Sunday, July 12, 2009

ဖားကန့်ကျောက်စိမ်းတွင်း သေဆုံးသူများကိုအစုအပြုံလိုက်မြုပ်နှံ

ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသအတွင်း ရေကြီး၊ မြေပြိုခဲ့စဉ် သေဆုံးခဲ့သူများအား အခုလ(၉)ရက်နေ့ က ဖားကန့်မြို့၊ သချိုင်းကုန်းတွင် စုပြုံမြှုပ်နှံသဂြိုလ်ခဲ့သည်။
ဖားကန့်မြို့ပါတ်ဝန်းကျင်မှ ရှာဖွေရရှိသည့် အလောင်းများအား ဆေးရုံမှတဆင့် ထော်လာဂျီများဖြင့် တင်ဆောင် ကာ ဘက်ဖိုးခေါ် မြေတူးစက်ဖြင့် ကျင်းများတူး၍ စုပေါင်းမြုပ်နှံလိုက်သည်ဟု ဖားကန့်ဒေသခံ တဦးက ယခုလို ပြောသည်။
အလောင်းကတော့ များတယ်၊ အတိအကျတော့ မသိဘူး။  ဟိုနားကရလာ၊ ဒီနားကရလာနဲ့ ဆေးရုံ မှာ စုပုံထား တဲ့ဟာတွေ၊ ထော်လာဂျီတွေနဲ့သယ်သွားတာ။ အလောင်းတလောင်းစီအတွက် ကျင်းလိုက် တူးဖို့ဆိုတာ ခက်လို့ နေမှာပေါ့။ မတူးနိုင်ကြလို့ ဒီလိုလုပ်တာ။ သေဆုံးသူ အရေအတွက်က တိတိကျ ကျ ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ရာနဲ့ချီရှိနိုင်တယ်၊
မြန်မာအစိုးရပိုင် သတင်းမီဒီယာများတွင်မူ ဖားကန့် မြေပြိုမှုတွင် သေဆုံးသူ ၂၄ ဦးရှိသည်ဟု ဖော်ပြထားသည်၊
ကျောက်တူးရာမှ စုပုံထားသည့် မြေစာများပြိုကျခြင်းကြောင့် အလုပ်သမားများ၊ ၄င်းတို့နေထိုင်သော တဲများ မြေပိ ကာ အများအပြားသေဆုံးခဲ့ကြသည်ဟု ဖားကန့် ဒေသခံက ပြောသည်။
ဖားကန့်တမြို့လုံး အသုံးပြုသည့် ရေကန်ကြီး ကျိုးပေါက်မှုကြောင့် ရေများ ရုတ်တရက်ကြီးကာ မြေစာများ ပြုကျ ခြင်းဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။
ဖားကန့်ကို ရေပေးနေတဲ့ တစ်သုံးလုံး အကျိုးတူကုမ္ပဏီရဲ့ ရေပေးနေတဲ့ ကန်ကြီး တောင်ပေါ်လုပ် ထားတာ။ အဲဒီကန်ကြီး အဲဒီ တနင်္ဂနွေညမှာဘဲ ကျိုးတော့ ရေတွေက ဒလဟောထိုးဆင်းလာတာ။ ကာလီချောင်ဘက်မှာ အများကြီး သေတာ။ လူတွေက ရွံ့တွေအောက်ရောက်သွားတော့ ဘယ်လိုမှ တွေ့နိုင်မှာ မဟုတ်ဘူး။
ဆိုင်းတောင်၊ မံမုံ၊ မရှီးကထောင်း၊ ဖားပြင် ရပ်ကွက်များအားလုံး ရေမြုပ်သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြော သည်၊၊
ဖားကန့်ဒေသများတွင် ကုမ္ပဏီများက စက်ယန္တယားများဖြင့် ကျောက်တူးခဲ့ခြင်းကြောင့် ပထဝီ အနေအထားများ အတော်ပြောင်းလဲခဲ့သည်ဟု ဒေသခံများက ပြောသည်။ စက်ယန္တယားများက တလအတွင်း တောင်များ ပျောက် ကွယ်သည်အထိ တူးနိုင်သလို မြေစာပုံများကလည်း တောင်များသဖွယ်ဖြစ်လာကြသည်ဟု ဒေသခံများက ပြော သည်၊၊ ယင်းသို့ ပထဝီ အနေအထားများပြောင်းလဲခဲ့ခြင်းကြောင့် မြေစာများ ပြိုကျပြီး ချောင်းများပိတ်ဆို့ကာ ရေကြီးခြင်းများလည်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်၊၊

ဒညင်းခြံ ဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းမည်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာအုပ်စု မရမ်းကျေးရွာသားများပိုင်သည့် ဒညင်းသီးခြံ ဧက ၂၀၀ ကျော်အား တပ်ရင်းမှူးပိုင် ခြံအဖြစ် လွဲပြောင်းပေးရမည် ဒေသခံစစ်တပ်က ပြောကြောင်း ဒေသခံများက ပြောသည်။  
ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း မှ တပ်ရင်းမှူး ဗိုလ်မှူးရဲရင့်သွေးသည် ဒညင်းခြံပိုင်ရှင် ၆၆ ဦးထံမှ မြန်မာ ကျပ်ငွေ ၈ သိန်း အခွန်ပေးရန် တောင်းခံခဲ့ပြီး မပေးပါက ထိုဒညင်းခြံများအား ၎င်းပိုင်ခြံအဖြစ် အမည်လွဲပေးရန် တောင်းဆိုခဲ့သည်။
အခုလ ၈ ရက်နေ့ ညနေပိုင်းအချိန် ထိုအမြောက်တပ်ရင်းမှ တပ်ကြပ်ကြီးတဦးကဒညင်းခြံ ပိုင်ရှင်များအား အ စည်းအဝေးခေါ်ယူ၍ပြောခဲ့သည်ဟု ဒေသခံရွာသားတဦးက ပြောသည်။
“ကျနော်တို့က ဒညင်းသီးရောင်းပြီးမှပဲ ပေးလို့ရမယ်။ အခုကကျနော်တို့ဆီမှာ ပိုက်ဆံမရှိဘူးလို့ ခြံရှင် တွေကပြောတော့ ဒါဆိုရင်ခင်ဗျားတို့ အဲဒီခြံတွေအကုန်လုံးက ဗိုလ်မှူးရဲရင့်သွေးရဲ့ခြံပဲ ဆိုတာခင်ဗျား တို့ မှတ်ထားကြပါလို့ အဲလိုပြောလိုက်တယ်။”
လောလောဆယ်အခြေအနေအရ ဒညင်းခြံများ၌ အမြောက်တပ်ရင်းမှ စစ်သားများအားအစောင့်ချထားပြီး ဒညင်း သီးခူးယူခွင့်ကိုလည်း ပိတ်ထားသည်ဟု ၎င်းကဆက်ပြောသည်။
“ခြံအကြီးအသေးလိုက်လို့ တခြံကို ကျပ်သုံးသောင်းကနေ ငါးသောင်း အထိပေးရတယ်။အခုက ဒညင်း သီးတွေပေါ်နေပြီလေ။ အခွန်မဆောင်ခိုင်းတော့ပဲနဲ့ အခုလိုသိမ်းလိုက်တာ။”
ယခုလို စစ်တပ်မှ အနိုင်ကျင့်မှုအပေါ် မကြေနပ်သည့်အတွက် ဒညင်းခြံပိုင်ရှင်များက မိုးကောင်းမြို့နယ် မယက နှင့် မြစ်ကြီးနားမြို့နယ် ခယကသို့ စာရေးတိုင်ကြားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး မရမ်းကျေးရွာဥက္ကဋ္ဌ အပါအ၀င် ခြံပိုင်ရှင် ၆၆ ဦးမှ လက်မှတ်ရေးထိုးကာ ခရိုင် ခယကသို့ လာရောက်တိုင်ကြားခဲ့သည်ဟု မြစ်ကြီးနားရောက် ခြံ ပိုင်ရှင်တဦးက ပြောသည်။
ဒညင်းခြံအားလုံး၏ တနှစ်ဝင်ငွေမှာ သိန်းတစ်ရာကျော်ရှိပြီး ဒေသခံများ၏ စားဝတ်နေရေး အတွက် ဒညင်းခြံကို မီခိုနေရသည်။
မရမ်းကျေးရွာ အခြေစိုက် အမြောက်တပ်ရင်းမှ စစ်သားများက မေလ(၃၁) ရက်နေ့က မရမ်းကျေးရွာသူ ကချင် အမျိုးသမီးငယ်တဦးအား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုနှင့် ကျေးရွာရှိ လူငယ်များအား အပြစ်မရှိဘဲ ရိုက်နက် ခဲ့မှုကြောင့် အမြောက်တပ်ရင်းမှူး ဗိုလ်မှူးရဲရင့်သွေး အား အထက်မှခေါ်ယူစစ်ဆေးမှုများရှိခဲ့ပြီး ယခုလို ဒညင်းခြံ များ သိမ်းဆည်းမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

Tuesday, July 07, 2009

ရေကြီးမှုကြောင့် ကျောက်စိမ်းတွင်း စွန့်ပစ် မြေစာများပြိုကျ၊ လူအများသေဆုံး

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် လွန်ခဲ့သည့် သောကြာနေ့မှစတင်၍   မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့်  ကျောက်စိမ်းတူးဖေါ်ရာမှ ထွက်ရှိသည့်  စွန့်ပစ်မြေစာပုံများ  ပြိုကျကာ ဥရုချောင်းနှင့် ဒေသအတွင်းမှ ချောင်းရေများ ပိတ်ဆို့ကာ ရေမြင့်တက်လာခြင်းကြောင့် နေအိမ်များရေမြုပ်ပြီး လူသေဆုံးမှုများ ရှိနေသည်။
ကလေးတွေ၊ လူကြီးတွေ သေတယ်။ အလောင်းတွေက မြေအောက်ရောက်သွားတာလည်းရှိတယ်၊ ခု လောလောဆယ် မော်ဝမ်း၊ ကာလီချောင်မှာ သေတာ လူ(၂ဝ)ကျော်(၃ဝ)လောက် သေမယ်လို့ ပြော နေကြတယ်။ ဟု မြစ်ကြီးနားသို့ ရောက်ရှိလာသည့် ဖားကန့်ဒေသခံက ပြောသည်၊၊
လူပေါင်း မည်မျှသေဆုံးသည်ကိုမူ ယခုထိ သီးခြားအတည်ပြု၍ မရသေးပဲ ရှိသည်၊၊
စနေ့နေ့ညပိုင်းနှင့် တနင်္ဂနွေနေ့များတွင် ဥရုချောင်းရေမှာ ရုတ်တရက် မြင့်တက်ခဲ့သလို ဖားကန့် ဆင်ခြေဖုံး ရပ် ကွက်များ ရေနှစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
ဖားကန့်ငှက်ပျောတောရပ်ကွက်နဲ့ ကာလီချောင်က  အိမ်အားလုံးနီးပါး ရေမြုပ်သွားပြီး ကာလီချောင်ရက်ကွက် တခုလုံးအား ရွံ့ရေများ ဖုံးလွှမ်းသွားသည်ဟု ဒေသခံက ပြောသည်။
ဆိုင်းတောင်၊ ဖားပြင်၊ မံမုန် မှော်တွေလည်း ရေနှစ်သွားတယ်၊ ဆိုင်းတောင်ကတော့ အားလုံးလို မြုပ် နေတယ်၊ လူအသေအပျောက်ကျတော့ အခုချိန်မှာ ဘယ်လိုမှ သိမှာ မဟုတ်ဘူး။ အားလုံးဟာ နီးပါး လောက် ရေမြုပ်နေတယ်၊ လူတွေလည်း တောင်ဘေးတွေ တက်ပြီး မိုးကာတဲထိုးနေရတယ်။
ရေကြီးမှုကြောင့် ဖားကန့်ဒေသအတွင်း ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေပြီး ဥရုချောင်းကို ဖြတ်ပြီး ဆောက်လုပ်ထားသည့်   သံတံတားကြီးနှင့် ကြိုးတံတားတို့မှာ ရေကျော်နေသည်၊၊
လုံးခင်းဘက်တွင်လည်း ကားလမ်းများပိတ်ဆို့ကာ ကားအသွားအလာများရပ်နားထားရသည်ဟု အဆိုပါ ဖားကန့် ဒေသခံက ပြောသည်။
ရေကြီးမှုမှာ ယခင်ကထက် ပိုမိုဆိုးဝါးနေပြီး ကယ်လီချောင်ရပ်ကွက်သားများကိုတော့ စာသင်ကျောင်းတွင် နေရာ ချထားရကာ ကျောင်းများ ပိတ်ထားရသည်ဟု အဆိုပါ ဖားကန့်ဒေသခံက ပြောသည်။