Wednesday, December 03, 2008

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ တောင်းဆို

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် မစ္စတာ ဘန်ကီမွန်းအား ယခု နှစ်ကုန်ပိုင်း အတွင်း မြန်မာပြည်သို့ သွားရောက်ပြီး ဖမ်းဆီး ထိန်းသိမ်း ထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖိအားပေးရန် ကမ္ဘာ့ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်း ၁၀၀ ကျော်က စာရေး၍ တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ အစည်းအဝေး တခုတွင် ပြောဆို ဆွေးနွေးနေသော မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - ရိုက်တာ)
အဆိုပါ ခေါင်းဆောင်ဟောင်းများက ယနေ့ရက်စွဲဖြင့် မစ္စတာ ဘန်ကီမွန်းထံ တောင်းဆိုလိုက်သည့်စာထဲတွင် “အကယ်၍ ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို စစ်အစိုးရ က ငြင်းပယ်ခဲ့လျှင် လုံခြုံရေး ကောင်စီတွင် တင်သွင်း အရေးယူရန် တိုက်တွန်းတောင်းဆိုကြောင်း” လည်း ရေးသားထားသည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ အတွင်းက လုံခြုံရေး ကောင်စီ ဥက္ကဌ၏ ထုတ်ပြန်ချက်သည် ထိရောက်မှုမရှိ ကြောင်းနှင့် မြန်မာနိုင်ငံတွင် ယခင် နိုင်ငံရေး အကျဉ်းသား ၁၂၀၀ ရှိရာမှ ၂၀၀၇ ခုနှစ် ဇွန်လမှ စတင်၍ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော် ရှိလာပြီး စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးနှိမ်နင်း ခြင်း၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းများ ပြုလုပ်နေဆဲဖြစ်သည်ဟုလည်း အဆိုပါစာတွင် ပြောဆိုထားသည်။

ယင်းစာကို အင်္ဂလန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၊ အမေရိကန် သမ္မတဟောင်း မစ္စတာ ဂျော့ ဒဘလျူ ဘုရှ်၊ ဂျပန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ ကိုအိဇုမိ၊ ဖိလစ်ပိုင် သမ္မတဟောင်း မစ္စ ကိုရာဇန် အကွီနို ၊ နော်ဝေး ၀န်ကြီးချုပ်ဟောင်း မစ္စတာ ကဂျီး မဂ္ဂနဲ ဘွန်ဒီဗစ် တို့အပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း၅၀ကျော်မှ သမ္မတဟောင်း နှင့် ဝန်ကြီးချူပ်ဟောင်း ၁၁၂ ဦး က သဘောတူညီချက်ဖြင့် ရေးသားပေးပို့ခြင်းဖြစ်သည်။

ယင်းစာပေးပို့ခြင်း အစီစဉ်ကို နော်ဝေးနိုင်ငံ နှင့် အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့်ငြိမ်းချမ်းရေး အဖွဲ့(Oslo Center for Peace and Human Rights) ဥက္ကဌနှင့် နော်ဝေးနိုင်ငံဝန်ကြီးချူပ်ဟောင်း မစ္စတာ ကဂျီး မဂ္ဂနဲ ဘွန်ဒီဗစ်(Kjell Magne Bandevik) က ပထမဆုံးမြန်မာပြည်အရေးနှင့်ပတ်သက်ပြီး ဦးစီးဆောင်ရွက်ခြင်း လည်း ဖြစ်သည်။

နော်ဝေးဝန်ကြီးချူပ်ဟောင်း မစ္စတာ ဘွန်ဒီဗစ်က“ဒီနေ့မှာပဲ ကျနော်တို့ တညီတညွတ်တည်း မြန်မာ့အရေးကို ကမ္ဘာ့ကုလသမဂ္ဂက အထူးကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်၊ မြောက်များစွာသောဂုဏ်သရေ ရှိသူများက ကျနော်နဲ့အတူ ပူးပေါင်းပြီး အရေးကြီးတဲ့ မြန်မာ့အရေးကို မီးမာင်းထိုးပြတာလည်းဖြစ်ပါတယ်”ဟု  ၎င်းတို့ ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ဖော်ပြထားသည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ပထမခြေလှမ်းအနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အရင်ဆုံးလွှတ်ပေးရပါမယ်”ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်အစိုးရအနေနှင့် လွန်ခဲ့သည့်လက ထောင်ဒဏ် အမြင့်ဆုံး ၆၈ နှစ် ချခံရသည့် စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ နာဂစ် လေဘေးကူညီကယ်ဆယ်ရေး လုပ်သူများ၊ သံဃာတော်များ၊ ရှေ့နေများနှင့် နိုင်ငံရေး လှုပ်ရှားသူ ၂၁၅ ဦးကျော် အပါအ၀င် နိုင်ငံရေး အကျဉ်း သား ၂၁၀၀ ခန့်ကို ပြန်လည်လွှတ်ပေးရန် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရကို ဖိအားပေးရေး တိုက်တွန်း တောင်းဆိုခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားသူများကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များချမှတ်၍ အရေးယူမှု များ ပြုလုပ်နေချိန်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှုတ်ဆိတ်နေသည် ဟု မြန်မာ့ အရေးလေ့လာသူများက သုံးသပ်ဝေဖန်နေကြသည်။

ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) အဆိုအရ စစ်အစိုးရ က နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအဝင် ကျောင်းသား ခေါင်းဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင် များ၊ သံဃာတော်များ ၊ နိုင်ငံရေးလှုပ်ရှားသူများ စသည့် စုစုပေါင်း ၂၁၅ ဦး ကို လွန်ခဲ့သည့်လအတွင်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ၎င်းတို့အထဲမှ ၁၃၀ကျော်ကို နယ်စွန် နယ်ဖျားရှိ အကျဉ်းထောင်များသို့ ရွှေ့ပြောင်း ခဲ့ကြောင်းလည်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

Friday, November 28, 2008

မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်

စစ်အာဏာပိုင်များက ဖမ်းဆီးထားသော မြန်မာနေးရှင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာဖြစ်သူ ဦးစိန်ဝင်းမောင်တို့ကို ယနေ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၁၃ ဦးကို ထောင်ဒဏ် ၆ နှစ် စီ ချမှတ်လိုက်ကြောင်း အင်းစိန်ထောင်ဝန်ထမ်း အသိုင်းအ၀န်းနှင့် မိသားစုနှင့်နီးစပ်သူများက ပြောသည်။

ဦးသက်ဇင်
အဆိုပါ ဦးသက်ဇင် အသက်(၄၂)နှင့် ဦးစိန်ဝင်းမောင်တို့ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် အာဏာပိုင်များ က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းတို့ ၂ ဦးကို အကြောင်းပြချက်မရှိဘဲ အာဏာပိုင်များက ဂျာနယ်တိုက်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားမ၀င် ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ ဖြင့် တရားစွဲဆိုထားခဲ့သည်။

ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုသိန်းသန်းထွန်း၊ ကိုသော်ဇင်ထွန်း၊ ကိုဇော်ထက်ကိုကို၊ ကိုချစ်ကို လင်း၊ ကိုစောမျိုးမင်းလှိုင်၊ ကိုအောင်ကြီး ခေါ် ကိုအောင်သိုက်စိုး၊ ဦးပြည်သန်း၊ ဒေါ်စန်းစန်းတင်၊ မလေးလေးမွန်၊ မအေးသီတာ၊ မနိုးနိုး ခေါ် မငွေနှင်းရည်၊ မနှင်းမေအောင် ခေါ် မနိုဘဲလ်အေးနှင့် မသရဖီ သိမ့်သိမ့်ထွန်းတို့ ၁၃ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်သည်ဟု အင်းစိန်ထောင်ဝန်ထမ်းများနှင့် နီးစပ်သူက ပြောသည်။ ၎င်းတို့သည် ယခုပြစ်ဒဏ် မတိုင်ခင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံပြီးသူများဖြစ်ကြောင်း သိရ သည်။

“အဲဒီ ၈၈ အဖွဲ့က ၁၃ ဦးကို အင်းစိန်ထောင် အထူးတရားရုံးက ၆ နှစ်စီ အမိန့်ချတယ်၊ ၅၀၅(ခ) သုံးကြိမ် ပြန်စွဲပြီး တကြိမ်ကို ၂ နှစ် စီနဲ့ ချတာ၊ အဲဒီပုဒ်မ တခုတည်းနဲ့”ဟု အထက်ပါ ထောင်ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာမှစတင်ပြီး ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ၊ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျ စသည့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှ ၃၇ ဦး ကို စစ်အာဏာပိုင်များက ဖမ်းဆီး၍ အမြင့်ဆုံး ထောင်ဒဏ် ၆၅ နှစ် နှင့် နှစ်ရှည် ထောင်ဒဏ်များချမှတ်ခဲ့သည်။

၎င်းတို့ ၃၇ ဦးကို ဝေလံသည့် နယ်ထောင် ၃၇ ထောင်သို့ ပြောင်းရွှေ့ရန် အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ပြောသည်။

စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း အေအေပီပီ ၏ ပြောဆိုချက် အရ သိရသည်။

 (ဧရာဝတီသတင်းဌာန)

Thursday, November 27, 2008

လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ်များ ထပ်မံချမှတ်

စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးသော ထင်ရှားသည့် လူရွှင်တော် ကိုဇာဂနာကို ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၄ နှစ် ထပ်တိုး၍ ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။

undefined
ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး (ဓာတ်ပုံ - ဧရာဝတီ)
ကိုဇာဂနာကို ဗီဒီယို အက်  ၃ နှစ် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၂ နှစ်  ၊ ၁၇/၂ အရ ၅ နှစ် ၊ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ် ကို အင်းစိန်ထောင် အထူးတရားရုံးက ယနေ့ ချမှတ်လိုက်သည်ဟု ခယ်မဖြစ်သူ မငြိမ်းကပြောသည်။

ကိုဇာဂနာသည် နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်သည့် ထောင်ဒဏ် ၄၅ နှစ် နှင့် ပေါင်းလျှင် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံရမည်ဖြစ်သည်။

ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေး ကိုလည်း ပုဒ်မ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် ယနေ့ ထပ်တိုး၍ ချမှတ်လိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်ထားသည့် ထောင်ဒဏ် ၁၅ နှစ်နှင့် ပေါင်းလျှင် ၎င်း သည် ထောင်ဒဏ် ၁၉ နှစ် ကျခံရမည်ဖြစ်သည်။

ယခုကဲ့သို့ ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်သက်ထွေး၏ ဇနီး မခိုင်ချိုက အလွန် စိတ်ပျက်မိကြောင်း ပြောဆိုသည်။

“အခုဟာက တရားတယ်၊ မတရားဘူးဆိုတာ အားလုံးကလည်း သိနေကြပါပြီ၊ ကျမအမျိုးသားက နာဂစ်ကိစ္စ လုပ်နေရင်းနဲ့ ဖြစ်သွားတာဆိုတော့ ဒီတခါမှာတော့ လုံးဝမျှော်လင့်မထားဘူး၊ အလှူအတန်းကိစ္စ လုပ်နေရင်း ဖြစ်သွားတာဆိုတော့လည်း ကျမ ဒီထောင်ဒဏ်အပေါ်ကို တော်တော်လေးကို စိတ်ပျက်မိပါတယ်၊ ကောင်းတာ လုပ်ရင်း ဖြစ်ရတာ ဖြစ်တဲ့အတွက် ကောင်းတာတွေပဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု မခိုင်ချိုက ဧရာဝတီသို့ ပြောပြသည်။

အယူခံဝင် နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်၍  အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကိုဇာဂနာ ၊ ကိုဇော်သက်ထွေတို့နှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသော ကိုသန့်ဇင် အောင်ကိုလည်း ယနေ့ ဗီဒီယို အက် အရ ထောင်ဒဏ် ၃ နှစ် တိုး၍ ချလိုက်သောကြောင့် ၎င်းသည် လည်း စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာ၏ ခယ်မ မငြိမ်းက“စွဲထားတဲ့ ပုဒ်မတွေတော့ အကုန်ပြီးသွားပါပြီ၊ ထပ်မတိုးရင်တော့ ပြီးသွားပြီပေါ့”ဟု ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားခဲ့သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။

ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့(GW)မှ ကိုတင်မျိုးထွတ် ခေါ် ကိုကျော်ဦး နှင့် ကိုစောမောင်တို့ ၂ ဦးကို လ၀က ပုဒ်မ ၁၃/၁ ၊ တရားမ၀င် အဖွဲ့အစည်း ပုဒ်မ ၁၇/၁ တို့အရ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

ယင်းသို့ ပြစ်ဒဏ်မှတ်ချခြင်းများသည် တဖက်သတ် မတရား ချမှတ်ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သော မျိုးဆက်သစ် လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် နိုင်ငံ တွင်း ပဋိပက္ခများ ပြေလည်သွားမည် မဟုတ်ဘဲ စစ်အစိုးရ အနေနှင့် ပိုမိုအင်အားကြီးမားသော လှုပ်ရှားမှုများနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ယမန်နေ့တွင် GW အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

Wednesday, November 26, 2008

နာမည်ကြီး စီးပွားရေးသမား မောင်ဝိတ်ကို ထောင် ၁၅ နှစ်ချ

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးအရေးယူထားသော နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ အသိုင်းအ၀န်း အပါအ၀င် မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မောင်ဝိတ်
ပြီးခဲ့သည့် အပတ်က အင်းစိန်ထောင် အထူးတရားရုံးတွင် အဆိုပါ မောင်ဝိတ်ကို ပြစ်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ပြောဆိုသည်။

“၁၅ နှစ် ချလိုက်တာကတော့ သေချာတယ်”ဟု အထက်ပါ ရှေ့နေက ပြောသည်။

ထိုသို့ မောင်ဝိတ် ပြစ်ဒဏ် ၁၅ နှစ် ကျခံရသည်ကို သိရှိသော်လည်း ယခုလောလောဆယ် အင်းစိန်ထောင်တွင် ရှိမရှိကိုမူ ၎င်း မသိရှိကြောင်း Maung Weik and Family co.,Ltd မှ အမျိုးသမီး ၀န်ထမ်းတဦးကလည်း ပြော သည်။

“ကုမ္ပဏီမှာ အခု ဘယ်သူမှ မထိုင်သေးပါဘူး၊ မိသားစု ဖုန်းနံပါတ်လည်းပေးလို့မရပါဘူး၊ အခုလောလောဆယ် မိသားစု က ဖုန်းလက်ခံ စကား မပြောဘူးလို့သိရပါတယ်”ဟု ၎င်းက ပြောသည်။

ယခု မောင်ဝိတ် ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီက ဇနီးဖြစ်သူ မယဉ်မင်းသီ အား ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မပြုဘဲ ဖုန်းချသွားခဲ့သည်။

ယင်းမောင်ဝိတ်ကို ဇွန်လအတွင်းတွင် အပေါင်းအပါ ၆ ဦးနှင့် အတူ သက်ဆိုင်ရာက အက်တာစီ ဆေးပြား သုံးစြွဲ့ဖန့်ချိမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် လမ်းမတော် ရဲစခန်းက မယ (ပ) ၂/၀၈ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၆ (င)/၂၁ စသည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။

မောင်ဝိတ်နှင့် အတူ ဖမ်းဆီးခံရသူများမှာ မလေးရှားနိုင်ငံသား Mr. Peter Too Huat Haw အပါအ၀င် မောင်နေထွန်းလွင် ၊ မောင်အောင်မင်း ၊ မောင်ကျော်ဖုန်းနိုင် ၊ မောင်ကျော်လှိုင် နှင့် မောင်ကျော်ကျော်ဝင်း တို့ဖြစ်ကြောင်း ဇူလိုင်လ အတွင်း က မြန်မာတိုင်းမ် ဂျာနယ်တွင်ဖော်ပြထားသည်။

အသက် (၃၅) နှစ်ရှိ မောင်ဝိတ်သည် ၂၀၀၃ ခုနှစ်မှ စတင်၍ Mr. Peter Too Huat Haw ထံတွင် အက်တာစီ ဆေးပြားများ ၀ယ်ယူ သုံးစွဲခဲ့ရုံမက ကုမ္ပဏီ နှစ်ပတ်လည်နေ့များ ၊ မွေးနေ့ပွဲများတွင် တခြားသူများကိုပါ ဖြန့်ဝေ သုံးစွဲစေခဲ့သောကြောင့် အရေးယူခံရခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယင်းမူးယစ်ဆေးဝါးများကို အများဆုံး သုံးစွဲသူများမှာ နာမည်ကြီး အနုပညာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဆေးပြား တပြား၏ တန်ဖိုးမှာ ကျပ် ၆၀၀၀၀ ၀န်းကျင်ရှိ သည် ဟု ဆိုသည်။

လူပြောများနေသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် ယင်း အက်တာစီ ဆေးပြားများ သုံးစွဲနေသည်ကို မိဘများသိရှိသွားခဲ့ရာမှ စတင်၍ မူးယစ်ဆေး ဖြန့်ချိသူများနှင့် ဆက်စပ်သူအားလုံးကို ခေါ်ယူစစ်ဆေးရာတွင် မောင်ဝိတ် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲ မြင့် စသည့် စစ်တပ်အကြီးအကဲများနှင့်နီးစပ်သူများကိုပါ မဖြစ်မနေဖမ်းဆီးမှုများရှိခဲ့သော်လည်း အောင်ဇော်ရဲမြင့် ကိုမူ ယခုအချိန်အထိ အရေးယူမှုမရှိသေးကြောင်း သိရသည်။

မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ လက်ဝယ်ထားရှိခြင်း ၊ ရောင်းဝယ် ဖြန့်ချိခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၅ နှစ် ၊ ၁၀ နှစ် နှင့် တသက်တကျွန်း အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာထားသည်။

(ဧရာဝတီသတင်းဌာန)

Monday, November 24, 2008

နိုင်ငံရေးအကျဉ်းသား ၁၈ ဦးကို နယ်ထောင်များသို့ ဆက်လက်ပြောင်းရွှေ့

စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေး လှုပ်ရှားသူများကို မကြာသေးခင်က ပြစ်ဒဏ်များ ချမှတ်၍ ဝေးလံသည့် နယ်ထောင်များသို့ အပြောင်းအရွှေ့များ ပြုလုပ်လျက်ရှိရာ ယနေ့တွင် လည်း လူပေါင်း ၁၈ ဦး ကို ထပ်မံ ပြောင်းရွှေ့လိုက်ကြောင်းသိရသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ချခံရသည့် ဦးသဒ္ဒမ ခေါ် လူအမည် သက်ဇော်၊ ဦးဇာဏေယျ ခေါ် လူအမည် ဥာဏ်ဝင်း သံဃာ ၂ ပါး နှင့် မဟန်နီဦး၊ မကြည်ကြည်ဝါ ၊ မအိ ၊ မငယ် စသည့် အမျိုးသမီး ၄ ဦး အပါအ၀င် စုစုပေါင်း ၁၈ ဦး ကို ယနေ့တွင် အာဏာပိုင်များက အင်းစိန် ထောင်မှ နယ်ထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း (အေအေပီပီ)က ပြောဆိုသည်။

ယင်းသို့ ထောင်အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် အပြောင်းအရွှေ့ခံတချို့မှာ မူလပြောဆိုသည့်ထောင် နေရာ မဟုတ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ အခက်အခဲများနှင့်ကြုံတွေ့ရပြီး စိုးရိမ်ပူပန်ကြရကြောင်း လည်း သိရသည်။

အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က“နာမည်ရှိတဲ့လူတွေဆိုရင် အစွန်အဖျားထောင်တွေကို ပြောင်းတယ်၊ အဲဒီလို လူတွေကို ခွဲပြီးပို့တာတွေလည်း ရှိတယ်၊ ကျနော်တို့ သိရသလောက် ကိုမင်းကိုနိုင် က ပူတာအို ထောင် ကို ပြောင်းလိုက်တယ်၊ ကိုကိုကြီးက ကျောက်ဖြူထောင်၊ ဒါပေမယ့် ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ဘယ်ထောင်မှာ ရှိတယ်ဆိုတာ သူတို့ မိသားစုတွေက အတိအကျ မသိရဘူးဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

“ဒီထက်ဆိုးဝါးတာက မိသားစုတွေ လိုက်သွားရင် ထောင်ဝင်စာတွေ့ခွင့်မရ တာတွေ၊ ထောင်ဝန်ထမ်းတွေက အချေမငံ ဆက်ဆံတာတွေရှိတယ်၊ အဲဒါတွေက အထက်အာဏာပိုင် အဆင့်ဆင့်က ညွှန်ကြားလို့လုပ်တယ်လို့ ယူဆပါတယ်၊ မြန်မာ ပြည်သူလူထုရော နိုင်ငံတကာကပါ သည်းမခံနိုင်စရာဖြစ်လာတယ်လို့လည်း ထင်ပါတယ်” ဟု ဦးတိတ်နိုင်က ဆက်လက်ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုကိုကြီးကို စစ်အာဏာပိုင်များက နိုဝင်ဘာ ၁၁ ရက် တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ပြီး နောက် ရှမ်းပြည်နယ် ကျိုင်းတုံ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရ၍ ကျိုင်းတုံထောင်ကို ဆက်သွယ်စုံစမ်းသော်လည်း ထောင်အာဏာပိုင်များက ရေရာစွာ ပြန်လည် ဖြေကြားခြင်းမပြု ၍ စိုးရိမ်ကြောင်း ကိုကိုကြီး၏ ညီ ကိုအောင်ထွန်းကလည်း ပြောဆိုသည်။

“ကျနော် ထောင်မှာ မေးတော့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးကို ကျိုင်းတုံကို ပို့လိုက်တယ်တဲ့၊ ကျနော်က တာဝန်ခံကို သေချာလားလို့မေးတော့ သေချာတယ်တဲ့၊ ဒါနဲ့ ကျနော်ကျိုင်းတုံ ထောင်ကို ဆက်သွယ်တယ်၊ ကိုမင်းကိုနိုင်ကို တော့ ရှိတယ်လို့ သူ့မိသားစုကိုပြောတယ်၊ ကျနော်က ကိုကိုကြီးရှိလားလို့ ပထမ တခေါက်ဆက်တော့ မသိဘူးလို့ ပြောတယ်၊ နောက် တခေါက်လည်း ဆက်ရော ဖုန်းချပြီးတော့ ဘာမှပြန်မဖြေဘူး၊ သီချင်းတွေပဲ ဖွင့်ထားတယ်၊ အဲဒါ နဲ့ ကျနော်လည်း ၁၀ မိနစ်လောက်ကြာတော့ ချလိုက်တယ်၊ အခြေအနေကတော့ အဲဒါပဲ”ဟု ကိုအောင်ထွန်း က ပြောသည်။

ထို့အပြင် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကိုလည်း အာဏာပိုင်များက မူလတွင် မန္တလေးထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟုပြောဆိုသော်လည်း ကလေးထောင်တွင် ရောက်ရှိနေသည်ဟု ကြားသိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောဆိုသည်။
ပြီးခဲ့သည့် စနေ့နေ့က ၎င်း၏ ခင်ပွန်းသည် ရှေ့နေကြီး ဦးအောင်သိန်းရှိရာ ဧရာဝတီတိုင်း ပုသိမ်ထောင်သို့ သွားရောက်တွေ့ဆုံရန်ကြိုးပမ်းခဲ့သော်လည်း အမျိုးသားနေ့ဖြစ်၍ ထောင်ပိတ်သောကြောင့် အာဏာပိုင်များ က တွေ့ခွင့်မပေးသည့်အတွက် ရန်ကုန်မြို့သို့ ပြန်ခဲ့ရသည်ဟု ဦးအောင်သိန်း၏ ဇနီးက ပြောသည်။

“သားအမိ ၂ ယောက်သွားတာ ဦးအောင်သိန်း ထောင်ဝင်စာအတွက် မပါဘဲ ခရီးစရိတ် ကျပ် ၂ သောင်းလောက် ကုန်တယ်၊ ၂ ရက်လောက်လည်း အချိန်ကုန်တယ်၊ ထောင်အာဏာပိုင်တွေက တွေ့ခွင့်မပေးလို့ပြန်ခဲ့ရတယ်၊ သူကတော့ ကျန်းမာရေးကောင်းတယ် လို့ သိရပါတယ်”ဟု ၎င်းက ပြောပြသည်။

ယနေ့ပြောင်းရွှေ့လိုက်သည့် အကျဉ်းသားများကို သထုံ ၊ မော်လမြိုင်၊ ကလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ဗန်းမော်၊ တောင်ကြီး၊ လာရှိုး၊ ထားဝယ်၊ ပေါင်းတည်၊ သာယာဝတီ စသည့် ထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်း အေအေပီပီ က ထုတ်ပြန်ထားသည်။

ယခုလအတွင်း ပြစ်ဒဏ် ကျခံရသူပေါင်း ၁၄၃ ဦး ရှိပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ ကြောင်းလည်း အေအေပီပီက ဆိုသည်။

 (ဧရာဝတီသတင်းဌာန)

ပြည်ပပို့ အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်

ကမ္ဘာ့ စီးပွားရေး အကြပ် အတည်းကြောင့် ပြည်ပ နိုင်ငံများမှ အထည်အော်ဒါများ လျှော့ချလိုက်ရာ မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ် စက်ရုံများမှ အလုပ်သမားများစွာ အလုပ်လက်မဲ့
ဖြစ်ကုန်ကြကြောင်း သိရှိရသည်။

“အထည်ချုပ်လုပ်ငန်းတွေက ၁၀၀ ရာခိုင်နှုန်း ပြည်ပကို အားကိုးပြီး လုပ်ရတာဆိုတော့ ပြည်ပက အထည်အော်ဒါတွေ မရှိရင် လုပ်ငန်း ဆက်လုပ်ဖို့နဲ့ အလုပ်သမားစရိတ်တွေကို ကြာရှည်ထိန်းထားနိုင်ဖို့ တော်တော်ခက်ပါတယ်” ဟု  လှိုင်သာယာမှ အထည်ချုပ် လုပ်ငန်းရှင်တဦးက ပြောပြသည်။
undefined
လှိုင်သာယာရှိ အထည်ချုပ်စက်ရုံ မြင်ကွင်း (ဓာတ်ပုံ - jamd.com)
ဆက်လက်၍ ၎င်းက အလုပ်လက်မဲ့ဖြစ်သွားသော အထည်ချုပ်စက်ရုံအလုပ်သမား အရေအတွက်မှာ ၈ သောင်းမှ ၁ သိန်းထိရှိနိုင်သည်ဟုဆိုသည်။

ပြည်တွင်းတွင် လည်ပတ်နေသော အထည်ချုပ် စက်ရုံပေါင်း ၁၆၀ ၀န်းကျင် ရှိပြီး အဆိုပါ စက်ရုံများကို မှီခို အလုပ်လုပ်နေသည့် အလုပ်သမားပေါင်း ၆ သိန်းမှ ၈ သိန်းထိ ရှိနိုင်ကြောင်း  မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တဦးက ပြောသည်။

 “ရှေ့အလုပ်ရမရ ဆိုတာလည်း မသေချာတော့၊ ဒီလ၀က်စာ ငွေလေးနဲ့ ဘယ်လိုနေရမလဲ ဆိုတာတောင် မတွေးတတ်တော့ပါဘူး” ဟု လှိုင်သာယာစက်မှုဇုန် ၂၊ အထည်ချုပ်စက်ရုံတရုံမှ စက်ချုပ် အလုပ်သမား တဦးဖြစ်သည့် မအေးမာကပြောပြသည်။

မအေးမာသည် အသက် ၁၇ နှစ်သာရှိသေးပြီး ၎င်းအလုပ်လုပ်နေသည့်စက်ရုံက အလုပ်သမားများ လျှော့ချလိုက်သဖြင့် လဝက်စာ လခ ကျပ် တသောင်းသာရရှိပြီး အလုပ်ပြုတ် လာခဲ့သူ ဖြစ် သည်။

သူတို့ အထည်ချုပ်စက်ရုံမှ သူအပါအ၀င်တခြားအလုပ်သမားများကို နိုဝင်ဘာလအတွင်း အလုပ်ဆင်းခဲ့သော ရက်များအတွက် တွက်ချက်ကာ ငွေထုတ်ပေးလိုက်ပြီး နောက်နေ့ အလုပ်လာမဆင်းတော့ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ကစပြီး အလုပ်မဆင်းနဲ့ဦး။ အလုပ်ရှိတဲ့အခါ အကြောင်းကြားလိုက်မယ်လို့ သူတို့က လွယ်လွယ် ပြောနိုင်ပေမယ့် ကျမတို့မှာ ဒီနေ့ အလုပ်မရှိရင် နောက်နေ့ ငတ်မှာပဲ” ဟု အထည်ချုပ်စက်ရုံတရုံတွင် နေ့စားအလုပ်သမားအဖြစ် အလုပ်ဆင်းခဲ့သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောသည်။

အထည်ချုပ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် အခြေခံလူတန်းစားများဖြစ်ကြပြီး အများစုမှာ နေ့စားအလုပ်သမား များသာ ဖြစ်ကြ၍ အသက် ၁၅ နှစ်မှ အသက် ၂၇ နှစ် ၀န်းကျင်အရွယ်အမျိုးသမီးများ ဖြစ်သည်။


 မြန်မာနိုင်ငံတွင် အထည်ချုပ်အလုပ်သမားတဦးကို လစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာ ပေးနိုင်ရာ အလုပ်သမားများအနေနှင့် လစာငွေတခုတည်းနှင့် ရပ်တည်ရာတွင် ခက်ခဲမှု ရှိသောကြောင့် အိုဗာတိုင် ကြေးရရန် အချိန်ပိုဆင်းကြရသည်။

သို့သော်လည်း ထိုအလုပ်သမားများမှာ အမြဲတမ်းဝန်ထမ်းများ မဟုတ်သောကြောင့် အလုပ်ရှင် များမှ အလွယ်တကူပင်အလုပ်ထုတ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ အလုပ်သမားများကို အလုပ်ထုတ် လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်း မရှိကြောင်း အလုပ်ပြုတ်ခဲ့သူများထံမှ ကြားသိရသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားဥပဒေ အာဏာသက်ရောက်မှု မရှိသောကြောင့် လည်းကောင်း၊ အလုပ်သမား အများစုမှာ နေ့စားအလုပ်သမားများ ဖြစ်သောကြောင့် လည်းကောင်း အလုပ်သမားဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ ရှေ့နေ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများမှ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန် စသည့် နိုင်ငံများသို့ သာမက ဥရောပဈေးကွက်ရှိ ဂျာမနီ၊ မက္ကဆီကို၊ အာဂျင်တီးနား စသည့် နိုင်ငံများသို့ ချုပ်ပြီးအထည်များ တင်ပို့လျှက် ရှိကြောင်း သိရသည်။ အများစုမှာ  ကုန်ကြမ်းယူ ကုန်ချောပေးစနစ်ဖြင့် တင်ပို့နေရခြင်းဖြစ်ပြီး အောက်တိုဘာလမှ စတင်ကာ ချုပ်ထည် အော်ဒါလက်ခံမှုများ တဟုန်ထိုးကျဆင်းခဲ့၍ ယခုအခါ ရပ်ဆိုင်းလျက်ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင် တဦးက ပြောပြသည်။

လက်ရှိပြည်တွင်းစီးပွားရေးလုပ်ငန်းများ အကြပ်အတည်းတွေ့နေချိန်တွင် အစိုးရအနေနှင့် အခွန်ငွေများ လျှော့ချပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးသင့်သော်လည်း ယနေ့ထိတိုင် ဆောင်ရွက် ပေးခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

“အလုပ်လက်မဲ့တွေက အရင်ကထက် ၂ ဆပိုလာတော့မယ့် အနေအထားမှာ အစိုးရက ဘာပြင်ဆင်မှုမှမရှိဘူး။ တရုတ်တို့၊ စင်ကာပူတို့၊ တောင်ကိုရီးယားတို့လိုတောင်မှ ပြည်သူတွေ အတွက် ဘယ်လို လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း မရှိဘူး” ဟု စီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။

 (ဧရာဝတီသတင်းဌာန)

Friday, November 21, 2008

လူရွှင်တော် ဇာဂနာ နှင့် အရှင်ဂမ္ဘီရတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

ထင်ရှားသည့် လူရွှင်တော် ဇာဂနာအား ထောင်ဒဏ် ၄၅ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၁၅ နှစ်၊ အရှင်ဂမ္ဘီရနှင့် ရန်ကုန်မြို့ ခြောက်ထပ်ကြီး သာသနာ့ သိပ္ပံ ကျောင်းတိုက်မှ သံဃာတော် ၅ ပါး အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၂၉ ဦးခန့်ကို စစ်အာဏာပိုင်များက ယနေ့ ထောင်ဒဏ်များ ဆက်လက် ချမှတ်ကြောင်း မိသားစုဝင်များနှင့် အကျဉ်းထောင် ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားကာ ယနေ့တွင် အင်းစိန်ထောင် အထူးတရားရုံးက ပြစ်ဒဏ် ချမှတ်ခြင်းဖြစ်သည်ဟု ကိုဇာဂနာ၏ မိသားစုဝင် တဦးကပြောသည်။

ကိုဇာဂနာအား အီလက်ထရွန်နစ် အမှု ၃ မှု အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၊ ၃၃(က)၊ ၃၂(ခ)၊ ပုဒ်မ ၃၈ တို့ ဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး ကိုဇော်သက်ထွေးကို ထောင် ၁၅ နှစ် ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။

ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်တို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ၊ ကိုသန့်ဇင်အောင် အား ထောင်ဒဏ် ၁၅ ချမှတ်ခံရသည်ဟုလည်း ဆိုသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သံဃာ တပါးလည်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ဦးဆောင်သံဃာတပါးဖြစ်သော အရှင်ဂမ္ဘီရ အသက် ၂၉ နှစ် ကို ယနေ့ ချမှတ်သည့် ထောင်ဒဏ် ၁၂ နှစ် အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၆၈ နှစ် ချမှတ်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရအား ပုဒ်မ ၅၀၅(က) ၊ ၅၀၅ (ခ) ၊ လ၀က ပုဒ်မ ၁၃/၁ ၊ ပုဒ်မ ၁၇/၁ ၊ အီလက်ထရွန်နစ် ပုဒ်မ ၃၀၃(က) ၊ အသင်းအဖွဲ့ပုဒ်မ ၆/၈၈ စသည်တို့ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာ ၄ ရက်နေ့၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တခြားသော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ခြောက်ထပ်ကြီး သာသနာ့သိပ္ပံကျောင်းမှ ဦးပညာ
သီဟ ၊ ဦးပညာဒီပ၊  ဦးနရပတေ့ ၊ ဦးဥက္ကံသမာလ ၊ ဦးဇာဏေယျ စသည့် သံဃာ ၅ ပါးနှင့် နိုင်ငံရေးလှုပ်ရှားသူ ၆ ဦး၊ စုစုပေါင်း ၁၁ ဦး ကိုလည်း ယနေ့တွင် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောပြသည်။

၎င်းနိုင်ငံရေးလှုပ်ရှားသူ ၆ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ ကိုသန်းဌေး အပါအ၀င် ကိုထွန်း ထွန်းနိုင် ၊ ကိုစိုးရွှေ ၊ ကိုငွေစိုး ၊ ကိုခင်ထွန်း ၊ ကိုကျော်ဆန်းလင်း တို့ဖြစ်ပြီး ကိုထွန်းထွန်းနိုင် ၊ ကိုသန်းဌေး ၊ ကိုငွေစိုး ၊ ကိုကျော်ဆန်းလင်း တို့ကို ပုဒ်မ ၁၄၅ ၊ ၅၀၅(ခ) အရ ထောင်ဒဏ် ၄ နှစ် စီ ချမှတ်၍ ကိုခင်ထွန်း ကိုမူ ပုဒ်မ ၁၄၃ ၊ ၁၄၅ ၊ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၄ နှစ် ခွဲ ချမှတ် ခဲ့ကြောင်း သိရသည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ ကျော် ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့ရာ ယနေ့ ချမှတ်သော ထောင်ဒဏ်အပါအ၀င် အရှင်ဂမ္ဘီရ၏ ထောင်ဒဏ် စုစုပေါင်း ၆၈ နှစ်သည် အများဆုံးချမှတ်ခံရခြင်း ဖြစ်သည်။

 (ဧရာဝတီသတင်းဌာန)

Thursday, November 20, 2008

အဆိုတော် ဇေယျာသော် အပါအ၀င် လူငယ် ၆ ဦးကို ထောင်ဒဏ်များ ချမှတ်

စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် အဆိုတော် ဇေယျာသော် အပါအ၀င် ၆ ဦး ကို လမ်းမတော်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၅ နှစ် မှ ၆ နှစ် အထိ ချမှတ် လိုက်ကြောင်း အကျိုးဆောင်ရှေ့နေနှင့် မိသားစု ၀င်များက ပြောသည်။

undefined
အဆိုတော် ဇေယျာသော်
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(GW)ခေါင်းဆောင်နှင့် ဟစ်ပ်ဟော့ပ် အဆိုတော်တဦးဖြစ်သူ ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁  နှစ်၊ တရားမ၀င် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟ၀င်းတင်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ တို့အား ပုဒ်မ ၆/၈၈ အရ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်ဟု ရှေ့နေ ဦးအောင်ကြီး က ပြောပြသည်။

“သူတို့ကို GW တရားမ၀င်ဖွဲ့တယ်ဆိုပြီး အဲဒီ ၆/၈၈ ပုဒ်မနဲ့စွဲတာ၊ အဲဒီလိုဖွဲ့စည်းတယ်ဆိုတာကိုတော့ သက်သေ မပြနိုင်ဘူး၊ ဒါပေမယ့် သူတို့ သူငယ်ချင်း တဦး အခန်းကနေ ခွပ်ဒေါင်းအလံတွေ၊ တီရှပ် အင်္ကျီတွေ၊ လက်ကမ်း စာဆာင်တွေ ၊ ကွန်ပျူတာတွေ ရရှိတယ်ဆိုပြီး အဲဒီအထောက် အထားတွေအရ စွဲပြီးတော့ ချလိုက်တာ၊ ဖမ်းတုန်း က ဘာမှမမိဘူး၊ ဟမ်းဖုန်းတွေပဲသိမ်းသွားတာ၊ ဇေယျာသော် ပိုက်ဆံအိတ်ထဲကတော့ နိုင်ငံခြားငွေနည်းနည်း တွေ့သွားတယ်”ဟု ဦးအောင်ကြီးက ပြောဆိုသည်။

ပုဒ်မ ၆/၈၈ သည် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင် လာပါက တာဆီးရန်အတွက် ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇေယျာသော်တို့ ၆ ဦးသည် ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဆရာစံလမ်းမရှိ စားသောက်ဆိုင် တဆိုင်တွင် စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ တခြားသော GW အဖွဲ့ဝင် အင်းစိန်မြို့နယ်မှ ကိုတင်မျိုးထွဋ် ခေါ် ကိုကျော်ဦးသည်လည်း ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ဖမ်းဆီးခံခဲ့ရသည်။

ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းနှင့် ပတ်သက်ပြီး ဇေယျာသော်၏ အဒေါ်တော်စပ်သူ ဒေါ်ခင်သန်းဌေး က“ကျမတို့က သူ့အတွက် ဂုဏ်ယူရမှာပါ၊ ခိုး ဆိုး လုယက်မှုနဲ့ ကျတာမှ မဟုတ်ဘဲ”ဟု ပြောဆိုသည်။

ဇေယျာသော်သည် အနဂ္ဃ ၊ ဟိန်းဇော် ၊ ရန်ရန်ချန်း တို့နှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ပ်ဟော့ပ် အဖွဲ့ဖြစ်သည့် အက်ဆစ် အဖွဲ့ကို ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင် ထူထောင်ခဲ့သူ တဦးဖြစ်သည်။

ရန်ရန်ချန်းကိုလည်း စစ်အာဏာပိုင်များက ဧပြီလ ၁၇ ရက် သင်္ကြန်အတက်နေ့က မုံရွာမြို့တွင် ဖမ်းဆီးထား ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်ရှေ့တွင် ဖမ်းဆီးခံရသူ ၁၄ ဦးကိုလည်း ပုဒ်မ ၁၄၃ ၊ ၅၀၅(ခ) တိုဖြင့် ထောင်ဒဏ် ၂ နှစ် ခွဲစီ ချမှတ်လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်း အ၀န်းက ပြောသည်။ ယင်း ၁၄ ဦးတွင် ပါဝင်သော တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းသည် ကျန်းမာရေး မကောင်း၍ ထောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ သူဖြစ်ကြောင်းလည်း သိရသည်။

ဤကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများအပေါ် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်နေခြင်းသည် မမျှတ မဖြစ်သင့်ကြောင်း ရှေ့နေ ဦးအောင်ကြီးက ပြောဆိုသည်။

“အခုဖမ်းဆီးခံရတဲ့ လူအားလုံးကို အမြင့်ဆုံး အပြစ်ဒဏ်ချတယ်၊ အမှုတခုမှာ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး တော့ ပြစ်ဒဏ်အနိမ့်အမြင့်တော့ ရှိရမှာပေါ့၊ အမြင့်ဆုံးအပြစ်ဒဏ်တွေချတယ်ဆိုတော့ တရားစီရင်မှုအပေါ်မှာ အမြင်မကြည်လင်ဘူး ဖြစ်ကုန်တာပေါ့၊ မမျှတဘူးပေါ့၊ အဲဒီလိုတော့မဖြစ်သင့်ဘူး”ဟု ၎င်းက သုံးသပ် ပြောဆို သည်။

ယခင် ပြစ်ဒဏ်ချမှတ်ပြီးသူများထဲမှ ၁၅ ဦးကိုလည်း နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ယနေ့ ပြောင်းရွှေ့ ကြောင်းလည်း သိရသည်။

ပြောင်းရွှေ့ခံရသူများမှာ ကိုသန်းတင် စစ်တွေ ထောင်၊ ကိုပဏ္ဍိတ်ထွန်း ဗန်းမော်ထောင်၊ ကိုမင်းဇေယျ လားရှိုး ထောင်၊ ကိုကျော်ကျော်ထွေး မြိတ်ထောင်၊ ကိုသက်ဇော် မော်လမြိုင်ထောင်၊ မမာမာဦး သာယာဝတီ ထောင်၊ မသက်သက်အောင် မြင်းခြံထောင်၊ ကိုမင်းဟန် လားရှိုး ထောင်၊ ကိုသီဟအောင် လွိုင်ကော် ထောင်၊ ကိုအောင်မျိုးပိုင် ကော့သောင်း ထောင်၊ မမီးမီး ပုသိမ်ထောင်၊ မစန္ဒာမင်း မြောင်းမြထောင်၊ ကိုဇော်ဇော်မင်း တောင်ငူ ထောင်၊ ကိုဂျင်မီ တောင်ကြီး ထောင် နှင့် ကိုအံ့ဘွယ်ကျော် ကသာထောင် တို့ဖြစ်သည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ ၀န်းကျင်ခန့်ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့သည်။

 (ဧရာဝတီသတင်းဌာန)

Wednesday, November 19, 2008

စစ်အာဏာပိုင်များက နိုင်ငံရေးလှုပ်ရှားသူများကို ထောင်ဒဏ်များ ဆက်လက်ချမှတ်

စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၃ ဦးကို စမ်းချောင်းမြို့နယ် တရားရုံးမှ ယနေ့ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

ဗကသ အဖွဲ့ဝင် တဦးဖြစ်သော ကိုဒီငြိမ်းလင်းကို ပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၅၀၅ (ခ) ၊ ၂၉၅ (က) တို့ နှင့် ထောင် ၆ နှစ်ခွဲ ချမှတ် လိုက်သည်ဟု ၎င်း၏ မိသားစုဝင် တဦးက ပြောဆိုသည်။

တခြားသော နိုင်ငံရေးလှုပ်ရှားသူ ကိုကျော်စွာကို ၅ နှစ် တမှု၊ ၆ နှစ် တမှုဖြင့် ပေါင်း ၁၁ နှစ် ထောင်ဒဏ်ချမှတ် လိုက်ပြီး ကိုကျော်ဆန်းကို ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ကြောင်းလည်း သိရသည်။

ကိုဒီငြိမ်းလင်း၏ ဖခင်ဖြစ်သူ ကိုဇော်ဇော်မင်းကိုလည်း စစ်အာဏာပိုင်များက ပြီးခဲ့သည့် အပတ်အတွင်းတွင် ထင်ရှားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့နှင့်အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်လိုက်သည်။

ကိုဒီငြိမ်းလင်း၏ အဘိုးတော်စပ်သူ အန်အယ်လ်ဒီ လွှတ်တော်အမတ်နှင့် သတင်းစာသမား ဟောင်းဖြစ်သည့် ဦးစောဝင်းကိုလည်း စစ်အစိုးရက ၁၉၉၁ ခုနှစ် တွင် ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။ ယင်း ဦးစောဝင်းသည် ၇ နှစ် ကြာပြီးနောက် ထောင်တွင်း၌ပင် ကျန်းမာရေး ဆိုးဝါးပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၈၀ ကျော်ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့သည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, November 18, 2008

အရှင် ဂမ္ဘီရနှင့် တိုင်းရင်းသားလူငယ်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၏ ဦးဆောင်သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ရန်ကုန် အင်းစိန်ထောင်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်ကြောင်း သိရသည် ။

အရှင်ဂမ္ဘီရနှင့် သူ၏ မိသားစု
အရှင်ဂမ္ဘီရ မိသားစုနှင့် နီးစပ်သူတဦးက “လောလောဆယ် ၁၂ နှစ်ချထားတယ်၊ အခုချထားတဲ့  ပုဒ်မတွေက ၅၀၅ (ခ)၊ ၂၉၅ (က) ၂နှစ်စီ သုံးနေရာကစွဲတယ်၊ အားလုံးပေါင်း ၁၂နှစ်ချထားတယ်။ အရှင်ဂမ္ဘီရ အပါအဝင်  ၁၁ ဦးကိုဖမ်းဆီးထားပြီး စွဲထားတဲ့အမှုပေါင်းကတော့ မနည်းဘူး။ နောက်ရက်တွေ ဆက်ပြီး အမိန့်ချဖို့ ရှိတယ်” ဟု ပြောသည်။

အသက်၂၉ နှစ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင်ကိုယ်တော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား စစ်အစိုးရက ဖမ်းဆီးထားပြီးတနှစ်အကြာတွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

အရှင်ဂမ္ဘီရကိုလွန်ခဲ့သည့်နှစ် စက်တင်ဘာလကပေါ်ပေါက်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မန္တလေးတိုင်း သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးကေလာသ ကိုလည်း ပုဒ်မ ၁၇ (၂၀) ၊ ၁၇ (၁) ၊ မတရားအသင်းပုဒ်မ  တို့ဖြင့် ထောင်ဒဏ် ၃၅ နှစ် ယနေ့ချမှတ်လိုက်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရကို တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ်ပုဒ်မ၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ သာသာနာညှိုးနွမ်းစေမှု ၊ အရေးပေါ် စီမံချက်အက်ဥပဒေပုဒ်မ ၅ (ည)၊ မတရားအသင်းပုဒ်မ ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်သည့်ပုဒ်မ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူငါးဦးထက်ပိုမိုစုဝေးမှု၊ တရားမဝင်ပုံနှိပ်ထုတ်ဝေမှုစသည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း ၎င်းအမှုလိုက်ရှေ့ နေကပြောသည်။

အလားတူ လှုပ်ရှားတက်ကြွသူ တိုင်းရင်းသားလူငယ်သုံးဦးကိုလည်း ရန်ကုန်အင်းစိန်ထောင် အထူးတရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ကြောင်း အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။

ချင်းတိုင်းရင်းသား ကပ်လှမ်ခုတ် (ခ) ကိုကျော်စိုးနှင့် ရခိုင်တိုင်းရင်းသား ကိုတင်ထူးအောင်တို့ကို တိုင်းရင်းသားလူငယ်များအား စည်းရုံးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၃၃ နှစ်စီ ချမှတ်လိုက်ကြောင်း အဆိုပ်နီးစပ်သူက ပြောသည်။

ချင်းတိုင်းရင်းသား အန်ထော်နီ (ခ) ကက်ခွမ်ကွာကိုလည်း ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်သည်ဟု အဆိုပါ နီးစပ်သူကဆက်ပြောသည်။

ကပ်လှမ်ခုတ်သည့် တိုင်းရင်သားခေါင်းဆောင်တဦးဖြစ်သည့် ဦးကျင်ရှင်းထန်၏ သားဖြစ်ပြီး အန်ထော်နီမှာ တူုဖြစ်သည်။
“သူတို့ဟာ အမှုတွေဒီလောက်ကျူးလွန်ထားတာမဟုတ်ဘဲနဲ့ အခုလို နှစ်ရှည်အမိန့်ချမှတ်တာဟာ တရားမျှတမှုမရှိပါဘူး” ဟု ဦးကျင်ရှင်းထန်က ဧရာဝတီကို ပြောသည်။

အဆိုပါတိုင်းရင်းသားလူငယ် ၃ ဦးကို လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုနှင့်ပတ်သက်၍ ၂၀၀၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကတည်းက အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

 (ဧရာဝတီသတင်းဌာန)

Monday, November 17, 2008

လမ်းမပေါ်က ဇရာအိုများ

ရန်ကုန်မြို့၏ တရုတ်တန်းဟု အများက သတ်မှတ် ခေါ်ဆိုကြသည့် လသာမြို့နယ် မဟာဗန္ဓုလ ကားလမ်းမကြီး ဘေးတလျှောက်တွင် ညနေခင်းအချိန် ဖြစ်သောကြောင့် ကြေးအိုး
ဆီချက် ခေါက်ဆွဲဆိုင်များ၊လမ်းဘေး မုန့်ဆိုင် များ၊ အထည်ဆိုင်လေးများ၊ ရာပေါင်းများစွာသောဈေးသည်များ၊ လာရောက်စားသောက်ကြသူများနှင့် ဈေးဝယ် သူ များပြည့်နှက်နေသည်။

undefined
ရန်ကုန်မြို့ တနေရာတွင် တ၀မ်းတခါးအတွက် တောင်းရမ်း နေရသော အဘိုးအို နှင့် အဘွားအို (ဓာတ်ပုံ - အောင်သက်ဝိုင်း)
ရှုပ်ယှက်ခတ်နေသည့်လူအုပ်ထဲတွင် ရွှေပေါက္ကံမြို့နယ် ဆင်ဖုံကျေးရွာမှအသက်၇၈ နှစ်အရွယ် ဒေါ်အုန်းမြင့် ဆိုသည့်အမယ်အိုကြီး တဦးလည်းအပါအ၀င်ဖြစ်ပြီး သူမသည် တုန်တုန်ယင်ယင်နှင့် တလှမ်းချင်း လျှောက်လှမ်း နေသည်။ အမယ်အိုသည်ညစ်ထေးစုတ်ပြတ်နေသည့် အ၀တ်အစားကိုဝတ်ဆင်ထားပြီး သေးကွေးကြုံလှီလှသော
သူမ၏ကိုယ်ခန္ဓာမှာ လူအများကြားတွင် တရွေ့ရွေ့ ရွေ့လျားနေသည်။ သူမ၏လက်တဘက်တွင်ကား သေးငယ် လှသည့် နှီးဖာစုတ်လေးတခုကို ကိုင်ရင်းနှုတ်ကလည်း တစုံတခုကို တတွတ်တွတ်ရွတ်ဆိုလျက်ရှိသည်။

အမယ်အို၏နှုတ်ခမ်းဆီက တိုးတိုးသဲ့သဲ့ တုန်ရီစွာထွက်ပေါ်လာသည့်အသံမှာ“သားလေးတို့ သမီးလေးတို့ရယ် ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနားပါ”ဆိုသည့်အသံပင်။ သူမ၏ နှီးဖာစုတ်လေးထဲတွင် ဟောင်းနွမ်း စုတ် ပြတ်နေသည့် ၁၀ တန်၊၂၀ တန် နှင့် ၅၀ ကျပ်တန်ငွေအကြွေ စက္ကူလေးများက ဖရိုဖရဲ။

“အဘွားနေတဲ့အိမ်ကလေးက လေတွေတိုက်တုန်းက ပြိုသွားတယ်၊ အဘွားကတကောင်ကြွက်၊ အရင်တုန်း က ဈေးရောင်းတယ်၊ အသက်ကြီးလာတော့ ဈေးမရောင်းနိုင်တော့ဘူး၊ လေတိုက်လို့ပြိုသွားတဲ့အိမ်က ပြန်မဆောက် နိုင်တော့ သူများအိမ်မှာ ကပ်နေရတယ်”ဟု အမယ်အိုကလေသံအေးအေးနှင့်ရှင်းပြသည်။

၂၀၀၈ ခုနစ်မေလဆန်းပိုင်း  မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့်နေအိမ်ပျက်စီး သွားပြီး ကယ်ကူသူမဲ့မုန်တိုင်းသင့်ဒုက္ခသည်တဦးဖြစ်နေရသော ဒေါ်အုန်းမြင့်မှာဆွေမျိုးအထောက်အပံ့မရှိ ခိုကိုးရာမဲ့ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အို အမယ်အိုကြီးတဦး ဆိုလျှင်လည်းမမှားနိုင်ပေ။

ဒေါ်အုန်းမြင့်ကဲ့သို့ ကယ်သူမရှိ ခိုကိုးရာမဲ့ ဖြစ်နေသည့် သက်ကြီးရွယ်အိုအမြောက်အမြား ရန်ကုန်မြို့တော်၏ လမ်းမကြီးများပေါ်တွင်သာမကတခြားမြို့ပြဒေသကြီးများတွင်လည်း အရေအတွက်များစွာဖြင့် ရှိလာပါသည်။

မြန်မာ့ရိုးရာထုံးတမ်းစဉ်လာအရ မိဘဘိုးဘွားများ အိုမင်းမစွမ်း အသက်အရွယ်ကြီးရင့်လာသောအခါ သားသမီး မြေးမြစ်များကပြန်လည်ပြုစုစောင့်ရှောက်ကြလေ့ရှိပြီး သားသမီးဆွေမျိုးအထောက်အပံ့မရှိခဲ့ပါက ရပ်ရွာလူ့ အဖွဲ့ အစည်းက အဘိုးအဘွားနှင့် သက်ကြီးရွယ်အိုများကိုစားဝတ်နေရေးလိုလေသေးမရှိ ထောက်ပံ့ ကူညီကြလေ့ ရှိခြင်းသည် ယဉ်ကျေးပျူငှာသောမြန်မာ့ဓလေ့စရိုက်အဖြစ် နှစ်ပေါင်းများစွာတည်တံ့နေလာခဲ့သည်။

သို့ရာတွင် စီးပွာရေးကြပ်တည်းပြီး အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးအတွက် ကြုံရာကျပန်း ရုန်းကန် လုပ်ကိုင် စားသောက်ရသည့် စစ်အစိုးရလက်ထက်တွင်မူ ထိုယဉ်ကျေးပျူငှာသော မြန်မာ့ဓလေ့များကွယ်ပျောက် ကာ သက်ကြီးရွယ်အိုဘိုးဘွားများမှာလည်း ထောက်ပံ့ကျွေးမွေးပြုစုစောင့်ရှောက်မည့်သူမရှိကြုံရာကျပန်း အလုပ် ကြမ်းများ လုပ်ကိုင်စားသောက်ရင်း လမ်းမများပေါ်တွင်လေလွင့်တောင်းရမ်းစား သောက်ရသည့် အခြေ အနေသို့ ဆိုက်ရောက်သွားတော့သည်။

ပူပြင်းလှသည့် နေ့လယ်အချိန် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ကတ္တရာလမ်းမကြီးပေါ်တွင် သက်ကြီးရွယ်အို ဘိုးဘွားစုံတွဲတတွဲ အမိုးအကာမရှိငုတ်တုတ်ထိုင်နေသည်။

အမယ်အိုနှင့် အဘိုးအိုမှာ အပူရှိန်ကြောင့် ပင်ပန်းနွမ်းနေသည့်အပြင် သူတို့၏အရိုးပေါ်အရေတင် ပုံစံက ဇရာကြောင့် ပိန်လှီခြင်းထက် အာဟာရမပြည့်ဝခြင်းကြောင့် ပိန်လှီနေသည့်ပုံစံပေါက်နေသည်။

သူတို့၏အရှေ့တွင် အညိုရောင် ယောဂီ အ၀တ်ခေါက်လေး တခုရှိနေပြီးအဆိုပါအ၀တ်ခေါက်ပုံလေးပေါ်တွင် ငွေစက္ကူလေးများက တွန့်ကြေလိမ်ခေါက်စွာရှိနေသည်။ အမယ်အိုနှင့် အဘိုးအိုကား ဒေါ်အုန်းမြင့်ကဲ့သို့ပင် တောင်းရမ်းစားသောက်နေရသူများပင် ဖြစ်သည်။
undefined
ယောဂီ တဘက် ၊ ယောဂီ လုံချည် လေးများဖြင့် တောင်းရမ်းနေသော အဘွားအို နှစ်ဦး (ဓာတ်ပုံ - အောင်သက်ဝိုင်း)
“အမေတို့မှာသား ၂ ယောက်ရှိတယ်၊ ၂ ယောက်စလုံး ဆုံးသွားပြီ၊ သားအငယ်က စစ်သား၊ ၈၈ မတိုင်မီ အသက် ၂၀ အရွယ် မိုင်းဆတ်မှာ တိုက်ပွဲကျတယ်။ သားအကြီးကလည်း စက်ရုံဝန်ထမ်း စက်ညပ်ပြီး ဆုံးတယ်”ဟု ဒေါ်မြစိန် ဆိုသည့် အသက် ၇၀ ကျော်အရွယ် အမယ်အိုကပြောသည်။

ဒေါ်မြစိန်၏ခင်ပွန်းဖြစ်သူ အဘိုးအိုမှာ လေသင်တုန်းဖြတ်မှုကြောင့် ကိုယ်ခန္ဓာလှုပ်ရှားမှုနှေးကွေးနေပြီး စကား လည်း မပြောနိုင်တော့ကြောင်း အမယ်အိုက ရှင်းပြသည်။

“ဆွေမျိုးတွေရှိပေမယ့် ကိုယ်လိုသူလို မရှိဆင်းရဲသားဆိုတော့ တယောက်ကိုတယောက်မကူညီနိုင်ကြဘူး၊ နေတာက အင်းစိန်မှာ”ဟု ဒေါ်မြစိန်ကသူတို့၏ဘ၀အကြောင်း ခပ်တိုတိုပြောပြသည်။

မြန်မာနိုင်ငံ၏လမ်းမကြီးများပေါ်တွင် ရောက်ရှိ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်နေသူများ၊ လေဖြတ်နေသူများနှင့် ကျန်းမာရေးမကောင်းသော အဘိုးအို၊ အဘွားအိုများပါဝင်ပြီး ဘ၀၏နောက်ဆုံး နေ၀င်ချိန်များကိုလမ်းများပေါ်တွင် ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေရကြောင်း ပြည်တွင်း လူမှုရေးဆိုင်ရာNGO တခုမှ နာမည်ကြီး စာရေးဆရာတဦးကပြောသည်။

“လမ်းမတွေမှာ အလှူခံလှည့်လည်နေတဲ့ ဂီလာနသက်ကြီးရွယ်အို အဘိုးအဘွားတွေ များလာတာကို သတိ ထား မိတယ်၊ သိရသလောက် အများစုကတော့ စီးပွားရေးမပြေလည်လို့ဒီလိုဖြစ်လာကြတာ၊ တချို့ဆိုရင် သားသမီး ရှိပင်သော်ငြား စီးပွားရေးက လုံးဝအဆင်မပြေတော့ မိဘကိုတောင် မကျွေးမွေးနိုင်ဘူး၊ အဲဒီတော့ သက်ကြီး ရွယ်အိုတွေလည်း လမ်းပေါ်ရောက်လာကြရတယ်” ဟု အဆိုပါစာရေးဆရာကဆိုသည်။

စစ်အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် ဘိုးဘွားဦးရေ ၄.၇ သန်းရှိကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ လမ်းမများတွင်တောင်းရမ်း စားသောက်နေရသည့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ၊ ဆင်းရဲမှုကြောင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသော ဇရာအရွယ် ဘိုးဘွားများ သောင်းဂဏန်းများစွာရှိနိုင်ကြောင်းလည်း
ရန်ကုန်မြို့ခံများ၏အဆိုအရ သိရှိရသည်။

“ဈေးတွေမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဘွားအိုတွေ၊ အမှိုက်သိမ်းတဲ့ အဘွားကြီးတွေ တော်တော်များများ ရှိလာတယ်၊ လမ်းတွေပေါ်မှာ ခေါင်းရွက်ဗျပ်ထိုးရောင်းနေတဲ့ ဈေးသည် အဘွားအိုတွေ နေရာတော်တော် များများမှာ တွေ့လာရတယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကပြောကြားသည်။

လမ်းမပေါ်ရောက်သက်ကြီးရွယ်အိုများနှင့် ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေရသော ဇရာ အရွယ်အို နိုင်ငံသားများကို ပြုစုစောင့်ရှောက်ရန် တာဝန်အပြည့်အ၀ရှိသူမှာ အုပ်ချူပ်သူအစိုးရပင် ဖြစ်လင့်ကစား
လက်ရှိမြန်မာနိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရမှာ ထိုတာဝန်များကို ပျက်ကွက်နေကြောင်း ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။

“သက်ကြီးရွယ်အိုတွေဆိုတာ Senior Citizen တွေပဲ၊ ဒီ လူတွေကိုပြုစုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူဟာ နိုင်ငံအုပ်ချူပ်တဲ့ အစိုးရပဲ၊ Senior Citizen တွေ လမ်းပေါ်ရောက်ကုန်တယ်၊ ပင်ပင်ပန်းပန်းနဲ့ နေ၀င်ချိန်ကို ကုန်ဆုံးရတယ်ဆိုရင် တာဝန်အရှိဆုံးသူက အစိုးရပဲ”ဟု အဆိုပါသတင်းစာဆရာကပြောသည်။

စစ်အစိုးရအနေဖြင့် သာမန်အရပ်သား သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်မှု မပေးနိုင်ရုံမက အစိုးရ၀န်ထမ်း အငြိမ်းစားသက်ကြီးရွယ်အိုများ၏နောက်ဆုံးဘ၀နေ၀င်ချိန်များကိုပင် အာမခံချက် မပေးနိုင်ဘဲ ခက်ခဲပင်ပန်း ဆင်းရဲစွာကုန်ဆုံးစေသည့်အခြေအနေတွင် ရှိကြောင်း အငြိမ်းစားဝန်ထမ်းများ ကပြောသည်။

“အဘက စက်မှု ၁ အထည်အလိပ်စက်ရုံမှာလုပ်ခဲ့တာ၊ ၁၉၉၂ ခုနစ်မှာဆေးလက်မှတ်နဲ့ အငြိမ်းစားယူတယ်၊ အဘအခု တလကို ပင်စင်လစာ တလ ၇၆၈ ကျပ်ရတယ်”ဟု လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတခုတွင် ညစောင့် လုံခြုံရေးဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၇၀ ကျော်အရွယ် အဘိုးအိုတဦးကပြောပြသည်။

တပ်မတော်လေတွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၆၃ နှစ်အရွယ် အငြိမ်းစားအရာရှိ တဦးကလည်း သာမန်အောက်ခြေအဆင့် အစိုးရ၀န်ထမ်းများ သက်ပြည့်အငြိမ်းစားယူရသောအခါ စားဝတ် နေရေးအလွန်ကြပ်တည်းပြီး အေးချမ်းစွာအနားမယူနိုင်ဘဲ ရရာအလုပ်လုပ်ကိုင်ရလေ့ရှိကြောင်း ပြောပြသည်။

“အောက်ခြေအစိုးရ၀န်ထမ်းတွေက တာဝန်ထမ်းဆောင်ချိန်တုန်းကလည်း စားဝတ်နေရေး အရမ်းကြပ်တည်း ခဲ့တယ်၊ ဒါပေမယ့် ၀န်ထမ်းဖြစ်နေတုန်းကတော့လိုတဲ့ငွေ ဟိုကလှည့်၊ ဒီကလှည့်နဲ့ အဆင်ပြေအောင် ဖန်တီး လို့ရသေးတယ်၊ အငြိမ်းစားယူတဲ့ အချိန်ကျတော့ ငွေဝင်ပေါက်မရှိတော့ မဖြစ်မနေ အလုပ်ထွက်လုပ်ကိုလုပ်ရ တယ်”ဟုအဆိုပါ အငြိမ်းစားအရာရှိကပြောသည်။
undefined
ကိုယ့်ဝမ်းပူဆာ မနေသာတော့လည်း လမ်းမပေါ်တွင်ပင် ဈေးတောင်းချ ရောင်းနေရသော ဇရာအို အဘွား တဦး (ဓာတ်ပုံ - အောင်သက်ဝိုင်း)
တပ်မတော်တွင် နှစ်ပေါင်း ၆၀ နီးပါးတာဝန်ထမ်းဆောင်ပြီး အရာခံဗိုလ်ဖြစ်ခဲ့သည့် တိုင်အောင် အငြိမ်းစားယူ သောအခါ ပင်စင်လစာ တလ ၇၀၀၀ ကျပ် သာရရှိကြောင်း ၄င်းကဆိုပါသည်။

“တလ ၇၀၀၀ ဘယ်လိုမှမလောက်ဘူး၊ ၇၀၀၀ ဆိုတဲ့ ငွေက ဒီခေတ်မှာ ဘာဆိုဘာမှ မဟုတ်တော့ဘူး” ဟု ထိုတပ်မတော်အငြိမ်းစားအရာရှိက ညည်းတွားသည်။

စစ်အစိုးရအနေဖြင့် သာမန်အရပ်သားသက်ကြီးရွယ်အိုများနှင့် အစိုးရ၀န်ထမ်း အငြိမ်းစားဇရာအရွယ်ရောက် အဘိုးအဘွားများကိုအမှန်တကယ် ပြုစုစောင့်ရှောက်ရန် ပျက်ကွက်နေသော်ငြား အဘိုးအဘွားများ အရေး ဆောင်ရွက်နေကြောင်း နှုတ်ကတိပေး ဟန်လုပ်ပြောကြားမှု ရှိနေပါသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်က မြန်မာတနိုင်ငံလုံးရှိ အဘိုးအဘွားများကို အိမ်တိုင်ရာရောက်ပြုစုရှောက်ပြီး ကူညီ မည်ဖြစ်ကြောင်း၊ ထိုသို့ကူညီခြင်းကို ကုလသမဂ္ဂနှင့်အတူ ရေရှည်စီမံကိန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကတိပေးပြောကြားသည်။

“ဘိုးဘွားတွေထဲမှာ ဆင်းရဲတဲ့သူတွေ၊ အထီးကျန်တဲ့သူတွေ၊ ၀င်ငွေပုံမှန်မရှိတဲ့သူတွေ စတဲ့သက်ကြီးရွယ်အိုတွေ ကို အဓိကဦးစားပေးအနေနဲ့ ကူညီစောင့်ရှောက်သွားမှာဖြစ်တယ်”ဟု ဦးအောင်ထွန်းခိုင်က ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ်တခုတွင်ပြောကြားသည်။

အစိုးရ၏ပျက်ကွက်နေသော သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို မြန်မာပြည်သူလူထု တရပ်လုံးအနေနှင့် တာဝန်ယူပူးပေါင်းဆောင်ရွက်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် တဦးက သုံးသပ်သည်။

“တာဝန်အရှိဆုံးအစိုးရတောင် ဘာမှမလုပ်ဘူး၊ ကျူပ်တို့ပြည်သူက ဘာအရေးစိုက်စရာလိုသလဲဆိုပြီး အဘိုး အဘွား တွေကို ပစ်ထားလိုက်မယ်ဆိုရင် ဒီဘိုးဘွားတွေရဲ့ဘ၀ဆည်းဆာချိန်တွေက လမ်းတွေပေါ်မှာဖြစ်သလို
ကုန်ဆုံးသွားမှာပါ၊ ပြည်သူတဦးချင်းစီကအစ အားလုံးဝိုင်း လုပ်ကြဖို့အရေးကြီးတယ်”ဟု ထိုသတင်းသမားက ပြောဆိုသည်။

ပြည်တွင်းNGO တခုမှ စာရေးဆရာမတဦးကမူ ပြည်သူများအချင်းချင်းစုပေါင်းစနစ်ဖြင့် တနိုင်တပိုင် ဘိုးဘွား ရိပ်သာလေးများ ထူထောင်သင့်ကြောင်း အကြံပြုသည်။

“တတ်နိုင်သလောက် ရှိတဲ့အင်အားလေးနဲ့ ၀ိုင်းလုပ်ကြမယ်ဆိုရင် ဘိုးဘွားတွေအတွက် အများကြီးကောင်း လာမယ်”ဟု ၄င်းကပြောသည်။

စစ်အစိုးရ လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်၏အဆိုအရ မြန်မာ တနိုင်ငံလုံးတွင် ဘိုးဘွားရိပ်သာ ၅၉ ခုရှိပြီး ထိုဘိုးဘွားရိပ်သာများတွင် ပြုစုစောင့်ရှောက်ထားသည့် အဘိုးအဘွားအရေအတွက်မှာ ၂၀၀၀ ကျော်သာရှိကြောင်း သိရှိရသည်။

 (ဧရာဝတီသတင်းဌာန)

နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ထောင်ချနေဆဲ

စစ်အစိုးရက လွန်ခဲ့သည့် အပတ်ကစ၍ ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် သံဃာတော်များ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှား သူများကို နှစ်ရှည်ထောင်ချမှုများ ပြုလုပ်နေသကဲ့သို့ အမိန့်ချပြီးသူများကို မိသားစုဝင်များနှင့်ဝေးရာ နယ်ထောင်များသို့ ပို့ဆောင်လျက် ရှိသည်။

ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲများကိုဦးဆောင်ခဲ့သူတဦးဖြစ်သည့် ကိုထင်ကျော်အပါအဝင် ဗကသ ကျောင်းသားများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦးနှင့် ကိုနေလင်းအောင်၊ အန်အယ်လ်ဒီပါတီဝင် ကိုသိန်းဆွေနှင့် ကိုကြည်ဖြူ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဝင် ကိုမျိုးသန့်နှင့် စက်တင်ဘာလှုပ်ရှားမှုကြောင့် အဖမ်းခံရသည့် မြောက်ဥက္ကလာ သီရိဇေယျာကျောင်းတိုက်မှ အရှင်စန္ဒာဝါရ တို့ကို ယနေ့ထောင်အသီးသီးချလိုက်သည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းကတည်းက ဖမ်းဆီးခြင်းခံထားရသည့် ကိုထင်ကျော်အား ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်ပြီး ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦး၊ ကိုနေလင်းအောင်၊ ကိုသိန်းဆွေ၊ ကိုကြည်ဖြူနှင့် ကိုမျိုးသန့်တို့ကို ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရသည်။

ကိုစည်သူမောင်သည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခြင်းခံရသည့် ဗကသ များအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်သည်။ ကိုစည်သူမောင်၏ မိဘများဖြစ်ကြသည့် ဦးပီတာနှင့် ဒေါ်နုနုဆွေတို့ကိုလည်း ၎င်းတို့၏နေအိမ်သို့ အာဏာပိုင်တို့ ဝင်ရောက်ရှာဖွေစဉ် အိမ်တံခါးချက်ချင်းမဖွင့်သဖြင့် ဝတ္တရားနှောင့်ယှက်မှုဖြင့် ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့သေးသည်။

ယခုလ ၁၀ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည့် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီလူငယ်တဦးဖြစ်ပြီး ထင်ရှားသည့် ဘလော့ဂါတဦးလည်းဖြစ်သည့် ကိုနေဘုန်လတ်အား ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ရှိ ဘားအံထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ၎င်း၏မိခင်ဖြစ်သူ ဒေါ်အေးသန်းက ဧရာဝတီကို ပြောဆိုသည်။

“ဒီမှာတောင် အခက်အခဲတွေအများကြီးရှိတာ အခုလိုနယ်ပြောင်းလိုက်ပြီဆိုတော့ သွားရလာရတာနဲ့ စရိတ်စက ကအစ တာဝန်ပိုကြီးလာတာပေါ့ … သူ့ရဲ့ (နေဘုန်းလတ်) ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု ဒေါ်အေးသန်းက ပြောသည်။

ယခုလဆန်းပိုင်းကစ၍ စစ်အစိုးရက  နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအဝင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၈၀ ခန့်ကို အနည်းဆုံး ၄ လမှ ၆၅ နှစ်ခွဲအထိ ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

 (ဧရာဝတီသတင်းဌာန)

ဗမာပြည်မှ အာဇာနည်များ ( သို့  ) ပြည်သူ့ အလင်းဆောင်ခွပ်ဒေါင်းများ

စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း
စဉ် အမည် စီရင်ချသည့်နေ့ အဖွဲ့အစည်း၊ ပြစ်ဒဏ်
၁ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၂ နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၃ သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၎ သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၅ အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၆ ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၇ ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၈ ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၉ ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင် ၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင် ၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့် ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ်

Sunday, November 16, 2008

မင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ ဦးကို နယ်ထောင်များသို့ ပြောင်းရွှေ့

ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များ၊ မစုစုနွေးနှင့် အန်အယ်လ်ဒီ ပါတီဝင်များ၊ သံဃာတော် တချို့နှင့် အနုပညာရှင် ၂ ဦးကို မိသားစုနှင့် ဝေးရာထောင်များသို့ ယနေ့နံနက် ၃ နာရီခန့်က စတင်ပို့ဆောင်လိုက်သည်ဟု မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တို့က ပြောသည်။

undefined၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို မိသားစုများနေထိုင်ရာ ရန်ကုန်နှင့် မိုင်ပေါင်း ၇၀၀ ခန့်ကွာဝေးသည့် ရှမ်းပြည်နယ်ရှိ ကျိုင်းတုံထောင်သို့ပို့လိုက်ပြီး ကိုဌေးကြွယ်အား မြန်မာနိုင်ငံ အနောက်ဘက်စွန်း ဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်စပ်ရှိ ဘူးသီးတောင်ထောင်၊ ကိုပြုံးချိုအား မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကော့သောင်းနှင့် ကိုမြအေးကို ကယားပြည်နယ်ရှိ လွိုင်ကော်ထောင်သို့ပို့လိုက်သည်ဟု အေအေပီပီ အဖွဲ့က ပြောသည်။

အေအေပီပီအဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့်ဝေးရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်ခြင်းသည် မိသားစုဝင်များကိုပါ ဒုက္ခရောက်စေလိုသော ရည်ရွယ်ချက်ဖြစ်သည်ဟု ပြောသည်။

“ထောင်ပြောင်းလိုက်ပြီးတဲ့နောက် ဒုက္ခခံစားရတာ မိသားစုတွေပါ။ ပြောင်းလိုက်တဲ့ဒေသတွေကိုသွားဖို့ အချိန်ကုန်တယ်၊ အလုပ်ပျက်တယ်၊ ငွေကုန်မယ်။ ဥပမာ - ကိုပြုံးချိုကို ကော့သောင်းထောင်ကိုပို့လိုက်တယ်။ အဲဒီနေရာကို သင်္ဘောနဲ့သွားရင် ၄ ရက်ကြာတယ်၊ လေယာဉ်နဲ့ဆို လက်မှတ်က အင်မတန်ဈေးကြီးပြီး ဝယ်ရတာလည်း အလွန်ခက်ပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များဖြစ်ကြသည့် ကိုလှမျိုးနောင်အား ကချင်ပြည်နယ်ရှိ မြစ်ကြီးနားထောင်၊ ကိုအောင်သူအား မြန်မာနိုင်ငံ မြောက်ဘက်စွန်းရှိ ပူတာအိုထောင်၊ ကိုအောင်နိုင် (ခ) ကိုမျိုးအောင်နိုင်ကို စစ်ကိုင်းတိုင်းရှိ ကလေးထောင်များသို့ ပို့ခဲ့သည်။

ကိုပြုံးချို၏ဇနီး မဝါဝါက “မနက်အစောကြီးထောင်မှာသွားတွေ့သေးတယ်၊ နောက်ပေါက်ကထုတ်တာဆိုတော့ မတွေ့လိုက်ဘူး။ အခုပို့တဲ့နေရာတွေက သွားရေးလာရေးခက်ခဲတယ် … ခရီးဘယ်လောက်ဝေးဝေး လိုက်သွားရမှာပေါ့။ အမက ၂ ပတ်တခါလောက် လိုက်သွားမှာ၊ ကိုယ့်လူကို ဘယ်သူတွေတန်ဖိုးမရှိအောင် ထားထား ကိုယ့်အတွက်တန်ဖိုးရှိတာကိုး၊ ဒီလူတွေက တတိုင်းပြည်လုံးအတွက်လည်း တန်ဖိုးရှိပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ပဲ ဆက်သွားကြရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။

“အမတို့ စိတ်ဓာတ်မခိုင်လို့မရဘူးလေ၊ ကြိုတင်ပြင်ဆင်ပြီးသားပါ။ ကျန်မာရေးပဲဂရုစိုက်၊ မိသားစုအရေးတွေ ဘာတွေ ဘာမှမတွေးဖို့ မှာထားပြီးသား … အားလုံးကလည်း သူတို့အတွက် ဂုဏ်ယူကြမှာပါ” ဟု မဝါဝါက ဆက်ပြောသည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများကို တရားရုံးမထုတ်ဘဲ လွန်ခဲ့သည့် ၁၁ ရက်နေ့က မအူပင်ထောင်တွင်း၌ အပြစ်ဒဏ် ၆၅ နှစ်ချမှတ်ကာ ရန်ကုန်ရှိ အင်းစိန်ထောင်သို့ပြန်ခေါ်လာပြီး ယနေ့နံနက်တွင် ဝေးလံသည့်ဒေသများရှိ ထောင်များသို့ ပို့လိုက်ခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီဝင် မစုစုနွေး၊ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုမြတ်စံနှင့် ကိုတင့်ဆန်း၊ ကဗျာဆရာ ကိုစောဝေနှင့် ရွှေသံစဉ်တေးဂီတအဖွဲ့၏ ဂီတမှူး ကိုဝင်းမော်တို့ကိုလည်း မန္တလေးထောင်သို့ပို့လိုက်သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းက ပြောသည်။

သံဃာတော်တချို့အပါအဝင် အန်အယ်လ်ဒီပါတီဝင် ကိုဘိုဘိုဝင်းလှိုင်နှင့် စုစုပေါင်း ၈ ဦးကိုလည်း ၈၈ ကျောင်းသား ကိုအောင်သူနှင့်အတူ ပူတာအိုထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

“ထောင်ပြောင်းရင် မိသားစုနဲ့ အနီးဆုံးထောင်ကိုပြောင်းရမယ်လို့ အကျဉ်းထောင်လက်စွဲမှာ ပြဌန်းထားပြီး ဖြစ်တယ်။ အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ အကျဉ်းထောင်လက်စွဲနဲ့ လုံးဝဆန့်ကျင်နေပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

 (ဧရာဝတီသတင်းဌာန)

Friday, November 14, 2008

အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ယာယီရုံးထိုင်လျက်ရှိသည့် ထောင်တွင်း တရားရုံးများက အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီ အသိုင်းအဝန်းနှင့် အင်းစိန်ထောင်အသိုင်းအဝန်းက ပြောဆိုကြသည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့် ကိုဆန်းဝင်းတို့အပါအဝင် လှိုင်သာယာမှ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးဖြစ်သည့် ကိုသန့်ဇော်မြင့်အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောဆိုသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှာသူများအား နှစ်ရှည်ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည့်အပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုများ ပိုများလာသည်ဟုလည်း ဦးဉာဏ်ဝင်းက စစ်အစိုးရကို ဖေဝန်လိုက်သည်။

ကိုသန့်ဇင်မျိုး၏အကိုဖြစ်သူ ကိုသန့်ဇင်ဦးက “တရားမျှတမှုလုံးဝမရှိဘူး … မြန်မာနိုင်ငံတရားစီရင်ရေးစနစ်က ဒီလောက် အထိ ယိမ်းယိုင်သွားပြီဆိုတော့ ကျနော်တို့မြန်မာတမျိုးသားလုံးရဲ့ ဂုဏ်သိက္ခပေါ့ … အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေလည်း အလကားဖြစ်ကုန်ပြီပေါ့” ဟု ပြောသည်။

“အများပြည်သူရှေ့မှောက်မှာ တရားစီရင်နေရာက အမိန့်ချခါနီးကျမှ ဘယ်သူမှလာရောက်ကြားနာခွင့်မရတဲ့ တံခါးပိတ်ပြီး လုပ်ချင်သလိုလုပ်လိုက်တာကိုကြည့်ခြင်းအားဖြင့် တရားမျှတမှုရှိတယ် မရှိဘူးဆိုတာ ပေါ်လွင်နေပါပြီ” ဟုလည်း ကိုသန့်ဇင်ဦးက ဆက်ပြောသည်။

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် မကြည်ကြည်ဝါ၊ ကိုကျော်ဇင်ဝင်း၊ ကိုအောင်ကျော်ဦး၊ ကိုကျော်ကျော်လင်းနှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအား မတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့် နောက်ထပ် ၆ နှစ်၊ ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့် နောက်ထက် ၅ နှစ် ချမှတ်လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့လည်း ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

ယခုအပတ်အတွင်း စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူ ၆၀ ကျော်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

 (ဧရာဝတီသတင်းဌာန)

မသန့်သော ဆေးထိုးအပ်ကြောင့် ထောင်တွင်း၌ ကဗျာဆရာတဦး အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရ

ရန်ကုန် အင်းစိန်ထောင်တွင်း၌ စစ်အစိုးရက ဖမ်းဆီးအကျဉ်းချထားသော ကဗျာဆရာ ကိုအောင်သန်းသည် အိပ်ခ်ျအိုင်ဗီ ကူးစက်ရောဂါ ခံစားနေရပြီး ၎င်း၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ဆိုးဝါးနေကြောင်း သိရှိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် တဦးဖြစ်ပြီး အသက် ၃၆ နှစ်ရှိ ယင်း ကဗျာဆရာ ကိုအောင်သန်းသည် လွန်ခဲ့သည့် ၂ နှစ် ခန့်တွင် အင်းစိန်ထောင် ဆေးရုံက ၎င်းအား အဓမ္မ ဆေးထိုးပေးခဲ့ပြီး နောက်ပိုင်း အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်း သမားများ(RSF)အဖွဲ့နှင့် ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂ(BMA)အဖွဲ့တို့က ကိုအောင်သန်း၏ မိခင်နှင့် မိတ်ဆွေ တချို့ကို ကိုးကား၍ နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

“အခုကြားရတဲ့ ဖြစ်ရပ်ဆိုး သတင်းမျိုးဟာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့လုပ်ရပ် တခုတည်း ကြောင့် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အခြေအနေ ကြောင့်လည်း ဖြစ်ပါတယ်၊ ဒါ ကြောင့် အခုထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးဝါးစွာခံစားနေရတဲ့ ကိုအောင်သန်းကို အမြန်ဆုံး ပြန်လွှတ်ပြီးတော့ ဆေးကုသခံယူခွင့်ပေးဖို့ တောင်းဆိုပါတယ်”ဟု RSF နှင့် BMA အဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်“ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲ သွားရောက်ကူညီခွင့်ရအောင် နိုင်ငံ တကာ အသိုင်းအ၀န်းက ဖိအားပေးဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတောင်းဆိုပါတယ်”ဟုလည်း ၎င်းအဖွဲ့ နှစ်ဖွဲ့ က ထည့်သွင်း ဖော်ပြထားသည်။

ယင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့(ICRC)ကို မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအကျဉ်းထောင်များ အတွင်း သို့သွားရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။ ICRC သည် ၁၉၉၉ ခု နှစ်မှစတင်၍ အကျဉ်းထောင်များအတွင်း သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက“ကျနော်တို့ သိရသလောက် မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုက အတ်ာညံ့ဖျင်း ပါတယ်၊ အထူးသဖြင့် ICRC ထွက်သွားပြီးတဲ့နောက်မှာ ပိုဆိုးလာပါတယ်၊ ဒါကြောင့် ICRC လို့အဖွဲ့ကြီးအနနဲ့ ဒီအကျဉ်းထောင်တွေထဲကို သွားရောက်ခွင့်ရရင် ကောင်းပါမယ်”ဟု ပြောဆို သည်။

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် အောက်တိုဘာလ အတွင်းက အမျိုးသား ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာနှင့် ပတ်သက်ပြီး အင်းစိန်ထောင်ဆေးရုံတွင် ကုသမှုခံယူရာ ယင်းထောင်ဆေးရုံမှ ၀န်ထမ်းတဦးက တာဝန်ရှိ ဆရာဝန် ညွှန်ကြားချက်အရ မဟုတ်ဘဲ ဆေးထိုးပေးခဲ့ကြောင်း၊ ထောင်ဆေးရုံတွင် မသန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုသည်ကို မကြာခဏ တွေ့ရသောကြောင့် ကိုအောင်သန်းက ဆေးထိုးခံရမည်ကို ငြင်းဆိုသော်လည်း ဆေးရုံ ၀န်ထမ်းက အဓမ္မ ဆေးထိုးပေးခဲ့ကြောင်း ကိုအောင်သန်း၏ မိခင် ဒေါ်ခင်စီနှင့် မိတ်ဆွေတဦး က ပြောပြသည်ဟုလည်း RSF နှင့် BMA တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လ အနည်းငယ်ကြာပြီးနောက် ကိုအောင်သန်း၏ ကိုယ်ခံအားကျဆင်းလာပြီး မကြာခဏအဖျားတက်၍ အရေပြား များ အမြဲတမ်းကဲ့သို့ အေးနေကာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်လာသောကြောင့် ကိုအောင်သန်းက ၎င်းအား ဆေးစစ်ပေးရန် တောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေသော လက္ခဏာများသည် အေအိုင်ဒီအက်စ် ဝေဒနာရှင် တဦးဖြစ်သည့် ရောဂါလက္ခဏာများ ဖြစ်ကြောင်း ဆရာဝန်များက မှတ်ချက်ပေးသောကြောင့် ကိုအောင်သန်းမှာ ထောင်တွင်း၌ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံခဲ့ရသည်မှာ သေချာကြောင်း RSF နှင့် BMA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ အဓမ္မဆေးထိုးခံရမှု များစွာရှိကြောင်းနှင့် BMA အဖွဲ့ဝင် တဦး၏ မိတ်ဆွေ တဦးသည်လည်း အဓမ္မဆေးထိုးခံရပြီးနောက် အေအိုင်ဒီအက်စ် ရောဂါဖြင့် ထောင်တွင်း၌ပင် သေဆုံးခဲ့ ဖူး ကြောင်းလည်း သိရသည်။

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် ဇွန်လအတွင်းက ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံရေးသားထား သော“ဒေါင်းမာန်”အမည်ရှိ ကဗျာများ ရေးသားထုတ်ဝေမှုဖြင့် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၉ နှစ် ချမှတ် ခံထားရသူဖြစ်သည်။ ၎င်းနှင့် အတူ ပဲခူးမြို့ရှိ ယင်းကဗျာများကို ပုံနှိပ်ပေးသူ ကိုမောင်မောင်ဦး၊ ကိုဇေယျ အောင်(ကျောင်းသား) နှင့် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ကိုစိန်လှိုင်တို့သည်လည်း ထောင်ဒဏ်များ အသီး သီး ချမှတ်ခံခဲ့ရကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 (ဧရာဝတီသတင်းဌာန)

Thursday, November 13, 2008

နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၁၉ ယောက်ကို ထောင်ဒဏ်များချမှတ်

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အသက် ၇၂ နှစ်ရှိ ဦးတင်ယု အပါအဝင် အန်အယ်လ်ဒီပါတီဝင် ၁၁ ဦးကို ရန်ကုန်ရှိ အင်းစိန်ထောင်တွင်ရုံးထိုင်ထားသည့် အထူးတရားရုံးက ထောင်ဒဏ် ၇ နှစ် ၆ လစီ ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူအများစုသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီပါတီဝင်များ ဖြစ်ကြသည့် ဦးတင်ယု၊ ကိုသန်းနိုင်၊ မလှလှမော်၊ ကိုစိုးမင်းမင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုအောင်မင်းနိုင်၊ ဦးဝင်းမြင့်၊ ကိုမျိုးကျော်ဇင်နှင့် ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ကိုရန်နိုင်ထွန်း တို့ဖြစ်ကြသည်။

၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှုများကြောင့် အဖမ်းခံရခြင်း ဖြစ်ပြီး အများပြည်သူ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ၅၀၅ (ခ) အပါအဝင် တခြားဥပဒေပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ချမှတ်ခံရသည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ အန်အယ်လ်ဒီလူငယ် ကိုရာဇာက “ဒါဟာတရားဥပဒေစိုးမိုးမှုကို တရားရုံးနဲ့ တရားသူကြီး တွေကပါ လိုက်နာနိုင်စွမ်းမရှိတော့တဲ့အခြေနေကို ဖော်ပြတာဖြစ်တယ်။ မြန်မာပြည်ကို စစ်အစိုးရက တရားလက်လွတ် အုပ်စိုးနေတယ်။ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်သာဆိုရင် အခုလိုလုပ်ခွင့်မရှိဘူး၊ အဲဒီတော့ စစ်အစိုးရရဲ့တရားမ၀င်မှုကိုပါ အခုဖြစ်ရပ်က သက်သေပြနေတာပဲဖြစ်တယ်” ဟု ဝေဖန်ပြောဆိုသည်။

အဆိုပါထောင်ဒဏ်ချမှတ်ခံရသူများမှ ကိုရန်နိုင်ထွန်း၊ ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်နှင့် ၎င်းတို့၏ အကျိုးဆောင် လူငယ်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးတို့ကို လွန်ခဲ့သည့်လကုန်ပိုင်းက တရားစီရင်မှုကို နှောင့်ယှက်သည့်ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့သေးသည်။

ဗကသများအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သည့် မဟန်နီဦးကိုလည်း ယနေ့နေ့လယ်ပိုင်းက ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။ မဟန်နီဦးသည် အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး ဥပဒေ နောက်ဆုံးနှစ်ကျောင်းသူတဦးလည်း ဖြစ်သည်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ကိုမျိုးခင်အား ထောင်ဒဏ် ၄ နှစ်ခွဲနှင့် အန်အယ်လ်ဒီပါတီဝင် ကိုမျိုးခိုင်ကို ထောင်ဒဏ် ၆ နှစ်ခွဲ ယနေ့ချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီပါတီ အသိုင်းအဝန်းက ဧရာဝတီကို ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးတို့အား ထောင်ဒဏ် ၂ နှစ်စီချမှတ်ပြီး ကွန်ပျူတာပညာရှင်တဦးဖြစ်သည့် မမြမြသိမ့်ကို လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချလိုက်ကြောင်းလည်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် ၂၀၀၇ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသ များအဖွဲ့ချုပ်ကို အင်တိုက်အားတိုက် အကူအညီပေးခဲ့သည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်ပြီး ကဗျာဆရာများသမဂ္ဂကိုဦးဆောင်ခဲ့သူ ကိုမင်းဟန် ကိုလည်း အင်းစိန်ထောင်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်သည်ဟု ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်တဦးက ပြောသည်။

စစ်အစိုးရက ယနေ့တနေ့တည်း နိုင်ငံရေးလှုပ်ရှားသူ ၂၀ ခန့်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ယခုအပတ်အတွင်း နိုင်ငံရေးလှုပ်ရှားသူ ၆၀ ကျော်ကို ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

စစ်အစိုးရ၏ နှစ်ရှည်ပြစ်ဒဏ် ချမှတ်နေမှုများအပေါ် နိုင်ငံတကာက ရှုတ်ချ

စစ်အစိုးရက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂက အလွန်အမင်း စိုးရိမ်ကြောင်းနှင့် အမေရိကန်အစိုးရက အပြင်းအထန်ကန့်ကွက်ရှုတ်ချ လိုက်ကာ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

“မိသားစုဝင်တွေ နဲ့ ရှေ့နေတွေကို ကြားနာခွင့်မပေးဘဲနဲ့ စစ်အစိုးရက တံခါးပိတ်တရားခွင်မှာ စီရင်ချက် ချခဲ့တာပဲ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Robert A Wood က သတင်းထောက်များကို ယမန်နေ့က ပြောကြားသည်။

Robert A Wood က လူ့အခွင့်အရေးလှုပ်ရှားနေသော အရပ်သားများကို ဆက်လက်ဖမ်းဆီးခြင်း၊ အနှောင့် အယှက်ပြု ခြင်းများကို ရပ်တန်းက ရပ်ရန်လည်း မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

"စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ချက်ချင်းလွှတ်ပေးပြီး ဒီမိုကရက်တစ်အင်အားစုတွေ တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်တွေ ပါဝင်တဲ့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေးတွေစဖို့ ကျနော်တို့တောင်းဆိုပါတယ်”ဟု ၎င်းက ဆိုသည်။

အမေရိကန်အစိုးရအနေဖြင် နိုင်ငံတကာမိတ်ဆွေများနှင့်အတူပူးပေါင်းကာ မြန်မာစစ်အစိုးရကို ထပ်မံ၍ ဖိအားများပေးရန် အကောင်းဆုံးနည်းလမ်းရှာဖွေ နေကြောင်းလည်း သိရသည်။

"ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဗမာပြည်အခြေအနေနဲ့ပတ်သက်ပြီး ကျနော်တို့အရင် အကြိမ်များစွာ ပြောခဲ့သလို အလွန်ပဲ စိုးရိမ်မကင်းဖြစ်ရပါတယ်။ နောက်ထပ် ဗမာအစိုးရကို ဖိအားထပ်တိုးဖို့လည်း ကျနော်တို့ ဆက်လက်ပြီး နည်းလမ်းရှာဖွေ သွားမှာဖြစ်ပါတယ်” ဟုလည်း Robert A Wood က ဆက်ပြောသည်။

အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် US campaign for Burma အဖွဲ့ကလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပိုမို ပြုလုပ်ရန် အမေရိကန်အစိုးရကို တိုက်တွန်းထားသည်။

US campaign for Burma ၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က “ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကို အရေးပေါ်အစည်းအဝေးတခု အမြန်ခေါ်ယူပြီး မြန်မာစစ်အစိုးရ အပေါ် တကမ္ဘာလုံးက လက်နက်ရောင်း ချမှု ပိတ်ဆို့ဖို့ အပါအဝင် နိုင်ငံတကာရဲ့တုံ့ပြန် ဆုံးဖြတ်ချက်များချမှတ်သွားဖို့ အမေရိကန်အစိုးရကို ကျနော် တို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

“ကုလသမဂ္ဂလုံခြုံရေး ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့တောင်းဆိုထားတာကို မြန်မာစစ်အစိုးရက ဘာကြောင့်ပယ်ချလိုက်တယ်ဆိုတာဟာ အခုတော့ရှင်းသွားပါပြီ”ဟုလည်း သူကပြော သည်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း မြန်မာ အတိုက်အခံလှုပ်ရှားသူများ ကိုထောင်ဒဏ် နှစ်ရှည်ချလိုက်မှုအပေါ် အလွန်အမင်း စိုးရိမ်ကြောင်းပြောသည်။

ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ် မစ္စတာဘန်ကီမွန်း၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Marie Okabe က“လွန်ခဲ့တဲ့နှစ်အတွင်းက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးတော့ ပြင်းထန်းလွန်းတဲ့ ထောင်ဒဏ်ချမှတ်တာတွေ ကြားသိရတဲ့အတွက် အထွေထွေအတွင်းရေးမှုချူပ်အနေနဲ့ အလွန်အမင်းစိုးရိမ် မကင်း ဖြစ်ရပါတယ်” ဟု ပြောသည်။

ထို့အတူ မလေးရှား၊ စင်္ကပူ၊ ထိုင်း၊ ကမ္ဘာဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအစရှိသည့်နိုင်ငံများမှ ပါလီမန် အမတ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံ လွှတ်တော်အမတ်များအဖွဲ့(AIPMC)ကလည်း နိုဝင်ဘာလ ၁၁ရက်နေ့က ရန်ကုန် အင်းစိန်ထောင် အတွင်းရှိ တံခါးပိတ်အထူးခုံရုံးမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ် ချလိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော် ပြောကြားသည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, November 11, 2008

စစ်အစိုးရက လူပေါင်း ၄၀ ခန့်ကို ယနေ့ ထောင်ဒဏ်များ ချမှတ်

စစ်အစိုးရက ဖမ်းဆီးထားသော တောင်ဥက္ကလာ ငွေကြာယံ ကျောင်းတိုက်မှ သံဃာတော် ၅ ပါး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ၊ တသီးပုဂ္ဂလ လူမှုရေးလှုပ်ရှားသူများ စသည့် လူပေါင်း ၄၀ ခန့်ကို ယနေ့တွင် ထောင်ဒဏ် အမြင့်ဆုံး ၆၅ နှစ် အထိချမှတ်လိုက်သည်။

ငွေကြာယံ ကျောင်းတိုက်မှ သံဃာ ၅ ပါးကို ထောင် ၆ နှစ်ခွဲစီချမှတ်လိုက်ပြီး ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ် ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်းနှင့် မမီးမီးတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦး ကို ထောင်ဒဏ် ၆၅ နှစ် စီ ချမှတ်လိုက်သည်ဟု မိသားစုဝင်များ နှင့် ဥပဒေ အကျိုးဆောင်များက ပြောသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့မှ ကိုပြည့်ဖြိုးလှိုင်နှင့် ၉ ဦးကိုလည်း ထောင်ဒဏ် ၈ နှစ်မှ ၂၄ နှစ်အထိ ချမှတ်လိုက်ကြောင်း သိရသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးအား ထောင်ဒဏ် ၁၂ နှစ် ၆ လ ချမှတ်လိုက်ကြောင်းလည်း ၎င်း၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကပြောသည်။ မစုစုနွေးနှင့်အတူ ကိုဘိုဘိုလှိုင်ဝင်းသည် ထောင် ၈ နှစ် ချမှတ်ခံရကြောင်းလည်း သိရသည်။

ရွှေသံစဉ်ကို ၀င်းမော်နှင့် အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီနေသူ ကိုသန်းနိုင်တို့ကိုလည်း ထောင် ၆ နှစ်စီ ချမှတ် လိုက်သည်။

တခြားသော ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကိုလည်း လာမည့်ကြာသပတေးနေ့ ရုံးထုတ်မတိုင်မီ ထောင်ဒဏ်ချ မှတ်ရန် အစီအစဉ်ရှိကြောင်း၊ ကျန်ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူအားလုံးကို နိုဝင်ဘာ ၂၅ ရက် ၀န်းကျင် တွင် ပြစ်ဒဏ်များ စီရင်နိုင်ကြောင်းလည်း အကျိုးဆောင်ရှေ့နေများ အသိုင်းအ၀န်းက သိရသည်။

“အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ ပြစ်ဒဏ်စီရင်တာတွေ အပြီးဖြတ် မယ်လို့ ကြားနေရတယ်၊ ဇေယျာသော်အမှုကိုလည်း ၂၀ ရက်လောက်မှာ ဖြတ်မယ်လို့ သိရပါတယ်”ဟု ဖမ်းဆီးခံထားရသည့် အဆိုတော် ဇေယျာသော်၏ ရှေ့နေ ဦးအောင်ကြီးက ပြောဆိုသည်။

ယခုကဲ့သို့ ပြစ်ဒဏ်များ စီရင်လိုက်ခြင်းကို ၈၈ မျိုးဆက်ကျောင်းသားများက ကြွေးကြော်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ ကြောင်း လည်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမင်းဇေယျက“၆၅ နှစ်ထဲပါ”ဟု ပြောဆိုလိုက်ပြီး မမီးမီးကမူ “ဘယ်တော့မှ မကြောက်ဘူး”ဟု ကြွေးကြော်ကာ တခြားသော သူများက“မြန်မာပြည်လွတ်မြောက်ရေး” ဟု ကြွေးကြော် ခဲ့ကြကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောပြသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို ၊ ကိုမြအေး၊ ကိုလှမျိုးနောင် ၊ ကိုအောင်သူ ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်တို့ ၉ ဦး ကို အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့ သည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို၏ ဖခင်ဖြစ်သူ ဦးဝင်းမောင်က အဆိုပါ ၉ ဦးကိုလည်း ကြီးလေး သည့် ပြစ်ဒဏ်များ ချမှတ်နိုင်သည်ဟု မျှော်လင့်ရကြောင်း ပြောဆိုသည်။

၈၈ ကျောင်းသား ခေါင်းဆောင်များ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရ

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ယနေ့တွင် တဦးလျှင် ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ် လိုက်ကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းဇေယျ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုဇော်ဇော်မင်း၊ ကိုသန်းတင်ခေါ် ကြီးသန်း၊ ကိုဇေယျခေါ် ကုလားမ၊ ကိုအံ့ဘွယ်ကျော်၊ ကိုကျော်ကျော်ထွေးခေါ် မာကီး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော်၊ မသင်းသင်းအေးခေါ် မီးမီး၊ မမာမာဦး၊ မနီလာသိန်း၊ မစန္ဒာမင်း၊ မသက်သက်အောင်တို့ကို ယနေ့နံနက်ပိုင်းက အင်းစိန် ထောင် အထူးတရားရုံးမှ ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည် က ပြောသည်။

ယခု ထောင်ဒဏ်ချမှတ်ခံရသူများ အပါအ၀င် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသား ၃၇ ဦးအား ၂၀၀၇ ခုနှစ် သြဂုတ်လ ကတည်းက စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုလှမျိုး နောင်၊ ကိုအောင်သူ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်တို့ကို အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ရုံးထုတ်ချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင်များနှင့် အများပြည်သူကို ကြားနာခွင့်ပြုရန်စသည့် လွတ်လပ် သော တရားစီရင်ရေးအတွက် တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားစီရင်မှုကို အနှောင့်အယှက်ပေး သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောခဲ့ဖူးသည်။

ယနေ့တွင် မစုစုနွေးကိုလည်း စစ်အာဏာပိုင်များက ထောင်ဒဏ် ၁၂ နှစ် နှင့် ၆ လ ချမှတ်လိုက်သည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။

ယခု ပြစ်ဒဏ်များချမှတ်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးလှုပ်ရှားသူများ၏ အမှုများကို အကျိုးဆောင်ပေးနေပြီး မကြာသေးခင် က တရားရုံးသို့ ၀င်ခွင့်ပိတ်ပင်ခြင်း ခံထားရသော ရှေ့နေဦးကျော်ဟိုးက အမှုမှန်မမှန်ပေါ်တွင် မူတည်ကြောင်း၊ အမှုမှန် မပေါ်ဘဲ ပြစ်ဒဏ်ချမှတ်ပါက တရားမျှတမှုမရှိကြောင်းပြောသည်။

 (ဧရာဝတီသတင်းဌာန)

Monday, November 10, 2008

လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်

စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ် လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ် ၏ မိခင် ဒေါ်အေးသန်း ကပြောသည်။

“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။

ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။

ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။

မကြာသေးခင် ရက်ပိုင်းကပင် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ယင်းသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ၏ အမှုများအား အကျိုးဆောင်ပေး နေသော ရှေ့နေများကို စစ်အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေးနေသော ၎င်း အပါအ၀င် ရှေ့နေများဖြစ် သည့် ဦးမောင်မောင်လတ်၊ ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ယခုလဆန်း ၅ ရက်နေ့မှ စတင်၍ အကြောင်းပြချက် မရှိဘဲနှင့် တရားရုံးက ၀င်ခွင့်မပြု ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

“ကျနော်တို့ကို ဘာကြောင့် ၀င်ခွင့်မပြုဘူးဆိုတာလည်း အကြောင်းပြချက်မရှိဘူး၊ ဘာမှ အကြောင်းမပြဘူး၊ ကျနော်က ထောင်မှူး တယောက်ကို မေးတယ်၊ အကြောင်းပြချက်မရှိဘူးတဲ့ အထက်က အမိန့်တဲ့”ဟု ဦးကျော်ဟိုး က ပြောပြသည်။

အာဏာပိုင်များက ၎င်းတို့၏ အမှုသည်များအား ရှေ့နေမပါဘဲ နေ့စဉ် ရုံးထုတ်အမှုစစ်ခြင်းများကို ဆက်လက် ပြုလုပ်နေ သည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကလည်း တရားရုံးက တရားမျှတမှုမရှိသောကြောင့် လွန်ခဲ့သည့်အပတ် အတွင်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကြောင်း မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောသည်။

မစုစုနွေးသည် ၎င်း၏ အကျိုးဆောင်ရှေ့နေပါဝါကို ကိုယ်တိုင်လက်မှတ်ထိုးရုပ်သိမ်း လိုက်ကြောင်းနှင့် အာဏာပိုင်များက ၎င်းအား ပုဒ်မ ၆ ခု တိုးခဲ့ကြောင်း သိရသည်။

မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့တွင် အာဏာပိုင်များက  ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်ဟု မဌေးဌေးကြည်က ပြော သည်။

 “မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့ အမိန့်ချမယ် ၊ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ရှေ့နေသွားတော့ မတွေ့ခဲ့ရ ဘူး၊ ရှေ့နေပါဝါကို မစုစုနွေးက ရုပ်သိမ်းလိုက်လို့ ၊ အဲဒါ နောက်တိုးတဲ့ ပုဒ်မ အမှု ၆ မှုကို အသေအချာ မသိခဲ့ရ ဘူး၊ မစုစုနွေးက သူ့ဟာသူပဲ အမှုရင်ဆိုင်တော့မယ်ဆိုပြီး ပါဝါ ရုပ်သိမ်းဖို့ သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက် တာ၊ ရှေ့မှာလည်း ရှေ့နေ တွေကို မဆင်မခြင် ထောင်ချနေတာတွေလည်း ရှိနေတယ် မဟုတ်လား”ဟု မဌေးဌေးကြည် က ပြောဆိုသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။

မစုစုနွေးကို ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေးကို နှောင့်ယှက် မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင် ၆ လ ချမှတ်ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင် ၄ လ စီ ချမှတ်ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော်မင်း မှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံနေရသူများ၏ အမှုများအား အကျိုးဆောင်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ကိုညီညီထွေးတို့ကို တရားရုံးအား မထီမဲ့မြင်မှုဖြင့် စွဲဆို၍ ဖမ်းဆီးထောင်ချ နေခြင်းကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထို့အပြင် ယခုကဲ့သို့အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နေသောလုပ်ရပ်သည် နိုင်ငံတကာက စံထားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ယခုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို တိုက်တွန်းထားသည်။

 (ဧရာဝတီသတင်းဌာန)

Friday, November 07, 2008

နိုင်ငံရေးအမှုလိုက် ရှေ့နေကြီး ၂ ဦးကို ထောင်လေးလစီချမှတ်

နိုင်ငံရေး လှုပ်ရှားသူများ မတရား စွပ်စွဲခံနေရသည့် အမှုအခင်းများကို လိုက်ပါဆောင်ရွက် ပေးနေကြသည့် ရှေ့နေကြီးနှစ်ဦးကို ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ်က ထောင်ဒဏ် ၄ လစီ မျက်ကွယ် အမိန့်ချမှတ်လိုက်သည်ဟု ကာယကံရှင် ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောဆိုသည်။

undefined“တရားဝင်တော့ အခုထိအကြောင်းမကြားသေးဘူး၊ တရားရုံးချုပ်သွားတဲ့လူက သိခဲ့တာ။ တိုင်းကို ဝရမ်း ထုတ်ပေးရမှာပေါ့၊ တိုင်းကနေလာခေါ်မယ် ထင်ပါတယ်” ဟု ဦးအောင်သိန်းက ယနေ့နေ့လယ်ပိုင်းက ပြောဆိုသည်။

နိုင်ငံရေးအမှုလိုက် ရှေ့နေကြီးများဖြစ်ကြသည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား ရုံးတော်ကို မထီမဲ့မြင်ပြုသည် ဟူသည့်စွပ်စွဲချက်ဖြင့် ဗဟိုတရားရုံးက အမှုဖွင့်စွဲချက်တင်ကာ ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။ ယမန်နေ့က အဆိုပါ ရှေ့နေကြီး ၂ ဦးသည် တရားရုံးချုပ်သို့သွားကာ လျှောက်လွှဲချက် ပေးခဲ့ကြသည်။

ဦးအောင်သိန်းက “နိုင်ငံရေးအမှုတွေလိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေကို သူတို့က  (စစ်အစိုးရက) ဆန့်ကျင်ဘက်လို့ မြင်တာကိုးဗျ … ဆန့်ကျင်ဘက်အမြင်အတိုင်း သုံးသပ်ကြမှပဲလေ။ နိုင်ငံကောင်းစေချင်လို့ ကောင်းရာကောင်းကြောင်း လုပ်တဲ့လူတွေကို သူတို့က နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်လို့မရတဲ့အပေါ် အမှုအခင်းတွေ ပုံစံမျိုးစုံနဲ့စွဲထားတော့ ကျနော် တို့ရှေ့နေတွေကလည်း တတ်စွမ်းသရွှေ့ လိုက်ပါဆောင်ရွက်ပေးရတာပေါ့” ဟု ပြောသည်။

“နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးရမလားဆိုပြီး အာဃာတထားတဲ့သဘောတော့ သက်ရောက်တာပေါ့။ ဓမ္မနဲ့ အဓမ္မကတော့ ဒီလိုပါပဲဗျာ … လောလောဆယ် အဓမ္မက နိုင်နေတယ်၊ တချိန်မှာတော့ ဓမ္မ နိုင်ရမှာပေါ့ဗျာ” ဟုလည်း ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့်လ ၃၀ ရက်နေ့ကလည်း နိုင်ငံရေးအမှုလိုက် လူငယ်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးနှင့် ၎င်း၏ အမှုသည် များဖြစ်ကြသော လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်မင်း၊ ကိုရန်နိုင်ထွန်းနှင့် ကိုဝေလွင်မျိုးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးက တရားစီရင်ရေးကို အနှောင့်အယှက်ပေးသည်ဟု စွပ်စွဲကာ ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့သည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့ညက အာဏာပိုင်တို့ အကြမ်းဖက်ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သည့် မဂ္ဂင် ကျောင်းတိုက်မှ ဆရာတော် ဦးဟိန္ဒကနှင့် ဦးဣနြ္ဒိယ (ဦးဇင်းကျောင်းကျောင်း) တို့ကို ယမန်နေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တရားရုံးက ဦးဟိန္ဒကကို ထောင်ဒဏ် ၁၆ နှစ်နှင့် ၆ လ ချမှတ်လိုက်ပြီး ဦးဣနြ္ဒိယ ကို ၈ နှစ် ချမှတ်လိုက်သည်ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ကိုယ်တော်တပါးဖြစ်သည့် ဦးသြဘာသက “လက်ရှိဆိုရင် စစ်အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားသူ ၂၁၀၀ ကျော်ကိုဖမ်းဆီးထားဆဲ ဖြစ်တယ်၊ ရာပေါင်း များစွာသော အမှုအခင်းတွေကို တဖက်သတ် ရုံးတင်စစ်ဆေးနေဆဲ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဆိုးဝါးစွာ လုပ်နေဆဲ၊ ဒီမိုကရေစီရေး လှုပ်ရှား နေသူကိုလည်း အစိုးရလူတွေက အပြင်းအထန် တိုက်ခိုက်နေတယ်။ ဒါတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရေး အတွက် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို တွန်းအားပေးဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုထားတယ်”ဟု ဦးသြဘာသက သုံးသပ်ပြောဆိုသည်။

ဦးသြဘာသသည် စစ်အစိုးရ၏ မတရားလိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသည်မှာ လွန်ခဲ့သည့်နှစ် ရွှေဝါရောင် တော်လှန်ရေးကတည်းက ဖြစ်သည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလလယ်က အဖမ်းခံခဲ့ရသော အန်အယ်လ်ဒီပါတီမှ ထင်ရှားသည့်ပါတီဝင်တဦးဖြစ်သည့် မစုစုနွေး ကိုလည်း အာဏာပိုင်တို့က ဥပဒေပုဒ်မ ၆ ခု ထပ်တိုးလိုက်သည်ဟု မိသားစုဝင်များမှတဆင့် စုံစမ်းသိရှိရသည်။

 (ဧရာဝတီသတင်းဌာန)

တရားရုံးဝန်ထမ်းများလာဘ်မစားသင့်သည့် သတင်း ဖော်ပြမှုကြောင့် စောင့်ကြည့်ဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက် အဖမ်းခံရ

ပြည်တွင်း အပတ်စဉ်သတင်းဂျာနယ် စောင့်ကြည့် (News Watch) ၏ အယ်ဒီတာတဦးနှင့် သတင်းထောက် တဦးကို ဗဟန်း တရားရုံးတွင် မျက်ကွယ်အမိန့် ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ် ချမှတ်ကာ ဖမ်းဆီးသွား ကြောင်း ၎င်းဂျာနယ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

လွန်ခဲ့သည့် ၁ လဝန်းကျင်က စောင့်ကြည့်ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သော တရားရုံးဝန်ထမ်းများ လာဘ်ပေး လာဘ် ယူသည့်သတင်း ရေးသားမှုဖြင့် ယခုကဲ့သို့ ဖမ်းဆီးခဲ့သည်ဟု ထင်ကြောင်း သတင်း ဂျာနယ်အသိုင်းအဝန်းမှ သုံးသပ်သည်။

၎င်းသတင်းကို သတင်းထောက် ကိုထွန်းထွန်းသိန်းက ရေးသားခဲ့ပြီး အယ်ဒီတာ ဦးခင်မောင်အေးက ထည့်သွင်း ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

“ဘယ်နေ့က ဘယ်လို အမိန့်ချလိုက်လဲမသိဘူး။ ၅ ရက်နေ့ ည ၇ နာရီလောက်က လာဖမ်းသွားတာပဲ။ ဖမ်းတဲ့အချိန်မှာ ဘာလို့မှန်းတောင် မသိရဘူး။ ခုအင်းစိန်ထောင်ကို ပို့လိုက်ပြီ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည့် သတင်းတပုဒ် ဖြစ်သောကြောင့် မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနက ခွင့်ပြုထားပြီး ဖြစ်ရာ ယခုကဲ့သို့ လက်လွတ်စပယ် ဖမ်းဆီးသည့်အနေအထား မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။

အယ်ဒီတာတဦးနှင့် သတင်းထောက်တဦး ဖမ်းဆီးခံရခြင်း ဟုတ်၊ မဟုတ် ဧရာဝတီမဂ္ဂဇင်းက စောင့်ကြည့် ဂျာနယ်သို့ ဖုန်းဆက်မေးမြန်းရာ ၎င်းဂျာနယ်မှ တာဝန်ရှိသူတဦးက ဟုတ်မှန်ကြောင်း ပြော၍ ဖုန်းချသွား ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းကတည်းက စ၍ ရေတွက်လျှင် စာနယ်ဇင်းနှင့် ဆက်စပ်သည့် အသိုင်းအဝန်းမှ ဖမ်းဆီး ခံရသူဦးရေ အနည်းဆုံး ၁၁ ဦးခန့်ရှိပြီဖြစ်သည်။ ထိုအထဲတွင် “အာနာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ် ထွက်သည့် ကဗျာ ရေးသားကာ အချစ်ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည့် ကဗျာဆရာစောဝေလည်း တဦးအပါအဝင် ဖြစ်သည်။

ဖေဖော်ဝါရီလကလည်း မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာ ကိုသက်ဇင်နှင့် ထုတ်လုပ်မှုမန်နေဂျာ ဦးစိန်ဝင်းမောင် တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဆက်လက်၍ ဂျာနယ်လစ် တဦးဖြစ်သူ ကိုဇော်သက်ထွေးနှင့် ၎င်း၏ အပေါင်းအပါ ၂ ဦး၊ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များကို ကူညီရာတွင် အားတက်သရောပါဝင်ခဲ့သည့် အီကိုဗစ်ရှင်းဂျာနယ်မှ မအိမ့်ခိုင်ဦးတို့ အဖမ်းခံရပြန်သည်။

စက်တင်ဘာလအတွင်းက ဖလားဝါးနယူးစ် ဂျာနယ်၏ သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို ပြည်ပ မီဒီယာ ဧရာဝတီ အား သတင်းပေးသည်ဟူသော စွပ်စွဲချက်ဖြင့် ထိန်းသိမ်းခဲ့ပြီး ၂ လခန့်အကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

“ဒီတိုင်းဆို ကျနော်တို့ သတင်းသမားတွေအတွက် လုံခြုံမှု မရှိတော့ဘူး။ ထစ်ခနဲရှိဖမ်း။ ထစ်ခနဲရှိဖမ်းနဲ့။ ဒီကိစ္စဆိုရင် စာပေ စိစစ်ရေးမှာလည်း တာဝန်ရှိတယ်ဗျ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

 (ဧရာဝတီသတင်းဌာန)

Wednesday, November 05, 2008

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ရှေ့နေကို တရားရုံးက ၀င်ခွင့်မပေး

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက် ကျောင်းသားများကို အင်းစိန် ထောင်တွင်းရှိ ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ ရုံးထုတ် စစ်ဆေးရာသို့ အကျိုးဆောင်ရှေ့နေအား အာဏာပိုင်များက ၀င်ခွင့် မပေးကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုသိန်းသန်းထွန်းနှင့် ၁၃ ဦးအား ရုံးထုတ်စစ်ဆေးရာသို့ သွားရောက်သည့် ၎င်းတို့၏ ရှေ့နေ ဦးကျော်ဟိုးကို အာဏာပိုင်များက တရားရုံးတွင်းသို့ ၀င်ခွင့်မပေးခြင်းဖြစ်သည်ဟု အဆိုပါ ရှေ့နေနှင့် နီးစပ်သူ တဦးက ပြောသည်။

“ဦးကျော်ဟိုးက သူ့ကို ဘာလို့ဝင်ခွင့်မပေးရတာလဲလို့ ထောင်အာဏာပိုင်တွေကို မေးတော့ ထောင်အာဏာပိုင်က သူတို့ လည်း မသိဘူးတဲ့၊ အထက်အမိန့်အရ လုပ်ရတာလို့ပြောတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးလှုပ်ရှားသူများ၏ အကျိုးဆောင်ရှေ့နေများဖြစ်သော ဦးအောင်သိန်းနှင့် ၎င်းတို့ကိုလည်း လှိုင်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသူများ၏ ရှေ့နေပါဝါရုပ်သိမ်းမှုနှင့် ပတ်သက်ပြီး တရားရုံးကို မထေမဲ့မြင်ပြု လုပ်မှု ပုဒ်မ ၃ ဖြင့် အာဏာ ပိုင်များက တရားစွဲဆိုခြင်း ခံထားရသည်ဟု ရှေ့နေ ဦးခင်မောင်ရှိန် က ပြောပြသည်။

“ကျနော်တို့ကို လှိုင်မြို့နယ် တရားရုံးကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးချုပ်က စွဲတာ၊ မနက်ဖြန် လျှောက်လွှဲချက် သွားပေး ရမယ်”ဟု ဦးခင်မောင်ရှိန်က ပြောသည်။

စစ်အာဏာပိုင်များက ဖမ်းဆီးထားသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေး နေသော ရှေ့နေများအား ယင်းသို့ ဖိအားပေးအကျပ်ကိုင်မှုများပြုလုပ်လျှက်ရှိရာ လွန်ခဲ့သည့် အောက်တိုဘာ လ ကုန်ပိုင်းတွင် ရှေ့နေ ကိုညီညီထွေးကို ဖမ်းဆီးအရေးယူ၍ ထောင်ဒဏ် ချမှတ်မှုပြုလုပ်ခဲ့သည်။

ရှေ့နေ ကိုညီညီထွေးကို ၎င်း၏အမှုသည်များဖြစ်သော လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်၊ ကိုရန်နိုင်ထွန်းတို့နှင့်အတူ တရားရုံးအား အနှောင့် အယှက်ပေးသည့် ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက လွန်ခဲ့သော အောက်တိုဘာ ၃၀ ရက်တွင် ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုညီညီထွေးသည် ၂၀၀၇ ခု ဇွန်လ ၁၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်သည့်အတွက် အဖမ်းဆီးခံရသော လှိုင်သာယာမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၁ ဦး၏ အမှုကို လိုက်ပါ အကျိုးဆောင်ပေးနေစဉ် ဤကဲ့သို့ ဖမ်းဆီး အရေးယူခံရခြင်းဖြစ်သည်။

“ဒီလို နိုင်ငံရေးလှုပ်ရှားသူတွေရဲ့အမှုလိုက် ရှေ့နေတွေကို ပိုပြီး တားဆီးပိတ်ပင်မှုတွေလုပ်လာလေ မမျှတတဲ့ တရားစီရင် ရေးစနစ်က ပိုပြီးထင်ရှားလာလေဖြစ်မှာပါပဲ”ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ဝေဖန်ပြောဆိုသည်။

 (ဧရာဝတီသတင်းဌာန)

Monday, November 03, 2008

နိုင်ငံရေးအကျဉ်းသားများ၏ ရှေ့နေများ ဖိအားပေးခံနေရ

စစ်အစိုးရက ဖမ်းဆီးအရေးယူထားသော နိုင်ငံရေးလှုပ်ရှားသူများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေး နေသည့် ရှေ့နေ များသည် အာဏာပိုင်များ၏ ဖိအားပေး အကျပ်ကိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုများ အသိုင်းအ၀န်းမှ သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို အကျိုးဆောင်ပေးနေသည့် ရှေ့နေတဦးဖြစ်သူ ကိုညီညီလှိုင်အား မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ရန်ကုန်တိုင်း တရားရုံးမှ တိုင်းတရားသူကြီး(၂)က တနလာင်္နေ့တွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းမှူးက လွန်ခဲ့သော သောကြာနေ့က အကြောင်းကြားခဲ့ သည်ဟု ကိုညီညီလှိုင်နှင့် နီးစပ်သူ တဦးက ပြောသည်။

“ရှေ့နေ ကိုညီညီထွေးကို ဖမ်းတုန်းကလည်း လှိုင်သာယာ ရဲစခန်းက ရဲအုပ်က ခရိုင်ရုံးက ခေါ်နေတယ်လို့ ပြောလို့ သွားတာ အဖမ်းခံလိုက်ရတယ်၊ ကိုညီညီလှိုင်ကတော့ ဒီနေ့ သွားမယ်လို့ ပြောတယ်၊ အခုထိ အခြေအနေ မသိရသေးဘူး”ဟု ၎င်းက ပြောပြသည်။

ကိုညီညီထွေးကို စံပြအနေနှင့် အရေးယူခြင်း ဖြစ်နိုင်ကြောင်း၊ ရှေ့နေများကို ပြင်ပလောကနှင့် နိုင်ငံရေး အကျဉ်းသား များကြားတွင် ကြားခံဆက်သွယ်ပေးနေသူများဟု အာဏာပိုင်များက ထင်မြင်သည့်အတွက် ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

ရှေ့နေ ကိုညီညီထွေးကို ၎င်း၏အမှုသည်များဖြစ်သော လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်၊ ကိုရန်နိုင်ထွန်းတို့နှင့်အတူ တရားရုံးအား အနှောင့် အယှက်ပေးသည့် ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက လွန်ခဲ့သော ကြာသပတေးတွင် ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုညီညီထွေးသည် ၂၀၀၇ ခု ဇွန်လ ၁၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်သည့်အတွက် အဖမ်းဆီးခံရသော လှိုင်သာယာမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၁ ဦး၏ အမှုကို လိုက်ပါ အကျိုးဆောင်ပေးနေစဉ် ဤကဲ့သို့ ဖမ်းဆီး အရေးယူခံရခြင်းဖြစ်သည်။

ရှေ့နေကြီး ဦးအောင်သိန်းကိုလည်း အကြောင်းပြချက်မသိရဘဲ တရားရုံးက လာမည့် လဆန်း ၆ ရက်တွင် ဆင့်ခေါ်ထား ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အတွင်းရေမှူး ဦးအောင်ထူးက မည်သည့် ပြစ်မှုမှ မကျူးလွန်သည့် ရှေ့နေ တဦးအား အရေးယူထောင်ဒဏ်ချမှတ်ခြင်းသည် ဥပဒေကို အလွဲသုံးစားပြုလုပ်ခြင်းပင် ဖြစ်သည်ဟု ပြောဆိုသည်။

“ကျနော် သိသလောက် ဦးညီညီထွေးက သူ့အမှုသည်တွေ ရစရာရှိတဲ့ အခွင့်အရေးကို တရားခွင်မှာ တောင်းဆိုတာပဲ၊ ဒါ ရှေ့နေတိုင်းမှာ တောင်းဆိုခွင့်ရှိတယ်၊ ဒါ ရှေ့နေရဲ့တာဝန်ပဲ၊ တောင်းကို တောင်းဆိုရမှာဖြစ်တယ်၊ အဲဒီလို တောင်းဆိုချက် တွေ အကုန်လုံးက တရားဝင်တယ်၊ တရားရုံးကို မထေမဲ့မြင်လုပ်တာမဟုတ်ဘူး၊ ဒီလို တောင်း ဆိုတာကို တရားရုံးကို မထေမဲ့မြင်လုပ်တယ်ဆိုရင်တော့ ဒါ ဥပဒေကိုအလွဲသုံးစားလုပ်တာပဲ၊ အဲဒီလိုအလွဲသုံးစား လုပ်ပြီး လွတ်လပ်တဲ့တရားစီရင် ရေးစနစ်ကို တရားသူကြီးတွေကိုယ်တိုင် ဖျက်ဆီးတာပဲ၊ ဒီနေ့ တရားသူကြီး တွေ က နအဖ ရဲ့ လက်ကိုင် တုတ်တွေဖြစ်နေ ပြီလို့ ပြောလို့ ရတယ်”ဟု ဦးအောင်ထူး ကပြောသည်။

ကိုညီညီလှိုင်၊ ကိုညီညီထွေးအပါအ၀င် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးလှုပ်ရှားသူများ၏အမှုများကို အကျိုးဆောင် ပေးနေ သော ရှေ့နေများမှာ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးမြင့်သောင်း၊ ဦးကျော်ဟိုး၊ ဦးမောင်မောင်လေး၊ ဦးတင်မောင်ဦး၊ ကိုစောကျော်ကျော်မင်း၊ ကိုဖိုးဖြူ၊ ဦးတင်တိုး၊ ဦးလှမြင့်၊ ဒေါ်ခင်ဌေးကြွယ် စသဖြင့် ၁၃ ဦးခန့် ရှိကြောင်း ထိုင်းနိုင်ငံအခြေ စိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ပြောဆိုချက် အရ သိရသည်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၉ ဦး ကိုလည်း ၎င်းတို့အား ရုံး ထုတ် စစ်ဆေးချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုများနှင့် အများပြည်သူ လာရောက် ကြားနာခွင့် ပြုရန်တို့ကို တောင်းဆိုသည့်အတွက် တရားစီရင်မှုကို အနှောင့်အယှက်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာပိုင်များက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက်တနေ့၌ အင်းစိန် ထောင်မှ မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ယခု ဖမ်းဆီးခံထားရသည့် ၈၈ ကျောင်းသားအဖွဲ့မှ ကိုလှမျိုးနောင်သည် အကျဉ်းထောင်အတွင်း၌ မျက်စိ ဝေဒနာကို ဆိုးဝါးစွာ ခံစားနေရကြောင်း ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက ပြောသည်။
ကိုလှမျိုးနောင်သည် ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့တွင် ၎င်း၏ မျက်စိဝေဒနာကို ဆေးခန်းသို့ သွားပြရာလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကိုလှမျိုးနောင်၏ ညာဘက်မျက်စိမှာ အကျဉ်းထောင် အတွင်းနှိုက်ပင် ကွယ်သွားခဲ့ကြောင်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

Friday, October 31, 2008

ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၈ ဦးကိုထောင်ပြောင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါဝင် အဖွဲ့ဝင် ၉ ဦးအား စစ်အာဏာပိုင်များက တရားရုံး နှောင့်ယှက်မှုနှင့် ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၆ လစီချမှတ် လိုက်ပြီးနောက် ယနေ့နံနက်တွင် ၎င်းတို့အားလုံးကို မအူပင် ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ယခုကဲ့သို့ ကိုမင်းကိုနိုင်တို့ကို ထောင်ပြောင်းလိုက်ခြင်းသည် မိသားစုဝင်များ အခက်အခဲ ဖြစ်စေ ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောသည်။

“ထောင်ပြောင်းတယ်ဆိုရင် မိသားစုက အဲဒီကို ပုံမှန်သွားနိုင်မှာ မဟုတ်တော့ဘူး၊ ကျန်းမာရေးအရရော အစားအသောက်ပါ ခက်ခဲသွားတာတွေရှိမယ်၊ ဒါ ရည်ရွယ်ချက်ရှိရှိနဲ့ မိသားစုတွေ ဒုက္ခရောက်အောင်၊ သူတို့ရဲ့ ရှေ့နေတွေ ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ” ဟု ဦးဘိုကြည်က ပြောဆိုသည်။

ရုံးထုတ်ချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင်များနှင့် အများပြည်သူကို ကြားနာခွင့်ပြုရန်စသည့် လွတ်လပ် သော တရားစီရင်ရေးအတွက် တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားစီရင်မှုကို အနှောင့်အယှက်ပေး သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ် သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။

ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရားစီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို ၊ ကိုမြအေး၊ ကိုလှမျိုးနောင် ၊ ကိုအောင်သူ ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်နိုင်တို့ကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ် လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများကို ၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပွဲများကို ဦးဆောင်သည့်အတွက် စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုး တပ်၍ တရားစွဲဆို ခဲ့သည်။

(ဧရာဝတီသတင်းဌာန)

Thursday, October 30, 2008

ဓားပြတွေ သောင်းကျန်းနေပြီ၊ ရဲတွေ ဘာလုပ်နေလဲ

ရန်ကုန်မြို့တွင် ၃ ရက်အတွင်း ဓားပြမှု ၃ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတဦး သေဆုံးခဲ့ရကြောင်း ဒေသခံ များထံမှကြားသိ ရသည် ။

ယမန်နေ့နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်၊ ဇဋိလလမ်း၊ အမှတ် ၂၆၊ ၃ လွှာရှိ တိုက်ခန်း တခန်းတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေး အမည်ရှိ အမျိုးသမီးကြီး တဦးတည်း ရှိနေစဉ် အိမ်ခန်းပြင်ရန် ခေါ်ထားသော အလုပ်သမား တဦးက ပစ္စည်းများကို ခြိမ်းခြောက် တောင်းခံရာ အမျိုးသမီးကြီးက အော်ဟစ် အကူအညီတောင်းသဖြင့် ငရုပ်ကျည်ပွေ့နှင့် ခေါင်းကိုထုပြီး စကေဘာဖြင့် လည်ပင်းကို ထိုးသတ်သွားခြင်း ဖြစ်ကြောင်း ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တဦးက ပြောပြသည်။

“လူတွေတက်ကြည့်တော့ အမျိုးသမီးကြီး အသက်မရှိတော့ဘူး။ လုပ်သွားတဲ့သူက နောက်ဖေးပေါက်ကနေ တွယ်ဆင်းပြီး မေတ္တာညွန့်ဘက်ကို ထွက်ပြေးတာ” ဟု သူက ဆိုသည်။

ပတ်ဝန်းကျင်ရှိ ဆိုက်ကားသမားများ အပါအဝင် လူအများက ထွက်ပြေးသူနောက်သို့ ဝိုင်းလိုက်ရာ မေတ္တာညွန့် သံတံတား အောက်တွင် ပုန်းခိုနေသည်ကို ဖမ်းဆီးရမိကြောင်းသိရသည်။

“ပစ္စည်းတွေတော့ ပါမသွားပါဘူး။ ဒါပေမယ့် ခုတလောမှာ ဒါမျိုးတွေ ခဏ ခဏ ကြားနေရတယ်။ ညဘက်တွေတောင် ညနက်ခံ အပြင်မထွက်ရဲတော့ဘူး” ဟု ကျောက်မြောင်းသား တဦးက ပြောသည်။

တနင်္လာနေ့ည ကလည်း ရွှေဂုံတိုင်ရှိ ယုဇနတာဝါ၊ ၁၃ လွှာနှင့် မြေညီထပ်တို့တွင် ဓားပြမှု ၂ မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ထိုနေ့ည ၇ နာရီခန့်က ယုဇနတာဝါ ၁၃ လွှာရှိ ရှမ်းတရုတ်လူမျိုးပိုင် နိုင်ငံခြားသို့ သစ်တင်ပို့နေသော မြန်မာ ဝုဒ်မာ့ခ် ကုမ္ပဏီ ကိုဝင်ရောက်လုယက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဓားပြများဝင်ရောက်ချိန်တွင် အမျိုးသမီးငယ် ၂ ဦးသာ ရှိနေပြီး ထို အမျိုး သမီးငယ်များကို ဓားဖြင့်ထောက်ကာ နိုင်ငံခြားငွေများကို လုယက်သွားခြင်းဖြစ်ကြောင်း ကြားသိရသည်။

“ငွေဘယ်လောက်ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ ရဲတွေကတော့ အဲဒီနားက အခန်းတွေကို လိုက်စစ်နေတာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။

၎င်းည ၁၀ နာရီခန့်တွင်လည်း ယုဇနတာဝါမြေညီထပ်ရှိ ကုမ္မာရီစတိုးကို ဝင်ရောက်လုယက်ရာ ပိုင်ရှင် အမျိုးသမီး ကြီးထံမှ ရွှေလက်ကောက်တကွင်းသာ ရသွားပြီး မီးများ လင်းလာသောကြောင့် ကျူးကျော်သူများ ထွက်ပြေးသွားကြကြောင်း သူက ဆက်ပြောသည်။

“ရွှေဂုံတိုင်ရဲစခန်းကတော့ တဖွဲ့တည်း မဖြစ်နိုင်ဘူးလို့ ပြောတပဲ” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

မကြာသေးမီကလည်း မန္တလေးမြို့တွင် ရွှေဆိုင်တဆိုင်ကို ဓားပြဝင်တိုက်ရာ ရွှေသား ၂ ပိဿာခန့် ပါသွားသည်ဟု ဒေသခံ များထံမှ ကြားသိရသည်။

အလားတူပင် ယခုလအတွင်း မန္တလေးမြို့၊ ၈၄ လမ်းတွင်နေထိုင်သည် ဒေါ်ကြွယ်ကြွယ်၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက် သည့် လုယက်မှုတမှု ဖြစ်ပွားခဲ့သေးသည်။ ဒေါ်ကြွယ်ကြွယ်က ပြန်လည် ခုခံသောကြောင့် တရားခံများကို ဖမ်းမိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ရေးသားထားသည်။

“လုယက်မှုတွေ၊ ဓားပြမှုတွေကတော့ ကြားနေရတာပဲ။ မိတာကော၊ မမိတာကော ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပြီးမှ တရားခံကို လိုက်ဖမ်းတာလေ။ လူတွေကို အကာအကွယ် မပေးနိုင်တာတော့ သေချာတယ်” ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန် မြို့တွင်းရှိ တိုက်ခန်းများတွင် မြေညီထပ် သံတံခါး သော့ခပ်မထားသော တိုက်ခန်းများအတွက် ရဲများက တာဝန် မယူဟု ပြောထားကြောင်း သိရသည်။

ယခုအခါ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများ တစထက်တစ များပြားလျှက်ရှိပြီး ပြည်သူလူထုမှာ ရဲကို အားကိုး မရဘဲ မိမိ လုံခြုံရေးအတွက် မိမိဘာသာ တာဝန်ယူနေရကြောင်း ၎င်း ကုမ္ပဏီ ဝန်ထမ်းက ဆက်ပြောသည်။

“ရဲတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ဒါပေမယ့် သူတို့တာဝန်က လူဆိုးတွေကို ဖမ်းဖို့မဟုတ်ဘူး။ လူကောင်း တွေကို စောင့်ကြည့်ဖို့” ဟု သူက ဆိုသည်။

(ဧရာဝတီသတင်းဌာန)

Tuesday, October 21, 2008

ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် လွတ်ပြီ

စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသော ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို မနေ့ညက ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ၎င်းဂျာနယ် အဖွဲ့သားများက အတည်ပြု ပြောကြားလိုက်သည်။

“ခုတော့ သူ့အိမ်မှာ အနားယူနေပါတယ်။ နောက်တပတ်လောက် အလုပ်ပြန်ဆင်းမှာပါ” ဟု ဖလားဝါးနယူးစ် ဂျာနယ်၏ ဒု အယ်ဒီတာချုပ် ကိုစောလင်းအောင်က ပြောသည်။

ကိုစောမြင့်သန်းသည် ၂ လနီးပါးခန့် အချုပ်ထဲတွင် နေခဲ့ရပြီး ၎င်းအနေနှင့် အမှားအယွင်းမရှိသည်ကို တရားလိုဘက်က နားလည်သဘောပေါက် လက်ခံသောကြောင့် အမှုကို ရုတ်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုစောမြင့်သန်းသည် ဖလားဝါးနယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုသတင်း ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ခေါ်ယူကြိမ်း မောင်းခံရသည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းက ရေးသားခဲ့ရာ ပြည်ပမီဒီယာအား ဆက်သွယ် သတင်းပေးသည် ဟူသော ပြစ်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို တရားစွဲဆိုရာတွင် တရားမဝင်အသင်းအဖွဲ့နှင့် ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေနှင့် အစိုးရ အကြည်ညိုပျက် စေအောင် ပြောဆိုမှုတို့ဖြင့် ပုဒ်မတပ် ခဲ့ခြင်းဖြစ်သည်။

ကိုစောမြင့်သန်းသည် ဧရာဝတီ မဂ္ဂဇင်းနှင့် လုံးဝဆက်သွယ်ခဲ့ခြင်းမရှိဘဲ ၎င်းအား ခေါ်ယူကြိမ်းမောင်းခံရသည့် သတင်းကို ဧရာဝတီကရေးသားရာတွင်လည်း သူ့ကို လုံးဝဆက်သွယ်မေးမြန်းခဲ့ခြင်း မရှိကြောင်း ဧရာဝတီ မဂ္ဂဇင်းမှ တာဝန်ရှိသူများက ပြောသည်။

၎င်း အချုပ်ကျနေစဉ်အတွင်း ကျန်ရှိနေသော မိသားစုကိစ္စရပ်များ၊ လိုအပ်သည့် ငွေကြေး ကိစ္စရပ်များကို ဖလားဝါးနယူးစ် ဂျာနယ်တိုက်က တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်ဟု ဖလားဝါးနယူးစ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

“လွတ်သွားပြီဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူ့မှာ အပြစ်မရှိဘဲနဲ့ အချုပ်ထဲမှာ ၂ လနီးပါး နေလိုက်ရတာ တော်တော် ဆိုးတယ်။ အပြစ်တကယ်ရှိလို့ ခံရတယ်ဆိုတော်သေးတယ်” ဟု ရန်ကုန်အခြေစိုက် အလွတ် သတင်းထောက် တဦးက ပြောသည်။

 (ဧရာဝတီသတင်းဌာန)

Monday, October 20, 2008

၂၄ နာရီအတွင်း ရန်ကုန်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

စနေနှင့် တနင်္ဂနွေ ၂ ရက်တွင် ၂၄ နာရီအတွင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးသွားခဲ့ ကြောင်း ဒေသခံများထံမှ သတင်းရရှိ သည်။

စနေနေ့ည ၇ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် ဘောက်ထော် ဘူတာရုံလမ်းနှင့် မိုးကောင်း လမ်းဆုံအနီး၊ တပ်မတော်မှတ်တမ်းရုံးရှေ့ ဘောလုံးကွင်းနားတွင် ဗုံး ၁ လုံးပေါက်ကွဲခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘဲ သစ်ပင်အသေး ၂ ပင်သာ လဲသွားခဲ့ကြောင်း ကြားသိရသည်။ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌မူ “အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ၏ ၁၅ ပေခန့်အကွာ လမ်းဘေးတွင် နောက်ထပ် ချိန်ကိုက်မိုင်းတလုံးကို သိမ်းဆည်းဖော်ထုတ် ရရှိခဲ့သည်” ဟု ဖော်ပြထားသည်။

“ကျနော်ကတော့ ဒီဗုံးပေါက်တာ နအဖ ပဲလို့တောင်ထင်တယ်။ ဖြစ်တာက တကယ့်နေရာ မှတ်တမ်းရုံးရှေ့ကြီး။ လုံခြုံရေး တွေ ဘာမှမတင်းကျပ်ထားဘူး။ ကျနော် မနေ့က မှတ်တမ်းရုံးထဲသွားတာ ဂိတ်မှာစစ်တောင် မစစ်ဘူး” ဟု ဒေသခံတဦးက ပြောပြသည်။

၎င်းဗုံးပေါက်ကွဲပြီး ၂၄ နာရီအတွင်းတွင် ရန်ကုန် ရွှေပြည်သာ မြို့နယ်အတွင်း၌ ဗုံးတလုံး ထပ်မံပေါက်ကွဲပြီး ပေါက်ကွဲမှု ကြေင့် လူတဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ၎င်းသတင်းကို ရွှေပြည်သာ ရဲစခန်းက အတည်ပြုပြီး စုံစမ်းမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည်ဟု ကြားသိရသည်။

ထို့ပြင် စနေနေ့ နံနက် ၂ နာရီ ၅၅ မိနစ်ခန့်ကလည်း တာချီလိတ်ရဲစခန်းတွင် အလွန် အားမပြင်းသော ဗုံး ၂ လုံးပေါက်ကွဲ ခဲ့ကြောင်း တာချိလိတ် ရဲစခန်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

သောကြာနေ့က ရုံးထုတ်ခဲ့သော တရားခံများထဲတွင် ပါဝင်သည့် လက်နက်မှုနှင့် စွဲဆိုခံထားရသော ဝ အမျိုးသား တရားခံ တဦးက အချုပ်ခန်းကို ဖောက်ခွဲပြီး ထွက်ပြေးရန်အကြံအစည်ဖြင့် ယင်းအမှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသည်။

“ရုံးထုတ်တော့ အဲဒီတရားခံကို လာတွေ့တဲ့သူက သူ့ကို ပဲနို့တကပ်ပေးသွားတယ်။ အဲဒီတရားခံက အဲဒီဘက်မှာ နည်းနည်း ပါဝါရှိတဲ့သူဆိုတော့ ဝန်ထမ်းတွေက ဘာမှမစစ်ဘဲ လွှတ်ပေးထားတာ။ ပဲနို့ကပ်ထဲမှာ ဗုံးက ပါသွားတာ” ဟု အဆိုပါ တာချီလိတ်ရဲစခန်းနှင့် နီးစပ်သူကဆိုသည်။

စနေမနက်အစောပိုင်းတွင် ၎င်းက ဗုံး ၂ လုံးကို နံရံတွင်ကပ်၍ ရှေ့ဆင့်နောက်ဆင့် ဖောက်ခွဲလိုက်သော်လည်း အားအလွန် မပြင်းထန်သောကြောင့် နံရံမှာ ပြိုကျခြင်းမရှိဘဲ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

“အားပြင်းရင်တော့အကုန်ထိမှာပဲ။ ဘေးမှာကလက်နက်တိုက်လေ” ဟု သူကပြောသည်။ ယခုအခါ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပဲနို့ကပ်ပေးသွားသူကို လိုက်လံရှာဖွေဖော်ထုတ်နေသည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလ ၄ လအတွင်းတွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှု ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ မှ စတင်ရေတွက်လျင် ၁၂ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီဖြစ်သည်။

ဇန်နဝါရီလအတွင်းက နေပြည်တော် ပျဉ်းမနားဘူတာနှင့် ရန်ကုန်ဘူတာကြီးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ရန်ကုန် ဘူတာကြီးတွင် ဖြစ်ပေါ်သည့် ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဧပြီလအတွင်းကမူ ရန်ကုန်မြို့တွင်း ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရရှိပေ။ ဇူလိုင် ၁၄ ရက် နေ့ကလည်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် အနီးတွင် ခရီးသည်တင်ကားတစီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

ဇူလိုင်လအတွင်းကပင် ရန်ကုန် ရွှေပြည်သာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်အစိုးရက လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကို စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ဦးမြင့်အေးသည် ဇူလိုင်လ ဗုံးပေါက်ကွဲမှုနှင့် အဓိကပတ်သက်နေသော ဖောက်ခွဲရေးသမားများကို ပံ့ပိုးခဲ့သည်ဟု ပြောဆိုခဲ့သည်။

ဦးမြင့်အေးသည် အဖမ်းမခံရမီက မြစ်ဝကျွန်းပေါ်ဒေသရှိ အတင်းအကျပ်လုပ်အားပေး စေခိုင်းမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ၎င်း၏ အပေါင်းအပါများနှင့်အတူ စုဆောင်း ဖော်ထုတ်ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းသို့ ပေးပို့နေသူဖြစ်သည်။

စစ်အစိုးရက ဗုံးဖောက်ခွဲသူများကို ဖမ်းဆီးဖော်ထုတ်ခဲ့သည်ဟု ဆိုသော်လည်း ဗုံးပေါက်ကွဲမှုများမှာ ရပ်တံ့မသွားဘဲ ဆက်လက်ဖြစ်ပွားလျှက်ပင် ရှိနေသေးသည်။

စက်တင်ဘာ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်အတွင်းရှိ ဗီဒီယိုရုံတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရခဲ့သည်။ ၎င်းပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဟု စွပ်စွဲခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နေ့က တာမွေမြို့နယ်ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလ ပန်းခြံတွင် ဗုံးပေါက်ကွဲပြန်ရာ လူ ၃ ဦး ဒဏ်ရာရရှိ ခဲ့သည်။

ဗုံးပေါက်ကွဲမှုများအပြင် ရန်ကုန်မြို့အတွင်း၌ စီအန်ဂျီဓာတ်ငွေ့အိုး ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ရာ အောက်တို ဘာ ၁၃ ရက်နေ့က အင်းစိန်မြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ရသည်။

“ရန်ကုန်မှာ ဗုံးကွဲတာတို့ ကားဂက်စ်အိုးပေါက်တာတို့က ဖက်ရှင်လိုတောင်ဖြစ်နေပြီ။ လူတွေက အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပဲ” ဟု ရန်ကုန်မြို့ခံတဦးကပြောသည်။

(ဧရာဝတီသတင်းဌာန)