ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် လွန်ခဲ့သည့် သောကြာနေ့မှစတင်၍ မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ကျောက်စိမ်းတူးဖေါ်ရာမှ ထွက်ရှိသည့် စွန့်ပစ်မြေစာပုံများ ပြိုကျကာ ဥရုချောင်းနှင့် ဒေသအတွင်းမှ ချောင်းရေများ ပိတ်ဆို့ကာ ရေမြင့်တက်လာခြင်းကြောင့် နေအိမ်များရေမြုပ်ပြီး လူသေဆုံးမှုများ ရှိနေသည်။
“ကလေးတွေ၊ လူကြီးတွေ သေတယ်။ အလောင်းတွေက မြေအောက်ရောက်သွားတာလည်းရှိတယ်၊ ခု လောလောဆယ် မော်ဝမ်း၊ ကာလီချောင်မှာ သေတာ လူ(၂ဝ)ကျော်(၃ဝ)လောက် သေမယ်လို့ ပြော နေကြတယ်။” ဟု မြစ်ကြီးနားသို့ ရောက်ရှိလာသည့် ဖားကန့်ဒေသခံက ပြောသည်၊၊
လူပေါင်း မည်မျှသေဆုံးသည်ကိုမူ ယခုထိ သီးခြားအတည်ပြု၍ မရသေးပဲ ရှိသည်၊၊
စနေ့နေ့ညပိုင်းနှင့် တနင်္ဂနွေနေ့များတွင် ဥရုချောင်းရေမှာ ရုတ်တရက် မြင့်တက်ခဲ့သလို ဖားကန့် ဆင်ခြေဖုံး ရပ် ကွက်များ ရေနှစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
ဖားကန့်ငှက်ပျောတောရပ်ကွက်နဲ့ ကာလီချောင်က အိမ်အားလုံးနီးပါး ရေမြုပ်သွားပြီး ကာလီချောင်ရက်ကွက် တခုလုံးအား ရွံ့ရေများ ဖုံးလွှမ်းသွားသည်ဟု ဒေသခံက ပြောသည်။
“ဆိုင်းတောင်၊ ဖားပြင်၊ မံမုန် မှော်တွေလည်း ရေနှစ်သွားတယ်၊ ဆိုင်းတောင်ကတော့ အားလုံးလို မြုပ် နေတယ်၊ လူအသေအပျောက်ကျတော့ အခုချိန်မှာ ဘယ်လိုမှ သိမှာ မဟုတ်ဘူး။ အားလုံးဟာ နီးပါး လောက် ရေမြုပ်နေတယ်၊ လူတွေလည်း တောင်ဘေးတွေ တက်ပြီး မိုးကာတဲထိုးနေရတယ်။”
ရေကြီးမှုကြောင့် ဖားကန့်ဒေသအတွင်း ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေပြီး ဥရုချောင်းကို ဖြတ်ပြီး ဆောက်လုပ်ထားသည့် သံတံတားကြီးနှင့် ကြိုးတံတားတို့မှာ ရေကျော်နေသည်၊၊
လုံးခင်းဘက်တွင်လည်း ကားလမ်းများပိတ်ဆို့ကာ ကားအသွားအလာများရပ်နားထားရသည်ဟု အဆိုပါ ဖားကန့် ဒေသခံက ပြောသည်။
ရေကြီးမှုမှာ ယခင်ကထက် ပိုမိုဆိုးဝါးနေပြီး ကယ်လီချောင်ရပ်ကွက်သားများကိုတော့ စာသင်ကျောင်းတွင် နေရာ ချထားရကာ ကျောင်းများ ပိတ်ထားရသည်ဟု အဆိုပါ ဖားကန့်ဒေသခံက ပြောသည်။