Wednesday, September 29, 2010

အရှင်ပညာစာရကို နှစ်ရှည်ထောင်ဒဏ် ချမှတ်

စစ်တွေမြို့ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၁၀၀၀၀ စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။

“အမှုစစ်ဆေးရာမှာ ဥပဒေနဲ့ မလျော်ညီဘူး ၊ ရဲက တရားပြိုင်ပြသက်သေတွေကို ဖိအားပေးတာတွေရှိတယ် ၊ အခု စီရင်ချက်ဟာ လည်း တရားမျှတမှုမရှိတဲ့အတွက် ဆရာတော်ရဲ့ ရှေ့နေက တရားရုံးချုပ်အထိ ပြင်ဆင်ခွင့်တင်သွားမယ်လို့ သိရတယ်"ဟု အရှင်ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။

အရှင်ပညာစာရကို နိုင်ငံခြားငွေကိုင်ဆောင်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ၊ ညစ်ညမ်းမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လ ၊ သာသနာညိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ၊ ပစ္စည်းအလွဲသုံးစားလုပ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် နှင့် စည်ပင်အက် ဥပဒေ အရ ဒဏ်ငွေကျပ် ၁၀၀၀၀ သီးခြားစီကျခံစေရန် ဒုတိယခရိုင်တရားသူကြီး ဒေါ်ဝါ၀ါထွန်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမှုစွဲတင်စဉ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ပုဒ်မ ၅၀၅ (ခ) နှင့် လိမ်လည်မှု ပုဒ်မ ၄၂၀ တို့ကိုပါ ထည့် သွင်း ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုပုဒ်မများကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခဲ့သည်။ ထို့နောက် ဆရာတော် ထိန်းသိမ်းစောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၅၀ ကျော်ကိုလည်း အစိုးရပိုင် လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခဲ့သည်။

အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ကြောင်း မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေ စုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ကြောင်း ၊  နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ရာ အာဏာပိုင်များက သဘောမတွေ့သဖြင့် အမှုရှာဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆနေကြသည်။

အရှင်ပညာစာရ၏ တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့သည့်အပြင် တရားလိုပြသက်သေများကို တရားလို ရဲရှိရာ ရဲစခန်းအတွင်း ခေါ်ယူထားခြင်း ၊ တရားပြိုင်ပြ သက်သေများကို ရဲက ဖိအားပေးနှောင့်ယှက်ခြင်းများ ရှိခဲ့ကြောင်း အမှုကို စောင့်ကြည့်နေသူများက ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ ကျောင်းထိုင်ဆရာတော် ၁၄ ပါးကလည်း အရှင်ပညာစာရအမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးရန် အနောက်ပိုင်းတိုင်း တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိခဲ့ပေ။

လတ်တလောတွင် ရခိုင်ပြည်နယ်ရှိစာသင်သားသံဃာများက ဆရာတော်လွတ်မြောက်ရေးထပ်မံတောင်းဆိုရန် ပြင်ဆင်နေကြ ကြောင်း သိရသည်။

ဒီမိုကရေစီနှင့် မြန်မာပြည်

အချို့လူတွေက ပြောကြတယ် မြန်မာလူမျိုးတွေ စည်းကမ်းမရှိတော့ဘူးတဲ့ ။ အဲဒီလို လူမျိုးတွေကို ပြန်မေးလိုက်ချင်ပါသေးတယ် ။
ဘာကိုများကြည့်ပြီး ပြောကြတာလဲ လို့ ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဘယ်နိုင်ငံကမှမြန်မာလူမျိုးတွေ စည်းကမ်းမရှိပါဘူးလို့ မပြောပါဘူး ။ အမှိုက်ပုံးမထားပေးဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်လို့ ပြောတာ တရားမျှတမှု ရှိရဲ့လား ။
တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင်စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။ အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။ ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။ သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့လူတွေရဲ့စကားပါ ။

အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်းထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။ရတဲ့ လစာက အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။ သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က လုပ်ဆောင်ပြသွားပါလိမ့်မယ် ။ အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။ ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။

အချို့ကပြောကြတယ် ။ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ် ။ တော်တော်များများက ဘွဲ့ရပြီးသားတွေ ။ သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။ အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။

နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူး တဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊ ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။ အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။
ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။ ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။
လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။
ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။

အချို့ကလည်း ပြောကြပြန်သေးတယ် ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။ သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။ တက်တော့ နိုက်ကလပ် ၊ ၀တ်တော့စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက် ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။
သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။
ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာအိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။
သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။

တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။ ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။ အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။
ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်းတောင် မထုတ်နိုင်သေးနဲ့ လူတွေက နူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။ သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။ နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။ ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။ အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။ တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ ။ မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား ။ သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက် လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။ အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင် နှိုင်းစရာ စကားလုံးရှာရမလို့ ငိုသွားလောက်တယ် ။ အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။ ကိုကျော်သူက သက်သေ အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။ ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။ ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။

အခု ကျင်းပမည့် ရွေးကောက်ပွဲဆိုတာ ကို တကယ့်ကို ကျွန်တော့်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ။ အရေခွံလဲပွဲ သက်သက်ပါ ။ ပြည်သူလူထု အားလုံးလည်း သိပြီးသားပါ ။ ဒီရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့လူတွေ အားလုံးကို လိုက်မေးကြည့် ၊ ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာ သူတို့အားလုံးသိတယ် ။ တရားမျှတမှု မရှိတဲ့ ဥပဒေကို လက်ခံလိုက်တဲ့လူတွေ ဆိုတာ သူတို့ကိုယ်တိုင် မတရားမှုတွေကို မြတ်နိုးခုံမင်လို့ပါဘဲ ။ အဲဒီလို မတရားမှု ကို မြတ်နိုးတဲ့ သူတွေဟာ သူတို့ ကိုယ်ကျိုးစီးပွား အတွက် တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကောင်းဒုက္ခပေးကြလိမ့်မယ်ဆိုတာ မမေ့ကြပါနဲ့။ ဒီလောက် ရှင်းနေတဲ့ အရေခွံလဲပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က လက်မခံတာ အပြစ်လား ။ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။
တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက်
ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။

မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။ လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင်အာဏာရှင်တွေ ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။ ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလုပ်ဆောင်ကြရမယ် ။ ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

ရွှေဝါရောင်စက်တင်ဘာ သို့မဟုတ် မိုးထဲ ရေထဲမှ မေတ္တာသုတ်


စက်တင်ဘာ ၂၃၊ ရွှေတိဂုံရင်ပြင် မြင်ကွင်း

အချိန်က ၂၀၀၇ စက်တင်ဘာ ၂၇ ရက်၊ မနက် ၃ နာရီ။

စာချဆရာတော်ရဲ့ လှုပ်နှိုးမှုကြောင့် ဦးရေ၀တ (၂၈ နှစ်) နိုးလာတယ်။ ကျောင်းဝင်းထဲမှာ ဆူညံအသံတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို ဦးရေ၀တတွေ့လိုက်ရတယ်။ အဲဒီနောက်မှာတော့ ကျောင်းဝင်းထဲမှာ ရှိသမျှ စာသင်သား သံဃာတော်တွေ အကုန်လုံးကို အမေးအမြန်းမရှိဘဲ စစ်ကားတွေပေါ် တင်ပြီး ခေါ်ဆောင်သွားခဲ့ကြတယ်။ သူတို့အနေနဲ့ လာခေါ်တဲ့ စစ်သားတွေကို ခုခံတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ စစ်သားတွေကို ခုခံတဲ့ သံဃာတွေ စစ်သားတွေရဲ့ ရိုက်နှက်တာခံရပြီး လက်ကျိုး ခေါင်းကွဲတဲ့ အဖြစ်တွေ ရှိတယ် ဆိုတာပါပဲ။

`အဖြစ်အပျက်တွေက အချိန်တိုလေး အတွင်းမှာပဲ အကုန်ပြီးသွားတာ။ ဦးဇင်းတို့ဘက်က ရုန်းရင်းဆန်ခတ် မလုပ်တော့ ဘာမှ အထိအခိုက်မရှိခဲ့ပါဘူး´ လို့ ဦးရေ၀တ (ဘွဲ့တော်အမှန် မဟုတ်) က လွန်ခဲ့တဲ့ သုံးနှစ်ကျော် ရွှေဝါရောင်တော်လှန်ရေး အချိန်တုန်းက အဖမ်းခံခဲ့ရပုံကို ပြန်ပြောပြတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ သံဃာတွေရဲ့ ဦးဆောင်မှုနဲ့ အကြီးမားဆုံး လူထု အုံကြွမှုကြီးဖြစ်တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပွားခဲ့တာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပါဝင် လှုပ်ရှားခဲ့တဲ့ သံဃာတော်တွေနဲ့ လူထုကို စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့တာတွေကို လူထုက မမေ့ပျောက်သေးကြပါဘူး။

ဦးရေ၀တဟာ ရွှေဝါရောင်တော်လှန်ရေး အစ နေ့ရက် ဖြစ်တဲ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ သံဃာ တစ်ရာကျော်ကို ဦးဆောင်ပြီး လမ်းလျှောက်၊ မေတ္တာသုတ် ရွတ်ဆိုခဲ့သူ တစ်ဦးပါ။

`စစချင်းနေ့မှာ ရွှေတိဂုံ ဘုရားအဆင်းမှာ ဦးဇင်းတို့ ရှေ့ကနေ စစ်တပ်က ပိတ်ထားတယ်။ နေပူထဲမှာ တစ်နာရီကျော် ကြာလာတဲ့အခါ သံဃာတွေကလည်း သည်းမခံနိုင်တော့ဘူး။ အဲဒါနဲ့ ဦးဇင်းတို့က စစ်တပ်က အရာရှိနဲ့ စကားပြောတယ်။ သွားခွင့်မပေးရင် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်မယ်။ ကျန်တဲ့သံဃာတွေကို ထိန်းဖို့မလွယ်ဘူး၊ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောတော့ နောက်တော့မှ သွားခွင့်ပေးလိုက်တယ်´ လို့ သူမှတ်မိသမျှကို ပြန်ပြောပြတယ်။
စက်တင်ဘာ ၂၃ ဆူးလေဘုရားလမ်းပေါ်က လူထု
သံဃာတွေ စတင်လိုက်တဲ့ လမ်းလျှောက် မေတ္တာသုတ်ရွတ်ပွဲကြီးဟာ လူထုပါ ပါဝင်လာပြီး နောက်ပိုင်းမှာ လူထု အုံကြွမှုကြီး ဖြစ်လာပါတယ်။ လမ်းလျှောက်မေတ္တာပို့ပွဲကြီး ရက်သတ္တတစ်ပတ် အကြာမှာတော့ စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းတာကြောင့် အနည်းဆုံး သံဃာအပါအ၀င် လူပေါင်း (၁၂၀) သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အစီရင်ခံစာနဲ့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာ အရ သိရှိရပါတယ်။

စစ်အစိုးရရဲ့တရားဝင် ထုတ်ပြန်ကြေညာချက် အရကတော့ (၁၄ ) ဦးသာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တရားဝင် ထုတ်ပြန်ကြေညာချက်လို့ ဆိုရတာက စစ်အစိုးရမှာ ဘယ်နှဦး သေဆုံးတယ်ဆိုတာ၊ ဘယ်သူဘယ်ဝါ ဆိုတာ မှတ်တမ်းမှတ်ရာ ရှိပါတယ်။ မီးသဂြိုလ်သူ၊ သေဆုံးသူ၊ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေ အားလုံးကို ဓါတ်ပုံရိုက် မှတ်တမ်း ပြုစုထားတာ ရှိပေမယ့် တရားဝင်ထုတ်ပြန်တာက အဲဒီစာရင်းနဲ့ အများကြီးကွာခြားတယ် ဆိုတာကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက အဲဒီအချိန်က ထုတ်ဖေါ် ပြောဆိုခဲ့ဖူး ပါတယ်။

`ပထမ ဖမ်းသွားတာ အင်းစိန် ဂျီတီအိုင်ထဲမှာ။ ဦးဇင်း ကိုယ်တိုင်တော့ အရိုက်အနှက် မခံရဘူး။ ဒါပေမယ့် နောက်နေ့တွေ ရောက်လာတဲ့ သံဃာတွေထဲမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်းပဲ။ သေနတ်ဒဏ်ရာ ခေါင်းမှာဒုတ်နဲ့ ရိုက်ခံထားရတဲ့ဒဏ်ရာတွေ´ လို့ ဦးရေ၀တက ပြန်ပြောင်း ပြောပြပါတယ်။

အဖမ်းခံရတဲ့နေ့မှာပဲ လူဝတ်လဲစေပြီး တော်လှန်ရေးမှာ ပါဝင်ပတ်သက်ခဲ့ပုံနဲ့ ခေါင်းဆောင်တွေ ဘယ်သူဖြစ်မလဲ ဆိုတာ မေးမြန်းပါတယ်။ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေကို လူဝတ်လဲစေဖို့ ဘယ်ကျောင်းကမှန်း မသိတဲ့ ဘုန်းတော်ကြီးနှစ်ပါးကို ပင့်ဆောင်ထားတယ် လို့ ဆိုပါတယ်။

`ကိုယ်တိုင်က လူအဖြစ်ခံယူမှ ရဟန်းဘ၀ကနေ သာမန်လူဖြစ်တယ်လို့ ဦးဇင်းတို့ သာသနာမှာ ရှိတာကိုး။ ဒါကြောင့် ဘုန်းကြီးတွေ အကုန်လုံး လူဝတ်လဲပေမယ့် စိတ်က မလျှော့တော့ သိက္ခာက မကျဘူးလေ။ အဲဒီတော့ အကုန်လုံး ရဟန်းတွေ အဖြစ်နဲ့ပဲ ရှိနေခဲ့တယ်လို့ ယူဆပါတယ်´ လို့ အဖမ်းဆီးခံရတဲ့ သံဃာတွေကို အတင်းအဓမ္မ လူဝတ်လဲခံခဲ့ရပုံကို ပြန်ပြောပြတယ်။

ဦးဇင်းတွေ အနေနဲ့ သူတို့ရဲ့ ဆန္ဒလည်း မပါ၊ လုပ်ထုံးလုပ်စဉ် သိက္ခာချတာလည်း မလုပ်ခဲ့တာကြောင့် လူဝတ်သာ ၀တ်ထားပေမယ့် ရဟန်း အဖြစ်ပဲ ရှိတယ် ဆိုတာကို စစ်ဆေးတဲ့ ရဲတပ်ဖွဲ့ဝင်တချို့က နားလည် လက်ခံထားပါတယ်။ ဘာကြောင့်ဆို စစ်မေးတဲ့ ရဲတပ်ဖွဲ့ဝင်တချို့က စစ်မေးစဉ်မှာ ဦးဇင်းလို့ပဲ ခေါ်ဝေါ်သုံးစွဲပြီး တာဝန်အရသာ စစ်မေးခဲ့ကြတယ်လို့ ဦးဇင်းက ပြောပါတယ်။

ရဲအရာရှိ တဦးတလေကသာ သံဃာတွေကို ငါနဲ့ ကိုင်ဆဲဆိုတာ၊ ရိုင်းစိုင်းစွာ ဆက်ဆံတာမျိုး ကြုံခဲ့ရတယ်လို့လဲ ပြောပါတယ်။

စစ်တပ်က အစောင့်အကြပ်တွေ ရှေ့ရောက်တဲ့အခါ ခေါင်းငုံ့လျှောက်ရပါတယ်။ စစ်တပ်က သံဃာတွေကို ဆက်ဆံရာမှာ ကြမ်းတမ်း မိုက်ရိုင်းလွန်းပြီး ဆဲရေး တိုင်းထွာသံတွေဟာလည်း မကြားဝံ့အောင် ယုတ်ညံ့လွန်းလှတယ် လို့ ဆိုပါတယ်။
ရွှေတိဂုံ အရှေ့ဘက်မုခ်အနီး တွေ့ရသည့် ဒဏ်ရာရ သံဃာတပါး

ထိန်းသိမ်းခံထားရတဲ့ သံဃာတော်တွေနဲ့ သာမန်လူတွေဟာ အခင်းမပါတဲ့ သံမံတလင်းပေါ်မှာပဲ အိပ်စက်ကြရပြီး ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ထားတဲ့ ထမင်းအနည်းငယ်ကိုသာ စားရပါတယ်။ အိမ်သာမရှိ၊ ရေချိုးခွင့် မပေးပါဘူး။

`ဟင်းကတော့ ဘဲဥတစ်ခြမ်း၊ ခရမ်းသီးတစ်ဖက်။ ငါးကြော် ဆိုရင် ပါတယ် ဆိုရုံ သေးသေးလေးပဲ။ သံမံတလင်းပေါ်မှာ အခင်းမပါဘဲ နေနေရတော့ တစ်ချို့တွေ အအေးမိပြီး သေကုန်တယ်´ လို့ ဦးရေ၀တက သူမြင်တွေ့ခဲ့ရတာကို ပြောပါတယ်။

မိုးရာသီ မကုန်ဆုံးသေးဘဲ အေးပြီးစိုစွတ်တဲ့ သံမံတလင်းမှာ အိပ်စက်ရတာ၊ ဘာ စောင်၊ အ၀တ်အထည် အပိုမှ မပါကြလို့ အသက်ကြီးသူ တချို့နဲ့ ကျန်းမာရေး အားနည်းသူတချို့ သေဆုံးကြတာကိုလည်း ကြားသိခဲ့ရတယ်လို့ ဦးဇင်းက ပြန်ပြောပြပါတယ်။

ထိုအချိန်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့ပြီး ကျိုက္ကဆံ ထိန်းသိမ်းရေးစခန်းနဲ့ အင်းစိန် ဂျီတီအိုင်မှာ တာဝန်ကျခဲ့သူ ရဲတပ်ဖွဲ့ဂင်တဦးက ``ကျွန်တော်တို့ တာဝန်ကျတဲ့ အဆောင်မှာ အအေးမိပြီး သေတာ၊ နှလုံးရောဂါနဲ့ သေတာ၊ တချို့က အဖမ်းခံရတုန်းက ရိုက်ခံရတဲ့ ဒဏ်ရာကြောင့် သေတာတွေရှိတယ်။ ကိုယ်ကိုယ်တိုင် စောင့်ရတဲ့ စခန်းမှာ သေတာချည်းပဲ ၃၀ ကျော်တယ်။ ကျိုက္ကဆံမှာ စုစုပေါင်း ၁၈ ယောက်လောက် သေတယ်´´လို့ပြောပါတယ်။

သူ့အနေနဲ့ ရဲတပ်ဖွဲ့ဝင် ဖြစ်နေလို့သာ ဒီတာဝန်တွေကို မထမ်းဆောင်ချင်ဘဲ ထမ်းဆောင်နေရပေမယ့် သံဃာ့အရေး အခင်း အဖြစ်အပျက်ကြီးမှာ အစိုးရကိုင်တွယ်ပုံဟာ ရက်စက်လွန်းတယ်၊ လုပ်သင့်တယ် မထင်လို့ ယခုလိုသူသိသမျှ အချက်အလက်တွေကို အားလုံး သိရှိရအောင် ထုတ်ပြောတာလို့လည်း ပြောပါတယ်။
ဆူးလေဘုရားသို့ ကြွလာသော သံဃာ နှင့် ကြိုဆိုသော ရန်ကုန်လူထု
လက်ရှိ စစ်အစိုးရဟာ သံဃာတွေ ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုကြီးကြောင့် နိုင်ငံရေး အာဏာကို ဆက်လက် ထိန်းသိမ်းထားဖို့ တစုံတရာ လုပ်ရမယ်ဆိုတာ နားလည်ပြီး ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ရပ်တည်ချက် အမြင် ၄ ချက် စွန့်လွှတ်ရင် သူကိုယ်တိုင် စကားပြောမယ်ဆိုပြီး ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂက စေလွှတ်တဲ့ အထူးသံတမန် ဂမ်ဘာရီကိုလည်း ရွှေဝါရောင် လှုပ်ရှားမှု ဖြစ်ပွားပြီးပြီးချင်း လာရောက်ခွင့်ပြုခဲ့ပါတယ်။

ဒိနောက်မကြာမီမှာပဲ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးဆိုတဲ့ ရာထူးအသစ် ဖန်တီးပြီး ခန့်အပ်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေပြီး နိုင်ငံရေး အရှိန်မြင့်တက်နေမှုကို ကျဆင်းအောင် ကြိုးစားခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေဟာ ရွှေဝါရောင် တော်လှန်ရေးကြီးက တွန်းအားပေး စေ့ဆော်မှုကြောင့် ဆိုတာကို နိုင်ငံရေး လေ့လာသူတွေက ကောက်ချက်ချကြပါတယ်။

အင်းစိန် ဂျီတီအိုင် ထိန်းသိမ်းရေး စခန်းမှာ ရှိနေခဲ့တဲ့ ဦးရေ၀တက ``ဂမ်ဘာရီလာမယ် ဆိုမှ ဦးဇင်းတို့ကို သုံးထပ်သား အခင်း လာခင်းပေးတယ်။ အဲဒီမတိုင်ခင် အအေးဒဏ် ကျန်းမာရေး ချို့တဲ့တာကြောင့် သေတဲ့သူက သေကုန်ပြီ´´လို့ အဲဒီတုန်းက အဖြစ်ကို အမှတ်ရ ပြန်ပြောပြတယ်။

နိုင်ငံရေး လေ့လာသူတွေက ပြောဆိုချက်အရကတော့ နအဖ စစ်ခေါင်းဆောင်တွေ အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ကို တုံ့ပြန်ခြင်း မလုပ်ခဲ့၊ အမျိုးသား ညီလာခံကိုလည်း ရေရှည်ဆွဲကာ ကျင်းပနေခဲ့တဲ့ရာက သံဃာတွေဦးဆောင်တဲ့ လှုပ်ရှားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီနဲ့ မဆွေးနွေးပဲ အခြားရွေးစရာလမ်း ဖြစ်တဲ့ရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် ရွေးခဲ့တာလို့ ကောက်ချက်ချကြပါတယ်။

လက်ရှိအချိန်မှာ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပေါင်း ၄၀ခန့်သာ လိုပါတော့တယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကသာ အာဏာကို ဆက်လက် ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲ တစ်စုံတစ်ရာဖြစ် ပေါ်လာဖွယ်ရာ မရှိဘူးလို့ ဦးရေ၀တက မြင်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မရှိသော်လည်း ဆွမ်း ကွမ်းတကာတွေ ဖြစ်တဲ့ လူထုတွေ ကောင်းစားပြီး အေးချမ်းသာယာမှ ဦးဇင်းတို့လည်း သာသနာ့တာဝန်ကို စိတ်ဖြောင့်ဖြောင့် လုပ်ဆောင်နိုင်မှာလို့ ဦးရေ၀တက သူ့ရဲ့ နိုင်ငံရေး အမြင်ကို ပြောပါတယ်။

Monday, September 27, 2010

မွန်သံဃာတပါးကို ထောင်ဒဏ် ၁၅ နှစ်ချ

ရွှေဝါရောင် တော်လှန်ရေး ၃ နှစ်ပြည့်ချိန်တွင် မွန်သံဃာတော် တပါးကို အင်းစိန် အထူးတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။

“အရှင်ဥက္ကံသကို ဒီနေ့ပဲ အီလက်ထရွန်းနစ်ပုဒ်မနဲ့ ထောင် ၁၀ နှစ်၊ ပုံနှိပ်မှုဆိုင်ရာပုဒ်မနဲ့ ထောင် ၄ နှစ်၊ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) နဲ့က ၁ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ် ချလိုက်တာပါ။ ဥပဒေကြောင်းအရ တရားလိုဘက်က တရားခံအပြစ်ရှိကြောင်း တိကျ ခိုင်မာတဲ့ အထောက်အထား မတင်ပြနိုင်ဘူးလို့ ပြောရမှာပါ” ဟု အရှင်ဥက္ကံသဘက်မှ ရှေ့နေလိုက်ပေးခဲ့သူ ဒေါ်ခင်ဌေးကြွယ်က ဧရာဝတီသို့ ပြောသည်။

အရှင်ဥက္ကံသကို ယခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယခုကဲ့သို့  ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ငါ့သားကင်မရာ ပြန်ပေး

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ (၂၇.၈.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

NAGAI_2
မစ္စတာ နာဂါအိ အုတ်ဂူ (ဓာတ်ပုံ-မောင်လတ်နီ)
မစ္စတာ နာဂါအိ ဟာ ဂျပန်နိုင်ငံ အေးဟီမဲခရိုင် အီမဘာရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်က အရမ်းကို ရှက်တတ်ပြီး သတင်းသမားလုပ်မယ်လို့ မထင်ခဲ့ဘူး လို့ သူ့ရဲ့မိဘများက ပြောပါတယ်။

သူသေဆုံးပြီးနောက် ရုပ်အလောင်းကို ဂျပန်နိုင်ငံကို သယ်ဆောင်လာပြီး ဂျပန်ရဲဌာနက ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် “မစ္စတာ နာဂါအိ ဟာ တမီတာအတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာ ဖြစ်တယ်” လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့အုတ်ဂူကိုတော့ သူမွေးဖွားရာမြို့ဖြစ်တဲ့ အီမဘာရီမြို့ရဲ့ အိုတာနီသင်္ချိုင်းမှာ ထားရှိပြီး ထူးခြားတာကတော့ သူ့ရဲ့အုတ်ဂူရှေ့မှာ သေဆုံးသွားစဉ်က ကိုင်ဆောင်ထားတဲ့ ဆိုနီ ဒစ်ဂျစ်တယ်ကင်မရာ ပုံစံတူကို ကျောက်သားနဲ့ ထုလုပ်ထားတာ တွေ့ရပါတယ်။

သူ့ရဲ့မိတ်ဆွေသူငယ်ချင်းများက ကင်မရာနဲ့ တိတ်ခွေ ပြန်ရဖို့အတွက် လက်မှတ် တသိန်းကျော် စုဆောင်းပြီး တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ပေမယ့် ယနေ့တိုင် မရရှိသေးပါဘူး။ မစ္စတာ နာဂါအိရဲ့ မိဘများနဲ့ ဂျပန်အစိုးရကိုလည်း မြန်မာစစ်အစိုးရက တရားဝင် တောင်းပန်တာ၊ လျော်ကြေး ပေးတာ ဒီနေ့ထိ မရှိသေးပါဘူး။

“အသတ်ခံရတဲ့နေ့ကို ယနေ့တိုင် မမေ့သေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုတ်တရက် ဖုန်းဆက်လာပြီး သားသေဆုံးတဲ့အကြောင်းပြောတော့ ပထမ မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် တီဗီမှာ သူ သေနတ်နဲ့ပစ်သတ်ခံရပြီး လဲကျသွားတဲ့ပုံကို အကြိမ်ပေါင်းများစွာ ကြည့်ရပြီး အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်” လို့ သူ့ရဲ့မိခင် မိချိကို (၇၈ နှစ်) က ပြောပါတယ်။
NAGAI_1
အုတ်ဂူရှေ့မှ ကျောက်သားဖြင့်ထုထားသည့် ကင်မရာပုံ (ဓာတ်ပုံ-မောင်လတ်နီ)


အဲဒီတုန်းက ဗီဒီယို ကင်မရာကို ကိုင်ပြီး လဲကျသွားပေမယ့် အခု အဲဒီကင်မရာ ဘယ်မှာရှိလဲဆိုတာ မသိရပါဘူး။ ဂျပန်အစိုးရကလည်း ပြန်ပေးဖို့တောင်းဆိုပေမယ့် ယနေ့တိုင် မြန်မာစစ်အစိုးရက ပြန်လည်ပေးအပ်ခြင်း မရှိသေး ပါဘူး။

မစ္စတာ နာဂါအိရဲ့ မိခင်က “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”

“ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။    ။

Saturday, September 25, 2010

ဟင်္သာတတွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်၊ တဦးသေဆုံး

ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် တက္ကသိုလ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွား မှုကြောင့် ယမန်နေ့ညက သေဆုံးသူကို အာဏာပိုင်များက ယနေ့သဂြုင်္ိဟ် စေခဲ့ပြီး ဆူပူမှုဖြစ်မည်စိုး၍ လုံခြုံရေးများလည်း ထူထပ်စွာ ချထားကြောင်း သတင်းရရှိ သည်။

ဟင်္သာတ တက္ကသိုလ် ဘူမိဗေဒ ဘာသာရပ် စာမေးပွဲ နောက်ဆုံးနေ့ ညက တက္ကသိုလ် ကျောင်းသူ အဆောင်ရှေ့တွင် သီချင်းဆိုရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဓားဒဏ်ရာဖြင့် သေဆုံးသူ ဘူမိဗေဒ ပထမနှစ် ကျောင်းသား မောင်အောင်သူ (၂၂နှစ်) ညောင်ကျိုးရွာ၊ အင်္ဂပူမြို့နယ် ကို ယနေ့နေ့လယ် ၂နာရီတွင် သဂြုင်္ိဟ် ရန် အာဏာပိုင်များက စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ကျူးလွန်တဲ့ဘက်က လူကြီးနဲ့ မျက်နှာကြီး အသိုင်းအ၀ိုင်းကဆိုတော့ ပြဿနာ ဖြစ်မှာစိုးလို့ ရဲမင်းကြီးကိုယ်တိုင် ကြီးကြပ်၊ မိသားစုကိုခေါ်ပြီး ဒီနေ့ကို ချက်ချင်း ချလိုက်တာ။ ဓားနဲ့ထိုး၊ ရိုက်တဲ့ ၇ ယောက်ကိုတော့ ဖမ်းထားတယ်။ ဖမ်းထားတဲ့ အထဲ မှာ ဒီမြို့က အထက်တန်းရှေ့နေ တယောက်ရဲ့တူရယ်၊ မြို့မိမြို့ဘ တယောက်ရဲ့မြေးလေးရယ် ပါနေတယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။

မိန်းကလေးဆောင်ရှေ့တွင် ဂစ်တာတီးနေသူများရှေ့မှ သေဆုံးသူ မောင်အောင်သူနှင့် သူငယ်ချင်းများ ဆိုင်ကယ်နှင့် ဖြတ်သွားသည်ကို ဂစ်တာတီးနေသူများက ဆဲဆိုရာမှ ရန်ပွဲ အစပြုခဲ့ပြီး ရိုက်နှက်၍ ဓားများဖြင့် ထိုးခဲ့သောကြောင့် မောင်အောင်သူမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသူနှင့် ခါးတွင် ဓားဒဏ်ရာရရှိသူ နှစ်ဦးတို့မှာ ဟင်္သာတ ဆေးရုံ အရေးပေါ်ဌာနတွင် ကုသနေရသည်ဟု သိရသည်။

“ဖြစ်ဖြစ်ချင်းက အောင်သူကို ဒီအတိုင်းခြုံထဲမှာထိုးထားတာ။ ပြီးတော့ ရဲတွေရောက်လာပြီး အဲ့ဒီနေရာတ၀ိုက်ကို ပိတ်ထား လိုက်တော့တာ။ သေချာစစ်ဆေးလား မဆေးလားလည်း ဘာမှ မသိရဘူး၊ ညောင်ကျိုးက သူ့မိသားစုကို ချက်ချင်း အကြောင်း ကြားပြီး ဒီနေ့ သဂြုင်္ိဟ် တာပဲ။ မိဘတွေက ရွာပြန်သယ်ချင်တာလည်း ခွင့်မပေးဘူး”ဟု မိသားစုနှင့် နီးစပ်သူ က ပြောသည်။

သေဆုံးသူကို ဂူသွင်း သဂြုင်္ိဟ်ရန် ဟင်္သာတ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှ တင်းတိုးသုသာန်သို့ သွားရာ လမ်းတလျှောက် တွင်၊ ယာဉ်ထိန်းရဲများ၊ အရပ်ဝတ် ထောက်လှမ်းရေးများ၊ အထူး ရဲတပ်ဖွဲ့ဝင်များ ချထားပြီး တက္ကသိုလ်မှ ဆရာ ဆရာမ များကလည်း လုံခြုံရေး တာဝန်ယူကြရသည်ဟု ၎င်းကပြောဆိုသည်။

ယင်း အမှုကိစ္စနှင့် ပတ်သက်၍ ဟင်္သာတ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိတဦးက ကျောင်းသား ၇ ဦး ကို ထိန်းသိမ်းထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့သည်။

“မောင်အောင်သူရဲ့ သူငယ်ချင်းလေးတွေကလည်း မကျေနပ်ကြတာ ဖြစ်နေတော့ ဆူပူမှုတွေ ဖြစ်မှာစိုးလို့ ကျနော်တို့ ရဲတွေရော၊ မယက၊ ရယက အားလုံးက လုံခြုံရေး ယူပေးတဲ့ သဘောပါပဲ။ အခုအခြေအနေကတော့ အေးအေးဆေးဆေး ပါပဲ။ တရားဥပဒေအတိုင်း လုပ်သွားမှာပါ”ဟု အဆိုပါ ရဲ အရာရှိက ပြောသည်။

ဟင်္သာတ မြို့ခံတဦးက“ခရိုင်ရဲမင်းကြီးရော လာတော့ လုံခြုံရေးတွေက အများကြီး၊ ကျောင်းသားချင်းဖြစ်တဲ့ ပြဿနာကို အခုလို ချက်ချင်းကြီး ချ၊ ရဲတွေရော ဘာတွေရော ရှုပ်နေတော့ ကျနော်တို့က ဘာများဖြစ်လဲပေါ့။ ပဲခူးက ကိစ္စလို ဖြစ်တာ မဟုတ်ပေမယ့် လူကြီးအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေပါနေတော့ ကျောင်းသားတွေ ဆူမှာ စိုးရိမ်နေပုံရတယ်။ မျှမျှတတ လုပ် မလုပ်ကတော့ စောင့်ကြည့်ရမှာပဲ”ဟု ဆိုသည်။

Friday, September 24, 2010

နာရေးကူညီမှုအသင်း၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ သတင်းစာတွင် ထည့်ခွင့်မရ

နာရေးကူညီမှု အသင်း (ရန်ကုန်) အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ ဖခင် ကွယ်လွန်ခြင်း အတွက် အသင်း၏ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို သတင်းစာတွင် ထည့်သွင်းခွင့် မပြုကြောင်း သိရသည်။

နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက “၂၀ ရက်နေ့က အသင်း အတွင်းရေးမှူး ဆရာမ ဒေါ်သန်းမြင့်အောင်ရဲ့ ဖခင်ကြီး ကွယ်လွန် သွားလို့ အသင်းကနေ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို မြန်မာ့ အလင်းနဲ့ ကြေးမုံ သတင်းစာမှာ ကြော်ငြာ သွားထည့်တာ ၂ စောင်စလုံးက ပယ်ချလိုက်တယ်။ သေဆုံးကြောင်း ကြော်ငြာ တာမှာလည်း ဒေါ်သန်းမြင့်အောင် နာမည်ရှေ့မှာ စာရေး ဆရာမဆိုတဲ့ စာလုံးကို ဖြုတ်ခိုင်းတယ်။ ကျနော်တို့မှာ ကိုယ့်နာရေး ဖြစ်လို့တောင် ကြော်ငြာ ထည့်လို့ မရတဲ့ဘ၀” ဟု ပြောသည်။

ဒေါ်သန်းမြင့်အောင်၏ ဖခင် ဦးချစ်အောင် အသက် ၈၄ နှစ်သည် စက်တင်ဘာ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့သော်လည်း ဒေါ်သန်းမြင့်အောင် ခရီးလွန်နေသဖြင့် ယမန်နေ့ကမှ ရေဝေးသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ရကြောင်း သိရသည်။

ဒေါ်သန်းမြင့်အောင်၏ စာမူများကို စာပေစိစစ်ရေးက စာနယ်ဇင်းများတွင် ဖော်ပြခွင့် ပိတ်ပင်ထားသည့်အပြင် လွန်ခဲ့သော လပိုင်းက စာရေးဆရာ မောင်သာချိုပြုလုပ်ခဲ့သည့် ဒေါ်သန်းမြင့်အောင်နှင့် အင်တာဗျုးကိုလည်း ဖော်ပြခွင့် မပြုခဲ့ကြောင်း သိရသည်။

ဒေါ်သန်းမြင့်အောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် အတွင်းရေးမှူးတာဝန် ယူထားသည့်အပြင် HIV ပိုး ကူးစက် ခံရသူ မိဘမဲ့ ကလေးသူငယ်များကို စောင့်ရှောက်ပေးနေသည့် “သုခရိပ်မြုံဂေဟာ” နှင့် ခိုကိုးရာမဲ့ အဘိုးအဘွားများကို စောင့်ရှောက်သော “ဆည်းဆာရိပ်ဂေဟာ” ကို ထူထောင်ထားသူလည်း ဖြစ်သည်။

အစိုးရနှင့် မသက်ဆိုင်သည့်၊ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသည့် နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့်ရုပ် ရှင်သရုပ်ဆောင် ဦးကျော်သူတို့က ဦးစီး တည်ထောင်ခဲ့ကြသည်။

နာရေးကူညီမှု အသင်းကို ပြည်တွင်းပြည်ပ အလှူရှင်တို့၏ လှူဒါန်းငွေများဖြင့် ရန်ကုန်မြို့ ဈာပန လုပ်ငန်းများကို အခမဲ့ ကူညီလျက်ရှိသည်။

၂၀၀၆ ခုနှစ် သြဂုတ်လတွင် နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်း မပြုသည့်အပြင် အာဏာပိုင်များက အနှောင့်အယှက်များပေးခဲ့သည်။

Thursday, September 23, 2010

ကျောခိုင်းထွက်လာကြပါ

မကြာခင်မှာ ရွေးကောက်ပွဲတွေ စတင်တော့မှာဖြစ်ပါတယ်။ စစ်အစိုးရက သူတို့စိတ်ကြိုက် စနစ်တကျ စီစဉ်ပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ အနှစ်နှစ်ဆယ်အတွင်း ပထမဆုံးလုပ်တဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရသလို အနှစ်နှစ်ဆယ်လုံးလုံး လိုသလို ပုံဖော်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မူတည်ပြီး စစ်တပ်အာဏာ တရားဝင် ဖြစ်ရေး၊ အနာဂတ် မြန်မာ့နိုင်ငံရေး လောကကို စစ်တပ်က ဆက်လက်ကြိုးကိုင်နိုင်ရေးအတွက် တစ်ဖက်သတ် အပေါ်စီးယူပြီး လုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
ဒီအချက်နဲ့ ပတ်သက်ပြီး အထင်ရှားဆုံး၊ သိသာမြင်သာ အဖြစ်ဆုံးကတော့ ဗိုလ်ချုပ်ကြီးများ ဦးဆောင်တဲ့ ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီအဖြစ် မျက်နှာပြောင်တိုက် ပြောင်းလဲပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်တဲ့ အချက်ပါပဲ။ အရှက်သိက္ခာ မရှိတဲ့နေရာမှာ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုတောင် သူတို့ မလိုက်နာနိုင်တဲ့ အထိပါပဲ။ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ စစ်အုပ်စု အာဏာသိမ်းယူစဉ်က ဥပဒေပြဋ္ဌာန်းခဲ့ ပါတယ်။ အခု ကြံ့ဖွံ့ပါတီဝင် သန်း (၂၂) သန်းကျော်ထဲမှာ နိုင်ငံဝန်ထမ်းက တစ်ဝက်လောက် ပါနေတာပါ။ ဒါနဲ့ ပတ်သက်ပြီး ဘာအကြောင်းအချက်မှ ထုတ်ပြန်ရှင်းလင်းတာ မရှိပါဘူး။ အဲဒီ ပါတီဝင် အင်အားတွေရဲ့ မဲအပါအ၀င် မတရားသော နည်းလမ်းမျိုးစုံသုံးပြီး ရွေးကောက်ပွဲ အနိုင်ရရေးကို ရတဲ့ပုံစံနဲ့ ယူကြပြီး စစ်အုပ်စု အာဏာတည်မြဲအောင် လုပ်ကြမှာပါ။
ကြံ့ဖွံ့ပါတီဟာ လွှတ်တော်သုံးရပ်လုံးအတွက် ကိုယ်စားလှယ်လောင်းပေါင်း (၁၀၀၀) ကျော်နဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အတိုက်အခံတွေထဲက တစည ပါတီကို ဖယ်ပြီး ကျန်ပါတီအားလုံးရဲ့ ကိုယ်စားလှယ်တွေကို ပေါင်းရင်တောင် ကြံ့ဖွံ့ရဲ့ တစ်ဝက် မရှိပါဘူး။ ဒီအချက်က ဘာကို ပြသလဲဆိုရင် တစ်ချို့ပါတီတွေ ပြောပြောနေတဲ့ လွှတ်တော်ထဲဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုတဲ့ အချက်ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သိသာစေပါတယ်။ လွှတ်တော်ထဲက ကိုယ်စားလှယ် အားလုံးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းရှိမှ ဖွဲ့စည်းပုံပြင်ဖို့ အဆိုတင်သွင်းခွင့် ရှိတာပါ။ ပြင်မယ် မပြင်ဘူး စဉ်းစား ဆုံးဖြတ်တဲ့ အဆင့်မဟုတ်ပါဘူး။ အဆိုတင်သွင်းရုံ တင်သွင်းခွင့်ပဲ ရှိတာပါ။
အတိုက်အခံ ကိုယ်စားလှယ် အားလုံး ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် လွှတ်တော်ထဲမှာ နှစ်ဆယ်ရာခိုင်နှုန်း မရှိသေးပါဘူး။ ဒါကြောင့် ဘယ်နည်းနဲ့မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို့မရနိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်သမျှ မြန်မာ့နိုင်ငံရေးဟာ စစ်ဗိုလ်ချုပ်၊ စစ်အုပ်စုတွေရဲ့ လက်ထဲမှာပဲ ရှိနေဦးမှာပါပဲ။
အတိုက်အခံ ပါတီတွေရဲ့ အနေအထားက ရွေးကောက်ပွဲမှာ နိုင်ဖို့ကလည်း မသေချာ၊ နိုင်ခဲ့ပြန်ရင်လည်း ကိုယ်အင်အားက တစ်ဘက်ရန်သူကို တိုက်ခိုက် အနိုင်ယူနိုင်တဲ့ အခြေအနေလည်း မရှိ။ လွှတ်တော်ထဲက ခုံတစ်ခုံမှာ ဝင်ထိုင်ပြီး ပေးတာယူ၊ ကျွေးတာစား၊ လက်ညှိုးထောင် ခေါင်းညိမ့်လုပ်ရတဲ့ ရုပ်သေး အမတ်၊ စစ်အာဏာရှင်တွေ အလိုကျ လိုက်လုပ်ရတဲ့ ခိုင်းဖတ် အမတ်တွေပဲ ဖြစ်လာဖို့ ရှိပါတယ်။ ဒါဆိုရင် ပြည်သူလူထုတွေ အနှစ်နှစ်ဆယ်လုံးလုံး မျှော်လင့်တောင့်တခဲ့တဲ့ ဒီမိုကရေစီက ဘယ်လိုရတော့မှာလဲ။ ဒီအနေအထားနဲ့ကတော့ ဘယ်နည်းနဲ့မှ ဒီမိုကရေစီ မရနိုင်ပါဘူး။ ရွေးကောက်ပွဲပြီးလဲ မြန်မာလူထုကတော့ စစ်ကျွန်ပဲ ဖြစ်နေရဦးမှာ သေချာပါတယ်။
ဒီအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဘာလုပ်ကြမလဲ။ အတိုက်အခံ အင်အားစု အားလုံးစဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံးကတော့ စစ်အာဏာရှင် စနစ် တရားဝင် တည်ရှိရေးအတွက် စစ်အုပ်စုက မဖြစ်မနေ လုပ်ချင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အတိုက်အခံပါတီအားလုံးက သပိတ်မှောက်ပြီး ကျောခိုင်း ထွက်လာကြပါလို့ ပြောချင်ပါတယ်။ လောလောဆယ်မှာ ဒီနည်းလမ်းကပဲ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေပြီး နိုင်ငံတကာရဲ့ စိန်ခေါ်မှုတွေနဲ့ စစ်အုပ်စု အကျပ်ရိုက်စေနိုင်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Tuesday, September 21, 2010

၁၉ရက် စက်တင်ဘာ ၁၉၈၈က စစ်အာဏာရှင်တွေ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ မဝင်းမော်ဦးရဲ့ (၂၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ဓာတ်ပုံမှတ်တမ်း..

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
ပင်နီနှင့်အဘွားမှာ မ၀င်းမော်ဦး၏ အဘွားဒေါ်နီ အသက်၈၈နှစ်ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ် စက်တင်ဘာသံဃာ့ အရေးအခင်းမှာ သံဃာတော်တွေနဲ့ အတူ ၃ ရက်တိုင်တိုင် လမ်းလျှောက်ခဲ့သူဖြစ်သည်။ ၂၆ရက်နေ့ အကြမ်းဖက်ဖြိုခွဲမှု အရှေ့ဘက်မုဒ်တွင် သံဃာတော်တပါးမှ တိုက်ပေါ်သို့ ပွေ့ချီ တက်ပြေးခဲ့ရသည်။ (ပုံမှာ ၀င်းမော်ဦး အဖေ ဦးဝင်းကြု၊ အဘွားဒေါ်နီနှင့် အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူ ကိုလူမော်လတ်)ပါ..။
မဝင်းမော်ဦး မိဘတွေ အိမ်မှာချိတ်ဆွဲထားတဲ့.. မဝင်းမော်ဦးရဲ့ သမိုင်းဝင်ဓာတ်ပုံပါ...
ပေးပို့ပေးလာတဲ့ ကိုလူမော်နဲ့ ရွှေကျောင်းသားတို့ အားကျေးဇူးတင်ပါသည်...။

စစ်အစိုးရက မဲဆန္ဒရှင်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ကြောင်းကြေငြာချက်ထုတ်


စစ်အစိုးရက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နာမည် မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ဗဟန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးက မဲပေးခွင့်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နာမည် မပါဘူးလို့ ရန်ကုန်ကလာတဲ့ AP သတင်းမှာ ဖော်ပြခဲ့ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေမှာ သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ် ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသူလို့ သတ်မှတ်ခံရသူ၊ လူမွဲ ကြေညာခံထားရခြင်းမှ မလွတ်မြောက်သေးသူ၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူ၊ နိုင်ငံခြားသား၊ နိုင်ငံခြားသားအဖြစ် ခံယူထားသူများကို ဆန္ဒမဲ ပေးပိုင်ခွင့်မပြု ဆိုပြီး ပိတ်ပင်ထားတာပါ။

NLD ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်သူ ဦးဉာဏ်ဝင်းကတော့ စစ်အစိုးရရဲ့ အခုလုပ်ရပ်တွေကို လက်ခံတာ မဟုတ်ပေမဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေအရ မဲပေးခွင့် မရှိတာဖြစ်လို့ ဥပဒေကြောင်းအရ ဘာမှ ပြောစရာမရှိဘူးလို့ ဆိုပါတယ်။

“အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေက လက်ရှိ ဥပဒေအရ မဲပေးပိုင်ခွင့် မရှိပါဘူး။ လက်ခံတယ် မဟုတ်ဘူး၊ ကျနော်တို့ ဥပဒေအရ ဖြစ်တာကို ဘာမှ ပြောစရာ မရှိဘူးလို့ ပြောချင်တာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည် မဲဆန္ဒရှင် စာရင်းထဲ မပါဝင်ဘူး ဆိုတာနဲ့ ပတ်သက်လို့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ အတိအကျ ဖြေကြားပေးခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက စပြီး သူမနေအိမ်ထဲ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယံ ယက်တော ရေကူး ၀င်ရောက်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ လ ထပ်မံ ကျခံထားရပါတယ်။ ရွေးကောက်ပွဲအပြီး တပတ်အကြာမှသာ နေအိမ်အကျယ်ချုပ်က လွတ်ရက်စေ့မှာ ဖြစ်ပါတယ်။ သူမနဲ့အတူ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့လည်း ရွေးကောက်ပွဲမှာ မဲပေးခွင့် မရဘူးလို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပါတီကို ပြန်မှတ်ပုံတင်ဖို့တောင် မစဉ်းစားဘူးလို့ ယတိပြတ် ပြောကြားထားပြီးတော့ NLD ပါတီကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။ NLD ကို ထောက်ခံတဲ့ လူထုအနေနဲ့လည်း ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။
သတင်းရင်းမြစ်။။VOA

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေ

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ် နှင့် ဓာတ်ပုံများကို တက်ကြွလှုပ်ရှားသူ လူငယ်တစုက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တချို့တွင် ယမန်နေ့ညက ဖြန့်ဝေကြောင်း သတင်းရ ရှိသည်။

“နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသလို မဲမပေးခွင့်လည်းရှိတယ်” “မဲရုံမသွားနဲ့ မဲမပေးနဲ့” အစရှိသည့် စာသားများ ပါရှိသော ဓာတ်ပုံ၊ ပို့စကတ်များကို လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များသို့ အဓိကထား ဖြန့်ဝေခဲ့ပြီး သံဃာတော်များကလည်း ကူညီဖြန့်ဝေပေးခဲ့သည်ဟု ဖြန့်ဝေသည့် လူငယ်အဖွဲ့က ပြောသည်။

“အဓိကကတော့ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ တွန်းပို့မယ့်၊ စစ်ကျွန်စနစ် ရှည်စေမယ့် ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ အချက်ကို သံဃာတော်တွေကနေတဆင့် သူတို့ ဆွမ်းခံကြွတဲ့ ပြည်သူတွေဆီကို ရောက်သွားဖို့၊ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ရည်ရွယ်ပါတယ်”ဟု လူငယ်တဦးက ပြောဆိုသည်။

အဆိုပါ လူငယ်များအနေဖြင့် တခြားမြို့နယ်များသို့လည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်း၊ ဓာတ်ပုံ၊ ပိုစတာ များ ဆက်လက်ဖြန့်ဝေသွားမည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်များ ရသည့်ပြည်သူများကမူ မဲပေးရန် ဆန္ဒမရှိကြောင်းနှင့် မဖြစ်မနေ မဲပေးရမည် ဆိုပါကလည်း မည်သူ့ကို ပေးရမည်မှန်း မသိကြောင်း ပြောဆိုကြသည်။

ရန်ကုန်မြို့ခံတဦးက “အစကတော့ မဲသွားပေးရရင် ဘယ်လိုလုပ်ရမလဲပေါ့။ ကျနော်တို့ဆီကို မနက်တိုင်းဆွမ်းခံကြွတဲ့ ကိုယ်တော်တွေဆီကနေ မဲမပေးဖို့ အခွင့်အရေးလည်း ရှိတယ်ဆိုတာ သိရတော့ သွားမပေးတော့ဘူးဗျာ။ ဒါပေမယ့် သူတို့က သူတို့ နိုင်အောင် လုပ်ထားပြီးသား နေမှာပါပဲ”ဟု ပြောသည်။

Monday, September 20, 2010

တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါစို့

လက်ရှိ အာဏာရှင်တွေကတော့ လက်နက်ပြခြိမ်းခြေက်ပြီး ပြည်သူလူထု ကို စော်ကားခဲ့တာ အကြိမ်ပေါင်း မနည်းတော့သလို အပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူလူထု သွေးချောင်းးစီးခဲ့ကြတာလည်း မနည်းတော့ပါဘူး ။ လက်နက်ကိုင်ထားပြီး တိရစ္ဆာန်စိတ် ပေါက်နေတဲ့ သူတို့တွေမှာ ကိုယ်ချင်းစာ တရားဆိုတာလည်း မရှိကြတော့ပါဘူး ။ အာဏာကို ယစ်မူးပြီးတော့ ၊ အာဏာမြဲစေဖို့ အတွက်ဆိုလျှင် ကိုယ်မိဘတောင် ကိုယ်ပြန်သတ်ခိုင်းတဲ့ အမိန့်မျိုးကိုတောင် ထုတ်ပြန်ဖို့ ၀န်မလေးတော့ပါဘူး ဆိုတာ သူတို့ လုပ်ရပ်တွေကို ကြည့်ရင် သိသာထင်ရှား လွန်းပါတယ် ။
ကိုးကွယ်တာက ဗုဒ္ဓဘာသာ ၊ လက်တွေ့သရုပ်ဖော် လုပ်ဆောင်နေတာ က မိစ္ဆာအယူဝါ ဒ ၊ ဘယ်သူမှားတယ် ၊ဘယ်သူမှန်တယ်ဆိုတာ အငြင်းပွားစရာ မလိုအောင်ကို ယုတ်မာပြထားတာ ။ သံဃာကိုတောင် အကြမ်းဖက်ဖို့ ၀န်မလေးတာ ၊ လူဆိုရင် ပြောမနေနဲ့တော့ ။ ဆက်ပြီး သီးခံနေရင် လည်း ဒီထက်ပိုပြီး ဆိုးရွားလာ စရာဘဲ ရှိတယ် ။ အဲဒီတော့ ခေါင်းငုံ့ခံနေကြမယ့် အစား တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြပါလို့ ပထမဦးစွာ လေးစားစွာ တိုက်တွန်းနိုးဆော် ဖိတ်ကြားအပ်ပါတယ် ။
ဒီနေ့ တပ်မတော် သားတွေကို ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့ အပ်နှင်းထားတဲ့ လက်နက်တွေနဲ့ ပြည်သူလူထု ဘ၀ကို စောင့်ရှောက်ဖို့ တိုင်းပြည်က လစာနဲ့ ရိက္ခာပေးထားတာ မဟုတ်ဘူးလား ။ အခုတော့ ဒီလက်နက်တွေကို အသုံးချပြီး ပြည်သူလူထုကို အနိုင်ကျင့်နေတာသူရဲကောင်းတို့ လုပ်ရပ်လား ။ စစ်သည်တော် တို့ရဲ့ ကျင့်ဝတ်နဲ့ ညီရဲ့လား ။ သူတို့ခိုင်းသမျှ လိုက်လုပ်နေကြရတဲ့ တပ်မတော်သားတွေ အတွက် အကျိုးအမြတ်က ဘာလဲ ။ ယူနီဖောင်း မြင်ရင် ပြည်သူလူထုက ရွှံရှာတဲ့ အကြည့်ကို ခံနေရတာကို ၀မ်းသာအားရ ဖြစ်နေကြအုံးမှာလား ။ အာဏာရှင်တွေ စည်းစိမ် ယစ်မူးနေတဲ့ အချိန်မှာ ခင်ဗျာတို့မှာ ၀မ်းရေး အတွက်တောင် မနည်း ရုန်းကန်နေရတယ် ။
ပြည်သူလူထု ဘ၀နဲ့ မခြားလှတဲ့ ခင်ဗျာတို့ ဘ၀တွေကို ဘာကြောင့်များ အနစ်မွန်းပြီး အာဏာရှင်တွေကို ကာကွယ်ပေးနေရတာလဲ ။ အမိန့်ဆိုတဲ့ စကားကို ရေလဲ သုံးပြီး ပြည်သူလူထုနဲ့ တပ်မတော်ကြား မှာ နားလည်မှု လွဲအောင်လုပ်ပြီး အမြတ်ထုတ်နေတာ အာဏာရှင်လူတစ်စုပါ ။ ပြည်သူတွေရဲ့ နာကြည်းချက်တွေ ဟာ အခုချိန်မှာ ပေါက်ကွဲလုဖြစ်နေပြီ ။ ပြည်သူလူထု တွေ နာကြည်းချက်တွေ ပေါက်ကွဲတဲ့နေ့ လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှု တွေ လုပ်လာကြမှာ အမှန်ပါဘဲ ။ အဲဒီလို ဆန္ဒပြတဲ့ ပြည်သူလူထု ကို အကြမ်းဖက်နှိမ်နှင်းဖို့ အာဏာရှင်တွေ အမိန့်ပေးလာခဲ့ရင် ပြည်သူလူထုဘ၀ နဲ့ ငါတို့ဘ၀ လည်း ထူးမခြားနားပါလား ဆိုတဲ့ အတွေးကို တွေးပြီး တိုင်းပြည်အရေး အတွက် ပြည်သူလူထု နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ် အကယ်၍များ ငါတို့က တပ်မတော်သားတွေမို့ အမိန့်ကို နာခံပြီး လုပ်ဆောင် ကြမယ်ဆိုရင် နှစ်ဖက်လုံး ဒုက္ခများကြဖို့ဘဲ ရှိပါတယ် ။ခင်ဗျာတို့ မိသားစုဝင်တွေ ဆိုတာ လည်း ပြည်သူလူထုပါဘဲ ။ ရာထူး ၊ တာဝန် နဲ့ အာဏာ ဆိုတဲ့ အဓိပ္ပာယ်ကို သေချာစွာ နားလည် သဘောပေါက် အောင် စဉ်းစား ဆင်ခြင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းတာ အားလုံးအကျိုးရှိမယ်ဆိုတဲ့ အယူအဆလေးတွေကို တွေးခေါ်လိုက်နာ ကျင့်ကြံပေး ကြပါလို့မေတ္တာရပ်ခံ အကြံပြုအပ်ပါတယ် ။
ကျွန်တော်တို့ ပြည်သူလူထုမှာ လည်း ရွေးစရာ လမ်းမရှိတော့ပါဘူး ။ အာဏာရှင်စနစ်ဆိုး ကို ဆက်လက် သီးခံပေးနိုင်တဲ့ အင်အားလည်း မရှိတော့ပါဘူး။ ငတ်လို့ မသေဘူးဆိုတဲ့ မြန်မာ ပြည် ရေ တောင် သောက်စရာ မရှိအောင် ဖြစ်ပွားခဲ့ပြီးတာလည်း အားလုံးအသိ ။ ကုန်ဈေးနှုန်းက ကြီးရတဲ့ အထဲ ၀င်ငွေကနည်းတော့ မကြာခင် တမျိုးလုံး လည်း ပြုတ်တော့မယ် ။ အဲဒီတော့ ရရာလက်နက် ကိုင်ဆွဲ ပြီး စည်းလုံးညီညွှတ်မှု ရှိတဲ့ ပြည်သူလူထု ကို အင်အားအဖြစ် အသုံးချပြီး တိုက်ပွဲဝင်ကြဖို့ နည်းလမ်း တစ်ခုဘဲ ရှိတယ် ။ ဘယ်သူတွေ ခေါင်းဆောင် သည်ဘဲ ဖြစ်ပါစေ ၊ ကိုယ်တိုင် မဦးဆောင်နိုင်ရင် နောက်လိုက်ကောင်း ဖြစ်အောင် ကြိုးစားပေးကြပါ ။ နောက်ဆုံး အခြေအနေ ကို တကယ်ရောက်နေလို့ လိုက်လံ နိုးဆော် တိုက်တွန်းနေတာပါ ။ တိုင်းရင်းသားကျေးရွာ တော်တော်များများကို ရက်စက်စွာ မတရား နှိပ်စက် ပြခဲ့ ပြီးလို့ မြို့ပေါ်မှာ အခြေချ ပဲခူးမှာ လူသတ်ပြခဲ့ပြီးပြီ ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လူထုကိုယ်စား ပြု NLD ကို နိုင်ငံရေး ပါတီကို တရားမ၀င်ပါဘူး ကြေငြာချက် ထုတ်ပြန်ခဲ့တယ် ။ သူတို့တွေ ယုတ်မာတာ ငါတို့မိသားစုနဲ့ အဝေးကြီးပါလို့ တွေးနေတဲ့ လူတွေ ကို အထူးပြောကြားလိုတာက အခု ကံကြမ္မာဆိုးနဲ့ လတ်လတ်ဆတ်ဆတ် တိုးထားကြတဲ့ တိုင်းရင်းသာ မျိုးနွယ်စုတွေနဲ့ ပြည်သူလူထု တော်တော်များများ ဟာ တကယ်ကို အပြစ်မဲ့စွာ ယုတ်မာ စော်ကားခြင်းကို ခံရတာပါ ။ သူတို့တွေ နိုင်ငံရေးလုပ်လို့လည်း မဟုတ်ပါဘူး ။ ပုဂ္ဂိုလ်ရေး ကိစ္စတွေမှာ စစ်ပွဲ သဖွယ် လက်စွမ်းပြသွားတဲ့ လူတွေဟာ နောက်တခါ ခင်ဗျာတို့ ကိုကော ချမ်းသာပေးမယ်ထင်ထားလို့လား ။
မိစ္ဆာအယူဝါဒကို ဖက်တွယ် တိရစ္ဆာန် သဖွယ် ဖြစ်နေတဲ့ အာဏာရူးတွေ က အစမ်းသဘော မျိုးနဲ့ လုပ်ဆောင် ပြီး ပြည်သူလူထုကို သွေးတိုးစမ်းနေတာပါ ။
ခင်ဗျာတို့ ငုံ့ခံနေကြရင် နောင် အခါ ဖက်ဆစ် အုပ်ချုပ်တာထက် ဆိုးရွားလာမည့် အနေအထား ကို ဦးတည်နေပါတယ် ။
ဆင်ခြင်ကြည့်ပါ ပြည်သူလူထု အပေါင်းတို့ ကိုယ်ကမေတ္တာ ထား နိုင်လို့ သူတို့ဘာလုပ်လုပ် သီးခံနေကြတာမှ မဟုတ်တာ ။ ကိုယ့်ရင်ထဲက ဒေါသတွေကို သိမ်းဆည်း အိမ်ထဲမှာ ပေါက်ကွဲ ပြ နေလို့ တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး ။ လူတွေ အားလုံးပါ ရင် ငါတို့လည်း ပေါင်းစည်းဖို့ ၀န် မလေးပါ ဘူးဆိုတဲ့ အတွေးအခေါ်ကို တွေးခေါ်နေသမျှ တော့ ဒီတသက် အာဏာရှင်စနစ် လွတ်မြောက်ရေး တိုက်ပွဲ ဆိုတာ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး ။ သူတို့တွေ စိတ်အားတက်ကြွလာအောင် ငါတို့တွေ စတင်လုပ်ဆောင် ပြမယ် ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူမှ အာဏာရှင်စနစ်ဆိုးအောက် ရုန်းထွက်ဖို့ ခြေလှမ်းစတင်နိုင်ကြမှာပါ ။
အရင်တုန်းကလည်း ဒီလို လူထုလုပ်ရှားမှု တွေ လုပ်ခဲ့ပြီးပြီ ၊ မအောင် မြင်ခဲ့ပါဘူးလို့ အပြစ်တင်စကားပြော လာမယ့်သူတွေလည်း လေးလေးနက်နက် စဉ်းစားစေချင်တယ် ။ အခြေအနေက မတူတော့ပါဘူး ။ နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ အချိန်အခါမှာ အာဏာရှင်တွေ အကြမ်းဖက် နှိမ်နှင်းဖို့လည်း လွယ်တော့ မလွယ်လှပါဘူး ။ အကြမ်းဖက်လာခဲ့ရင် လည်း ပြည်သူလူထု က ခုခံကာကွယ်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြတော့ပေါ့ ။ အခုလို ချိန်ခါမျိုးမှာ ပြည်သူတွေ ရင်ဘတ်ထဲက အကြောက်တရားတွေကို မောင်းထုတ်ပေးနိုင်ဖို့ ဘဲ စဉ်းစားစေချင်ပါတယ် ။ မတရားတာကို ခေါင်းငုံ့ခံပေးကြပါ လို့ ဘယ်စာပေကျမ်းဂန်မှာ မပြဆိုခဲ့သလို ဘယ်ပညာရှိမှ လည်း မမိန့်ကြားခဲ့ပါဘူး ။ ငါတို့က ပြည်ပမှာ တို့နဲ့တော့ သိပ်မဆိုင်ပါဘူးဆိုတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ လည်း တာဝန်ယူချင်စိတ် ရှိကြဖို့ အဓိကပါ ။ ကိုယ်လုပ်ပေးနိုင်တဲ့ အခန်းဂဏ္ဍကနေ လုပ်ပေးလို့ ရတာ အများကြီးပါ ။ အထူးသဖြင့် ငွေကြေး အကူအညီပေါ့ ။ သပိတ်မှောက် ဆန္ဒပြမယ်ဆိုရင် သပိတ်တပ်သားတွေကို ပြည့်စုံအောင် ထောက်ပံ့ပေးထားနိုင်မှ သူတို့တွေ ရှေ့တန်းက အင်အားရှိစွာ လုပ်ရှား ပေး နိုင်မှာပါ ။ ဘယ်သူမှ အားအားယားယား အချိန်ကုန်ခံပြီး နိုင်ငံရေး လုပ်နေကြတာ မဟုတ်ဘူး ။ မြန်မာ ပြည်ကြီး ပျက်စီးနေတာကို မကြည့်ရက် ကြလို့ နိုင်ရာ တာဝန် ကို ယူနေကြတာ ။ နိုင်ငံတကာ အလယ်မှာ မြန်မာလူမျိုးတွေ အဖိနှိပ်ခံ ဘ၀ရောက်နေတာကို လွတ်မြောက်အောင် ကြိုးစားနေကြတာ ပါ ။ တိုင်းပြည်ချစ်စိတ်လေးကို မွေးမြူးပေးကြပါ ။

လူထု လုပ်ရှားမှု လုပ်ကြမယ်လို့ ဆိုတာနဲ့ စည်းလုံးညီညွှတ်မှု ကို အရင်ဆုံး စဉ်းစားလာကြတယ် ။ သူများတွေ ပါရင် ငါတို့လည်း ပါမှာပါ ဆိုတဲ့ အတွေးပိုင်ရှင်တွေက တော့ အများဆုံးလို့ ထင်မိပါတယ် ။ လမ်းပေါ်တက် ပြီး ဆန္ဒပြပွဲတွေ လုပ်တာ ပြည်သူလူထုအတွက် မကောင်းဘူးလို့ တွေးထင်တဲ့လူတွေ လည်းရှိပါတယ် ။ လူထုဆန္ဒပြပွဲတွေ လုပ်တာဟာ မြန်မာတနိုင်ငံတည်းသာ မဟုတ်ပါဘူး တကမ္ဘာလုံးက ပါ သိစေဖို့ အထိရောက်ဆုံး နည်းလမ်းဆိုတာတော့ ဘယ်သူမှ ငြင်းဆန်လို့ မရပါဘူး ။ ဒီနေရာမှာ တချက်စဉ်းစားရမှာက အာဏာရှင်တွေ ဘက်က တုန့်ပြန်လာမှုပါဘဲ ။ သူတို့တွေကတော့ လူစိတ်ပျောက်နေပြီလို့တောင် ပြောလို့ရတယ် ။ အဲဒီအတွက် အကြမ်းဖက် နှိမ်နှင်းရေး လမ်းစဉ်ကို အသုံးချအုံးမှာ အမှန်ပါဘဲ ။ အဲဒီလမ်းစဉ်တွေကို တကယ် အကောင်အထည်ဖော်ပေးမှာက တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေ ပါဘဲ ။
ဒါဆို တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေကို ပြည်သူလူထု ဘက်တော်သားဖြစ်လာအောင် အရင်ဆုံးစည်းရုံးကြည့်ဖို့ ကြိုးစားကြည့်ရင်ကော မဖြစ်နိုင်ဘူးလား ။ ဖြစ်နိုင်ပါတယ် ၁၀၀% တော့ မသေချာဘူး ။ ဒါဆို တစ်ချက်ချင်း အဖြေရှာကြည့်ရအောင် ။ ပထမဆုံး ကြံ့ဖွတ်စွမ်းအားရှင်ဆိုတဲ့ အာဏာရှင်လက်ကိုင်ဒုတ်တွေ ဆိုတာ ပြည်သူလူထု ကြားက ဘဲ ပေါက်ဖွားလာတာပါ ။ ဥပမာ ရပ်ကွက် တစ်ခု အနေအထားနဲ့ စတင် စဉ်းစားကြည့်ရအောင် ။ မိမိတို့ ရပ်ကွက်နေပြည်သူလူထုနဲ့ အဲဒီစွမ်းအားရှင် ဆိုတဲ့ လက်ကိုင်ဒုတ်
အရေ အတွက် ဘယ်သူက ပိုများလဲ ။ သူတို့တွေ ရပ်ကွက် ထဲမှ ထင်တိုင်းသောင်းကျန်းလို့ ရ နိုင်တာ ရပ်ကွက်နေ ပြည်သူလူထု က စည်းလုံးမှု မရှိလို့ပါ ။ တကယ်တမ်း သူတို့ကို တိုက်ရိုက်ဆန့်ကျင်မှု တွေကို ရပ်ကွက်နေ ပြည်သူလူထုအားလုံးက ကျင့်သုံးကြမယ်ဆိုရင် သူတို့တွေ နေစရာ မရှိပါဘူး ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး နေလို့ မရဘူးဆိုတာ အားလုံးသဘောပေါက် နားလည်ပြီးသားပါ ။ အဲဒီလို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ ဆိုတာ တစ်ရပ်ကွက်လုံးပေါင်းမှ ဆယ်ယောက်တောင် မရှိလောက်ပါဘူး ။ ကိုယ့်ရပ်ကွက်မှာ လူဦးရေ ထောင်နဲ့ချီပြီးရှိတာ ။ ဘာကိုများ
စိုးရိမ်ထိတ်လန့်နေစရာ ရှိလဲ ။ သူတို့တွေ က အကြမ်းဖက်လာရင် ကိုယ်ကလည်း ကိုယ့်ဘက်ကလည်း တုန့်ပြန်ပေးလိုက်ရုံပေါ့ ။ တကယ်တမ်း သူတို့တွေမှာ စိတ်ဓါတ်ခွန်အား မရှိကြပါဘူး ။ သတ္တိဆိုတာလည်း မရှိပါဘူး ။ အာဏာရှင်စနစ်ကို အားကိုးပြီး မိုက်ပြနေတာပါ ။ ဒါဆို ပြည်သူလူထုကလည်း စည်းလုံး ညီညွှတ်ရေးကို အင်အားအဖြစ် အသုံးချပြီး တုန့်ပြန်ဆောင်ရွက်လို့ရတာဘဲ မဟုတ်ဘူးလား ။
ကိုယ့်နေတဲ့၇ပ်ကွက်မှာ မတရားဗိုလ်ကျမှုတွေကို သူများတွေ ခံနေရတာ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး လက်ပိုက် ကြည့်နေကြရင် နောက်တစ်ခါ ကိုယ့်အလှည့်ဆိုတာ မဖြစ်လာနိုင်ဘူးလား ။ ငါတို့ကတော့ ဆန့်ကျင်ချင်ပါတယ် ၊ သူတို့ကတော့ပါမှာ မဟုတ်ဘူးလို့တော့ မတွေးထင်ထားကြပါနဲ့ ။ ဒီစနစ်ဆိုးကြီးအောက် မှာ ဒုက္ခမျိုးစုံ အဖုံဖုံကိုအတူတူ ခံစားနေကြရတာပါဘဲ ။
ကိုယ်ရှာမှ ကိုယ်စားရမှာ ၊ နိုင်ငံရေးဆို ဝေးဝေးရှောင်ဆိုတဲ့ ကြားနေ၀ါဒတွေ ကျင့်သုံးတာ ဟာ အာဏာရှင်စနစ်ဆိုးကြီး တည်မြဲနေအောင် ထောက်ပံ့ပေးထား ဖြစ်တဲ့အတွက် အဲဒီအယူဝါဒကို စွှန့်လွတ်လိုက်ကြပါ ။ အမျိုးသားရေး အလုပ်ဖြစ်တဲ့ အတွက် တမျိုးသားလုံးလုံးနဲ့ဆိုင်ပါတယ် ။ ကိုယ်တိုင်ပါဝင် နိုင်အောင် အထူးအားထုတ် ကြိုးစားကြမယ်ဆိုရင် ကြံ့ဖွတ် စွမ်းအားရှင်တို့ ပြည်သူလူထုကို အနိုင်ကျင့်ဖို့ မပြောနဲ့ အဲဒီဝတ်စုံတောင် လူမြင်ကွင်းမှာ ၀တ်ပြီး လမ်းမထွက်ရဲပါဘူး ။ အခုလိုမျိုး မိမိတို့ ကိုယ်တိုင့်စတင်ပြီး ရပ်ကွက် မြို့ရွာ ၊ မြို့နယ်များမှ တဆင့် တနိုင်ငံလုံး
အတိုင်းအတာ နဲ့ ဆန့်ကျင်ကြမယ် ဆိုရင် ဒီလို အာဏာရှင်လက်ကိုင်ဒုတ်တွေ ဆိုတာ သူ့အလိုလို ပျောက်ကွယ်သွားမှာပါ ။
ဒီနေရာမှာ လူငယ်တွေကို အထူးတာဝန်ပေးချင်ပါတယ် ။ ကိုယ်နေထိုင်ရာ ရပ်ကွက်တွင်းမှ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုအပေါင်းကို လူငယ်များက စတင်စည်းရုံးပြီး အဖွဲ့အစည်း ငယ်လေးတွေ အသွင်ဖြင့် စတင်လုပ်ရှားသင့်ပါတယ် ။ ရပ်ကွက်တွင်း သာရေး နာရေး ကိစ္စတွေသာ မက ကိုယ့်၇ပ်ကွက်ရဲ့ လိုအပ်တာ မှန်သမျှကို စည်းလုံး ညီညွှတ်စွာနဲ့ လိုက်လံလုပ်ဆောင် ကြမယ်ဆိုရင် မကြာခင် မြန်မာနိုင်ငံကြီး အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်လာမှ သေချာပါတို့ ကျွန်တော် ဂတိပေးရဲပါတယ် ။
တပ်မတော်သားတွေ ဆိုတာ ပြည်သူကြားက ပေါက်ဖွားကြီးပြင်း လာကြတာ ဖြစ်လို့ ပြည်သူလူထုနဲ့ အမြဲ ထိတွေ့ ဆက်ဆံနေရတာပါဘဲ ။ သူတို့ကို စည်းရုံးပြောဆို မယ်လို့ စိတ်ကူးထားရင် သူတို့အနားက လူတွေကို အရင်ဆုံး နားလည်သဘော ပေါက်အောင် စည်းရုံးထားရမယ် ။ လူရဲ့သဘာဝ က ကိုယ်ပတ်ဝန်းကျင် ကို လိုက်ပြီး စိတ်ဓါတ်တွေ ပြောင်းလဲ လေ့ရှိတယ် ။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ တိုင်းပြည်ချစ်စိတ် ရှိသူတွေ များလာတဲ့ အခါ သူတို့ကိုယ်တိုင်လည်း တိုင်းပြည်နဲ့ လူထု အပေါ်ကို ထားရှိရမည့် သဘောထား အမှန်ကိုနားလည် လာကြလိမ့်မယ် ။ နိုင်ငံတကာ က စစ်တပ်တွေနဲ့ အခု အာဏာရှင်ရဲ့ လက်ရုံးစစ်တပ်တွေ ကြားက ကွာခြားချက်တွေကို သူတို့တွေ နားလည် သိရှိလာအောင် ပြောဆိုပေးရပါမယ် ။ တိုင်းပြည်ကို ကာကွယ်ဖို့ လက်နက်ကိုင်ဖို့ ပြည်သူလူထု က အခွင်အာဏာပေးထား တယ်ဆိုတာ သူတို့တွေ သိရှိသဘောပေါက် လာစေချင်တယ် ။ ဒီမိုကရေစီ နိုင်ငံတော်ကြီး အောက်မှာ ပြည်သူလူထု လေးစားချစ်ခင်မှု ကို ခံရတဲ့ တပ်မတော်ကြီးကို တည်ဆောက် နိုင်ပါတယ်ဆိုတဲ့ အတွေးမျိုးတွေကို လက်ခံလာအောင် လမ်းပြပေးကြရမှာပါ ။

လူထုလုပ်ရှားမှု ဆိုတာ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တာ အမှန်ပါဘဲ ။ အများပြည်သူကောင်းစားရေးကို ရှေ့ရှုထားတာ ဖြစ်လို့ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်ပါတယ် ။ ဆန္ဒပြပွဲတွေ လုပ်တော့မယ်လို့ စိတ်ကူးထားတယ်ဆိုရင်
ဒါတွေဟာ မဖြစ်မနေ ကြိုတင် လုပ်ဆောင်ရမည့် အခြေခံ အချက်အလက်တွေပါဘဲ ။ ဒီလို အခြေခံ အချက်တွေကို လိုက်နာဆောင်ရွက်နိုင်ကြမယ်ဆိုရင် ပြည်သူလူထု လိုလားတောင့်တ နေတဲ့ ဒီမိုကရေစီ နိုင်ငံကြီးဆီကို အမြန်ဆုံးချီတက်နိုင်ဖို့ အာဏာရှင်
စနစ်ဆိုးကြီးကို အရင်ဆုံးဖြိုဖျက်နိုင်မှာ ဖြစ်ပါတယ် ။ အချို့က ဖြစ်မလာသေးတာကို စိတ်ပူနေကြတယ် ။ စနစ်ဆိုးကြီးအောက်က ရုန်းထွက်တော့လည်း ဘယ်သူက တိုင်းပြည်ကို ကောင်းလာအောင် စီမံခန့်ခွဲပေးနိုင်မှာလဲတဲ့ ။ အဲဒီလို အတွေးအခေါ်ကို ပြောဆိုဆွေးနွေး နေကြတဲ့ လူဟာ ဘယ်သူတွေရဲ့ စည်းရုံးရေးမှုးတွေလဲ ပြည်သူတွေ သဘောပေါက်ကြစမ်းပါ ။ ဘာဖြစ်လို့များ ဒီလို အတွေးအခေါ်တွေကို လက်ခံ သိမ်းပိုက်ထားကြတာလည်း ။
ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး စနစ်လို့ အမည်တပ်ခံထားရတဲ့ ဖက်ဆစ် စနစ်ကို အသွင်ပြောင်းထားတဲ့ စစ်အာဏာရှင်စနစ်ဆိုး ကြီးအောက် က ရုန်းထွက်တာနဲ့ မြန်မာပြည် တိုးတက်ကောင်းမွန်လာစေရမယ်လို့ အသက်နဲ့ထပ်တူ လောင်းကြေးထပ်ရဲပါတယ် ။

လူထု လုပ်ရှားမှု လုပ်ရခြင်းရဲ့ ရည်ရွယ်ချက် က ပြည်သူလူထု လိုလားတောင့်တချက်တွေ ကို အာဏာရှင်တွေ လိုက်နာဆောင်ရွက်ပေးဖို့ပါဘဲ ။ အဲဒီတော့ ပွဲ မ၀င်ခင် အပြင် က ကျင်းပ ဆိုတဲ့ စကားအတိုင်း ဘယ်လို အချက်အလက်တွေကို အဓိက တောင်းဆိုစေချင်တယ်ဆိုတာတော့ အားလုံး ညှိနှိုင်းထားသင့်သလို ၊တောင်းဆိုစေချင်တဲ့ အရာတွေဟာ လည်း ပြည်သူလူထု အမှန်တကယ် လိုအပ်ချက်တွေနဲ့ ကိုက်ညီစေချင်တယ် ။
အစိုးရကို ရက်အကန့်အသတ်ဖြင့်သာ စဉ်းစားခွင့်ပေးထားသင့်တယ် ။ သတ်မှတ်ရက် ရောက်လို့မှ တောင်းဆိုချက်ကို မလိုက်နာခဲ့လျှင် ပြည်သူလူထု ကိုယ်စားပြု အဖွဲ့အစည်း တခုခုမှ အုပ်ချုပ်ရေး အာဏာကို လွှဲပြောင်းရယူနိုင်ရေး အတွက် အထူးစီမံ ဆောင်ရွက်ထားသင့်တယ် ။
ဆန္ဒပြပွဲတစ်ခုရဲ့ အဓိကရည်ရွယ်ချက် အပိုင်းက အုပ်ချုပ်ရေး အာဏာကို လူထုလက်ထဲ ပြန်ထည့်ပေးဖို့ ဖြစ်တဲ့ အတွက် ဒီကိစ္စကိုတော့ ပညာရှင်အားလုံး ၀ိုင်းဝန်းကူညီ စဉ်းစားပေးစေလိုပါတယ် ။
လူထုဆန္ဒဖော်ထုတ် တောင်းဆိုတဲ့ အခါမှာ ညဘက်ခွေးဆွဲ တဲ့ ရန် အတွက်လည်း ကြိုတင်ပြင်ဆင် ထားရှိသင့်တယ် ။ မြန်မာပြည်မှာ ပြည်သူလူထု လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တွေ အားနည်းလာရခြင်းရဲ့ အဓိက အကြောင်းက ညဘက်ခွေးဝင်ဆွဲတဲ့ ဒဏ်ကို မခံနိုင်လို့ပါဘဲ ။ ဆန္ဒပြပွဲတွေ ကျင်းပနေတဲ့ အချိန်မှာ ဆန္ဒပြပွဲကို ပါဝင်ဆင်နွှဲကြတဲ့ လူတွေ စုစုစည်းစည်း နေထိုင်နိုင်ကြရင် အကောင်းဆုံးပါဘဲ ။ သူတို့တွေ အတွက် စားဝတ်နေရေးကို ပြည်သူလူထုက ခတ္တခဏတော့ တာဝန်ယူပေးနိုင်ဖို့ အရေးကြီးတယ် ။ စာရေးပြရတာ လွယ်သလောက် လက်တွေ့လိုက်နာဖို့ကျတော့ ခက်တယ်ဆိုတဲ့ စကားတွေနဲ့ပြောဆိုလာကြမှာ လည်း ရှိပါတယ် ။ အများကောင်းစားရေး အတွက် ဦးတည် ကြိုးစားတာ ဖြစ်လို့ မကျေနပ်သူတွေ ကန့်ကွက်ပြောဆိုလည်း ဂရုမစိုက်ဘဲ ကိုယ်ဦးတည်ချက် ကို ရဲရဲကြီးကြီး လျှောက်လှမ်းကြဖို့ အရေးကြီးဆုံးပါဘဲ ။
အခြေခံ လိုအပ်ချက်တွေ ပြည့်စုံပြီဆို ရင်တော့ သတ်မှတ်သော နေ့ရက်များတွင် သတ်မှတ်သောနေရာကို ညီညွတ်စွာဖြင့်အရောက်ချီတက်ကာ တရားမျှတသော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံကို ကြွေးကြော်သံများဖြင့်ချီတက်ကြကာ အာဏာရှင်စနစ်ဆိုး ကို ညီညွတ်စွာဖြင့်တိုက်ထုတ်ကြပါစို့။

Friday, September 17, 2010

ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာဖြန့်သူ ၂ ဦး အဖမ်းခံရ

ရန်ကုန်တိုင်း အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံ့ဆော်စာများ ဖြန့်ဝေသည့် လူငယ် ၂ ဦးကို အာဏာပိုင်များက ယနေ့နံနက်တွင် ထိန်းသိမ်း လိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံသား တယောက်အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသကဲ့သို့ မဲမပေးဘဲနေရန် အခွင့်အရေးလည်းရှိသည်” ဆိုသည့် စာသားများပါဝင်သော လှုံ့ဆော်စာများနှင့်အတူ ရွှေပြည်သာ ၁၃ ရပ်ကွက်နေ မောင်သိန်းဇော်နှင့် တောလေးကျေးရွာ လှော်ကားနေ မောင်ခိုင်ဇော် တို့ကို အရပ်ဝတ်နှင့် အာဏာပိုင်များက နေအိမ်များမှ ခေါ်ဆောင် သွားသည်ဟု ထိန်းသိမ်းခံရသူများ၏ မိတ်ဆွေများက ဆိုသည်။

“စာရွက်တွေနဲ့အတူ မိတာ။ ဒီမနက်ကပဲ လာဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတာ အခုထိ မသိရသေးဘူး။ သူတို့ မိဘတွေလည်း စိတ်ပူနေကြတယ်” ဟု မောင်သိန်းဇော်နှင့် မောင်ခိုင်ဇော်တို့၏ မိတ်ဆွေတဦးက ပြောသည်။

 ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်၊ ဒဂုံ၊ ဒေါပုံ၊ ဒလ စသည့် မြို့နယ်များအပါအ၀င်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် တခြားသော တိုင်းနှင့်ပြည်နယ်များရှိ တက်ကြွလှုပ်ရှားသူ လူငယ်များက နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုံ့ဆော်စာများ၊ ပို့စ်ကတ်နှင့် ဓာတ်ပုံများ ဖြန့်ဝေခြင်း မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပဲခူးမြို့ နာရီစင်ပေါ်တွင် ရွေးကောက်ပွဲ၌ မဲမပေးဘဲနေရန် အခွင့်အရေးရှိကြောင်း စာသားများပါသည့် လှုံ့ဆော်စာ ပိုစတာကြီးကို ကပ်ထားခဲ့သည့်ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Tuesday, September 14, 2010

ရွှေဝါရောင်နှစ်ပတ်လည်ကာလ သာသနာ့အခမ်းအနားများ တိတ်ဆိတ်စွာကျင်းပရ

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် စက်တင်ဘာလတွင် သာသနာဆိုင်ရာ အခမ်းအနားများ ပြုလုပ်ရာ၌ သာသနာ့ အလံများ ထောင်ခြင်း၊ သံဃာတော်များ စုရုံးခြင်း၊ အသံချဲ့စက် အသုံးပြုခြင်း၊ ဆိုင်းဘုတ်များ တင်ခြင်း မပြုလုပ်ရန် စစ်အစိုးရက ပိတ်ပင် ထားသည်။

ရန်ကုန်မြို့ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးက ပြုလုပ်သော ၄၃ ကြိမ်မြောက် အဘိဓမ္မာ စာတော်ပြန်ပွဲကြီးကို ရွှေတိဂုံ ခြေတော်ရင်းရှိ အဘိဓမ္မာ ရတနာဃရ ဓမ္မာ ဗိမာန်တော်ကြီးတွင် ယခုလ ၁၁ ရက်မှ ၁၉ ရက်နေ့ အထိ ပြုလုပ်လျက်ရှိရာ အဆိုပါစာပြန်ပွဲကို အခမ်းအနား ပုံစံဖြင့် စည်စည် ကားကား ကျင်းပခွင့်မပြုဘဲ တိတ်ဆိတ်စွာ ကျင်းပခဲ့ ရကြောင်း သိရှိရသည်။

“ဒီနှစ် အဘိဓမ္မာစာပြန်ပွဲကို သာသနာ့အလံတွေထောင်ခွင့် မပေးဘူး၊ ဆိုင်းဘုတ်တင်ခွင့် မပေးဘူး၊ အသံချဲ့စက် မသုံးရဘူး” ဟု အဆိုပါ အဘိဓမ္မာ စာပြန်ပွဲတွင် စာစစ်ဆရာတော်အဖြစ် တာဝန်ယူထားသည့် သံဃာတော်တပါးက မိန့်ကြားသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် ၀ါတွင်းကာလ ဆွမ်းလောင်းပွဲများ ကျင်းပပြုလုပ်ရာ၌လည်း သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များ၏ ခွင့်ပြုချက်ရယူကာ ဆွမ်းလောင်းအသင်းများက သံဃာတော်မြောက်မြားစွာ ပင့်ဖိတ်ခြင်းအတွက် တာဝန်ခံရကြောင်း သိရသည်။

“ဆွမ်းလောင်းအသင်းတွေအနေနဲ့ ပင့်ဖိတ်တဲ့ သံဃာတော်တွေနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ တာဝန်ယူရတယ်။ တကယ်လို့ ဆွမ်းလောင်းပွဲကြွလာတဲ့ သံဃာတော်တွေက ရွှေဝါရောင် တော်လှန်ရေး တုန်းကလို လှုပ်ရှားမှုတွေလုပ်လာရင်
ဆွမ်းလောင်းအသင်းက တာဝန်ခံထားတဲ့ လူတွေ အရေးယူခံရမယ်၊ ထောင်ကျမယ်” ဟု ရပ်ကွက် ဆွမ်းလောင်းအသင်း ဥက္ကဋ္ဌတဦးက ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးတဦးက မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေမည့် ဆန္ဒပြပွဲများ၊
သံဃာလှုပ်ရှားမှုများ ဖြစ်ပေါ်လာလျှင် လုံထိန်းရဲများနှင့် နှိမ်နင်းရန် အထူးညွှန်ကြားချက် တရပ်ကို ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးက ထုတ်ပြန်ထားကြောင်း ပြောသည်။

Sunday, September 12, 2010

၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးရေး

နိုင်ငံရေးဆိုတာ


နိုင်ငံရေးဆိုတာ
*ကိုယ်တစ်ယောက်ထဲအတွက်၊ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ ဒေါ်အောင်ဆန်းစုကြည်
 
 

စစ်အစိုးရပိုင် သတင်းစာ များတွင် ပဲခူးမြို့ရှိ လူငယ် နှစ်ဦးအား သတ်ဖြတ်မှု ကို လွဲမှားစွာ ဖော်ပြ (ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရိုးဖြစ်စဉ်မျိုးတဲ့)

အသက် ၁၉ နှစ် အရွယ်ရှိ မောင်စိုးပိုင်ဇော် နှင့် အသက် ၂၃ နှစ် အရွယ်ရှိ မောင်အောင်သူဟိန်း တို့ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သူ လုံခြုံရေး အရာရှိ နှင့် စစ်သည်များအား အရေးယူမည် ဖြစ်ကြောင်း စစ်အစိုးရပိုင် ယနေ့ထုတ် မြန်မာ့အလင်း နှင့် ကြေမုံ သတင်းစာ များတွင် ဖော်ပြ ထားသည် သို့သော် အမှုဖြစ်စဉ် အကြောင်းအရာ များကို ထိုသတင်းစာ များတွင် ကွဲလွဲစွာ ရေးသား ထားသည်ကို တွေ့ရှိရသည်။

ထိုသတင်းစာများတွင် ဖော်ပြထားသော အမှု ဖြစ်စဉ်မှာ ပဲခူးဘူတာ လုံခြုံရေး တာဝန်ယူ ထားသည့် တပ်ဖွဲ့မှ အရာရှိ တစ်ဦး နှင့် အခြား တပ်မှ အရာရှိ တစ်ဦးတို့သည် ဘီယာ သောက်ပြီး ဆိုင်ကယ် ကယ်ရီဖြင့် ဘူတာသို့ ပြန်လာစဉ် စက်တင်ဘာ ၄ ရက်ည ၁၀ နာရီ ၀န်းကျင်တွင် ပဲခူးမြို့မှ လူငယ် ၇ ဦး စီးနင်း လိုက်ပါ လာသည့် သုံးဘီး ဆိုင်ကယ် နှင့် ပွတ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း၊ ထိုသို့ ပွတ်တိုက် မှုကြောင့် ဆိုင်ကယ် လဲသွားစဉ် လူငယ် ၇ ဦး နှင့် အရာရှိ နှစ်ဦးတို့ ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း၊ လူငယ် ၇ ဦးမှာ အရက်သေစာ သောက်စား ထားကြောင်း ထို့နောက် အဖော်ပါလာသူ အရာရှိသည် ထွက်ပြေးပြီး ပဲခူး ဘူတာရှိ လုံခြုံရေး စစ်သည်များအား သွားရောက် အကြောင်းကြား ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အရာရှိ နှင့်အတူ လုံခြုံရေး စစ်သည် ၄ ဦး ပြန်လည် ရောက်ရှိ လာရာ မြလမ်း ထိပ်တွင် အခင်းဖြစ်ရာ၌ ပါဝင် ခဲ့သည့် လူငယ် ၇ ဦး နှင့် ပြန်လည် ဆုံတွေ့ကာ ထပ်မံ ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း ၊လုံခြုံရေး စစ်သည် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ် ခဲ့သည့် အတွက် မောင်စိုးပိုင်ဇော် (၁၉နှစ်) နှင့် မောင်အောင်သူဟိန်း (၂၃နှစ်) တို့ သေနတ် ထိမှန် ဒဏ်ရာရရှိ သေဆုံး ခဲ့ကြောင်း မှားယွင်းစွာ ဖော်ပြထားသည်ကို တွေရှိရသည်။

သေဆုံး ခဲ့သည့် လူငယ် နှစ်ဦးအား စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ဆင်ဖြူကွင်း သုသာန်၌ င်္သဂြိုဟ် ခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း သေဆုံးသူ လူငယ် နှစ်ဦး၏ မိသားစုဝင်များအား သွားရောက် တောင်းပန် ခဲ့ကြောင်း နှင့် ယခု ဖြစ်စဉ် နှင့် ပတ်သက်၍ နောက်ကွယ်မှ လှုံ့ဆော်မှုများ ကိုလည်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ပါ ဖော်ပြထားသည်။

Friday, September 10, 2010

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ တရားမမျှတ


“ဒေါ်အောင်ဆန်းစုကြည်ပြောတာက ဒီဥပဒေတွေဟာ အဖွဲ့ချုပ် အန်အယ်ဒီအတွက် အများကြီး စိန်ခေါ်မှုတွေ ပါတယ်။ ဒီစိန်ခေါ်မှုတွေ ပါတာကိုပဲ သူကျေနပ်တယ်။ ဒီလိုစိန်ခေါ်မှုတွေပါမှ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်ကြရမှာပါပေါ့တဲ့”
“ဒီဥပဒေကို ဖတ်လိုက်လို့ရှိရင် တစုံတယောက်ကို ရည်ညွှန်းပြီးတော့ ရေးဆွဲတယ်၊ တစုံတယောက်ရဲ့ အကျိုးကို ဆန့်ကျင်ပြီးတော့ ရေးဆွဲတယ်လို့ ထင်မြင်စရာ ဖတ်တဲ့လူတိုင်း တွေ့ပါတယ်။ အဲဒီလို တွေ့မြင်စရာ ဖြစ်နေတာကိုက အင်မတန်ရှက်ဖို့ ကောင်းတယ်၊ ဥပဒေဆိုတာ လူတိုင်းအတွက် လူတိုင်းအတွက်ရေးရမှာ ပုဂ္ဂိုလ် တဦးတယောက်အတွက် ရေးတယ်ဆိုကတည်းကိုက မဖြစ်သင့်တာ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်ပဲလို့ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်”
(NLD ဦးဉာဏ်ဝင်း မဇ္ဈိမသို့ ပြောကြားချက်)

Wednesday, September 08, 2010

ဒီးဒုတ်ဦးဘချိုသာ ရှိသေးရင်ဖြင့်....

၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ် ပြိုင်ဖို့ ပြင်ဆင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အမတ်လောင်းများနဲ့ ပတ်သက်ပြီး စဉ်းစားမိ၊ တွေးမိတဲ့ အ ကြောင်းအရာတချို့ကို တင်ပြချင်ပါတယ်။ အခုလို တွေးဖြစ်၊ ရေးဖြစ်တဲ့ အကြောင်းကတော့ လွန်ခဲ့တဲ့လက အာဇာနည်နေ့အထူးထုတ် မဂ္ဂဇင်းတစောင်မှာ ဖတ်ဖြစ်ခဲ့တဲ့၊ ၄-၁၁-၁၉၄၆ ထုတ် ဒီးဒုတ်ဂျာနယ်မှာ အာဇာနည် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေးအဖြေ လုပ်ထားတာလေး ပဲဖြစ်ပါတယ်။ အဲဒီမှာ မေးမြန်းသူနဲ့ ဖြေကြားသူ ဆရာကြီး ဒီးဒုတ်ဦးဘချိုတို့က အခုလို ပြောကြားထားပါ တယ်။

တောသား (ပေါင်းတည်) ။ ။ ဦးလေးဒီးခင်ဗျား ... တော်လှန်ရေးတုန်းက ချောင်ကုတ်နေပြီး ရွေးကောက်ပွဲသံ ကြားမှ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမရှိရဆိုပြီး ဖဆပလကို ထောက်ခံပါတယ်ဆိုတဲ့ လက်သစ်တွေကို ဘယ်လိုခေါ်မလဲ ဗျာ။

ဒီးဒုတ် ။ ။ “အို့ .. အို့ .. အို့ .. အို့ .. လို့ ခေါ်ကြည့်စမ်းဗျာ” လို့ ဒီးဒုတ်ဦးဘချိုက ပြန်ဖြေခဲ့တယ်လို့ အဲဒီမဂ္ဂဇင်း မှာ ဖတ်ခဲ့ရပါတယ်။

အဲဒီအကြောင်းအရာကို ဖတ်မိရင်း အခု ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုသူတွေ ဟာ အထက်မှာဖော်ပြခဲ့တဲ့ ချောင်ကုတ်တာချင်းတော့ တူတယ်လို့ တွေးမိပါတယ်ခင်ဗျာ။

မြန်မာပြည်မှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးကို ရဟန်းသံဃာနဲ့ ပြည်သူလူထုက ငြိမ်းချမ်းစွာဆင်နွှဲနေ ကြတဲ့အချိန်မှာ ဒီ ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံဖို့ ကြိုးစားနေကြတဲ့ လူကြီးမင်းများဟာ ဘယ်ချောင်မှာများ ကုတ်နေခဲ့ကြပါလိမ့်လို့ တွေး နေမိပါတယ်။

ပြည်သူ့အကျိုးလို့ တွင်တွင်ပြောပြီး ဒီရွေးကောက်ပွဲကို ၀င်ကြမယ့် လူကြီးမင်းတွေဟာ အဲဒီတုန်းက ပြည်သူနဲ့ ရောပြီး သေနတ်မှန်မှာစိုးလို့လား ဒါမှမဟုတ် ဒီပွဲကတော့ ငါတို့ပွဲမဟုတ်သေးဘူး၊ ငါတို့နဲ့ အနေသာကြီးဆိုပြီး ချောင်ကုတ်နေကြသလားဆိုတာ စဉ်းစားနေမိပါတယ်ခင်ဗျာ။

အင်း .. ဖြစ်နိုင်ခြေကတော့ အများကြီးပါပဲခင်ဗျာ။ ဒီလိုဆို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းကတော့ ထား တော့ ပြည်သူတွေနဲ့အတူရောပြီး သေနတ်အမှန်မခံနိုင်လို့။ ဒါဆိုရင် တတိုင်းပြည်လုံးကို သွေးပျက်ခြောက်ခြား စေခဲ့တဲ့ ၂၀၀၈ မေလမှာ နာဂစ်မုန်တိုင်းကြီး မြန်မာပြည်အောက်ပိုင်းဒေသတွေကို ပြင်းပြင်းထန်ထန်တိုက်ခတ် သွားခဲ့တုန်းကကော အခုရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ လူကြီးမင်းတို့ ဘာတွေများ ကိုယ်ကျိုးစွန့်အနစ်နာခံလုပ် ခဲ့ကြပါသလဲ။ အဲဒီတုန်းက လက်လှမ်းမီသလောက် ဖတ်ရတဲ့ ပြည်တွင်းပြည်ပ သတင်းစာမျက်နှာတွေမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် လူကြီးမင်းတွေရဲ့ အမည်နာမတွေ မတွေ့မိပါဘူးခင်ဗျာ။

အခုအချိန်မှာ “ပြည်သူ ... ပြည်သူ” လို့ ရေရွတ်နေသူများဟာ ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေ ကို ပြည်သူလို့ မမြင်ခဲ့ဘူးထင်ပါတယ်။ အခုရွေးကောက်ပွဲဝင်မယ့် လူတွေထဲမှာ ပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေ ကို မျှဝေခံစားဖူးတဲ့သူ ဘယ်နှစ်ယောက်ပါသလဲ သိချင်မိတယ်ခင်ဗျာ။

ဒီလို ပြည်သူ့အကျိုးစီးပွားအတွက်ဆိုပြီး ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်နေတဲ့အချိန်တွေမှာတော့ ချောင်ကုတ်နေ၊ ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲသံကြားမှ ချောင်တချောင်က ထပြီး ပြည်သူလူထုကောင်းကျိုး၊ ပြည်သူလူထုရဲ့ဘ၀ဆန္ဒနဲ့ တထပ်တည်းဆိုတာမျိုးတွေ လုပ်မယ်ဆိုတဲ့ အိပ်မက်ကြီးတွေမက်ပြီး စိတ်ကူးယဉ်နေသူတွေကို ဒီးဒုတ်ဦးဘချို သာ ရှိသေးရင်ဖြင့် အို့ ... အို့ ... အို့ ... အို့ ... လို့ ခေါ်ခိုင်းမလားလို့တောင် ထင်မိပါတယ်ခင်ဗျာ။

ဒီလိုမျိုးသာ အခေါ်ခံထိုက်တဲ့ လူမျိုးတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲဆန္ဒပေးခွင့်ရှိတဲ့ လူငယ်တဦးရဲ့အမြင်ကတော့ မဲထည့်ဖို့ဝေး လို့ တီဗွီမှာ အပျင်းပြေကြည့်ဖြစ်တဲ့ ကိုရီးယားဇာတ်လမ်းတွဲလောက်တောင် စိတ်မ၀င်စားမိတာ အမှန်ပါပဲခင် ဗျာ ...။

မျိုးဆက်သစ်လူငယ်တဦး

Tuesday, September 07, 2010

ပဲခူးဈာပန စစ်တပ်မောင်ပိုင်စီး

စ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့ရသော ပဲခူးမြို့မှ လူငယ် ၂ ဦး၏ ဈာပနကို ယနေ့ ကျင်းပရာ အာဏာပိုင်များက မိသားစုဝင်များကို  သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ကြည့်ရှုခွင့်မပြု ခဲ့ကြောင်း သိရသည်။

bago-mm-sol“ညီလေးရဲ့ နောက်ဆုံး ရုပ်ကလာပ် ကိုတောင် မြင်ခွင့်မရှိပါဘူးဗျာ။ ရေခဲတိုက်က ထုတ်တော့လည်း အရပ်ဝတ် လုံခြုံရေးတွေ ဦးစီးပြီး ကြက်ခြေနီတွေက ထုတ်တယ်။ ကျနော်တို့က အပြင်က စောင့်နေရတယ်။ သုသာန် မှာလည်း အခေါင်းနားကို မိသားစု ကပ်ခွင့် မပေးဘူး။ သရဏဂုံ တင်ပြီးတာနဲ့ သူတို့ဟာ သူတို့ မီးရှို့စက်ထဲ ထည့်ပစ် လိုက်ကြတာ” ဟု သေဆုံးသူ မောင်စိုးပိုင်ဇော်၏ မိသားစုဝင် တဦးက ပြောသည်။

လွန်ခဲ့သော စနေနေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှ ထွက်လာသော ခလရ ၅၉ မှ  စစ်တပ်အရာရှိ စီးနင်းလာသည့် ဆိုင်ကယ်နှင့် အရပ်သားများ စီးနင်းလာသည့် သုံးဘီးဆိုင်ကယ် တိုက်မိရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးနောက် စစ်အရာရှိက တပ်သားများကို ပြန်ခေါ်ကာ အရပ်သားများကို ပစ်ခတ်စေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ်) က သေနတ်ဒဏ်ရာ ၆ ချက်၊ မောင်စိုးပိုင်ဇော် (၁၉ နှစ်) က သေနတ်ဒဏ်ရာ ၄ ချက် အသီးသီး ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

“ပစ်မိန့်ပေးတာက ဗိုလ်ချုပ်တဦးရဲ့ သား ဗိုလ်ကြီးသိဒ္ဓိစိုးလို့ ကြားတယ်။ ပစ်တဲ့သူက ကလေးစစ်သားအဖြစ် စုဆောင်းခံထားရတဲ့ တပ်သား အဆင့်ရှိ မောင်ထွန်းပါ။ မောင်ထွန်းကတော့ သူပစ်တယ်လို့ ၀န်ခံတယ်လို့ ကြားတယ်” ဟု ခလရ ၅၉ တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

ပဲခူးမြို့အတွင်း အရပ်သားများအား ပစ်ခတ်ခဲ့မှုနှင့် စပ်လျဉ်း၍ စစ်တပ်က ပစ်ခတ်မှုတွင် ပါဝင်သူများအား အရေးယူမှုရှိ မရှိ သတင်းမထုတ်ပြန် သော်လည်း စစ်အစိုးရ ထိန်းချုပ်သည့် ရေဒီယို အသံလွှင့်ဌာနများကမူ အရပ်သားများက သေနတ်ဝင်လုသဖြင့် ပစ်ခတ်မှုဖြစ်ပွားရသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီကိစ္စအပေါ်မှာ ပစ်မိန့်ပေးသူနဲ့ ပစ်သူတွေကို ဘယ်လိုအရေးယူနေပါတယ် ဆိုတာမျိုးတော့ မထုတ်ပြန်ဘဲ၊ ကလေးတွေက သေနတ်ဝင်လုပါတယ်လို့ FM တွေမှာ ပြောနေတယ်ဗျာ။ တကယ်တမ်းက ဇိုင်းဂနိုင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တာကို တောင်ပိုင်းအထိ လာပစ်သွားတာ။ သေနတ်လုလို့ ပစ်တယ်ဆိုရင် မြောက်ပိုင်းမှာတင် အပစ်ခံရမှာပေါ့” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သားတဦးက ပြောသည်။

ပစ်ခတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများကို ရယက အဖွဲ့ဝင်များနှင့် စစ်တပ်တို့ ပူးပေါင်းကာ ညတွင်းချင်း ဖျောက်ဖျက်ခဲ့သည်ဟု ယူဆရကြောင်း၊ ရင်ခွဲရုံတွင် ထားရှိသည်ဟု တာဝန်ရှိသူများက ပြောဆိုသော်လည်း အခေါင်းကိုသာ မြင်ခွင့်ရခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောသည်။

ပဲခူးဆေးရုံကြီးအတွင်းရှိ ရင်ခွဲရုံမှ ဆင်ဖြူကွင်း သုသာန်သို့ သွားရာလမ်းတလျှောက်တွင်လည်း လုံခြုံရေးရဲများ၊ အရပ်ဝတ် ထောက်လှမ်းရေးများက စောင့်ကြပ်နေကြောင်း လိုက်ပါပို့ဆောင်ခဲ့ သူများထံမှ သိရသည်။

“မနက်ခင်းကတည်းက ဆေးရုံကြီးရှေ့က လမ်းကို ပိတ်ထားတယ်။ လမ်းတလျှောက်မှာလည်း ရဲတွေ ချထားတယ်။ နောက်ပြီး  “ဆူပူမှုဖြစ်ရင် ပစ် ဆိုပြီး ရဲတွေကို အမိန့်ပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာဆိုတော့ တချို့ကလည်း လိုက်မပို့ရဲကြတော့ဘူး။ မြို့ခံတွေကတော့ မကျေနပ်ကြဘူးပေါ့။ ဟိုတလောကလည်း ရဲက အရပ်သားကို ထိုးကြိတ် ရိုက်နှက်တယ်၊ အခုလည်း စစ်တပ်က မြို့ထဲအထိ ၀င်ပြီး ပြည်သူကို ပစ်သတ်သွားတာကိုး။ ဒါ စစ်ရာဇ၀တ်မှုပဲပေါ့ဗျာ” ဟု နာရေးပို့ဆောင်ခဲ့သူ တဦးက ပြောသည်။

Monday, September 06, 2010

တာချီလိတ်မြို့ အာဏာပိုင်များ- မတရား လာဘ်စား၍ နိုင်ထက်စီးနင်း ပြုနေခြင်း

ယခုအချိန်တွင် တရားမ၀င် လိုင်စင်မဲ့ ကားများကို သတ်မှတ်ဒဏ်ကြေးပေးဆောင်ပြီး အခွန်ဆောင်နေချိန်တွင် တာချီလိတ် အာဏာပိုင်များဖြစ်ကြသော- ဗျူဟာမှုး ဗိုလ်မှုးကြီး ခင်မောင်စိုး၊ ခရိုင်ရဲမှုး ဒုရဲမှုးကြီး ကျော်ထွေး၊ ခယက ဥက္ကဌ ဦးကျော်စွာထွန်း၊ မယက ဥက္ကဌ ဦးတင်ထူးမောင်၊ ရဲအုပ် မြင့်ဌေး (တာချီလိတ် စခန်းမှုး)၊ကျော်စွာထွန်းမြင့် (ပြည်တွင်းအခွန် ဦးစီးဌာနမှုး)၊နှင့် ဦးအောင်သန်း (ကညန) တို့သည် ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်းမှ ကားများကို နှစ်နိုင်ငံ နယ်စပ်ချစ်ကြည်ရေးတံတားပေါ်မှပင် တစီးလျှင် ဘတ်(၃သောင်း)ရယူပြီး တရားဝင် ဖြတ်သန်းခိုင်းနေပါသည်။

ထို့အပြင် မော်တော်ယာဉ်လိုင်စင်ဆောင်ရာတွင်လည်း မသမာသောနည်းများဖြင့် ဆောင်ရွက်နေပါသည် ကျမတို့လို သာမန်ပြည်သူတယောက်အနေဖြင့် -မော်တော်ယာဉ်အခွန်ဆောင်ရန် စောင့်ဆိုင်းနေရသည်မှာ သြဂုတ်လ(၃၁)ရက်နေ့ဆိုလျှင် (၃)ပတ်မြောက်ပြီ ဖြစ်သော်လည်း-အခွန်မဆောင်ရသေးပါ။

အထက်ဖော်ပြပါပုဂ္ဂိုလ်များ၏ ကိုယ်စားလှယ်=ဘဲဥ ဆိုသူက ကျမအား.. လိုင်စင်အမြန်ဆောင်လိုပါက ဘတ်ငွေ ၂သောင်း)ပေးရန် ...လာရောက်ညှိနှိုင်းပါသည်။ကျမအနေဖြင့် အမှန်တရားကို လိုလားသူဖြစ်သောကြောင့် ယခုလို လာဘ်ပေး လာဘ်ယူမှုများကို အားမပေးဘူး...လို့ ပြောဆိုလိုက်သောအခါ -ဘဲဥ ဆိုသူမှ အညှိုးအတေးထားပြီး -ကျမ၏ အမျိုးသားဖြစ်သူအား ဖမ်းချုပ်ထောင်ချ ပစ်မည်ဟု လာရောက် ခြမ်းခြောက်ပြောဆိုနေပါသည်။

ယခုအခါ အာဏာပိုင်များ ပူးပေါင်းကာ ကျမ အမျိုးသားဖြစ်သူကို လာေ၇ာက်ဖမ်းဆီးမည့်အရေးကို ကြောက်ရွံ့ နေရပါသဖြင့်-ကျမအနေဖြင့် ထိုသူများ၏ နိုင်ထက်စီးနင်း ပြုမူဆောင်ရွက်နေမှုများကို အထက်လူကြီးများ သိရှိစေရန်-ကာကွယ်တားဆီးစေရန်-အမှန်တ၇ား လိုလားသော မီဒီယာများမှတဆင့် ဖော်ပြပေးပါရန် လေးစားစွာ တိုင်ကြားအပ်ပါသည်ရှင်။

(အမိုင်)
မကာဟိုခမ်းရပ်၊တာချီလိတ်မြို့။

ပဲခူးလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်

ဖြစ်စဉ်က ၄.၉.၂၀၁၀ရက် စနေနေ့ည၁၂နာရီလောက်မှာ၊ ပဲခူးမြို့လယ်ခေါင်ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိတဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေဆိုင်ကနေမူးပြီး ထွက်လာတဲ့ ခလရ-၅၉(ပဲခူးဘူတာလုံခြုံရေးယူထားတဲ့နယ်မြေခံတပ်)က အရာရှိနှစ်ယောက် ငှားစီးတဲ့ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ်ငါးယောက်စီးလာတဲ့ သုံးဘီးဆိုင်ကယ်(ပဲခူးအခေါ်တုတ်တုတ်)ချိတ်မိ စကားများရန် ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာတဲ့စကားပြောစက်နဲ့ သိပ်မဝေးတဲ့တပ်အထိုင်ရှိရာ ပဲခူးဘူတာကစစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ခြင်းလိုရောက်လာချိန်မှာပစ်မိန့်ပေးခဲ့လို့ စစ်သားတွေကအချက်ပေါင်းများစွာပစ်ခတ်ရာက လက်နက်မဲ့ ကျောင်းသားလူငယ်နှစ်ယောက်ဖြစ်တဲ့ မောင်စိုးပိုင်ဇော်(၁၈) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၂)နှစ် တို့ပွဲချင်းပြီးသေဆုံးခဲ့ရပါ တယ် ။
မောင်အောင်သူဟိန်းရဲ့ အဒေါ်ဖြစ်သူ ပြောပြတာကတော့…

“လမ်းထိပ်မှာ ကယ်လီဖိုးနီးယား ကာရာအိုကေဆိုင်က ဆင်းလာတဲ့ အရာရှိ ၂ ယောက်လား၊ ၃ ယောက်လားတော့ မသိဘူး၊ အဲဒီဆိုင်ကယ်နဲ့ ကျမတူလေး ဆိုင်ကယ်နဲ့၊ ကျမတူလေးက သုံးဘီးဆိုင်ကယ်နဲ့ သူတို့ သူငယ်ချင်းတွေ ၅ ယောက်၊ ၆ ယောက်လောက် ရှိမှာပေါ့၊ ပြန်အထွက်မှာ သူတို့ကလည်း ဒီကနေ အကွေ့မှာ ငြိကြတယ်။

“ငြိကြတော့ ထိုးကြ ကြိတ်ကြပြီး ကျမတူလေးတွေက ဆိုင်ကယ်ကို လမ်းထိပ်မှာတင် ပစ်ထားခဲ့ပြီး လမ်းအတိုင်း ပြေးလာတယ်။ အဲဒါကို အဲဒီအရာရှိက ပစ်မိန့်ပေးပြီး သေနတ်နဲ့ သတ်ခိုင်းလိုက်တယ်။ အဲဒါ ကျမတူလေးရော စိုးပိုင်ဇော်ဆိုတဲ့ ကလေးရော မြလမ်းထိပ် တအိမ်ကျော်လောက်မှာပဲ ပွဲချင်းပြီး သေသွားတယ်။ ည ၁၂ နာရီခွဲလောက်မှာ။”

ပစ်ခတ်မှုဖြစ်ပြီး မိသားစုဝင်တွေက သိတဲ့အချိန်မှာ အလောင်းနားကို ကပ်ခွင့်မပေးဘဲ ၀ါးလုံးတွေနဲ့ တားဆီးထားတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ မနက်လင်းတဲ့အချိန် ရင်ခွဲရုံမှာ အလောင်းကို သွားယူတဲ့အခါ စစ်တပ်က ချက်ချင်းသဂြုင်္ိလ်ဖို့ လုပ်ဆောင်ခဲ့တာကြောင့် မြို့ခံလူထုတွေက အတော်ကို မကျေမနပ် ဖြစ်ရတယ်လို့ ဆိုပါတယ်။

“ရင်ခွဲရုံကပဲ အသုဘချဖို့ ကျမတို့ကို ညှိနှိုင်းတာပေါ့နော်။ အဲဒါ ကျမက လက်မခံဘူး။ ရ၀တတွေ ဘာတွေက လာပြောတယ်၊ ဗျူဟာမှူးတို့ G-1တို့က အဲဒီကပဲ ချပေးဖို့ပေါ့၊ အဲဒီလိုမျိုးပြောတော့ ကျမက ကျမတို့ ကျန်တဲ့ကိစ္စ ဘာမှ မေတ္တာမရပ်ခံဘူး၊ ကျမတို့အမေက ရှမ်းပြည်က လာရမှာမို့လို့ ကျမတူလေး အလောင်းကို အိမ်ပြန်သယ်ချင်တယ်ပေါ့၊ ကျမတို့ အိမ်ကနေ ချချင်တယ်ပေါ့၊ ကျမတို့ အစီအစဉ်နဲ့၊ အဲဒါ ကူညီပါလို့ ပြောလိုက်တယ်၊ သက်ဆိုင်ရာက လူတွေနဲ့တွေ့တော့။

“အဲဒီအချိန်မှာ မြို့နယ်မှူးတို့၊ စခန်းမှူးတို့ကလည်း သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့အတွက် G-1 ပြောတဲ့ အမိန့်ကိုပဲ နာခံပြီး လုပ်ပေးမယ်ဆိုတော့ G-1 က နေ့ခင်း ၁၁ နာရီထိုးမှာ ဒီကလေးလေး ၂ ယောက်ရဲ့ မိဘတွေ၊ ပိုင်ဆိုင်တဲ့လူတွေကို ကလေးအလောင်း ၂ လောင်း ထုတ်ပေးလိုက် ဆိုပြီးတော့ ကျမတို့ကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ ကျမတို့ စောင့်နေတဲ့ အချိန်မှာ ၁၁ နာရီ မထိုးခင်မှာပဲ လူတွေက အုံပြီးတော့ ကားလမ်းတွေက ဟိုဘက် ဒီဘက်ပိတ်၊ ဘယ်လိုမှ သွားလို့မရတော့ဘူး။ လူတွေက ကျိတ်ကျိတ်တိုးပေါ့။

“တမြို့နယ်လုံးနီးပါး သိသွားတော့ တအားများလာတော့ သူတို့ အဲဒီအချိန်မှာ ထုတ်မပေးတော့ဘူး။ ကလေးတွေအလောင်း မပေးတော့ဘူးပေါ့။ ကျမတို့ကိုလည်း ၃ ရက် ထားလိုက်မယ်၊ အင်္ဂါနေ့ကျရင် နိုင်ငံတော် ဈာပန အနေနဲ့ လုပ်ပေးပါ့မယ်ပေါ့၊ သူတို့က အဲဒီလိုပြောတယ်။ နောက်ပြီးတော့ အရင်ဖြစ်ဖူးတဲ့ အရေးအခင်း လတွေနဲ့ ကလေးတွေနဲ့ ဖြစ်တဲ့လ တိုက်ဆိုင်လို့ပါပေါ့။”

နောက်ပိုင်းမှာတော့ မောင်အောင်သူဟိန်းရဲ့ ဖခင်က ပြည်ပမှာ အလုပ်ထွက်လုပ်နေပြီး မိခင်က ရှမ်းပြည်ရောက်နေတာကြောင့် မိခင်ကို စောင့်ဖို့ အလောင်းကို ပြန်တောင်းခဲ့ပေမဲ့ မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလို မြို့ပေါ်မှာတောင် စစ်တပ်က သေနတ်အားကိုးနဲ့ အနိုင်ကျင့်မှု လုပ်ဆောင်နေတာကြောင့် လူမသိ သူမသိ နေရာတွေမှာ ပိုဆိုးတဲ့ အခြေအနေတွေမှာ ရှိနိုင်ကြောင်း ပဲခူးက ရှေ့နေကြီး ဦးအေးမြင့်ကလည်း ပြောပါတယ်။

“အာဏာပိုင် အဖွဲ့အစည်း အသီးသီးနဲ့ လက်လှမ်းမီရာ တပ်တွေရှိတယ်၊ အုပ်ချုပ်ရေးတွေ အပြည့်အစုံရှိတဲ့ မြို့လယ်ကောင်မှာတောင် ဒီလို လူငယ်ကို သေနတ်အားကိုးနဲ့ စစ်တပ်က လာပစ်သတ်တယ်ဆိုတာ ဗြောင်ကျကျ ပစ်သတ်တာတော့ တပ်မတော်အတွက်လည်း မကောင်းဘူး၊ ပြည်သူလူထု အားကိုးစရာ ယုံကြည်မှု ကင်းမဲ့သွားတယ်။ မြို့ပေါ်မှာတောင် ဒီလောက် ပစ်သတ်ရင် တောတွေ တောင်တွေထဲမှာ နေနေရတဲ့ တိုင်းရင်းသား ကရင်တွေကို နှိပ်စက်တယ်ဆိုတာ ပြောစရာတောင် မလိုတော့ဘူးလို့ပဲ အန်ကယ်တို့ ယူဆတယ်။”

နောက်ပိုင်းမှာတော့ ကလေးရဲ့ မိခင်ဖြစ်သူက လေယာဉ်နဲ့ ပြန်ရောက်လာချိန်မှာ စစ်တပ်က တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ကလေးတွေရဲ့ သူငယ်ချင်း ၂ ဦးကိုလည်း စစ်ဆေးစရာ ရှိလို့ဆိုပြီး ထိန်းသိမ်းထားတာကြောင့် မောင်အောင်သူဟိန်းရဲ့ မိခင်ဖြစ်သူက လုံခြုံရေးကို တာဝန်ယူပေးဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားမှုမှာပါတဲ့ လူငယ် ၂ ဦးကိုလည်း ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

Friday, September 03, 2010

ဆဲလ်ဖုန်းနဲ့ချဲဒိုင်ကိုင်၊ပေါင်းတည်ဒိုင်ရဲ့ ကိုယ်တော် ရေမချိုး

လှည်းကူးမြို့က စသုံးလုံး စည်သူစိုးအကြောင်းနဲ့ဆက်စပ်ပြီး ရေးပို့ချင်တာလေးရှိလာလို့ပါ၊ ပဲခူးတိုင်း- ပြည်မြို့-ရွှေတောင်အ၀င်နားမှာ (နိုင်ငံတော်ရဲ့ဘွဲ့တံဆိပ်အသိအမှတ်ပြုဆရာတော်) ဘွဲ့လည်းမရှိဘဲ၊ သူ့ကိုယ်သူ သိမ်တောင်ဆရာတော်ဆိုတဲ့နာမည်နဲ့ နှစ်လုံး-သုံးလုံးပေးနေတဲ့ကိုယ်တော်တစ်ပါးရှိပါတယ်၊

တောရဆောက်တည်ပြီး လူတွေနဲ့ကင်းကင်းနေသလို ထင်ရပါတယ်၊ကိုယ်တော်ရဲ့လိုအပ်တာမှန်သမျှကို ပြည်က ချဲဒိုင်ချုပ်ခင်ဇော်တို့ လင်မယားက အဓိက ထောက်ပံ့ပါတယ်၊တစ်ပတ်ကို တစ်သိန်း ငွေသား ထောက်ပံ့ပါတယ်၊

အဲဒီခင်ဇော်တို့ရဲ့အထက်ဒိုင်က လှည်းကူးမှာလို့သိရပါတယ်၊(စည်သူစိုး ဟုတ်-မဟုတ်တော့မသိပါဘူး၊ဖြစ်နိုင်ချေတော့များပါတယ်၊)

ကိုယ်တော့်ကို နှစ်လုံးဂဏန်းချပေးရအောင် ဖုန်းလှုထားတဲ့သူကတော့ ပေါင်းတည်မြို့ရဲ့ဒိုင်ချုပ်ဌေးဝင်းဆိုသူဖြစ်ပါတယ်၊ကိုယ်တော်ရဲ့ဖုန်းနံပါတ်က+095376094ဖြစ်ပြီး- ဌေးဝင်းဖုန်းနံပါတ်ကတော့+095376090ဖြစ်ပါတယ်၊ ဌေးဝင်းဟာ သက်ဆိုင်ရာကို ငွေပေးထားပေမယ့် -အဖမ်းအဆီးရန်ကြောက်လို့ စာရင်းစာအုပ်နဲ့အရောင်းအ၀ယ် မလုပ်ပါဘူး။ ဖုန်းနဲ့ပဲ စာရင်းချုပ်လက်ခံပါတယ်၊

ကိုယ်တော်ဆီက တစ်ပတ်စာ ချဲဂဏန်းလိုချင်ရင် တနင်္ဂနွေလို နေ့တွေမှာ တစ်ပတ်စာ ချပေးတတ်တယ်လို့သိရပါတယ်၊ကျန်တဲ့ဖွင့်ရက်တွေမှာတော့အိမ်မက်အရ သာ ပေးပါတယ်တဲ့။ ကိုယ်တော်က အများကြည်ညိုအောင် ရေမချိုးတာ(၁၇)နှစ်ရှိပါပြီတဲ့။သာသနာပြုပုဂ္ဂိုလ်လို့ခံယူထားပြီး တောင်ပေါ်မှာရှိတဲ့စေတီအိုကြီးနှစ်ဆူကိုတော့ဒီအတိုင်းထားပါတယ်၊ ဒိုင်တွေက ထောက်ပံ့တဲ့ငွေတွေစုပြီး ကိုယ်ပိုင်ကားလေးတစ်စီးဝယ်ပြီး တောင်အောက်က တပည့်တွေအိမ်မှာအပ်ထားပါတယ်တဲ့။ ဘုန်းဘုန်းကတော့ဘာမှမကြောက်ဘူး။ ဘုန်းဘုန်းဒကာတွေက တစ်နိုင်ငံလုံးမှာရှိတယ်၊နေပြည်တော်လည်း ပိုင်တယ် ...လို့ခဏခဏပြောလေ့ရှိသတဲ့၊။

ကိုယ်တော်ရဲ့တောကျောင်းလေးထဲမှာတော့ ၄ပေ စလောင်းကြီး ဟီးနေတာပဲတဲ့၊။မီးစက်ကြီးတဘုံးဘုံးနဲ့ ...။ဓါတ်ကျရင်ကျသလိုကြည့်တယ်တဲ့ ။အနီးအနားရွာက လူတွေကိုလည်း ပဲတစ်တင်းပေး-နှစ်တင်းယူစနစ်ကျင့်သုံးတယ်တဲ့။ ပေါင်းတည်၊နတ်တလင်းကြို့ပင်ကောက်စတဲ့မြို့တွေမှာနေတဲ့ သူတွေဟာ ဘဏ်မှာငွေချေးပြီး-ကိုယ်ပိုင်စီးပွားရေးမလုပ်ဘဲ အလွယ်ရတဲ့လမ်းကိုပဲ လိုက်နေကြလို့ချေးငွေတွေပြန်မဆပ်နိုင်ဘဲ-ပြည်တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေ၊ အိမ်ရောင်းပြီးအကြွေးဆပ်ရသူတွေ၊ အိမ်ကိုချိတ်ပိတ်ခံလိုက်ရသူတွေရှိနေပါပြီ...တဲ့။
တချို့လည်း နှစ်လုံးဖိုးတွေမပေးနိုင်လို့ထွက်ပြေးကြရတယ်တဲ့။ ဘုန်းကြီးရဲ့ထိုးသားတွေကတော့ ဒိုင်လေးတွေဆီမှာ တစ်ပတ်ဇယားဆိုပြီး-လုပ်ပြီး ရှုံးရင် ငွေမပေးဘဲနေလို့ ဒိုင်လေးတွေလည်း စားစရာမရှိဘဲ..ဒိုင်ကြီးကို အိတ်စိုက်နေရတယ်..တဲ့။

မြန်မာနိုင်ငံကြီး ဆက်သွယ်ရေးစနစ် တိုးတက်လာတာ ဖုန်းနဲ့ချဲဒိုင် ကိုင်ဖို့အတွက်လား၊
ကိုယ်တော်ကယ်ရင်ရမယ်လို့ယုံကြည်လွန်တဲ့သူတွေရဲ့အပြစ်လား၊
လှူတာမို့စင်ကြယ်တယ်လို့ယူဆတဲ့ကိုယ်တော်က မှန်သလား၊
နှစ်လုံးထီထိုးပြီး မွဲချင်သလိုမွဲ -ပြည်သူတွေ နိုင်ငံရေး စိတ်မ၀င်စားရင်ပြီးရောလို့..သဘောထားနေလို့ဒီလိုအဖြစ်တွေ မပျောက်နိုင်တာလား၊
ဘုရားရဲ့တရားတော်ထဲမှာ ရေမချိုးဘဲ နေရင် ထူးတယ်လို့ ပါသလား၊

ဆင်ခြင်တုံတရားမရှိတဲ့လူတွေရဲ့အပြစ်လား၊
လားပေါင်းများစွာနဲ့ပေးစာ ပေးပို့လိုက်ပါတယ်။

ပေးပို့ သူ=(ပဲခူးသူ)