နအဖ တပ်မတော်အင်္ဂျင်နီယာ အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်း နိုင်ငံခြားသို့ ထွက်ပြေး ခိုလှုံပြီးသည့်နောက် လေတပ်အရာရှိ အနည်းဆုံး နှစ်ဦး ထပ်မံ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။
“ကျနော်တို့ သိရသလောက် ဗိုလ်မှူး စိုင်းသိန်းဝင်း သတင်းဖြစ်ပြီး နောက်ပိုင်း ဗမာ့တပ်မတော် အရာရှိ နှစ်ယောက် ထပ်ပြီး ထွက်ပြေး ကြတယ်။ ဗိုလ်ကြီးအဆင့်ဘဲ” - ဟု အမည် မဖေါ်လိုသည့် ထိုင်းလုံခြုံရေး အသိုင်းအ၀ိုင်းက ပြောပါသည်။
မေ ၂၁ က လေတပ် အမှတ် ၃၀၃၆ (လစခ ၄ လက်အောက်ခံ) တပ် မှ ဗိုလ်ကြီးအောင်ကိုကို နှင့် မေ ၃ ရက်နေ့က အမှတ် (၄) လစခ လေကြောင်းရန် ကာကွယ်ရေး တပ်ဌာနချုပ်မှ ဗိုလ်ကြီး အေးမင်းမောင်တို့ တပ်မှ ထွက်ပြေးကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုလ ၁၆ ရက် ရက်စွဲဖြင့် လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်က တပ်ပြေး နှင့် ဆိုင်သည့် အမိန့်တခု ထုတ်ပြန်ခဲ့သည်ဟု ဆို၏။
“ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင် က ဆိုင်ရာလေတပ် တပ်မှူးတွေကို ‘မည်သည့်တပ်မှ မဆို အရာရှိများ ထပ်မံ ထွက်ပြေးပြီး အခြား ဆန့်ကျင်ဘက် အုပ်စုများနှင့် ပူးပေါင်းခဲ့လျှင် တပ်မှူး တပ်ကဲတွေကို ကြီးလေးသည့် ပစ်ဒဏ်ပေးမည်’ လို့ပြောတယ်။ တပ်မှ ထုတ်ပစ်မယ်၊ ရာထူးမှ အနားပေးလိုက်မယ် စသဖြင့်ပေါ့”- ဟု နယ်စပ်ရှိ ထောက်လှမ်းရေး အရာရှိတဦးက ပြောပါသည်။
ယခုကဲ့သို့ တပ်တွင်း အရာရှိများ ထွက်ပြေးနိုင်ခြင်းမှာ ခွင့်ပြန်ချိန်၌ တပ်မှူးတပ်ကဲများက ကောင်းစွာ မစိစစ်ခြင်းကြောင့် ဖြစ်ရသည်ဟုလည်း သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
မြိုင်လက်နက်လျှို့ဝှက်ထုတ်လုပ်ရေး စက်ရုံ ဒုတိယ အကြီးအကဲ ဗိုလ်မှူးစိုင်းသိန်းဝင်း ပြည်ပသို့ ထွက်ပြေး ခိုလှုံပြီး နိုင်ငံခြား အခြေစိုက် မီဒီယာများထံ နအဖ၏ နျူကလီးယား လက်နက် စီမံကိန်း သတင်းဖြန့်ခဲ့၏။ သို့သော်နောက် ပိုင်းမှ ထပ်မံ ထွက်ပြေးသည့် နအဖ အရာရှိ နှစ်ဦးမှာမူ မည်သည့်နိုင်ငံ/ အဖွဲ့အစည်း/ ဒေသသို့ တိမ်းရှောင် ရောက်ရှိနေသည်ကို ယခုတိုင် မသိရှိရသေးပေ။
Monday, June 21, 2010
တပ်မတော်အတွင်းက ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မှု
မေမြို့ တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) က ဒုတိယနှစ်ကျောင်းသား ဗိုလ်လောင်း အောင်ကျော်ဖြိုးကို ဘုရင့်နောင်တပ်ခွဲ(၉ ) က ဗိုလ်လောင်း သုံးရောက်က ဝိုင်းဝန်း ထိုးကြိတ်ကြလို့ ဇွန်လ (၆) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။
ကျောင်းသားကြီးက ကျောင်းသားငယ်ကို စစ်တပ်အစဉ်အလာအတိုင်း အပိုးကျိုးအောင် ပုံစံပေး ထိုးကြိတ်ရာမှာ ဗိုလ်လောင်း အောင်ကျော်ဖြိုးဟာ အစာစားပြီးစ ဖြစ်တဲ့အတွက် အစားအစာတွေ ပြန်အန်ထွက်ပြီး သေဆုံးခဲ့တယ်လို့ တက္ကသိုလ်နဲ့ နီးစပ်သူ တယောက်က ဘီဘီစီကို ဆက်သွယ် သတင်းပေးပါတယ်။
ညှင်းပန်း သတ်ဖြတ်မှုနဲ့ စွတ်ဆွဲခံရသူ နှစ်ကြီးသမား သုံးယောက်ကို ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ဒီတလ အတွင်းမှာပဲ နောက်ထပ် အလားတူ ဖြစ်ရပ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။
မလွန်ကို ကွင်းဆင်းလေ့လာတဲ့ ကျောင်းသားထဲက ဘုရင့်နောင် တပ်ခွဲ (၁) က ကျောင်းသား ဗိုလ်လောင်း စိုးမိုးအောင်ကို ဝိုင်းဝန်း ထိုးကြိတ် ကြရာကနေ လက်လွန်ပြီး သေဆုံးသွားလို့ မနေ့ကပဲ ရက်လည်ဆွမ်း သွပ်ခဲ့ပါတယ်။
ဗိုလ်လောင်းသင်တန်းတွေမှာ အကြီးတန်းတွေက အငယ်တန်းတွေကို ညီအကို စနစ်နဲ့ ဆုံးမပညာပေး အုပ်ချုပ်ကြတဲ့ စနစ်ရှိတယ် ဆိုပေမယ့် ဒီလိုသေဆုံးမှုတွေ ဗိုလ်လောင်းသင်တန်း တော်တော်များများမှာ တွေ့လာရတဲ့ အတွက် လေ့ကျင့် သင်တန်းပေးမှုနဲ့ ညှင်းပန်းနှိပ်စက်မှု ခွဲခြားမရအောင် ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။

Saturday, June 19, 2010
ဒီကနေ့ စစ်အာဏာရှင်ကို အံတုရဲတဲ့ သံဃာ့အာဇာနည် အသျှင်ဂမ္ဘီရ
တိုင်းပြည်နိုင်ငံတခုဟာ အာဏာရှင်စနစ်အောက် ဒါမှမဟုတ် အာဏာရှင်တွေရဲ့ အုပ်စိုးတာကို ခံနေရပြီဆိုရင် နိုင်ငံရေးလွတ်လပ်ခွင့်အပါအ၀င် ကျန်တဲ့အားလုံးသော အခွင့်အရေးမှန်သမျှ ဆုံးရှုံးရတော့တာပါပဲ။ အသက် ရှင်ရပ်တည်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ ရှာဖွေလုပ်ကိုင် စားသောက်ပိုင်ခွင့်အစရှိတဲ့ အခြေခံရပိုင်ခွင့် မွေးရာ ပါ အခွင့်အရေးတွေအားလုံး ဆုံးရှုံးသွားတော့တာပါပဲ။
ဒီလိုဆုံးရှုံးသွားတဲ့နေရာမှာ အခြေခံအခွင့်အရေးတွေနဲ့တပါတည်း လူသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုပါ ဆုံးရှုံး ပျောက်ကွယ်ရပါတယ်။ လူသားတဦးချင်းစီတိုင်းရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်တင် လက်လွှတ်ပေးရ တာမျိုးမဟုတ်ဘဲ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပြန့်ပွားအောင် ထမ်းဆောင်နေကြတဲ့ သာသနာ့ ၀န်ထမ်း ဘာသာရေး ခေါင်းဆောင်တွေပါ ဖမ်းဆီးနှိပ်စက်တာကို ခံကြရလေ့ရှိပါတယ်။
တနည်းအားဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ် ကန့်သတ်လိုက်တာပါပဲ။ ဒါဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ ဩ၀ါဒ တရားဒေသနာတော် ၀ိနည်းတွေကို စည်ပင် ပြန့်ပွားအောင် အားစိုက်ခွန်စိုက် ဟောကြား နေတဲ့ ဆရာတော် သံဃာတော်တွေရဲ့ တရားဓမ္မဟောပြောခွင့်ကို ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။ သာသနာ ပြန့်ပွားတိုးတက် ရေးကို မလုပ်ရလို့ တားမြစ်လိုက်တာပါပဲ။
ဒါဆို ဒီလိုမျိုး ပိတ်ပင်လိုက်သူတွေဟာ ဘယ်ဘာသာသာသနာကိုမှ မကိုးကွယ် မယုံကြည်တဲ့ ဘာသာမဲ့၊ သာသနာမဲ့တွေလို ဖြစ်သွားသလို ဗုဒ္ဓ၀ါဒအယူအဆအရဆို မိစ္ဆာဒိဌိ ဖြစ်သွားလို့ အ၀ီဇိငရဲကို အုပ်စုလိုက်သွား ရတော့မှာပေါ့။ အမှန်ကတော့ မိမိရဲ့အာဏာ တည်တံ့ဖို့အတွက် အရာရာကို နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကြည့်လိုက်တာကြောင့် တဆက်တည်းဆိုသလို အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်သွားတော့ တာပါပဲ။
အာဏာရှင်အုပ်စုက သူ့ရဲ့အာဏာပါဝါအတွက် အကျိုးစီးပွားတွေအတွက် သူလက်သတ်မွေးထားတဲ့ ဒေါက် တိုင်အသင်းအဖွဲ့တွေကို အသုံးချပြီး အကာအကွယ်ပြုကြသလို နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေး အတွက် အဓိကထား ဖွဲ့စည်းထူထောင်ထားတဲ့ လက်နက်ကိုင်အမှုထမ်း အရာထမ်းတွေကို သူ့အာဏာပါဝါ အတွက် ခါးပိုက်ဆောင် တပ်အဖြစ် အသုံးချ ကာကွယ်လေ့ရှိပါတယ်။
ဒီလိုဆိုရင် ဘာသာသာသနာကို ပြန့်ပွားတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်နေသူတွေ၊ ကိုးကွယ်ယုံ ကြည်သူတွေ၊ ဘာသာရေးသာသနာရေးခေါင်းဆောင်တွေကလည်း မိမိတို့ရဲ့ ဘာသာသာသနာ မပျက်စီး အောင် မတိမ်ကောအောင် အရှည်အားဖြင့် တည်တံ့အောင် ထိန်းသိမ်းကာကွယ်ဖို့လည်း တာဝန်ရှိမှာဖြစ်ပါ တယ်။
မဖြစ်မနေ ထိန်းသိမ်း ကာကွယ်ကြရမှာလည်း ဖြစ်ပါတယ်။ ဒါမှသာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ ဩ၀ါဒ တရားတော်တွေအပေါ် နားထောင် လိုက်နာကျင့်ကြံရာလည်း ရောက်ပါလိမ့်မယ်။
မြန်မာပြည် ခေတ်သမိုင်းအဆက်ဆက်မှာ ပေါ်ပေါက်ခဲ့တဲ့ ဘုရားသားတော် သံဃာ့အာဇာနည်တွေဟာ ဒီ ဘာသာသာသနာ ထွန်းကားတည်တံ့ ပြန့်ပွားရေးအတွက် ထိန်းသိမ်း ကာကွယ်ခဲ့ကြသူတွေသာ ဖြစ်ကြပါ တယ်။
လွန်ခဲ့တဲ့(၂)နှစ်ကျော်က ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုဟာ အာဏာပိုင်များ က သာသနာတော် ပျက်သုဉ်းအောင်၊ ဘာသာသာသနာ ဆိတ်သုဉ်းပျောက်ကွယ်အောင် အကြမ်းဖက် လုပ်ဆောင်လာတာကို အစဉ်အလာအရ ထိန်းသိမ်းကာကွယ်ဖို့ သံဃာ့အာဇာနည်တွေက ၀ိနည်းတော်အရ ကာကွယ် စောင့်ရှောက်ဖို့ ခုခံဟန့်တားတဲ့ ကြိုးပမ်းမှုတခုသာ ဖြစ်ပါတယ်။
အရင် အင်္ဂလိပ် ကိုလိုနီအစိုးရလက်ထက်မှာလည်း သံဃာ့အာဇာနည်း အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ မြန်မာတမျိုးသားလုံးကို မျိုးချစ်စိတ်ဓါတ် စတင်မွေးဖွားပေးခဲ့တဲ့၊ မျက်စေ့ ဖွင့်ပေးခဲ့တဲ့ ပထမဦးဆုံး သံဃာ့ အာဇာနည်ကတော့ ရခိုင်လူမျိုး ဆရာတော်အသျှင် ဦးဥတ္တမပဲ ဖြစ်ပါတယ်။
အင်္ဂလိပ်ခေတ် မြန်မာပြည်မှာ နိုင်ငံရေးနဲ့ ပထမဆုံး အပြစ်ပေးခံရတဲ့ ဆရာတော်လည်း ဖြစ်ပါတယ်။ မြန်မာ တပြည်လုံး အင်္ဂလိပ် လက်အောက် ကျရောက်ပြီး အင်္ဂလိပ်မင်း အထက် အရာရှိတွေကို မဆိုထားနဲ့ အစိုးရ ၀န်ထမ်း မင်းစေ လောက်ကိုတောင် ပြားပြားဝပ် မော်မကြည့်ရဲတဲ့ အချိန်မှာ ကရက်ဒေါက် ထွက်သွား ဆိုတဲ့ ဆရာတော် ဦးဥတ္တမရဲ့ သတိပေး တပ်လှန့်သံဟာ မြန်မာပြည် တပြည်လုံးကို တုန်လှုပ်ခြောက်ခြား သွားစေခဲ့ ပြီး မြန်မာတွေရဲ့ မျိုးချစ် စိတ်ဓါတ်ကို နှိုးဆွပေး လိုက်ပါတယ်။ အဲဒီကနေ ဘိနပ်သပိတ် ဖြစ်ပေါ်ခဲ့ပါတယ်။
ဆရာတော်ဟာ မြန်မာ့လွတ်လပ်ရေးမှာလည်း ရှေ့တန်းက ရဲရဲဝံ့ဝံ့ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ထောင်(၃)ကြိမ် ကျခံခဲ့ရပါတယ်။ ထင်ရှားကျော်ကြားလှတဲ့ ရဲရဲတောက် သံဃာ့အာဇာနည် ဆရာတော်တပါး လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေတိဂုံခြေရင်းက ကန်တော်မင်ပန်းခြံ ကို ဦးဥတ္တမပန်းခြံအဖြစ် အရင်က ပြောင်းလဲခေါ်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ကန်တော်မင်္ဂလာပန်းခြံ လို့ ပြောင်းလဲ ခေါ်ခဲ့ပြန်ပါတယ်။
နောက် ဆရာတော်တပါးကတော့ အသျှင်ဦးဝိစာရ ကိုယ်တော်ကြီး ဖြစ်ပါတယ်။ ဥပုဂ်စောင့်ခွင့်မပေးတာ၊ သင်္ကန်းချွတ်လူဝတ်လဲခိုင်းတာ၊ ကိုလိုနီအုပ်ချုပ်သူတွေက အမိန့်စာပေးပို့တဲ့ နေရာမှာ သံဃာတော်တွေကို တောင် မောင်မင်းနာခံရမည် ဆိုတဲ့ ရိုင်းစိုင်းမောက်မာတဲ့ အသုံးအနှုန်းတွေကို သုံးစွဲတဲ့အတွက် ဆရာတော် က တရားဟောတာ အစာအငတ်ခံတာ အစရှိတဲ့ အကြမ်းမဲ့နည်းလမ်းတွေနဲ့ အံတုဆန့်ကျင်ပါတယ်။
အမှန်ကတော့ အစဉ်အလာ ဘာသာကိုးကွယ်ယုံကြည်မှုကို ဖိနှိပ်ချုပ်ချယ်တာဖြစ်တဲ့အတွက် လက်မခံနိုင် ဘူးလို့ ဆန့်ကျင့်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။
အဲဒါကြောင့် ဆရာတော် အသျှင်ဦးဝိစာရဟာ ထောင်(၃)ကြိမ် ချခံရသလို လူမဆန်တဲ့ ရက်စက်နှိပ်ကွပ်မှု တွေကိုလည်း ခါးသည်းစွာ ခံခဲ့ရပါတယ်။ နောက်ဆုံးတော့ (၁၆၆)ရက်တိတိ အစာငတ်ခံတိုက်ပွဲမှာ ဆရာ တော် ပျံလွန်တော်မူခဲ့ရပါတယ်။ ဒါကြောင့် ဆရာတော်ကို ဦးညွတ်ဂုဏ်ပြုတဲ့အနေနဲ့ ဦးဥတ္တမပန်းခြံအနား ရွှေတိဂုံဘုရား အနောက်ဖက်မုဒ်အနီးမှာ ဦးဝိစာရကျောက်တိုင်ရယ်လို့ စိုက်ထူကဗျည်းတင်ခဲ့ရပါတယ်။
ဆရာတော်ဦးဝိစာရဟာ အစဉ်အလာ မပျက်စေဖို့၊ သာသနာတော် မမှေးမှိန်စေဖို့အတွက် အချက်(၃)ချက် ကို အဓိကတောင်းဆိုခဲ့ပါ တယ်။ အဲဒါကတော့…
(၁) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များကို သင်္ကန်းဝတ်ခွင့်ပေးရန်၊
(၂) ထောင်အတွင်း၌ ၀ိနည်းတော်အရ တလ(၂)ကြိမ် ဥပုသ်နေ့တိုင်း ဥပုသ်ပြုခွင့်ပေးရန်၊
(၃) နိုင်ငံရေးရာကိစ္စများနှင့် ပတ်သက်၍ ထောင်တွင်းရောက် ရဟန်းများအား ထိုက်တန်သော သီတင်းသုံး ခွင့်ပြုရန် တို့ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူလူထုက ကဗျည်းတင်ခဲ့တဲ့ အခြားသော သံဃာ့အာဇာနည်တွေလည်း ကျန်ရှိပါသေးတယ်။
အလားတူ ဒီကနေ့ခေတ်မှာလည်း သံဃာ့အာဇာနည်တွေ ဆက်လက်ပေါ်ထွက်နေပါတယ်။ အထင်ရှားဆုံးလို့ ဆိုနိုင်တဲ့ သံဃာ့အာဇာနည်ကတော့ ၂၀၀၇ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို ဦးစီးဦးဆောင်ပြုခဲ့တဲ့ ဆရာတော် အသျှင်ဦးဂမ္ဘီရ ဖြစ်ပါတယ်။
လက်ရှိကို စစ်အုပ်စုက ကလေးထောင်မှာ ထောင်သွင်းအကျဉ်းချ ထားပါတယ်။ ဆရာတော်ဟာ၂၀၀၇ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့က မန္တလေးတိုင်း စဥ့်ကိုင်မြို့မှာ အဖမ်းခံခဲ့ရပြီး အမှုပေါင်း ၁၇မှုနဲ့ ထောင်ဒဏ် (၆၈)နှစ် ချခံခဲ့ရပါတယ်။၂၀၀၈ခုနှစ် ဇွန်လ ကုန်ပိုင်းက အယူခံဝင်ရာမှာ (၅)နှစ် လျှော့ပေးခဲ့ တဲ့အတွက် အခု ထောင် ဒဏ် (၆၃)နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
အသျှင်ဂမ္ဘီရကို ၁၉၇၉ခုနှစ် ဇွန်လ(၁၉)ရက် အင်္ဂါနေ့မှာ အဖ ဦးမင်းလွင်၊ အမိ ဒေါ်ရေးတို့မှ မကွေးတိုင်း ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။
မွေးချင်း (၇)ယောက်ရှိပြီး အသျှင်ဂမ္ဘီရမှာ (၅)ယောက်မြောက် ဖြစ်ပါတယ်။ လူအမည်က မောင်ညီညီလွင် ဖြစ်ပြီး ရဟန်းဘွဲ့အမည်ကတော့ ဦးစန္ဒောဘာသ ဖြစ်ပါတယ်။
သူငယ်တန်းမှ လေးတန်းအထိ ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄) မူလတန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး သူငယ်တန်းမှ လေးတန်းအထိ အတန်း စဉ်တိုင်းမှာ ပထမ အမြဲရတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးရဲ့ ချစ်ခင်မှုကို အထူးခံရသူလည်း ဖြစ်ပါတယ်။
အသက်(၁၂)နှစ်အရွယ် (၅)တန်းကျောင်းသားဘ၀တွင် ကလေးစစ်သားဖြစ်ခဲ့ဘူးပြီး နောက် မိဘများက ပေါက်မြို့သို့ ပြန်လည် ကယ်တင်ခေါ်ယူလာခဲ့ပါတယ်။ အာဏာပိုင်များက ပေါက်မြို့သို့ လာရောက်စုံစမ်း သဖြင့် ထောင်ဒဏ်ကျ ခံရမည့်အရေးကို စိုးရိမ်သောကြောင့် ပေါက်မြို့ လေသာတောင်ကျောင်းတိုက် ဆရာ တော်ထံမှာ သာမဏေအဖြစ် ရောက်ရှိပြီး နောက် ရန်ကုန် အင်းစိန်ရွာမကျောင်းသို့ တဖန်ရောက်သွားပြီး သာသနာ့ဘောင်မှာ ပျော်မွေ့ကာ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းစာမေးပွဲများနဲ့ နိကာယ် လေးကျမ်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။
အသက် (၂၀)အရွယ်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပါတယ်။ စာဝါလိုက်နေစဉ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူ မှာ (၅)နှစ်ကြာမျှ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် သာသနာပြုခဲ့ပါတယ်။
ဆရာတော်၏ ပင်ကိုယ်စိတ်နေစိတ်ရင်းက မိမိ၏ တိုင်းပြည်နဲ့လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုး လွတ်လပ်မှုကို ခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင်ကျင့်မှုများကို စက်ဆုပ်သူ ဖြစ်ပါတယ်။
နေထိုင်ရာ ပေါက်မြို့ တွင်လည်း စာကြည့်တိုက်တခုကို ထူထောင်ခဲ့သလို ဇီဝိတဒါန သွေးလှူခြင်းအမှုကိုလည်း နှစ်စဉ်နှစ်တိုင်းလို ဒါနပြုခဲ့ပါတယ်။
ဆရာတော်ဟာ ဓမ္မာစရိယတန်းပြီးရင် သာသနာပြုတက္ကသိုလ်တက်ရန် ရည်ရွယ်ချက်ရှိခဲ့ပြီး တက္ကသိုလ်မှ ဘွဲ့ ရပြီးပါက အိန္ဒိယနိုင်ငံမှာ သာသနာ့ပညာ ဆက်လက်သင်ကြားပြီး နိုင်ငံတကာ သာသနာပြု ဓမ္မကထိက အဖြစ် ရှင်သန်သွားဖို့ကို ရည်မှန်းချက်ထားရှိခဲ့ပါတယ်။
နိုင်ငံရေးသိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ တို့ကိုလည်း လေ့လာလိုက်စားခဲ့သလို ဘာသာရေးဆိုင်ရာ ဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့ကိုလည်း ရေးသားခဲ့ပါသေးတယ်။
ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ် ၂၀၀၅ခုနှစ်မှာတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ဘာသာ ရေး အဘက်ဘက်မှနိမ့်ကျနေမှုကို အထူးသိမြင်လာတဲ့အတွက် လစ်လျူမရှု့ ရက်နိုင်တော့ဘဲ သံဃာထု အတွင်း စည်းရုံးမှုအလုပ်တွေကို စတင်ပြုလုပ်ခဲ့ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားပြည်သူတွေကို စစ်တပ်က ကြိုးကိုင်စီစဉ်တဲ့ ဒီပဲယင်းသတ်ဖြတ်မှုကြီး ကြောင့် စစ်အာဏာပိုင်တွေအပေါ် အထူးစိတ်နာခဲ့သလို စစ်အာဏာပိုင် တွေရဲ့ ဘာသာတရားကင်းမဲ့မှု၊ သာသနာတော်အား အသရေညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ မိမိအာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်မှု တွေကြောင့် ဆရာတော် အသျှင်ဂမ္ဘီရဟာ မိမိရဲ့ရည်မှန်းချက်ကိုဖျက်ကာ တနိုင်ငံလုံးမှာရှိတဲ့ သံဃာတော် အရှင်သူမြတ်အားလုံးလိုလိုနဲ့ ပေါင်းစည်းလက်တွဲနိုင်အောင် မအိပ်မနေ အားစိုက်လုံးပမ်းခဲ့ရာမှ ၂၀၀၇ခုနှစ် စက်တင်ဘာအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ၂၀၀၈ခုနှစ် ဧပြီလ ၂၁ရက်နေ့ လန်ဒန်မှာ ကျင်းပပြုလုပ်တဲ့ ဆင်ဆာဆုပေးပွဲမှာ Bindmans Law and Campaigning Awardကို ရရှိခဲ့ပြီး ၂၀၀၈ခုနှစ် ဒီဇင်ဘာလ(၁၀)ရက် လူ့အခွင့်အရေးနေ့ အီတလီနိုင်ငံ မာဘင်ဂိုမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးနေ့အခမ်းအနားက Honorary Citizenshipဆုကို ထပ်မံ ရရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် ၂၀၀၇ ဒီဇင်ဘာ(၃၁)ရက်နေ့ ဘားမားဒိုင်ဂျက်ဝက်ဆိုဒ် Person of the Year 2007 မဲပေးပွဲမှာ မဲပေးသူဦးရေ အများဆုံးနဲ့ အသျှင်ဂမ္ဘီရကို ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
အဲ့ဒါကြောင့် လာမယ့် ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ ဆရာတော် အသျှင်ဂမ္ဘီရရဲ့ သက်တော်(၃၁)ပြည့် မွေးနေ့ကို ဂါရ၀ပြု ရှစ်ခိုးကန်တော့ရင်း ဆောင်းပါးရှင်နဲ့ ဆုံဆည်းခဲ့ပုံလေးကို အရင်းအတိုင်း ဖော်ပြလိုက် ပါတယ်။
(၂)ကြိမ်ထက်မနည်း ဆုံဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတကြိမ်ကိုသာ မှတ်မိတာမို့ မှတ်မိသလောက်ကို ရေးသား ခံစားလိုက်ပါတယ်။
၂၀၀၇ခုနှစ် စက်တင်ဘာမတိုင်ခင် တလလောက်လို့ အမှတ်ရပါတယ်။ လောရှမ်းရွာကလေးတခုမှာပါ။
ဆရာ တော်က အခြားရဟန်းတော်တွေနဲ့ ရောက်လာပါတယ်။ (၁၀)ပါးလောက် ရှိမယ်ထင်ပါတယ်။
ဆရာတော် စည်းရုံးထားတဲ့ ကိုယ်တော်တွေပါ။ မှတ်မှတ်ရရ ကရင်ကိုယ်တော်တွေ၊ ရခိုင်ကိုယ်တော်တွေလည်း ပါပါ တယ်။
ဆရာတော်ကိုတော့ ကြီးကြပ် သူအဖြစ် ကွမ်းတ၀ါးဝါး ကွမ်းတမြုံမြုံနဲ့ ဆုံခဲ့ရပါတယ်။
တနေ့ ကျနော်တို့ အလုပ်လုပ်နေကြတုန်း ဆရာတော်ကကြည့်ပြီး ပြောပါတယ်။ ကျုပ် ကိုယ်တော်တွေကို မြန်မာနိုင်ငံ နိုင်ငံရေးသမိုင်းကြောင်းလေးလည်း နည်းနည်းဆွေးနွေးပေးပါဦးလို့ တောင်းဆိုလာတဲ့အတွက် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရယူခဲ့ပုံကအစ ၁၉၅၈ခုနှစ် အိမ်စောင့်အစိုးရ ပေါ်ပေါက်လာပုံ၊ ဒီဆယ်နှစ်တာ အတွင်း နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့ပုံ၊ ဒီမိုကရေစီအခြေခံစနစ် အမြစ်မတွယ်ခင် ၁၉၆၂ခုနှစ် မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပုံ၊ မဆလတပါတီအာဏာရှင်စနစ် ပေါ်ပေါက်ခဲ့ပုံ။
အဲဒီကစလို့ အခုချိန်ထိ မြန်မာပြည်ဟာ အလင်းရောင်ကင်းမဲ့သွားပြီး အမှောင်ထုထဲ ကျရောက်သွားပုံ၊ ဗိုလ် ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အခြေခံမူ(၇)ချက်အရ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံနဲ့ ဖျက် သိမ်းခံရပုံ၊ စစ်တပ်အရင်းအနှီးအတွက် ဆိုရှယ်လစ်တံဆိပ်ကပ်ပြီး ပြည်သူပိုင်သိမ်းပုံ၊ နောက် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံကို စစ်တပ်က တဖက်သတ် ရေးဆွဲခဲ့ပုံ၊ နောက်ဆုံး ၁၉၈၈ လူထုအရေးတော်ပုံကြီးက ၁၉၇၄ ဖွဲ့စည်း ပုံကို ဖျက်သိမ်းပစ်လိုက်နိုင်ပုံ အစရှိတဲ့ သမိုင်းကြောင်းကို..
ဆရာတော့်ဆန္ဒအတိုင်း လုပ်ဆောင်ပေးခဲ့တဲ့အတွက် ဆရာတော်ဟာ ၀မ်းသာကြည်နူးပီတိဖြစ်ပြီး ကျုပ် ကိုယ်တော်တွေ ဒါမှကောင်းကောင်း သဘောပေါက်သွားမှာ မဟုတ်ရင် ကိုယ်တော်တွေ ဘာမှသိမှာ မဟုတ် ဘူးလို့ ပါးစပ်နီနီနဲ့ ကွမ်းမြုံရင်း ရယ်သွမ်းသွေး ပြောခဲ့တာတွေကို အမှတ်တရ ပြန်ပြောင်းသတိရမိပါတယ်။
အမှန်ပြောရရင် အဲဒီတုန်းက အသျှင်ဂမ္ဘီရကို သာမန်ရဟန်းတော်လောက်သာ ထင်ခဲ့ပြီး ဒီလိုဖြစ်လာလိမ့်မယ် လို့ မသိခဲ့ရိုးအမှန်ဆိုတာ ၀န်ခံပါရစေ။
ဘာကြောင့်ဆို ဆရာတော်ဟာ သာမန် ရဟန်း တပါးလိုသာ ပြောဆိုပြု မူ နေထိုင်ခဲ့လို့ ဖြစ်ပါတယ်။
အညာသားလည်း ဖြစ်တဲ့အခါကျတော့ အသားကလည်း ညိုညို၊ အရပ်ကလည်း မနိမ့်မမြင့်၊ ကွမ်းကလည်း စားဆိုတော့ အညာသား တောဘုန်းကြီး တပါး ပုံစံမျိုးလောက်ပဲ တွက်မိခဲ့လို့ ဖြစ်ပါ တယ်။
၂၀၀၇ လှုပ်ရှားမှုကြီး ပေါ်ပေါက်လာတဲ့အခါကျမှ ဒီသံဃာ့လှုပ်ရှားမှုကို ဦးဆောင်တဲ့ ဆရာတော်တပါးအဖြစ် အသျှင်ဂမ္ဘီရဆိုတဲ့ ဘွဲ့အမည်ကို ကြားရတာပါပဲ။
ဒါပေမဲ့ ဒီဘွဲ့အမည်ဟာ ကျနော်တို့ ကိုယ်တော် ဟုတ်မဟုတ် မသိခဲ့သေးပါဘူး။ ဆရာတော်ရဲ့ ဘွဲ့အမည် အရင်းကိုလည်း ကောင်းကောင်းမသိခဲ့ပါဘူး။ နောက်ပိုင်းကျမှ အသျှင်ဂမ္ဘီရ ကိုယ်တော်ဟာ ကျနော်နဲ့ဆုံဆည်းခဲ့တဲ့ ကိုယ်တော်ဆိုတာ ကောင်းကောင်း သိလိုက်ရပါတော့ တယ်။
အဲဒီအခါကျမှ အသျှင်ဂမ္ဘီရရဲ့ လုပ်ဆောင်ချက်အပေါ် အတော်အံ့အားသင့်သွားပြီး ဂုဏ်ယူလေးစားမိပါတော့ တယ်။ ဆရာတော်နဲ့ ပတ်သက်တာတွေ ပြန်စဉ်းစားကြည့်မိပါတော့တယ်။ ၂၀၀၇မတိုင်ခင် အသျှင်ဂမ္ဘီရ လို့ ကျော်စောလာမယ့် ဆရာတော်ဟာ နေ့မအား ညမအား အထက်မြန်မာပြည်၊ အောက်မြန်မာပြည်နဲ့ မြန်မာ ပြည်တပြည်လုံးကို လှည့်လည်သွားရောက် စည်းရုံးနေတာကို သိလိုက်ရပြီး ကျနော်တို့ ဆီကိုလည်း ၀င်လိုက် ထွက်လိုက်နဲ့ အလုပ်များနေတာကို သတိပြုမိပါတော့တယ်။
တခါလာရင် အရပ်ရပ် အနယ်နယ်က ရဟန်းတော်တွေကို ခေါ်ဆောင်လာပြီး လှုပ်ရှားမှုအတွက် လိုအပ်တာ တွေကို လေ့ကျင့်ပြင်ဆင်နေတယ်ဆိုတာ ကောင်းစွာ သဘောပေါက်လာပါတယ်။ ရိပ်မိ လာပါတော့တယ်။ ဆရာတော်ကတော့ ခါတိုင်းလို ပုံစံမပျက်ပါပဲ။ သာမန်ဘုန်းကြီးတပါးထက် မပိုပါဘူး။
ဒီလိုနဲ့ ဆရာတော်ဟာ ၂၀၀၇ခုနှစ် သံဃာ့လှုပ်ရှားမှုကြီးကို ဦးဆောင်ဦးရွက် ပြုခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ နောက်ယောင်ခံလိုက်နေမှုကို ရှောင်တိမ်းပုန်းအောင်း ခိုလှုံရင်းနဲ့ နိုဝင်ဘာ(၄)ရက်နေ့မှာ ပုန်းအောင်း နေထိုင် နေတဲ့ စဥ့်ကိုင်နယ်ထဲမှာ အဖမ်းဆီးခံလိုက်ရပါတော့တယ်။
အကိုဖြစ်သူ ကိုအောင်ကျော်ကျော်၊ ညီဖြစ်သူ ကိုအောင်ကိုကိုလွင်နဲ့ ယောက်ဖဖြစ်သူ ကိုမိုးထက်လျှမ်းတို့ မှာလည်း ၂၀၀၇သံဃာ အရေးအခင်းတွင် ပါဝင် ပတ်သက်မှု များကြောင့် ဖမ်းဆီးခံကြရပြီး ရှမ်းပြည်တောင် ကြီးထောင်၊ ရခိုင်ပြည်နယ် ကျောက်ဖြူထောင် စတဲ့ နယ်ဝေးထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံ နေကြရသလို အစ်မဖြစ်သူ မလွင်လွင်မြင့် မှာလည်း နာဂစ် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့အတွက် ပုန်းအောင်း တိမ်းရှောင် နေရပါတယ်။ လာမယ့် ဇွန်လ(၁၉)ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၆၅)နှစ် ပြည့် မွေးနေ့ဖြစ်သလို ဆရာတော် အသျှင်ဂမ္ဘီရရဲ့ သက်တော် (၃၁)နှစ်ပြည့် မွေးနေ့ လည်း ဖြစ်ပါတယ်။
ဆရာတော်ရဲ့ ပြောနေကျစကားတခွန်းကို အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပေးရင်းနဲ့ ဆရာတော်ရဲ့ မွေးနေ့ အခါသမယကို ဦးခေါင်းမြေထိ ရှစ်ခိုးဂါရ၀ပြုလိုက်ရပါတယ်။
“ကျုပ်တို့ဘုန်းကြီးတွေဆိုတာက လူတွေလို ဇနီးမယား၊ စည်းစိမ်ဥစ္စာ တွယ်တာစရာတွေ ဘာမှရှိတာမဟုတ် ဘူး၊ ကျုပ်တို့လူဖြစ်လာရတာကိုက သာသနာပြုဖို့အတွက်ဗျ၊ လူတွေအတွက်ဗျ၊ သာသနာပြုနိုင်ဖို့ဆိုတာက လည်း လူတွေရဲ့ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊ မင်းဆိုးမင်းညစ်တွေဘေးက ပြေလည်ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှမရှိတဲ့ ကျုပ်တို့က လူတွေရဲ့အခက်အခဲ တွေကို ပြေလည်အောင်ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေ ကို လုပ်ကတည်းက ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်းခံရမှာနဲ့သေမှာ နှစ်မျိုးပဲရှိတယ်“
+ ဆရာတော် သက်တော် ရာကျော်ရှည်ပါစေ။
+ အနာရောဂါ ကင်းဝေးပါစေ။
+ သာသနာတော် အရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်နိုင်ပါစေ။
Friday, June 11, 2010
တာချီလိတ်က သတင်း
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ကြံ့ဖွံ့အသင်းမှ မကာဟိုခမ်းရပ်ကွက် ဥက္ကဌ ဦးစိုင်းအောင်ခမ်း သည်
(၁) ၁၀.၅.၂၀၁၀ တွင် မကာဟိုခမ်းရပ်ကွက် တကြောတွင် လေမုန်တိုင်းကြီးစွာ တိုက်ခတ်ခံခဲ့ရာ ပျက်စီးသွားသော အဆောက်အအုံများကို ပြုပြင်ရန်အတွက် အထက်လူကြီးများမှမှ ထောက်ပံ့ငွေချပေးခဲ့ပါသည်။ ထိုထောက်ပံ့ငွေကို
လေဘေးခံရသူများဘက်ကို မျှမျှတတ မပေးပဲ ၎င်းနှင့် သိသူခင်သူကိုသာ ဦးစားပေး၍ ပေးဝေပြီး၊ တစ်ကယ် အပျက်စီးခံရသော ရပ်ကွက်သားများမှာ ထောက်ပံ့ငွေ မရပဲ ရှိနေပါသည်။ ထို့အပြင် ထောက်ပံ့ငွေ တစ်ဝက်ကိုလည်း ငွေပိုဟု သတ်မှတ်ကာ
၎င်းမှ သိမ်းထားမည်ဟုဆိုကာ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲနေသည်။
(၂) မကာဟိုခမ်းရပ်ကွက်တွင် နာရေးကူညီမူအသင်း ဟုရည်ရွယ်ကာ နာရေးအဆောက်အဦးကို ဆောက်လုပ်နေပါသည်။ ဆောက်လုပ်နေသည်မှာလည်း ကြာနေပါပြီ။ နာရေးအဆောက်အဦးကို မဆောက်ခင်ကတည်းက အဆောက်အဦးအတွက်
အလှူငွေဆိုပြီး ကောက်ခံနေသည်မှာ ယခုထိဖြစ်ပါသည်။ အလှူငွေများလည်း အပြည့်အ၀ရရှိနေသော်လည်း အဆောက်အဦးမှာ တစ်ဝက်တစ်ပျက်သာဖြစ်နေပါသည်။ ဧည့်စရင်းလာတိုင်သူများ၊ ထောက်ခံစာလာယူသူများကိုလည်း
နာရေးအဆောက်အဦးအတွက် အလှူငွေထည့်ထားပါအုံးဟုဆိုကာ တောင်းခံနေပါသည်။ မကာဟိုခမ်းရပ်ကွက် ဥက္ကဌ ဦးစိုင်းအောင်ခမ်းသည် မျောက်ပြ၍ ဆန်းတောင်းနေသကဲ့သို့ဖြစ်နေပါသည်။
(၃) မီးသတ်ဦးစီးဌာနမှ ပြုလုပ်သော အရန်မီးသတ်သင်တန်းအတွက် ဟုဆိုကာ တစ်အိမ်ကို ဘတ်၄၀ နှုန်းဖြင့် ကောက်ခံနေပါသည်။ အမှန်မှာ မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အတွင်း ၎င်းသင်တန်းအတွက် ငွေများကို ကောက်ခံခိုင်းခြင်းမပြုပါ။
သို့သော်လည်း ဦးစိုင်းအောင်ခမ်းမှာ အခွင့်အရေးရသည်နှင့်အညီ ငွေများကို ကောက်ခံနေသည်။
(၄) ဥက္ကဌ ဦးစိုင်းအောင်ခမ်း သည် ရံဖန်ရံခါ၌ အရက်များမူး၍ ရပ်ကွက်အတွင်း ပတ်ကာ ဆူဂေါက်ကာ အာဏာပြနေပါသည်။
တာချီလိတ်မြို့တွင် ရပ်ကွက် ဥက္ကဌလုပ်လိုပါက ရိုးရိုးရပ်ကွက်သားအနေဖြင့် မရပါ။ ကြံ့ဖွံ့သင်းဝင်မှ ရပါသည်။ ကြံ့ဖွံ့အသင်းဝင်ရာတွင်လည်း တာချီလိတ်မြို့မှ ကြံ့ဖွံ့ခေါင်းဆောင် ဦးဘိုစံ နှင့် ရင်းနှီးမှ ရပ်ကွက်ဥက္ကဌ ပြုလုပ်ခွင့်ရှိသည်။ ယခု
မကာဟိုခမ်း ဥက္ကဌ ဦးစိုင်းအောင်ခမ်းသည် ကြံ့ဖွံ့ခေါင်းဆောင် ဦးဘိုစံအား ပေးကမ်း၍ ယခင်ဥက္ကဌ ဦးအောင်ထိုက်အား ဖြုတ်ချကာ ၎င်းက မကာဟိုခမ်း ဥက္ကဌရာထူးကို အရယူခဲ့ပါသည်။ ယခုဥက္ကဌသည် ခေါင်းဆောင်မှုအပိုင်း၊ စရင်းပိုင်း၊
စီမံခန့်ခွဲမှုအပိုင်းကို လုံးဝ(လုံးဝ)ကိုမတတ်ပါ။ ၎င်းတတ်သည်မှာ အာဏာပြ၊ ငွေကောက်ဖို့သာတတ်ပါတော့သည်။
မကာဟိုခမ်းရပ်ကွက်သူ/သား ထဲမှ မခံမရပ်နိုင်တော့သဖြင့် အများသိအောင် ရင်ဖွင့်လိုက်ပါတယ်
တာချီလိတ်မှ
-ဆားပုလင်း-

Thursday, June 03, 2010
ချောက်ရေနံမြေမှ အထွေထွေမာန်နေဂျာ. (ဒု)ဗိုလ်မှုးကြီး ကျော်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်း တို့ရဲ့လိမ်လည်မှု...
စွမ်းအင်ဝန်ကြီးဋ္ဌာန ချောက်ရေနံမြေမှာရှိတဲ့ .. မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဋ္ဌာနမှ အထွေထွေမာန်နေဂျာ. (ဒု)ဗိုလ်မှုးကြီးကျာ်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်းတို့နှစ်ဦးရဲ့ မသိနားမလည်တဲ့ တောင်သူတွေကို လိမ်လှည် လှည့်ဖျားပြီး ငွေတွေ ယူသွားတဲ့အကြောင်း ရေးသား ပေးပို့လာတာကို ပြန်လည် တင်ပြလိုက်ပါတယ်။
ချောက်ရေနံမြေရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဋ္ဌာနမှ အကြီးဆုံးတာဝန်ရှိသူဖြစ်တဲ့ အထွေထွေမာန်နေဂျာ. (ဒု)ဗိုလ်မှုးကြီး ကျော်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်းတို့ နှစ်ဦးပေါင်းပြီး စွမ်းအင်ဝန်ကြီးဋ္ဌာနမှာ အလုပ်သမားတွေ လိုအပ်တယ်... အလုပ်ခန့်မယ်။ မိန်ကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် ဝန်ထမ်းအဖြစ်ခန့်အပ်မယ်.... ဆိုပြီး.... အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေမှာ ရှိတဲ့ တောင်သူများအား အထွေထွေမာန်နေဂျာ (ဒု)ဗိုလ်မှုးကြီးကျော်ဝင်းမှ ဒေါ်မြမြသိန်းအား လိုက်လံ စည်းရုံးခိုင်းပါတယ်။ တလလစာငွေ ၈သောင်းနဲ့ ၁သိန်းကြားမှာ..ရမယ်.... အထွေထွေ မာန်နေဂျာမှ ဝန်ထမ်းအဖြစ် ခန့်အပ်ပေးမယ့် အတွက်ကြောင့် တစ်ဦးကို ၅သိန်းပေးရမယ်။ ဝန်ကြီးနဲ့ လူကြီးတွေကို ပေးရမှာ ဖြစ်ကြောင်း ဒေါ်မြမြသိန်းမှ ယုံကြည်အောင် လိုက်လံ စည်းရုံးပါတယ်။
မသိနားမလည်တဲ့ ရိုးသားတဲ့ ရွာသူရွာသား (၆)ဦးမှ ဝန်ထမ်းကိုယ်တိုင် လာရောက်စည်းရုံးတဲ့ အတွက်ကြောင့် ယုံကြည်ပြီး နှမ်းတွေရောင်း၊ ပဲတွေရောင်း၊ ယာတွေရောင်းပြီး ရှိစုမယ့်စု ငွေ(၅)သိန်းစီကို ဝန်ထမ်းအဖြစ် ခန့်အပ်ခံရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးအပ်လိုက်ကြပါတယ်။ နေ့ရွှေ့၊ ညရွှေ့ အလုပ်လဲမရ အချိန်တွေ ကြာလာတာနဲ့ အမျှ ဘာသတင်းမှ မကြားရတဲ့ အတွက် ငွေပေးထားတဲ့ တောင်သူ (၆)ဦးမှ မြို့ပေါ်တက်ပြီး အလုပ်ရမရ မေးမြန်း စုံစမ်းရာမှာ ထို(ဒု)ဗိုလ်မှုးကြီးကျော်ဝင်းနဲ့ စာရေးမမြမြသိန်းတို့မှ မောက်မာရိုင်းစိုင်းစိုင်း စကားများဖြင့် ဆဲရေးတိုင်းတာပြီး မောင်းထုတ်ပါတယ်။ တောင်သူတွေမှာ ရှိစုမယ့်စု ငွေလည်းဆုံးရှုံး ၊ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြောခံရ သက်ဆိုင်ရာကို တိုင်ချင်ပေမယ့်လည်း (ဒု)ဗိုလ်မှုးကြီးဆိုတဲ့ အရှိန်အဝါနဲ့ ယူနီဖောင်းကို ကြောက်ရွံပြီး တရားစွဲဖို့လည်းမလွယ် ... မြို့ပေါ်တစ်ခေါက် တစ်ခေါက်တက်ဖို့လည်း စားရိတ်စားက မတတ်နိုင် ဖြစ်နေကြောင်း.. ဆုံးရှုံးသွားတယ့် ငွေအတွက်ကော ..နောက်လူတွေလည်း ဒီလိုအဖြစ်မခံရအောင် အသိပေးစေလိုကြောင်း. ... ယခုအဖြစ်အပျက်ကို သက်ဆိုင်ရာမှ မေးမြန်းစုံစမ်း ဖြေရှင်းပေးစေလိုကြောင်း လိမ်လည်ခံရသူ တောင်သူများမှ အရှင်ဓမ္မရာဇာမှ တစ်ဆင့် ရေးသားပေးပို့လာပါတယ်။