Tuesday, August 26, 2008

ဂမ္ဘာရီ ဆိုတဲ့ ဂန္ဘလား


မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီ ဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင် ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ သမိုင်းမှာ အကြမ်းကြုတ် အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။

အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြုပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေ လုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးက ပြောခဲ့ပါသေးတယ်။

အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလ မှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီတိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါ ကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာဖြစ်တယ်၊ လူသတ်သမားဖြစ် တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာတော့ ဒီလို မပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ် လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံး မှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြသက်သေတွေကို စစ်အစိုးရကငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့် မရတာတွေကိုတော့ ထည့်မပြောပါဘူး။

ကင်ဆာရိုနဲ့ အိုဂိုနီတိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကို သွားပြီး သေဒဏ်ကိစ္စလက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယားသံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယားဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့်အသတ်မဲ့ ရင်းမြစ်တွေရှိတယ်လို့ သတင်း တွေ ထွက်ခဲ့ပါတယ်။

၁၉၉၈ ခုမှာ အာဏာရှင်အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့ သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်း ဖြေကြားတာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ခေါ်ယူ သူကောင်းပြုပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။

တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန် ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်း ထဲ ပတ်သက်နေလို့ ကိုဖီအာနန်ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာ နဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိကဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန် လက်ထက် အီရတ်ကိုပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက်လမ်းကဝင် စီးပွားရေးသောင်းကျန်းခဲ့ပါ သေးတယ်။)

အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာ အာဏာသိမ်းလို့ သမ္မတ မဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမန်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထား ချပေးခဲ့တာ ဖြစ်ပါတယ်။ အာဘီယိုလာခမျာ အဘာချာသေပေမဲ့ သမ္မတမဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွားခဲ့ပါတယ်။

ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက် နိုင်ဂျီးရီးယား အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှုအခွင့်အရေး အကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ ဘီးလိုဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေး ကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံကာကွယ် လျှောက်လဲပေးခဲ့သူ ဖြစ်ပါတယ်။

ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူး လို့ နိုင်ဂျီးရီးယားပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ်ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောထားပါတယ်။

အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြမြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ သူ့ဆရာ ဘန်ကီမူးကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကို လာတယ်ဆိုပြီး သန်းရွှေနဲ့တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက် အောင်မြင်သွားအောင် လုပ်ဖို့ ခယဝယ လုပ်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့ တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေတပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်ရမှာ ဖြစ်ပါကြောင်း။

ဂါမဏိ

Monday, August 25, 2008

အန်တီကတော့ ပြတ်ပြတ်သားသား

အန်တီစုက ဂမ်ဘာရီကို ဒီတခေါက်(၂၀၀၈ ရဲ့ သြဂုတ်လ) မတွေ့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျမ သဘောကျလိုက်တာ။ ကုလအနေနဲ့ ကြားဝင်ဖြန်ဖြေချက်တွေက ၉၀ ရွေးကောက်ပွဲ အကောင်အထည်ဖော်ပေးပါ ဆုံးဖြတ်ပြီး ဖော်မပေးတော့ ဘာမှ မလုပ်။ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်အောင် ကြားဝင် ဆွေးနွေးပေးတယ် ပြောပြီး နအဖရဲ့ လမ်းစဉ်အတိုင်း လျှောက်ခိုင်း။ တကယ်ဆို နအဖ လမ်းစဉ်အတိုင်း လျှောက်မယ်ဆို ဘယ်သူမှတောင် ကြားဝင်စရာ မလိုပါဘူး။ နာမည်ကောင်းယူပြီး ဗမာပြည်က သယံဇာတတွေ အလကားပေးရတာလဲ သက်သာဦးမယ်။ ခုက တကယ့်ကို လိုအပ်နေတဲ့ ကြားဝင်ဖြေရှင်းမှုကို မလုပ်ခဲ့ကြဘူး။

ဒီ့အတွက် အန်တီ့အနေဲ့ ဒီလို ဆုံးဖြတ်ချက် ပြတ်သားပြလိုက်တာကို ကျေနပ်စွာဖြင့် ဂုဏ်ယူမိပါတယ်။

Sunday, August 17, 2008

ရွှေဝါရောင်တော်လှန်ရေးကို ဆန်းစစ်ခြင်း

ရွှေဝါရောင်တော်လှန်ရေးကြီး ဘာကြောင့် ပေါ်ပေါက်ခဲ့ရပါသလဲ
အဖြေက တော်တော်လေးပြောမှ ပြည့်စုံမှာပါ။ ဒါကြောင့် လတ်တလောအခြေအနေတွေကိုပဲ အဓိကထား သုံးသပ်ကြည့်ပါရစေ။ အရင်ဆုံး စစ်အုပ်ချုပ်ရေးစနစ်ကို သုံးသပ်ကြည့်မယ်ဆိုရင် န-အ-ဖဟာ သပ်လျှိုသွေးခွဲတဲ့စနစ်ကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြုနေတာ တွေ့ရပါတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ပြည်သူတွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလိုပဲ နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်များနဲ့ အောက်ခြေသံဃာတော်များကိုလည်း နည်းအမျိုးမျိုးနဲ့ သွေးခွဲ အုပ်ချုပ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင် ပြည်သူတွေအပေါ်မှာ သံဃာထုရဲ့ သြဇာကြီးမားတာကို သိသလို ဒီသံဃာထု နိုင်ငံရေးလောကထဲမှာ ပါဝင်လာမှာကိုလည်း ကြောက်ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့အလှမ်းဝေးတဲ့ မ-ဟ-န ဆရာတော်များကို အမျိုးမျိုး ချဉ်းကပ်စည်းရုံးပြီး အောက်ခြေ သံဃာတော်များအပေါ် ဝိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့်လည်းကောင်း နည်းမျိုးစုံသုံးပြီး ဖိနှိပ်ခြင်းဖြင့် သံဃာထုကို သွေးခွဲခဲ့ပါတယ်။ ဒါဟာ သံဃာကို သင်းခွဲခြင်းဆိုတဲ့ သံဃဘေဒကကံကို ကျူးလွန်လိုက်တာပါပဲ။ ဒေဝဒတ်လက်သစ်များလို့ ဆိုရမှာပါ။ ဒီအချက်ဟာ ရွှေဝါရောင်တော်လှန်ရေးကြီးကို သန္ဓေတည်စေခဲ့တဲ့ အချက်ပါ။
လတ်တလောကိစ္စကတော့ ၂ဝဝ၇ သြဂုတ် ၁၉ မှာ လောင်စာဆီဈေးနှုန်းတွေ မြင့်ပြီး ကားခတွေ ရုတ်တရက် ဈေးတက်ခဲ့လို့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လမ်းလျှောက်ဆန္ဒပြခဲ့တာကိုလည်း မတရား ဖိနှိပ် ဖမ်းဆီးခဲ့ပါတယ်။ နောက်တချက်က ၂ဝဝ၇ စက်တင်ဘာ ၅ ပခုက္ကူမှာ ဖြစ်ပွားခဲ့တဲ့ သံဃာ့အရေးကိစ္စမှာ သံဃာတော်တွေကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တဲ့ ကိစ္စပါ။ ရတနာသုံးပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ သံဃာတော်တွေကိုတောင် စော်ကားရဲတယ်ဆိုတော့ ကမ်းကုန်နေပါပြီ။ ဒီလို န-အ-ဖ စစ်အာဏာရှင်တွေ တိုင်းပြည်အပေါ် မတရားဖိနှိပ်ပြီး အဓမ္မတရားတွေနဲ့ ကြီးစိုး နှိပ်စက်နေတာကို သံဃာတော်အရှင်မြတ်များက ဓမ္မနဲ့ရင်ဆိုင်ဖို့ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ အသမ္မုခတာ ကံရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆိုတဲ့ သပိတ်မှောက်ကံဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂ဝဝ၇ စက်တင်ဘာ ၁၈ မှာ န-အ-ဖ စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ကြရာမှ ရွှေဝါရောင်တော်လှန်ရေးကြီး စတင်ပေါ်ပေါက်ခဲ့ရပါတယ်။
သံဃာတော်အရှင်မြတ်များ စတင်ခဲ့တဲ့ ဒီအရေးတော်ပုံကြီးဟာ သံဃာတော်များအရေးကိစ္စမျှသာ မဟုတ်တော့ဘဲ ပြည်သူအားလုံးရဲ့ အရေးကိစ္စ ဖြစ်လာခဲ့ပါတယ်။ ကျောင်းသား၊ ပြည်သူများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး အရှိန်အဟုန် မြင့်သည်ထက် မြင့်လာခဲ့ပါတယ်။ ဒါဟာ ရှစ်လေး လုံးအရေးတော်ပုံကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ၁၉ နှစ်ကျော်အကြာမှာ ပေါ်ပေါက်လာခဲ့တဲ့ အရှိန်အဟုန်အကြီးဆုံး လူထုတိုက်ပွဲ တပွဲပါပဲ။ 
ရွှေဝါရောင်တော်လှန်ရေးကြီးဘယ်လိုပြီးဆုံးသွားခဲ့ရသလဲ
အရှိန်အဟုန်ပြင်းပြင်းနဲ့ လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အကျအဆုံးများစွာနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ သံဃာထုနဲ့အတူ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ မပါဝင်ခဲ့တဲ့အပြင် လျစ်လျူရှုခြင်းပါ ခံခဲ့ရပါတယ်။ ဒါဟာ သံဃာထုအတွက် အနစ်နာဆုံးအချက်ပါ။ အကယ်၍ မ-ဟ-န ဆရာတော်များ ပါဝင်ခဲ့ကြမယ်ဆိုရင် န-အ-ဖ အနေနဲ့ ကိုင်တွယ်ရ တော်တော် ခက်သွားပါလိမ့်မယ်။ သို့ဆိုလျှင် ဒီအရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ရင်တောင် အခုလို ရက်ရက်စက်စက် နှိမ်နင်းခံရလိမ့်မယ် မဟုတ်ဘူးလို့ ထင်မိပါတယ်။
ပြည်သူအများစုဟာ ဘေးကနေ လက်ခုပ်တီးပေးရုံလောက်နဲ့ တာဝန်ကျေပြီလို့ ထင်နေကြတယ်။ ဒါဟာ အမျိုးသားရေးတာဝန်မဲ့မှု တရပ်ပဲ ဆိုတာကို မသိကြလို့လည်း ဖြစ်နိုင်ပါတယ်။
န-အ-ဖ အနေနဲ့လည်း ဘာကြောင့် ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်ရသလဲ။ ဒါဟာ အဓိကအချက်ပါ။ လှုပ်ရှားမှုကြီးဟာ တရက်ထက်တရက် အရှိန်အဟုန် ပိုပြင်းထန်လာခဲ့တယ်။ ဒါကို သူတို့ကြောက်တာပါ၊ ဘာကြောင့်လဲဆိုရင် ၂ဝဝ၈ မေလမှာ ဆန္ဒခံယူပွဲ လုပ်မယ်၊ ဒီဆန္ဒခံယူပွဲဟာ သူတို့ရဲ့ အနာဂတ်ပါ။ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေသာ အတည်ဖြစ်သွားပြီဆိုရင် စစ်တပ်က နိုင်ငံတော်အာဏာရဲ့ လေးပုံတစ်ပုံကို အလိုလို ပိုင်ဆိုင်သွားမှာပါ။ သူတို့ ရေးဆွဲထားတဲ့ဥပဒေမူကြမ်းအရ ပြည်သူ့လွှတ်တော် ဖွဲ့စည်းရာမှာ
- ကိုယ်စားလှယ်  ၄၄ဝ အနက် စစ်တပ်မှ ၁၁ဝ  (ပုဒ်မ - ၁ဝ၉၊ ပုဒ်မခွဲ - ခ တွင်ရှု)၊
- အမျိုးသားလွှတ်တော်ဖွဲ့စည်းရာမှာ ကိုယ်စားလှယ်  ၂၂၄ အနက် စစ်တပ်မှ  ၅၆ - ဦး (ပုဒ်မ - ၁၄၁၊ ပုဒ်မခွဲ - ခ တွင်ရှု)၊
- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းရာတွင်လည်း  ၁၁ - ဦးအနက် စစ်တပ်မှ  - ဦး (ပုဒ်မ - ၂ဝ၁ တွင်ရှု)၊
နိုင်ငံတော်သမ္မတ ရွေးချယ်ရာတွင်လည်း သမ္မတလောင်း ဦးအနက် စစ်တပ်မှ - ဦး (ပုဒ်မ - ၆ဝ၊ ပုဒ်မခွဲ - ခ တွင်ရှု)၊ ---- စသဖြင့် စစ်တပ်ရဲ့အခန်းကဏ္ဍကို အဓိကကျအောင် ရေးဆွဲထားပါတယ်။ ဒီလိုအခြေအနေမှာ ရွှေဝါရောင်တော်လှန်ရေးကြောင့် ဆန္ဒခံယူပွဲကို ထိခိုက်မှာ အကြောက်ကြီးကြောက်ပြီး ရက်ရက် စက်စက်ဖြိုခွဲခဲ့တာပါပဲ။ ဒီလိုနဲ့ ဦးဇင်းတို့ရဲ့ ရွှေဝါရောင်ဒီလှိုင်းတွေ ရပ်တန့်သွားခဲ့ရတာပါ။
ရွှေဝါရောင်တော်လှန်ရေးကြီးက ဘာတွေရလိုက်သလဲ
          ဒီတော်လှန်ရေးကြီးကနေ မျိုးဆက်သစ်ကျောင်းသား လူငယ်တွေ အမြောက်အများ မွေးထုတ်ပေးခဲ့သလို၊ အနည်ထိုင်လုလုဖြစ်နေတဲ့ လူထုရဲ့နိုင်ငံရေးစိတ်ဓာတ်ကို လှုပ်နှိုးပေးနိုင်ခဲ့ပါတယ်။ နောက် ၂ဝဝ၄ မှာ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးကို ကျင်းပရန်ကြိုးစားပြီး ဘာသာရေးကို ခုတုံးလုပ်တတ်တဲ့ န-အ-ဖ စစ်အာဏာရှင်ကြီးများရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အရေးကိစ္စကိုလည်း ကမ္ဘာက လျစ်လျှူရှုလို့ မရလောက်အောင်လည်း သိစေခဲ့ပါတယ်။ အဓိကကျဆုံးအချက် ကတော့ သံဃာတော် အရှင်သူမြတ်များဟာ ပြည်သူရဲ့ဆွမ်းကိုစားပြီး နေသာသလို မနေခဲ့ပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ပြည်သူတွေနဲ့အတူ တသားတည်း ရင်ဆိုင်ဖြေရှင်းတတ်တဲ့ ရင်ဆိုင်ဖြေရှင်းရဲတဲ့ ပြည်သူ့ရှေ့ဆောင်တွေ ဖြစ်ကြတယ်ဆိုတာကို ပြသလိုက်တာပါပဲ။
နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ထိုက်သင့်တဲ့အောင်မြင်မှုတော့ ရခဲ့ပါတယ်။ သာသနာ့အလံတော်ကို အမြင့်မားဆုံးလွှင့်ထူပြီး ဒီမိုကရေစီ တော်လှန်ရေးမှာ ကမ္ဗည်းမော်ကွန်း တင်နိုင်ခဲ့ပါတယ်။ ပြည်သူ၊ ပြည်သား ဒါယကာ ဒါယိကာမတွေအတွက် သံဃာတော် အရှင်မြတ်တွေဟာ ဘေးရန်တွေ ကွယ်ပျောက်အောင် အားကိုးထိုက်တဲ့ ကိုးကွယ်ရာအစစ်တွေ ဖြစ်ကြတယ် ဆိုတာကို သွေးနဲ့ သက်သေပြခဲ့ပါတယ်။ ကမ္ဘာ့အလယ်မှာလည်း မြန်မာရဟန်းတော်များဟာ သမိုင်းအစဉ်အလာ မညံ့ဘူးဆိုတာသိအောင် ရွှေဝါရောင်သမိုင်းအသစ်ကို ရေးထိုးလိုက်နိုင်ခဲ့ပါပြီ။
ဒါပေမယ့် စစ်ပွဲရှုထောင့်ကကြည့်မယ်ဆိုရင် အထိနာခဲ့တယ်လို့ဆိုရမှာပါ။ ပေးဆပ်မှုတွေ တအားများလွန်းလို့ပါ။ အနှစ် ၂ဝ နီးပါး အချိန်တွေကိုစတေးပြီး ရယူခဲ့ရတဲ့ ဒီလှုပ်ရှားမှုအတွင်းမှာ သံဃာတော်နဲ့ ကျောင်းသားပြည်သူများစွာ အသက်ပေးခဲ့ရသလို၊ ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ အချို့မှာ ယခုတိုင် ပုန်းရှောင်နေရပြီး၊ အချို့က တိုင်းတပါးသို့ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။ ပြည်တွင်းအတိုက်အခံအင်အားစုများ တော်တော်ကို အင်အား ချည့်နဲ့သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေကို ရောက်ခဲ့ရတာဟာ စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန် ဆိုတဲ့ စစ်ရဲ့ အစီအရင်တွေနဲ့ မပြည့်စုံလို့ပါ။ အကြမ်းဖက် ကိုင်တွယ်မယ်ဆိုတာ သိပြီးသားဖြစ်ပါလျက် အဲဒီအခြေအနေကို အဆုတ်အတက် မလုပ်နိုင်ခဲ့တာလည်း ပါပါတယ်။ အကြမ်းမဖက်နိုင်အောင် ပြည်ပအဖွဲ့အစည်းများနဲ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံခြားတိုင်းပြည်များ ထိရောက်တဲ့ ဖိအား မပေးနိုင်ခဲ့တာ၊ နောက်ဆက်တွဲ အဖမ်းအဆီးကိစ္စကို ရှောင်လွှဲနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ဝပ်ကျင်းကို ကြိုတင် မဖန်တီးနိုင်ခဲ့တာတွေဟာ အားနည်းချက်တွေလို့ ဆိုရမှာပါ။
ဒီကောက်ချက်ကိုချတာဟာ ဘယ်သူကိုမှ ရည်ရွယ်တာမဟုတ်ပါဘူး။ အခြေအနေတခုကို မတူတဲ့ရှုထောင့်ကရော၊ တူတဲ့ရှုထောင့်ကပါ အမှန်အတိုင်း သုံးသပ်ကြည့်တာပါ။ ဘာလို့လဲဆိုရင် ရှစ်လေးလုံးပြီးကတည်းက အင်အားကောင်းတဲ့ လူထုတိုက်ပွဲဆိုလို့ ဒီရွှေဝါရောင်လှုပ်ရှားမှုဟာ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ဦးဇင်းတို့ရဲ့ ဒီမိုကရေစီပန်းတိုင်ဟာ ဘယ်မှာလဲလို့ မေးစရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် နောက်တကြိမ်မှာ ဦးဇင်းတို့လှုပ်ရှားမှုဟာ အရင်းနည်းနိုင်သမျှနည်းပြီး အမြတ်များများ လိုချင်ပါတယ်။ ဒီအားနည်းချက်တွေကို နိုင်ရာနိုင်ရာ ဝိုင်းဝန်းဖြည့်ဆီးကြမယ်ဆိုရင် ပန်းတိုင်ဟာ လက်တကမ်းကို ရောက်လာမှာပါ။ 
ရွှေဝါရောင်တော်လှန်ရေးကြီးက ဘာတာဝန်တွေ  ပေးနေပြီလဲ
အခုဆိုရင် သံဃာတော်တွေကို ဖမ်းဆီးထောင်ချထားတယ်။ သီလရှင် ဆရာကြီး ဆရာလေးတွေကိုလည်း ဒီလိုပဲ မတရားသဖြင့် ဖမ်းဆီးထောင်ချထားတယ်။ မဂ္ဂင်ကျောင်းတိုက်နှင့် သာသနသိပ္ပံကျောင်းတို့ကို ချိတ်ပိတ်ပစ်လိုက်သလိုမျိုး ကျောင်းတိုက်တော်တော်များများကို စာဝါတက်သံ တိတ်ဆိတ်သွားအောင် ပိတ်ဆို့ထားတယ်။ ဘာသာသာသနာကို ထွန်းကားပျံ့နှံ့အောင် စည်ပင်ဖွံ့ဖြိုးအောင် သာသနာပြုနေကြတဲ့၊ မြန်မာနိုင်ငံကို သာသနာပြုနိုင်လောက်တဲ့ ပဋ္ဋိရူပမြောက်သော အရပ်ဒေသဖြစ်သွားအောင် မေတ္တာပို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်များကို ရဟန်းအတုအယောင်များအဖြစ် ပုတ်ခတ် စော်ကားခဲ့တယ်။
ဒီလို ဘာသာ သာသနာကို မပျက်ပျက်အောင် ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ မင်းဆိုးမင်းညစ်များကို မင်းကောင်းမင်းမြတ်များနဲ့ လဲလှယ် အစားထိုးပစ်နိုင်ရေးဟာ အရေးတကြီး လုပ်ဆောင်ကြရမယ့် ရွှေဝါရောင်တော်လှန်ရေးကြီးက ပေးအပ်လိုက်တဲ့တာဝန်တွေဖြစ်တယ်။ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ဖို့ဆိုရင် ဆရာ ဒကာလက်တွဲပြီး ဘယ်လို အခက်အခဲမျိုးကို မဆို ရင်ဆိုင် ကျော်ဖြတ်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပိုင်ပိုင်နိုင်နိုင် ချမှတ်နိုင်ကြဖို့ လိုပါတယ်။
ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများနဲ့ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးကို မေတ္တာရပ်ခံချင်တာ ရှိပါတယ်။ တိုင်းပြည်ရဲ့ တံခွန်လို့ခေါ်တဲ့ ရဟန်းသံဃာတော်များကို သတ်ဖြတ်ခဲ့လို့ တံခွန်မဲ့ပြီး မတင့်မတယ် ဖြစ်နေတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်ဖို့နဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေကို ဖျက်သိမ်းပစ်ပြီး အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ဖို့ ကိစ္စရပ်တွေမှာ ဒီထက်ပိုပြီး ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
                                                                            သဗ္ဗေသတ္တာ အဝေရာဟောန္တု
                                                                                       ကိုရင်သြ

Thursday, August 14, 2008

မမေ့နိုင်သော ပုံရိပ်များ - ၂

ဒီပို့စ်ကို မမေ့နိုင်သော ပုံရိပ်များ (၂) အဖြစ် ဆက်ရေးလိုက်ပါတယ်။ ဒါပြီးရင်လည်း နောက်ရေးနိုင်ဖို့ ကြိုးစားပါမယ်။ ကြိုးစားမယ် ဆိုတာက အချိန်အခါအရ ရေးဖြစ် မရေးဖြစ်ဆိုတာ ရှိလာဦးမှာဖြစ်လို့ စကား ပလ္လင်ခံထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စာစီစာကုံးလို အဖွင့်တွေ အအုပ်တွေလို သဘောမထားဘဲ သည်းခံပြီး ဖတ်ကြပါလို့ပဲ မေတ္တာရပ်ခံ လိုက်ပါတယ်ဗျာ။
-----------

ကျွန်တော်ရဲ့တပ်မတော်သားဘ၀ နောက်ဆုံးနေ့ရက်များဟာ အင်မတန်စိတ်ပင်ပန်းပြီး အလုပ်တာဝန်တွေ များပြားလှတဲ့ ကာလ တစ်ခုပဲဖြစ်ပါတယ်။ တပ်မတော် အတွင်းမှာ တပ်ရင်း တပ်ဖွဲ့ အသစ်တွေ အဆမတန်တိုးချဲ့နေတဲ့ ကာလလည်းဖြစ်လို့ လူမအား စိတ်မနားရတဲ့ ကာလတွေပါပဲ။ အုပ်ချူပ်မှုကိစ္စ၊ စစ်ဆင်ရေးကိစ္စတွေကို တပ်မမှာ ရှိတဲ့ လူအင်အားနဲ့ အလျင်မှီအောင် မနည်း လုံးပမ်းပြီး လုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်နေရတဲ့ အချိန်ပါ။ ကျွန်တော်က တပ်မမှူးရဲ့ ကိုယ်ရေး အရာရှိဆိုတော့ တပ်မမှူးနဲ့ အောက်ခြေအဖွဲ့ တွေကို ပေါင်းကူးဆက်သွယ်ပြီး ဆက်စပ်ပေးရပါတယ်။ ဒီတော့အောက်ခြေက ဘယ်လိုလိမ်တယ်၊ ညာတယ်၊ တပ်မမှူးက ဘာတွေလုပ်တယ်၊ ဘာတွေ စဉ်းစားနေတယ် ဆိုတာတွေကို အတွင်းကျကျ သိရပါတယ်။

တစ်ရက်မှာတော့ ကျွန်တော်တို့ တပ်မရဲ့နယ်မြေထဲမှာ တပ်ရင်းအသစ်တစ်ရင်း ဖွင့်ဖို့အတွက် တပ်ရင်းမှူးဦးစီး အဖွဲ့ တစ်ဖွဲ့ဟာ ယာယီ စခန်းချပြီး တပ်တည်ဆောက်ရေး လုပ်ငန်းတွေ လာလုပ်နေကြပါတယ်။ တပ်တည်ဆောက်ရေး ဆိုတာကလည်း အရင်ဦးဆုံး ဒေသထွက် သစ်ဝါးတွေနဲ့ ယာယီ အဆောက်အဦးတွေ အကုန် ဆောက်ရတာပါ။ သူတို့တပ်က ကျွန်တော်တို့တပ်မ လက်အောက်ခံ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်က ဒီလို တပ်သစ်ဖွင့်တဲ့ အတွေ့အကြုံ တော်တော်များများ ရှိခဲ့တာကြောင့် အဲဒီတပ်ရင်းမှူးကို လိုအပ်တာတွေ ကူညီပေးပါတယ်။ အဲဒီ တပ်ရင်းမှူးအသစ် ခမျာမှာ ဗထူးတိုက် ခိုက်ရေး ကျောင်းကနေ တပ်ရင်းမှူး သင်တန်းပြီးပြီးချင်း တပ်သစ်ဖွင့်ဖို့ တာဝန် ပေးခံလိုက်ရတာပါ။ သဘောက တော့ "တပ်ရင်းမှူးလုပ်ချင်လား။ ရော့...တပ်သစ်သွားဖွင့်"၊ "အခြေအနေကြည့်မယ်" ဆိုတဲ့သဘောပါ။ တပ်သစ် ဖွင့်တယ်ဆိုတာ အင်မတန် ပင်ပန်းပါတယ်။ ကကကြည်းက နေပြီးတော့ တပ်သစ်ဖွင့်ဖို့ အတွက် မြေနေရာနဲ့ ဖွဲ့စည်းပုံ တစ်ခုပဲ ချပေးလိုက်တာပါ။

အဲဒီမြေနေရာဆိုတာကလည်း တောထူထူ၊ တောင်မြင့်မြင့်၊ လူမရောက် ခွေးမပေါက်တဲ့ နေရာတွေပါဗျာ။ တပ်ရင်း တစ်ရင်းမှာ ရှိရမယ့် အိုးခွက် ပန်းကန်ကနေ လက်နက်ခဲယမ်း၊ မော်တော် ကားအထိ ကိုယ့်ဟာကိုယ် သက်ဆိုင်ရာ စစ်လက်နက် ပစ္စည်းတပ်တွေမှာ လိုက်ထုတ်ရပါတယ်။ လူအင်အား ကလည်း တပ်အသီးသီးက မကောင်းကျောင်းပို့၊ မလိုချင်တဲ့ လူတွေကို စုပြီး တပ်သစ်အတွက် ထည့်ပေးလိုက်ကြတာ ပါပဲ။ တပ်ရင်းမှူး အသစ်တွေခမျာ အမြဲတမ်း တပ်ရင်းမှူး ဖြစ်ရသေးတာ မဟုတ်ပါဘူး။ ခေတ္တ တပ်ရင်းမှူး အဆင့်ပဲ ခန့်အပ်ထားတာကြောင့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို စာရွက်ပေါ် အရောက် မခံဘဲဖြေရှင်း ကြရပါတယ်။ ဒါမှလည်း သူတို့မျှော်လင့်တဲ့ တပ်ရင်းမှူးဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။ ခေတ္တ တပ်ရင်းမှူး အဆင့်မှာတင် ယနေ့ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိမြင်သွားတဲ့ တပ်ရင်းမှူးတွေလည်း မနည်းပါပေဘူး။

ကျွန်တော်တို့တပ်မအနီးမှာ လာဖွင့်ထားတဲ့ တပ်ရင်းရဲ့မြေနေရာကို ဘယ်သူက ရွှေဥာဏ်တော် စူးရောက်ပြီး ရွေးချယ်ခဲ့လည်း မသိပါဘူး။ ဖြစ်နိုင်တာကတော့ "တိုင်း" က ဂျီဝမ်း (G1) ဖြစ်ဖို့ များပါတယ်။ ရွေးလိုက်တဲ့ မြေနေရာက သဲဆန်တဲ့ မြေဖြစ်ပြီးတော့ ယူကလစ်ပင်တွေ အုံ့ဆိုင်း နေပါတယ်။ ယူကလစ်ပင်တွေကတော့ ယာယီ အဆောက် အဦးအတွက် အသုံးဝင်လို့ ထားပါတော့။ ဒါပေမဲ့ မြေကြီးက ဘယ်လောက်တူးတူး ရေ မထွက်ပါဘူး။ အ၀ိဝီတွင်းတူးလည်း မထွက်ပါဘူး။ တပ်ရင်းမှူး အသစ်ခမျာ ချွေးပျံနေပါတယ်။ တစ်နေ့တစ်နေ့ ရေအတွက်ပဲ စဉ်းစားနေရတာပေါ့ ခင်ဗျာ။ လောလောဆယ်လိုအပ်တဲ့ ရေကို ကားနဲ့ အဝေးကြီးကနေပြီး သယ်နေရတော့ မလိုအပ်ဘဲ ငွေကုန်၊ အချိန်ကုန် ဖြစ်တာပေါ့ဗျာ။ အမှန်မှာ တပ်ရင်း မြေနေရာ ရွေးချယ်တယ် ဆိုတာက ရေနဲ့ လမ်းပန်း ဆက်သွယ်ရေးကို ဦးစားပေး-၁ ဆိုပြီး စဉ်းစားရပါတယ်။ နောက်မှ လျှပ်စစ်မီး၊ မြို့ရွာတွေနဲ့ ဆက်သွယ်ရေးပေါ့ဗျာ။ ဒီအကြောင်း တွေကို ကျွန်တော့် တပ်မမှူးကိုပြောပြတော့ တပ်မမှူးက " မင်းအသာနေစမ်းပါ။ ဘာဆက်ဖြစ်မယ် ဆိုတာ စောင့်ကြည့်နေ" လို့ ကြိတ်ပြီးဆူပါတယ်။ ဒီကြားထဲမှာ တိုင်းမှူးကိုယ်တိုင် ဆင်းလာပြီးတော့ ရေကိစ္စကို ဖြေရှင်းပေး ပါတယ်။ ဖြေရှင်းတယ် ဆိုတာက သူ့ရဲ့ ဦးစီးအရာရှိတွေကို ဆဲတာပါ။ အစကတည်းက မရွေးသင့်တဲ့ နေရာကို ရွေးချယ်ခဲ့တယ်။ အခုတော့ ဘယ်လိုလုပ်မလဲ ဆိုပြီး ဦးစီးအရာရှိတွေကို ကောင်းကောင်း ပေးတော့တာပဲ။ အစကတော့ ကျွန်တော် ကောင်းကောင်း နားမလည်သေးပါဘူး။ တိုင်းမှူးကြီး ဘာဖြစ်လို့ ဒီလောက် ဒေါသ ထွက်နေရတာလဲ ဆိုတာကို။ သိပ်မကြာပါဘူး။ ကျွန်တော် တိုင်းမှူးကြီး ဒေါသထွက်ရခြင်း အကြောင်းအရင်းကို သိလာရပါတယ်။

ဒီလိုပါ။ ကာကွယ်ရေးဦးစီးချူပ်ဟာ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲက အပြန် တိုင်းခန်း လှည့်လည်မယ်ဆိုတဲ့ အကြောင်း၊ လိုအပ်တဲ့ လုံခြုံရေးကို ကျွန်တော်တို့ တပ်မက တာဝန်ယူဖို့ ကြေးနန်း ၀င်လာပါတယ်။ တိုင်းခန်း လှည့်လည်စဉ် အခု အသစ်ဖွင့်ထားတဲ့ တပ်ရင်းရဲ့ တည်ဆောက်မှု လုပ်ငန်း တိုးတက်မှု အခြေအနေကို စစ်ဆေးဖို့ ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းမှူးက ရေကိုမထွက် ထွက်အောင် တစ်နေ့တစ်နေ့ ဆူလိုက်၊ ဆဲလိုက်နဲ့ ဖြစ်နေ တာပဲလို့ သဘောပေါက်ရ ပါတော့တယ်။ ဒီကြားထဲ ကျွန်ဝယ်ရာ အဆစ်ပါဆိုသလို ကျွန်တော်တို့ တပ်မမှာလည်း ဒီခရီးစဉ်ကြောင့် လုံခြုံရေး တာဝန်၊ ဧည့်ခံ ကျွေးမွေးရေး တာဝန်နဲ့ ရဟတ်ယာဉ်ကွင်း ဖောက်လုပ်ရေး တာဝန်တွေကို တိုင်းမှူးက ပေးလာပါတယ်။ (ဒီအကြောင်း နောက်မှ ရေးပါမယ်။) ဒီလိုနဲ့ ကာကွယ်ရေးဦးစီးချူပ် ရောက်လာ ပါတော့တယ်။ ။

တပ်ရင်းအနီးမှာရှိတဲ့ကုန်းမြင့်မြင့်မှာ မဏ္တာန်ထိုးပြီး သူ့ကို ဧည့်ခံရတာပေါ့ဗျာ။ သူထိုင်ဖို့ ခုံတစ်လုံးပဲ ချပေးရပါတယ်။ ကျန်တဲ့ လူကြီး ဆိုသူများ ကတော့ မိုးတိုးမတ်တပ်နဲ့ သစ်တစ်ပင်အောက်မှာ၊ ၀ါးတစ်ပင် အောက်မှာ အဆင်ပြေသလို နေကြပေါ့ဗျာ။ ကာကွယ်ရေး ဦးစီးချူပ်က ကုန်းပေါ်ကနေ မှန်ပြောင်းကြီးနဲ့ တပ်ရင်း တည်ဆောက်မှုကို ကြည့်လိုက်တဲ့ အခါမှာ ကြိုးစားပမ်းစား အလုပ် လုပ်နေကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ မြေကြီးပေါ်ကနေ မိုးပေါ်ကို ၁၅ ပေလောက် ပန်းထွက်နေတဲ့ ရေလုံးကြီးကို အားရပါးရ မြင်ရမှာပါ။ တိုင်းမှူးကြီး ကလည်း တပ်သစ် တည်ဆောက်ရေး အတွက် ဘယ်လို လုပ်ထားပါတယ်။ ဘာတွေ စီမံနေပါတယ် ဆိုပြီး မစားရ၀ မခန်း အနားကနေပြီး လက်ကလေး ဘေးကပ်ပြီး မျက်နှာကို ဇီးရွက်က အဖေခေါ်လောက်အောင် ငယ်ပြထား တော့တာပဲ။ ကျွန်တော်က ဒီတပ်သစ် တည်ဆောက်ရေးမှာ ကိုယ်နဲ့ မဆိုင်ပေမဲ့ တိုင်းမှူးကြီး တင်ပြနေတာတွေနဲ့ တကယ် ဖြစ်နေတာတွေကို သိတာပေါ့ဗျာ။ ကျွန်တော်က စားပွဲထိုး ခေါင်းဆောင်ဆိုတော့ အကုန် ကြားနေရတာပါ။ နောက်တော့ တပ်ချူပ်ကြီး ဆိုသူလည်း စားစရာရှိတာစား၊ သူပြောချင်တာတွေ ပြောပြီး ပြန်သွားပါတယ်။

(၆) လလုံးလုံးရေမထွက်တဲ့ မြေကြီးက နေ့ချင်းညချင်း ရေတွေ ပန်းထွက်လာတာ ဒီလူကြီး ဘုန်းကံရှိလို့တော့ မဟုတ်ပါဘူး။ အဖြစ်က ဒီလိုပါ။ တိုင်းမှူးခမျာ တပ်ချူပ်ကြီးက လာတော့မယ်၊ ရေက မထွက်သေးဘူး ဖြစ်နေလို့ မျောက်မီးခဲ ကိုင်မိသလို ဖြစ်နေရာကနေ ဘယ်သူက မြှောက်ပေးလိုက်တယ် မသိပါဘူး။ ရေတူးတဲ့ ကိစ္စကိုရပ်ပြီး တိုင်းနယ်မြေထဲက မီးသတ်ကားတွေကို ဆင့်ခေါ် ပါတော့တယ်။ နောက်ပြီး မီးသတ်ကားတွေကို တပ်ချူပ်ကြီး မမြင်နိုင်မယ့်နေရာမှာ ထားပြီး မီးသတ်ပိုက်တွေကို မြောင်းတူးပြီး မြေမြုပ်ပါတယ်။ ရေတွင်း တူးတဲ့နေရာအထိ ရောက်အောင်ပေါ့ဗျာ။ မီးသတ် ပိုက်ခေါင်းကိုတော့ မြေပေါ်မှာ ဖော်ထားလိုက်တယ်။ ပြီးတော့ တပ်ချူပ်ကြီး ရောက်ပြီဆိုတာနဲ့ မီးသတ်ကားတွေက ရေတွေ လွှတ်တော့တာပဲ။ အများအမြင်မှာတော့ တကယ် ရေထွက် ကောင်းတဲ့ မြေနေရာပဲလို့ ထင်ချင်စရာပါ။ လိမ်တဲ့သူနဲ့ အလိမ်ခံရတဲ့ သူတွေ ကွက်တိကျလို့ တော်သေးတာပေါ့။ မဟုတ်ရင်တော့ တိုင်းမှူးကြီးရဲ့ ဘ၀က မတွေးရဲ စရာပါပဲ။ အခုလည်း အဲဒီ တိုင်းမှူးကြီး ရှိပါသေးတယ်။ တစ်ခြား တိုင်းတစ်ခုမှာပါ။ ဒီလိုပါပဲ။ တပ်မတော်အတွင်းမှာ အထက်ပိုင်းနဲ့ အောက်ခြေပိုင်းတွေက တစ်ယောက်နဲ့ တစ်ယောက် လိမ်နေကြတာပါပဲ။ ဖြစ်စဉ်အမှန်ကို တင်ပြရင်လည်း လူကြီးလုပ်သူက ဥပဒေအတိုင်း အရေးယူတာမျိုး မရှိလေတော့ သူ့အဆင့်နဲ့သူ လိမ်နေကြတာချည်းပါပဲ။ အခု ထိပ်ပိုင်း ရောက်နေတဲ့ သူတွေလည်း သိသိကြီးနဲ့ အလိမ် ခံနေကြတာပါပဲ။ ငါ့လက်ထက် ရောက်ရင် ပြင်လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ဓာတ် မရှိကြတာလား၊ မသိချင်ယောင် ဆောင်နေကြတာလား မသိပါဘူး။ ဒါမှမဟုတ် အဲဒီလိုနေမှ ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းရာ ရောက်တယ်လို့ မှတ်နေကြလား မသိပါ။ ကျွန်တော်ကတော့ အဲလိုလူတွေကြောင့် ရယ်ရအခက် ငိုရအခက်ဖြစ်ကာ သက်ပြင်းကြီးကို ဖြေးဖြေးချရင်း သြော်..ဒီလိုရှိပါလားလို့ပဲ ကိုယ့်ဟာကိုယ် နှစ်သိမ့်လိုက်မိပါတယ်။ ကဲ...ဒီလောက်ပါပဲ ဗျာ။ ဖြစ်စဉ်တစ်ခုကို ရေးပြတယ်လို့ပဲ သဘောထားလိုက်ပါ။

မမေ့နိုင်သော ပုံရိပ်များ - ၁

၂၀၀၅ ခုနှစ်လောက်ကပေါ့ဗျာ။ ကျွန်တော် အဲဒီတုန်းက တပ်မမှူး တစ်ယောက်ရဲ့ ယာယီကိုယ်ရေး အရာရှိ လုပ်နေတဲ့ အချိန်ပေါ့။ ယာယီလို့ ပြောရခြင်း အကြောင်းအရင်းက ဒီလိုပါ။ အဲဒီမတိုင်ခင်က ကျွန်တော်က တပ်ရေးဗိုလ်ကြီး တာဝန် ထမ်းဆောင်နေတာဗျ။ တပ်ရေးဗိုလ်ကြီးဆိုတော့ တော်တော်ကို စိတ်ပျက်ငြီးငွေ့ဖွယ်ရာ ကိစ္စတွေကို မနက် မိုးလင်းကနေ မိုးချူပ် စိတ်ဆင်းရဲခြင်း များစွာနဲ့ လုပ်နေရတာ။ မင်္ဂလာ မရှိတဲ့ နေ့ရက်များ လို့တောင် ပြောချင်ပါတယ်။ မနက်မိုးလင်းလို့ တပ်ရင်းမှူးဆီကို သွားရင် "ငါ ... -ီး ဆိုတာနဲ့ နိဒါန်း ဖွင့်ပြီးအဆဲခံ၊ ညဘက် တစ်နေ့တာ ပြီးစီးမှုနဲ့ နောက်တစ်နေ့အတွက် တပ်ရင်းမှူးရဲ့ သြ၀ါဒနာခံရပြီး "ငါ.... -ီး "ဆိုတဲ့ အဆဲ စကားတွေနဲ့ တစ်နေ့တာ ကုန်ဆုံးရပါတယ်။ အဆဲမခံရတဲ့နေ့က လက်ချိုးရေလို့တောင် ရပါတယ်။ ဒီတပ်ရေးဗိုလ်ကြီး ဘ၀မှာ ကျွန်တော်က တော်တော်စိတ်ကုန်ပြီး တပ်မတော်ကနေ နှုတ်ထွင်ခွင့် တင်လိုက်မိတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နှုတ်ထွက်စာက အပေါ်ထိမရောက်ဘဲ တပ်မမှူးဆီမှာ သွားပြီး သောင်တင်နေတယ်။ တင်ရခြင်း အကြောင်းအရင်း က...။

တပ်မမှူးက ကျွန်တော့်ကို တော်တော်လေး ချစ်တယ်။ ချစ်ရတဲ့ အကြောင်းအရင်းက သူ့တပ်မမှာ တပ်သစ်တွေကို ကျွန်တော်က တပ်ရင်းမှူးတွေ မရှိဘဲ ပေးတဲ့တာဝန် အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လို့ပါပဲ။ တင်းမာ ခက်ထန်ပြီး စကားကြော မရှည်တဲ့ တပ်မမှူးကို ကျွန်တော်တို့ အားလုံး ဖြုံပြီး ထုံသွားလောက်အောင် ကြောက်ရပါတယ်။ သူ့မှာက သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ သူ့သားက ကျွန်တော့်ထက် ငယ်ပေမယ့် အရွယ်ချင်း သိပ်မကွာလို့ သူငယ်ချင်းတွေလို ဖြစ်နေကြတယ်။ ဒါပေမဲ့ "ငါ..တပ်မမှူးသား" ဆိုတဲ့ မာန်မာနလုံးဝ မရှိဘူး။ ပေါင်းလို့သင်းလို့ အဆင်ပြေတယ် ဆိုပါတော့ဗျာ။ ကျွန်တော်က အဲဒီတုန်းက ၂၄ နှစ်လောက်ပဲ ရှိဦးမယ်။ အသက်ငယ်သေးတော့ တစ်ခါတစ်လေ လူငယ်ဘာဝ ဘီယာဆိုင်သွားတာ၊ ကာရာအိုကေ သွားတာတို့ ရှိပါတယ်။ ဒါပေမဲ့ ယူထားရတဲ့ တာဝန်က တပ်ရေးဗိုလ်ကြီး ဆိုတော့ မကြီးချင်လည်း မောင်ကြီးဖြစ်နေတဲ့ အချိန်ပါပဲ။ မနက် ၄း၃၀ လောက်ကတည်းက လုပ်လိုက်ရတဲ့ တပ်ပိုင်းဆိုင်ရာ ဦး၊ ရေး၊ ထောက် လုပ်ငန်းတွေ ည ၁၁း၀၀ နာရီ လောက်မှ ပြီးစီးတယ်။ နောက်ပြီး တပ်ရင်းမှူးကလည်း ခပ်ဆိုးဆိုး အရာရှိဆိုတော့ ကျွန်တော်နဲ့က သိပ်ပြီး အဆင် မပြေဘူး။ ကျွန်တော်က ပြောစရာရှိရင် တဲ့ထိုး ပြောတတ်တာကို သူက မကြိုက်ဘူး။ ဒါမှားနေတယ် ဆိုရင်မှားတယ်ပဲ။ မှန်တယ်ဆိုရင် မှန်တယ်ပဲ။ တပ်ရင်း ရံပုံငွေရှာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်ရင်းမှူးရဲ့ မူမမှန်တဲ့ လုပ်ရပ်တွေကို တပ်ရေးဗိုလ်ကြီး ပီသစွာနဲ့ ငြိမ်မနေဘဲ ထောက်ပြဝေဖန်လို့ ကျွန်တော့်ကို သိပ်ပြီး အမြင်မကြည်ပါဘူး။ တပ်ရင်းမှာရှိတဲ့ ရဲဘော်၊ ဆရာတွေကတော့ ကျွန်တော့်ကို ချစ်ကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အကျိုး စီးပွားအတွက် ကျွန်တော်က အမြဲတန်း ရှေးရှုလို့ပါပဲ။ အခြားအဆင့် စစ်သည်ဆိုတာမျိုးက သူတို့အပေါ် ၁ ကျပ်ဖိုးလောက် ကောင်းပြရင် သူတို့က ၁၀၀ ဖိုးလောက် ပြန်ကောင်းပြတယ်။ ဒါဟာ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံမှုအဖြစ် ကျွန်တော် တာဝန်ကျရာ တပ်တွေတိုင်းမှာ ကြုံခဲ့ရတယ်။

တပ်ရေးဗိုလ်ကြီးတစ်ယောက်အနေနဲ့ အလုပ်ပင်ပန်းတာရယ်၊ တပ်ရင်းမှူးနဲ့ အစေးမကပ်တာရယ်၊ နောက်ထပ် အကြောင်းတွေရယ်ကြောင့် ကျွန်တော် တပ်မတော်ကို စိတ်ကုန်နေတာတွေကို တပ်မမှူးက နားလည်ပေးတယ်။ နားလည်ပေးတယ် ဆိုတာက အထက်မှာ ကျွန်တော်ရေးခဲ့တဲ့ အကြောင်းအရာတွေက အခြေခံပါပဲ။ အဲဒါနဲ့ပဲ ကျွန်တော့်ကို သူ့တပ်မကို ခေါ်ပြီး ယာယီကိုယ်ရေး အရာရှိ PSO လုပ်ခိုင်းတယ် ဆိုပါတော့ဗျာ။ ဒီကြားထဲမှာ သူအားရင် အားသလို ကျွန်တော့်ကို ဖျောင်းဖျတယ်။ တပ်မတော်အတွင်းက နမူနာယူစရာ၊ ရှောင်စရာ အချက်လေး တွေကို ပြောပြတယ်။ တပ်မမှာရှိတဲ့ အရာရှိတွေကတော့ တော်တော်ကို အံ့သြနေကြတယ်ဗျ။ တပ်မမှူးက စကားတစ်ခွန်းကို ၃ မိနစ်ပြည့်အောင် ပြောချင်တာမဟုတ်ဘူး။ နောက်ပြီး ကျွန်တော်က တပ်ရင်းမှူးရဲ့ သတင်းပို့ လံကြုတ် ဇာတ်လမ်းတွေအရ ခပ်ဆိုးဆိုး အရာရှိဖြစ်တယ်လို့ နာမည်ကြီးနေတာကြောင့် တပ်မက အရာရှိတွေ မျက်စိ လည်နေကြတယ်ပေါ့ဗျာ။ ဒီကောင် ဘာကောင်လဲပေါ့။ ဒါပေမဲ့ ပြဿနာတော့ မရှိပါဘူး။ ကျွန်တော်ကတော့ ပိုနေမြဲ ကျားနေမြဲပါပဲ။ ကြီးသူကိုရိုသေ၊ ငယ်သူကို လေးစားဆိုတဲ့ ဆုံးမစကားနဲ့အညီ နေပါတယ်။

ကျွန်တော် တပ်မမှူးနဲ့နေရတာ ပျော်တယ်ဆိုပေမယ့် ကျွန်တော့်စိတ်ခံစားချက် တွေကတော့ ပျောက်မသွားပါဘူး။ ဒါကို တပ်မမှူးက သိပါတယ်။ ကျွန်တော့်ရဲ့ အကြံတွေကို နည်းမျိုးစုံနဲ့ လိုက်ဖျက်ပါတယ်။ ဒါကြောင့် သူသွားလေရာ ခေါ်တော့တာပဲ။ အထူးသဖြင့် တပ်စစ်ထွက်တဲ့ အခါမျိုးမှာပါ။ တပ်စစ်သွားတယ် ဆိုတာက တပ်မအတွင်း မှာရှိတဲ့ တပ်ရင်းတွေ၊ ရှေ့တန်း စခန်းတွေကို ( ၆ ) လ တစ်ခါ သွားစစ်ရတာပါ။ အဲဒီမှာရှိတဲ့ တပ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေ၊ စစ်ဆင်ရေး ဆိုင်ရာ လုပ်ငန်းတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ သွားပြီး ကြီးကြပ်ရတယ် ဆိုပါတော့ဗျာ။ ခရီးသွားရတာကတော့ တောက်လျှောက်ပါပဲ။ တပ်တွေကများတော့ ဆက်တိုက်ဆိုသလို ခရီးထွက်ရ ပါတယ်။

အဲဒီမှာ တပ်တွေရဲ့ လုပ်ထုံးလုပ်နည်းမမှန်တာတွေ၊ တရားလက်လွတ်ဖြစ်ကြတာတွေ၊ ကိုယ်ကျိုး ရှာနေကြတာ တွေကို ကျွန်တော် သွားတွေ့မိတယ်။ ဒီဖြစ်စဉ်တွေဟာ တပ်တွေ အားလုံးမှာ သွားတူနေကြပါတယ်။ ဒါဟာ ဘာကြောင့်လည်း ဆိုတာ ကျွန်တော် သွားပြီးတွေ့တယ်။ တပ်တွေအနေနဲ့ ဒါကို ဘယ်လိုမှ ပြေလည်အောင် မဖြေရှင်း နိုင်ဘူး။ တပ်မမှူး အနေနဲ့လည်း မဖြေရှင်းနိုင်ပါဘူး။ ဆူဆဲမာန်မဲပြီး ထိုးကြိတ်တာလောက်နဲ့ပဲ အရေးယူခဲ့ပါတယ်။ လုပ်ထုံး လုပ်နည်းအရ အရေးယူလိုက်မယ် ဆိုရင် တပ်မှာ တပ်ရင်းမှူး လုပ်ချင်တဲ့သူ ရှိတော့မှာ မဟုတ်ဘူး။ အဲဒါ မှန်ပါသလားလို့ တပ်မမှူးကို ထမင်းစားနေတုန်း မေးလိုက်မိတော့ တပ်မမှူး ထမင်းနင်သွားလို့ ရေနဲ့မျောချတာကို စဉ်းစားမိတိုင်း ရယ်ချင်ပါတယ်။ တကယ်လည်း အဲဒီနေ့က ကျွန်တော်တို့ ရယ်ပွဲ ကျသွားကြပါတယ်။ တပ်မမှူးက ပြုံးပြုံးကြီးနဲ့ "ဟေ့ကောင်..မင်းဒီစကားတွေကို ငါနဲ့မှပြောနော်" လို့ ပြန်ပြီး ချေပရှာပါတယ်။

ယနေ့အချိန်မှာတော့ ကျွန်တော် လိုလားတောင့်တအပ်သော ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူဆိုတာက လိုအင် ဆန္ဒတွေ ပြီးပြည့်စုံတယ်လို့မှ မရှိတာဗျာ။ လိုအပ်နေတာတွေ အများကြီးရှိနေဆဲပါ။ ကျွန်တော့် တပ်မမှူးကြီးလည်း ဒီနေ့အချိန်ထိ တပ်မမှူးတာဝန်ကို ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော့်အပေါ်မှာ သားတစ်ယောက်လို၊ ညီငယ် တစ်ယောက်လို ဆိုဆုံးမပြီး ခွင့်လွှတ်နားလည်ခဲ့တဲ့ တပ်မမှူးကြီး အကြောင်းကို ဒီနေ့အထိ သတိရနေဆဲပါ။ လိုအပ်ချက်တွေကို ဖြည့်ဆည်း သင်ကြားပေးခဲ့တဲ့ ကျေးဇူးတွေကြောင့် ကျွန်တော့်မှာ ၀မ်းစာ ပြည့်ခဲ့ရပါတယ်။ ဒါတွေကတော့ ကျွန်တော့်ရဲ့ အတိတ်ကို နည်းနည်းလေး ဖွင့်ဟပြတာပါ။ ရည်ရွယ်ချက် ကတော့ ဒီနေ့ တပ်မတော်အတွင်းက ညီငယ်များနဲ့ တပ်မတော် အကြောင်းကို ဗဟုသုတ ရလိုသူများအတွက် ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာလည်း တပ်မတော်ထဲက အတွေ့အကြုံ တစ်ချို့ကို ကြုံကြိုက်တိုင်းရေးဖြစ်သွားမှာပါ။

Sunday, August 10, 2008

နိုင်ငံရေးသမားနဲ့ ရဲဘက်

undefined
နိုင်ငံရေးအကျဉ်းသား တချို့ ရဲဘက်စခန်း ရောက်သွားတယ်။ ရဲဘက်စခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ?
စိုက်ပျိုးရေး ရဲဘက်စခန်းတွေမှာ လူတွေကို နွားနေရာမှာ အစားထိုးတယ်။ ထွန်တုံး ပခုံးပေါ်တင်ပြီး လယ်ထွန်ရတယ်။ နွားသေရင် ထုချေလွှာ ရေးပြီး အစီရင်ခံရမှာစိုးရိမ်လို့ လူတွေကို ပိုပြီး ခိုင်းတယ်လို့ အကျဉ်းဦးစီးအရာရှိတွေက ဆိုတယ် တဲ့။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလ အဖမ်းခံရသူ အများအပြား ရဲဘက်ကို ရောက်သွားကြတယ်။ ဒီနေ့မှာ ရဲဘက်ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ဘယ်လောက် ရှိမယ် မသိဘူး။ ရဲဘက်ကနေ အသက်ရှင်လျက် ပြန်ထွက်လာသူတွေထဲမှာ အထင်ရှားဆုံးက လူရွှင်တော် ပါပါလေး ဖြစ်ပါတယ်။ သူ့ပြောပြချက်ကို DVB က ၇-၈-၂၀၀၈ မှာ အခုလို အသံလွှင့်ခဲ့တယ်။

“ကျောက်တုံးပိတာတို့၊ ကျောက်မှန်တာတို့၊ တကယ်လက်တွေ့ပဲဗျာ။ ကျောက်လွှာတွေအပေါ်မှာ တက်သွားတယ်၊ မိုင်း ခွဲရတာပေါ့ဗျာ။ မိုင်းခွဲတော့ မိုင်းခွဲတဲ့ဒဏ်က ကျောက်တုံးတွေ ပိလာတယ်။ ကျောက်တုံး လိမ့်ကျလို့ ဖယ်ပါဖယ်ပါလို့ ခဏခဏ အော်တာဗျာ။ ကျနော်တို့မှာ ခြေကျဉ်းနဲ့ ဒေါက်နဲ့ပေါ့ဗျာ။ လမ်းသွားတာ ဒေါက်ခတ်ထားတယ်။ မချွတ်ရဘူး။ အလုပ် လုပ်လည်း အဲဒီတိုင်းပဲ။ ကျောက်ထု ကျောက်သယ်နဲ့ မှန် သေတာတွေက များတယ်၊ ယမ်းစိမ်းတွေကိုဗျ။ ခြေထောက်ကို ခိုက်မိရင်လည်း ယောင်လာတယ်။ ယမ်းစိမ်းတွေဆိုတော့ ပြည်တွေ ရှိတယ်။ အဲဒါတွေလည်း မကုရဘူး။ ဆေးကလည်း ဟန်ပြပဲဗျ။ ဒေါက်တာကလည်း လာတယ်သာ ပြောတာ၊ မကုရဘူး။ ကျနော် ကိုယ်တိုင်လည်း လွတ်အောင် ရှောင်ခဲ့ရတာပေါ့ဗျာ။ ကျနော်တို့ရှေ့တင် သေသွားတာတော့ တပတ်ကို နှစ်လောင်း၊ တခါတလေ သုံးလောင်း၊ အဲလို သေကြတယ်ဗျ။ --

အစားအသောက်ကလည်း ဆင်းရဲတယ်။ ငါးပိစိမ်းတွေပဲ စားရတာ။ အဲဒါတွေ သုံးရက်လောက် စားလိုက်ရင် ယားယံလာတယ်။ နောက် သွေးဝမ်းတွေ ကိုက်လာတယ်။ သွေးဝမ်း ကိုက်ပြီးတော့ ဒါနဲ့ သေကြတာ များတာပါပဲ။ ကျနော်တို့ (ရောက်ခဲ့တဲ့ ကချင်ပြည် ရဲဘက်စခန်း) ကျိန်ခရန်ခ မှာတော့ အဲလို အသေကို များခဲ့တယ်ဗျ။

အလုပ်ခိုင်းလို့ မလုပ်ဘူးဆိုလို့ရှိရင် ရိုက်တာများတယ်။ ကြိမ်နဲ့ ရိုက်တယ်။ အနည်းဆုံးတော့ သုံးချက်ပဲ။ ဒီအကျဉ်းသားတွေ ကိုယ်ချင်းစာတယ်။ ကိုယ်ကိုယ်နှိုက်ကလည်း သေလုမျောပါး လုပ်ခဲ့ရတာ ဆိုတော့လေ၊ မြန်မြန် လွတ်ပါစေ၊ မြန်မြန်လွတ်ပါစေလို့ ကျနော်တို့က ဆုတောင်းနေပါတယ်”

Monday, August 04, 2008

ရှစ်လေးလုံးနေ့အကြို ရန်ကုန်မြို့လုံခြုံရေး တင်းကျပ်

အနှစ် ၂၀ ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် စစ်အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးချဲ့တပ်ဖြန့်ထားပြီး လွန်ခဲ့သည့် ၂ ပတ်ကတည်းက ရန်ကုန်နှင့် မန္တလေးမြို့များသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပြောင်းရွှေ့ထား သည်။

undefined
(ဓာတ်ပုံ - မျိုးဆက်သစ်လူငယ်များအစည်းအရုံး)
ရန်ကုန်ရှိ အန်ဂျီအို ၀န်ထမ်းတဦးက “စစ်သားနဲ့ လုံထိမ်းတွေကို နေရာအနှံ့မှာ တွေ့နေရတယ်။ ရှစ်လေးလုံးနေ့ နီးလာလို့ လှုပ်ရှားမှုတွေဖြစ်လာရင် အချိန်မီတားဆီးနိုင်အောင် ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတဦးကလည်း “နေရာအနှံ့မှာ ရဲတွေချည်းပဲ … ရန်ကုန်တမြို့လုံး ဆိုပါတော့ ဗျာ။ ပွဲတိုင်းကျော်တဲ့ တပ်မ ၁၁ နဲ့ တပ်မ ၇၇ လည်း ပါတာပေါ့ … မြို့အ၀င်တွေမှာ ပိုများတယ်” ဟု ပြောသည်။

ယခုလဆန်းကစ၍ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများက ဆိုင်းဘုတ်များ၊ နံရံများတွင် ဆေးအနီရောင်သုတ်သည့် အနီ ရောင်လှုပ်ရှားမှုကို ပြုလုပ်လျက် ရှိသည်။

ရန်ကုန်အခြေစိုက် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးသွေးက ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် တို့အတွက် ကျောင်းသားလူငယ်များ အသက်ပေးခဲ့ကြသည်ကို မျိုးဆက်သစ်လူငယ်များ နားလည် အသိအမှတ်ပြုစေရန် ရည်ရွယ်၍ အနီရောင်လှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

ဆေးအနီရောင်သုတ်သည့် လှုပ်ရှားမှုအပြင် ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းများတွင်လည်း ရှစ်လေးလုံး အထိမ်းအမှတ်စာ များနှင့် စစ်အစိုးရဆန့်ကျင်စာများကို ကျောင်းသားများက ကပ်ခြင်း၊ နံရံများတွင် ရေးသားခြင်းများ ပြုလုပ်လျက်ရှိသည်။

“ကျောင်းသားရှိရင် သမဂ္ဂ ရှိရမယ်ဆိုတဲ့စာတွေ ကျောင်းတွေထဲမှာ ပလူပျံနေတယ်ဗျ။ နံရံတွေမှာရေးတာ … အဲဒီကိစ္စ ပြဿနာ တက်နေတယ်” ဟု လှိုင်သာယာ ဒေသခံက ပြောသည်။

ဒဂုံတက္ကသိုလ်မှ ဆရာမတဦးကလည်း စီးပွားရေးတက္ကသိုလ်၊ ယဉ်ကျေးမှုတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့တွင် စစ်အစိုးရ ဆန့်ကျင်စာများကို ယနေ့ကပ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ဟိုဟေး ကင်တာနာ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သဖြင့် ရန်ကုန်တွင် လုံခြုံရေးများတိုးမြှင့်ထားသည်ဟုလည်း သိရသည်။
ကုလသမဂ္ဂရုံးခန်း အများစုဖွင့်လှစ်ထားသည့် ထရိတ်ဒါးဟိုတယ်တွင် ရဲနှင့် စစ်သားများ လုံခြုံရေးချထားသည်ကို တွေ့ရ သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။


(ဧရာဝတီသတင်းဌာန)

Friday, August 01, 2008

၈၈ မျိုးဆက်ကျောင်းသား ကျော်ကျော်ထွေး ဆေးရုံတင်ထားရ

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုကျော်ကျော်ထွေး (ခ) ကိုမာဂီသည် အင်းစိန်ထောင်တိုက်အတွင်း၌ ချော်လဲရာမှ ဆီးခုံရိုးအက်သွားသဖြင့် အင်းစိန်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရသည်ဟု မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။
“တိုက်ထဲမှာ ချော်လဲတဲ့ဒဏ်ပေါ့ … ပထမ ၇ ရက်လောက် ခံနေရပြီး ဓာတ်မှန် ရိုက်ကြည့်မှ ဆီးခုံရိုး အက်သွားတယ်လို့သိရတာ။ အခု အင်းစိန်ဆေးရုံမှာ ထားတာ ၃ ရက်ရှိပြီ။ ခဲဆွဲရမယ်လို့ ပြောတယ်”
ဟု ကိုကျော်ကျော်ထွေး၏ မိသားစုဝင်က ပြောသည်။

ကိုကျော်ကျော်ထွေး၏ ဆီခုံရိုးအက်သည့်ဒဏ်ကြောင့် ထိုင်ခြင်းနှင့် မတ်တပ် ရပ်ခြင်းတို့ကို အချိန်ကြာကြာ အလုပ်နိုင်ဟု ၎င်းက ဆက်ပြောသည်။

ကိုကျော်ကျော်ထွေးသည် အင်းစိန်ထောင်အတွင်းမှ ညီဖြစ်သူ ကိုဇော်နိုင်ထွေး နှင့် စာအဆက်အသွယ် လုပ်သည်ကို အာဏာပိုင်က သိသွားသဖြင့် တလ တိုက်ပိတ်ခံခဲ့ရသည်။ ကိုဇော်နိုင်ထွေးကိုလည်း အာဏာပိုင်တို့က အင်းစိန် ထောင် တိုက်အမှတ် (၃) တွင် ဖမ်းဆီးထားသည်။

ကိုဇော်နိုင်ထွေး၏ ဇနီးဖြစ်သူ မမိုးမိုးက “ကိုဇော်နိုင်ထွေးအမှုကို မစစ်ဆေး သေးပါဘူး။ ရုံးပဲ ထုတ်ထုတ်နေတယ်” ဟု ဧရာဝတီကိုပြောသည်။

စစ်အစိုးရက လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်းများကို အဆမတန် တိုးမြှင့်သတ်မှတ်လိုက်သဖြင့် မော်တော်ယာဉ်စီးခနှုန်းထားများလည်း နှစ်ဆတက်သွားသည့်အပေါ် ၁၈ ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်၍ လူဦးရေ တရာခန့်က လမ်းလျှောက်ပြီး ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့ကြသည်။

၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် အာဏာပိုင်က ဆူပူမှုဖြစ်အောင်လှုံ့ဆော်သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ ကိုကျော်ကျော်ထွေးလည်း အဖမ်းခံခဲ့ရသည်။

 (ဧရာဝတီသတင်းဌာန)