Thursday, April 22, 2010

တံတားလည်း ကိုယ်ထူကိုယ်ထ

ကျနော်တို့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ ပျက်စီးနေတဲ့ ဆည်ကြီးတံတားကို အနီးအနားမှာရှိတဲ့  ရွာတွေကနေ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ထူကိုယ်ထ ပြုပြင်ကြဖို့ ခရိုင်ဥက္ကဋ္ဌ ဦးကြည်ဝင်းက ညွှန်ကြားထားလို့ ရွာအာဏာပိုင်တွေက တအိမ်ထောင်ကို ကျပ် ၄ဝဝဝ ကနေ ကျပ် ၂ သောင်းအထိ ကောက်ခံနေပါတယ်။

ဆည်ကြီးတံတားဟာ ကလေးမြို့အနောက်မြောက် ၈ မိုင်လောက်မှာ တည်ရှိပြီးတော့၊ ပျဉ်းခုံကြီးနဲ့ လက်ပံချောင်း ကျေးရွာအုပ်စု ၂ စု ကြားမှာ ရှိတာပါ။ အုပ်စု ၂ စုလုံးကနေ ဒီလဆန်းကစပြီး ကောက်ခံနေတာပါ။ ပျဉ်းခုံကြီးအုပ်စုမှာ ရွာ ၇ ရွာ ရှိပါတယ်။ အိမ်ခြေပေါင်းကတော့ ၁၈ဝဝ လောက် ရှိပါတယ်။ လက်ပံချောင်းမှာကျ ၈ ရွာရှိပြီး အိမ်ခြေကတော့ ၂၇ဝဝ လောက် ရှိပါတယ်။

ပျဉ်းခုံကြီးမှာ တအိမ်ကို ကျပ် ၄ဝဝဝ ပျမ်းမျှနှုန်း ထည့်ဝင်ရပါတယ်။ လက်ပံချောင်းမှာကျ ဆင်းရဲချမ်းသာအလိုက် အနည်းဆုံး ကျပ် ၄ဝဝဝ ကနေ အများဆုံး ကျပ် ၂ သောင်းအထိ ကောက်ပါတယ်။ ဒါပေမဲ့ မုဆိုးမတွေနဲ့ ဆင်းရဲလွန်းသူတွေဆီကနေ မကောက်ခံပါဘူး။

ဆည်ကြီးတံတားကို ၁၉၇၉ ခုနှစ်ထဲမှာ ကြိုးတံတားအဖြစ် ရွာသားတွေကပဲ တည်ဆောက်လာခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်ထဲမှာတော့ သစ်သားတံတားနဲ့ အစားထိုးပြောင်းလဲခဲ့ပါတယ်။ တံတားအရှည်ကတော့ ပေ ၂ဝဝ ပါ။ အနံက ၁ဝ ပေ ရှိပြီး အမြင့်ကတော့ ၁၂ ပေလောက် ရှိပါတယ်။ ၂ဝဝ၇ ခုနှစ် သြဂုတ်လထဲမှာ ချောင်းရေကြီးလို့ တံတားအောက်ခြေကစပြီး ပြိုကျပျက်စီးသွားခဲ့တာပါ။ ပြန်မပြင်နိုင်ခဲ့ကြပါဘူး။ အခုတော့ ကောက်ရတဲ့ ငွေတွေနဲ့ နောက်လထဲမှာ ပြန်ဆောက်မယ်လို့ သိရပါတယ်။

ဒီတံတားပေါ်ကနေ လက်ပံချောင်း၊ ပျဉ်းတောဦးနဲ့ ပျဉ်းခုံကြီး ကျေးရွာအုပ်စုထဲမှာပါတဲ့ ရွာပေါင်း ၂၅ ရွာက အိမ်ခြေပေါင်း ၇၃ဝဝ ကျော်ရှိတဲ့ တောင်သူနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတွေ သွားလာနေကြတာပါ။ တံတားကြီးဟာ ကလေးမြို့ဆီကို သွားရောက်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးအဖြစ် အဓိက အားကိုးနေရတဲ့ လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတာတော့ ဖြစ်ပါတယ်။

ကလေးမြို့ဆီကို လယ်ယာထွက်သီးနှံ ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ ဆီ စတဲ့ သီးနှံတွေကို တင်သွင်းရောင်းဝယ်တဲ့ ဆည်ကြီးတံတား ပျက်စီးလို့ ဒေသခံတွေအဖို့ အခက်အခဲတွေတော့ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် မိုးတွင်းမှာ ချောင်းရေကြီးလို့ ပျက်နေတဲ့ တံတားကို ဝါးခြမ်းတွေခင်းပြီး သွားလာခဲ့ရပါတယ်။

တံတားကို ပြန်ပြင်ဖို့ လိုလားပေမယ့် ကျပ် ထောင်ချီပြီး ငွေကောက်နေတာကိုတော့ ရွာသားအများက မကျေနပ်ကြပါဘူး။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး ဆိုတဲ့ စကားက လှပေမယ့် ဝမ်းမဝ ခါးမလှတဲ့ ကျနော်တို့တွေ ငွေအတွက် ခက်ခဲရပါကြောင်း တင်ပြလိုက်ပါတယ်။


ပျဉ်းခုံကြီး ရွာသားတချို့
ကလေးမြို့နယ်
စစ်ကိုင်းတိုင်း

Monday, April 19, 2010

မျက်ရည်များနှင့် စိုရွှဲခဲ့ရသည့် ရန်ကုန်အတာသင်္ကြန်

ယင်းနေ့သည် ဧပြီလ ၁၅ ရက်၊ မဟာသင်္ကြန် အကြတ်နေ့ ဖြစ်သည် အတွက် ကန်တော်ကြီး ပတ်လမ်း (ကန်ရိပ်သာလမ်း) အတွင်းရှိ ရေကစား မဏ္ဍပ်များတွင် ရေကစား နေသူများ၊ လမ်းသွား လမ်းလာများနှင့် ဈေးသည်များ ရှုပ်ယှက်ခတ်နေသည်။


ဗုံးပေါက်ကွဲပြီး နောက်တနေ့ သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
ထိုနေရာက ရန်ကုန်မြို့၏ လူအစည်ကားဆုံး သင်္ကြန်မဏ္ဍပ် အများစုလည်းရှိသည်။ အကျနေ့နှင့် အကြတ်နေ့ မနက်ပိုင်းက သင်္ကြန်ပွဲတော်ဆင်နွှဲခဲ့ပြီး သဖြင့် ဇာတ်ရှိန်တက်နေသော လူငယ်၊ လူလတ် အရွယ်စုံတို့မှာ နေ့လယ် ၂ နာရီခွဲကျော်တွင် တဖွဲဖွဲ ရောက်လာကြသည်။

သင်္ကြန်မဏ္ဍပ်များတွင် DJ သမား ဖွင့်ပေးသော မြူးမြူးကြွကြွ သံစဉ်များဖြင့် လူငယ်အုပ်ကြီးက အပူအပင်ကင်းစွာ၊ လွတ်လပ်စွာ ကခုန်နေကြသည်။

ရန်ကုန်မြို့အနှံ့ လည်ပတ်နေသော ရေပက်ခံ ကားများပေါ်မှ လူငယ်လူရွယ်များနှင့် ဆင်ခြေဖုံး ရပ်ကွက်များမှ ရေကစား မဏ္ဍပ် များကို လာရောက်ကြည့်ရှု ရေပက်ခံကြသူများသည် မဏ္ဍပ်ကြီးများပေါ်မှ ဖွင့်လှစ်သော သံစဉ်များကြားထဲ စီးမျော ကခုန်နေရင်း နှစ်တနှစ်၏ ပင်ပန်းမှုများကို ဖြေဖျောက်နေကြသည်။

ဆူညံနေသော သီချင်းသံများကြောင့် တယောက်စကား တယောက်ကြားရန် ခက်ခဲနေသည်ကြားမှ “ရေသန့်၊ ဘီယာဗူးတွေရမယ်” ဆိုသည့် အသံများကို ခပ်သဲ့သဲ့ ကြားနေရသည်။

ထိုစဉ် အုံခဲနေသော လူအုပ်ကြီးကြားမှ ရုတ်တရက် “အုန်း” ဆိုသည့် ပေါက်ကွဲသံကြီး တသံနှင့်အတူ ကားလမ်းမပေါ်တွင် ကခုန်နေသော လူအုပ်ကြီးမှာ အသံကုန်အော်ဟစ်ကာ ဘေးဘီသို့ပြေးထွက်စဉ် စက္ကန့်ပိုင်းအတွင်း ထပ်မံပေါက်ကွဲသံ “ အုန်း” “အုန်း” ဆိုသည့် အသံကြီး နှစ်သံထွက်လာပြန်သည်။ သွေးသံရဲရဲနှင့် လူများကတ္တရာလမ်းပေါ်တွင် လဲကျသူ လဲကျ၊ ပြေးထွက်သူ များက ပြေးထွက်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“အုန်း၊ အုန်း အုန်းဆိုတဲ့ စက္ကန့်ပိုင်းခြားပြီး ဗုံး သုံးလုံးပေါက်တာ၊ ပထမ အုန်းဆိုတဲ့အသံကြားတော့ သေနတ်ပဲထောင် ပစ်တာလား ဆိုပြီး လှည့်အကြည့် နောက်ထပ်အုန်း ဆိုတဲ့အသံနဲ့အတူ လူတွေလေထဲကို လွင့်စင်ကုန်တာ တွေ့လိုက်ရတယ်။ ကျနော်လည်း ကန်တော်ကြီးထဲပြေးအ၀င် နောက်တလုံး အသံကြားလိုက်တာပဲ” ဟု ဗုံးပေါက်ကွဲသည့် မဏ္ဍပ်အနီးရှိ Face to Face ရေကစား မဏ္ဍပ်တွင် ရေကစားခဲ့သည့် အသက်၂၃ နှစ်အရွယ် အမျိုးသားတဦးက ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇၀ ရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက နောက်ပိုင်းတွင် တရားဝင် ကြေညာခဲ့သည်။

ကရ၀ိက် ဥယျာဉ်ကမ္ဘာရှေ့တည့်တည့်ရှိ X2O ရေကစားမဏ္ဍပ်တွင် လွန်ခဲ့သော ၁၀ မိနစ်ခန့်က ဆူညံနေသော သီချင်းသံများနှင့် ပျော်ပါး ကခုန်နေသော လူအုပ်ကြီးမှာ တိတ်ဆိတ်ပျောက်ကွယ်သွားခဲ့သည်။ ကတ္တရာလမ်းပေါ်ရှိ အမျိုးအစားစုံ ဖိနပ်များ၊ သွေးအိုင်ပေါ်လဲကျနေသည့် လူများအဖြစ် မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။

အချိန်ကြာကြာ လူအများ သတိလွတ်ကာ အံ့သြကြောက်လန့်ငြိမ်သက်သွားရာမှ အသိတရားပြန်လည်ဝင်ရောက်လာပြီး “ကျမ အစ်ကိုရှိလို့ သွားပါရစေ” “ကျနော့် သူငယ်ချင်း ခေါ်လို့မရတော့ဘူး။ သူ့ကိုကယ်ပေးကြပါ” စသည့် ငိုကြွေးအော်ဟစ်သံများ ပြန်လည် ထွက်ပေါ်လာသည်။

“သွေးအိုင်ထဲကနေပြီး ကိုယ့်လူကိုယ် လာဆွဲထုတ်ကြတာ။ ဆေးရုံကားတွေ မလာခင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးရုံ ပို့ဖို့ လုပ်နေတုန်း မပေါက်သေးတဲ့ဗုံး ထပ်တွေ့တယ်၊ အဲဒီဗုံးသာ ထပ်ပေါက်ရင် ကယ်ပေးနေတဲ့လူတွေ ထပ်သေကုန်မှာ” ဟု ကန်တော်ကြီး ကရ၀ိက်ဥယျာဉ်ကမ္ဘာ ဂိတ်စောင့်ဝန်ထမ်းတဦးက ပြောနေပြန်သည်။

ဗုံးပေါက်ကွဲသည့် X2O ရေကစား မဏ္ဍပ်နှင့် နီးကပ်သော ဟားဟား၊ 64.9၊ Black Culture၊ Black Jackစသည့် ရေကစားမဏ္ဍပ်များကို ညနေ ၄ နာရီတွင် ပိတ်လိုက်သည်။

“ကျနော်တို့ကို သိမ်ဖြူကွင်းထဲကနေ ဆင်းပြီးပြန်ခိုင်းလိုက်တယ်။ ကျနော် ဘယ်လိုလုပ်ပြန်နိုင်မလဲ။ ကျနော့် သူငယ်ချင်းတွေ X2Oဘက်ကိုသွားကြတယ်၊ အခုထိသူတို့ဆီ ဖုန်းခေါ်လို့ မရဘူးဖြစ်နေတယ်။ ဆက်နေရင် နံပတ်တုတ်နဲ့ ခေါင်းရိုက်ခွဲမယ်လို့ လုံထိန်းတွေက ပြောတယ်။ ခွဲလည်း ခွဲတော့ဗျာ၊ မပြန်နိုင်ဘူး” ဟု 64.9 ရေကစားမဏ္ဍပ်တွင် ရေကစားသည့် ဗဟန်းမြို့နယ်တွင် နေထိုင်သူ လူငယ်တဦးက ပြောသည်။

ဗုံးပေါက်ကွဲမှု သတင်းသည် ကန်တော်ကြီးပတ်လမ်းတွင် ရေကစားနေသူများ၏ မိသားစုများရှိရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မြို့နယ်အသီးသီးမှ မိဘများသည် ရန်ကုန်ဆေးရုံကြီးရှေ့တွင် စုပြုံရောက်ရှိနေကြသည်။

“၀င်ခွင့်ပေးပါရှင်၊ ကျမသား ပါလား သိချင်လို့ပါ” ဆိုသော အသံများနှင့် ဆူညံနေသည်။

ဗုံးပေါက်ကွဲပြီး နောက်တနေ့ သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရပ်ကွက်များတွင် အပြစ်တင်ရှုတ်ချပြောဆိုနေကြသည်။

နိုင်ငံပိုင်ရုပ်သံလိုင်းများတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းများကို ၅ မိနစ်ခြားတခါ လွှင့်ပေးမှုကြောင့် လူတိုင်း ရင်ထဲတွင် နာကျင်ခံစားကြရင်း ပြောမဆုံးဖြစ်ကာ သင်္ကြန်အကြတ်နေ့ည ကုန်ဆုံးခဲ့ရသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန် နောက်ဆုံးနေ့ဖြစ်သော အတက်နေ့သည် အကြို၊ အကျ၊ အကြတ်နေ့များထက် ရေကစားသူ ပိုမိုများသည့် ထုံးစံ ရှိသော်လည်း အတက်နေ့နံနက် ၁၀ နာရီခန့်အထိ ကန်တော်ကြီး ကန်ပတ်လမ်း ရေကစားမဏ္ဍပ် ၁၇ ခုတွင် လူများကို မတွေ့ရတော့ပေ။

“မဏ္ဍပ်ပေါ်က လူတွေလည်း ထိခိုက်တော့ သင်္ကြန်အတက်နေ့မှာ အပြင်မထွက်ရဲကြတော့ဘူး။ မဏ္ဍပ်တွေကို ရေလာပက်မယ့် သူတွေမရှိတော့ဘူးလေ။ သင်္ကြန်အတက်နေ့ မနက်ခင်းမှာ တော်တော်ကိုခြောက်ကပ်သွားတာ၊ ၁၀နာရီ ၁၁ နာရီ လောက်မှာ မဏ္ဍပ်တွေ ပြန်ဖွင့်ရမယ်လို့ သက်ဆိုင်ရာကပြောတယ်။ မဏ္ဍပ်တခုမှ လူ ၃၀၀၊ ၄၀၀ ရှိတာ နောက်ဆုံးနေ့က လူ ၅၀ တောင်မပြည့်တော့ဘူး” ဟု Black Culture ရေကစားမဏ္ဍပ် အဖွဲ့ဝင်တဦးက ဆိုသည်။

သင်္ကြန် အတက်နေ့တွင် လူငယ်လူရွယ်များ အစွမ်းကုန် ပျော်တတ်ကြသော်လည်း ယခုနှစ်တွင် လူငယ် အတော်များများ အိမ်ထဲ၌သာ အချိန်ဖြုန်းခဲ့ကြသည်။

သင်္ကြန်နောက်ဆုံးနေ့ကို လူငယ်များသည်လည်း စိုးရိမ်စိတ်ပေါင်းများစွာဖြင့် ဆင်နွှဲခဲ့ကြရသည်။

“ပုံမှန်အတိုင်း မဏ္ဍပ်တွေပြန်ဖွင့်ရတယ်။ ဒါပေမယ့် နောက်ဆုံးနေ့ကို ည ၆ နာရီအထိပဲ မဏ္ဍပ်ပေါ်မှာနေခွင့်ပေးတော့တယ်။ လုံခြုံရေးကတော့ အရမ်းတင်းကျပ်သွားတယ်။ လမ်းတွေကို ပိတ်ဆို့ပြီး လူတဦးချင်း ရှာတာမျိုးတွေ လုပ်တယ်။ လူတော့ သိပ်မလာရဲကြတော့ဘူးလေ။ ဗုံးပေါက်ပြီး လူတွေသေထားတော့ မိဘတွေကလည်း ဘယ်လွတ်တော့မလဲ” ဟု ရေပက်ခံ ထွက်လည်သူ တဦးကဆိုသည်။

ကန်တော်ကြီး ကန်ပတ်လမ်းရှိ ရေကစားမဏ္ဍပ်များ၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းပေါ်ရှိ ရေကစားမဏ္ဍပ်များသည် သင်္ကြန်အတက်နေ့တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မဏ္ဍပ်အပေါ်နှင့် အောက်ရှိလူများ ၁ မိနစ်ငြိမ်သက်၍ ဆုတောင်းပေးကြသည်။

ဝမ်းနည်းမှု၊ ကြေကွဲမှုများနှင့် တနှစ်ကူးခဲ့ရလေပြီ။

Thursday, April 15, 2010

၂၀၁၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့က ရန်ကုန်မြို့ရှိ ကန်တော်ကြီးကန်ပတ်လမ်းတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွား၊ မြန်မာတို့၏နှစ်သစ်မင်္ဂလာအား သွေးစွန်းစေသော လူမဆန်သည့် ရာဇ၀တ်မှုအဖြစ် ပြည်သူများရှုမြင်



၂၀၁၀ ပြည့်နှစ် မြန်မာနှစ်ကူး ကာလ ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန် အကြတ်နေ့) က  ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ  ရေကစားမဏ္ဍပ်တစ်ခုရှေ့၌ ဗုံး သုံးလုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ် ပွားခဲ့ရာ ရေကစားနေကြသူအချို့ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းဗုံးပေါက်ကွဲမှု ဖြစ်ရပ် သည်မြန်မာတို့၏နှစ်သစ်ကူးမင်္ဂလာအား သွေးစွန်းစေသောလူမဆန်သည့် ရာဇ၀တ်မှုအဖြစ် ပြည်သူအများက သုံးသပ်ရြှုမင်ကြပြီး  ၂၀၁၀ ပြည့်နှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်ပွဲတော်သည် လူအများအပြား ထိခိုက်သေကျေပျက်စီးခဲ့ရသည့် နှစ်တစ်နှစ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်ဟု ရန်ကုန်မြို့ခံများက မှတ်ချက်ပြုခဲ့ကြသည်။
မဟာသင်္ကြန် အကြတ်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်း (ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ် လမ်းထောင့်) ကရ၀ိက်ဝင်ပေါက်အနီးရှိ X2O ရေကစားမဏ္ဍပ်ရှေ့ တွင် ညနေ ၃ နာရီ ၅ မိနစ်ခန့်မှ စတင်၍ဗုံးသုံးလုံးဆက်တိုက်ပေါက် ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေကြရကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ထုတ်ပြန်ချက်များအရ သိရှိရပါ သည်။
ပေါက်ကွဲမှုဖြစ်ပွားရာနှင့် အနီး ဆုံးတွင် တည်ရှိနေသည့် X2O ရေ ကစားမဏ္ဍပ်သည်  ရေကစားသူ များပြားသည့်မဏ္ဍပ်ကြီးတစ်ခုလည်း ဖြစ်သည်ဟု သိရသည်။ ပေါက်ကွဲမှု ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူများမှာ X2O  ရေကစား မဏ္ဍပ်တွင် ရေကစားကြသူများ၊ ရေပက်ခံထွက်လာသူများနှင့် လုံခြုံရေး တာဝန်ယူထားသူများပါဝင်ကြောင်းလည်း သိရသည်။
''အဲဒီနေ့က မနက်ပိုင်းရေကစား နားပြီးတော့ မွန်းလွဲ ၂ နာရီခွဲ လောက်မှာ ရေပြန်ပေးတယ်။ အဲ့ဒီဖြစ်စဉ်မတိုင်မီက အဲဒီနေရာဟာ မဏ္ဍပ်တွေကိုရပ်ကြည့်နေတဲ့သူတွေ ရေပက်ခံကားပေါ်က ကြိုဆင်းလာပြီး ကားပေါ်ပြန်တက်ဖို့လာစောင့်တဲ့ လူတွေရှိတတ်တဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီမဏ္ဍပ်ပေါ်ကနေ ဦးထုပ်တို့၊ တီရှပ်တို့၊ ဆေးလိပ်ဘူးတို့ အောက်ကို ဝေပေးတဲ့အခါမှာ အဲဒီ နေရာဝန်းကျင်တွေမှာ လူတွေ များတတ်တယ်။ အဲဒီနေ့ကတော့ အစောပိုင်းမှာစီးကရက်တွေဝေခဲ့တာကို တွေ့ရတယ်။ မွန်းလွဲ ၃ နာရီ ၀န်းကျင် လောက်မှာ 'အုန်းအုန်း'ဆိုပြီး ကျယ် လောင်တဲ့အသံနှစ်ခု ဆက်တိုက်ကြား လိုက်တယ်။ ဒါကို ကျွန်တော်တို့က ဂက်စ်အိုးများ ပေါက်သလားလို့ ထင်မိတယ်။ အဲဒီအချိန်မှာမဏ္ဍပ်ရှေ့ကိုကြည့်လိုက်တော့ လူငါးယောက်၊ ခြောက်ယောက်လောက် သွေးတွေနဲ့ ပုံလျက်သား လဲကျနေတာကို တွေ့လိုက်ရတယ်။ အဲဒီထဲက လူတစ်ယောက်ကထိုင်လျက်သားလှုပ်ပြီးတော့ခေါ်နေတဲ့ အချိန်မှာတင် ဗုံးတစ်လုံးထပ်ပေါက် သွားတာပဲ။ နောက်ဆုံးပေါက်ကွဲမှုနဲ့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိမ့်မယ်လို့ထင်တယ်။ အဲဒီအချိန်က ရေပက်ခံ ထွက်တဲ့ကားတွေလာတာ နည်းနေ တဲ့အချိန်လို့ထင်တယ်။ အားလုံးဝပ်ဝပ်ဆိုတော့  ကျွန်တော်တို့လည်း ကြောက်လန့်ပြီး ၀ပ်လိုက်တယ်။ ဒီမဏ္ဍပ်ကအဆင့် သုံးဆင့် ပါတဲ့ မဏ္ဍပ်ပါ။ နောက်တော့စင်ပေါ်က ပြေးဆင်းဖို့ ပြင်ကြပြီး ကျွန်တော် ထကြည့်တော့ စောစောက တစ် ယောက်ကိုလှုပ်ခေါ်နေတဲ့ လူလည်း လဲကျသွားပြီ။ ဖြစ်ဖြစ်ချင်းမှာ မဏ္ဍပ် အောက်ကလူတွေ သွေးသံရဲရဲနဲ့ပြေး တက်လာကြတာတွေ့တယ်။  ပထမနဲ့ ဒုတိယအလုံးတွေ ပေါက်တုန်းက လူတွေ မဏ္ဍပ်နားမှာများခဲ့ပေမယ့် နောက်ဆုံးအလုံးပေါက်တော့ လဲနေတဲ့လူတွေကလွဲလို့ မရှိတော့ဘူး'' ဟု X2O မဏ္ဍပ်တွင် နေ့စဉ်ရေကစားသူ လူငယ်တစ်ဦးကသူ့ကိုယ်တွေ့ဖြစ်ရပ် ကို ဖွင့်ဟခဲ့သည်။

''ကျွန်တော်က အခုဗုံးပေါက် ကွဲမှုနဲ့အနီးဆုံးဖြစ်တဲ့ X2O မဏ္ဍပ် မှာထိုင်တာပါ။ ဒီနေ့ ၃ နာရီလောက် မှာ ကျွန်တော်တို့ မဏ္ဍပ်ကဖွင့်နေတဲ့ ဂီတသံထက်ကျယ်တဲ့ ပေါက်ကွဲသံ တစ်ခုကို ပထမဆုံးကြားရတယ်။ တုန်တောင်သွားတယ်။ ကျွန်တော် တို့က မဏ္ဍပ်အောက်မှာ မီးစက်တွေ ရှိတော့ မီးစက်ထပေါက်တာလို့ထင် နေတုန်းပဲ နောက်ထပ်ပေါက်ကွဲသံ နှစ်ခု ဆက်တိုက်ကြားရတယ်။ ဗုံး ပေါက်တာလို့ လူတွေပြောပြီး ပြေး ကြလွှားကြတယ်။ ပေါက်ကွဲသံ ကြားလိုက်တဲ့အချိန်မှာမဏ္ဍပ်ရှေ့တန်း ပေါ်မှာထိုင်ပြီး ရေပက်နေတဲ့ ကောင် မလေးတစ်ယောက် မဏ္ဍပ်ဘက်ကို ပြန်ပြုတ်ကျတာတွေ့တယ်။ လူတွေ ကလည်း ကြောက်လန့်တကြားနဲ့ဆို တော့ နင်းမိတာပေါ့။ ကျွန်တော့် သူငယ်ချင်းကချက်ချင်းပြေးပြီး လူ တွေအောက်က ဆွဲထုတ်ကယ်လိုက် ရသေးတယ်။ ကျွန်တော် ပေါက်ကွဲ သံကြားလိုက်တဲ့အချိန် ၀ပ်ရမယ် ထင်ပြီး နေရာရှာနေတုန်း မဏ္ဍပ် အောက်ကိုကြည့်လိုက်တော့ ခြေ ထောက် ဒဏ်ရာရနေသူတစ်ဦးကို တွေ့လိုက်ရတယ်။ နောက်မဏ္ဍပ် အောက်မှာဆေးလိပ်ကွမ်းယာရောင်း တဲ့ လူတစ်ယောက်ဆိုရင် ဗိုက်ကို ဒဏ်ရာရသွားလို့ ဗိုက်ကိုနှိပ်နေတာ ကိုလည်းတွေ့ရတယ်။ ကျွန်တော် တို့လည်းကြုံရာနေရာကနေ ဆင်း ပြီးပြေးတာပေါ့။ ကျွန်တော့်သူငယ် ချင်း တစ်ယောက်ကတော့ ခါးမှာ ဒဏ်ရာရသွားလို့ အခုအရေးပေါ်ကို လိုက်လာတာပါ''ဟု X2O မဏ္ဍပ် တွင် နေ့စဉ်ရေကစားသူတစ်ဦးက လည်းသူ၏ကိုယ်တွေ့ဖြစ်ရပ်အပေါ် ရှင်းပြခဲ့ပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူများ၌ မဏ္ဍပ်အနီးဝန်း ကျင်တွင် ဈေးရောင်းချနေသူများ၊ လမ်းလျောက်ရေပက်ခံနေသူများနှင့် ရေကစားနေသူအချို့ပါဝင်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီးနောက် ပိုင်းတွင် ကန်တော်ကြီးကန်ပတ် လမ်း(ကန်ရိပ်သာလမ်း)အား ခေတ္တ ပိတ်ထားကြောင်း သိရှိရသည်။
''ကျွန်တော် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက် တော့ 'အမေမပါရင် မလိုက်ဘူး၊ မလိုက်ဘူး'လို့အော်ငိုတဲ့ ဆယ်ကျော် သက်အရွယ်အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ရတယ်။ မိဘတွေ၊ မိသားစုဝင် တော်တော်များများလည်း စိုးရိမ် တကြီးနဲ့ လာစောင့်နေကြတာကို တွေ့ရတယ်။ အရေးပေါ်ဌာန၀င် ပေါက်မှာဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေရဲ့နာမည်တွေကိုပြောပြီး မိသားစုဝင်နဲ့ သက်ဆိုင်သူတွေကို ပေးဝင်တာလည်းတွေ့ရတယ်''ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနရှေ့ရှိ မျက်မြင်ကိုယ်တွေ့တစ်ဦး က ပြောကြားခဲ့သည်။
''ကျွန်တော့်သားက ကန်တော် ကြီးပတ်လမ်းထဲမှာရှိတဲ့မဏ္ဍပ်တစ်ခု မှာ ရေသွားကစားတာ အခုထိ အဆက်အသွယ်ပြတ်နေတယ်။ သူ့ ဖုန်းကိုဆက်တာလည်းလုံးဝဆက်လို့ မရဘူး။ ဒါကြောင့် စိုးရိမ်လို့ အခု ဒီအရေးပေါ်ဌာနမှာ လာစောင့်ကြည့် နေရတာပါ''ဟု ဗုံးပေါက်ကွဲမှုဖြစ် ပွားသည့်နေ့ ညနေ ၅ နာရီခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနရှေ့တွင်စောင့်နေသူဖခင်တစ်ဦး က ပြောပါသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ကန်တော်ကြီးကန် ပတ်လမ်းရှိ ရေကစားမဏ္ဍပ်ကို လုံ ခြုံရေး လိုအပ်ချက်အရ ခေတ္တပိတ် ထားခဲ့ပြီး ရန်ကုန်မြို့တော်ရှိ မြို့ တော်ဝန်မဏ္ဍပ်အပါအ၀င် ခရိုင်၊ မြို့ နယ်မဏ္ဍပ်အချို့ကိုလည်း ယင်းနေ့က အချိန်စော၍ ပိတ်သိမ်းခဲ့သော်လည်း မဟာသင်္ကြန်အတက်နေ့တွင်မူ မွန်းလွဲ ပိုင်းမှစတင်၍ မဏ္ဍပ်အများစုရေပြန် လည်ကစားခဲ့ကြကြောင်းသိရသည်။
ယင်းကဲ့သို့ မြန်မာနှစ်သစ်ကူး ကာလ မဟာသင်္ကြန်အကြတ်နေ့ တွင် ပျော်ရွှင်စွာရေကစားနေကြသူ  အများအပြား သေကျေပျက်စီးစေခဲ့ သည့် ဗုံးပေါက်ကွဲမှု ဖြစ်ရပ်သည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့က ရန်ကုန်မြို့တွင်း လူစည် ကားရာနေရာ သုံးနေရာတွင် မိနစ် အနည်းငယ်သာခြား၍ ချိန်ကိုက်  ဗုံးများပေါက်ကွဲခဲ့ပြီးလူအများအပြားသေကျေထိခိုက်ဒဏ်ရာရစေခဲ့သည့် ဖြစ်စဉ်ကြီးကို  ပြန်လည်အမှတ်ရ စေခဲ့ကြောင်း ရန်ကုန်မြို့ခံများက  ပြောကြားခဲ့ကြသည်။
၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် သေ ဆုံးသူအရေအတွက်မှာ ယခု ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ဖြစ်ပွားခဲ့သည့်  ဖြစ်စဉ်ထက် များပြားသော်လည်း  ထိခိုက်ဒဏ်ရာရသူအရေအတွက်မှာ ယခုနှစ် ဧပြီလတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်က ပိုမိုများပြားခဲ့ကြောင်း  မှတ်တမ်းများအရ သိရသည်။
ရန်ကုန်မြို့တွင် ၂၀၀၅ ခုနှစ် မေလ ၇ ရက်(စနေနေ့)တွင် ဖြစ်ပွား ခဲ့သည့်ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာလည်း  အများပြည်သူအားလပ်ရက်၌ လူ စည်ကားရာနေရာများဖြစ်သည့် မင်္ဂ လာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာန၌ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ မရမ်း ကုန်းမြို့နယ်ရှိ Junction 8 စင်တာ တွင် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် လည်းကောင်း၊ စမ်းချောင်းမြို့နယ်ရှိ ဒဂုံစင်တာတွင် ညနေ ၃ နာရီတွင် လည်းကောင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၉ ဦး သေဆုံး ခဲ့ရကာ ၁၆၂ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများကထုတ်ပြန်ခဲ့သည်။ 
''၂၀၀၅ မေလ ဖြစ်စဉ်နဲ့ အခု ဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆို ရင် အများပြည်သူ အလုပ်ပိတ်ရက် တွေမှာ လူစည်ကားတွေ နေရာတွေ ကို ရွေးချယ်ပြီး ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သွားတာကိုတွေ့ရပါလိမ့် မယ်။ ဒါဟာ လုံခြုံရေးသတိအမြဲ မပြတ်ရှိနေဖို့ သတိပေးနေတာပါပဲ။  အကြမ်းဖက်သမားတွေဟာလူမဆန် တဲ့လုပ်ရပ်တွေကို ဆောင်ရွက်နေမြဲ ဖြစ်တဲ့အတွက် နှစ်သစ်ကူးပွဲတော် မို့လို့ လူအများသေကျေပျက်စီးမှာ စိုးလို့ဆိုပြီး ရှောင်နေတတ်တဲ့ သဘောမရှိပါဘူး။ လူမျိုးစုံ၊ အရွယ်စုံ  ပျော်ရွှင်နေကြတဲ့ပွဲတော်မျိုး အချိန် မျိုးကို အလစ်အငိုက် ဆောင်ရွက် သွားတာမျိုးပဲ ဖြစ်ပါတယ်။ နေရာ တိုင်း၊ အချိန်တိုင်းမှာ ထူးခြားဖြစ်စဉ် တွေ တွေ့လာရင် လုံခြုံရေးအမြင်နဲ့ ပြည်သူတွေကိုယ်တိုင် မြင်နိုင်သိနိုင် လာအောင် ပြည်သူကလုံခြုံမှုနဲ့ပတ် သက်လာရင် ရဲကိုပံ့ပိုးလာနိုင်အောင် ပြည်သူကိုယ်တိုင်ပါဝင်တဲ့ရဲလုပ်ငန်း စနစ် Public Policing ကို အောင် မြင်အောင်ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါပြီ'' ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ဆိုပါသည်။
ယခုနှစ်တွင် အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတစ်လျောက် ရေကစားခွင့် တားမြစ်ခဲ့ပြီး ကန် တော်ကြီးကန်ပတ်လမ်းတစ်လျောက် ရေကစားမဏ္ဍပ်များ စီစဉ်ပေးခြင်း ကို ပထမဆုံးစတင်ခဲ့ခြင်းဖြစ်ပြီး အစည်ကားဆုံးလည်းဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ခံ ရေကစားကြသူလူငယ် များက ဆိုပါသည်။ 
ယခုနှစ် ရန်ကုန်မြို့တော်မဟာ သင်္ကြန်ပွဲတော်တွင် ရန်ကုန်တစ်မြို့ လုံး၌ မဏ္ဍပ်ကြီး ၄၆ ခု ခွင့်ပြုခဲ့ရာ ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်ကြီး ၁၆ ခုရှိခဲ့ပြီး မဏ္ဍပ်ကြီး များ၏ အရွယ်အစားမှာ အကျယ် ပေ ၆၀ နှင့် ပေ ၁၀၀ ကြားဖြစ်သည် ဟု သိရသည်။



၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို နိုင်ငံပိုင်သတင်းစာနှင့် Weekly Eleven News ဂျာနယ်တို့တွင် ဖော်ပြခဲ့စဉ်
၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို နိုင်ငံပိုင်သတင်းစာနှင့် Weekly Eleven News ဂျာနယ်တို့တွင် ဖော်ပြခဲ့စဉ်

Friday, April 02, 2010

အဖွဲ့ချုပ်နှင့် အပစ်ရပ်တို့ ဆက်ဆံရေး အပြုဘက် ဦးတည်တော့မည်လော

Print မြန်မာပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြု၍ ကျင်းပမည့် နအဖ၏ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မ ဟုတ်ဟု မတ်လ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ဆုံးဖြတ်ချက်အပေါ် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားမှာ အပေါ်ယံအားဖြင့် ရှင်းလင်းခြင်းမရှိဟု ထင်စရာဖြစ်သည်။

အထူးသဖြင့် နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို အာခံနေသည့်  ကချင်ပြည်လွတ်လပ်ရေးတပ်မတော်၊သျှမ်းပြည် တပ်မတော် ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၊ မွန်ပြည်သစ်ပါတီစသည့် လက်နက်ကိုင်အဖွဲ့များက အဖွဲ့ချုပ်ပါတီ၏ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ယနေ့တိုင် ရေငုံနှုတ်ဆိတ် နေသောကြောင့် ဖြစ်သည်။

သို့သော် နအဖ၏ ရွေးကောက်ပွဲ လိုလားသူ အချို့မှ လွဲ၍ ပြည်တွင်း ပြည်ပရှိ အတိုက်အခံအင်အားစု အသီးသီး ကမူ အဖွဲ့ချုပ်၏ဆုံးဖြတ်ချက်ကို တစ်ခဲနက် ထောက်ခံကြောင်း ထုတ်ဖေါ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံရေးရည်မှန်းချက်ခြင်း တူသည့် တိုင် အောင် အဖွဲ့ချုပ်ကို ထောက်ခံကြောင်း အပစ်ရပ်များ က တရားဝင် မပြောခြင်းမှာ နအဖစစ်တပ်၏ စိတ်ကွက်မှုကိုစိုးရိမ် သောကြောင့် ဟု ယူဆစရာရှိသည်။

ထိုသို့ ဘုံရည်မှန်းချက်ခြင်း တူညီသည့် နှစ် ၂ဝ ကျော်ကြာ အပစ်အခတ်ရပ်ဆဲထားသည့် လက်နက်ကိုင်အဖွဲ့ များနှင့် ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ဟန်ချက်မညီခြင်းက အစဉ် အလာ တစ်ရပ်ကဲ့သို့ ဖြစ်ခဲ့သည်။

ယခင်ကာလများက နအဖနှင့် အပစ်ရပ်အဖွဲ့တို့ကြား ထူးခြားသည့် နိုင်ငံရေး ပဋိပက္ခ ဖြစ်ပွားခြင်းမရှိပဲ အပစ်ရပ် များက နအဖနှင့် ဆက်ဆံရေး အဆင်ပြေရန် အထူးအလေးထားခြင်းသည် ၄င်းအဖွဲ့များ သူစိမ်းပြင်ပြင် ဖြစ်ရ သည့်အကြောင်း တစ်ခု ဖြစ်သည်။

နအဖ၏နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်သော လမ်းပြမြေပုံ ရ ချက် အကောင်အထည် ဖေါ်ရာ၌ အပစ်ရပ်များ ကိုယ်တိုင်ပါဝင်နေ သည် ၎င်းအဖွဲ့များကြား စည်းခြားထားသကဲ့သို့ ရှိသည်။

သို့သော် မျက်မှောက် နိုင်ငံရေး ဒီရေမြှင့်တက်လာနေချိန်တွင် အပစ်ရပ်အဖွဲ့များ၏ နအဖအပေါ် သဘောထားမှာအကြီး အကျယ် ပြောင်းလဲခဲ့ပြီဟု ဆိုရမည်။

ထိုအခြေအနေသည် မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှု ဖြစ်စဉ် နှစ် ၂၀ ကျော် ကာလအတွင်း အပစ်ရပ်များ ထူးခြား သည့် အချိုးအကွေ့ တစ်ခုဖြစ်လာချိန်တွင် ၎င်းအပစ်ရပ်များနှင့်  ပတ်သက်၍ အဖွဲ့ချုပ်ပါတီက ဆွဲဆောင်စည်းရုံးမှုအားနည်း နေကြောင်း လေ့လာသူတချို့က ထောက်ပြ ပြောဆိုမှုများ ရှိလာသည်။

တနည်းအားဖြင့် အပစ်ရပ်များကိုယ်တိုင်က ဒီမိုကရေစီအင်အားစုများ နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ အားမလို အားမရ ဖြစ်လျှက်ရှိသည်ဟု နိုင်ငံရေး လေ့လာသူတချို့က ဆိုသည်။

အထူးသဖြင့် အဖွဲ့ချုပ်ပါတီ၏ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ်ထားရှိသည့် သဘောထားကို နှစ် ၂၀ ကျော် အတွင်း အပစ်ရပ်များက သိလိုခြင်း ဖြစ်သည်။

အပစ်ရပ်အဖွဲ့များက တစ်ဘက်သတ်ဆန်သော ရွေးကောက်ပွဲ ဥပဒေများထုတ်ပြန်အပြီး အဖွဲ့ချုပ်၏ နိုင်ငံရေး ရပ် တည်ချက်ကို စောင့်ကြည့်လျှက်ရှိသည်ဟု သိရသည် ။ ထိုအခြေအနေမှာ ရွှေဂုံတိုင်ကြေငြာစာတမ်းပါ မူများကို အဖွဲ့ချုပ်အနေဖြင့် စွန့်လွတ်သွားမည်ကို အပစ်ရပ်များက စိုးရိမ်နေပုံပေါ်သည်။

ထိုအချက်သည် အဖွဲ့ချုပ်ပါတီက ကိုင်စွဲထားသည့် ရွှေဂုံတိုင်ကြေငြာစာတမ်းပါ မူများကို အပစ်ရပ်များက အသံ တိတ် ထောက်ခံ လိုက်ခြင်းဖြစ်သည်ဟု ယူဆရမည်ဖြစ်သည်။

အဆိုပါ စာတမ်းပါအား လေ့လာကြည့်မည်ဆိုပါကလည်း တိုင်းရင်းသားများလိုလားသည့် အမျိုးသားတန်းတူရေး ဖေါ်ဆောင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တွေ့ဆုံဆွေးနွေးရေး အပေါ် အခြေခံထားသော အချက်များ ဖြစ် သည်ကို တွေ့ရခြင်း ဖြစ်သည်။

(၁) နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွတ်ရေး
(၂) ၁၉၉၀ ရွေးကောက်ပွဲအား စစ်အစိုးရက တစ်နည်းတစ်ဖုံ အသိအမှတ်ပြုရန်
(၃) ၂၀၀ဂ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်
(၄) အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန်

စသည့် အချက်များပါဝင်သည့် ကြေငြာစာတမ်းကို အဖွဲ့ချုပ်ပါတီက ၂၀၀၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန် ထားခြင်း ဖြစ်သည်။

အပစ်ရပ်များက နအဖ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရေးအဆိုကို လက်မခံနိုင် ဖြစ်နေခြင်းမှာ ယခု ကျင်းပမည့် ရွေးကောက်ပွဲ ရလဒ်သည် အမျိုးသားတန်းတူရေးကို အာမခံမည်ဟု မယုံကြည်သောကြောင့် ဖြစ် သည်။

လာမည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ယခင်က လစ်ဟာခဲ့သည့် အဖွဲ့ချုပ်ပါတီနှင့် အပစ်ရပ် လက်နက် ကိုင်တို့၏ အနာဂတ်ဆက်ဆံရေး အခြေအနေမှာ အချိုးအကွေ့ တစ်ခုဆီသို့ ဦးတည်လာဖွယ်ရှိကြောင်း လေ့လာ သူများက သုံးသပ်လျှက်ရှိသည်။