Friday, April 24, 2009

ဗီဒီယို မှတ်တမ်းသမားတဦး နယ်စပ်ဖြတ်မှုဖြင့် ထောင် ၃ နှစ်ကျ

အခြေခံ ဥပဒေသစ် ၂၀၀၈ ဆန္ဒခံယူပွဲ ကာလအတွင်း ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ မဲရုံတရုံအား ဗီဒီယို မှတ်တမ်း ရိုက်ကူးသော ကိုအောင်ထွန်းမြင့်ကို စစ်အာဏာပိုင်များက ထောင် ၃ နှစ်ချ အရေးယူမှုသည် လွဲမှားသည့် တရားစီရင်မှု ဖြစ်ကြောင်း အမှုလိုက်ရှေ့နေနှင့် အာရှ လူ့အခွင့်အရေး အဖွဲ့က ပြောသည်။

အဆိုပါ အလွတ်သတင်းထောက် ကိုအောင်ထွန်းမြင့်အား အာဏာပိုင်များက ထိုင်းနိုင်ငံဘက်သို့ တရားမ၀င် သွားရောက်သည် ဟူသော နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့်တရားစွဲဆို၍ အပြစ်ပေးခြင်း ဖြစ်ကြောင်းနှင့် ယင်းတရား စီရင်မှုမှာ လုံလောက်သည့် အထောက်အထား မရှိသောကြောင့် လွဲမှားသည့် စီရင်မှု ဖြစ်ကြောင်း ကိုအောင်ထွန်းမြင့်၏ အမှုလိုက် ရှေ့နေ ဦးအောင်သိန်းက ပြောဆိုသည်။

“ဥပဒေကြောင်းအရ တရားစီရင်မှု လွဲမှားတယ်လို့ပြောရမှာပေါ့၊ ဘာဖြစ်လို့လည်း ဆိုတော့ ဟိုဘက်ကို သွားတယ် ဆိုတဲ့ အထောက်အထား ဘာမှ မရှိဘူး၊ အဓိက ပြဿနာ က မဲရုံကို ဗီဒီယို သွားရိုက်တာ”ဟု ဦးအောင်သိန်းက ပြောသည်။

အာရှ လူ့အခွင့်အရေးကော်မရှင်(AHRC)ကလည်း ၎င်းကိုအောင်ထွန်းမြင့်သည် ၂၀၀၈ ခုနှစ် မေလ နာဂစ်ဆိုင်က လုန်း တိုက်ခတ်အပြီး တပတ်ခန့်အကြာတွင် ပြုလုပ်သော အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲ၌ မှော်ဘီမြို့နယ်ရှိ မဲရုံ တရုံကို ဆဲဗင်းဒေးဂျာနယ်အတွက် ဗီဒီယိုမှတ်တမ်းရိုက်ယူခြင်းဖြစ်ကြောင်း၊ ယင်း ဗီဒီယိုရိုက်ကူးမှုကို နယ်မြေခံရဲ နှင့် အာဏာပိုင်များက ဖမ်းဆီးစစ်ဆေး၍ ၂၀၀၈ ဇန်န၀ါရီလအတွင်းက ထိုင်း နိုင်ငံဘက်သို့ တရားမ၀င် သွား ရောက်မှုဖြင့် အရေးယူအပြစ်ပေးခြင်းသည် တရားစီရင်မှု လွဲမှားနေသည့်အတွက် အမြန်ဆုံး ပြန်လည်သုံးသပ် ရန် တောင်းဆိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ထောက်ပြပြောဆိုထားသည်။

ထို့အပြင် တရားရုံးကစွဲဆိုသည့် ထိုင်းနိုင်ငံဘက်သို့ တရားမ၀င်သွားရောက်သည်ဟူသော ပြစ်မှုသည် အထောက် အထားမရှိကြောင်းနှင့် ကိုအောင်ထွန်းမြင့်အား ဖမ်းဆီးစဉ် နှိပ်စက်ညှဉ်းပန်း၍ စစ်ဆေးပြီး ထွက်ဆိုခိုင်းချက်သာ ဖြစ်ကြောင်းလည်း AHRC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ရှေ့နေကြီး ဦးအောင်သိန်းကလည်း ခရိုင်ရဲဝန်က ကိုအောင်ထွန်းမြင့်ထံ၌တွေ့ရှိရသော ထိုင်းမြန်မာနယ်စပ် မြ၀တီ မြို့မှ လိပ်စာကတ်တခု အပေါ်အခြေပြုကာ ထွက်ဆိုခိုင်းချက်ဖြင့် အပြစ်ပေးခြင်းဖြစ်သည်ဟု ပြောသည်။

“သူ့ကို သတင်း သင်တန်းတက်ပြီးပြန်လာတယ်ပေါ့၊ အဲဒါမျိုး တွေ ထွက်ခိုင်းပြီး အဲဒီအတိုင်း ရဲမှာ ပြန်ထွက်ခိုင်း တယ်၊ တော်ချာ(Torture)တော့ တော်တော်လေးလုပ်တယ်၊ လုပ်ပြီးမှော်ဘီ ရဲစခန်းကိုပြန်ပို့၊ ပို့ပြီး မှော်ဘီ ရဲစခန်း ကနေ လ၀က အရာရှိတယောက်ကို ခေါ် သူ့ကို ဟိုဘက်ကမ်း သွားဖူးတယ်ဆိုပြီး ထွက်ဆိုချက် ပေးခိုင်း၊ အဲဒါနဲ့ ရုံးတင် တရားစွဲတာ၊ သူ့ထွက်ချက်တွေနဲ့ စွဲတာ၊ ဘာသက်သေ မှ မရှိဘူး၊ တရားခံရဲ့ ထွက်ဆိုချက်အရ တရားခံ ကို ပြန် အပြစ်ပေးတာပဲ၊ ဒီ ကင်မရာတို့ ဘာတို့နဲ့ အယူခံတက်စေချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ ၁၃/၁ နဲ့ က ဘာမှ ဆိုင်တာမှ မဟုတ်ဘဲ”ဟု ဦးအောင်သိန်းက ပြောဆိုသည်။

ကိုအောင်ထွန်းမြင့်သည် ၂၀၀၈ ခုနှစ်မေလ ၁၀ ရက်နေ့က မှော်ဘီရှိမဲရုံကို ဗီဒီယို ရိုက်ကူးသောကြောင့် ၎င်းအား ဖမ်းဆီး၍ ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် မှော်ဘီမြို့နယ် တရားရုံးက တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ် ခံရခြင်းဖြစ်ကြောင်း AHRC က ဖော်ပြထားသည်။

 (ဧရာဝတီသတင်းဌာန)

Monday, April 20, 2009

ဇာဂနာနှင့် နေဘုန်းလတ် ထောင်ဝင်စာ ခက်ခဲ

စစ်အစိုးရက ထောင်ဒဏ် နှစ်ရှည် ချမှတ်ထားသော နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝင်စာ တွေ့ရာတွင် တင်းကျပ်မှုများ ပြုလုပ်သောကြောင့် အခက်အခဲများ ဖြစ်နေကြကြောင်း အကျဉ်းသားမိသားစုဝင်များက ပြော သည်။

ဘားအံမြို့ ထောင်တွင် အကျဉ်းကျခံနေရသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား လွန်ခဲ့သည့် အပတ် အတွင်းက ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် အာဏာပိုင်များ၏ စစ်ဆေးမေးမြန်း အနှောင့်အယှက်ပေး မှုကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက ပြောသည်။

“၈ ရက်နေ့က သွားတွေ့ပါတယ်၊ ဒီကသွားတော့ အန်တီတို့က အန်အယ်လ်ဒီ အဖွဲ့ဝင် တယောက်အိမ်မှာတည်း တယ်၊ အဲဒါကို ဘာဖြစ်လို့ အန်အယ်လ်ဒီ အိမ်မှာ တည်းသလဲလို့ ထောင်က ရစ်တယ်၊ အမြဲငှားစီးနေကျ ကားကို လည်း စစ်လားမေးလား လုပ်တယ်၊ ကားပေါ်မှာ ဘာတွေပြောလဲ လျှောက်မေးတော့ ကားသမား တွေက လည်း စိုးရိမ်မှာပေါ့၊ အခု အန်တီတို့ ငှားတော့ မအားဘူးဆိုပြီး ငှားမရတော့ဘူး၊ တခြားကား ငှားရတယ်၊ စရိတ်တွေ ပို ကုန်တယ်၊ အချိန်ပိုကြာတယ်၊ အခက်အခဲ ဖြစ်တာပေါ့၊ အန်တီတို့ အတွက်ကတော့ အနှောင့်အယှက်ပဲ” ဟု ဒေါ်အေးအေးသန်းက ဧရာဝတီသို့ ပြောပြသည်။

ရန်ကုန်မှ ဘားအံကို စတင်ရောက်ရှိချိန်ကပင် ရဲအထူးသတင်း တပ်ဖွဲ့(အက်စ်ဘီ)သို့ လာသည့် ကားနံပါတ်၊ ပြန်မည့်ကားနံပါတ်များကိုပြောပြရကြောင်း၊ အက်စ်ဘီ က ဓာတ်ပုံများရိုက်ယူပြီး မည်သည့်နေ့တွင် ရောက်ရှိ သလဲ၊ မည်သည့် နေရာတည်းခိုသလဲ စသည်များကို မေးမြန်းမှတ်တမ်းယူကြောင်း၊ ထောင်ဝင်စာတွေ့ရာတွင် အက်စ်ဘီ အရာရှိများလာမှ ကိုနေဘုန်းလတ်နှင့် တွေ့ခွင့်ရကြောင်းလည်း ၎င်းက ပြောသည်။

ထို့အပြင် ထောင်အာဏာပိုင်များက သတင်းမီဒီယာများနှင့် ပြောဆိုသည်ကိုလည်း ခြိမ်းခြောက် တားမြစ်သည်ဟု ဒေါ်အေးအေးသန်းက ဆိုသည်။

“မီဒီယာတွေနဲ့ ပြောလို့ နောက်ထောင် တခု ပြောင်းလိုက်ရင် ဘယ်နှယ်လုပ်မလဲတဲ့၊ မီဒီယာနဲ့ မပြောပါနဲ့ပေါ့၊ ထောင်က ပြောတယ်”ဟု ၎င်းက ပြောဆိုသည်။

ကိုနေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် အင်းစိန် ထောင်တွင်း အနောက်ပိုင်း ခရိုင် တရားရုံးက ပုဒ်မ ၅၀၅(ခ) အရ ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်နစ် ပုဒ်မ အတွက် ၁၅ နှစ် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်ခံခဲ့ရပြီး ၂၀၀၉ ခု ဖေဖော်ဝါရီလအတွင်းက ထောင် ၈ နှစ်နှင့် ၆ လ လျှော့ချခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ယခုလ ၃ ရက်နေ့ကလည်း မြစ်ကြီးနားထောင်တွင် ရောက်ရှိနေသော လူရွှင်တော် ကိုဇာဂနာကို ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် အာဏာပိုင်များက တွေ့ခွင့်မပေးကြောင်း မိသားစုဝင် တဦးဖြစ်သည့် မငြိမ်းက ပြောသည်။


“မတွေ့ခဲ့ရဘူး၊ ဘာဖြစ်လို့ ပေးမတွေ့လည်း ဆိုတော့ ရက်ပေါင်း ၃၀ မပြည့်လို့တဲ့၊ ကျမက အကျဉ်းသား ဥပဒေ မှာ ၁၅ ရက်တခါ ပေးတွေ့ခွင့် တရားဝင် သတ်မှတ်ထားတာပဲ၊ ဒါပေမယ့် ကျမတို့က ၁၅ ရက်တခါလည်း မတောင်းဆိုပါဘူး၊ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က တခါထောင်ဝင်စာ တွေ့တယ်၊ မတ်လ မှာ ၂ ခါ မ၀င်ပါဘူး၊ သင်္ကြန် လည်း လွတ်အောင်လေ၊ အဲဒါ ကြောင့် ၃ ရက်နေ့မှာသွားတာ၊ ကိုသူရ အမေလည်း ဆုံးထားတော့ ဓာတ်ပုံလေး တွေ ဘာတွေလည်း သွားပြရင်းပေါ့၊ အဲဒါ ထောင်က ၁၀ ရက်နေ့မှ ပေးတွေ့နိုင်မယ်တဲ့၊ လူမှုရေး အရလည်း ပြောတယ်၊ အဲဒါ လုံးဝ တွေ့ခွင့် မပေးဘူး၊ တွေ့ခွင့်မပေးနိုင်ပါဘူးတဲ့၊ ထောင်ပိုင်ကြီး နေရာရောက်တဲ့ ဦးခင်မောင်ဆွေဆိုတဲ့ လူက”ဟု မငြိမ်းက ပြောပြသည်။

သင်္ကြန်တွင်း ခရီးသွားလာရေး ခက်ခဲသည့်အတွက် ယခုကဲ့သို့ ၅ ည အိပ် ၆ ရက်ခရီးကို ကြိုတင်သွားရောက်ခဲ့ သော်လည်း စရိတ်စကများကုန်၍ ကိုဇာဂနာနှင့် တွေ့ခွင့်မရဘဲ ပြန်ခဲ့ရကြောင်းလည်း သူက ဆိုသည်။

“သင်္ကြန် အပြီး ပြန်သွားဖို့လည်း မလွယ်ဘူး၊ ခရီးစရိတ်ချည်းပဲ ၁ သိန်း ခွဲ လောက် ကုန်တယ်၊ ထောင်မှာ သုံးဖို့ ဆေးဖိုးတို့ ဘာတို့ ပေးခဲ့ရတာတွေ မပါဘူး၊ အသွားအပြန် ၅ ည အိပ် ၆ ရက်၊ အခုတခေါက်က မတွေ့ခဲ့ရဘဲ ပြန် ခဲ့ရတာ၊ ဘယ်လိုပဲ ဖြစ်ဖြစ် တပတ် ပဲ၊ အချိန်ကုန်တာက ၊ အိမ်မှာ ကျမအမေကလည်း နေမကောင်းဘူးဆိုတော့ ပြန်လာလိုက်ရတယ်”ဟု မငြိမ်းက ဆက်လက်ပြောဆိုသည်။

ကိုဇာဂနာသည် ၂၀၀၈ ခု နိုဝင်ဘာလ ၂၁ ရက်နေ့က အီလက်ထရွန်နစ် အမှု ၃ မှု အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၊ ၃၃(က)၊ ၃၂(ခ)၊ ပုဒ်မ ၃၈ တို့ ဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံခဲ့ရပြီး ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၄ နှစ် ထပ်မံတိုးချလိုက်၍ စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ချခံခဲရခြင်းဖြစ်သည်။ ထို့နောက် ဒီဇင်ဘာ လဆန်းပိုင်းတွင် အင်းစိန်ထောင်မှ မြစ်ကြီးနားထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား၂၁၀၀ ခန့် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရသိရသည်။