Monday, July 19, 2010

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့

ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသောပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန်(ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထား သည်။

၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

aung_san
နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင် သင့် တွေ့ သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါ လာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။  အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။

ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။

ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။

သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။

ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရ သည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။

ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည် ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက် တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ၊

လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း  ဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်းကိုကျော်၍ဇော်ဂျီ၏အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာ လည်း တံခါး ပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည်ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်းအသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့တဖန်လှည့်၍ ‘‘အထဲမှာအစည်းအဝေးလုပ်နေသလား’’ ဟု မေးရသည်။

ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီးအတွင်းသို့ ၀င်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။

ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက် ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာတိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလိုအုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည်။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော်သည်ထိက်ကနဲဖြစ်သွားသည်။

‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။

‘‘မင်း မကြားသေးဘူးလား’’ဟု ဇော်ဂျီက အံ့သြနေသည်။

‘‘ဟင့်အင်း … ကျနော်အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ’’
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအားစတင်းဂန်းဖြင့်ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။

ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ်တုန်လာ သည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့် ကလေး က လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။

‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည်ငြီးတွားလျက်ရှိကြသည်။

ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်းတရပ်ပဲ’’ ဟု တသသပြောသည်။

‘‘ကျနော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကိုမတားကြ ဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’။

‘‘လူတွေဟာမပြောရက်ကြဘူး’’ ဟု ဇော်ဂျီကဆိုလေသည်။

လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံကပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က ၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စောဘွားကြီးမှ တပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။

‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။

‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’

ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း(ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။

လူတယောက်က ကျနော်၏ လက်မောင်းကိုဆွဲကိုင်၍ ‘‘ဒီမယ်… ခုနက၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူးရင်းအသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက် သည်။ ကားသည် လမ်းမတော်ဘက်သို့ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက်ရှိသည်။

ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍  နေသည်။

ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦး က‘‘အားကီး ရက်စက်တာပဲ’ဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ် ကား ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်းပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။

ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့်ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။

လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။

မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ဟူသောအသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။

တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။

ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။

တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တရေးနိုးတိုင်းသတိရလျက် ရှိသည်။ မကြာခဏအိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်ထိုညကို လွန်မြောက်ရသည်။

၁၉၄၇
သြဂုတ်လ

Thursday, July 15, 2010

မုံရွာရဲစခန်းတွင် ဖမ်းဆီးထားသူတဦး စစ်ဆေးရင်း သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲက ရိုက်နှက် စစ်ဆေးရာမှ ဖောက်ထွင်းမှု သံသယဖြင့် ဖမ်းဆီးခံထား ရသူတဦး ယနေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း သတင်းရရှိသည်။

“မနက် (၁၀) နာရီ လောက်မှာ သူ့မိန်းမက သူ့ယောက်ျားကို သေအောင် ရိုက်တဲ့ရဲတွေကို မကျေနပ်ဘူး ၊ အထက်ကို တိုင်မယ် ၊ ဘုရားကယ်ပါ ၊ တရားကယ်ပါနဲ့ ရပ်ကွက်ထဲမှာ အော်ဟစ်နေတော့မှ သေသွားပြီဆိုတာ သိကြရတာ"ဟု မုံရွာ ဒေါနခြံ ရပ်ကွက် သားတဦးက ပြောသည်။

မုံရွာ ဒေါနခြံရပ်ကွက်အတွင်းရှိ ဒေါ်စန်းရီ၏ နေအိမ်ကို ယခုလ ၁၁ ရက်နေ့လယ်ပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရရာ ငွေကျပ် သိန်း ၅၀ ဖိုးခန့် ပါသွားခဲ့ကြောင်း သိရသည်။

ဖောက်ထွင်းခံရသည့် နေ့မှာပင် တရပ်ကွက်တည်းနေ ကိုရှမ်းကြီး ဆိုသူကို ရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရိုက်နှက်ခံဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

Tuesday, July 13, 2010

ရဲဖြစ်ရသည့် ဘဝ ဒုက္ခ

သူတာဝန်မှူး ကျသော ညများတွင် ပတ္တရောင် လှည့်ကင်း အဖွဲ့က စခန်းသို့ ည ဧည့်သည် မိန်းကလေးများကို ခေါ်လာတိုင်း စိတ်ညစ်ရ၊ စိတ်မကောင်း ဖြစ်ရကြောင်း ဒုရဲအုပ် ကိုကိုလေး (အမည် ပြောင်းထားသူ) က ပြောသည်။

သံတိုင်နောက်ကွယ်မှ မျက်ရည်စီးကြောင်း ထင်းနေသော အပေါစား မိတ်ကပ်မျက်နှာလေးများသည် အသက် ၁၈ နှစ်ပင် ပြည့်သေးဟန် မတူ။ ၁၄ နှစ်၊ ၁၅ နှစ် အရွယ် ကလေး သာသာလေးများကို တွေ့မြင်ရသည့်အခါတိုင်း ပိုပြီး စိတ်ထိခိုက် ရသည်ဟု သူက ဆက်ပြောသည်။


ရန်ကုန် မြို့တော်ခန်းမရှေ့တွင် နေရာယူ စောင့်ဆိုင်းနေသော ရဲများကို အစုအဝေးလိုက် ဤသို့ တွေ့ရသည် (ဓာတ်ပုံ - အေပီ)
“သူတို့ဘ၀ ဆင်းရဲနိမ့်ကျလို့ ဒီဘ၀ ရောက်ကြ ရတယ် ဆိုတာ သိပါတယ်။ တခါတလေ ကျတော်လည်း တွေးမိတယ်၊ ကျနော့်တို့ ရဲတွေရဲ့ အလုပ်က နှလုံးသား မရှိမှ ကောင်းမယ် လို့လေ” ဟု ဒုရဲအုပ် ကိုကိုလေးက ဆိုသည်။

သူ တာဝန် ထမ်းဆောင်နေစဉ် ကာလ တလျှောက်တွင် အပြစ်မရှိဘဲ ဖမ်းဆီး ခံရသူများနှင့် ဆင်းရဲနိမ့်ပါးလွန်း သောကြောင့် ပြစ်မှု ကျူးလွန် ကြသူများကို ကြုံရတိုင်း စိတ်မကောင်း ဖြစ်ရကြောင်း၊ ရဲဘ၀သည် ခက်ခဲ ၀မ်းနည်ဖွယ် ကောင်းသော ဘ၀မျိုး ဖြစ်ကြောင်း သူက ပြောပြသည်။

“တနေ့က စက်ရုံကနေ ပီနံအိတ် ၁၀ အိတ်ခိုးလို့ဆိုပြီး စခန်းရောက်လာတဲ့သူ ရှိတယ်။ အဲဒီပီနံအိတ်ရောင်းလို့ ဘယ်လောက် ရမှာလဲ။ ၅၀၀ ကျပ်လောက်တောင် ရပါ့မလား။ ဒါပေမယ့် သူ့ကို ပုဒ်မ ၃၈၀ … ခိုးမှုနဲ့ အမှုဖွင့်တော့ သူ ကျူးလွန်တဲ့အပြစ်နဲ့ ခံရတဲ့ ပြစ်ဒဏ်က မမျှဘူးဆိုပြီး စိတ်မကောင်းဖြစ်ရပြန်ရော” ဟု သူက လုပ်ငန်းခွင်ထဲတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် တချို့ကို ပြောသည်။

အသားညိုညို၊ မျက်နှာပြည့်ပြည့် အရပ်မြင့်မြင့်နှင့် သူ့ပုံစံမှာ ပြည့်စုံကြွယ်ဝသော ရဲဝန်ထမ်းတဦးတော့ ဟုတ်ပုံမရ။ သို့သော်လည်း သူ့ဇနီးသည်မှာ တရားရေးဝန်ထမ်း အဆင့် ၃ ဖြစ်သောကြောင့် တခြား မိသားစုဝင်များသော ရဲဝန်ထမ်းများ ကဲ့သို့ စားဝတ်နေရေးအတွက် များစွာကျပ်တည်း ခက်ခဲမှု မရှိကြောင်း သိရသည်။

“နှစ်ယောက်စလုံးက ၀န်ထမ်းတွေဆိုတော့ ကျပ်တည်းတဲ့ အချိန်တွေတော့ ရှိပါတယ်။ ကလေးကလည်း တယောက်တည်း ရှိလို့သာ၊ တခြားလူတွေလို သိပ် ရုပ်ပျက်ဆင်းပျက် မဖြစ်တာပါ” ဟု သူက မိသားစု အခြေအနေကို ပြောသည်။

သူ့စခန်းမှ ရဲဝန်ထမ်းအများစုမှာ ကျပ်တည်းစွာ ရုန်းကန်ကြပြီး တချို့မှာ မိသားစု စားဝတ်နေရေးအတွက် နည်းလမ်း မျိုးစုံဖြင့် ရှာဖွေနေကြရကြောင်း၊ ရဲဖြစ်နေသည့်အတွက် မကောင်းမှု ဒုစရိုက်အလုပ်က လွဲ၍ တခြားတဘက်တလမ်းမှ ၀င်ငွေ ရရှိနိုင်သော အလုပ်များ လုပ်နေသည်ကို မသိဟန် ဆောင်ပေးထားရကြောင်း သူက ပြောသည်။

ရဲဝန်ထမ်း လစာငွေဖြင့် မလုံလောက်သောကြောင့် မိသားစု စားဝတ်နေရေးအတွက် အိမ်တန်းလျားနောက်တွင် နို့စားနွား ၂ ကောင်မွေးကာ နွားနို့ပို့သော အလုပ်ကို လုပ်နေကြောင်းကို ရဲတပ်ကြပ် မောင်မောင် (အမည်ပြောင်းထားသူ) က ပြောပြသည်။

ဆိုင်ကယ်ရှေ့ခြင်းထဲတွင် နွားနို့်ထည့်ထားသော ရေသန့်ဘူးတချို့ကို ထည့်ပြီး ညနေ ၅ နာရီမှ ည ၉ နာရီ အချိန်အတွင်း ဖောက်သည်အိမ်များသို့ လှည့်ရောင်းကြောင်း၊ ထို ၀င်ငွေဖြင့် အထက်တန်းကျောင်းသားနှင့် အလယ်တန်းကျောင်းသူ သားနှင့် သမီးအား ကျောင်းထားပေးနေရကြောင်း သူက ဆိုသည်။

“နွားနို့က ရေသန့်ဘူး တဘူးဆိုရင် ၅၀ သားရှိတယ်။ ၅၀ သားကို ၁၀၀၀ ကျပ်နှုန်းနဲ့ မှာတဲ့ အိမ်အရောက် ပို့ပေးတယ်” ဟု ရဲတပ်ကြပ် မောင်မောင်က ပြောပြသည်။

၂၄ နာရီ အလုပ်လုပ်ရသော ရဲဝန်ထမ်းများ အနေနှင့် ထိုကဲ့သို့ နွားနို့ပို့ခြင်းအလုပ်မျိုး မလုပ်သင့်မှန်း သိသော်လည်း မိသားစု စားဝတ်နေရေးအတွက် လုပ်နေရခြင်း ဖြစ်ကြောင်း သူက ပြောပြသည်။

“ဒုစရိုက် လုပ်ငန်းတွေဆီက ရတိုင်း ယူကောင်းတာ မဟုတ်ဘူး။ သူတို့ဆီက ယူထားတော့ စီမံချက်ရှိလို့ ဖမ်းရဆီးရတဲ့အခါ သူတို့က အငြိုးထားပြီး လက်တုံ့ပြန်တာမျိုးတွေ ရှိတယ်” ဟု ရဲတပ်ကြပ် မောင်မောင်က ရှင်းပြသည်။

ရဲဝန်ထမ်းတယောက်၏ လစာငွေမှာ အနိမ့်ဆုံး ကျပ် ၃၅၀၀၀ နှုန်းမှ စခန်းမှူးအဆင့်အထိ အမြင့်ဆုံး လစာငွေမှာ ကျပ် ၁ သိန်း ၈ သောင်းဝန်းကျင်သာ ရှိကြောင်း၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ရဲများသာလျင် လစာ ကောင်းမွန်ကြောင်း သိရသည်။

လစာငွေဖြင့် မလုံလောက်သည့်အတွက် အကြွေးတင်နေသော သတင်းတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ကျော်ကျော် (အမည်ပြောင်းထားသူ) သည်လည်း နယ်မြေစစ်ဆေးရင်း အငှားယာဉ်မောင်းနေကြောင်း သိရှိရသည်။ တက္ကစီဘုတ် တပ်မထားသော နံပါတ်အနက် စူပါဆလွန်းကားဖြင့် မှတ်တိုင်များ အနီးတွင် ရပ်ကာ ခရီးသည်ရှာဖွေရကြောင်း သူက ပြောပြသည်။

“လူဆိုးဖမ်းစရာရှိရင်တော့ ဒီကားကို သုံးတယ်။ ဒီလို လှည့်ကြည့်ရတဲ့ အချိန်တွေမှာတော့ လမ်းကြုံရင် ခရီးသည်တွေ
ပို့ပေးတာပေါ့” ဟု အဆိုပါ ရဲတပ်ကြပ်ကြီးက ပြောသည်။

လစာငွေဖြင့် မလုံလောက်သော ရဲဝန်ထမ်းတချို့မှာ စားဝတ်နေရေး အဆင်ပြေရန်အတွက် သူ့လိုပင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေထိုင်ကြရကြောင်း၊ အများ ထင်မှတ်သကဲ့သို့ ရဲဝန်ထမ်းတိုင်း ၀င်ငွေကောင်းကြသည် မဟုတ်ကြောင်း သူက
ရှင်းပြသည်။

“အပိုကြေးရတယ် ဆိုတာလည်း ရဲတယောက်အနေနဲ့ ဘယ်လောက်ရနိုင်မှာလဲ။ လစာ ၃ သောင်းကျော်လောက် ရတဲ့သူက အပိုကြေး ၃ သောင်းလောက်ရတယ်၊ လစာ ၁ သိန်းလောက်ရတဲ့သူကတော့ အပိုကြေး ၁ သိန်းနီးပါးလောက် ရတယ်။ အရာရှိမဟုတ်ရင် အများပြောသလို ထင်သလောက် မရပါဘူး” ဟု သူက ဆက်ပြောသည်။

၎င်းတို့ တာဝန်ကျရာ မြို့နယ်များအတွင်းရှိ ၁ လုံး (ဘောလုံး) ဒိုင်၊ နှစ်လုံးဒိုင်၊ သုံးလုံး (ယိုးဒယားချဲထီ) ဒိုင်များ၊ လိုင်စင်မဲ့ အရက်ဆိုင်များ၊ အနှိပ်ခန်းများ၊ တရားမ၀င်ရောင်းချကြသော လမ်းဘေးဈေးသည်များ စသည့် ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများကို လုပ်ကိုင် နေကြသူများထံမှ တရားမ၀င် အပတ်စဉ်ကြေး၊ လစဉ်ကြေးအဖြစ် ငွေကြေးမှန်မှန်ရတတ်ကြောင်း၊ ရဲဝန်ထမ်းများသည် တခြားသော အစိုးရ ဝန်ထမ်းများကဲ့သို့ပင် အစိုးရပေးသော လစာငွေနှင့် မလုံလောက်သောကြောင့်  ထို ကြားပေါက်ငွေများကို ယူရခြင်း ဖြစ်ကြောင်း ရဲဝန်ထမ်းများက ဆိုသည်။

သို့ရာတွင် ထို ငွေများကို စခန်းရှိ ၀န်ထမ်းများက ရာထူးအလိုက် ခွဲဝေယူကြရကြောင်း၊ အနိမ့်ဆုံးအဆင့် ရဲဝန်ထမ်းမှာ
အနည်းဆုံး ရတတ်ကြောင်း၊ ထို့အပြင် ထိုငွေများထဲမှ စခန်းအတွက် လိုအပ်သော ဆိုင်ကယ်၊ ကားပြင်ဆင် စရိတ်မှစ၍ စခန်းတွင်းသုံး ပစ္စည်းများကိုလည်း ၀ယ်ယူသုံးစွဲကြရသေးကြောင်း ရဲဝန်ထမ်းများက ပြောဆိုကြသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲကာလ ကဲ့သို့ ဘောလုံးလောင်းကစားဒိုင်များ အလုပ်ဖြစ်ကြသော ကာလများတွင် ထိုဒိုင်များက ဒိုင်ကြီးလျှင် ကြီးသလို ငွေကျပ် ၅ သိန်း၊ ၁၀ သိန်းမှ သိန်း ၂၀ အထိ ပေးတတ်ကြောင်း၊ သို့သော်လည်း မြို့နယ် စီမံချက်များ ရှိလာလျင် တာဝန်ယူပေးရကြောင်း၊ ထို့အပြင် တိုင်တန်းသူ ရှိလျင်တော့ မဖြစ်မနေ အရေးယူရကြောင်း သိရသည်။

ရဲဝန်ထမ်းများအနေဖြင့် မိမိ တာဝန်ကျရာ မြို့နယ်အတွင်းရှိ ဥပဒေနှင့် ငြိစွန်းသည့် လုပ်ငန်းများထံမှ လစဉ်ကြေး ယူနေသည့်အတွက် မျက်နှာနာနေရသည့် အဖြစ်များလည်း ရှိကြောင်း၊ အထက်က တာဝန်ပေးသဖြင့် သွားရောက် ဖမ်းဆီးရပါက ပြဿနာဖြစ်ခြင်း များနှင့်လည်း ကြုံတွေ့ရကြောင်း၊ ယခုအခါ ရဲများအား ဒေသခံနယ်မြေကို မ၀င်ခိုင်းတော့ဘဲ
အခြားမြို့နယ်များသို့ နယ်မြေလွှဲကာ ၀င်ခိုင်းလျက်ရှိကြောင်း သိရသည်။

ဇွန်လကုန်ပိုင်းက လှိုင်မြို့နယ်မှ ရဲများသည် လောင်းကစားဒိုင် အိမ်တအိမ်ကို သတင်းကြားသောကြောင့် ၀င်ဖမ်းရာ အရပ်သားများက လိုင်းကြေးပေးလျက်နှင့် ၀င်ဖမ်းသည်ဆိုပြီး မကျေမနပ်ဖြစ်၍ ၀င်ဖမ်းသော ရဲများအား ဓားပြများဟု ဆိုကာ ဓားဖြင့်ခုတ်ခြင်း၊ တုတ်ဖြင့် ၀င်ရိုက်ခြင်းများ ပြုလုပ်သောကြောင့် ရဲဝန်ထမ်း ၆ ဦးခန့်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ မြို့နယ်မှ အရပ်သား ၂၀ ခန့်ကိုလည်း ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။

“ငွေညှစ်တတ်တဲ့ ရဲက ပိုခံရတယ်။ တရားခံဘက်က ခံရပြီဆိုရင်မှတ်ထား၊ တေးထားပြီးတော့ အခွင့်သာတဲ့အခါ ချောင်းရိုက်တာတို့၊ ဓားနဲ့ ထိုးတာတို့၊ အထူးသဖြင့် နယ်ထိန်းတွေက အဲဒီလို အဖြစ်အပျက်တွေ ပိုပြီး တွေ့ရတတ်တယ်” ဟု ရဲအရာရှိဟောင်း တဦးက ပြောဆိုသည်။

ရဲဆိုသည်မှာ ပြည်သူလူထု၏ ၀န်ထမ်းဖြစ်သည့်အလျောက် လူထုအပေါ်တွင် မိမိကိုယ်ကိုယ် အုပ်ချုပ်သူ လူတန်းစားအဖြစ် မမှတ်ထင်သင့်ကြောင်း၊ ရဲဝန်ထမ်းများသည် ရာဇ၀တ်မှုများနှင့် ဆက်စပ်နေသည့် အတွက် လူတိုင်းကို တရားခံဟု
မယူဆသင့်ကြောင်း၊ ဖမ်းဆီး ခံရသူကိုလည်း တရားခံအဖြစ် တွန်းပို့တတ်သည့် အလေ့ကို ရှောင်ရှားသင့်ကြောင်း သူက ဆက်ပြောသည်။

“ရဲတွေမှာ ကိုယ်ကျန်းမာရေးက အရေးကြီးသလို၊ စိတ်ကျန်းမာရေးကလည်း အရေးကြီးတာပဲ။ စိတ်ကျန်းမာ ဖို့အတွက် ဆိုရင်တော့ ကိုယ့်လိပ်ပြာ ကိုယ်သန့်နေဖို့က အရေးအကြီးဆုံးပဲပေါ့။ ကိုယ့်ကြောင့် အပြစ်ရှိသူ ၁၀၀ လွတ်ချင်လွတ်သွားပါစေ၊ အပြစ်မဲ့သူ တယောက်ကို မဖမ်းမိပါစေနဲ့ ဆိုတာလေးလည်း နှလုံးသွင်းသင့်တယ်” ဟု အဆိုပါ ရဲ အရာရှိဟောင်းက ပြောသည်။

ယခုခေတ်ရဲများသည် မြို့နယ်တွင်း မှုခင်းကိစ္စများသာမက နိုင်ငံရေးကိစ္စများကိုပါ အထက်က တာဝန်ပေးသည့်အတိုင်း ဖမ်းဆီးနေရသောကြောင့် ယခင်ခေတ်ရဲများထက် ပိုမို လူမုန်းများလာကြသည်ကို တွေ့မြင်ရကြောင်း၊ ရဲအရာရှိ တချို့ဆိုလျင် ရဲအလုပ်ကို စိတ်ပျက်သည်ဟုပင် ပြောဆိုလာကြကြောင်း အဆိုပါ ရဲအရာရှိဟောင်းက ပြောသည်။

“အထက်က အမိန့်နဲ့ အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းရတဲ့အခါ စိတ်ဓာတ် ပျက်ပြားတယ်တဲ့ ကိုယ့် တပည့်ဖြစ်ဖူးတဲ့ ဒုတိယ ရဲမှူးကြီး တယောက်ကပြောတာ။ သူလည်း ဒီအလုပ်ကနေ ပင်စင်ယူချင်ပြီလို့ ညည်းနေတယ်” ဟု သူက ဆက်ပြောသည်။

ဒုရဲအုပ်ကိုကိုလေးကလည်း “ရဲဆိုရင် မိုက်တယ်၊ အထက်ကို ကပ်တယ်၊ ညစ်တယ်၊ လူတွင်ကျယ် လုပ်တယ်။ သူများအပေါ် လူလည်လုပ်တယ်၊ မိုက်ရူးရဲ ဆန်တယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ တွဲမြင်ကြပြီး လူတွေ ရွံမုန်းကြီး ဖြစ်နေတာကလည်း
အင်မတန် ၀မ်းနည်ဖွယ်ကောင်းပါတယ်။ အဲဒီအမြင်ကို ပြောင်းလဲပေးဖို့အတွက် ကြိုးစားနေထိုင်သင့်တယ်” ဟု လက်ရှိ ခေတ်  ရဲဘ၀ကို သုံးသပ်ပြောဆိုသည်။

Friday, July 02, 2010

ကြောက်ခမန်းလိလိ အခွန်ထိပုံက

ဗိုလ်ချုပ်ကြီးတွေရဲ့ အစီအစဉ်နဲ့ လမ်းကြောင်းပိတ်ဆို့ပြီး ဂိတ်ဖွင့်ဓားပြတိုက်စားတဲ့ မူဆယ်-လားရှိုး-မန္တလေး ကားလမ်းနဲ့ ကျနော်တို့ ကားသမားတွေရဲ့ ဘဝဒုက္ခအကြောင်း တင်ပြချင်ပါတယ်။

ကျနော်ဟာ ဘွဲ့ရတယောက်ဖြစ်ပြီး၊ ဒီကားလမ်းကြောင်းမှာ ပြေးဆွဲနေတဲ့ ကားသမားတယောက်ပါ။

ဒီလမ်းမှာ ပြေးဆွဲနေတဲ့ ကားအမျိုးအစားတွေက စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ ဆွေတော်မျိုးတော်တွေ ပိုင်တဲ့ Express လေအိတ်မှန်လုံကား၊ Hilux ကား၊ Light Truck ကားတွေ အများဆုံးပါ။ တတ်နိုင်တဲ့ ကုန်သည်တွေက လေအိတ်ကားနဲ့ ဗင်ကားတွေ စီးပါတယ်။ မတတ်နိုင်တဲ့ ကုန်စိမ်းသမား၊ တပိုင်တနိုင် အထည်ကုန်သည်၊ ဆိုင်ကယ်စီးသမားနဲ့ ဆင်းရဲသားတွေက တယောက်ကို ကျပ် ၂၅ဝဝ နဲ့ ၃ဝဝဝ ကြား လက်မှတ်ခ ကျတဲ့ Hilux နဲ့ Light Truck ကို စီးပါတယ်။ လေအိတ်ကားက တယောက်ကို ၆၅ဝဝ နဲ့ ၇ဝဝဝ ကြား၊ ဗင်က ကျပ် ၁၃ဝဝဝ နဲ့ တသောင်းခွဲကြား ဖြစ်ကြပါတယ်။ Hilux တွေနဲ့ Light Truck တွေက လူတင်ရုံ ပြေးဆွဲရင် တွက်ခြေမကိုက်တာကြောင့် ကုန်ပါတင်ကြရပါတယ်။

ကုန်ဆိုတာလည်း ၁ဝ၅ မိုင်ဂိတ်နဲ့ သိန္နီ ရေပူဂိတ်တွေကို အဆင့်ဆင့် စစ်ဆေးခံ၊ ဓားပြတိုက်ခံ၊ အဆဲအဆိုခံပြီး တင်လာရတဲ့ ကုန်တွေပါ။ ကြက်သွန်ဖြူ၊ ဂျုံ၊ ဒေသထွက် အာလူး၊ အပေါစား အထည်၊ အပေါစား အလှကုန်တွေ။ အကောင်းစား အထည်၊ အလှကုန်၊ နာရီသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေက ဗိုလ်ချုပ်ကြီးတွေ ပိုင်တဲ့ Express လူစီးသီးသန့် လေအိတ်ကားတွေအတွက်ပါ။ Hilux နဲ့ Light Truck ကားတွေက ဆင်းရဲသား တပိုင်တနိုင် ကုန်သည်လေးတွေရဲ့ ကုန်တွေနဲ့ Express ကားအကျန် ကုန်လေးတွေ လိုက်တင်ရပါတယ်။

လားရှိုးရောက်ရင် ခရီးသည်ရှာရ၊ ကြွင်းကျန်ကုန်လေးတွေကို အပြေးအလွှား ရှာကြရပါတယ်။ တခါတလေ ၂ ရက်လောက် အိပ်စောင့်ရတယ်။ ပါလာတဲ့ငွေ ကုန်ပေါ့။ ကုန်ရှာလို့ရရင် ကုန်သွားတင်။ အဲဒီကုန်တင်တဲ့ အချိန်ကနေ စတော့တာပဲ။ လားရှိုးရဲနဲ့ နယ်ထိန်းဆိုတဲ့ ဓားပြတွေ ရောက်လာပြီး တောင်းတော့တာပါ။ တယောက်ကို ၅ဝဝ-၁ဝဝဝ ပုံမှန်ပေးရတယ်။ ဒါက သမာအာဇီဝလုပ်စားတဲ့ ဓားပြတွေပါ။ ပေးကြေးလေးပဲ ယူတဲ့သူပေါ့။ နယ်ထိန်းဆိုတဲ့ သူတွေကျ ဒီ့ထက်ဆိုးပါတယ်။ ’’ဟေ့ကောင် … ငါက နယ်ထိန်းကွ’’ ဆိုရင် ၃ဝဝဝ လောက်တော့ အသာလေး ပါသွားပြီ။

ဒါနဲ့ပဲ မိုးကာခင်း ကြိုးတုတ်ပြီး သွားတယ်။ ဘာ့လို့ မိုးကာခင်းရသလဲဆို တဝက်က ခရီးသည်အတွက် ချန်ရတယ်။ ဘီးလည်း စလိမ့်ရော ယာဉ်ထိန်းနဲ့ တွေ့တော့တာပဲ။ ကံမကောင်းရင် ချောလိုက်ရသေးတယ်။ နေပြည်တော်ဆိုလား၊ အပူပျော်ဆိုလားပဲ။ ယာဉ်ထိန်းလည်း နယ်ထိန်းလိုပဲပေါ့။ ခရီးသည်လေး နည်းနည်းရပြီဆိုရင် စထွက်တော့တာပေါ့။ မန်းမြို့တော်ဆီသို့။

ထွက်ထွက်ချင်း တားနေပါပြီ။ မြို့ထွက်မှာ ယာဉ်ထိန်း၊ တပ်ထိန်း၊ မူးယစ်၊ အကောက်ခွန်၊ ရဲအထူးသတင်းတပ်ဖွဲ့၊ စသုံးလုံးတို့က မွေးထားပြီး ပိုက်ဆံလိုက်တောင်းခိုင်းတဲ့ တယောက်ကို ကျပ် ၅ဝဝ ပေးရပါတယ်။ ဆက်ထွက်လာတော့ ခေးနင်းအေးရှားဝေါလ်ဂိတ်လည်း ရောက်ရော လမ်းအသုံးပြုကြေး ၅ဝဝ ပေးနေချိန်မှာ သူလည်းပဲ ရောက်လာပါတယ်။ နောက်တော့ ပို့ဆက်ဆိုတာနဲ့ တွေ့ပါလေရော။ ကျနော်တို့ကားက လုပ်ငန်း မလုပ်ရတဲ့ Light Truck ကားဆိုတော့ ဒဏ်ငွေ တသောင်းတဲ့။ ပြည်တွင်းပြန်ဆင်တဲ့ ကားမို့လို့ လုပ်ငန်းမပေးတာပါ။

ပို့ဆက်အပြီးမှာ အကောက်ခွန်။ ကျပ် ၃ဝဝဝ ပေးတာ အားမရလို့ ထပ်တောင်းလို့ ကျပ် ၇ဝဝဝ နဲ့ ဈေးတည့်သွားပါတယ်။  နောက်ခါကျ ရဲ။ သူ့ကို ကျပ် ၅ဝဝဝ၊ ယာဉ်ထိန်းရဲကျတော့ ၁၅ဝဝ၊ တပ်မတော်တပ်ထိန်းက ကားတွေပါ ဆင်းထိန်းနေတော့ ကျပ် ၂ဝဝဝ ပေးရပြန်ရော။

သီပေါတံတားရောက်ရော ရဲတံတားလုံခြုံရေး ၁ဝဝဝ၊ ယာဉ်ထိန်းက ၅ဝဝ၊ သီပေါအေးရှားဝေါလ်မှာ ရဲလုံခြုံရေးနဲ့ နယ်ထိန်း ၁၅ဝဝ၊ ဆက်ထွက်လာတော့ တံတားလုံခြုံရေးအတွက် ၁ဝဝဝ တဲ့။ ကျောက်မဲရောက်တော့ ခရာသံကြားလို့ ရပ်တော့ တပ်ထိန်းမွေးထားတဲ့ တယောက်အလှည့်။ သူ့ကို ကျပ် ၁ဝဝဝ ပေးရတယ်။ နောင်ချိုအဝင်ကျ မူးယစ်ဓားပြနဲ့ တိုးရပြန်ရော။ သူ့ကျ တသောင်းခွဲ။ ဆက်ထွက်လာတော့ နောင်ချိုယာဉ်ထိန်းအတွက် ၁ဝဝဝ။ ဝက်ဝံအရောက် ၁၅ဝဝ။ မေမြို့အဝင် ယာဉ်ထိန်းက ၁ဝဝဝ။ လုံခြုံရေးရဲက ၅ဝဝ။ မေမြို့အထွက် ယာဉ်ထိန်းရဲက ၅ဝဝ။ ပို့ဆက်ကိုကျ တောင်းတောင်းပန်ပန်နဲ့ တသောင်းခွဲ ပေးခဲ့ရတယ်။ တနေ့ထဲ ဒဏ်ငွေ ၂ ခါဆောင်ရတာပေါ့ဗျာ။

၁၆ မိုင်ဂိတ် ရောက်ပြီ။ ရဲမေဆီကို ဂိတ်ပတ်စ်ရေးခ ၂ဝဝဝ။ ကားနားမှာ ဟိုလှန်ဒီလှန်နဲ့ အကောက်ခွန်ကိုကျ တသောင်းခွဲ။ အဲဒီဂိတ်မှာပဲ ၁၃ဝဝဝ၊ မူးယစ်အတွက်ကျ တသောင်း၊ အထူးရဲသတင်းတပ်ဖွဲ့ကို ကျပ် ၂ဝဝဝ၊ လဝက က မှတ်ပုံတင်စစ်တဲ့ လူမို့လို့ ကုန်စစ်တဲ့အခါ ၁၇ဝဝဝ။ မပေးရင် ဘီးမလှိမ့်နဲ့လို့ ခြိမ်းခြောက်ပါတယ်။ ထပ်လာတာက အလုပ်သမားအဖွဲ့။ သူ့ကိုကျ ၁ဝဝဝ တဲ့။ မောင်းတံလည်း ရောက်ရော ရဲက ၃၅ဝဝ။

တင်လာတဲ့ ကုန်ဖိုးလေး ကုန်ပါလေရော။ ထပ်ပြီးတွေ့ရပြန်တာက ပို့ဆက်။ တောင်းပန်ပြီး ၅ဝဝဝ ပေးခဲ့ရပါတယ်ဗျာ။

ဒီအဖြစ်အပျက်က ပြီးခဲ့တဲ့လ ၂၄ နဲ့ ၂၅ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်လေး ဖြစ်ပါကြောင်း။


ကားသမားတဦး
(မူဆယ်-လားရှိုး-မန္တလေး ကားလမ်း ပြေးဆွဲသူ)

Thursday, July 01, 2010

ချေးငွေကို အမြီးဖြတ် ခေါင်းဖြတ် လုပ်နေကြ

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ကိုင်းကျေးရွာမှ လယ်သမားတွေကို အစိုးရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးတဲ့အခါမှာ ဘဏ်ဝန်ထမ်းတွေနဲ့ ကျေးရွာ ယရက အာဏာပိုင်တွေ ပေါင်းပြီး ငွေတွေ ဖြတ်ယူနေပါတယ်။

မနေ့က ထုတ်ချေးတဲ့အခါမှာ ဓာတ်မြေသြဇာအတွက် ကျပ် ၁၈ဝဝဝ၊ လချေးကျောက်မှုန့်အတွက် ကျပ် ၃ဝဝဝ၊ စာရွက်စာတမ်းဖိုး ၂၅ဝဝ ကျပ် ဖြတ်တယ်။ အားလုံးပေါင်း ၂၃၅ဝဝ ကျပ် ဖြတ်ယူဖို့ ညောင်ကိုင်းကျေးရွာ ဥက္ကဋ္ဌ ဦးအေးလွင်က ငွေထုတ်တဲ့အချိန်မှာ ထိုင်ပြီးတော့ ဘဏ်ဝန်ထမ်းတွေကို ပြောတာပါ။

မနှစ်ကကျတော့ စာရွက်စာတမ်းဖိုးဆိုပြီး ကျပ် ၃ဝဝဝ ဖြတ်ခဲ့ပါတယ်။ ဒီနှစ်ပိုတာက ဓာတ်မြေသြဇာ တအိတ်၊ သဘာဝ လချေးကျောက်မှုန့် တအိတ် ဆိုပြီး ပိုဖြတ်လာတာပါ။ အဲဒီအမှုန့်ကို မသုံးချင်တဲ့ လူလည်း မသုံးချင်ဘူး။ မယူဘူးဆိုလည်း မရဘူး။ နောက်ပြီးတော့ ချက်ချင်းရတာလည်း မဟုတ်ဘူး။ ဘယ်ကုမ္ပဏီက ထုတ်တယ်ဆိုတာလည်း မသိသေးပါဘူး။ ကြိုပြီး ဖြတ်လိုက်တာပါ။

ဒါ့အပြင် ၂၇ ရက်နေ့တုန်းကလည်း အဲဒီ ယရက ဥက္ကဋ္ဌ ဦးအေးလွင်က သီးစားခ ပြေစာအတွက်ဆိုပြီး လယ်သမားတယောက်ကို ၃ဝဝဝ ကျပ်စီ ဖြတ်ယူခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ ဝေါမြို့နယ် မယက ရုံးကို တိုင်ကြားပေမယ့် လုပ်ပေးပါ့မယ်၊ ဘာညာဆိုပြီးတော့ အခုထိ လုပ်မပေးပါဘူး။

လယ်သမားတွေကို အစိုးရက စိုက်ပျိုးစရိတ်ချေးငွေဆိုပြီး တဧက ၂ သောင်းနှုန်း ထုတ်ချေးပေးပါတယ်။ ဒါပေမဲ့ ၁ဝ ဧက ကျော်တဲ့ တောင်သူတွေကိုလည်း ၂ သိန်းပဲ ချေးပေးပါတယ်။ ဒီချေးငွေက မလုံလောက်ပါဘူး။ စိုက်ပျိုးတဲ့ အချိန်ကနေ ရိတ်သိမ်းတဲ့အချိန်ထိဆိုရင် တဧကကို ကျပ် ၁ သိန်း ၁ သောင်းလောက် ကုန်ကျပါတယ်။

ကျနော်တို့ ညောင်ကိုင်းကျေးရွာမှာ လယ်သမားစုစုပေါင်း ၃၈၈ ဦး ရှိပါတယ်။

အထက်လူကြီးတွေ သိစေဖို့ ကျနော်တို့ ပြောပြတာပါခင်ဗျာ။

လယ်သမားအချို့
ညောင်ကိုင်းကျေးရွာ
ဝေါမြို့နယ်၊ ပဲခူးတိုင်း။