Friday, September 26, 2008

ဆိုင်ကယ်မောင်မောင်နှင့် သူ၏ အိပ်မက်ဆိုးများ

“ငါ့ကိုမခေါ်နဲ့ …. မခေါ်ကြပါနဲ့” ဟူသော အသံနက်ကြီးကို ယမန်နှစ် နိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏ အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ကြရသည်။

နောက်တနေ့ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကိုသာ သူ့အိပ်ရာထက်တွင် မြင်တွေ့ကြရ သည်ဟု အင်းစိန်မြို့နယ် ဖော့ကန်ရှိ သူ့အိမ်နား ပတ်ဝန်းကျင်တွင် နေထိုင်သူတို့က ပြောပြကြသည်။

“သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကြီးတွေကိုကော လူကြီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှာ ရိုက်ခဲ့ တာပေါ့ဗျာ” ဟု သူ့အိမ်နီးချင်း တဦးက ဆိုသည်။

ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူ့အမည်ရင်းက မောင်မောင်။ သို့သော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကြောင့် သူ့ကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။


“ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ့။ ကျော်ဟိန်းညီ ဇော်ဇော် တို့လိုပုံစံ” ဟု သူ့ကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။

ဆိုင်ကယ်မောင်မောင်ရဲ့ အပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သို့သော်လည်း သူ့အကျိုး စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။

“ကျနော့် ဆိုင်ကယ်ထဲက စက်ပစ္စည်းတွေတောင် ဖြောင်ဖူးတယ်ဗျ” ဟု သူနှင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။

ယခင်နှစ် စက်တင်ဘာ အရေးတော်ပုံကာလ မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာများ နှင့် လူထုကို နှိမ်နင်းရန် “စွမ်းအားရှင်” ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်း စွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။

စွမ်းအားရှင်ဆိုသည့် လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃာနှင့် ပြည်သူ လူထုကို အသားလွတ် ရိုက်နှက်ကန်ကျောက်ဖို့ ဆိုသည်က အနည်းနှင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရရုံ ဒါမှမဟုတ် အကျိုး စီးပွား တခုခုရရုံသက်သက်ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်း လုပ်ဖို့ဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်သူတို့ အတွက် မလွယ်လှ။

“ဆိုင်ကယ် မောင်မောင်က သိပ်ပြီး နလပိန်းတုံးတော့ မဟုတ်ဘူးဗျ။ လုံးဝ မတွေးတတ် မခေါ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ သူ့အကျိုးစီးပွားတခုခုကြောင့် ခိုင်းတာလုပ်ရင်း ကျွံသွားတာလို့ ထင်တယ်” ဟု သူနှင့် ဆက်ဆံဖူးသူတဦးက ပြောပြသည်။

ဆိုင်ကယ်မောင်မောင်၏ အဖြစ်အပျက်က တချို့သော အခွင့်အရေးမားများ၊ အကျင့်ပျက် ခြစားသူများ နည်းတူ သိပ်မထူး ဆန်းလှ။ သူ့အပေါင်းအသင်းများက ရဲများ၊ စစ်သားများ နှင့် ကြံ့ဖွံ့များဖြစ်သည်။ ထိုသူများနှင့် သူက အပေးအယူရှိသည်။ ထို့ကြောင့်ပဲသူက စွမ်းအားရှင်တဦး ဖြစ်လာခဲ့သည်။ စွမ်းအားရှင် တဦးအဖြစ် စစ်အာဏာပိုင်များထံမှ လက်ကိုင်ဖုန်း ပါမစ် အပါအဝင် တခြားသော အခွင့်အရေးများရသည်။

အချုပ်မှာတော့ မနှစ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ့ အပြစ်မဲ့ သံဃာများနှင့် ပြည်သူလူထုကို ရိုက်နှက် နှိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူ့ အိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန် တော်မူရသည်ဟု သိရသည်။

သူ့ပုံကို ဂြိုဟ်တု ရုပ်မြင်သံကြားသတင်းများတွင် မြင်ရသည်ဟုလည်း ဆိုသည်။ ထိုသတင်း များတွင် သူက သံဃာများနှင့် လူထုကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ကို မြင်ရသည် ဟု သူ့အိမ်နီးချင်းများက ပြော သည်။

အဲဒီနောက်မှာတော့ သူ့ပတ်ဝန်းကျင်က သူ့ကို စက်ဆုပ်ရွံ့ရှာကုန်ကြသည်။ ဗုဒ္ဓဘာသာဝင် တဦးဖြစ်လျှက် နှင့် လက်နက်မဲ့ သံဃာများကို ရိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေါ်အပြောမလုပ်ချင်ကြတော့။

ကောလာဟလများကလည်း ပျံ့နှံ့နေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာများနှင့် လူထုကို နှိမ်နင်းရန် တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များကို မူးယစ်ဆေးတချို့ ကျွေးထားသည် ဟူ၍ဖြစ်၏။ ဟုတ်မ ဟုတ်တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်း ကျင်က လုံးဝကြဉ်လိုက်ကြပြီဖြစ်သည်။

တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာများနှင့် လူထုကို နှိမ်နင်းအပြီး ၆ ပတ်ခန့်အကြာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။

ပတ်ဝန်းကျင်ကတော့ သူ့ကို သရဲဖမ်းစားသည်ဟုပြောကြသည်။ နိုဝင်ဘာတညတွင် သူ့ကို ခွေးမည်းကြီး တကောင်က ခုန်အုပ်ကာ ကိုက်ခဲသဖြင့် လဲကျခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိ မည်သူ တစုံတဦးကမှ ထိုခွေးမည်းကြီး ကိုမတွေ့လိုက်ကြ။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်ခွေး တကောင်မျှ မရှိဟု ဆိုကြသည်။

အဲဒီနောက်တွင်တော့ သူ့ပတ်ဝန်းကျင်က “ငါ့ကိုမခေါ်ကြပါနဲ့ … မခေါ်ကြပါနဲ့” ဟူသော ဆိုင်ကယ် မောင်မောင်၏ အသံနက်ကြီးကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားကြရတော့၏။

ကျန်ရစ်သူမိသားစုက ဆိုင်ကယ်မောင်မောင်၏ အသုဘအတွက် သရဏဂုံတင်ရန် ဒေသခံ သံဃာတော်များ ကို ပင့်ဆောင်၍ မရရှိခဲ့ပေ။ တခြားသော ဒေသမှသံဃာတော်များကို ပင့် ဆောင်ရာ၌လည်း အခက်အခဲ ဖြစ်နေကြသည်။ အသုဘကို ၁ ပတ်ကျော်သည်ထိ မချရဘဲ ဖြစ်နေခဲ့သည်။ ရက်အနည်းငယ် အကြာမှ သံဃာတချို့ကို ပင့်ဆောင်နိုင်ခဲ့ပြီး အသုဘ အခမ်းအနား ကျင်းပခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်မောင်မောင်၏ အသုဘအခမ်းအနားကို သူမသေခင်က ကြဉ်ခဲ့ကြသော ဖော့ကန် တရပ်ကွက်လုံး က အထူး အဆန်းသဖွယ် လိုက်ပါပို့ဆောင်ကြသဖြင့် သင်္ချိုင်းပင် လျှံထွက် သွားခဲ့သည်။ သို့ရာတွင် သူ့ဝိဥာဉ် ကတော့ အထီးကျန် စိတ်ကို ခံစားရင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

“သူက နည်းနည်း စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုတော့ စိတ်ထဲမှာတနုံ့နုံ့ခံစားရင်း စိတ္တဇ ဖြစ်သွားတာ။ သရဲခေါ်သွားတာ လည်း မဟုတ်ဘူး၊ တခြားရောဂါကြီးတွေ ခံစားရတာလည်း မဟုတ်ဘူး၊ သူ့ရဲ့အရိပ်က သူ့ကိုပြန်သတ်သွားတာ” ဟု ဆိုင်ကယ်မောင်မောင်၏ အိမ်နီးချင်း တဦးကပြောပြသည်။

ဆိုင်ကယ်မောင်မောင်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်နေသည့် အထီးကျန်ဝိဥာဉ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူသတ်စစ်အာဏာရှင်များ၏ အိပ်မက်များထဲကို ညစဉ်လည်ပတ်ရင်း ခြောက်လှန့်နေကြ သည်ဟု ဆိုလျင် မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။

Friday, September 05, 2008

မာလာရုံ ဆရာတော်အား အမည်မသိ လူတစုက ဖမ်းဆီး

ရန်ကုန်တိုင်း သံလျင်မြို့ရှိ မာလာရုံ ကျောင်းတိုက်ကို အမည်မသိ အရပ်ဝတ်လူတစုက ယနေ့နံနက်တွင် ၀င် ရောက်စီးပြီး ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့် ရှောက်အသင်း (မြန်မာနိုင်ငံ) အေအေပီပီ က သတင်းထုတ်ပြန်သည်။
အရပ်ဝတ်နှင့် အင်အား(၂၃)ဦးပါ အမည်မသိလူတစ်စုက မာလာရုံ ကျောင်းတိုက်အား ယနေ့နံနက် (၂)နာရီ ခန့်တွင် ၀င်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသ သက်တော် (၅၈) နှစ်အား ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်ဟု အေအေပီပီ ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
“သူတို့ဖမ်းဆီးတဲ့ အခါမှာ အရပ်ဝတ်တွေနဲ့ဖမ်းတယ်။ အဲဒါက ရာဇ၀တ်မှုတွေကို အားပေးသလို ဖြစ်တယ်။ နောက်တခါ  ဒီသံဃာတော်တွေကို ဖမ်းတဲ့အခါမှာ ဘယ်ကို ဖမ်းသွားတယ်ဆိုတာ အ ကြောင်းကြားထားခြင်း မရှိဘူး။ အဲဒါမျိုးကလဲ အေးချမ်းသာယာရေးကို လုံးဝ ထိခိုက်စေနိုင်တဲ့ အခြေ နေမျိုးဖြစ်တယ်။ ပြီးတော့ ရှာဖွေနေတဲ့ ချိန်မှာ သံဃာတော်တွေကို ၀မ်းလျားမောက်ခိုင်းတယ် ဆိုတာ က ဒါသာသနာကို စော်ကားတဲ့ ကိစ္စပဲ။ သာသနာကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ကိစ္စပဲ။ တကယ်တမ်း ၂၉၅နဲ့ ဖမ်းရမယ်ဆို သူတို့ကို တောင် ပြန်တရားဆွဲလို့ရသေးတယ်။”
ဘုန်းတော်ကြီးကျောင်းသို့ ၀င်ရောက်စီးနင်းသည့် လူတခုသည် သံလျင်မြို့နယ် (မယက)ပိုင် ဒိုင်နာကား တစ်စီး နှင့် ပစ်ကပ်နှစ်စီးဖြင့် လာရောက်ခြင်းဖြစ်ပြီး ကျောင်းတိုက် တွင်းရှိ သံဃာတော်များကို ၀မ်းလျားမောက် ခိုင်း ထားကာ မိနစ် (၄၀) ခန့် မွေနှောက်ရှာဖွေခဲ့သည်ဟု အေအေပီပီက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ကျောင်းတိုက်မှ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်စုံတရာမှ ရှာဖွေတွေ့ရှိသိမ်းဆည်းသွားခြင်း မရှိ ဟုသိရသည်။
ဗိုလ်ချူပ်ရွာရှိ ရဲစခန်းနှင့် သံလျင်မြို့နယ် ရဲစခန်းများသို့ သွားရောက်စုံစမ်းသော်လည်း ရဲစခန်းမှ ၄င်းတို့ ဖမ်းဆီး ခြင်း မဟုတ်ဟု  ငြင်းဆန်ပြီး ဆရာတော်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဟု ဆို သည်။ 
“ထောက်လှမ်းရေးတွေကလဲ သူတို့ဖမ်းသွားတဲ့အခြေနေမှာ ဘယ်ကိုဖမ်းသွားတယ် ဆိုတာကျန်တဲ့ သံဃာတော်တွေကို အကြောင်းကြားလေ့ မရှိဘူး။ အဲဒါတွေက တရားဥပဒေ ပျက်လွန်း အားကြီးတယ် လို့ ကျနော်တို့မြင်တယ်။”
မာလာရုံကျောင်းတိုက်တွင် သံဃာတော် (၁၇) ပါး သီတင်းသုံးကြပြီး ယခု ကျန်ရှိသည့် သံဃာတော်များအား ကျောင်းပြင်သို့ မထွက်ရန် ၀င်ရောက်စီးနင်းသူများက ညွန်ကြားခဲ့သည်ဟု ဆိုသည်။
ယခုအချိန်ထိ ကျောင်းပတ်ဝန်းကျင်တွင် ထောက်လှမ်းရေးဟု ယူဆရသော မျက်နှာစိမ်းများ စောင့်ကြည့်နေ သည်ဟု ဒေသခံများက ပြောဆိုကြောင်း အေအေပီပီ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခု စက်တင်လဆန်းပိုင်းတွင်  ကြည့်မြင်တိုင် ဓာတုကျောင်းမှ သံဃာတော် ( ၂ ) ပါးနှင့် အခြားသံဃာတော်  (၄)  ပါး   ကို အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်ဟု ကိုတိတ်နိုင်က ပြောသည်။
ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်ကာလ လူထုလှုပ်ရှားမှု ပြန်လည် ဖြစ်ပွားလာခြင်း မရှိစေရန် ရန်ကုန်မြို့ရှိ ဘုန်းကြီး ကျောင်း ပတ်ဝန်းကျင်တွင် လက်နက်အပြည့်အစုံနှင့် တပ်ဆင် ထားသည့် စစ်တပ်များ အရပ်ဝတ်နှင့် လုံခြုံရေးများ ချထားပြီး စောင့်ကြည့်ခြင်းခံနေရသည်။
ယမန်နှစ်တွင် ဖြစ်ပွားခဲ့သည့် ရဟန်းတော်များဦးဆောင်ခဲ့သည် ရွှေဝါရောင်တော်ရေး၊ စက်တင်ဘာ အရေးအခင်း လှုပ်ရှားမှုတွင် စစ်တပ်၊ ရဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စွမ်အားရှင် စသည့် အဖွဲ့များက ပစ်ခတ်၊ ရိုက်နှက် ဖမ်းဆီးခဲ့မှု ကြောင့် ရဟန်းရှင်လူ ပြည်သူ အများအပြား သေဆုံးခဲ့ရပြီး ရဟန်းတော်များအပါအ၀င် ရာပေါင်းများစွာ ဖမ်းဆီး ခြင်း ခံခဲ့ရသည်။