ဟု အင်းစိန် ထောင်အနီးသို့သွားရောက်ခဲ့သော သတင်းထောက်တဦးက ပြောပြသည်။

ညနေ ၃ နာရီ ၀န်းကျင်တွင် ကမ္ဘာအေးဘုရားဝန်းထဲမှ ရဲအပြည့်ပါသော ကား ၁၂ စီးခန့်သည် ရှစ်မိုင်မှ တဆင့် အင်းစိန်အကျဉ်းထောင်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း မြင်တွေ့လိုက်ရသူများက ပြောဆိုသည်။

လတ်လောတွင် ညနေ ၄ နာရီ ၀န်းကျင်မှ စပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိသော တက္ကသိုလ်ရိပ်သာလမ်းကို အင်းလျားလမ်း မီးပွိုင့်ထိပ်မှ ကမ္ဘာအေးဘုရားလမ်းထိပ် အထိ ပိတ်ထားလိုက်ကြောင်း သိရှိရသည်။

 (ဧရာဝတီသတင်းဌာန)

Thursday, May 28, 2009

တဦးတည်းသော သက်သေကို ကြားနာစစ်ဆေး

တရားရင်ဆိုင် နေရသည့် ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်မှ တဦးတည်းသော သက်သေဖြစ်သူ NLD လပွတ္တာ အမတ် ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုချက်များသည် ပြစ်မှု မမြောက်ကြောင်း တရားရုံးတွင် ယနေ့ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက “အဓိက ထွက်ဆိုချက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဆက်လက်ချမှတ်ထားတဲ့ တားဆီးမိန့်မှာ ပါတဲ့ အခြားသို့ စာဖြင့်ဆက်သွယ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို သူက အခြားသို့ ဆိုတာ အရေးယူခံရတဲ့ ပုဂ္ဂိုလ်ကနေ တခြားသို့ ဆက်သွယ်တာ၊ တခြားကနေ အရေးယူခံရတဲ့ လူဆီ ဆက်သွယ်တာ မပါဘူး၊ ဒါဟာ ဥပဒေကို ဖတ်လို့ရှိရင် ကိုယ်နေ့စဉ်သုံး အဓိပ္ပာယ် အတိုင်းပဲ ယူရမယ်၊ ချဲ့ထွင်ပြီး ယူလို့မရပါဘူးလို့ သူကထွက်ဆိုပါတယ်”ဟု  ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော တားဆီးမိန့်ချိုးဖောက်မှု ဥပဒေ ပုဒ်မများသည် ၁၉၇၄ ခုနှစ် ဆိုရှယ် လစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံထားသည့် ဥပဒေ ပုဒ်မများဖြစ်သောကြောင့် ပြစ်မှု မမြောက်ခြင်းဖြစ် ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်း ၁၉၇၄ ဖွဲစည်းပုံဥပဒေသည် တရားမဝင် ပျက်ပြယ်ပြီးဖြစ်သောကြောင့် ဖြစ်သည်ဟု ဦးကြည်ဝင်းက ထွက်ဆိုသွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် တဦး လည်းဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောသည်။

၁၉၉၁ ခုနှစ်၌ နဝတ ဥက္ကဌက တော်လှန်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်းတခု၌ ၁၉၇၄ ခုနှစ်အခြေခံဥပဒေ မရှိတော့ဟု အတိအလင်းပြောကြားထားကြောင်း၊ ထို့အပြင် နဝတ ထုတ်ပြန်သည့် အမိန့်အမှတ် ၁/၉၀ မှလည်း ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမရှိကြောင်း စာပိုဒ် တပိုဒ်တွင် ဖော်ပြထားကြောင်း ဦးကြည်ဝင်းက ထောက်ပြထွက် ဆို သွားသည်ဟု လည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ကန့်သတ်တားဆီးမိန့်များမှာ ၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားသော လူ့အခွင့်အရေး၊ လူတဦးချင်းစီ၏ အခွင့်အရေးများကို ၂၀၀၃ ခုနှစ်က ရုပ်သိမ်းထားသည့် ကန့်သတ်မိန့် ဖြစ်ကြောင်း သိရသည်။

“လက်ရှိစစ်အစိုးရက ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိတယ်လို့ပြောတယ်၊ ရှိလို့ အဲဒီအထဲက ဥပဒေတွေကို သုံး တယ်လို့ပြောတယ်၊ အခု လက်ရှိလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို အတည်ဖြစ်ပြီလို့ နအဖ ဥက္ကဌ ကိုယ် တိုင် လက်မှတ်ထိုးထုတ်ထားတယ်၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်၊ ဒီဥစ္စာဟာတဲ့ Constitutional Crisis ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အကျပ်အတည်း မဟုတ်ဘူးတဲ့ ၊ ဒါပေမယ့် Crisis of Constitution ဖွဲ့စည်းပုံ ဥပဒေရဲ့ အကျပ်အတည်း ဖြစ်နေတယ်လို့ ကျနော့်ကို ပြောတယ်”ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန်တင်ထားသော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦးကိုသာ သက် သေ ထွက်ဆိုရန် ခွင့်ပြုခဲ့ပြီး ယနေ့တွင် ကြားနာစစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

မေလ၂၆ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တစောင်တွင်“ဤအမှုကို လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကို လည်း အရေးယူ တရားစွဲဆိုထားခြင်း တစုံတရာမရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၄ တို့အရ ဆက်လက် တားဆီးရန် အစိုးရအဖွဲ့၏ ကြိုတင် ခွင့်ပြုချက်ဖြင့် စုစုပေါင်း (၄)နှစ် (၆)လ တားဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရယူပြီး တကြိမ်လျှင် တနှစ်ထက်မပိုစေဘဲ (၅)နှစ် အထိ ဆက်လက် တား ဆီးမှုပြုလုပ်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တည်ဆဲဥပဒေအရ နောက်ထပ် (၆)လ ဆက်လက်တား ဆီးထားနိုင်ခွင့်ရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ ရှင်းလင်း ပြောကြားချက်ကို ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

 (ဧရာဝတီသတင်းဌာန)

ဒေါ်အောင်ဆန်းစုကြည် သက်သေ ၃ ဦး အပယ်ခံရ

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ ရေကူးဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တရား ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်ဘက်က တင်သည့် တရားခံပြသက်သေ ၄ ဦးမှ ၃ ဦးကို ယမန်နေ့က ပယ်ချလိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ပြောသည်။

undefined
မေ ၂၆ ရက်နေ့က အင်းစိန်ထောင် အထူးတရားသို့ တရားရင်ဆိုင်ရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)
ယင်းအမှုကို ကြားနာ စစ်ဆေးနေသော အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန်တင်ထားသော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦးကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်ဟု NLD ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင် က ပြောပြသည်။

ဦးအုန်းကြိုင် က “ပယ်လိုက်တဲ့ အကြောင်းကတော့ ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ လို့ပြောပါတယ်”ဟု
ဧရာဝတီသို့ ပြောသည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေများကို ပြီးခဲ့သည့် အင်္ဂါနေ့က တရားရုံးသို့ တင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ တရားရုံးပိတ်ချိန်တွင်မှ ယခုကဲ့သို့ ပယ်ချသော စီရင်ချက်ကို ချမှတ်ခြင်းဖြစ်သည့်အတွက်ကန့်ကွက်လွှာ တင်ရန် အချိန်မရကြောင်းနှင့် တရားရုံး၏ လုပ်ဆောင်ချက်သည် မျှတမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ကြီးများက ပြောကြားသည်ဟုလည်း ဦးအုန်းကြိုင်က ဆိုသည်။

“ရှေ့နေကြီးတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းက တရားရုံး စီရင်ချက်ကို မငြင်းနိုင်သော်လည်း ဒါ ဟာ မမျှတ ပါဘူးလို့ ပြောကြတယ်၊ လက်ခံနိုင်ဖွယ်မရှိပါဘူးလို့လည်း တရားသူကြီးကို ချက်ချင်းပြောတယ်၊ တရားရုံး ထုံးစံ အတိုင်း စီရင်ချက်ကို ကူးမယ်၊ ကူးပြီးရင် ကန့်ကွက်လွှာတင်မယ်ပေါ့၊ အဲဒီလို လုပ်မယ့်အခါမှာ ရုံးတံခါးက ပိတ် ထားပြီတဲ့ မဖွင့်ပေးတော့ဘူး၊ တရားသူကြီးက ပြန်သွားတယ်၊ ဦးဉာဏ်ဝင်းတို့ ပြန်ပြောပြတာက ကန့်ကွက်လွှာ တင်ဖို့တောင် ပိတ်ပင်ခံရပါတယ်၊ မမျှတပါဘူးတဲ့”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင်ပြုခဲ့သော လပွတ္တာ အမတ် ဦးကြည်ဝင်း ကို ယနေ့တွင် စစ်ဆေးမည်ဖြစ်သည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

“ကျနော့် အထင် ဦးတင်ဦး ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ဘဝကတည်းက သိခဲ့တယ်၊ ဗိုလ်ချုပ်ကို လည်း သိတယ်၊ ဆရာ ဦးဝင်းတင်ဆိုတာကလည်း ရှစ်လေးလုံး မတိုင်ခင်ကတည်းက ဒေါ်စုနဲ့သိတယ်၊ နောက် ဒေါ်စုရဲ့ နိုင်ငံရေး စိတ်နေ စိတ်ထားတွေ၊ သူ့ရဲ့ ကိုယ်ကျင့်တရားတွေ၊ နိုင်ငံရေးရည်မှန်းချက်တွေကို ကောင်း ကောင်း သိတဲ့လူ၊ ဦးကြည်ဝင်း ဆိုတာကလည်း ဥပဒေ ပညာရှင်ကြီး၊ နောက် ဒေါ်ခင်မို့မို့ကလည်း ရှေ့နေပဲ၊

အဲဒီတော့ ဒေါ်စု ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီး ၂ ယောက်ကပြောပြီးတော့ ကျန် ၂ ယောက်က ဥပဒေနဲ့ ပတ် သက်တာတွေ ပြောမယ်လို့ ကျနော်တော့ အဲဒီလိုထင်တယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ် ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

မေလ၂၆ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တစောင်တွင်“ဤအမှုကို လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကို လည်း အရေးယူ တရားစွဲဆိုထားခြင်း တစုံတရာမရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၄ တို့အရ ဆက်လက် တားဆီးရန် အစိုးရအဖွဲ့၏ ကြိုတင် ခွင့်ပြုချက်ဖြင့် စုစုပေါင်း (၄)နှစ် (၆)လ တားဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရယူပြီး တကြိမ်လျှင် တနှစ်ထက်မပိုစေဘဲ (၅)နှစ် အထိ ဆက်လက် တား ဆီးမှုပြုလုပ်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တည်ဆဲဥပဒေအရ နောက်ထပ် (၆)လ ဆက်လက်တား ဆီးထားနိုင်ခွင့်ရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ ရှင်းလင်း ပြောကြားချက်ကို ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, May 26, 2009

ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ချေပ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား စွဲချက်တင်ထားသော တားဆီးကန့်သတ်မိန့် ချိုးဖောက်မှုနှင့် ပတ်သက်ပြီး မည်သည့် ဥပဒေကိုမျှ ကျူးလွန် ချိုးဖောက်ခြင်းမရှိကြောင်း အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ယနေ့ ထွက်ဆိုသွားသည်။

အဆိုပါ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ၎င်း၏ အိမ်သို့ ရေကူးဝင်ရောက်သည့် အမှုနှင့်ပတ်သက်ပြီး တရားရုံးက စစ်ဆေး မေးမြန်းသည်ကို ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေနှင့် မည်သည့် ဥပဒေမျှမချိုးဖောက် ခဲ့ဟု တရားခွင်သို့ရောက်ရှိနေသော သတင်းထောက်များနှင့် သံတမန်များ၏ ရှေ့မှောက်တွင် ပြန်လည်ဖြေ ကြား သွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ဂျွန် ဝီလျံ ယက်ထောအမှုနှင့်ပတ်သက်ပြီး ရှင်းလင်းချက်များကို Statement (ကြေညာချက်) တစောင် ရေး၍ တရားရုံးသို့ တင်ပြပြီး တရားရုံး၏ စစ်ဆေး မေးမြန်းချက်များကို ခုခံဖြေဆို သွားသည်ဟု ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကလည်း ပြောဆိုသည်။    

“သူ့ Statement မှာ ဘယ်လိုပြစ်မှုမှ မကျူးလွန်ကြောင်း အခိုင်အမာ ပြောထားပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ သူဟာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ အထိန်းသိမ်းခံနေရသူ တဦးဖြစ်နေတယ်လို့လည်း ဆိုပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဂျွန် ယက်ထော ၎င်းအိမ်ဝင်ရောက်လာခြင်းနှင့် ပတ်သက်ပြီး အတူနေသူ ဒေါ်ခင်ခင်ဝင်း တို့ သားအမိကိုလည်း အသိအပေးနှိုးဆော်ထားသည်ဟု ဆိုသည်။

“ကျမ သူ့ကို ခဏတာ ခွင်ပြုခဲ့ပါတယ်”ဟု တရားရုံး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားလိုက်ပြီး အစားအစာများလည်း ဂျွန်ယက်ထောကို ကျွေးမွေး ခဲ့ကြောင်း ပြောဆိုခဲ့သည်။

၎င်း ဂျွန် ယက်ထော ဝင်ရောက်လာခြင်းအား သက်ဆိုင်ရာသို့ သတင်းပို့မှုမရှိခြင်းနှင့် ပတ်သက်ပြီး တရားရုံး၏ မေးမြန်းချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေနှင့် လုံခြုံရေးများဖြင့် အကျဉ်းချခံထားရသူတဦးဖြစ်၍ သတင်းမပို့နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဦးဉာဏ်ဝင်းက“သူ မစ္စတာ ယက်ထောကို ဘယ်လို တွေ့ဆုံတယ်၊ ပထမ အကြိမ် မတွေ့ဘူး၊ ဒုတိယအကြိမ် တွေ့တယ်၊ သူက ခေတ္တခွင့်ပြုခဲ့တာတွေ၊ ဒါ သူဘာကြောင့်လုပ်တယ်၊ အဲဒါတွေ သူရှင်းပြထားတယ်၊ ဒါနဲ့ပတ် သက် ပြီး သတင်းမပို့ လို့ ဆိုပြီးစွဲတာကို၊ ဘာဖြစ်လို့ ဒီလိုလုပ်သလဲဆိုတော့ သူ့အနေနဲ့ သတင်းမပို့တာ မှန်တယ်၊ ဘာကြောင့် မပို့ဘူးလဲဆိုတော့ သူကိုယ်တိုင် အကျဉ်းကျနေတယ်၊ ဒီအချိန်မှာ အဲဒီလိုသတင်းပို့တဲ့အလုပ်မျိုး နိုင်ငံရေးယုံကြည်ချက်ကြောင့် သူမလုပ်နိုင်ဘူးလို့ တရားရုံးကို Statement နဲ့ ရှင်းပြပါတယ်”ဟု ဧရာဝတီသို့ ပြောပြသည်။

မစ္စတာ ဂျွန် ဝီလျံ ယက်ထောသည် အင်လျားကန်ဘက်က လာသည်ကိုသာ သိရှိခဲ့ပြီး မည်သည့် လမ်းဘက်က လာသည်ကိုမူ အလင်းရောင်မရှိသည့်အချိန်ဖြစ်၍ မသိရှိဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ယနေ့တွင် ၇ ရက်မြောက် ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ရာ တရားခွင်သို့ ပြည်တွင်းပြည်ပ သတင်းဌာနများမှ မြန်မာနိုင်ငံသား သတင်းထောက် ၁၀ ဦးခန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် ကို စစ်အာဏာပိုင်များက ဒုတိယ အကြိမ် လာရောက်ခွင့်ပြုခြင်းဖြစ်သည်။

ယင်း သံတမန်များနှင့် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ ရောက်ရှိလာချိန်တွင် လေးစားမှုပြသည့် သင်္ကေတ အနေဖြင့် မတ်တတ်ရပ်ပေးကြကြောင်း၊ တာဝန်ကျ လုံခြုံရေး ရဲက ထိုင်ခိုင်းသော် လည်း မထိုင်ကြဘဲ ဒေါ်အောင်ဆန်းစုကြည် ထိုင်မှ ထိုင်ကြကြောင်း သတင်းထောက် တဦး ကပြောပြသည်။

ထို့နောက် နေ့လယ် ၂ နာရီ ခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည် အမှုစစ်ဆေးခြင်းကို ရုပ်သိမ်းလိုက်၍ သံတမန် များ၊ သတင်းထောက်များနှင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ ပြန်ခဲ့ကြသော်လည်း မစ္စတာ ယက်ထောကို ဆက် လက် စစ်ဆေးနေကြောင်း သိရသည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို မွန်းလွဲ ၁ နာရီ မှ ၂ နာရီခွဲ ခန့် အထိ စစ်ဆေးမေးမြန်းခဲ့ပြီး ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ စသည့် စစ်ဆေးရန်ကျန်ရှိသူများကို မနက်ဖြန်သို့ ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယနေ့ တရားခွင်နှင့်ပတ်သက်ပြီး“ကျနော့် အမြင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Statement ကလည်း သူ ကိုယ်တိုင်ရေးတာ၊ Statement ရော ထွက်ဆိုချက်ရော အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ကို ရိုးရိုးသားသားနဲ့ အမှန်ကိုအမှန်အတိုင်း သတ္တိရှိရှိ ပြောပြနေတယ်လို့ ကျနော် အဲဒီလိုမြင်တယ်”ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

 ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ယင်းမေလ ၁၈ ရက် တနင်္လာနေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး ယနေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တစောင် ထုတ်ပြန်ရာတွင်“ဤအမှုကို လွတ်လပ်ပြီး တရား မျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကိုလည်း အရေးယူ တရား စွဲဆိုထားခြင်း တစုံတရာ မရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။

 (ဧရာဝတီသတင်းဌာန)

Monday, May 25, 2009

စွမ်းအားရှင်များ စရိတ်ငြိမ်းတနေ့ ၂ ထောင်ရ

အင်းစိန်ထောင်နှင့် အနီးတ၀ိုက်တွင် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းကတည်းက ယနေ့ထိ စွမ်းအားရှင်နှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင် ၅၀၀ ကျော်ခန့်ကို တရက် ကျပ် ၂ ထောင်နှုန်းနှင့် အခကြေးငွေပေးကာ ငှားရမ်းထားကြောင်း သိရသည်။

ထိုစွမ်းအားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များမှာ ဒေါပုံ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့တွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

 “ဒေါပုံက ပါတယ်၊ ရွှေပြည်သာနဲ့ လှိုင်သာယာက ပါတယ်၊ နောက် အင်းစိန်ထဲက တချို့ပါတယ်။ သူတို့ကို မနက် ၈ နာရီဆိုရင် စုရပ်တွေမှာ သွားကြိုပေးရတယ်၊ နေ့လယ်စာကျွေးရတယ်၊ တနေ့ ၂ ထောင်ပေးရတယ်၊ တကယ်လို့ ပြဿနာဖြစ်တယ် ဖမ်းရမယ်၊ ရိုက်ရမယ် ဆိုရင် တယောက်ကို ၂ သောင်းပေးမယ်လို့ ပြောထား တယ်” ဟု အင်းစိန် အနောက် ရွာမ မှ ရယက အဖွဲ့ဝင်တဦးက ပြောပြသည်။

အဆိုပါအဖွဲ့တွင် အမျိုးသမီးများလည်း ပါရှိပြီး လူ ၄၀၀ ကျော်ကို အင်းစိန်ဈေးအရှေ့တွင်  နေရာ ချထားကာ ကျန် ၅၀ ကျော်ကို အင်းစိန်အကျဉ်းထောင် ဘူးဝ၊ ဘုရင့်နောင်လမ်းမ များတွင် နေရာယူထားကြောင်း သိရသည်။

“အမျိုးသမီးတွေကတော့ ထိပ်တန်းအပေါင်ဆိုင်ရှေ့က NLD အဖွဲ့ဝင်တွေနားမှာ ကပ်ပြီး နေရာယူတယ်။ သူတို့က နည်းနည်းထူးခြားရင် လာပြောပေးတယ်” ဟု အဆိုပါ အဖွဲ့အတွင်းမှ ကြီးကြပ်ရေးမှူးတာဝန်ယူထားသူ တဦးက ပြောဆိုသည်။

၎င်းတို့၏ အဓိက တာဝန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကို စောင့်ကြည့်ရန်ဖြစ်ပြီး NLD ဘက်မှ လှုပ်ရှားမှု တစုံတရာ ပြုခဲ့ပါက ထိုအနီးတ၀ိုက်တွင် ၀ှက်ထားသော လက်ကိုင်တုတ်များနှင့် ရိုက်နှက်ရန်၊ ဖမ်းဆီး ချုပ်နှောင်ရန် တာဝန်ပေးထားကြောင်း သိရှိရသည်။

 “တနေ့ ၂ ထောင်နဲ့ နေ့လယ်စာ ကျွေးမယ်ဆိုလို့ လိုက်လာတာ၊ ထိုင်စောင့်ကြည့်ရမယ်လို့ ပြောတယ်” ဟု အဆိုပါ စွမ်းအားရှင်အဖွဲ့တွင် ပါဝင်သော အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောသည်။ ၎င်းသည် လှိုင်သာယာ မြို့နယ်၊ ရွှေလင်ပန်းကျေးရွာက ဖြစ်ပြီး ကျဘန်းအလုပ်သမတဦးဖြစ်သည်။

သူနှင့်အတူ အမျိုးသမီး ၃၀ ကျော်ခန့်ပါဝင်ကြောင်း သိရပြီး ထိုအမျိုးသမီးများမှာ အင်းစိန်ဈေးရှေ့ တွင်လည်းကောင်း၊ ထိပ်တန်းအပေါင်ဆိုင်အနီးတွင်လည်းကောင်း နေရာယူထားကြသည်။

 “သူတို့က အမြဲတမ်း NLD က လူတွေထက် ၁ ဆလောက်ပိုများအောင် ခေါ်ထားတယ်။ အဖွဲ့ချုပ်က လူ ၂၀၀ ဆိုရင် သူတို့က ၄၀၀ ကျော်လောက် ထားတယ်။ ဒါမှ လူအင်အားသုံးပြီး အနိုင်ယူနိုင်မှာ” ဟု အင်းစိန်၊ ပိန္နဲကုန်း ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

 NLD ရုံးရှေ့နှင့် အနီးတ၀ိုက်တွင်လည်း တခြားသော စွမ်းအားရှင်အဖွဲ့ တဖွဲ့ ရှိသေးကြောင်း သိရှိရသည်။

ထိုစွမ်းအားရှင်အဖွဲ့မှာ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးရှေ့ရှိ ကျောက်ဆည်ဓမ္မာရုံထဲတွင် လည်းကောင်း၊ ရေတာရှည်လမ်းတို ထိပ်ရှိ လက်ဖက်ရည်ဆိုင်ထဲတွင် လည်းကောင်း အုပ်စု ၂ စုခွဲကာ နေရာယူထားကြောင်း သိရပြီး စုစုပေါင်း လူ ၅၀ ၀န်းကျင်ခန့်ရှိကြောင်း ရွှေဂုံတိုင်၊ ရေတာရှည်လမ်းတို့တွင် နေထိုင်သူ တဦးက ပြောဆို သည်။

၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းဖြစ်ပွားခဲ့သော လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ လမ်းလျှောက်ပွဲတွင်လည်း အေးချမ်းစွာ လမ်းလျှောက်လာကြသော NLD အဖွဲ့ဝင်များအား ၀င်ရောက် ရိုက်နှက်၍ ဖမ်းဆီးကာ ဒိုင်နာ ကားပေါ်သို့ ဆွဲတင်ခြင်းများကို ပြုလုပ်ခဲ့ကြသူများမှာလည်း နေ့လယ်စာကျွေး၊ နေ့စားခပေးကာ ငှားရမ်းထားသော ကြေးစားများဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နိုင်ငံခြားသားလက်ခံမှုဖြင့် တရားစွဲဆိုနေသည့် အချိန်တွင် NLD အဖွဲ့ဝင်ပေါင်း ၁၀၀ ၀န်းကျင်ခန့်နှင့် တခြား လာရောက် အားပေးသူများ အင်းစိန်ထောင်အနီးတွင် နေ့စဉ် ရှိနေကြသည်။

 (ဧရာဝတီသတင်းဌာန)

ငါတို့အားလုံးရဲ့အမေ

ရဲဝံ့တဲ့ တည်ငြိမ်မှုနဲ့ အတူ ခိုင်ခိုင်မတ်မတ် ခြေလှမ်းတွေ
undefinedဖြောင့်မတ်မှန်ကန်တဲ့ ဦးဆောင်မှုခြေလှမ်းများဖြင့်

ငါတို့အားလုံးရဲ့အမေ
ယမ်းမုန်တိုင်းတွေ
ဝေနေချိန်တုန်းကလေ
အမေဟာနောက်မတွန့်ပါ … ရင်ဆိုင်နေ....
မျှားတစင်းရဲ့ အားမာန်တွေ….
ငါတို့အားလုံးရဲ့အမေ…။

သွေးမုန်တိုင်းတွေ
ထန်နေချိန်တုန်းကလေ
အမေဟာ ရဲဝံ့စွာ...ရင်ဆိုင်နေ ……
သိန်းစွန်ငှက် ၀ိဥာဉ်တွေ….
ငါတို့အားလုံးရဲ့ အမေ… ။

ဗမာပြည်သစ်ရဲ့
ခယောင်းတောလမ်းထက်မှာ
ရဲရင့်စွာ ကျော်ဖြတ်ဆဲ....
ကမ္ဘာမြေတ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ
ငါတို့အားလုံးရဲ့အမေ…..။

အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ
ရန်သူအားလုံးကို အနိုင်ယူမလေ ….
ကျောင်းသားထု သွေးညီဟေ
မျှော်ရည်အားသစ်စေ....။

Saturday, May 23, 2009

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိ

အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်းတွင် အပြစ် မရှိ ကြောင်း သောကြာနေ့က တရားရုံးတွင် ဖြေကြားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးလည်းဖြစ်သူ ဦးဉာဏ်ဝင်းက“အပြစ်ရှိလား မရှိဘူးလားလို့ တရားရုံးက မေးတယ်၊ ဒါ လုပ်ထုံးလုပ်နည်းပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိဘူးလို့ ပြောပါတယ်၊ ဘာကြောင့် အပြစ်မရှိဘူးလဲလို့ ဆက်မေးပါတယ်၊ ဆက်မေးတော့ ဒေါ်အောင်ဆန်းစုကြည်က သူဘာပြစ်မှုမှ မကျူးလွန်လို့ အပြစ်မရှိဘူးလို့ ဖြေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ အမှုရင်ဆိုင်နေရသူများဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် ဂျွန် ဝီလျံ ယက်ထော တို့က ၎င်းတို့တွင် အပြစ်မရှိကြောင်း ဖြေကြား ကြသည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား တားဆီးကန့်သတ်မိန့် ဖောက်ဖျက်သည့် ပုဒ်မ ၂၂ ဖြင့် ရဲ တပ်ဖွဲ့က စွဲဆိုလွှာ တင်ထားသည်ကိုလည်း ယမန်နေ့တွင်ပင် တရားရုံး က စွဲချက်တင်(Charge) ကြောင်း သိရသည်။

တရားလိုပြသက်သေများဖြစ်သော ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့် လဝက အရာရှိ တဦးတို့ကိုလည်း စစ်ဆေးကြားနာ သည်ဟု ဉာဏ်ဝင်းက ပြောဆိုသည်။

“မနေ့က ရဲမှူးကြီး ဝင်းနိုင်ထွန်းနဲ့ လဝက က အရာရှိတယောက်ကို စစ်တယ်၊ ရဲမှူးကြီး ဝင်းနိုင်ထွန်းက ဒေါ်အောင် ဆန်းစုကြည်ကို ဘာဖြစ်လို့ တရားစွဲတယ်ဆိုတာကို အဓိက လာပြောတဲ့ ပုဂ္ဂိုလ်ပါ၊ သူက တရားလိုပြ သက်သေ စတင် တုန်းက မပါဘူး၊ နောက်ဆက်တွဲအနေနဲ့ ထည့်ထားတာ၊ လဝက အရာရှိကတော့ မစ္စတာ ယက်ထော ကို စွဲထားတဲ့ တရားမဝင် ဝင်ရောက်မှုအတွက် သက်သေခံပေးတာ”ဟု ၎င်းက ရှင်းပြသည်။

မစ္စတာ ယက်ထောကို စစ်ဆေးမေးမြန်းရာတွင် မစ္စတာ ယက်ထောက ၎င်းတွင် အပြစ်မရှိကြောင်းနှင့် တရား ရုံးတွင် အစိုးရဘက်က သက်သေခံ ပစ္စည်းအဖြစ်တင်ပြထားသော အမျိုးသမီး ဝတ်စုံ ၂ စုံမှာ မွတ်စလင် အမျိုး သမီး ဝတ်စုံ မဟုတ်ကြောင်း ငြင်းဆိုသွားသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“မစ္စတာ ယက်ထောကို ဘာကြောင့် အပြစ်မရှိဘူးလည်း မေးတော့ သူက ဒေါ်အောင်ဆန်းစုကြည်မှာ အန္တရာယ် ဖြစ်နိုင်တဲ့ အလားအလာကို မြင်လို့ လာပြီး သတိပေးနှိုးဆော်တာလို့ ပြန်ဖြေပါတယ်၊ သူနဲ့ပတ်သက်တဲ့ သီးခြား၂ မှုရှိတယ်၊ တမှုက စည်ပင်ဥပဒေနဲ့အင်းလျား ကန်ထဲ ရေကူးလို့ ဆိုတာရယ်၊ နောက်တမှုက လဝက ဥပဒေ ၁၃(၁) ဆိုတာ တရားမဝင် ဝင်ရောက်မှု ၊ အဲဒါတွေနဲ့ပတ်သက်ပြီး သူ့ကိုလည်း မေးပါတယ်၊ သူကလည်း အပြစ် မရှိဘူးလို့ ပြောပါတယ်”ဟု ၎င်းက ပြောသည်။

ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“အမှုတွဲထဲမှာရေးထားတဲ့ မွတ်စလင် အမျိုးသမီး ဝတ်စုံ ဆိုတာကို မစ္စတာ ယက်ထောက လက်မခံဘူး၊ မွတ်စလင် အမျိုးသမီး ဝတ်စုံ မဟုတ်ဘူးတဲ့၊ ဒါသူ့ရဲ့ အမြင်အာရုံထဲမှာ တွေ့တဲ့ ဝတ်စုံပါလို့ သူ့ ရှေ့နေကနေ တဆင့် ကျနော်တို့ မေးလို့ အဲဒါကို သိရတယ်၊ ဒီ ဝတ်စုံတွေက သူယူလာတာလို့ တော့ ပြောပါတယ်”ဟု ဆိုသည်။

လက်ရှိအခြေအနေအရ အင်းစိန်ထောင် ဧည့်ရိပ်သာတခုတွင် နေထိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကောင်းမွန်စွာ နေထိုင်နေရသော်လည်း ပြင်ပ သတင်းများကို သိရှခွင့် မရ ကြောင်းလည်း သိရသည်။

“သူ့မှာ ပြင်ပသတင်းကို ဘာမှ မရဘူး၊ ရေဒီယိုလည်း မရှိ၊ တယ်လီဗေးရှင်းလည်း မရှိဘူး၊ ဘာမှမရှိဘူး၊ သတင်း စာ လည်း မရဘူးလို့ထင်ပါတယ်၊ ကျနော်တို့နဲ့ ပြောတာကတော့ အမှုကိစ္စတွေ ဖြစ်ပါတယ်၊ နေရေးထိုင်ရေး လည်း အဆင်ပြေတယ်လို့ ပြောပါတယ်၊ ကျန်မာရေး စောင့်ရှောက်မှုလည်း အဆင်ပြေပါတယ်၊ အရင်အတိုင်း ဖျတ်ဖျတ်လတ်လတ် သွက်သွက် လက်လက် ပါပဲ၊ ဒေါ်ခင်ခင်ဝင်းတို့နဲ့အတူတူ ထားပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ပြီးခဲ့သည့် တနင်္လာနေ့မှစတင်၍ သောကြာနေ့အထိ ၅ ရက်ဆက် စစ်ဆေး ကြားနာရာတွင် တရားရုံး၏ ဆောင်ရွက်ချက်များအပေါ် ကျေနပ်မှုမရှိကြောင်း၊ အမှုနှင့်ပတ်သက်ပြီး တင်ပြ ချက်များသည် ဥပဒေအရ ခိုင်လုံမှုမရှိဟု မြင်ကြောင်းလည်း ၎င်းက ဆိုသည်။

“အမှုအပေါ်မှာ ကျနော်တို့အမြင်ကတော့ သူတို့က စွပ်စွဲပေမယ့် သူတို့ တင်ပြနေတဲ့ အချက်တွေက ဥပဒေအရ သိပ်မခိုင်လုံဘူးလို့ မြင်ပါတယ်၊ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာကတော့ သူတို့ဘက်မှာပဲ တည်လိမ့်မယ်၊ အဲဒါ တော့ ကျနော်တို့ မပြောတတ်ဘူး၊ တရားဥပဒေ အမြင်အရပဲ ကျနော်တို့ ပြောနိုင်တယ်”ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။

ယမန်နေ့ကပင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော သတင်းသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးမှုများ တိုးမြှင့် စေရန်ရည်ရွယ်သည့် အတိုက်အခံအင်အားစုများ၏ လုပ်ကြံမှုတစိတ်တပိုင်းဖြစ်သည်ဟု ပြောကြားသည်။

အမေရိကန်၊ ဂျပန် နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည်သုံးသပ်နေသည့် အချိန်တွင် ပြည်တွင်းပြည်ပမှအတိုက်အခံအဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြှင့်ပြုလုပ်စေရန်အတွက် အချိန်ကိုက် ဖန်တီးမှုတရပ်ဖြစ်နိုင်သည်ဟု တနင်္လာနေ့ က ဂျပန်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဟီရိုဖုမိနာကာဆိုနဲနှင့် တယ်လီဖုန်းဖြင့် ပြောကြားရာတွင် ဦးဉာဏ်ဝင်းက ပြောကြားလိုက် ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

Thursday, May 21, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ

အင်းစိန် ထောင်ဘူးဝနားတွင် ငုတ်တုတ် ထိုင်လိုက်၊ အင်းစိန်ထောင် ဘေးတွင် လမ်းလျှောက်လိုက် လုပ်နေသော သူတို့ကို ညိုဝါရောင် ယူနီဖောင်းနှင့် အကျဉ်းထောင် လုံခြုံရေးဌာနမှ ၀န်ထမ်းများနှင့် ယူနီဖောင်း မီးခိုးပြာရောင်ဝတ် ရဲများက ထောင်နားတွင် မနေရန် ပြောဆို မောင်းထုတ်ခဲ့သည်။

သို့သော်လည်း သူတို့သုံးဦးစလုံး အင်းစိန်ထောင် ပတ်ဝန်းကျင်က မခွာဘဲ စောင့်နေခဲ့ကြသည်မှာ မေလ ၁၈ ရက်နေ့ကတည်းကဖြစ်သည်။

နေဘယ်လောက် ပူပူ၊ မိုးဘယ်လိုပင် ရွာရွာ သူတို့က အမိုးအကာကင်းမဲ့သည့် ကြားမှ ခေါင်းမာ၊ ပေကပ်စွာ၊ ကြောက်ရွံ့ခြင်း ကင်းလျှက် စောင့်ခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ကတော့ ဒေါ်စုကို လာအားပေးတာပါ။ ကျနော်တို့ ရှိတာကိုသိသိ၊ မသိသိ လာအားပေးချင်တဲ့ စိတ်နဲ့ကို လာတာ” ဟုအသက် ၃၅ နှစ်အရွယ် ကိုမျိုးကြီးက ပြောပြသည်။

အသားညိုသည့်ကြားထဲ နေပူလောင်ထားသည့်အတွက် သူ့မျက်နှာတပြင်လုံး မည်းညစ်လျက်ရှိပြီး ချွေးများကလည်း သူဝတ်ထားသော အင်္ကျီအဖြူတွင် ရွှဲစိုနေသေးသည်။ သို့တိုင်အောင် သူ့မျက်နှာတွင် အပြုံးများရှိနေပြီး သူတို့ကို  ရဲများနှင့် ရယကများက မောင်းထုတ်သည့် အကြောင်း ပြောပြသည်။

“ပထမတော့ ကြောက်စိတ်ဝင်လာတယ်၊ ပြီးတော့ မခံချင်ဖြစ်မိတယ်။ ကျနော်တို့ဘာသာ ကျနော်တို့ အများပြည်သူ လျှောက်လို့ရတဲ့ လမ်းမှာလျှောက်တယ်၊ လမ်းဘေးသစ်ပင်အောက်မှာထိုင်တယ်၊ အဲဒါ ဘာ မောင်းထုတ်စရာ ရှိလဲ၊ သူများတွေလည်း ဒီလိုပဲ သွားကြလာကြတာ၊ သူတို့ လမ်းပိတ်ထားတဲ့ထဲကို သွားလို့ မောင်းထုတ်တယ် ဆိုရင် တမျိုးပေါ့။ အဲဒါနဲ့ သူတို့ မောင်းထုတ်ယုံမကလို့ အချုပ်ကားပေါ် ဆွဲတင်ရင် တင်ပါစေ ဆိုပြီး နေရာ ပြောင်းပြောင်းပြီး နေနေတာ၊ အဲလို လုပ်နေတော့ သူတို့လည်း စိတ်ပျက်ပျက်နဲ့ ခဏခဏ လာ မောင်းထုတ်လိုက် သူတို့နေရာ ပြန်သွားလိုက်နဲ့ ကစားနေရသလိုပဲ အပျင်းပြေတယ်” ဟု သူက ရယ်ရင်း ပြောသည်။

ထောင်ဘူးဝတွင် ရပ်နေသူ များသဖြင့် ထောင်ဝင်စာတွေ့မည့်သူများကိုသာ တွေ့မည့်သူနာမည်၊ အိမ်ထောင်စု စာရင်း စသည်တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး ထောင်ဝန်းအတွင်း ၀င်ခိုင်းသည်။ ထောင်ဝင်စာ တွေ့ရန်လာသူ မဟုတ်လျှင် ထောင်အနားတွင် မနေရန် မောင်းထုတ်သည်။

အကျဉ်းထောင် မျက်နှာချင်းဆိုင်ရှိ  ကျော် လက်ဖက်ရည်ဆိုင်နှင့် ငွေလသာ စားသောက်ဆိုင်တို့တွင်လည်း လူများ ဆိုင်လုံးပြည့် ထိုင်နေကြသောကြောင့် သူတို့ ၃ ဦးမှာ အင်းစိန်ထောင်ရှေ့ရှိ ကွမ်းယာဆိုင်လေးများတွင် ထိုင်၍ တမျိုး၊ ထောင်ဘေး ဘုရင့်နောင်လမ်းမကြီးပေါ်တွင် လမ်းလျှောက်၍၊ ရပ်၍ တမျိုး၊ အရိပ်ရ သစ်ပင် များအောက်တွင် ထိုင်ကာတသွယ် ပြုလုပ်ရင်း သူတို့ ချစ်ခင်ကြည်ညိုသော ဒေါ်အောင်ဆန်းစုကြည်ကို အားပေးနေကြသည်ဟု ပြောပြသည်။

သူတို့လိုပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်အဖွဲ့၊ အမျိုးသမီးများအဖွဲ့ဝင်များကိုလည်း ၂ ဦးတစု၊ ၃ ဦးတစုဖြင့် နံနက် ၉နာရီ ထိုးပြီးသည်နှင့် တဖွဲဖွဲ အဖွဲ့လိုက် ရောက်လာကြသည်ကို တွေ့ရသည်။

သူတို့ အားလုံး အင်းစိန်ထောင် ပတ်ဝန်းကျင်၌ပင် ရပ်လိုက်၊ လမ်းလျှောက်လိုက် ထိုင်လိုက်နှင့် နံနက် ၁၀ နာရီ ၀န်းကျင်မှ ညနေ ၃ နာရီ ကျော် ၄ နာရီထိ ရှိနေခဲ့ကြသည်။

“အရင်နေ့တွေက ဆရာ ဦးဝင်းတင် လာသေးတယ်။ မနေ့ကဆို နေပူနေတော့ ဆရာ့ကို ရှေ့က လက်ဖက်ရည် ဆိုင်မှာ ထိုင်စောင့်ပါလို့ ပြောတာမရဘူး၊ ကျနော်တို့နဲ့ လာရပ်စောင့်နေတယ်ဗျာ။ ဒီနေ့လည်း လာမယ်လို့ ပြောတယ်” ဟု ရန်ကုန်တိုင်း NLD လူငယ် အဖွဲ့ဝင်တဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် အသက် ၇၀ ကျော် ၈၀ နီးပါးရှိ သတင်းစာဆရာကြီး ဦးဝင်းတင်သည် နေကျဲကျဲတောက် ပူနေသည့်ကြားမှ ဘတ်စ်ကားတိုးဝှေ့စီးပြီး ထီးဆောင်းကာ တခြား NLD အဖွဲ့ဝင်များနှင့်အတူ လာရောက်၍ စောင့်ကြည့်လေ့ရှိကြောင်း သိရသည်။ ဦးဝင်းတင်ကို အထူးစောင့်ကြည့်နေသူများ ရှိသည်ဟု သိရသည်။

“ဆရာ ဦးဝင်းတင် ဘယ်သွားသွား ဘတ်စ်ကားပဲ စီးတော့ သူ့နောက်လိုက်နေတဲ့ သူတွေက အောင့် သက်သက်နဲ့ ဘတ်စ်ကားလိုက်စီးရတော့တာပဲ။ နောက်ကတော့ တောက်လျှောက်ကို လိုက်နေကြတာ။ ဒီကိုလာတော့လည်း ပါလာတယ်၊ ဆရာရပ်တာကို မြင်နိုင်တဲ့ နေရာကနေ စောင့်ကြည့်ကြတယ်” ဟု NLD လူငယ်တဦးက ပြောပြသည်။

NLD လူငယ်အဖွဲ့ဝင်တချို့နှင့် အမျိုးသမီးအဖွဲ့ဝင်တချို့တို့သည် မေလ ၁၅ ရက်နေ့ ကတည်းက ရုံးချိန်းရှိသည့် ရက်တိုင်း နံနက်မှ ညနေ ရုံးဆင်းချိန်အထိ တနေကုန်လာစောင့်နေကြကာ ညနေ ရုံးချိန်းသိရမှ ၎င်းတို့ရုံးချုပ်သို့ ပြန်၍ သတင်းပို့ရသည်ဟု ဆိုသည်။

“ရုံးမှာ ကျန်နေခဲ့ရတဲ့ လူတွေလည်း အရမ်းလာချင်ကြတယ်။ လူခွဲလာကြရတာလေ။ ကျမတို့ကတော့ အန်တီ့ အကြောင်းကို ရသမျှ စုံစမ်းကြည့်နေတာပဲ။ အန်တီ့ကို အားလုံးက ရည်ရည်မွန်မွန် ဆက်ဆံ တယ်။ အစား အသောက်လည်း ကောင်းကောင်းမွန်မွန် ကျွေးတယ်လို့တော့ ကြားရတာပဲ” ဟု NLD ဗဟို အမျိုးသမီးအဖွဲ့မှ အသက် ၅၀ ၀န်းကျင်အရွယ် အမျိုးသမီးကြီးတဦးကပြောပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူကြားနာနိုင်သော တရားခွင်တွင် စစ်ဆေးရန် တောင်းဆို ခဲ့သော်လည်း ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် တံခါးပိတ်ကြားနာခြင်းသာ ပြုလုပ်ခဲ့သဖြင့် NLD အဖွဲ့ဝင်များက ၎င်းတို့ဆန္ဒကို ထုတ်ဖော်သည့်အနေနှင့် လာရောက် ထိုင်စောင့် နေကြခြင်း ဖြစ်ကြောင်း NLD လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

စစ်အစိုးရက ၂၀ ရက်နေ့တရက်ကိုသာ တရားခွင်သို့ သတင်းထောက်များနှင့် သံတမန်များကို ဝင်ခွင့် ပေးခဲ့သည်။

NLD အဖွဲ့ဝင်တို့သည် လက်ရှိအခြေအနေတွင် ရုံးတွင်းကိစ္စများကို ဆောင်ရွက်ခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုတောင်းပေးခြင်းများ ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။

“ဘယ်လိုလုပ်ပြီး အဖွဲ့ချုပ်က ခရီးစရိတ်ပေးနိုင်မှာလဲ။ ဘာမှ မပေးနိုင်ဘူး။ ကျမတို့က ကိုယ့်ထမင်း ကိုယ်စားပြီး နိုင်ငံရေး လုပ်လာတဲ့သူတွေပဲ။ ခုလည်း ကိုယ့်အိမ်က ပိုက်ဆံနဲ့ ကိုယ့်ထမင်းဘူးနဲ့ လာခဲ့တာ” ဟု အမျိုးသမီး အဖွဲ့မှ အဖွဲ့ဝင်တဦးက ဆိုသည်။

သူတို့အဖွဲ့နှင့် မလှမ်းမကမ်းတွင် ရဲများ၊ ရယကများက သူတို့ကို စူးစိုက်ကြည့် လျက်ရှိပြီး ထောင်ဘေး တလျှောက်တွင်လည်း ရဲအပြည့်ပါသော ရဲကားများမှာ ပေ ၅၀ တစီး နှုန်းဖြင့် ခပ်စိပ်စိပ် ချထားသည်ကို တွေ့ရသည်။

ယနေ့ထိတိုင် အင်းစိန်ဈေးနှင့် ခုံးကျော်တံတား လမ်းသည်လည်း ပိတ်ထားဆဲဖြစ်ပြီး ထောင်ဝင်စာ တွေ့ခွင့်ကို လည်း ကန့်သတ်ထားသောကြောင့် အများစုမှာ ထောင်ဝင်စာတွေ့ရန် အခက်အခဲ ရှိနေကြသည်။

“ထောင်ထဲကို ပေးချင်တာရှိရင် သေချာ စာရင်းနဲ့ ထားခဲ့လို့ရတယ်။ ထောင်ထဲက လူတွေနဲ့တော့ တွေ့ခွင့်မရ ခဲ့ဘူး” ဟု ယနေ့ နံနက်တွင် ထောင်ဝင်စာ လာတွေ့သူ တဦးက ပြောပြသည်။

 (ဧရာဝတီသတင်းဌာန)

ဒေါ်အောင်ဆန်းစုကြည်အမှုကို လေးရက်မြောက် ဆက်လက်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျီ ယက်ထော နှင့် ပတ်သက် သည့် အမှုကို အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ယနေ့တွင် လေးရက်မြောက်နေ့အဖြစ် ဆက်လက်ကြားနာ စစ်ဆေးကြောင်း NLD က ပြောသည်။

သက်သေခံပစ္စည်းများနှင့် ပတ်သက်ပြီး ယနေ့တွင် တရားလိုပြ သက်သေများဖြစ်သော ဂျွန် ဝီလျံ ယက်ထော တည်းခိုသည့် ရန်ကုန် မြို့ရှိ ဗျူးတီးလန်း ဟိုတယ် မန်နေဂျာ ဦးကျော်သူ အပါအ၀င် ၄ ဦးနှင့် ယမန်နေ့ က စစ်ဆေးလက်စ တဦးကို စစ်ဆေးသည်ဟု NLD ပြန်ကြားရေး အဖွဲ့မှ ဦးအုန်းကြိုင်က ပြောဆိုသည်။

“သက်သေခံ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဒီနေ့ တရားလိုသက်သေတွေကို ဆက်စစ်ဆေးတာပါ၊ အဲဒီအထဲက ရဲတဦးက ဗီဒီယို မှတ်တမ်း တခွေ ဖွင့်ပြတယ်လို့ သိရတယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပုံတွေတော့ မပါဘူးတဲ့” ဟု ဦးအုန်းကြိုင်က ပြောသည်။

ယနေ့တွင် နိုင်ငံခြား သံတမန်များနှင့် သတင်းထောက်များကို တရားခွင်သို့ လာရောက်ခွင့် မပြုတော့ကြောင်း လည်း သိရသည်။

ယမန်နေ့ကလည်း သက်သေခံပစ္စည်းများနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးကြောင်း၊ နိုင်ငံခြား သံတမန်များ သတင်းထောက်များကို တရားခွင့်သို့ လာရောက်ခွင့်ပြုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ပေး၍ ကောင်းမွန်စွာ ထားရှိကြောင်းတို့ကို ယနေ့ ထုတ် စစ်အစိုးရ သတင်းစာများတွင် ဓာတ်ပုံနှင့် တကွ ဖော်ပြထားသည်။

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, May 19, 2009

ဒေါ်အောင်ဆန်းစုကြည်အမှုကို ဒုတိယနေ့ ဆက်လက်ကြားနာ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ယနေ့တွင် ဆက်လက် စစ်ဆေးကြားနာကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

undefined
အများပြည်သူ ကြားနာခွင့်မရှိသော အင်းစိန်ထောင်တွင်း တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရသည်ကို စိတ်ကူးဖြင့် သရုပ်ဖော်ထားပုံ (ပန်းချီ - ဟန်လေး)
အင်းစိန်ထောင်တွင်း တရားရုံး၌ အမှုကြားနာသည့် ဒုတိယနေ့ဖြစ်သော ယနေ့တွင် တရားလိုပြသက်သေ မှုခင်း တပ်ဖွဲ့မှ ဒု ရဲမှူးကြီး မောင်မောင်ခင် အပါအ၀င် အစိုးရ သက်သေ ၅ ဦးကို ကြားနာ စစ်ဆေး၍ မနက်ဖြန် သို့ ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု ဦးကြည်ဝင်း က ဧရာဝတီသို့ ပြောဆိုသည်။

“တရားလို သက်သေတွေ ဒီနေ့ ထွက်ဆိုသွားတာကတော့၊ ဂျွန် ဝီလျံ ယက်ထောကို ဘယ်လို ဖမ်းဆီးမိတယ် ဆိုတာကို သက်သေပြ ထွက်ဆိုသွားကြတာပါ”ဟု ၎င်းက ပြောသည်။

ယနေ့တွင် မှုခင်းတပ်ဖွဲ့ ဒု ရဲမှူးကြီး မောင်မောင်ခင် ၊ ရဲတပ်ရင်းအမှတ်(၇) မှ ရဲအုပ်သန်းနိုင်နှင့် ဒု တပ်ကြပ် မျိုးလွင်၊ မရမ်းကုန်း မြို့နယ် အမှတ် (၄) ရပ်ကွက် ရယက ဥက္ကဌ ဦးသာစိန် နှင့် ဒု ရဲမှူး မောင်မောင်မြင့် တို့ကို စစ်ဆေး ကြောင်း သိရသည်။

ယမန်နေ့တွင် တရားလို သက်သေ တဦးဖြစ်သူ ဒု ရဲမှူးကြီး ဇော်မင်းအောင်က ၂၀၀၃ ခုနှစ် ကန့်သတ်မိန့် အရ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့သည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ဇော်မင်းအောင် က တရားလိုပြုလုပ်၍ ကန့်သတ်မိန့်နှင့် တားဆီးမိန့်အား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူ ဒေါ်အောင် ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့် ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ အရ လည်း ကောင်း၊ ထိုသို့ ဖောက်ဖျက် ကျူးလွန်သူကို အားပေးကူညီကြသည့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ နှင့် တို့ ၃ ဦးအား ယင်း ဥပဒေ ပုဒ်မ ၂၂ / ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၉ အရ လည်းကောင်း စွဲဆိုထား သည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့် ရှောက်သည့် ဥပဒေ ပုဒ်မ ၇ အရ ၎င်း၏ မူလအခွင့်အရေးများကို ကန့်သတ်မိန့် ထုတ်ပြန်၍ ပုဒ်မ ၁၀(က) အရ ဖမ်းဆီးချုပ်နှောင်မိန့်၊ ပုဒ်မ ၁၀(ခ)/၁၁ တို့အရ တားဆီးမိန့်နှင့် ပုဒ်မ ၁၃/၁၄ တို့အရ ဆက်လက်၍တားဆီး မိန့် များ ထုတ်ပြန်ပြီး ကန့်သတ် တားဆီးထားခဲ့သည်ဟုလည်း သတင်းစာတွင်ပါရှိသည်။

ထို့အပြင် သတင်းစာ၌ ဂျွန် ၀ီလျံ ယက်ထော သည် မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ပြည်ဝင် ဗီဇာ ဖြစ်သော ကမ္ဘာလှည့် ဗီဇာဖြင့် လာရောက် ခဲ့သော်လည်း ဥပဒေအရ ကန့်သတ် တားမြစ်ထားသော စည်းကမ်းသတ်မှတ် ချက်ကို ဖောက် ဖျက်ခဲ့သည့်အတွက် ၎င်းအား လူဝင်မှု ကြီးကြပ် ရေး (အရေးပေါ်ပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ အမှုဖွင့်အရေးယူပေးပါရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ (ပ) ၃၀၁/၂၀၀၉ နှင့် (ပ) ၃၀၂/၂၀၀၉ တို့အရ တိုင်ကြားခဲ့သည်ဟု ရေးသားထားသည်။

မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထူးကလည်း ရေပေးရေးနှင့် သန့်ရှင်းမှု လုပ်ငန်းဆိုင်ရာ နည်းဥပဒေများ (၄၀) အရ ခွင့်ပြုချက်မရှိဘဲ အင်းလျားကန်တွင် ရေကူးခဲ့သူ ဂျွန် ၀ီလျံ ယက်ထော အား စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၈ အရ အရေးယူပေးရန် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး သို့ တိုင်ကြားကြောင်းလည်း သတင်းစာတွင် ပါရှိသည်။

၎င်း ဂျွန် ၀ီလျံ ယက်ထော သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ခြံအနောက်ဘက် အင်းလျားကန် အတွင်းမှ ရေကူးပြီးသွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့နှင့်တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှု ရန် Book of Mormon အမည်ရှိစာအုပ်ကို ခြံဝင်းအတွင်း ချထားပေးခဲ့ကြောင်း သတင်းစာက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဂျွန် ၀ီလျံ ယက်ထော ပထမ အကြိမ် သွားရောက်ခဲ့စဉ်က လုံခြုံ ရေး တပ်ဖွဲ့ ဝင်များကို လာဘ် ငွေပေးပြီး ဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစုဆရာဝန်ဒေါက်တာတင်မျိုးဝင်းက အာဏာ ပိုင်များထံ တိုင်ကြား ခဲ့ဖူးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့မျှအရေးမယူခဲ့ ကြောင်း သိရှိရသည်။  

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး ယမန်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယခု အမှုစစ်ဆေးခြင်းအား အများပြည်သူ ကြားနာခွင့်ပြုသည့် တရားခွင်ဖြစ်စေရန် ၎င်းတို့၏ တင်ပြ တောင်းဆို ချက်ကို သက်ဆိုင်ရာ အာဏာပိုင်များက ယမန်နေ့တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပယ်ချခဲ့သည်ဟု ဦးကြည်ဝင်းက ပြောဆိုသည်။

 (ဧရာဝတီသတင်းဌာန)

Monday, May 18, 2009

ဒေါ်အောင်ဆန်းစုကြည်အမှုကို စတင်ကြားနာ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား အမှုနှင့် ပတ်သက်ပြီး ယနေ့တွင် တရားလိုပြသက်သေ ရဲမှူးကြီးတဦးကို စတင် ကြားနာ စစ်ဆေး၍ မနက်ဖြန်သို့ ရုံးချိန်းပြန်ချိန်းလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောသည်။

ယနေ့ နံနက်ပိုင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး စတင် စစ်ဆေးရာတွင် တရားလို သက်သေ တဦးဖြစ်သူ ယင်း ရဲမှူးကြီးမှ ၂၀၀၃ ခုနှစ်က ကန့်သတ်မိန့် အရ အပြစ်ရှိကြောင်း ထွက်ဆိုသည်ဟု ဦးဉာဏ်ဝင်းက ဧရာဝတီ သို့ ပြောပြသည်။

“မနက် ၁၀ နာရီ ကျော်လောက်ကနေ ၂ နာရီလောက်အထိ အမှုစစ်ဖြစ်တယ်၊ မြောက်ပိုင်း ခရိုင် တရားသူကြီးနဲ့ အနောက်ပိုင်း ခရိုင်တရားသူကြီး ၂ ယောက်ထိုင်တဲ့ ခုံရုံးပါ၊ တရားလို သက်သေထဲက ဒု ရဲမှူးကြီး တယောက်ကို စစ်တယ်၊ သူက ဒေါ်အောင်ဆန်းစုကြည်တို့ ပြစ်မှု ကျူးလွန်တာနဲ့ ပတ်သက်ရင် ကန့်သတ်မှုရှိတယ်လို့ သူကပြော တယ်၊ သူပြောတဲ့ ကန့်သတ်မှုက ၂၀၀၃ ခုနှစ်ကတည်းက ကန့်သတ်မှု၊ ဘာလဲဆိုတော့ ပုဂ္ဂိုလ်ရေး ကန့်သတ်မှု တွေ အဲဒီ တုန်းက လုပ်ထားတယ်၊ ဒါကြောင့် အခု လုပ်ရပ်က ပြစ်မှု ဖြစ်တယ်လို့ သူက ဒီလိုပြောချင်တယ်၊ အဲဒီ တော့ ကျနော်တို့ကလည်း လိုအပ်တဲ့ အပြန်အလှန် မေးခွန်းတွေနဲ့ လုံလုံလောက်လောက် မေးခဲ့ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားသော လူ့အခွင့်အရေး၊ လူတဦးချင်းစီ၏ အခွင့်အရေးများကို ၂၀၀၃ ခုနှစ်က ရုပ်သိမ်းထားသည့် ကန့်သတ်မိန့် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အစိုးရ ဘက်က တရားလိုပြသက်သေ ၂၂ ဦး ရှိပြီး ၎င်းတရားလိုသက်သေများကို အလျင်ဦးစွာ စစ်ဆေးခြင်းဖြစ် သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုအပါအ၀င် ၎င်းနှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် သမီး မ၀င်းမမ၊ ရေကူး ၀င်ရောက် သူ အမေရိကန် နိုင်ငံသား John William Yettaw တို့ကို ရုံးထုတ်ကြောင်း သိရသည်။

ယခုအမှုနှင့်ပတ်သက်ပြီး တရားမျှတသည့် တရားစီရင်ရေးအတွက် စိုးရိမ်မှုရှိကြောင်းလည်း ဦးဉာဏ်ဝင်းက ပြော သည်။

“ကျနော် စိုးရိမ်တာက တရားရုံးက အုပ်ချုပ်ရေးလိုင်းက ပေးတဲ့ အမိန့်အတိုင်း လုပ်တတ်လို့၊ လုပ်လေ့ရှိတယ်လို့ ကြားဖူးနေလို့ ၊ အဲဒါကို စိုးရိမ်တာ၊ နိုင်ငံရေးအမှုတွေမှာ ရုံးတင်ပြီးတော့လွတ်သွားတဲ့အမှု ကျနော်မတွေ့သေးဘူး၊ ဒေါ်စုကို ထောင်ထဲမှာ ထားလိမ့်မယ်လို့ ကျနော်ထင်တယ်၊ သူတို့လုပ်ချင်တဲ့ ဆန္ဒရှိနေတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲက နီးလာပြီ”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး ယနေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

 (ဧရာဝတီသတင်းဌာန)

Thursday, May 14, 2009

ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

စစ်အစိုးရက ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်အား တရားရင်ဆိုင်ရန် မေလ ၁၈ ရက်နေ့သို့ ရက်ချိန်း သတ်မှတ် လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ - အေပီ

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ယနေ့နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာ နေအိမ်မှ ဒေါ်အောင်ဆန်း စုကြည်အား အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ အမှုရင်ဆိုင်ရန် ရက်ချိန်းပေး စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း AFP သတင်း တရပ်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ အမျိုးသမီးတို့ကို ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း ရှေ့နေ ဦးလှမျိုးမြင့်ကလည်း သတင်းထောက်များသို့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရား စွဲဆိုရန် စစ်အာဏာပိုင်များက ယနေ့ နံနက်တွင် ခေါ်ဆောင်သွားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယင်းသို့ ရုံးတင်တရားစွဲဆိုရန် အတွက် ယနေ့နံက် ၇ နာရီတွင် ခေါ်ယူရန် အစီအစဉ်ကို အာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ဒီနေ့တရားရုံးကို အမှုတင်ပါမယ်၊ အင်းစိန်ထောင်တွင်းထဲမှာ တင်မယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယနေ့နံနက် ၉ နာရီ ၀န်းကျင်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ၂ ဦးအား အင်းစိန်ထောင်သို့ အာဏာပိုင်များက ခေါ်ဆောင်လာသည်ကို တွေ့မြင်ရကြောင်းနှင့် NLD အဖွဲ့ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးအောင်သိန်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကြည်ဝင်း၏ လက်ထောက်ရှေ့နေ ဦးလှမျိုးမြင့်တို့လည်း အင်းစိန်ထောင်သို့ ရောက်ရှိနေကြောင်း အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အိမ်တွင် အတူနေသူ အမျိုးသမီး ၂ ဦးကို ယနေ့နံက်က အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခြင်းမှာ အမေရိကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူ ကိစ္စနှင့် ပတ်သက်ပြီး တရားစွဲဆိုရန် ဖြစ်သည်ဟု ကြားသိရကြောင်း  NLD အဖွဲ့ဝင် တဦးကလည်း ပြောဆိုသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw) သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ၎င်း ဂျွန် ၀ီလျံ ယက်ထောအား အမေရိကန် သံရုံးမှ ဒုတိယ အတွင်းဝန် (ကောင်စစ်ဝန်) Mr. Colin P. Furst နှင့် အဖွဲ့က ရန်ကုန်မြို့ရှိ အောင်သပြေ ရိပ်သာ၌ ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်းနှင့် ဂျွန် ၀ီလျံ ယက်ထော၏ ကိုယ်ရေး အကျဉ်းတို့ကို ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်းခဲ့ရာ ယခုလ ၁ ရက်နေ့က ယင်း အယူခံလွှာကို စစ်အာဏာပိုင်များက ပယ်ချခဲ့သည်။ 

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀ (ခ) အရ အရေးယူထားသည်မှာ ဥပဒေနှင့် ညီ မညီ၊ အရေးယူထားသည့် ကာလမှာ ဥပဒေနှင့် ညီ မညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိအနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များပါဝင်သည်။

NLD ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဟံသာမြင့်က စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ရန် မျှော်လင့်မထားကြောင်းနှင့် ယခုကဲ့သို့ ရုံးတင်တရားစွဲဆိုမည့် အစီအစဉ် အထိဖြစ်လာမည်ကိုလည်း ထင်မြင် မထားကြောင်း ပြောဆိုသည်။

(ဧရာဝတီသတင်းဌာန)

ဒေါ်အောင်ဆန်းစုကြည်ကို “သီးသန့်ဧည့်ဂေဟာ” တွင် ထိန်းသိမ်းထား

စစ်အစိုးရက ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန် ထောင်ပရိဝုဏ် အတွင်းရှိ သီးသန့် ဧည့်ဂေဟာတွင် ထိန်းသိမ်းထား ကြောင်း ရှေ့နေကြီးဦးကြည်ဝင်းက ပြောသည်။

ဓာတ်ပုံ - အေပီ
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယခုလဆန်းပိုင်း၌ တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ယနေ့နံနက်ပိုင်းတွင် အကျယ် ချုပ်ထားရာ နေအိမ်မှဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တရားစွဲဆိုခဲ့ပြီးနောက် ယခုကဲ့ သို့ ထိန်းသိမ်းထားခြင်းဖြစ်သည်။

ရှေ့နေကြီးဦးကြည်ဝင်းက“ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ပရိဝုဏ်အတွင်းမှာရှိတဲ့ ထောင်အာဏာပိုင် တွေ ညီလာခံတို့ အစည်းအဝေးတို့လာတက်ရင်နေတဲ့ အဆောက်အဦးမှာထားတယ်”ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားရင်ဆိုင်ရန် မေလ ၁၈  ရက်နေ့သို့ ရက်ချိန်း သတ်မှတ်ထားကြောင်းသိရ သည်။

အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါဝင် အတူနေသော အမျိုးသမီးတို့ကိုလည်း ပုဒ်မ ၂၂ /၁၀၉ ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။ အဆိုပါ စွဲဆိုထားသည့် ပုဒ်မများသည်  ပြစ်မှုထင်ရှားပါက ၃ နှစ်မှ ၅ အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ကျပ် ၅၀၀၀ ကျခံနိုင်ဖွယ် ရှိကြောင်း ရှေ့နေများ ပြောပြချက်အရ သိရ သည်။

စစ် အာဏာပိုင်များ စွဲဆိုထားသည့် ဥပဒေပုဒ်မနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိတွင်အပြစ်မရှိဟု ယုံကြည်ထားကြောင်း ဦးကြည်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ကြောင်း သိရသည်။

ဦးကြည်ဝင်းက“ကျနော်က သူ့ကိုအားပေးရမှာ သူက ကျနော်ကိုပြန်ပြီးအားပေးနေတယ်”ဟု ဆိုသည်။

ရန်ကုန် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ခဲ့သူ ဂျွန် ၀ီလျံ ယက် ထော(Mr. John William Yettaw) ကိုလည်း ယနေ့အတူ ရုံးထုတ်ခဲ့ကြောင်းသိရှိရသည်။

ယမန်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီးဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံတိုင် ကြားခဲ့ဖူးကြောင်း ၊ သို့ရာတွင် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့မျှအရေးမယူခဲ့ကြောင်းသိရှိရသည်။

NLD အဖွဲ့ဝင်များအဆိုအရ ရေကူးဝင်ရောက်လာသော ဂျွန် ၀ီလျံ ယက်ထောကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ နှင်လွှတ်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းကအလွန်ပင်ပန်းနေသဖြင့် ခေတ္တနားခိုခွင့်တောင်းပြီး တစ်ည တည်းခိုသွားခဲ့ကြောင်း သိရသည်။

ဂျွန် ၀ီလျံ ယက်ထောနှင့်ပတ်သက်ပြီး အာဏာပိုင်များက လေ့လာသိရှိထားပြီးဖြစ်ရာ လုံခြုံရေးတင်းကျပ်ထား သည့် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝင်းအတွင်းသို့ ယခုလိုရေကူးဝင်ရောက်သွားနိုင်သည့်အပေါ် လေ့လာ သူများ အနေဖြင့် မေးခွန်းထုတ်စရာဖြစ်နေသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ၎င်း ဂျွန် ၀ီလျံ ယက်ထောအား အမေရိကန် သံရုံးမှ ဒုတိယ အတွင်းဝန် (ကောင်စစ်ဝန်) Mr. Colin P. Furst နှင့် အဖွဲ့က ရန်ကုန်မြို့ရှိ အောင်သပြေ ရိပ်သာ၌ ကောင်စစ်ဆိုင်ရာတွေ့  ဆုံမှု ပြုလုပ်ခဲ့ကြောင်းနှင့် ဂျွန် ၀ီလျံ ယက်ထော၏ ကိုယ်ရေး အကျဉ်းတို့ကို ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါသတင်းကို စိတ်ဝင်စားသူ ပြည်တွင်းသတင်းထောက်များအနေဖြင့် အခက်အခဲများစွာ ကြုံနေရ ကြောင်းသိရသည်။

အင်းစိန်ထောင်အနီး သတင်းလိုက်ယူသော သတင်းထောက်များအား ကိုယ်ရေးအကျဉ်း တောင်းဆိုခြင်း ဓာတ်ပုံ ရိုက်ယူခြင်းများ ခံရကြောင်း၊ ထို့အပြင် ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာများကလည်း မိမိတိုက်ရှိ သတင်း ထောက်များကို သတင်းမလိုက်ရန်နှင့် အကယ်၍ ပြသနာ ပေါ်ပါက မိမိပြဿနာ မိမိဖြေရှင်းရန် ညွန်ကြားထား သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေ အိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်းခဲ့ရာ ယခုလ ၁ ရက်နေ့က ယင်း အယူခံလွှာကို စစ်အာဏာပိုင်များက ပယ်ချခဲ့သည်။ 

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀ (ခ) အရ အရေးယူထားသည်မှာ ဥပဒေနှင့် ညီမညီ၊ အရေးယူထားသည့် ကာလမှာ ဥပဒေနှင့် ညီ မညီ၊အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိအနေနှင့်တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေဦးကြည်ဝင်း အတွက်လက် ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များပါဝင်သည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, May 12, 2009

အကျဉ်းကျ ခေါင်းဆောင်များ အရေးပေါ်ဆေးကုသရန် လိုအပ်

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ဒဏ် နှစ်ရှည်ချခံထားရပြီး မကြာသေးခင်က ဝေးလံသည့် နယ်စွန် နယ်ဖျား ထောင်များသို့ ပြောင်းရွှေ့ခံထားရသော နိုင်ငံရေး အကျဉ်းသားများသည် ဆိုးဝါးသည့် ကျန်းမာရေး အခြေအနေများနှင့် ရင်ဆိုင်နေကြရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောသည်။

undefined
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို တခြားသော ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် မနီလာသိန်း၊ မမီးမီး၊ ကိုမြအေး၊ ကိုဂျင်မီ တို့နှင့် အတူ တွေ့ရစဉ်
AAPP ၏ ယမန်နေ့ရက်စွဲဖြင့် Burma’s Prisons and Labor Camps: Silent Killing Fields အမည်ရှိ ထုတ်ပြန်ချက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ထင်ရှားသည့် လူရွှင်တော် ဇာဂနာ၊ လူ့အခွင့် အရေးလှုပ်ရှားသူ မစုစုနွေးနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၁၂၇ ဦး ကျန်းမာရေးဆိုးဝါးလျှက်ရှိပြီး ၎င်းတို့အထဲမှ ၁၉ ဦးသည် အရေးပေါ် ဆေး ကုသမှု ခံယူရမည့် အခြေအနေဖြစ်နေကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက် အစီရင်ခံစာတွင် စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများအား ယခုကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှု လုံလောက်စွာပြုလုပ် မပေးခြင်းသည် စနစ်တကျဖြင့် လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုကိုပြုလုပ်နေခြင်း ပင်ဖြစ်သည်ဟုလည်း ပါရှိသည်။

“နိုင်ငံရေး အကျဉ်းသားအများစုဟာ ပြင်းပြင်း ထန်ထန် ပြစ်ဒဏ်ချခံထားရသူများလည်း ဖြစ်ပါတယ်၊ အကျဉ်းကျ နိုင်ငံရေးလှုပ်ရှားမှု ဦးဆောင်သူ အများစုကို နယ်ဝေးထောင်တွေကို ပြောင်းပစ်ပါတယ်၊ အဲဒီ ထောင်တွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်မရှိပါဘူး၊ သူတို့ဟာ တီဘီ ရောဂါ၊ ငှက်ဖျားရောဂါတွေနဲ့ သဘော တူ စာချုပ် အချုပ်ခံထားရသူတွေလိုဖြစ်နေပါတယ်”ဟု AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

နိုင်ငံရေးလှုပ်ရှားသူ ၃၅၀ ကျော်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရပြီး အများစုမှာ မိသားစုနှင့်ဝေးရာ နယ်ထောင်များသို့ ပြောင်းရွှေ့ခံထားရသူများ ဖြစ်ကြောင်း၊ ၎င်းထောင်များသည် မိသားစုများက လိုအပ်သည့်အသုံးအဆောင်နှင့် ဆေးဝါးအထောက်အပံ့များပေးပို့ရန်အတွက် ထောင်ဝင်စာ သွား ရောက် တွေ့ဆုံရန်ခရီးလမ်းပန်းခက်ခဲသည့် နေရာများဖြစ်ကြောင်းလည်း AAPP ၏ အစီရင်ခံစာအရ သိရသည်။

ဦးဘိုကြည်က ဆက်လက်ပြီး “ဒီထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်းများစွာ သေဆုံးခဲ့ပြီးပါပြီ၊ စစ်အစိုးရ အနေနဲ့ ဒီလို လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ရပ်တန်းက ရပ်ပြီးတော့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရပါမယ်”ဟု ပြောဆိုသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလမှ စပြီး နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၂၈ ဦးကို မိသားစုနှင့် ဝေးရာ နယ်ထောင် များသို့ ပြောင်းရွှေ့ခဲ့ပြီး ရေရှည်တွင် ၎င်းနယ်ထောင်များ၌ နေရသော အကျဉ်းသားများမှာ ကျန်းမာရေး လွန်စွာ ဆိုးဝါးလာသည့် အခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၄ ခု ရှိပြီး အကျဉ်းသားများကို အလုပ်ကြမ်းခိုင်းစေသည့် ရဲဘက် စခန်း ပေါင်း အနည်းဆုံး ၅၀ ခန့် ရှိကာ တချို့ထောင်များတွင် ထောင်ဆေးရုံမရှိကြောင်းနှင့် အနည်းဆုံး ထောင် ၁၂ ခုတွင် ထောင်ဆရာဝန် မရှိကြောင်းလည်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

(ဧရာဝတီသတင်းဌာန)

Saturday, May 09, 2009

ဒေါ်စု ကျန်းမာရေး မကောင်း၊ ဆရာဝန်လည်း အဖမ်းခံရ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချွတ်ယွင်းနေပြီး သူ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း သည်လည်း ကြာသပတေးနေ့ ညက ဖမ်းဆီးခံရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

ယမန်နေ့က အမျိုးသမီး ဆရာဝန်တဦး ဖြစ်သူ ဒေါက်တာ ပြုံးမိုအိသည် ဒေါ်စုထံ သွားရောက်ပြီး ဆေးကုသပေးခွင့် ရခဲ့သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်က သွေးအား နည်းနေတယ်၊ ဆေးပုလင်းကြီး ချိတ်ရတယ်လို့ သိရတယ်၊ တနာရီလောက်ပဲ ခွင့်ပြုတယ်။ တနာရီနဲ့ မလုံလောက်ဘူး ဆိုတော့ လုံလောက်တဲ့ အချိန်အထိ တာဝန် ယူပြီးတော့ ဆရာဝန်က အားဆေး သွင်းပေးခဲ့တယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။

ဒေါ်စုကို ဆေးကုသပေးခဲ့သည့် အမျိုးသမီး ဆရာဝန်က ဒေါ်စု၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်များကိုသာ ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ စစ်အစိုးရ စာနယ်ဇင်းများတွင် ဖော်ပြခဲ့သည့် ဒေါ်စု၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည်ဟု ဆိုသော အမေရိကန် နိုင်ငံသား John William Yeattaw နှင့် ပတ်သက်၍ လည်းကောင်း၊ ထိုပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ရှိမရှိကိုလည်းကောင်း ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ဟု သိရသည်။

ထိုပုဂ္ဂိုလ် ဖမ်းဆီးခံရမှုသတင်း ထွက်ပေါ်သည့် နေ့မှာပင် ဒေါ်စု၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ထိန်းသိမ်း ခံရခြင်း ဖြစ်သည်။

ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရသည့် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တလတကြိမ် ကျန်းမာရေး စစ်ဆေးရမည့်နေ့ ဖြစ်သော ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဖြစ်သည်။

“အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားဖို့ အာဏာပိုင်တို့က သူ့ကို လာခေါ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ စောင့်နေရတယ်၊ စောင့်နေပြီး တအောင့်ကြာတော့ ဝင်ခွင့် မရဘူး၊ ပြန်တော့ ဆိုပြီး အိမ်ပြန်လွှတ်လိုက်တယ် တဲ့။ ညကျတော့  အိမ်မှာ လာခေါ်သွားတယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။ မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကို မသိရသေးဟု ဆိုသည်။

ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရပြီး နောက်တနေ့တွင် သတင်းတပ်ဖွဲ့က သူ၏ အိမ်သို့ သွားရောက်ပြီး အင်္ကျီအ၀တ်အစား နှင့် ဘာသာရေး စာအုပ်များ ယူဆောင်ခဲ့သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးဟံသာမြင့်က ပြောသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ဒေါက်တာ တင်မျိုးဝင်းသည် ယခု ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာဖွယ် မရှိဟု ဦးဟံသာမြင့်က သုံးသပ်သည်။

အထိန်းသိမ်း ခံလိုက်ရသော ဒေါက်တာ တင်မျိုးဝင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။

ဒေါက်တာ တင်မျိုးဝင်းအား ဖမ်းဆီးမှုသည် အဆိုပါ အမေရိကန် နိုင်ငံသားနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရသေးသော်လည်း ယခင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်တို့ထံ တိုင်ကြားခဲ့ဖူးကြောင်း ဦးဟံသာမြင့်က ပြောသည်။

ယခု ဖမ်းဆီးခံထားရသည့် အမေရိကန် နိုင်ငံသား ဆိုသူနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟုသာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသားသည် အမေရိကန်အစိုးရ၏ CIA ထောက်လှမ်းရေး အဖွဲ့က စေလွှတ်လိုက်သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း ကြံ့ဖွံ့ ဟု ထင်ရှားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင်တချို့က ရန်ကုန်မြို့တွင် သတင်း လွှင့်နေကြသည် ဟု သိရသည်။

 (ဧရာဝတီသတင်းဌာန)

Friday, May 08, 2009

ဒေါ်စု၏ လုံခြုံရေး ပြည်တွင်းပြည်ပတွင် မေးခွန်းထုတ်

ယမန်နေ့က မြန်မာနိုင်ငံ သတင်းစာများတွင် ဖော်ပြခဲ့သည့် အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်း စုကြည်၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည် ဟူသော သတင်းမှာ အုတ်အော် သောင်းတင်း ဖြစ်နေသည်။

John William Yeattaw ဟု အမည်ရသော အဆိုပါ ပုဂ္ဂိုလ်သည် ဒေါ်စု၏ နေအိမ်မှ ထွက်လာပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည် ဟု အစိုးရက ကြေညာထားသည်။
undefined
ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် အင်းလျားကန် အပေါ်စီး မြင်ကွင်း။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အနီရောင် စက်ဝိုင်း၊ အမေရိကန်နိုင်ငံသား အဖမ်းခံခဲ့ရသည်ဟု ဆိုသော နေရာကို လေးထောင့်ကွက်ဖြင့် ဖော်ပြထားသည်။
စစ်အစိုးရက အဖြစ် အပျက် အပြည့်အစုံကို ထုတ်ဖော်ခြင်း မရှိသေးသဖြင့် ရန်ကုန်မြို့ခံ အများအပြားက သတင်းစာတွင် ပါရှိသော အချက်အလက်များကို မယုံတဝက် ယုံတဝက် ဖြစ်နေကြသည်။

နိုင်ငံခြားသားတဦး ဒေါ်စု၏ နေအိမ်သို့ ကျူးကျော် ဝင်ရောက်ခဲ့သည် ဟူသော ဖြစ်ရပ်မှာ ဒေါ်စုအား အကျယ်ချုပ် ချထားမှု ၆ နှစ်ပြည့်တော့မည့် အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“အင်းလျားကန် အတွင်း၌ မသင်္ကာဖွယ် နိုင်ငံခြားသား တစ်ဦးသည် ၅ လီတာဝင် ရေသန့်ဘူး အကူအညီဖြင့် ရေ ကူးခပ် နေကြောင်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက ယနေ့နံနက် ၅ နာရီခွဲတွင် တွေ့ရှိ၍ လုံခြုံရေးအရ ခေါ်ယူ စစ်မေးမှု ပြုလုပ်ခဲ့သည်” ဟု စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။ သတင်းတွင် အဆိုပါ ပုဂ္ဂိုလ်၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။

“ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အတွင်းသို့ တိတ်တဆိတ် လျှို့ဝှက် ဝင်ရောက် နေထိုင်ခဲ့ကြောင်း” ဟု သတင်းတွင် ရေးသားထားသည်။ တနင်္ဂနွေနေ့ညမှ အင်္ဂါနေ့ ညအထိ နေထိုင်ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးက အဆိုပါ ပုဂ္ဂိုလ်အား တွေ့ဆုံခွင့် ရရန် တောင်းဆိုခဲ့သော်လည်း အာဏာပိုင်တို့က လက်မခံဟု သိရသည်။

“သတင်း အချက် အလက်တွေကို ကျနော်တို့ ကိုယ်တိုင် အတည်ပြုချင်ပါတယ်၊ ကျနော်တို့က ဒီပုဂ္ဂိုလ်နဲ့ တိုက်ရိုက် စကား ပြောချင်ပါတယ်” ဟု သံရုံး ပြောခွင့်ရ အရာရှိ Richard Mei က ပြောသည်။

ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သည့် ရန်ကုန် ဒေသခံ ပြည်သူများ၊ စာနယ်ဇင်းသမားများက အဆိုပါ အဖြစ် အပျက်ကို သံသယ ဝင်နေကြသည်။

“ဒီမှာတော့ ဒေါ်စုခြံထဲ ရေကူးပြီး ဝင်သွားတယ် ဆိုတဲ့ သတင်းအကြောင်းကိုပဲ ပြောနေကြတယ်” ဟု အမည် မဖော်လိုသူ ရန်ကုန်မှ စာနယ်ဇင်းသမား တဦးက ပြောသည်။

ဤသတင်းမှာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာ ကျစေလိုသောကြောင့် လည်းကောင်း၊ ဆက်လက် ချုပ်နှောင် ထားလိုသောကြောင့် လည်းကောင်း ထုတ်ပြန်လိုက်သည့် သတင်းဖြစ်သည်ဟု အများက ယူဆကြကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောပြသည်။

ရန်ကုန်မှ အကူအညီ ပေးရေး အဖွဲ့ တခုတွင် လုပ်ကိုင်နေသူ တဦးကလည်း ဤသတင်းမှာ အခြေအနေများကို ရှုပ်ထွေးစေသည့် သတင်းတပုဒ် ဖြစ်သည်ဟု ဆိုသည်။

“ဒီသတင်းကတော့ လူပြောအများဆုံး သတင်းပဲ၊ ဒါပေမယ့် ဒီသတင်း မှန် မမှန် ဆိုတာကို ဒေါ်စု တယောက်တည်းကပဲ ပြောနိုင်မယ်။ ဘယ်သူမှလည်း မသိဘူး၊ ဘယ်သူမှလည်း ဒေါ်စုကို သွားမမေးနိုင်ဘူး” ဟု သူက ပြောသည်။

ဤသတင်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ပြည်တွင်း ပြည်ပ အတိုက်အခံများက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူး စိုးရိမ်နေကြသည်။

“ဒီသတင်း မှန်တယ် မမှန်ဘူး ဆိုတာကို ကျနော်တို့ အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်က အမှန် တကယ် ဖြစ်ပျက်ခဲ့တယ် ဆိုရင်တော့ အခြေ အနေတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် အင်မတန် အန္တရာယ် ကြီးနေပါတယ်” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဟံသာမြင့်က ဧရာဝတီကို ပြောသည်။

“သိတဲ့အတိုင်းပဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်းလျားကန်စပ်မှာ၊ သူ့ အိမ်ပတ်ဝန်းကျင်မှာ ရှိနေရမှာ ဖြစ်တယ်” ဟု သူက ထောက်ပြသည်။

ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကလည်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ရာ ဒေါ်စု၏ အသက် အန္တရာယ်အတွက် အထူးစိုးရိမ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တင်ပြ တောင်းဆိုထားသော အယူခံလွှာအား ပယ်ချလိုက်သည်။ အယူခံတွင် ဥပဒေနှင့် အညီ ခိုင်လုံသော သက်သေ အထောက်အထား မရှိ၍ ပယ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၁၉ နှစ်အတွင်း အာဏာပိုင်တို့က ဒေါ်စုအား အကျယ်ချုပ် ချထားသည့် အချိန်မှာ စုစုပေါင်း ၁၃ နှစ် ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် အာဏာပိုင်တို့က ဒေါ်စုအား အကျယ်ချုပ် ချသည့် သက်တမ်းကို တနှစ် ထပ်တိုးလိုက်သည်။

အကျယ်ချုပ် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲနှင့် ပတ်သက်ပြီး ဒေါ်စု၏ ရှေ့နေ နှင့် အာဏာပိုင်တို့ ဖော်ပြချက်မှာ ကွဲပြားနေသည်။ အကျယ်ချုပ် သက်တမ်းမှာ ယခုလကုန်တွင် ပြီးဆုံးပြီဟု ရှေ့နေက ပြောကြောင်း၊ သို့သော်လည်း အစိုးရကမူ နိုဝင်ဘာလမှသာ သက်တမ်း ကုန်မည်ဟု ပြောကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဟံသာမြင့်က ရှင်းပြသည်။

ရန်ကုန်မြို့ အင်းလျားကန်ဘေးမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - AP)
အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ကို မိတ်ဆွေများ ဝင်ရောက်ခွင့် မပြုဘဲ ဝေယျာဝစ္စ ဆောင်ရွက်ပေးသူ ၂ ဦး၊ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း တို့ကိုသာ ဝင်ထွက်ခွင့် ပြုထားသည်။ ဆရာဝန်က လစဉ် လတိုင်း ပထမဦးဆုံး ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကျန်းမာရေး စစ်ဆေးရန် သွားရောက် နိုင်ရေးအတွက် အာဏာပိုင်တို့ထံမှ သဘောတူညီချက် ရထားသည်။

ယမန်နေ့က ဒေါက်တာတင်မျိုးဝင်း ဒေါ်စုထံသို့ သွားရောက်ရမည့်နေ့ ဖြစ်သည်။ ဧရာဝတီက ဒေါက်တာတင်မျိုးဝင်းအား ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပေ။

အစိုးရ၏ သတင်းထုတ်ပြန်ချက်များ မှန်ကန်သည် ဆိုပါက ဒေါ်စု၏ အိမ်အတွင်းသို့ ကျူးကျော် ဝင်ရောက်သည့် အဆိုပါ နိုင်ငံခြားသား၏ နောက်ကွယ်တွင် နိုင်ငံရေး အဖွဲ့အစည်း သို့မဟုတ် အစိုးရ တခုခု ရှိမရှိ၊ တကိုယ်တော် လှုပ်ရှားခြင်း ဟုတ်မဟုတ် စသဖြင့် အများက မေးခွန်း ထုတ်နေကြသည်။

ယခင်ကလည်း နိုင်ငံခြားသား တချို့ မြန်မာပြည် အတွင်းသို့ ဝင်ရောက်ပြီး နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်လေ့ ရှိသည်။ အများစုမှာ ပြည်နှင်ဒဏ် ပေးခံရသည်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လုပ်ကိုင်နေသည့် အဖွဲ့ တခု ဖြစ်သော US Campaign for Burma က ၎င်းတို့အဖွဲ့အနေဖြင့် သတင်းတွင် ဖော်ပြထားသော အဆိုပါ နိုင်ငံခြားသားနှင့်  ပတ်သက်မှု မရှိကြောင်း ကြေညာထားသည်။ အခြားသော ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် အဖွဲ့များကလည်း အလားတူ ငြင်းဆိုထားသည်။

ဤဖြစ်ရပ် နောက်ပိုင်းတွင် မြန်မာပြည်ရောက် အမေရိကန် နိုင်ငံသားတို့ကို စောင့်ကြည့်မှု ပိုမို များပြားလာသည် ဟု ရန်ကုန်မြို့ သတင်းရပ်ကွက်များက ပြောသည်။

ယမန်နေ့ကလည်း အမေရိကန် စာနယ်ဇင်းသမား ၂ ဦး မြန်မာပြည်မှ နှင်ထုတ်ခံရသည်ဟု သိရသည်။ မန္တလေးတွင် စာနယ်ဇင်း သင်တန်းများ ပြုလုပ်ခဲ့သောကြောင့် အာဏာပိုင်တို့က ၎င်းတို့ ၂ ဦးကို ပြည်နှင်ဒဏ် ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဤဖြစ်ရပ်ကြောင့် အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ပတ်ဝန်းကျင်တွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်များကို နေရာ အပြောင်းအလဲ ပြုလုပ်လိုက်သည်ဟု ဒေါ်စု၏ အိမ်နီးချင်းများထံမှ သိရသည်။

မကြာသေးမီကလည်း အင်တာနက် ဘလော့စာမျက်နှာများတွင် ဒေါ်စုအား ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ်မှုတချို့ ပေါ်ထွက်လာသည်။ ထိုတိုက်ခိုက်မှုများမှာ အစိုးရဘက်တော်သားများ၏လက်ချက် ဟု အကဲခတ်များက သုံးသပ်ကြသည်။

“ပြီးခဲ့တဲ့လက အဖွဲ့ချုပ် ဥက္ကဌကို ကျနော် ပြောလိုက်ပါသေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ လုပ်ကြံမှုတွေ၊ ပုံမှန်မဟုတ်တဲ့ သတင်းတွေ ထွက်လာနိုင်တယ် ဆိုပြီး ကျနော် ပြောလိုက်တယ်။ အကျယ်ချုပ် သက်တမ်းကလည်း ကုန်တော့မယ်လေ” ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးသိန်းညွန့်က ဧရာဝတီကို ပြောပြသည်။
(ဧရာဝတီသတင်းဌာန)

Thursday, May 07, 2009

ဒေါ်စုအိမ်သို့ ရေကူးသွားသူ အဖမ်းခံရ

အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ပြီး ၃ ရက်ကြာ နေထိုင်ခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို ဖမ်းဆီးထားသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ရှိ တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့ထားစဉ် (ဓာတ်ပုံ - Gradyo)
အဆိုပါ ပုဂ္ဂိုလ်သည် John William Yeattaw ဆိုသူ ဖြစ်ပြီး မေလ ၃ ရက်နေ့ ညမှ မေလ ၅ ရက်နေ့ ညအထိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်ခဲ့ကြောင်း၊ မေလ ၆ ရက်နေ့ မနက်တွင် အင်းလျားကန် အတွင်း ၎င်းအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းစာက ဆိုသည်။

ကမ္ဘာလှည့် ခရီးသွား ဗီဇာဖြင့် ရန်ကုန်သို့ ရောက်ပြီး နောက်တနေ့တွင် ဒေါ်စု၏ အိမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“၎င်းနှင့်အတူ နိုင်ငံကူး လက်မှတ် တခု၊ အနက်ရောင် ကျောပိုးအိတ် တလုံး၊ ဓာတ်မီးတလက်၊ ခေါက်ပလာယာတလက်၊  Cannon ကင်မရာတလုံး၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန် နှစ်ရွက်၊ မြန်မာငွေ ကျပ် ၁ဝဝဝ တန် ၉၃ ရွက် တို့ကို သိမ်းဆည်းရမိခဲ့သည်” ဟု သတင်းစာတွင် ဖော်ပြထားသည်။ ဒေါ်စုအိမ်သို့ သွားရောက်ခဲ့သည့် ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တို့နှင့် ပတ်သက်ပြီး  စစ်ကြောနေသည်ဟု ဆိုသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Richard Mei က အဆိုပါ အမေရိကန် နိုင်ငံသား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု အေပီသတင်းဌာနသို့ ပြောပြသည်။

“အာဏာပိုင်တွေက သံရုံးကိုတော့ အကြောင်း မကြားသေးပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိသေးပါဘူး” ဟု Richard Mei က ပြောသည်။

အဆိုပါ ပုဂ္ဂိုလ် ဖမ်းဆီးခံရပြီးနောက် ဒေါ်စုအိမ်ရှေ့ရှိ တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ထားသည်ဟု မျက်မြင် သက်သေများက ဧရာဝတီသို့ ပြောသည်။ ယခင်က ထိုလမ်းကို ခရီးသည်တင် ဘတ်စ်ကားများ ဝင်ရောက်ခွင့် မရှိသော်လည်း ကိုယ်ပိုင်ကားများကို ဖြတ်သန်းခွင့် ပြုခဲ့သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။ လုံခြုံရေး တင်းကျပ်ထားသော ဒေါ်စု၏ အိမ်သို့ ရေကူး၍ သွားရောက်သူအား ဖမ်းဆီးမိခြင်းမှာ ဤတကြိမ်သည် ပထမဦးဆုံး အကြိမ် ဖြစ်သည်။

ဒေါ်စုသည် ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့က ဒီပဲယင်းမြို့တွင် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

ထိန်းသိမ်းမှု ၆ နှစ်ပြည့်မည့် ယခု လကုန်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာဖွယ် ရှိသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

(ဧရာဝတီသတင်းဌာန)