Thursday, October 28, 2010

ပြည်ပ ထွက်ခွာသူများကို ကြိုတင်မဲကောက်မည်

လူဝင်မှု ကြီးကြပ်ရေး ဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း၍ ရွေးကောက်ပွဲ မတိုင်မီ ပြည်ပ ထွက်ခွာမည့် သူများထံမှ ကြိုတင်မဲ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ သေချာပေါက် မဲရယူနည်းတခုဟု ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။


နိုဝင်ဘာ ၇ ရက်နေ့ မတိုင်မီ ပြည်ပ ထွက်ခွာမည့် သူများကို လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း၍ D-Form ထုတ်ပေးသည့်အချိန်တွင် ကြိုတင်မဲရယူသွားမည်ဟု အနောက်ပိုင်းခရိုင် ကော်မရှင်မှ တာဝန်ရှိသူ တဦးက ပြောသည်။

မဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသူများထံမှ ကြိုတင်မဲများကို နိုဝင်ဘာ ၅ ရက်နေ့ မှစတင်၍ ကောက်ယူနိုင်ကြောင်း တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကော်မရှင် ရုံးများသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးမှ စာပို့ကြောင်း ၎င်းက ပြောသည်။

“ကြိုတင်မဲ ကောက်လို့ ရတဲ့ သူတွေဆီက အကုန်ကောက်လို့ရပြီဆိုတာ ကြော်ငြာဖို့၊ နောက်တခုက ကြိုတင်မဲ ပေးချင်တဲ့ သူတွေရှိရင် သူတို့ဆီက ကောက်ဖို့ စာမှာပါတယ်။ ဒီအတွက်လည်း မြို့နယ်ကော်မရှင်ရုံးတွေက မဲပေးသူတွေအဆင်ပြေ အောင် စီစဉ်ပေးဖို့ပါတယ်”ဟု အထက်ပါ ကော်မရှင် တာဝန်ရှိသူက ဆက်ပြောသည်။

မဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသူများထံမှ ကြိုတင်မဲ ကောက်ယူနိုင်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထား သည်။

“ ၃ ရက်နေ့မှာ နိုင်ငံခြားထွက်ရမယ့် လူဆိုရင် သူတို့ သတ်မှတ်ပေးထားတဲ့နေ့ ပေးလို့မရဘူး။ ညနေ ၄ နာရီ လောက်မှ D Form ရတယ်၊ နောက်နေ့ မနက်အစောကြီးထွက်ရမယ့် မဲပေးမယ့်သူအနေနဲ့ ရုံးကိုသွားပြီး မဲပေးဖို့ အချိန်လည်းမရှိတော့ဘူး၊ ဒီလိုမျိုးတွေအတွက် အဓိက D Form ထုတ်ပေးတဲ့နေရာမှာ တခါတည်း ကြိုတင်မဲ ယူသွားမယ်။ ဘယ်လိုပဲယူယူ ကြံ့ဖွံ့ ပါတီ အတွက်မဲ ပဲ”ဟု အလုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

“သင်္ဘောသားတွေကို သူတို့ နဲ့ သက်ဆိုင်တဲ့ မြို့နယ်ကနေ ကြံ့ဖွံ့အတွက် ကြိုတင်မဲ ကောက်ဖို့ ဒီလူက ပြည်ပ ဘယ်တော့ ထွက်ခွာမှာလဲဆိုတာ မြို့နယ်ကော်မရှင်က မစိစစ်နိုင်ဘူးလေ။ ဒီတော့ မလွတ်သွားအောင် အပိုင်ကြိုတင်မဲ ယူလို့ရမယ့် နေရာ တွေဖြစ်တဲ့ ပုံစံ ၁၉ ထုတ်ပေးတဲ့ အချိန်တို့ ၊ D form ထုတ်ပေးတဲ့အချိန်တို့မှာ မဲယူလိုက်တာမျိုးပေါ့”ဟုလည်း ၎င်းက ပြော သည်။

ပြည်ပထွက်ခွာမည့် NGO ၀န်ထမ်းများနှင့် အစိုးရအဖွဲ့ အစည်းများထံမှလည်း သီးခြားအစီအစဉ်ဖြင့် ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“မသမာတဲ့ နည်းလမ်းတွေသုံးပြီး အစောကတည်းက ကောက်လို့ ရလာတဲ့ ကြိုတင်မဲ ရယ်၊ တရားဝင် ကြိုတင်မဲ ကောက်ရ မယ့်ရက် သတ်မှတ်ပြီး ကောက်တာရယ် ဘယ်လိုပဲ ကောက်ကောက် ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့ မဲတွေချည်းပဲ။ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းထဲက လူတချို့ နိုင်ငံခြားသွားတယ်ဆို သူတို့ ကို သီးခြားအစီအစဉ်နဲ့ ကောက်တယ်ပြောပေမယ့် ဘယ်လိုကောက်တာလဲ ဆိုတာ မြင်ရတာ မဟုတ်သလို နည်းမှန်လမ်းမှန်နဲ့လားဆိုတာ ဘယ်သူသိမှာလဲ”ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ဆိုသည်။

“ပုံစံ ၁၉ (နိုင်ငံခြားထွက်ခွာခါနီး အခွန်ကင်းရှင်းကြောင်း ထုတ်ပေးသည့်စာရွက်) ထုတ်ပေးတဲ့ အချိန်မှာ ရုံးကနေ မဲပေးပြီးပြီ လား မပေးရသေးရင် သက်ဆိုင်ရာမြို့မှာ ကြိုတင်မဲပေးဆိုပြီး လုပ်မယ်”ဟုလည်း ၎င်းက ပြောသည်။

NDF မဲဆွယ်ဆိုင်းဘုတ်များကို ကြံ့ဖွံ့ပါတီ ဖြုတ်ချ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ မဲဆွယ် ကြော်ငြာဆိုင်းဘုတ်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များက လိုက်လံဖြုတ်ချခဲ့ ကြောင်း သတင်းရရှိသည်။

National-Democratic-Force-(NDF)
NDF ပါတီဝင်များ ရန်ကုန်မြို့ လမ်းများပေါ်တွင် လိုက်လံမဲဆွယ်နေကြစဉ်။ (ဓာတ်ပုံ - AP)
လွန်ခဲ့သည့် တပတ်က မြစ်ကြီးနားမြို့အပါအ၀င် ကျေးရွာတချို့ရှိ NDF ကိုယ်စားလှယ်လောင်း ကိုမာခါး၏ မဲဆွယ် ဆိုင်းဘုတ် များကို ကြံ့ဖွံ့ပါတီက လိုက်လံဖြုတ်ချခဲ့ခြင်း ဖြစ်ကြောင်း NDF ပါတီ ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီသို့ ပြောသည်။

“ကိုမာခါး ကိုယ်တိုင် စုံစမ်းတော့ ကြံ့ဖွံ့ပါတီ အတွင်းရေးမှူးတို့၊ အဖွဲ့ဝင်တို့က ဖြုတ်တာ။ သူတို့ကလည်း ၀န်ခံကြတယ်။ အဲဒီ အချက်အလက်တွေနဲ့ ကိုမာခါးကနေပြီးတော့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကန့်ကွက်စာ တင်ပြီးသွားပြီ”ဟု ဦးမြင့်သွင်က ဆိုသည်။

NDF ပါတီရုံးချုပ် အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တရားဝင် ကန့်ကွက်သွားရန် ပြင်ဆင်နေကြောင်း လည်း သိရသည်။

ကိုမာခါးသည် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းဖြစ်သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဦးသိန်းဇော်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။ ဦးသိန်းဇော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားဇာတိဖြစ်ပြီး ကြံ့ဖွံ့ ပါတီ၏ ကချင်ပြည်နယ် တာဝန်ခံလည်း ဖြစ်သည်။

ဦးသိန်းဇော်သည် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန် သာသနာပြုကျောင်းများတွင် ငွေကြေးလှူဒါန်း၍ မဲဆွယ် စည်းရုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် မြောက်ပိုင်း တိုင်းမှူးဟောင်းနှင့် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဖြစ်ခဲ့သည့် ဒု ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့် သည် ကချင်ပြည်နယ် ဖားကန့်မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ကြံ့ဖွံ့ပါတီအတွက် ငွေကြေးထောက်ပံ့၍ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

ကချင်တိုင်းရင်းသားများနှင့် ဖွဲ့စည်းထူထောင်ခဲ့သည့် ဒေါက်တာ မနန်တူးဂျာ ခေါင်းဆောင်သော ကချင်ပြည်နယ် တိုးတက်ရေး ပါတီ(KSPP)ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် မပေးခဲ့ပေ။

ထို့အပြင် ပါတီ မှတ်ပုံတင်ခွင့် မရရှိသည့်အတွက် ပါတီဝင်များက တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနှင့် အရွေးခံရန် လျှောက် ထားခြင်းကိုလည်း ထပ်မံ ပယ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော်တွင် ကြားနာ

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော်ရှိ တရားရုံးချုပ်က ယနေ့ လက်ခံကြားနာ စစ်ဆေး ခဲ့သည်။

portrait-daw-aung-san-suu-kyi-getty-images
၂၀၀၇ ခု အောက်တိုဘာ ၆ ရက်က အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာ သံရုံးအပြင်ဘက်တွင် မြန်မာ့အရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို သံတိုင်အနောက်တွင် ထားပြီး သရုပ်ဖော် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - Getty Images)

ယနေ့ တရားရုံးချုပ် ကြားနာမှုနှင့် စပ်လျဉ်း၍ NLD ဒုဥက္ကဌ ဦးတင်ဦးက “ဒီနေ့ မနက် ၁၀ နာရီတိတိမှာပဲ တရားသူကြီးချုပ် ဦးအောင်တိုး အပါအ၀င် တရားသူကြီး ၃ ဦးပါ အဖွဲ့က အမှုကို စတင် ကြားနာပါတယ်။ ဒီဘက်က ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့က အယူခံလျှောက်လဲချက်ပေးပြီး တဘက်ရှေ့နေကလည်း လျှောက်လဲချက်ပေးပါတယ်။ လိုက်ပါသွားကြတဲ့ ပါတီဝင်တွေကိုလည်း တရားရုံးချုပ်က ၀င်ရောက် နားထောင်ခွင့်ပြုခဲ့ပါတယ်။ နေ့လည် ၁ နာရီလောက်မှာ သူတို့ နှစ်ဘက် လျှောက်လဲချက် ပေးပြီးပြီလို့ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ကြားနာမှုသည် နေအိမ်အကျယ်ချုပ် အယူခံအတွက် နောက်ဆုံးတရားခွင်ဖြစ်ခဲ့ပြီး မည်ကဲ့သို့ ဆုံးဖြတ်သည်ကိုမူ တရားရုံးချုပ်က ချက်ခြင်းမထုတ်ပြန်သေးပေ။

“ဒီလိုကိစ္စမျိုးက ချက်ခြင်း ဆုံးဖြတ်ချက်ချလေ့မရှိပါဘူး။ သူတို့ နှစ်ဘက် လျှောက်လဲချက်တွေအပေါ် စဉ်းစား ဆုံးဖြတ်ပြီးမှ တရားရုံးချုပ်တွေမှာ ထုတ်ပြန်ပါလိမ့်မယ်။ အဲဒါကို ကျနော်တို့က စောင့်ကြည့်ကြရမှာပါ။ ဒီတပတ် သောကြာနေ့မှာ ကြားနာတဲ့ အမှုကို နောက်တပတ် သောကြာမတိုင်မီမှာ ထုတ်ပြန်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါက ကျနော့်ထင်မြင်ချက်ပါ” ဟု ဦးတင်ဦးက ဆိုသည်။

နေအိမ်အကျယ်ချုပ်လျှောက်လဲချက် ပေးခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် ယနေ့ ရန်ကုန်သို့ ပြန်လာနေကြဆဲ ဖြစ်သဖြင့် မည်ကဲ့သို့ လျှောက်လဲချက်ပေးခဲ့ကြသည်ကိုမူ မသိရသေးပေ။

Wednesday, October 27, 2010

အမှားမခံရဲတဲ့ ဗိုလ်ချုပ်မှူးကြီး

ရှေ့လမှာ ကျင်းပမည့် ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး ဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက တနေ့က ထပ်လောင်း အတည်ပြု ပြောကြားခဲ့ ပေမယ့်လည်း ဘယ်သူ တဦးတယောက်ကမှ အံ့သြတကြီး မဖြစ်ခဲ့ ပါဘူး။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မေးစရာမေးခွန်းတွေက ဒုနဲ့ဒေး ရှိနေပါတယ်။

than-shwe-walks-with-chinese-president-hu-jintao
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဓာတ်ပုံ - ရိုက်တာ
အနှစ် ၂၀ အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတော့မယ့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ဘယ်တုန်းကမှ တွေးဆချက် မရှိခဲ့ပေမယ့် ကျန်တဲ့ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေအကြား လတ်တလော အပြောင်းအလဲတွေကနေ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအလွန် ဖြစ်ကောင်း ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို လေ့လာသူတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။

ဆယ်စုနှစ်များစွာကြာအောင် ကျင့်သုံးခဲ့တဲ့ တိုက်ရိုက်စစ်အုပ်ချုပ်ရေးကာလ အဆုံးသတ်သွားတဲ့အခါမှာ သူ့ရဲ့ အနာဂတ် လုံခြုံစိတ်ချရစေဖို့အတွက်ဆိုရင် စစ်အစိုးရ လက်တံ ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲမှာ အမတ်နေရာစုစုပေါင်းရဲ့ ၈၀ ရာခိုင်းနှုန်းထက်မက အနိုင်ရဖို့လိုတယ် ဆိုတဲ့အချက်အပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အားထားနေတယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့ စစ်သတင်းရပ်ကွက်တွေအရ သိရပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးက သူ့ကံကြမ္မာကို ကြံ့ဖွံ့ ပါတီ တခုတည်းအပေါ် ပုံအပ်ထားတာတော့ မဟုတ်ပါဘူး။ ကြံ့ဖွံ့ပါတီက အာဏာကို အသေအချာ ဆုပ်ကိုင်ထားပြီလို့ စိတ်ချရတဲ့အချိန်အထိ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဆက်လက် ကိုင်ဆွဲ ထားချင်ပုံ ရပါတယ်။

သြဂုတ်လတုန်းက စစ်အစိုးရ အတွင်းသတင်းပေး တဦးကနေတဆင့် အဆင့်မြင့် အရာရှိတွေအကြား လျှို့ဝှက်လှည့်လည်စာ တခုကို ဧရာဝတီက ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးအပြင် တခြား ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦးဟာ စစ်ရာထူးတွေကနေ ဖယ်ပေးခဲ့တယ်လို့ အဲဒီ စာအရ သိခဲ့ရပါတယ်။

ဘယ်အချိန်မှာ နုတ်ထွက်ခြင်းတွေက အသက်ဝင်မယ်ဆိုတာကိုတော့ အဲဒီလှည့်လည်စာမှာ မဖေါ်ပြထားပေမယ့် ထိပ်တန်း စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့ပြီးတဲ့အချိန်အထိ လက်ရှိရာထူးတွေ ဆက်လက်ယူထားဦးမယ်လို့ လေ့လာသူအများစုက ယုံကြည်ကြပါတယ်။

အဲဒီလို ဆက်လက် တာဝန်ယူတယ်ဆိုတာကို မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေရဲ့ သစ္စာခံမှု ရှိမရှိ စမ်းသပ်တဲ့ ပုံစံ တခု အဖြစ်လည်း မြင်တွေ့နိုင်ပါတယ်။ သူတို့ အရိုက်အရာကို ဆက်ခံမယ့် မျိုးဆက်သစ် စစ်ခေါင်းတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ခေါင်းခေါက်ရွေးထားတာလို့ သိရပါတယ်။ ဒါပေမယ့် အဲဒီလူတွေကို ရွေးကောက်ပွဲလွန် နိုင်ငံရေး အသွင်းကူးပြောင်းမှု မပြီးမချင်း အာဏာအစစ်အမှန် လွှဲပေးအုံးမှာ မဟုတ်ပါဘူး။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ တပ်က ထွက်ပေးလိုက်ရတဲ့ အကြီးတန်း ခေါင်းဆောင် တွေအကြား မကျေလည်မှုတွေ တိုးများလာနေတဲ့ အခုလိုအချိန်မှာ ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဆက်ရှိနေခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ညီညွတ်ရေးကို  ကောင်းကောင်း ဆက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နောက်ထပ် ထိပ်တန်းစစ်ခေါင်းဆောင် ၂၆ ဦးတို့ဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ တပ်ကထွက်အပြီး ၄ လအကြာမှာ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်အဆင့် အပြောင်းအလဲသတင်း ထွက်ပေါ်လာခဲ့ပါတယ်။

လှည့်လည်စာ ပေါက်ကြားပြီး မရှေးမနှောင်းမှာပဲ စစ်ကောင်စီရဲ့ တတိယသြဇာအရှိဆုံးလို့ သတ်မှတ်လို့ရတဲ့ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၊ ဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ အပါအ၀င် တခြားထိပ်ပိုင်းခေါင်းဆောင် တချို့လည်း ကြံ့ဖွံ့ပါတီ အလံအောက်ကနေ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ တပ်က အနားယူခဲ့ပါတယ်။

ဒါပေမယ့် သူတို့သုံးဦးစလုံးက ကြံ့ဖွံ့ပါတီနဲ့ ခပ်ကင်းကင်းနေကြပြီး ပါတီအပေါ်မှာလည်း လေးစားသမှု မရှိဘူးလို့ စစ်သတင်း ရပ်ကွက်တွေက ဆိုပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တည်ထောင်ပေးခဲ့တဲ့ လူမှုရေးအသင်း အမည်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း) ကနေ ဒီနှစ်အစောပိုင်းမှာ ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီသုံးယောက်စလုံးက ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲမှာ ရှုံးစေချင်တာလို့လည်း စစ်သတင်းရပ်ကွက် အဆိုအရ သိရပါတယ်။

သဘောထားပျော့ပြောင်းတဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန်လည်း သူရဲ့ ရာထူးအသစ် ဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တာဝန် အပေါ်မှာ လိုလိုလားလား ရှိပုံ မပေါ်ပါဘူး။ တကယ်တော့ ကြံ့ဖွံ့အသင်း အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး တယောက်တည်း ကြံ့ဖွံ့ပါတီကို နိုင်နင်းအောင် မလုပ်နိုင်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယူဆလို့သာ ဦးသိန်းစိန်က အဆစ် ပါသွားရတာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်တခု အဆိုအရ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ တခြား ထိပ်တန်းဝန်ကြီးတချို့နဲ့ ပတ်သတ်ပြီးလည်း စိုးရိမ်ကြောင့်ကြနေပါတယ်။ အဲဒီအထဲက တယောက်ကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့နီးစပ်ပေမယ့်လည်း စစ်တပ်အတွင်း လူမုန်းများလှတဲ့ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းပါ။ ၀န်ကြီးအဖွဲ့ထဲမှာ အချမ်းသာဆုံးနဲ့ အဆိုးဆုံး အကျင့်ပျက်ချစားသူတွေထဲက တယောက်ဖြစ်တဲ့ ဦးအောင်သောင်းဟာ မြန်မာပြည် အလယ်ပိုင်းကနေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် အတွင်းစည်းဝိုင်းမှာ နေရာချထားတဲ့ကိစ္စတွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတယောက် လက်မလည်အောင် အလုပ်များနေပေမယ့်လည်း ရွေးကောက်ပွဲအပြီး အစိုးရအသစ်ဖွဲ့စည်းပြီးတာနဲ့ နောက်ကွယ်ကနေ အသေးစိတ် စီစဉ်ရတဲ့ ကိစ္စတွေကို သူ ဆက်မလုပ်လိုဘူးဆိုတဲ့ အချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတိကြီးစွာနဲ့ ပြသနေပါတယ်။ တချို့ကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အပြီးသတ် လွှဲပြောင်းပေးစေလိုပါတယ်။ 

သူရဲ့မွေးရပ်ဇာတိမြေ ကျောက်ဆည်က အိမ်တလုံးကို မကြာသေးခင်က ပြန်လည်မွန်းမံပြလိုက်တာကတော့ ဗိုလ်ချုပ်မှူးကြီး တယောက် အငြိမ်းစားယူတော့မယ်ဆိုတာမျိုး နောက်တက်မယ့် ဗိုလ်ချုပ်တွေအကြား ယုံကြည်သွားအောင်လုပ်တဲ့ လှည့်ကွက် တခုပဲလို့ တချို့လေ့လာသူတွေက ပြောဆိုကြပါတယ်။ တချိန်တည်းမှာ တချို့လူတွေတွက်နေတာက သူရဲ့ တရုတ်ပြည် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး အိမ်တွေလိုက်ဝယ်တာကလည် တကယ်လို့များ ရွေးကောက်ပွဲက စီစဉ်ထားသလို ဖြစ်မလာရင် သူနဲ့ သူ့မိသားစု တိုင်းပြည်ကထွက်ပြေးဖို့ စီစဉ်ထားသလိုလို ကောလာဟလတွေလည်း ထွက်ပေါ်လာပါတယ်။

သူ့ရဲ့ ဘေးနံဆက်စပ်မှုတွေ အားလုံးကို ကိုင်တွယ်ထိန်းထားနိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပါရမီ ထူးချွန်မှုအပေါ် သံသယ လုံးဝ မရှိပေမယ့်လည်း အရေးပေါ် အခြေအနေတွေအတွက် သူ့ရဲ့ ပြင်ဆင်မှုများစွာကို ကြည့်ခြင်းအားဖြင့် သူကိုယ်တိုင် တချိန်မှာ သစ္စာဖောက် ခံရနိုင်တယ်လို့ စဉ်းစားမိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဦးနေ၀င်း အာဏာက ဆင်းပေးလိုက်တဲ့အထိ သူ့ရဲ့ သြဇာဂုဏ်ကြောင့် နှစ်ပေါင်းများစွာကြာတဲ့အထိ သစ္စာခံသူတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာတော့ ဦးနေ၀င်းလို သြဇာဂုဏ် မရှိဘူးလို့  သူနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။

“တကယ်လို့သာ ဗိုလ်ချုပ်မှူးကြီးက အာဏာက ဖယ်ပေးမယ်ဆိုရင် လူတိုင်းက တကယ်ပျော်ကြမှာပါ။ ဘယ်သူမှ မျက်ရည် တပေါက်မကျပါဘူး။ တတိုင်းပြည်လုံးက ၀မ်းပန်းတသာ ဖြစ်ကြမှာပါ” လို့ စစ်သတင်းရပ်ကွက်က ပြောဆိုနေကြပါတယ်။

Than Shwe Hedges His Bets ကို ဆီလျော်အောင် ပြန်ဆိုသည်။

ရင်မခုန်ရတဲ့ ရွေးကောက်ပွဲ

ရန်ကုန်မြို့ရဲ့ လူစည်ကားရာ နေရာတွေမှာ အရင်က ကုန်ပစ္စည်း ကြော်ငြာ ဆိုင်းဘုတ်ကြီး တွေကသာ နေရာယူခဲ့ပေမယ့် အခု ကြော်ငြာ ဆိုင်းဘုတ် အမျိုးအစားသစ် ထပ်တိုးလာပါတယ်။

အဲဒီ ဆိုင်းဘုတ်ကြီးတွေက ကုန်ပစ္စည်းကြော်ငြာတာတွေ မဟုတ်သလို၊ အရောင်းမြှင့်တင်ရေးအတွက် ကြော်ငြာတာတွေလည်း မဟုတ်ပါဘူး။

usdps
တောင်ဥက္ကလာပမြို့နယ်တွင် မြို့တော်ဝန်ဦးအောင်သိန်းလင်း၏ ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ်များကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
အသစ်တိုးလာတဲ့ ဆိုင်းဘုတ်တွေက စစ်အာဏာရှင် စနစ်ကနေ အရပ်သား အာဏာရှင် စနစ်ဆီ ပြောင်းလဲမယ့် ကြော်ငြာတွေလို့ ရန်ကုန်မြို့ခံ တချို့က ဆိုပါတယ်။ ဆိုင်းဘုတ်မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ကို မဲပေးဖို့ နှိုးဆော်ထားတာပါ။

မဲပေးရမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ရောက်ဖို့ ရက်ပိုင်းလောက်ပဲ လိုတောတဲ့ အချိန်မှာ ကြံ့ဖွံ့ပါတီက မဲဆွယ် ဆိုင်းဘုတ်တွေ ထောင်တာ၊ စည်းရုံးလှုံ့ဆော်တာတွေကို ရန်ကုန် အပါအ၀င် နိုင်ငံတ၀န်းလုံးမှာ အရှိန်အဟုန် မြှင့်နေပါပြီ။ တခြား ပါတီတွေကလည်း ပုံစံ အမျိုးမျိုးနဲ့ အင်တိုက် အားတိုက် မဲဆွယ်နေပေမယ့် ကြံ့ဖွံ့ ပါတီ လောက်တော့ လူအင်အား၊ ငွေအား မသုံးနိုင်ပါဘူး။

ဒီလို လှုံ့ဆော်နေပေမယ့် ရွေးကောက်ပွဲကို လူထု စိတ်ဝင်စားမှု အားနည်းလွန်းတယ်လို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ဆိုပါတယ်။

“ရပ်ကွက်တွေကို ၀င်ပြီး မဲဆွယ်တဲ့အခါ ပြည်သူတွေက မသိသလို ရှောင်သွား ကြတယ်။ ကိုယ်က စကားပြောဖို့ ကြိုးစားပေမယ့် အလုပ်ရှိလို့ပါ ဆိုပြီး ထွက်သွားကြတယ်။ ဘယ်သူပဲ တက်တက် တို့က ထမင်း၂ နပ်ပဲ စားရမှာ၊ စိတ်မ၀င်စားဘူး ဆိုပြီး တချို့က ပြောတယ်။ တော်တော်များများကတော့ သူတို့ ယုံကြည်တဲ့ ပါတီ မပါလို့ မဲမပေး ဘူးလို့ ပြောကြတယ်” ဟု တောင်ဥက္ကလာပမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးက ပြောတယ်။

တောင်ဥက္ကလာ ပြည်သူတွေ ပြောတဲ့ သူတို့ ယုံကြည်တဲ့ ပါတီ ဆိုတာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဆိုလိုတာလို့ သူက ရှင်းပြတယ်။

တောင်ဥက္ကလာပတင် မဟုတ်ပါဘူး မြန်မာနိုင်ငံတ၀န်းက ပြည်သူတွေဟာ  NLD မပါဝင်တဲ့ ရွေးကောက်ပွဲကို မဲမပေးဘူး ဆိုတဲ့ သဘောထား ရှိနေတယ်လို့ ကိုယ်စားလှယ်လောင်းတွေက ခန့်မှန်းကြတယ်။

monk-billboard
စစ်အစိုးရကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီရဲ့ ကြော်ငြာဆိုင်းဘုတ်တခု။ နေရာအနှံ့ တွေ့နေရတဲ့ ဒီလို ဆိုင်းဘုတ်တွေမှာ ပါတီ အမှတ်တံဆိပ် ခြင်္သေ့ရုပ်၊ အမှန်ခြစ် သင်္ကေတ၊ ပြည်သူ့အတွက် ကတိပြုချက် ငါးခု ဆိုတာကို တွေ့ရတယ်။ (ဓာတ်ပုံ - AP)
ဒီမိုကရက်တစ်ပါတီ(မြန်မာ)နဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု တို့ကလည်း မဲဆွယ် လှုပ်ရှားမှုတွေ အရှိန်အဟုန် မြှင့်နေပါတယ်။ 

ဒီမိုကရက်တစ်ပါတီ(မြန်မာ)က အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ စမ်းချောင်းမြို့နယ်ကနေ ၀င် အရွေးချယ်ခံမယ့် ဒေါ်နေရီဗဆွေက ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ ကားနဲ့ လှည့်လည်ပြီး လက်ကမ်းကြော်ငြာတွေ ဝေနေတယ်။

“ရက်နီးလာပြီ ဆိုတော့ လက်ကမ်းကြော်ငြာ ဝေတာတွေကို ပိုပြီး လုပ်နေရတယ်။ ကားခေါင်းခန်းမှာ ထိုင်ပြီး ကျမ ကိုယ်တိုင် လိုက်တယ်” လို့ သူက ဆိုတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ တခြား ပါတီတွေကလည်း လက်ကမ်း ကြော်ငြာ ဝေတဲ့နည်းကို ဦးစားပေးပြီး မဲဆွယ် လှုပ်ရှားကြတာကို တွေ့မြင်ရတယ်။

ဒါပေမယ့် ပြည်သူတွေ ရွေးကောက်ပွဲ စိတ်ဝင်စား လာအောင် ဒီလက်ကမ်းကြော်ငြာတွေနဲ့ မဆွဲဆောင်နိုင်ဘူးလို့ ရန်ကုန်မြို့ခံတွေက ဆိုတယ်။ လာဝေတဲ့ ကြော်ငြာ ယူထားပြီး လွှင့်ပစ်လိုက်တာပဲ လို့ မရမ်းကုန်းမြို့နယ် ဒေသခံတဦးက ပြောပြတယ်။

အစိုးရတပိုင်း ကြံ့ဖွံ့ပါတီက လက်ကမ်းကြော်ငြာအပြင် ဆန္ဒမဲလက်မှတ်ပုံစံ စာရွက်တွေကို ဝေငှတယ်။ ပုံစံမှာ ပါတီရဲ့ ခြင်္သေ့တံဆိပ်၊ ကိုယ်စားလှယ်လောင်းအမည် အပါအ၀င် တခြား ပြိုင်ဘက် နိုင်ငံရေးပါတီတွေရဲ့ တံဆိပ်နဲ့ ကိုယ်စားလှယ်လောင်းအမည်တွေကို ဖော်ပြထားတယ်။ ဒါပေမယ့် ထောက်ခံမဲ အမှန်ခြစ် သင်္ကေတ ကိုတော့ ခြင်္သေ့တံ ဆိပ်ဘေးမှာပဲ တွေ့ရတယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူး လို့ တခြားပါတီတွေက ဆိုကြပေမယ့် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားရုံကလွဲလို့ ပါတီတွေ ဘာမှ မတတ်နိုင်ကြပါဘူး။

ပြည်သူ တချို့က စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် ရွေးကောက်ပွဲကို အာရုံမထားကြဘူးလို့ ဧရာဝတီကို ပြောကြတယ်။

ရုပ်မြင်သံကြား၊ ရေဒီယို ဖွင့်တိုင်း မဲပေးဖို့ သီချင်း၊ မဲပေးရေး ဇာတ်လမ်းတွေ၊ နေရာတိုင်းမှာ ကြံ့ဖွံ့ပါတီ ကြော်ငြာ ဆိုင်းဘုတ်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့လည်း ပြည်သူတွေက ဆိုတယ်။

ရန်ကုန်မြို့ခံ တဦးကတော့ တကယ်လို့ မဖြစ်မနေ မဲပေးရမယ် ဆိုရင်တောင် ကြံ့ဖွံ့ကို မဲမပေးဘဲ တခြား ပါတီကို မဲပေးမယ်လို့ ဆိုတယ်။ သူ မဲမပေးလည်း ကြံ့ဖွံ့ပါတီက ရှုံးမှာမဟုတ်ဘဲ သေချာပေါက်နိုင်မှာပါလို့ သူရဲ့ ထင်မြင်ချက်ပြောပြတယ်။

ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု အားနည်းရတဲ့အထဲ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကြောင့် မဲဆွယ်လှုပ်ရှားရတာ အတော်ကို အခက်အခဲ ဖြစ်နေတယ်လို့ နိုင်ငံရေးပါတီတွေက ညည်းတွားကြတယ်။

“ဟောပြောပွဲ လုပ်မယ် ဆိုရင် ကော်မရှင်ဆီ ၇ ရက် ကြိုတင်ရမယ်။ လက်ရှိ တည်ဆဲ အစိုးရကို မဝေဖန်ရဘူး ဆိုတဲ့ အချက်တွေအပါအ၀င် ကန့်သတ်ချက်အများကြီး ရှိနေတော့ ဟောပြောပွဲတွေ၊ တရားဟောပွဲ လုပ်ဖို့ အဆင်မပြေဘူး” လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးက ပြောတယ်။

ဝါရင့်သတင်းစာဆရာတဦးကလည်း “၁၉၉၀ ရွေးကောက်ပွဲတုန်းက တရားဟောပွဲတွေ နေရာတိုင်းမှာ လုပ်ပြီး ပြည်သူတွေက ရာထောင်ချီ တက်ရောက်ပြီး တနိုင်ငံလုံး နိုင်ငံရေးစိတ်ဓာတ်တွေနဲ့ တက်ကြွခဲ့တယ်။ ခု ၂၀၁၀ ရွေးကောက်ပွဲက ခြောက်တီးခြောက်ကပ်၊ ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရ ဆိုတဲ့ ဥပဒေတွေနဲ့ တော်တော်ကို ရုပ်ဆိုးလွန်းတယ်” လို့ ပြောတယ်။

Members-of-the-National-Democratic-Force
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ က ခမောက်တံဆိပ်ပါ အနီရောင်ကြော်ငြာ ဆိုင်းဘုတ်တွေ ချိတ်ထားတဲ့ ကားတွေနဲ့ ရပ်ကွက်တွေထဲ လက်ကမ်းကြော်ငြာတွေ လိုက်လံ ဝေငှနေပါတယ်။ ဒါက ဘဏ္ဍာရေး မတောင့်တင်းတဲ့ ပါတီတွေ အသုံးများတဲ့ နည်းလမ်းပါ။ (ဓာတ်ပုံ - AP)
ရွေးကောက်ပွဲမှာ မဲမပေးရေး လှုပ်ရှားသူတွေကိုလည်း တွေ့ရပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ NLD အဖွဲ့ဝင်တွေက မဲမပေးဘဲ နေလို့ရတယ်၊ ခြိမ်းခြောက် မဲပေးခိုင်းတာတွေရှိရင် နီးစပ်ရာ ရဲစခန်းကို တိုင်ကြားကြပါ စသဖြင့် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါတဲ့ စာရွက်တွေကို ရန်ကုန်မှာ ဖြန့်နေကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံပါတဲ့ အဲဒီစာရွက်တွေကို ပြည်သူတွေက လိုက်တောင်းတဲ့ အထိ အောင်မြင်မှု ရနေတယ်လို့ NLD လူငယ်တဦးက ပြောတယ်။

သူတို့နောက်မှာ ရဲထောက်လှမ်းရေး၊ စစ်ထောက်လှမ်းရေးတွေ တကောက်ကောက် လိုက်နေတာကိုလည်း တွေ့နေရတယ်။

နိုဝင်ဘာ ၇ ရက်နေ့ နီးလာလေလေ၊ နိုင်ငံရေးပါတီတွေ၊ သတင်းသမားတွေ ရင်ခုန်နေကြပေမယ့် စစ်အစိုးရရဲ့ သဘောထားအမှန်ကို သိနေတဲ့ ပြည်သူလူထုကတော့ တုတ်တုတ် မလှုပ်ပါဘူး။

“လုပ်မနေပါနဲ့။ သူတို့ပဲ နိုင်မှာပါ။ ဘုန်းကြီးတောင် သတ်တဲ့ကောင်တွေ၊ ဘယ်တော့မှ အာဏာစွန့်မှာ မဟုတ်ဘူး” ဆိုတာ ရန်ကုန်မြို့က ပြည်သူတွေကြားမှာ အပြောများတဲ့ စကားတခွန်း ဖြစ်နေပါတယ်။

Tuesday, October 26, 2010

အင်းစိန်နှင့် မင်္ဂလာဒုံ တကျောတွင် မဲမပေးရေး စာရွက်များဖြန့်

ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း ရေးသားထားသည့် စာများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် လူငယ်များက ရန်ကုန်တိုင်း အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ်များတွင် ယနေ့နံနက်က လိုက်လံပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

အင်းစိန်၊ ဖော့ကန်၊ အောင်ဆန်း၊ မင်္ဂလာဒုံ၊ မှော်ဘီနှင့် ထောက်ကြန့် အရပ်များရှိ လူစည်ကားရာ ဈေးများတွင် NLD လူငယ်များက စာရွက်များကို လိုက်လံပေးဝေခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲ နေနိုင်ခွင့်လည်းရှိတယ်ဆိုတဲ့အချက် တွေပါတဲ့ စာရွက် ကမ်းတယ်။ ပြည်သူလူထုကိုလည်း ဒီအကြောင်း ရှင်းပြတယ်။ စောင့်ကြည့်တာ နှောင့်ယှက်တာတော့ မရှိဘူး။ ထောက်ကြန့်ဈေးမှာတော့ ကျနော်တို့ စာရွက်တွေ လိုက်ဝေပြီးလို့ ကားပေါ်အတက်မှာ သတင်းတပ်ဖွဲ့ဝင်တွေက ဓာတ်ပုံ လိုက်ရိုက်တယ်” ဟု NLD လူငယ် တဦးက ပြောသည်။

ပြည်သူများအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲပေးရန်ေ၀၀ါးနေဆဲဖြစ်ပြီး တချို့ကမူ NLD ပါတီ ရွေးကောက်ပွဲ ၀င်မည်ဟု ထင်မှတ်နေကြကြောင်း သူက ဆိုသည်။

“တချို့က မသိကြဘူး။ ခွပ်ဒေါင်းတွေ၊ ခမောက်တွေပါတော့ NLD က ရွေးကောက်ပွဲဝင်တယ် ထင်ကြတယ်။ ကျနော်တို့က NLD ရွေးကောက်ပွဲ မ၀င်ဘူးဆိုတာရယ်၊ ဘာကြောင့် မဝင်ဘူးဆိုတာရယ်ကို ရှင်းပြရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ပြည်သူလူထုကို ရှင်းပြ၍ မဲမပေးဘဲ နေခွင့်ရှိကြောင်း စာရွက်များ ဖြန့်ဝေမှုကို တခြား မြို့နယ်များတွင်လည်း ဆက်လက် အရှိန်မြှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် မဲမပေးရေး၊ ရွေးကောက်ပွဲ သပိတ်မှောက်ရေး အတွက် အထိုက်အသင့် အောင်မြင်မှုရှိလိမ့်မည်ဖြစ်ကြောင်း NLD လူငယ်များက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သန်လျင်မြို့နယ် NLD အဖွဲ့ဝင် လူငယ်များက သန်လျင်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း စာရွက်များ လိုက်လံပေးဝေခဲ့သေးသည်ဟု သိရသည်။

“စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ မတရားဘူးဆိုတာ ပြည်သူတွေ သိဖို့လိုတယ်။ ကျနော်တို့ ဒီလိုလုပ်တော့ မသိတဲ့သူတွေ သိသွားလို့ ထိရောက်မှု တခုဖြစ်တယ်” ဟု NLD လူငယ်တဦးက ပြောသည်။

မဲစာရင်းများ မမှန်ကန်

Print ပြည်နယ်နှင့် တိုင်းများရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော မဲပေးနိုင်သည့် လူဦးရေစာရင်းမှာ အမှန်တကယ် မဲပေးနိုင်သော လူဦးရေစာရင်းနှင့် ကိုက်ညီမှုမရှိဘဲ အပိုစာရင်းများ ပါရှိပြီး မှန်ကန်မှုမရှိကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

mm-union-election-commission-officials
အောက်တိုဘာလ ၁၈ ရက်က နေပြည်တော်တွင် ကျင်းပသော ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုး ရှင်းလင်းပြောကြားသည့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းပွဲ (ဓာတ်ပုံ - အေပီ)
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော မဲပေးနိုင်သည့် စာရင်းတွင် အပိုစာရင်းများ ပါရှိကြောင်း ကမန် အမျိုးသား တိုးတက် ရေး ပါတီမှ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၀င်ရောက် အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်လှိုင်ဝင်း က ပြောပြသည်။

“စည်းရုံးရေးဆင်းရင်း မဲစာရင်းတွေကို စစ်ကြည့်လိုက်တော့ မဲစာရင်းမှာ ပိုနေတာ တွေ့ရတယ်၊ တကယ်မဲပေးခွင့်ရှိတဲ့ လူဦးရေရဲ့ ၂ ဆလောက်ကို ပိုနေတယ်၊ ကျနော်တို့ဆီမှာ အများစုက မှတ်ပုံတင်မရှိတော့ မဲပေးလို့မရဘူး၊ ဒါပေမယ့် အဲဒီလူစာရင်းတွေနဲ့ အပို စာရင်းတွေကိုပါ ထည့်ထားတာ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ မဲစာရင်းကွာခြားနေမှုကို ခရိုင် ရွေးကောက်ပွဲ ကော်မရှင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်များထံသို့ တိုင်ကြားထား ကြောင်းလည်း ၎င်းက ပြောသည်။

သံတွဲမြို့နယ်တွင် ကော်မရှင်မှ ထုတ်ပြန်သောမဲပေးနိုင်သူ ဦးရေစာရင်းနှင့် ကွာခြားနေသော ကျေးရွာများမှာ ဆင်ခေါင်း ကျေးရွာ၊ သပြုချိုင် ကျေးရွာ၊ လှေကြီးချိုင် ကျေးရွာတို့ ဖြစ်ကြောင်း တခြားကျေးရွာများ၏ စာရင်းများကို စစ်ဆေးကြည့်ရန် အခွင့်အလမ်း မရခဲ့သောကြောင့် မသိရှိခဲ့ရကြောင်း ဦးတင်လှိုင်ဝင်းက ဆက်ပြောသည်။

ဆင်ခေါင်းကျေးရွာတွင် အမှန်တကယ်မဲပေးနိုင်သူ စာရင်းမှာ ၁ ထောင်ကျော်ရှိပြီး မြို့နယ်ကော်မရှင်မှ ထုတ်ပြန်ထားသော မဲစာရင်းမှာ စုစုပေါင်း ၃ ထောင်ကျော် ဖြစ်နေသည့်အတွက် ၂ ဆခန့် ကွာဟနေကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော ကမန် တိုင်းရင်းသားများမှာ ရခိုင်မျိုးနွယ်စုတစုဖြစ်ပြီး စုစုပေါင်း ကမန်တိုင်းရင်းသားပေါင်း ၄ သိန်းကျော် နေထိုင်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသော ကမန်တိုင်းရင်းသားများမှာ ၂ သိန်းဝန်းကျင်ရှိပြီး ကျန် ၂ သိန်းကျော်မှာ ပုံစံ (၄) များဖြင့်သာ နေထိုင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ နောင်ပိန် ကျေးရွာအုပ်စုတွင်လည်း ကျေးရွာကော်မရှင်မှ ထုတ်ပြန် သော မဲစာရင်းမှာ အမှန်တကယ် မဲပေးနိုင်သူ ဦးရေစာရင်းနှင့် ကွာနေသည်ကိုတွေ့ရကြောင်း ရှမ်းတိုင်းရင်းသား ဒေသခံတဦးက ပြောပြသည်။

“ကျနော်တို့ နောင်ပိန် ကျေးရွာအုပ်စုက တကယ်မဲပေးနိုင်တဲ့သူ ဦးရေနဲ့ သူတို့ လုပ်ထားတဲ့စာရင်းမှာက တော်တော်ပိုနေတယ်၊ တကယ်မဲပေးနိုင်တာက ၇၀၀ ပဲရှိတယ်၊ စာရင်းမှာ ၂ ထောင်ဖြစ်နေတယ်၊ အဲဒါကို ကျနော်တို့ သိပြီးပြောတော့ ကျေးရွာကော်မရှင် က ခရိုင်က ပေးလိုက်တဲ့ စာရင်းအတိုင်းလုပ်ရတယ်လို့ပြောတယ်”ဟု အဆိုပါ ဒေသခံ ကျေးရွာသားက ပြောသည်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်တို့မှာ ခရိုင်ကော်မရှင်ရုံးက ထုတ်ပြန်ထားသည့် စာရင်း အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲ၍မရဟု ညွှန်ကြားထားကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ကော်မရှင် အဖွဲ့ဝင်တဦးထံမှ သိရှိရသည်။

“အစိုးရက မဲစာရင်းကိုလည်း သူတို့ စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပြီးသားပါ၊ နိုင်ငံရေး ပါတီတွေက ဥပဒေကြောင်းနဲ့ မညီဘူးလို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေကို တိုင်ကြားရင်လည်း အပိုပါပဲ”ဟု ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေ က ပြောသည်။

အရပ်ဘက် အုပ်ချုပ်ရေးသို့ ပြောင်းသည့်အခါ စစ်အစိုးရအနေဖြင့် လွှတ်တော်အတွင်းတွင် ၄င်းတို့ စစ်ဗိုလ်ချုပ်များနှင့် အရပ်ဝတ် လည်း စစ်ဗိုလ်ချုပ်ဟောင်းများသာ နေရာယူနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေ က ဝေဖန်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိသည့်အနက် မဲပေးနိုင်သည့် ဦးရေမှာ ၂၉ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စစ်တွေမှာ မီတာခမှန်မှန် ကောက်ပေမယ့် မီးဖြတ်ခံရ

ကျနော်က ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ နေတဲ့သူပါ။

ကျနော်တို့ဟာ မီတာခကို လစဉ်ပုံမှန် ပေးသွင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ရပ်ကွက်မီးလင်းရေးကော်မတီဟာ မီတာခ မပေးသွင်းဘူးဆိုပြီးတော့ အစိုးရ လျှပ်စစ်မီးပေးဝေရေးဌာန EPC ဝန်ထမ်းတွေက ရပ်ကွက်ပြည်သူတွေ သုံးနေတဲ့ မီတာဘောက်စ် ၉၈ လုံးကို မနေ့တုန်းက ဖြုတ်ယူသိမ်းသွားပါတယ်။

ရပ်ကွက်မီးလင်းရေး ကော်မတီနဲ့ ရှင်းကြဆိုပြီးတော့ ပြောသွားပါတယ်။ ကော်မတီဆီကနေ ဝယ်ထားတဲ့ မီတာဘောက်စ်တွေကို သုံးလို့မရတော့ဘူးလို့လည်း ဆိုပါတယ်။ တကယ်တော့ ကော်မတီနဲ့  မရှင်းဘဲ ပြည်သူတွေရဲ့ မီတာတွေကို အခုလို သိမ်းသွားတာကဖြင့် သဘာဝ မကျပါဘူး။

ဒီကနေ့ EPC လျှပ်စစ်ရုံးကို သွားမေးတော့လည်း မီတာဘောက်စ် လိုချင်ရင် နောက်တခေါက် ထပ်လာလျှောက်ဖို့ ပြောပါတယ်။ ဝန်ထမ်းတယောက် အပြောအရ ကျပ် ၁ သိန်း ၁ သောင်းပေးရမယ်လို့ သိရတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စပါးခွံလောင်စာသုံးတဲ့ မီးစက်နဲ့ လျှပ်စစ်မီးပေးလာခဲ့တာပါ။ မီးရရှိဖို့ ရပ်ကွက် မီးလင်းရေး  ကော်မတီကတဆင့် မီတာဘောက်စ်တွေ ဝယ်ခဲ့ရပါတယ်။ မီတာဘောက်စ်တလုံးကို ကျပ် ၆ သောင်းတောင် ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီမီးစက်ဟာ လွန်ခဲ့တဲ့ ၈ လ ကတည်းက မီးမပေးတော့ဘဲ၊ အစိုးရ လျှပ်စစ်မီးစက်ကနေကပဲ ပေးပါတော့တယ်။ မီတာခကိုတော့ ကော်မတီကနေတဆင့် ဆောင်ကြရပါတယ်။ တမီတာကို ကျပ် ၄ဝဝ ပေးရတာပါ။ တရက်ကို ၄ နာရီ မီးရပါတယ်။

ကျနော်တို့က ကော်မတီကတဆင့် မီတာခ ပေးရဲ့သားနဲ့ မပေးဘူးဆိုပြီး မီတာဘောက်စ်တွေ ဖြုတ်သိမ်းသွားတာ ဖြစ်ပါတယ်။ အခုအခါ ကျနော်တို့ရပ်ကွက်မှာ လျှပ်စစ်မီး မရှိတော့ပါဘူး။ လျှပ်စစ်မီးသုံးရတဲ့ ဆိုင်တွေအဖို့ အလုပ်တွေ ရပ်ကုန်ပါပြီ။ တခြားရပ်ကွက်တွေမှာတော့ အခုလိုအဖြစ်မျိုး မရှိသေးပါဘူး။

ကျနော်တို့ ကြုံတွေ့နေရတဲ့ လျှပ်စစ်မီး ပြဿနာကို တင်ပြလိုက်ရတာပါ ခင်ဗျား။


ဒေသခံတဦး
စက်ရုံစုရပ်ကွက်
စစ်တွေမြို့

Monday, October 25, 2010

ရန်ကုန်တွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းရှိ

မကြာသေးမီက ကောက်ယူထားသော လူထုစစ်တမ်းအရ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့် ရွေးကောက်ပွဲတွင် မဲမပေးလိုသူ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။

ဆန္ဒမဲပေးရန် အမည်စာရင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်ရုံးများတွင် ဖော်ပြပေးထားသော်လည်း အမည်စာရင်း လာကြည့်သူ ၅ ဦးထက်မပိုကြောင်း အနောက်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ဝင် တဦးကပြောသည်။

88-Generation-Student-Youth
၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ မဲဆွယ်မှုအတွင်း အဆိုပါ ပါတီ၏ ပိုစတာတခုကို ဝယ်ယူရန် ကြည့်ရှုနေသည့် အမျိုးသမီးတဦး (ဓာတ်ပုံ - AP)
အဆိုပါ ရလဒ်မှာ မဲမပေးရေး ဆန့်ကျင်မှုလုပ်ရပ်များကြောင့်မဟုတ်ဘဲ  နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် ပြည်သူလူထုကိုယ်တိုင်  စိတ်ပါဝင်စားမှု မရှိခြင်းအားပြသခြင်းသာဖြစ်ကြောင်း လေ့လာသူများက ဝေဖန် ပြောဆို နေကြသည်။

“ကျေးလက်တောရွာတွေမှာ မဲပေးမယ့်သူက ရာခိုင်နှုန်း တော်တော်များများရှိတယ်။ အဓိက မြို့ကြီးတွေမှာ ကျတော့ ရွေးကောက်ပွဲ အသိပညာနဲ့ ထိတွေ့မှုရှိနေတော့ ကိုယ်ကြိုက်တဲ့ပါတီတခုကို မဲထည့်လိုက်လို့ ရွေးကောက်ပွဲပြီးသွားလည်း စစ်အစိုးရဖွဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ပဲ အနိုင်ရမှာ သိနေတော့ သွားထည့်ဖို့ စိတ်မ၀င်စားကြဘူး” ဟုအလုံ မြို့နယ် ရပ်ကွက် ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။

မြို့ပြတွင် မဲမပေးလိုသည့် လူထု ၇၀ ရာခိုင်နှုန်းခန့်နှင့် အပြောင်းအလဲဖြစ်လာမလားဟု မျှော်လင့်ကာ မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သူက ရှင်းပြသည်။

စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲသည် ပြောင်းလဲမှု တစုံတရာ ဖြစ်လာမည် ဟု မျှော်လင့်ချက်မရှိသောကြောင့် မဲသွား ပေးမည်မဟုတ်ဟု ဆေးဝါးသုတေသနဌာနမှ ဆရာဝန်ဦးက ပြောသည်။

“အခုလောလောဆယ် ကြံ့ဖွံ့က အင်အားအကောင်းဆုံး ဖြစ်နေတာက တပိုင်း၊ တကယ်လို့များ လွှတ်တော်မှာ တခြားပါတီတခုကလည်း အပြိုင် အနိုင်ရခဲ့ရင်ရော တကယ် အဲဒီပါတီကို အုပ်ချုပ်ခွင့် ပေးမှာလားဆိုတာ ဘယ်သူမှ မယုံဘူး။ ဒါကြောင့်လည်း အပြောင်းအလဲဖြစ်မလာမယ့် အရေးကို မဲမထည့်ချင်ဘူး” ဟု သူက ဆိုသည်။

မဲပေးလိုသည့် လူထု ၃၀ ရာခိုင်နှုန်းခန့်တွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည ပါတီ) တို့အား မဲပေးလိုမှု များကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီကတော့ လုံးဝ မဲမပေးဘူး။ ကျန်တဲ့ ပါတီထဲက စဉ်းစားရမယ်ဆိုရင် ကြံ့ဖွံ့ကို အပြိုင်နိုင်ဆုံးက NDF ပဲရှိတော့ NDF ကိုမဲထည့်မယ်။ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့နိုင်မယ် ဆိုတာ သိပေမယ့် တမဲ ထည့်လိုက်ရတယ်၊ စစ်အစိုးရပါတီ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ ကိုယ့်တမဲက သူတို့အတွက် ဆန့်ကျင်လိုက်ရတယ် ဆိုတာမျိုးနဲ့ ကျေနပ်ရတာပေါ့” ဟု ပညာရေး တက္ကသိုလ် ဘွဲ့လွန် ကျောင်းသားတဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင်  ပြည်သူလူထု၏ သဘောထားအမှန်ကောက်ယူမှုအရ NLD ပါတီ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာကို ဆက်လက်ယူထားခဲ့ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု ထောက်ခံမှု မရှိခဲ့သော်လည်း နည်းလမ်းမျိုးစုံ အသုံးပြု၍ ထောက်ခံမှု ရယူခဲ့သည့် သာဓကများ ရှိခဲ့ခြင်း တို့ကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တစုံတရာ ပြောင်းလဲမှုဖြစ်နိုင်ဖွယ်ရာမရှိသည့်အတွက် မဲပေးလိုမှု စိတ်ဆန္ဒ မရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တစောင်မှ သတင်းထောက်တဦးက ဆိုသည်။

“ပြည်သူလူထု မဲမပေးချင်တဲ့အချက်ထဲမှာ ပါတီတွေကနေ ရွေးကောက်ပွဲကို မထောက်ခံဖို့၊ မဲမပေးဖို့ လှုပ်ရှားမှုတွေကြောင့် မဟုတ်ဘူး။ မြန်မာပြည်သူလူထုက နိုင်ငံရေးနဲ့ ပတ်သက်ပြီး အလှမ်းဝေးအောင်၊ စိတ်မ၀င်စားအောင် စစ်အစိုးရက လုပ်ထား တဲ့ အချက်တွေကြောင့်လည်း ပါတယ်။ နိုင်ငံရေး အသိပညာ ချို့တဲ့တဲ့ လူတွေကျတော့ နိုင်ငံရေး၊ ပါတီ ဆိုတဲ့အသံကြားတာနဲ့ ထောင်ကိုပဲ ပြေးမြင်တာ။ နောက်တခုက စီးပွားရေးပေါ့။ တဘက်မှာ ကိုယ့်စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန် နေရတော့ စိတ်မ၀င်စားတော့ဘူး” ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီများထဲ၌ ကြိုက်နှစ်သက်သည့် ပါတီတခုမှ မပါဝင်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှစ်သက်မှုမရှိခြင်းကြောင့် ယခု ကျင်းပသည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြောင်း ဒဂုံ တက္ကသိုလ် သမိုင်းဌာနမှ နည်းပြဆရာ တဦးက ပြောသည်။

“အခု ကြည့်လိုက်ရင် ကြံ့ဖွံ့ ပါတီက လွဲပြီး သူနဲ့ ယှဉ်မယ့် ပါတီတွေကရော အားကိုးရပါ့မလား ဆိုတာမျိုး မေးစရာရှိလာတယ်။ တစည ပါတီကလည်း မဆလ ကနေ ပေါက်ဖွားလာတာ။ NDF ဆိုတာကလည်း ဒေါ်စုက ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြော လိုက်တဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ခွဲထွက်သွားတဲ့ ပါတီတခုလို့ မြင်တယ်။  ဒီတော့ ဘယ်ပါတီကိုမှ မဲမပေးချင်ဘူး” ဟု သူက ရှင်းပြသည်။

အနုပညာအလုပ်နှင့် စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်နေရသောကြောင့် ရွေးကောက်ပွဲနှင့် ပါတီများကို စိတ်မ၀င်စား နိုင်ကြောင်း ၀ါရင့် အနုပညာရှင်အမျိုးသမီးတဦးက ပြောသည်။

“ပါတီတွေ ရှိတယ်လို့ ကြားတယ်။ ဒါပေမယ့် အဲဒီဘက်ကို အမှန်အတိုင်းပြောရရင်စိတ်မ၀င်စားဘူး။ ရွေးကောက်ပွဲ လုပ်မယ် မဲထည့်ရမယ်ဆိုတာတော့ သိတယ်။ ဘယ်သူ့ ထည့်ရမယ်မသိဘူး။ ဘယ်သူတက်တက် ကိုယ့်ဘာသာကိုယ်ပဲ ရှာစားရမှာ ဆိုတော့ စိတ်လည်းမ၀င်စားဘူး။ ခု ရုပ်ရှင်ကားတခု အတွက် နိုင်ငံခြားမှာ အသံထည့်တာတို့ အဲဒီလိုမျိုးတွေလုပ်ဖို့ ကိုယ့်စီးပွားရေးအတွက်ပဲ ခေါင်းထဲမှာရှိတယ်” သူက ဆိုသည်။

ပဲခူးတိုင်းတွင် ရွေးကောက်ပွဲဆန့်ကျင်စာများ ဖြန့်

ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေးစာတန်းပါ ပို့စတာများကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့နှင့် တခြားသော မြို့ပေါင်း ၁၀ မြို့ခန့်၌ တပြိုင်တည်း ပြုလုပ်ကြောင်း သတင်းရရှိသည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လာမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့် ကျင်သည့် ပို့စတာများကပ်၍ လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

“မဲမပေးတာကလည်း ပြည်သူ့အခွင့်အရေးလေ၊ ဒါကြောင့် ပြည်သူတွေ မိမိတို့ အခွင့်အရေးကိုသိဖို့ လှုံ့ဆော်ရတာပါ”ဟု ၎င်းကဆို သည်။

ယင်းလှုပ်ရှားမှုကို ကျောင်းသားများ ဦးဆောင်သည့် ဘွိုင်းကောက် -၂၀၁၀ (Boycott-2010) အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်မြို့ တွင်ပင် စာရွက်ပေါင်း ၂၀၀၀ ကျော် ကပ်ခဲ့သည်ဟု ယင်း အဖွဲ့ ကပြောသည်။

ထို ပို့စတာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နဖူးစည်းတွင် ရွေးကောက်ပွဲကို မဲမပေးခြင်းဖြင့် ဆန့်ကျင်သပိတ်မှောက်ကြ ဆိုသည့်စာတန်း၊ မဲမပေးခြင်းသည်လည်း ဥပဒေအရ အခွင့်အရေးဆိုသည့် စာတန်းနှင့် စစ်ကျွန်ပြုမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြ ဆိုသည့် စာတန်းသုံးမျိုးကို ပြည်မြို့နှင့် တခြားမြို့များ၏ လူစည်ကားရာ အချက်အချာကြသည့် နေရာ အနှံ့တွင် ကပ်ခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုနှင့် ပတ်သက်၍ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို အဖွဲ့ဝင် တဦးတယောက်မှ မခံရကြောင်း အဆိုပါ အဖွဲ့ဝင်က ဆက်ပြောသည်။

ပြည်- ရန်ကုန် ကားလမ်းတလျှောက်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ္တလင်း ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံတန်း၊ သာယာဝတီ- သုံးဆယ်၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့များနှင့် မကွေးတိုင်းအတွင်းရှိ အောင်လံ၊ ကမ္မမြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်မြို့ခံတဦးကလည်း“ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာတန်းတွေ တမြို့လုံးနေရာအနှံ့ အများကြီး ကပ်ထားတယ်၊ ဓာတ်တိုင် အမြင့် ပေါ်မှာ ကပ်ထားတဲ့ဟာတွေကို ရဲတွေက ယူနီဖောင်းနဲ့ တက်ခွာနေရတော့ လူတွေက ပိုအာရုံစိုက်ခံ ရတာပေါ့”ဟု ဆိုသည်။

ထို စာရွက်များကို ရဲများက နံနက် ၇ နာရီခန့်တွင် လိုက်လံခွာယူနေကြောင်း၊ ဓာတ်တိုင်၊ ကြော်ငြာ ဆိုင်းဘုတ်၊ ဖုန်းရုံ၊ ဘုရားနံရံနှင့် လူအများမြင်သာသည့် အမြင့်နေရာများတွင် ကပ်ထားသည်ဟု အဆိုပါ ပြည်မြို့ခံက ဆက်လက်ပြောသည်။

ပြည်မြို့ရှိ ဈေးကြီး၊ လမ်းမတော်၊ လမ်းရှည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ရွှေဘုန်းပွင့်ဘုရား၊ မြို့သစ် အဝေးပြေး ကားဂိတ်၊ ဘုရားကြီး ဘုရား၊ တာဂွ၊ တီတွဒ် ကျေးရွာအထိ အဆိုပါ စာရွက်များကို ကပ်ထားကြောင်း သိရသည်။

သာယာဝတီမြို့နှင့် သုံးဆယ်မြို့ရှိ အချက်အချာကြသည့် ဗိုလ်စိန်မှန်တံတား၊ သာယာဝတီဈေးကြီး၊ ဗလီရှေ့၊ ကားဂိတ်တို့တွင် သာယာဝတီမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံးရှေ့တွင်လည်း ပြုလုပ်ခဲ့သည်ဟု သာယာဝတီမြို့ခံ တဦးကလည်း ပြောသည်။

လာမည့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကို တနိုင်ငံလုံးအနှံ့ ဆန့်ကျင်သည့် လှုပ်ရှားမှုများကို လူငယ်များက တီရှပ်များ ၀တ် ၍လည်းကောင်း၊ စာရွက်စာတမ်းများ ဖြန့်ဝေခြင်းဖြင့်လည်းကောင်း ပြုလုပ်နေရာ ယခုကဲ့သို့ မြို့ပေါင်း အမြောက်အမြားတွင် တပြိုင်နက်တည်း ပြုလုပ်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

Sunday, October 24, 2010

ကြံ့ဖွံ့ကိုအမှုဖွင့်သော်လည်း ရဲလက်မခံ

သန်လျင်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဆန္ဒမဲလက်မှတ် အတုပြုလုပ်သဖြင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးကြည်က ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးစားခဲ့ရာ ရဲစခန်းက လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း သတင်းရရှိသည်။

members-usdp-party
ကြံ့ဖွံ့ပါတီ မဲဆွယ်စည်းရုံးရေး လက်ကမ်းကြော်ငြာများကို ရန်ကုန်မြို့တွင်း၌  လိုက်လံ ဖြန့်ဝေနေသည့် ကြံ့ဖွံ့ပါတီဝင်များ (ဓာတ်ပုံ - AP)
သန်လျင်မြို့နယ် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်ဦးသည် ဦးစိုးကြည်၏ အမည်နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အမှတ်အသား ဒေါင်းတံဆိပ်ကို ဆန္ဒမဲလက်မှတ် အတုပေါ်တွင် အလွဲသုံးစားပြုလုပ် ဖော်ပြခဲ့သည်ဟု ဦးစိုးကြည်နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောသည်။

ထို့ကြောင့် ဦးစိုးကြည်က ဦးလွင်ဦးကို စာရွက် စာတမ်း အတုပြုလုပ်မှုဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့က သန်လျင်ရဲစခန်း၌ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ရာ ရဲစခန်းက အဆိုပါအမှုသည် နိုင်ငံရေးမှုဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်သည်ဟု ပြန်လည်ပြောဆိုခဲ့၍ အမှုဖွင့်ခွင့် မပေးခဲ့ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီကဝေငှသည့် ဆန္ဒမဲလက်မှတ် စာရွက် ပုံစံတူများပေါ်တွင် သန်လျင်မြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ ပါတီ အပါအ၀င် တခြားသော ပါတီများ၏ အမည်၊ တံဆိပ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်များကို ဖော်ပြထားကြောင်း၊ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း အမည်ဘေးတွင် အမှန် ခြစ်ပြထားပြီး တခြားပါတီများ၏ ဘေးတွင် လုံးဝ အမှန်မခြစ်ကြရန် ပြောဆိုစည်းရုံးကြောင်း သန်လျင်မြို့ခံများက ပြောသည်။

“စာရွက်စာတမ်း အတုပြုလုပ်မှု ဆိုပြီး ပုဒ်မ ၄၆၈ နဲ့ အမှုဖွင့်ဖို့ လုပ်ပေမယ့် ရဲစခန်းက လက်မခံဘူး” ဟု သန်လျင်မြို့ခံတဦးက ဆိုသည်။

ထိုသို့ ရဲစခန်းက လက်မခံခဲ့ခြင်းကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
ဦးသိန်းစိုးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးတို့ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ အကြောင်း မပြန်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

လက်ရှိတွင် ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ စုဆောင်းမှုများ လုပ်ဆောင်နေသည်ကို သက်သေအထောက်အထား များနှင့်တကွ ရရှိထားသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တရားဝင် တိုင်ကြားထားသည်ဟုလည်း ဦးသုဝေက ပြောသည်။

နိုင်ငံရေးသမားတဦးကမူ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်နေသော်လည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားရုံသာမက တရားစွဲဆိုသင့်သည်ဟု
ဝေဖန်သည်။

“ကြံ့ဖွံ့ပါတီကို ဖျက်သိမ်းပေးဖို့၊ တရားစွဲဖို့ နိုင်ငံရေးပါတီတွေက မကြိုးစားကြဘူး၊ ပြောလည်း မပြောဘူး။ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ကိုပဲ တိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက
အစိုးရသဘောကျ လုပ်ပေးတဲ့ သူတွေနဲ့ဖွဲ့ထားတာ။ ဥပဒေအရ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲသင့်တယ်” ဟု ၎င်းက ဆိုသည်။

သန်လျင်မြို့နယ်တွင် ကြံ့ဖွံ့ပါတီက လွှတ်တော်အမတ်လောင်း ၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဒေါက်တာမြင့်ကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးလွင်ဦး၊တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း အဖြစ် မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌဟောင်း ဦးအောင်သန်းဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၂ ကိုယ်စားလှယ်လောင်း အဖြစ် ဦးကျော်မင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

တံတားဖြတ်ခ ပိုမိုကောက်နေ

ကျနော်ကားပိုင်ရှင်ပါ။ ၆ ဘီး ၈ တန်ကားပေါ့။ ရေနံချောင်းအထွက် ပင်းချောင်း ဘေလီတံတားပေါ့။
တံတား တခါဖြတ်ခ ၁၈ဝဝဝ ဖြစ်နေတယ်။ မြစ်ငယ်တို့၊ စမုံတို့၊ ကုက္ကိုလ်ဂွတို့၊ ကိုးပင်တို့က ၃၅ဝဝ ချည်းပဲ။ ဧရာဝတီမြစ်ကူး မကွေးနဲ့ မင်းဘူးကူးတဲ့ တံတားတောင်မှ ၉ဝဝဝ ပဲပေးရတယ်ဗျာ။ ပင်းချောင်းတံတားက ချောင်းကူးတံတားဖြစ်ရဲ့သားနဲ့ ၁၈ဝဝဝ ဖြစ်နေတာ။

ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် မောင်းတုန်းနဲ့ပေါ့ဗျာ။ ဘယ် ၆ ဘီးကားမဆို ၈ တန်ကတော့ အကြီးဆုံးပေါ့ဗျာ ၁၈ဝဝဝ တောင်းတယ်။ ၁ဝ ဘီးကားတစီးကို ၃ သောင်း တောင်းတယ်။ ကုန်တွေကလည်း လျော့တင်ရတာနဲ့ဆို သူ့ကို ပေးဖို့က တော်တော်ခက်ခဲတယ်ပေါ့ဗျာ။

တံတားကို ကောင်းမွန် ဆောက်လုပ်ရေး ကုမ္ပဏီကို လွှဲထားတာဗျ။ အဲဒီကုမ္ပဏီက ခယက၊ တယက တို့ ပေါင်းပြီး တောင်းချင်တိုင်း တောင်းနေတာပေါ့ဗျာ။

အရင် ၂-၃ ဦး စုပြီး နေပြည်တော်အထိ တိုင်ဖူးတယ်။ လာစစ်တဲ့လူကလည်း တိုင်တဲ့လူကို မကွေးတိုင်း တယကကို စစ်ဆေးမယ်ဆိုပြီးခေါ်ပြီး ခြိမ်းခြောက်သွားတယ်။ အရာမရောက်တော့ ကားသမားတွေက စိတ်ပျက်နေတာပေါ့ဗျာ။
ပြည်နဲ့ မန္တလေးကြားမှာ ဒီတံတားက မဖြတ်လို့မရဘူး။ စက်မှုဇုံလည်း ရှိတယ်ဗျာ။ တံတားဖြတ်ခ ကြီးတော့ အဲဒီအလုပ်သမားတွေကအစ ကားခဈေးကြီး ပေးစီးရတာပေါ့ဗျာ။

သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေးဆိုပြီးတော့ မဝတရယ်လို့ တက်လာတုန်းကဗျာ။ ခယက စီမံချက် ဆိုပြီးတော့ မင်းတို့ငါတို့ကို တလ ဘယ်လောက်ပေး၊ ငါတို့က ဘယ်လိုသက်သာအောင် လုပ်ပေးမယ်ဆိုပြီး စီမံချက်တွေရှိတယ်။ ချောက်နဲ့ မကွေးပြေးတဲ့ကား ၄-၅-၆ စီးရှိတယ်။ အဲဒီကောင်တွေကျတော့ ၁ဝဝဝ ပဲပေးတယ်။

ကားသမားတွေက ဖြစ်စေချင်တာက စစ်အစိုးရနဲ့ ပတ်သက်တဲ့ လူတွေ အနိုင်ကျင့်တာနဲ့ ဈေးကြီးနေတာကို ပေါ်လွင်စေချင်တာ။ တခြားဈေးနှုန်းတွေအတိုင်း တပြေးညီဆို တော်သေးတာပေါ့ဗျာ။

ရေနံချောင်းမြို့ ကားပိုင်ရှင်တဦး

ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုတင်းကျပ်

ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်း လုံခြုံရေးကို ယနေ့မှ စတင်၍ ပိုမိုတင်းကျပ် ထားသည်ဟု ရန်ကုန် ဒေသခံများထံမှ သိရသည်။ 

လူထုလှုပ်ရှားမှု ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုံခြုံရေးတင်းကျပ်မှုများကို ရန်ကုန်မြို့တွင်းနှင့် မြို့စွန်ဟူ၍ အပိုင်း ၂ ပိုင်း ခွဲကာ စတင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတဦးက ပြောသည်။

T-shirt-01
NLD ၏ မဲမပေးဘဲ နေနိုင်ခွင့်ရှိသည့် စာတန်းပါ တီရှပ် ဝတ်ဆင်ထားသူများ
၎င်းက ဆက်လက်၍ “ပြီးခဲ့တဲ့လကတည်းက တချို့ မြို့နယ်တွေမှာ မဲမပေးဘဲ နေခွင့်ရှိတယ်ဆိုတဲ့ စာသားပါတဲ့ အင်္ကျီဝတ်ပြီး လမ်းလျှောက်တာတို့၊ နောက်တော့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်ဝေတာတွေကို  မြို့နယ်တော်တော်များများမှာ လုပ်ခဲ့တယ်။ ဒီလို ဆန့်ကျင်တဲ့ ကိစ္စတွေက ရွေးကောက်ပွဲနီးလေ အရှိန်မြင့်လာလေ ဖြစ်လာမှာဆိုတော့ နေရာပေါင်းစုံမှာ လုံခြုံရေး ချထားတယ်။ ဆန့်ကျင်ရေး လုပ်မယ့်သူဆိုလည်း ဟန့်သွားအောင်ပေါ့” ဟု ဆိုသည်။

ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ၊ လှည်းတန်း စသည့် ရန်ကုန်မြို့တွင်း နေရာများတွင် ရဲတပ်ဖွဲ့၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာစသည့် မြို့စွန်နေရာများတွင် တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့အား လုံခြုံရေး တာဝန်  ပေးထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦး ကပြောသည်။

လုံခြုံရေးတာဝန်ယူထားသည့် တပ်မ ၇၇ နှင့် တပ်မ ၆၆ သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့သော သံဃာတော်များအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် တပ်မများလည်းဖြစ်သည်။

အဆိုပါ လုံခြုံရေးတိုးမြှင့်မှုများ ဆောင်ရွက်နိုင်ရန် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အင်အားဖြည့်တင်းမှုများကို ပြုလုပ်ခဲ့သည်ဟု အဆိုပါ စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောသည်။

“ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွင်းပြီးနောက်ပိုင်း နိုင်ငံတကာ ဝေဖန်မှုတွေ တော်တော်များ များရှိခဲ့တော့ အခု နောက်ပိုင်းမှာ စစ်တပ်သုံးတာကို လျှော့ချပြီး ရဲတပ်ဖွဲ့ကို တာဝန်ပိုပေးလာတယ်။ စစ်ဘက်က တချို့ လူတွေကိုလည်း ရဲတပ်ဖွဲ့ထဲ ပြောင်းပြီး တာဝန်ပေးတယ်။ ရဲ အင်အားဖြည့်တာပေါ့” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲအကြို အင်တာနက်လိုင်း ထိန်းချုပ်

မြန်မာနိုင်ငံတွင် လတ်တလော အင်တာနက် ဆက်သွယ်မှုများ လုံးဝနီးပါး ပြတ်တောက် ရခြင်းမှာ ရွေးကောက်ပွဲ ကာလ၌ ပြည်ပသို့ သတင်းစီးဆင်းမှု မရှိစေရန် စစ်အစိုးရက ကြိုတင် ထိန်းချုပ် လိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPT) က အင်တာနက်ကဖေးများနှင့် စီးပွားရေးလုပ်ငန်းသုံး အင်တာနက် လိုင်းများကို ဖြတ်တောက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနနှင့် နီးစပ်သူက ပြောသည်။

“၄၅ mbps နှုန်းရှိတဲ့ SEA-ME-We-3 ရေအောက်ကေဘယ်လ် အပြင် ၁၅ mbps နှုန်းရှိတဲ့ ဂြိုဟ်တုဆက်သွယ်မှုတွေနဲ့ ချိတ်ဆက် ထားတဲ့ စစ်ဘက်၊ အစိုးရဘက်ဆိုင်ရာဌာနတွေမှာတော့ အင်တာနက်လိုင်းက ဘာမှမဖြစ်ဘူး။ အင်တာနက် အသုံးပြုရတဲ့ လုပ်ငန်းတွေ၊ အင်တာနက် ကဖေးတွေမှာတော့ ဒီအတောအတွင်း ပြည်ပကို သတင်းပေါက်ကြားမှာစိုးလို့ အစိုးရက အင်တာနက်နှုန်းတွေကို လျှော့ချပစ်တာ” ဟု အဆိုပါ ဝန်ကြီးဌာနနှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင်း အင်တာနက် ဆက်သွယ်မှုများကို MPT နှင့် မြန်မာ တယ်လီပို့ (ယခင် ပုဂံဆိုက်ဘာတက်) တို့မှ ဝန်ဆောင်မှု ပေးနေပြီး စစ်ဘက်နှင့် အစိုးရဘက်ဆိုင်ရာဌာနများအတွက်ကို ဝန်ကြီးဌာနမှ လည်းကောင်း၊ စီးပွားရေးနှင့် အရပ်ဖက်တွင် အသုံးပြုရန်အတွက် မြန်မာ တယ်လီပို့ မှ လည်းကောင်း တာဝန်ယူရသည်ဟု သိရသည်။

စာနယ်ဇင်းသမားများ နှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကလည်း ပြီးခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်တွင် ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲကာလတွင် အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်မှုများ ပြတ်တောက်မည်ကို စိုးရိမ်နေကြသည်။

စစ်အစိုးရသည် ရွေးကောက် ပွဲကာလတွင် အင်တာနက်ချိတ်ဆက်မှုကို ထိန်းချုပ်မည်၊ ယခုအကြိမ် အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းတို့မှာလည်း စစ်အစိုးရက ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) နှင့် မြန်မာ့သတင်းသမဂ္ဂ (BMA) တို့က ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

MPT ၏ တရားဝင်ထုတ်ပြန်ခြင်း မရှိသော ကြေညာချက်တွင် ပြည်တွင်း အင်တာနက် ဆာဗာကို ပြည်ပမှ DDoS စနစ်ဖြင့် တိုက်ခိုက်သဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကွန်ပျူတာပညာရှင်များက DDoS စနစ်ဖြင့် ဝက်ဘ်ဆိုဒ်များကိုသာ တိုက်ခိုက်နိုင်ပြီး အင်တာနက် ဆာဗာကို တိုက်ခိုက်၍ မရကြောင်း၊ ပင်လယ်ရေအောက် ကေဘယ်လိုင်းများ ပျက်စီးသည်ဟုလည်း တစုံတရာ ကြားသိရခြင်း မရှိကြောင်း၊ အရပ်ဘက်သုံး အင်တာနက်များ ရွေး၍ ပြတ်တောက်ခြင်းကို ကြည့်လျှင် တမင်ပိတ်ထားသိကို သိနိုင်ကြောင်း ထောက်ပြကြသည်။

လာမည့် ရွေးကောက်ပွဲကာလတွင် ပြည်တွင်းအခြေစိုက် သတင်းထောက်များအနေဖြင့် ပြည်ပသို့ သတင်း အချက်အလက်များ၊ ဓာတ်ပုံများကို အင်တာနက်မှတဆင့် ပို့ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း စစ်အစိုးရက အင်တာနက်လိုင်းများ ထိန်းချုပ်ခြင်း၊ အင်တာနက် ကဖေးများကို ပိတ်ခိုင်းခြင်း တို့ပြုလုပ်ခဲ့ဖူးသည်။

ယနေ့ထုတ် အေပီ သတင်းတွင် အင်တာနက်ကို အဓိကအသုံးပြုရသည့် ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှစပြီး အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများကို ပြောဆိုခဲ့သည်ဟု ဖော်ပြထား သည်။

၎င်းတို့ကလည်း အင်တာနက်လိုင်းများပြတ်တောက်ခြင်းသည် ရက်သတ္တပတ်ခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ခရီးသွားများ ကို ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။

တချို့နေရာများကလည်း ယနေ့မှစ၍ တယ်လီဖုန်းလိုင်းများပါ ခက်ခဲလာသည်ဟု ပြောဆိုကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် မဲရုံပရဝုဏ် အတွင်း သတင်းယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းများကို တားမြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

Saturday, October 23, 2010

စစ်တွေ ပညာရေး ၀န်ထမ်းများကို ကြိုတင်မဲ ကောက်ယူ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ပညာရေးဌာန၀န်ထမ်းများနှင့် တခြားသော ဌာနဆိုင်ရာ ၀န်ထမ်းများထံမှ ကြိုတင်မဲ စာရင်း များကို သက်ဆိုင်ရာ အရာရှိထံမှ တဆင့်ကောက်ယူ နေကြောင်း သိရသည်။

စစ်တွေမြို့ရှိ နည်းပညာကောလိပ်၊ စစ်တွေတက္ကသိုလ်နှင့်ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများ၏ မဲစာရင်းကို သက်ဆိုင်ရာပါမောက္ခချုပ်၊ ညွန်ကြားရေးမှူးတို့ ထံသို့ အောက်တိုဘာလကုန်တွင် စာရင်းအပြီးပေးရန် ညွန်ကြားထားကြောင်း စစ်တွေ တက္ကသိုလ်မှ ၀န်ထမ်းတဦးက ပြောသည်။

“ကျမတို့ ၀န်ထမ်းတွေကို ဒီလကုန်ခါနီးမှာ အားလုံးကြိုတင်မဲတွေ ပေးရမယ်ဆိုပြီး ပါချုပ်ဆီက လမ်းညွန်ထားတာ ရှိတယ်၊ မိသားစု ၀င်တွေကိုတော့ ဘာမှမပြောသေးဘူး၊ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်အတွက် ဆိုတာမပြောပေမယ့် ကြံ့ခိုင်ရေးပါတီအတွက် ဆိုတာ လူတိုင်းသိတယ်၊ မပေးချင်လည်းပေးရမှာပဲ”ဟု ပညာရေး ၀န်ထမ်းအမျိုးသမီး တဦးကပြောသည်။

စစ်တွေမြို့နယ်တွင် ပညာရေးဝန်ထမ်းများအပြင် တခြားသော ဌာနဆိုင်ရာများကိုလည်း အလားတူလုပ်ဆောင်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။

“၀န်ထမ်းတွေ အကုန်လုံးဆီက ကြိုတင်မဲ ကောက်ခံပိုင်ခွင့်မရှိပါဘူး၊ ဘယ်လိုလူမျိုးကိုမှ ကြိုတင်မဲ ကောက်ရမယ်ဆိုတာ ရွေး ကောက်ပွဲကော်မရှင် ဥပဒေမှာ ပါပြီးသားပါ၊ ဥပဒေနဲ့ မညီတာတွေကို ကျနော်တို့မှတ်တမ်း ယူနေပါတယ်၊ ခိုင်လုံတဲ့ အထောက် အထား ရတာနဲ့ ကော်မရှင်ကို တိုင်မယ်၊ မီဒီယာအားလုံးကနေ ဖွင့်ချပေးသွားမှာပါ”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP ) ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။

“ပါချုပ်က တာဝန်ခံပြီး လုပ်ရင်ပါချုပ်တာဝန်၊ ညွန်ချုပ်လုပ်ရင် ညွန်ချုပ်တာဝန် ခံရမှာပါ၊ ဒါတွေဟာ ပျောက်မသွားပါဘူး၊ သမိုင်းတွေ ဖြစ်သွားမှာပါ” ဟု လည်း ဒေါက်တာ အေးမောင်က ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ၀န်ထမ်းများသည်လည်း ခရီးထွက်ကြမည်ဖြစ်၍ နိုဝင်ဘာလ ၇ ရက်နေ့တွင် မဲရုံသို့ မဲလာမပေးနိုင်ခြင်းကြောင့် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ထံ ကြိုတင်မဲ ပေးခွင့်ပြုပါရန်ဟု သက်ဆိုင်ရာ ဌာန၏ ညွန်ကြားရေးမှူး လက်မှတ်ဖြင့် တိုင်း၊ ပြည်နယ်၊ မြို့နယ်ကော်မရှင် အဆင့်ဆင့်သို့ လိပ်မူ၍  အောက်တိုဘာလ ၉ ရက်နေ့စွဲ ဖြင့် ကော်မရှင် ရုံးများကို ပေးပို့ထားကြောင်းသိရသည်။

“ခရီးထွက်တယ်ဆိုလည်း တဦးစ၊ နှစ်ဦးစ ပေါ့ဗျာ၊ အခုဟာက တနိုင်ငံလုံး အတိုင်း အတာနဲ့ လုပ်ထားတာတွေ့ရတယ်၊ အခု ကြိုတင်မဲ ထည့်ခွင့်တောင်း ထားတာက အကုန် အတွက်ရည်ရွယ်ရေးထားတာ တွေ့ရတယ်၊ ကျနော်တို့ဆီမှာ မိတ္တူတွေ ရထားတယ်”ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

“ကျနော်ကိုယ်တိုင် စွမ်းအင်ဌာနမှာ အရာရှိလုပ်ခဲ့တာ၊ ခရီးထွက်တာက မော်တော်ကားမောင်းတဲ့သူ၊ ရေနံရှာဖွေရေး လုပ်တဲ့လူ တချို့ပဲ ခရီးထွက်ရတာရှိတယ်၊ အခုတော့ ဒီနေ့မှရွေးပြီးတော့ အစုလိုက် ခရီးသွားမယ်၊ ကြိုတင်မဲပေးခွင့်ပြုပါဆိုတာ သဘာဝ မကျဘူး၊ တမင်ဖန်တီးတဲ့ သဘောဘဲ”ဟု လည်း ဦးခင်မောင်ဆွေက ဆိုသည်။

ရေနံချောင်းမြို့ရှိ ရေနံမြေ၌ လည်းကြိုတင်မဲ ကောက်ခံနေကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင်လည်း ဒေသခံများထံ တအိမ်တက် တအိမ်ဆင်း စနစ်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ( ကြံ့ဖွံ့ပါတီ)၀င်များက ပါတီဝင်ခိုင်းခြင်း၊ ပါတီကတ်ပြားပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်းသိရသည်။

“ကြံ့ခိုင်ရေးပါတီ ၀င်ရင် မီတာခ၊ မီးကင်းခတို့ပေးစရာ မလိုတော့ဘူး၊  ဧည့်သည် လာရင်လည်း ဧည့်စာရင်း တိုင်စရာမလိုတော့ဘူး၊ ပါတီဝင်အိမ်ကို ဧည့်စာရင်းမစစ်ဘူး ဆိုပြီးတော့ ပါတီအတင်းဝင်ခိုင်းတယ်၊ ကြံ့ခိုင်ရေးပါတီဝင် ကတ်ရှိရင် ဘာမဆို လုပ်လို့ရတယ်ပြောတော့ ဒေသခံတွေက ပါတီဝင်ကြတာပေါ့”ဟု မြို့ခံတဦးက ရှင်းပြသည်။

ပါတီဝင်များသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် မဲရုံသို့လာရောက်မဲပေးရန် မလိုတော့ကြောင်းလည်း ပြောဆိုထားကြောင်းသိရသည်။

“ဒါတွေဟာ ကြိုတင်ကြံစည်မှုတွေပါ၊ မဲရအောင်ကြံစည်တဲ့ သဘော၊ တကယ်လို့မဲရုံ မလာတော့ဘူးဆိုလည်း သူတို့က နိုင်ပြီးသား ဖြစ်နေတာပေါ့၊ လာဘ်ပေး လာဘ်ယူ လုပ်နေတဲ့ သဘောပေါ့၊ သံသယ ဖြစ်စရာတွေ အများကြီးပါ၊ ဒါပေမယ့် နောက်ဆုတ်လို့လည်း မဖြစ်တော့ဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

ရွေးကောက်ပွဲ နေ့တွင်လည်း မဲလိမ်မှု၊ မဲခိုးမှု အများအပြား ရှိလာနိုင်သေးကြောင်း လည်း ၎င်းက ဆက်ပြောသည်။

ကြိုတင်မဲ ကောက်ခံနေခြင်းသည် ရန်ကုန်မြို့တော် အပါအ၀င် တနိုင်ငံလုံး အတိုင်းအတာ၌ ရှိနေကြောင်း၊ ထိုသို့ လုပ်ဆောင် နေမှုကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်တော့သည်မှာ ထင်ရှားနေ ကြောင်း ပါတီ ခေါင်းဆောင်များက ဆိုသည်။

ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအညီ လိုအပ်

ဆိုင်ကလုန်း မုန်တိုင်းကြီး ဂီရိ ၀င်ရောက် တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင် အရေးပေါ် အကူအညီများ လိုအပ်နေပြီး လေတိုက်နှုန်းနှင့် ဒီရေမြင့်တက်မှုတို့ကြောင့် လူအသေအပျောက် ရှိနိုင်ကြောင်း သတင်းရရှိသည်။

Giri-Strom-Update
ဂီရိ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်တည်မှုနှင့် မြန်မာပြည်သို့ ရွေ့လျားရာ လမ်းကြောင်း (ဓာတ်ပုံ - Myanmar Climate Change Watch)
“တမြို့လုံး မြို့ပျက်ကြီးတခုလို ဖြစ်နေတယ်။ ဈေးဆိုင်တွေလည်း မဖွင့်ဘူး။ လမ်းတွေပေါ်မှာလည်း သစ်ပင်တွေ အတုံးအရုံး လဲပြိုနေတယ်။ ကမ်းနားမှာရှိတဲ့ အိမ်တွေဆို လုံးဝလဲပြိုကုန်တယ်။ လောလောဆယ် ဆန်ဝယ်ဖို့ အခက်အခဲဖြစ်နေတယ်။ စားဖို့ သောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ သောက်ရေလိုတယ်” ဟု ကျောက်ဖြူမြို့ပေါ် စေတီကုန်းရပ်ကွက်နေ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

မိုးလေ၀သ လေ့လာရေး အဖွဲ့အား ဦးဆောင်နေသူ မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်က “မနေ့က ကျောက်ဖြူမှာ လေတိုက်နှုန်း တနာရီ ၉၁ မိုင်နှုန်းနဲ့ ဖြတ်ခဲ့တယ်။ ကျောက်ဖြူနဲ့ တိုက်ရိုက် အဆက်အသွယ်ရထားတယ်။ အိမ်နဲ့သစ်ပင်တွေ အပျက်အစီးများပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးမှုရှိခဲ့ပြီး လူအသေအပျောက်မရှိဘူး ပြောတယ်။ ရေက ၆ ပေ ၇ ပေလောက် ကမ်းနားပိုင်းမှာ တက်ခဲ့တယ်” ဟု ပြောသည်။

ယမန်နေ့ညပိုင်း ၀င်ရောက်တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်ဖြူမြို့ပေါ်တွင်ပင် ဒီရေ ၅ ပေခွဲခန့် တက်ခဲ့ပြီး သစ်ပင်များပြိုလဲခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း ၁၀ နာရီခန့်အထိ လမ်းမများပေါ်တွင် ရေ ၂ ပေ၊ ၃ ပေနီးပါး ရှိနေသေးကြောင်း၊ ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ခုလုံးတွင် အိမ်အမိုးများလန်သွားခဲ့ကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ကျောက်ဖြူမြို့နယ်အပါအ၀င် ကျောက်ဖြူဝန်းကျင်တခုလုံးတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ပြန်လည် ဆောက်လုပ်ရေး ပစ္စည်း လိုအပ်သူ ဒုက္ခသည် သောင်းချီရှိနိုင်ကြောင်း သံတွဲခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ဆိုသည်။

ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ရပ်ကွက်တွင် လူပေါင်း တစ်သောင်းနီးပါးနေထိုင်သည်ဟု သိရှိရသည်။

ကျောက်ဖြူမြို့ပေါ်ရှိ ကညင်ကုန်းရပ်ကွက်၊ စေတီတော်ကုန်းရပ်ကွက်များ အပါအ၀င် ရပ်ကွက်များတွင် တထပ်အိမ်များ နစ်မြုပ်သွားသည်အထိ မုန်တိုင်းဒီရေတက်ခဲ့ကြောင်း၊ မုန်တိုင်းကြောင့် ပုဇွန်ကန်၊ စပါးသိုလှောင်ရာနေရာများ၊ ကျောက်ဖြူမြို့ အမှတ် (၁) နှင့် အမှတ် (၂) သင်္ဘောဆိပ်ကမ်း၊ လကွေ့သင်္ဘောဆိပ်ကမ်းများလည်း လုံးဝပျက်စီးသွားကြောင်း၊ ကျောက်ဖြူမြို့နယ်ကို ပတ်ထားသည့် ရေမဝင်အောင် တားဆီးထားသော ရေငန်တာကြီးလည်း ကျိုးပေါက်သွားခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့မှ ငါးဖမ်းလုပ်ငန်းရှင်တဦးက မုန်တိုင်းသည် အလွန်ပြင်းထန်ပြီး ကျေးရွာများနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ကျေးရွာအများစုသည် ပင်လယ်ကမ်းခြေနှင့် နီးပြီး ပင်လယ်ဒီရေကြောင့် ထိခိုက်သေပျောက်မှု ရှိနိုင်ကြောင်း ပြောသည်။

“ကျနော့်မိတ်ဆွေတွေရှိတဲ့ ရွာတွေကို ဆက်သွယ်နေတယ်။ လုံးဝ ဆက်သွယ်လို့မရဘူး” ဟု ၄င်းက ဆိုသည်။

ကျောက်ဖြူဒေသခံများ၏ ပြောကြားချက်အရ ပင်လယ်ကမ်းခြေကို အခြေပြုနေထိုင်ကြသော ကျေးရွာ ရာနှင့်ချီရှိပြီး ကျေးရွာတရွာလျှင် အိမ်ခြေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

မုန်တိုင်းဝင်ပြီးနောက် ကြိုးဖုန်း အဆက်သွယ်များ အားလုံးပြတ်တောက်ခဲ့သော်လည်း ယခုအခါ ကမ်းရိုးတန်းဒေသသုံး CDMA 450 MHz ဖုန်းများ အဆက်အသွယ်ပြုလုပ်၍ ရနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် စတင်ဖြစ်ထွန်းခဲ့ပြီး တဖြည်းဖြည်းနှင့် အားကောင်းလာကာ ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းလွင်က “ည ၁၂ နာရီအထိ ရခိုင်ရိုးမကို မကျော်သေးဘူးလို့ ခန့််မှန်းတယ်။ မနက်ပိုင်းမှာတော့ ကုန်းတွင်းကို ၀င်ရောက်လာပြီး အခု မန္တလေးတိုင်းပေါ်မှာ ရှိနေပါတယ်။ Category II အဆင့်ကနေ လျော့ကျသွားပါပြီ။ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မိုးရွာသွန်းမှုတွေ ရှိလာပါမယ်” ဟု နောက်ဆုံးအခြေအနေကို ခန့်မှန်းထားသည်။

Friday, October 22, 2010

သာသနာရေးက သီရိလင်္ကာပြန် ကလေးများသတင်း အမှောင်ချ

သီတဂူ ဆရာတော်ကြီး စီစဉ်ပြီး ပြန်လည် ခေါ်ဆောင်လာသော သီရိလင်္ကာရောက် မြန်မာ ကိုရင်ငယ်များနှင့် သီလရှင်ငယ် ၃၅ ပါးကို သတင်းထောက်များနှင့် မတွေ့ဆုံစေရန် သာသာနာရေး ဝန်ကြီးဌာနက ကြားဖြတ် ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိ သည်။

sitagu-little-monk
မင်္ဂလာဒုံလေဆိပ်ရောက် ကိုရင်နှင့် သီလရှင်ငယ်များ။ ဆွမ်းမကပ်မီ သာသနာရေးဝန်ကြီးဌာနက ကြားဖြတ်ခေါ်ယူသွားခြင်း ဖြစ်သည်။ (ဓာတ်ပုံ - သီတဂူ)
ကိုရင်ငယ်များနှင့် သီလရှင်ငယ်များကို အောက်တိုဘာလ ၁၉ ရက်နေ့ ရန်ကုန်လေဆိပ်အရောက်တွင် သာသနာရေး ၀န်ကြီး ဌာနမှ အရာရှိများက ခေါ်ဆောင်သွားခဲ့ပြီး ယမန်နေ့ကမှ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

သီရိလင်္ကာမှ ပြန်ရောက်လာသည့် ကိုရင်ငယ်များထဲတွင် ပဲခူးတိုင်း က၀ မြို့နယ် ရွှေပေါက်ပင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၄ ပါး ပါဝင်ခဲ့ကြောင်း ယင်းကျောင်းတိုက် ဆရာတော် အရှင်ဝိစိတ္တက မိန့်ကြားသည်။

ဆရာတော် အရှင်ဝိစိတ္တက“မနေ့က သူတို့မိဘတွေ နေထိုင်ရာကို ပြန်ပို့ပေးလိုက်တယ်လို့ ဦးပဉ္ဇင်းတို့ သိရတယ်။ သူတို့ကို သတင်းထောက်တွေက မေးမြန်း ချဲ့ကား ရေးသားမှာစိုးလို့ ကလေးဝတောရကျောင်းကို ခေါ်ထားတာလို့ ကိုရင်တွေကို သူတို့ က ပြောသတဲ့”ဟု ဧရာဝတီသို့ မိန့်သည်။

ပြည်တွင်းမှ သတင်းထောက်တဦးကလည်း“အဲဒီသတင်းရထားလို့ လေဆိပ်မှာ သွားစောင့်ပါတယ်။ ကလေးတွေကို သာသနာရေး က လူတွေက အတင်းခေါ်ထုတ်သွားတယ်။ သူတို့ မဟုတ်တာလုပ်ထားတော့ ပေါ်ကုန်မှာစိုးလို့ပေါ့။ ကလေးတွေ ခေါ်သွားတုန်းက သာသနာရေး၊ ပြည်ထဲရေးဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက်နဲ့ ခေါ်သွားတာလေ။ ဒါဟာ တကယ်ဆိုရင် အစိုးရ၀န်ကြီးဌာနတွေ ကိုယ်တိုင် ပါဝင်ပတ်သက်ထားတဲ့ ခေတ်သစ်လူကုန်ကူးမှု တရပ်ပါပဲ”ဟု ဝေဖန်ပြောဆိုသည်။

ကိုရင်နှင့် သီလရှင်ငယ်များကို ကြိုဆိုရန် ရောက်ရှိနေခဲ့သည့် မိဘများ၊ အုပ်ထိန်းသူ သံဃာတော်များကိုလည်း လေဆိပ် စားသောက်ဆိုင်တွင် သီတဂူအဖွဲ့က ကျွေးမွေးဧည့်ခံခဲ့ကြောင်း၊ လေယာဉ် ဆိုက်ရောက်လာချိန်တွင် သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးမှ အရာရှိများက မင်္ဂလာဒုံလေဆိပ် VIP တံခါးပေါက်မှ ခေါ်ထုတ်သွားကာ နာဂလှိုဏ်ဂူ ကလေးဝတောရကျောင်းသို့ ပို့လိုက်သဖြင့် ဆွမ်းပင် မကပ်လိုက်နိုင်ကြောင်း သီတဂူ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

သီရိလင်္ကာရဟန်းတော် ဒေါက်တာ စန္ဒိမာသည့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကာ မြန်မာကလေးငယ် ၁၀၀ ကျော်ကို သီရိလင်္ကာနိုင်ငံတွင် ပညာသင်ကြားပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ကလေးများ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိချိန်တွင် နာဂစ်မိဘမဲ့ကလေးများဟု သုံးနှုန်းကာ ထိုင်ဝမ်ရှိ ဒကာများထံမှ အလှူငွေများ လက်ခံခဲ့ကြောင်း၊ အမှန်တွင် ကလေးများမှာ မြန်မာနိုင်ငံတ၀န်းလုံးမှ ခေါ်ယူထားသော ကလေးများဖြစ်ပြီး မိဘမဲ့များလည်း မဟုတ်ကြောင်း သီတဂူ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကလေးများ နေထိုင် ပညာသင်ကြားရေး အဆင်ပြေရန် စီစဉ်ပေးခြင်းမရှိ၍  အကူအညီတောင်းသည့် သတင်းများအရ သီတဂူဆရာတော်က ဦးဆောင်ကာ ပြန်လည်ခေါ်ယူခြင်းဖြစ်သည်။

နောက်တသုတ် ပြန်လာကြဦးမည့် ကလေးများအားလုံးအတွက် ဒေါက်တာ စန္ဒိမာက အပြန်လေယာဉ်ခရီးစရိတ် ထောက်ပံ့ ပေးလှူပါမည်ဟု သီတဂူဆရာတော်အား အောက်တိုဘာ ၁၅ ရက်နေ့က ဖက်စ်ဖြင့် လျှောက်ထားခဲ့ကြောင်းလည်း သိရှိရသည်။

ကော့ကရိတ်တွင် ကြံ့ဖွံ့ ခြိမ်းခြောက် မဲဆွယ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်များက အစိုးရ အာဏာပိုင်များ၏ အကူအညီဖြင့်  ပြည်သူများကို တအိမ်ထောင်လျှင် တဦး မတက်မနေရ အစည်းအဝေးခေါ်၍ ခြိမ်းခြောက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ကြောင်း သိရှိရသည်။

ပြည်သူများ ငွေလိုအပ်ပါက အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး ကြံ့ဖွံ့ပါတီကို မဲပေးရမည် ဖြစ်ကြောင်း၊ မဲမပေးပါက နောက်ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်း ပြောဆိုခြိမ်းခြောက်၍ မဲဆွယ် စည်းရုံးခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဒေသခံတဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ ၁၇ ရက်နေ့အထိ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၅ နှင့် အမှတ် ၆ ရပ်ကွက်ရှိ ဒေသခံ ပြည်သူများကို မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မဲဆွယ်စည်းရုံးသူများမှာ ကြံ့ဖွံ့ပါတီမှ ကော့ကရိတ်မြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်အရွေးခံမည့် ဦးအောင်မြင့်သိန်းနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းလှမြိုင်တို့ ဖြစ်ကြောင်း၊ ဦးအောင်မြင့်သိန်း၏ အကြောင်းကို မသိရှိရသေးသော်လည်း မန်းလှမြိုင်သည် စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်တဦး ဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင်  ကြံ့ဖွံ့ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

အလားတူပင် ဘားအံမြို့နယ်နှင့် ကျေးရွာများတွင်လည်း အထက်ပါ ၃ ပါတီတို့ အပြိုင်အဆိုင် စည်းရုံးရေးများ ဆင်းနေ ကြောင်း ဖလုံ-စဝေါ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။

ယခုကဲ့သို့ အပြိုင်အဆိုင် စည်းရုံးရေးဆင်းရာတွင် ကြံ့ဖွံ့ပါတီဝင်များက ဖလုံ-စဝေါ်ပါတီသည် ပါတီသစ် ဖြစ်သောကြောင့် အတွေ့အကြုံမရှိကြောင်း ဒေသခံများကို ပြောဆိုသည်ဟု သိရသည်။

“သူတို့ စကားကိုပဲ အန်ကယ်တို့က ဟုတ်တယ်၊ ပြည်သူတွေကို တခါမှ မလိမ်ဘူး၊ အဲဒါကြောင့်မို့လို့ နိုင်ငံရေး အတွေ့အကြုံ ဆိုတာက အခုမှသာ ပါတီစုံ ဒီမိုကရေစီစနစ် လုပ်ခွင့်ရလို့ ပါတီထူထောင်ခဲ့တာ။ အသစ်စက်စက်ပဲ၊ အသစ်ကို လိုချင်တဲ့ ပြည်သူရဲ့ဆန္ဒအရ အန်ကယ်တို့ ပါတီကိုတော့ ထည့်စဉ်းစားပေါ့။ သူတို့စကားကို ပြန်ပြီးတော့ တုံ့ပြန်လိုက်ရတယ်”ဟု ဦးခင်မောင်မြင့်က ရှင်းပြသည်။

ရွေးကောက်ပွဲအတွက် ငွေကောက်၊ ကြံ့ဖွံ့ပါတီဝင်ကတ်များဝေ

မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မ စံပြကျေးရွာအုပ်စု ရွာများတွင် ရယက၊ မယက အာဏာပိုင်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များက ရွေးကောက်ပွဲအတွက် ငွေကောက်ခံနေပြီး ပါတီဝင်ကတ်များ လိုက်လံဖြန့်ဝေနေသည်ဟု ဒေသခံများက ဆိုသည်။

“ရွေးကောက်ပွဲ ရန်ပုံငွေတဲ့၊ တအိမ်ကို ကျပ် တထောင်ဆိုပြီး ကောက်တယ်။ ရွာတွေမှာ ကျတော့ ၅၀၀ ဆိုပြီး ကောက်တယ်။ ရွေးကောက်ပွဲအတွက် ဘာမှ ကောက်စရာမလိုဘူးဆိုပြီး ပြောကြတော့ ကြက်ဆူပင် စိုက်ဖို့ဆိုပြီး ခေါင်းစဉ်ပြောင်း ကောက်တယ်။ တချို့ရွာလေးတွေမှာ မထည့်တဲ့သူကို ခြိမ်းခြောက်တယ်” ဟု ကမ္မ ရွာခံတဦးက ပြောသည်။

ရွာသားတချို့မှာ ကြောက်ရွံ့၍ ငွေထည့်ကြသော်လည်း တချို့ကမူ ခြိမ်းခြောက်မှုများကို အာခံ၍ မထည့်ဝင်ကြဟု သူကဆိုသည်။

ထို့အတူ ကြံ့ဖွံ့ပါတီဝင်များက ၎င်းတို့ပါတီသို့ဝင်ရန် အဓမ္မ စည်းရုံးမှုများကိုလည်း ပြုလုပ်နေသည်ဟု တခြား ရွာခံတဦးက ဆိုသည်။

“ကြံ့ဖွံ့တယောက်ကို ပါတီဝင်ကတ် ၂၀ ပေးထားတယ်။ အဲဒီ အပေါ်မှာ သူတို့စည်းရုံးတဲ့ အရပ်က အိမ်ထောင်ဦးစီးကနေ အိမ်သားတွေရဲ့ နာမည်၊ မှတ်ပုံတင်၊ နေရပ်တွေ ရေးပြီးသား။ အဲဒါတွေကို အိမ်ပေါက်စေ့ လိုက်ဝေပြီး လက်မှတ် အတင်း ထိုးခိုင်းတယ်” ဟု သူကပြောသည်။

ကျေးရွာလူထုအနေဖြင့် ထိုသို့ ပြုလုပ်နေခြင်းအပေါ် မကျေမနပ်ဖြစ်နေကြပြီး မိမိကိုယ်တိုင် မသိလိုက်ဘဲ ကြံ့ဖွံ့ပါတီဝင်များ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

ထို့အတူ ယမန်နေ့ကလည်း ပခုက္ကူခရိုင်အတွင်းရှိ ကျောင်းများမှ မန္တလေးတိုင်း ဇီးပင်ကြီးရှိ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေး မွမ်းမံ သင်တန်းကျောင်းသို့ သွားမည့် ကျောင်းဆရာ၊ ဆရာမများကို ကြိုတင်မဲများ ကောက်ယူခဲ့သည်ဟု ဆရာမတဦးက ဆိုသည်။

“မြို့နယ်ရုံးမှာ သွားထည့်ရတာ။ မဲပေးတော့ ဘာပေးရမှန်းမသိတော့ ပါတီနာမည်တခုကို ထည့်လိုက်တာပေါ့။ အဲဒါကို စာအိတ်ပေါ်မှာ မဲပေးတဲ့သူရဲ့ နာမည်နဲ့ ကျောင်း၊ အဆင့်၊ လိပ်စာတွေ ရေးလိုက်တော့ ကြောက်ပြီး ကြံ့ဖွံ့ကိုပဲ ပြန်ထည့် လိုက်ရတယ်” ဟု အဆိုပါ ဆရာမက ပြောသည်။

ထိုသို့ ပြုလုပ်နေခြင်းများသည် လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှု မရှိမည်ကို ပြသ နေခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

Thursday, October 21, 2010

ဦးအောင်ကြည် မဲဆွယ်ရန် ကွန်ပျူတာများ တောင်းခံ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရန်ကုန်တိုင်း မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်သည် ယင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို လှူရန်အတွက် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ ကွန်ပျူတာများ ဖိအားပေး တောင်းခံလျက်ရှိကြောင်း သိရသည်။

“ကျောင်းတွေမှာ ကွန်ပျူတာတွေလှူပြီး စည်းရုံးရေးလုပ်ဖို့ ကုမ္ပဏီတခုကို ကွန်ပျူတာတစုံ ၀ယ်ပေး လိုက်ရတယ်”ဟု ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ဝယ်ပေးရမည့် ကွန်ပျူတာများကို မည်သည့်ဆိုင်တွင်ဝယ်ရမည်၊ မည်သည့်အမျိုးအစားဖြစ်ရမည် စသည်ဖြင့် ညွှန်ကြားထားပြီး ၎င်းတို့ သတ်မှတ်ထားသော ကျောင်းများသို့ သွားပို့ပေးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

“တချို့ဆိုရင် ကွန်ပျူတာရောင်းတဲ့ဆိုင်မှာ ပစ္စည်းဖိုးပဲ သွားပေးရတယ်။ ပစ္စည်းက ကျောင်းကို သွားပို့ ပြီးသား”ဟု အထက်ပါ  ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူက ဆိုသည်။

ကုန်ကျသည့် တန်ဖိုးအနေဖြင့် ကုမ္ပဏီတခုလျင် ပျမ်းမျှ ကျပ် ရှစ်သိန်း နီးပါးကုန်ကျပြီး ကွန်ပျူတာ၊ မော်နီတာ၊ စီဒီရွမ်၊ Scan စက်၊ Printer များ အားလုံးပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီပေါင်း ၁၃၀ ကျော်ရှိကြောင်း၊ အလုပ် သမား အများဆုံး ပို့ဆောင်ပေးသည့် နာမည်ကြီးအေဂျင်စီများကိုသာ တောင်းခံခြင်း ဖြစ်ကြောင်း ကွန်ပျူတာလှူခဲ့ရသည့် အေဂျင်စီ တာဝန်ရှိသူ တဦးကလည်း ပြောသည်။

“ဘယ်လိုပဲလှူလှူ တကယ်ပြဿနာတက်လာတယ်ဆိုရင် အေဂျင်စီတွေပဲ ခံရတာပဲ။ ဒါပေမယ့် သူတို့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ အေဂျင်စီတွေဆိုရင်တော့ သက်သာတာပေါ့”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးမည်

လက်ရှိ အသုံးပြုနေသော နိုင်ငံတော်အလံကို ယနေ့ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော် အလံသစ်ဖြင့် ယတြာ သဘောအရ စတင် အစားထိုးပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိ အသိုင်းအဝန်းက ဆိုသည်။

new-flag-03
အလံဟောင်းများကို တပြိုင်နက်တည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်မည် ဖြစ်သည်
အဆိုပါ နိုင်ငံတော်အလံသစ်တွင် အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နိုင်ငံတ၀န်းလုံး၌ သုံးရောင်ခြယ် အလံသစ် လွှင့်ထူသည့် အခမ်းအနားများကို တပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် အလံသစ် လွှင့်တင်ပွဲကို ခမ်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အလံတင်အခမ်းအနား များပြုလုပ်ရာတွင် အလံဟောင်းကို အင်္ဂါသားသမီး ၀န်ထမ်းများက ဖြုတ်ချရမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည့် ၀န်ထမ်းများက အလံသစ်ကို လွှင့်တင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါအလံသစ် ပြောင်းလဲ လွှင့်ထူခြင်းကို ဗေဒင် ယတြာ သဘောဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ အရာရှိကြီးတဦးက ပြောသည်။

“ဌာနတွေမှာ အလံသစ်တင်ရင်လည်း အင်္ဂါသားသမီး ၀န်ထမ်းတွေက အလံဟောင်းကို ဖြုတ်ချရမယ်။ ဗုဒ္ဓဟူး သားသမီး တွေက အလံသစ်တင်ရမယ်။ ဒါက မဖြစ်မနေလုပ်ဆောင်ရမယ့် ညွှန်ကြားချက်ပါ” ဟု ၎င်းက ဆိုသည်။

အလံဟောင်းများ အားလုံးကိုလည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင်ပင် တပြိုင်နက်တည်း ပြုလုပ်ရမည်ဟု သိရသည်။

new-flag-02
အလံသစ်နှင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်သစ်
“အင်္ဂါသမီးကို နာမ်နှိမ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံဟောင်း ဖြုတ်ချခိုင်းတာဖြစ်မယ်။ သဘောကတော့ အင်္ဂါသမီးကြောင့် သူတို့ အာဏာပြုတ်မကျနိုင်အောင် ယတြာချေလိုက်တာမျိုးဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အလံတင်အခမ်းအနား ပြုလုပ်သည့် အောက်တိုဘာ ၂၁ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ကျရောက်ပြီး ဗေဒင်သဘောတရားအရ ရက်ရာဇာနေ့ ဖြစ်သည်။ မွန်းလွဲ ၃ နာရီတွင် အလံသစ် တင်မည် ဖြစ်သောကြောင့် ၃ ဂဏန်းသည်လည်း အင်္ဂါနာမ်ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မှ အစိုးရ သစ်တောအရာရှိတဦးကိုလည်း အလံသစ်တင် အခမ်းအနားအတွက် ဖိတ်ကြားထားသည်ဟု ပြောဆိုသည်။

“မွန်းလွဲ ၃ နာရီ အလံသစ်တင်အခမ်းအနားကို ရှမ်းပြည်နယ်တိုင်းမှူးနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ အကုန်လုံး တက်ရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သစ်တောဝန်ကြီးဌာန အကြီးအကဲက ပြောသည်။

၂၀၀၉ ခုနှစ်အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က သမိုင်းဝင် ရှေးဟောင်း ဓနုတ်စေတီတော် ကြီးကို ထီးတော်တင်လှူပြီးနောက် ရက်ပိုင်းအတွင်း ထူးခြားသော နိမိတ်လက္ခဏာများ ပြသက ပြိုကျသွားခဲ့သည်။ ထိုဖြစ်ရပ် နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် ဗေဒင်ယတြာများကို ယခင်ထက် ပိုမိုယုံကြည် ပြုလုပ်လာကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်း ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ အာဏာတည်မည်ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အလံသစ်ကိုလည်း ယင်းနေ့တွင်မှ စတင်ပြောင်းလဲ အသုံးပြုရမည်ဖြစ်ကြောင်း နိုင်ငံရေးသမားတဦးက ရှင်းပြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှ အလံပြောင်းလို့ရမှာ။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင် ဗေဒင်သဘောနဲ့ အလံပြောင်းတာက သူတို့ပြဋ္ဌာန်းတဲ့ ဥပဒေသူတို့ ချိုးဖောက်တာပါပဲ။ အလံတခု ပြောင်းလို့လည်း ကိုယ်ပြုထားတဲ့ မကောင်းမှု အကုသိုလ်တွေ ကွယ်ပျောက် မသွားပါဘူး” ဟု ၎င်းက ဆိုသည်။

တာချီလိတ်မြို့၊အထက(၁)မှ ကျောင်းဆရာ/မများ၏ စီးပွားရေးသောင်းကျန်းမှု

ကျမတို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့အမှတ်(၁)အထက်တန်းကျောင်း၊န၀မတန်း(ဂ)အခန်းမှအတန်းပိုင် ဆရာမဖြစ်သူဒေါ်ခင်ခင်စိန်သည်ကျောင်းသူ/သားများအား Day Tution အပြင်-၄င်း၏တိုက်ခန်းငှားတွင် Night Tution တက်ရောက်ရန် စည်းရုံးနေ၍ကျောင်းသူ/သားများ၏ မိဘများမှာ သားသမီးများအတွက် ရတက်မအေးရဘဲ-စိုးရိမ်သောကရောက်နေကြရပါသည်။

တာချီလိတ်မြို့ရှိ အမှတ်(၁)အထက်တန်းကျောင်းသည် ကျောင်းသူ/သားဦးရေ များပြားပြီး-ကျောင်းအဆောက်အဦးများ၊စာသင်ခန်းကျောင်းဆောင်များ-မလုံလောက်သည့်အတွက် တနေ့လျှင်(၂)ကြိမ်ခွဲကာ ကျောင်းတက်ကျောင်းဆင်းပြုလုပ်ရပါသည်။

ပဉ္စမတန်းမှ ဒဿမတန်းအထိကို-နံနက် မနက်(၀၆း၀၀)ချိန်မှနေ့လည်(၁၂း၁၅)ချိန်ထိ ကျောင်းတက်ရပြီး၊ ကျန်သည့်အတန်းငယ်များမှာတော-့နေ့လည်ပိုင်းမှညနေအထိ တက်ကြရပါသည်။

မနက်ပိုင်းတက်သည့်ကျောင်းသား/သူများ၏ ဒုက္ခများမှာတော့ နံက်(၅)နာရီ လောက် အိပ်ယာမှထကြရကာ ကျောင်းသို့သွားကြရပြီး ကျောင်းဆင်းတာနဲ့တစ်ပြိုင်တည်း ကလေးများမှာ နားချိန်မရှိ ၊ အိမ်သို့တန်းမပြန်ကြရတော့ဘဲ -အတန်းပိုင်ဆရာ/မနှင့်အခြားဘာသာရပ်ဆရာ/မများ ဖွင့်လှစ်ထားသော ဆန်ဆိုင်းဝန်ထမ်းအိမ်ယာနောက်ဘက်ရှိ-ဆရာမများစုပေါင်းငှားရမ်းထားသည့် တိုက်ခန်းများတွင်-ညနေ(၅)နာရီအထိ ကျူရှင်ယူရပါသည်။

တစ်ဘာသာလျှင်ဘတ်ငွေ(၁၀၀)နှုန်းနှင့်ဘာသာစုံသင်ယူရပါက-တစ်လလျှင်တစ်ဦးကို ဘတ်ငွေ(၇၀၀)ဘတ် ကုန်ကျပြီး၊ ငွေကြေးမတတ်နိုင်သည့် ချို့တဲ့သော ကျောင်းသား/သူများကိုတော့ စေတနာရှေ့ထား၍ အခမဲ့ မသင်ပေးသည့်အပြင် -ကျောင်းခန်းထဲတွင်လည်း မျက်နှာငယ်ရတတ်ပြီး-ဆူပူကြိမ်းမောင်းခံရပါသည်၊

ကျူရှင်တက်သည့်ကျောင်းသား/သူများကိုတော့ စာမေးပွဲအတွက်လျှို့ဝှက်မေးခွန်းများကို မသိမသာ တစ်မျိုး၊သိသိသာသာတစ်မျိုး-မျက်နှာလိုက်ထုတ်ပေးတတ်ပြီး ၊ကျူရှင်မယူသည့် ကျောင်းသူ/သားများကိုတော့ ဖုတ်လေတဲ့ ငါးပိ-ရှိတယ်လို့တောင် မထင်တော့ပါ၊

ယခုအခါပို၍ ဆိုးဝါးသည်မှာ ဒေါ်ခင်ခင်စိန်သည် သူ၏အတန်းထဲ စာတော်သည့် ၊ငွေကြေးတတ်နိုင်သည့် ကျောင်းသား/သူများကို ပို၍တိုးတက်အောင်မြင်စေချင်သည့်စေတနာဆန္ဒဖြင့်ဟု ဆိုကာ လက်ရွေးစင်ထုတ်နှုတ်ကာ Night Tution အဖြစ် ၄င်းငှားရမ်းထားသောတိုက်ခန်းတွင် ညနေ(၆)နာရီမှည(၉)နာရီအထိ တစ်ဦးလျှင်ဘတ်ငွေ(၄၀၀)နှုန်း သတ်မှတ်ကာ အတင်းအဓမ္မ တက်ခိုင်းနေပါသည်၊

စာညံ့သည့် ကျောင်းသားကျောင်းသူများနှင့်ငွေကြေးမတတ်နိုင်သောတပည့်များကို“နာ”(၃)နာ ရှေ့ထား၍သင်ပေးမည်ဆိုပါက အဘယ်မျှဝမ်းသာကြည်နူးလိုက်ကြမည်နည်း၊ ယခုတော့သူ၏ကျောင်းခန်းတွင်ကျောင်းသားဦး(၄၀)ကျော် ရှိသည့်အနက် အဆင်ပြေသောကျောင်းသား/သူများကို စည်းရုံးပြီး၊ အဆင်မပြေသောကျောင်းသား/သူများမှာတော့ မျက်နှာငယ်ရပါသည်၊ကျောင်းသားမိဘများလည်း စိတ်ဆင်းရဲရပါသည်၊ “နာ”(၃)နာ ရှေ့မထားဘဲ၊ ၄င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့ရှူပြီး၊ ကျောင်းသားများရဲ့ညရေးညတာ လုံခြုံမှု၊ကျမ္မာရေးနှင့်အနားယူချိန်တို့ကို မငဲ့ကွက်တတ်သော ဆရာ/မများအား တာဝန်ရှိသူများမှ လိုအပ်သလို ကြပ်မတ်ဆောင်ရွက်ပေးနိုင်ကြပါရန် ဟစ်တိုင် မှတဆင့် တင်ပြလိုက်ရပါသည်ရှင်..။ ။

(ချို့တဲ့မိဘတဦး)

Tuesday, October 19, 2010

ကြံ့ဖွံ့မဲဆွယ် ဆိုင်းဘုတ်များကြောင့် လူအများ စိတ်ပျက်

စစ်အစိုးရ ကျောထောက် နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပါတီ အသွင်ပြောင်းလာသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ မဲဆွယ်ဆိုင်းဘုတ်များအပေါ် ပြိုင်ဘက်ပါတီများနှင့် ဒေသခံများက ဝေဖန်နေကြသည်။

atw-oct-13
ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာပိုင်စိုး ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်မည့် စမ်းချောင်းမြို့နယ်တွင် တွေ့ရသည့် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ် (ဓာတ်ပုံ - ဧရာဝတီ)
ကြံ့ဖွံ့အမှတ်တံဆိပ် ခြင်္သေ့နှစ်ကောင် ခြံရံမှု အလယ်တွင် “ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊ PEOPLE FIRST” ဆိုသည့် စာသားသည် ရယ်စရာ ကောင်းလှသည်ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

“၈၈ အရေးအခင်းနောက်ပိုင်းကစပြီး သူတို့က တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဘ ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ လူထုကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဖိနှိပ်ခဲ့ပြီးမှ အရပ်ဝတ်လေး ပြောင်းဝတ် ၊ စစ်တပ်ကို အာဏာသက် ဆက်ပေးမယ့် ပါတီကနေ ပြည်သူ့ အတွက်ဆိုပြီး ထအော်တာ ရယ်စရာပေါ့"ဟု ၄င်းက ပြောသည်။

မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအဖြစ် ကြံ့ဖွံ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးအောင်ကြည် သည် လက်ရှိ အလုပ်သမားဝန်ကြီးတဦးဖြစ်ကာ ဗိုလ်ချုပ်ရာထူးမှ အနားယူထားသူဖြစ်သည်။

ဦးအောင်ကြည်သည် ၄င်း၏ မဲဆန္ဒနယ်အတွင်း လွန်ခဲ့သော ရက်ပိုင်းများက မဲဆွယ်ဆိုင်းဘုတ် အများအပြားကို စိုက်ထူထားခဲ့ရာ ဆိုင်းဘုတ်ပါ စာသားများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ညီညွှတ်မှု မရှိဟုလည်း ပြိုင်ဘက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ဦးသုဝေက ပြောသည်။

“ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊ PEOPLE FIRST”ဆိုသည့် စာသားနှင့်စပ်လျဉ်း၍မူ ဦးသုဝေက“အဲဒီအဓိပ္ပာယ် ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုး အခု လောလောဆယ်အထိတော့ မတွေ့ရသေးပါဘူး။ သူတို့မှာ အလေ့အကျင့်ကလည်း နှစ်ပေါင်းများစွာရှိလာပြီ ဆိုတော့ အဲဒီလို ပြောင်းဖို့တော့ တယ်မလွယ်ဘူးထင်ပါတယ်"ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများက မဲဆွယ်ဆိုင်းဘုတ်များ ထောင်ကာ မဲဆွယ်မှုများ ပြုလုပ်နေသော်လည်း ပြိုင်ဘက် ပါတီ များ အနေဖြင့် မဲဆွယ်ဆိုင်းဘုတ် ထောင်ရန် အပါအ၀င် အခက်အခဲများစွာရှိနေကြသည်။

မဲဆွယ်ဆိုင်းဘုတ် ထောင်ရေး အခက်အခဲနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတင်အောင်က“အဓိက အခက်အခဲက ငွေရေးကြေးရေး အခက်အခဲပဲ။ ပြည်ခိုင်ဖြိုးမှာက မဲဆွယ် စရိတ်အဖြစ် အမတ်လောင်း တဦးကို ကျပ် သိန်းတရာ သုံးစွဲခွင့်ရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ကတော့ ဆယ်သိန်း ၊ ဆယ့် ငါးသိန်း သုံးဖို့ကို ချိန်ဆနေရတာ။ မဲဆွယ်ဆိုင်းဘုတ် ထောင်ဖို့က ပထမ ဆိုင်းဘုတ်မှာ ဖော်ပြမယ့် စာသားတွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီ အရင် တင်ပြရတယ်။ ခွင့်ပြုပြီဆိုရင်မှ စည်ပင်မှာ အခွန်ဆောင်ပြီး ထောင်ရမှာပါ"ဟု ပြောသည်။

မဲဆွယ်ဆိုင်းဘုတ် ထူထောင်ခွင့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တပေပတ်လည်လျှင် ကျပ် ၁၀၀ အခွန်ဆောင်ရမည် ဖြစ်သည်။

အဆိုပါနှုန်းထားသည် ကြံ့ဖွံ့ပါတီနှင့် ယှဉ်ပြိုင်မည့် ကျန်ပါတီများ၏ တင်ပြချက်ကြောင့် စည်ပင်က လျှော့ချပေးလိုက်သော အခွန် နှုန်းထားဖြစ်ကာ မူလက တနှစ်စာ ဆိုင်းဘုတ်ထူထောင်ခွန်အဖြစ် တပေပတ်လည်လျှင် ကျပ် ၁၀၀၀ ပေးဆောင်ရ ကြောင်းသိရ သည်။

“ပါတီတွေက ကျနော်တို့က မဲဆွယ်ကာလလေးပဲ ဆိုင်းဘုတ်ထောင်မှာပါဆိုပြီး တင်ပြမှ တပေပတ်လည် ကျပ် ၁၀၀ ဆိုပြီး ပြောင်း သတ်မှတ်ပေးတာ။ အဲဒီ ကျပ် ၁၀၀ ဆိုတာကလည်း ကျနော်တို့လို အရပ်သားပါတီတွေ အတွက် များတဲ့ ပမာဏာပါပဲ။ ဒါကြောင့် ကျနော်တို့က ကိုယ်ရေးအကျဉ်းစာရွက်တွေကိုပဲ အဓိကထား ဖြန့်ရပါတယ်။ ကျနော်ဆိုရင် တာမွေမြို့နယ်မှာ တဘုတ်ပဲ ထောင်နိုင် ပါမယ်"ဟု ဦးသိန်းတင်အောင်က ပြောသည်။

ဦးအောင်ကြည်၏ ပြိုင်ဘက်တဦးဖြစ်သော ဒီမိုကတစ်ပါတီ ဥက္ကဌ ဦးသုဝေ သည်လည်း မဲဆွယ်ဆိုင်းဘုတ်ထောင်ရန် ငွေကြေး မတတ်နိုင်သဖြင့် ၄င်း၏ ကိုယ်ရေးအကျဉ်းနှင့် ပါတီမူဝါဒ သဘောထားတချို့ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေနေရ သည်။

“ကျနော် အခုလည်း တောင်ဥက္ကလာမှာ ကျနော်တို့ ပါတီရဲ့ မူဝါဒသဘောထားတွေ ၊ ကျနော်တို့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ကျနော်တို့ ပါတီဆိုင်းဘုတ် တင်ထားတဲ့ကားနဲ့ လိုက်ဝေတယ်။ ပါတီစာစောင်တွေကို ရောင်းတယ်။ ဒါတွေပဲ ကျနော်တို့ လုပ်နိုင်ပါ သေးတယ်"ဟု ဦးသုဝေက ပြောသည်။

ကြံ့ဖွံ့ပါတီနှင့် တခြားပါတီများအကြား ငွေကြေးသုံးစွဲနိုင်မှု ကွာဟချက် ကြီးမားစွာရှိနေရာ ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် ရသုံး ငွေကြေးနှင့်စပ်လျဉ်း၍ ပြည်သူလူထုကို ထုတ်ဖော်အသိပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ခဲ့သည်။

RNDP ဥက္ကဌ ဒေါက်တာအေးမောင်က အကြီးဆုံးပါတီဖြစ်သော ကြံ့ဖွံ့ပါတီသည် အစိုးရဖွဲ့ခဲ့သော အသင်းမှ ပါတီအဖြစ် ပြောင်းလဲ ခဲ့သဖြင့် ပိုအရေးကြီးကြောင်း ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများအား ပါတီရုံးခန်းအဖြစ် အသုံးပြုနေမှုများကို ထောက်ပြကာ မီဒီယာများသို့ ကြေညာချက်ထုတ်သည့်နေ့တွင်ပင် ပြောဆိုခဲ့သည်။

Monday, October 18, 2010

မင်းကိုနိုင် ကျန်းမာရေး မကောင်း

ထောင်ဒဏ် ၆၅ ချမှတ်ခံထားရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ယနေ့ ကျရောက်သည့် ၄၈ နှစ် မြောက် မွေးနေ့ကို ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ကျန်းမာရေးချို့တဲ့စွာဖြင့် ဖြတ်သန်းနေရကြောင်း မိသားစုဝင်များက ပြောသည်။

naing
၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ကာလ အတွင်း က တခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်
“ရာသီဥတု အေးတော့ လက်တွေ ခြေထောက်တွေ ကိုက်တယ်၊ ကျီးပေါင်း အတက်ရှိတယ်၊ ခြေထောက် အတက်ထွက်တယ်၊ ခြေထောက်က နာတယ်၊ အတက်ကျီးပေါင်းကတော့ တော်တော်ဆိုးတယ်၊ ဆေးတွေလည်း ပို့နေရတယ်၊ အကိုက်အခဲ ပျောက် ဆေးတွေလည်း သောက်နေရတယ်”ဟု ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။

ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ရသည့် အခြေအနေ မရှိသော်လည်း အတက် ကျီးပေါင်း ဝေဒနာ ခံစားနေရ· သည့်အတွက် လေ့ကျင့်ခန်းများလုပ်ရပြီး ဆေးလိမ်းနေရကြောင်း ၎င်းက ဆက်ပြောသည်။

ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့မှုဖြင့် ထောင် ဒဏ် ၆၅ နှစ်ချမှတ်ခံထားရသူ ဖြစ်သည်။

၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကိုမင်းကိုနိုင်ကို မွေးဖွားခဲ့သည်။ ဦးသက်ညွန့်နှင့် ဒေါ်လှကြည်တို့၏ တတိယ မြောက် သားဖြစ်သည်။ ငယ်ရွယ်စဉ် အချိန်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပြီး ရန်ကုန် တက္ကသိုလ်တွင် သတ္တဗေဒ ပညာရပ်ဖြင့် ပညာဆည်းပူးခဲ့ကြောင်း သိရသည်။·

Saturday, October 16, 2010

လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်မည်

ရွေးကောက်ပွဲ မတိုင်မီ အကျဉ်းသားများအား လွှတ်ပေး၍ ကြိုတင်မဲ ကောက်ယူနိုင်ရန် အကျဉ်းဦးစီးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့  ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။

“ပြစ်ဒဏ် အသီးသီးနဲ့ ကျခံနေတဲ့ အကျဉ်းသားတွေထဲမှာ နိုဝင်ဘာ ၇ ရက်နေ့မတိုင်ခင် လွတ်ရက်စေ့မယ့်သူတွေကို စာရင်းလုပ်ထားတယ်။ ဒီအထဲမှာ စံပြအကျဉ်းသားတွေလည်းပါမယ်။ ရွေးချယ်ပြီး ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးသွားဖို့ ရှိတယ်။ အကုန်လုံး တပြိုင်နက် လွှတ်တာထက် အုပ်စုလိုက် လွှတ်ဖို့ ရှိတယ်” ဟု အကျဉ်းဦးစီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

Innsein-oct-16-10
အင်းစိန်ထောင် အဝင်ဝမြင်ကွင်း (ဓာတ်ပုံ - AP)
ယခုလအတွင်း ကောက်ယူထားသည့် စာရင်းအရ ရွေးကောက်ပွဲမတိုင်မီ လွတ်ရက်စေ့မည့် အကျဉ်းသား ၈၀၀၀ ခန့်နှင့်  နိုင်ငံရေးအကျဉ်းသား ၁၀ ဦးခန့်ရှိသည်ဟု အကျဉ်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

အဆိုပါ အရာရှိကြီးက “အထက်လူကြီးတွေဆီက သဘောတူညီချက် ရထားပေမယ့် အခုလောလောဆယ် လွတ်မယ့်အကျဉ်းသားတွေဆီက ကြိုတင်မဲကောက်ဖို့ ဘယ်လိုစီစဉ်မလဲဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိနှိုင်းနေတယ်။ ဥပမာ ရွှေဘိုထောင်က အကျဉ်းသား ၂၅ ယောက် လွှတ်လိုက်တယ်ဆို လွှတ်တဲ့နေ့မှာ တခါတည်း ကြိုတင်မဲ ယူလိုက်တော့ သူ့မြို့ပြန်ရောက်ရင် မဲထည့်ဖို့ မလိုတော့ဘူး” ဟု ပြောပြသည်။

၎င်းက ဆက်လက်၍ “နိုဝင်ဘာလဆန်းထဲမှာ လွှတ်ပေးဖို့ ရက်စေ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါပေမယ့် အခုထိတော့ လွှတ်ပေး၊ မပေး ဖြတ်ချက်တော့ မရသေးဘူး။ တနေ့က စရဖက နိုင်ငံရေးအကျဉ်းသား စာရင်းတောင်းလို့ ပေးလိုက်ရတယ်ဆိုတော့ လွှတ်ဖို့ အလားအလာရှိတယ်လို့ ပြောရမယ်” ဟု ပြောသည်။

လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်ခံခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတဦးက “ထောင်ထွက်တဲ့နေ့မှာ တခြားပါတီတွေက ကြိုတင်မဲတော့ ကောက်လို့ ရမှာမဟုတ်ဘူး။ ဒီတော့ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကပဲ သူတို့ပါတီကို ထောက်ခံတဲ့မဲ ယူလိုက်မှာ။ ဒီလိုသာ ယူမယ်ဆို အကျဉ်းသားတွေဆီကနေ သူတို့ပါတီအတွက် သေချာပေါက်မဲတွေ ရပြီလေ။ လွတ်မယ့် အကျဉ်းသားတွေကလည်း မနည်းဘူး” ဟု ဆိုသည်။

အဆိုပါအရှိက ဆက်လက်၍ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲသည် တရားမျှတမှုရှိစေရန် ပြုလုပ်သွားမည်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင်မှု အထက်ပါကိစ္စများကဲ့သို့ ကြိုတင်မဲကောက်ခံခြင်း ပြုလုပ်၍ မဲရရှိရန် ဆောင်ရွက်ခြင်းများရှိသလို တရားမ၀င်နည်းလမ်းများဖြင့်လည်း ကြံ့ဖွံ့ပါတီအား ထောက်ခံသည့်မဲ ရရှိရန် ဆောင်ရွက်လျက် ရှိနေသည်ဟု ပြောသည်။

“အချုပ်ကျနေတဲ့ လူကတော့ မဲပေးလို့ရတယ်ဆိုပြီး ကြိုတင်မဲတွေ ကောက်သွားတယ်။ ဥပမာ လောင်းကစားမှုနဲ့ ဖမ်းထားတဲ့ အချုပ်သားဆို သူက ပြန်လွတ်တဲ့နေ့မှာ မဲသွားပေးလို့ရတယ်။ ရွေးကောက်ပွဲ လုပ်မယ့်နေ့ သူအပြစ်ဒဏ်ကျခံပြီး ထွက်လာတဲ့ အချိန်မီတယ်။ ဒါပေမယ့် ကြိုတင်မဲဆိုပြီး ကောက်သွားတယ်။ မြို့နယ်အလိုက် အချုပ်သားတွေဆီက ကြိုတင်မဲ တသောင်းလောက် ရတယ်လို့ သိရတယ်” ဟု ရွှေပြည်သာမြို့နယ်မှ တာဝန်ရှိသူတဦးက ဆိုသည်။

Friday, October 15, 2010

ရွေးကောက်ပွဲ ကာတွန်းများ ကျေးရွာများတွင် ဖြန့်

ရန်ကုန်တိုင်း အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီ သတင်းဌာန ကာတွန်းဆရာ ဟန်လေး၏ ဆေးရောင်စုံ ကာတွန်းများ ကို ဖြန့်ဝေ၍ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ယခုရက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

harn-lay-cartoon
ကျေးလက်ရောက် ကာတွန်းဟန်လေး၏ လက်ရာတချို့ (ဓာတ်ပုံ - ဧရာဝတီ)
ယခု ဖြန့်ဝေသော ကာတွန်းများသည် ဧရာဝတီ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည့် ကာတွန်း အများစုဖြစ်ပြီး တခြားသော ပြည်ပ မီဒီယာများတွင် ဖော်ပြထားသည့် ကာတွန်းများလည်း ပါဝင်ကြောင်း သိရသည်။

ကျေးလက်ပြည်သူများ အနေဖြင့် စားဝတ်နေရေး အခက်အခဲနှင့် လယ်ယာများတွင်သာ အချိန်ပေး ရုန်းကန်နေကြရသည့် အတွက် တခြားသော ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများမှာ ထိရောက်မှုနည်းပါးသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ် သည်ဟု လှုပ်ရှားမှု ဦးဆောင်သူတဦးက ဧရာဝတီသို့ ပြောပြသည်။

“ကြောက်ကြတာလည်း ပါတာပေါ့။ ဒီတော့ သူတို့ စိတ်ဝင်စားအောင် ကာတွန်းဟန်လေးရဲ့ နိုင်ငံရေး အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲက တရားမျှတမှာ မဟုတ်ဘူး ဆိုတာတွေကို ဖော်ပြထားတဲ့ ကာတွန်းလေးတွေကို ဖြန့်ဝေတာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ ကာတွန်းဟန်လေး၏ ကာတွန်းများကို တက်ကြွလှုပ်ရှားသူ လူငယ်တစုက ပြည်တွင်း၌ပင် အင်တာနက်ပေါ်မှ ဒေါင်းလုပ် ဆွဲယူ၍ ကာလာ ပရင်တာဖြင့် ထုတ်ပြီး ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ဘုရားကုန်း၊ အောင်ချမ်းသာ၊ ကညင်ပင်၊ လက်ယက်စမ်း၊ အေးမေတ္တာ၊ အေးသာယာ၊ တားမလုံ၊ ရုံးသပြေကန် နှင့် မင်းဂလွန်း စသော ကျေးရွာ အုပ်စု များတွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လှုပ်ရှားမှု ဦးဆောင်သူက ဆက်လက်ပြီး“ရွာက ရေအိုးစင်တွေ၊ ဓာတ်တိုင်တွေနဲ့ ဗီဒီယိုရုံတွေမှာ ကပ်တယ်။ အသွားအလာ များတဲ့ နေရာတွေမှာတော့ ဒီအတိုင်း ဖြန့်ချခဲ့တယ်။ ကလေးတွေကိုလည်း အဖေ၊ အမေကို ပေးလိုက်နော်ဆိုပြီး ပေးလိုက် တာ။ ကလေးတွေကလည်း ကာတွန်း ဆိုတော့ စိတ်ဝင်စားကြတယ်။ တော်တော်များများကလည်း စိတ်ဝင်တစား တောင်းယူ ကြ၊ ဖတ်ကြ၊ ရယ်မောကြတာ တွေ့ရတယ်”ဟု ပြောဆိုသည်။

လှုပ်ရှားမှုတွင်ပါဝင်သည့် တခြားသော လူငယ်တဦးကလည်း“မြို့ပေါ်မှာတော့ တော်တော်များများ လုပ်ပြီးပြီ။ အခုကတော့ ကျေးရွာလူထုကို ပစ်မှတ် ထားတာ။ ဟန်လေးရဲ့ကာတွန်းတွေက ထိမိတယ်။ အရင်ကလို စာတွေချည်း ဖြန့်တာထက် စာရင် ရယ်စရာ ကာတွန်းလေးနဲ့ ဆိုတော့ ပိုပြီးထိရောက်တာ၊ ပိုစိတ်ဝင်စားကြတာ တွေ့ရတယ်”ဟု ပြောသည်။

ကြံ့ဖွံ့ဆန့်ကျင်ရေး သဘောင်္ဆေးဖြင့်ရေး

ပဲခူးတိုင်း သာယာဝတီမြို့နှင့် သုံးဆယ်မြို့များတွင် ရွေးကောက်ပွဲနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ဆန့်ကျင်သည့် စာများကို သင်္ဘောဆေးဖြင့် အစိုးရဌာနဆိုင်ရာ ရုံးများနှင့် လူစည်ကားရာအရပ်ရှိ ဆိုင်းဘုတ်များ၌ ရေးသားခဲ့ကြောင်း သတင်းရရှိသည်။

USDP-Oct-14
အောက်တိုဘာလ ၁၃ ရက်နေ့က ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအပြီးတွင် ပါတီဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AP)
“ကြံ့ဖွံ့ဆိုင်းဘုတ်တွေမှာ ရွေးကောက်ပွဲအလိုမရှိ ဆိုတာရယ်၊ ကြံ့ဖွံ့ကို တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုတာတွေ ရယ်ကို ရေးထားတာ။ အလယ်ဘုတ်ကုန်း၊ ခယက ရုံးရှေ့က ဆိုင်းဘုတ်၊ ဘဏ်ရှေ့မှာရယ် ၈ နေရာလောက် တွေ့တယ်။ ကားတစီးရဲ့ ဘေးနားမှာလည်း ရေးထားတယ်။ အခုတော့ ရဲတွေက အဲဒီနားတွေမှာ စောင့်နေပြီး ရေးထားတာတွေကိုလည်း  ဖျက်လိုက်ပြီ။ ဆေးနီနဲ့ ရေးတဲ့နေရာတွေတော့ အရာတွေ ကျန်နေခဲ့တယ်”ဟု သာယာဝတီ မြို့ခံတဦးက ဧရာဝတီသို့ ပြော သည်။

အဆိုပါ စာတန်းများအား ဓာတ်ပုံရိုက်ယူသူများ၊ ကြည့်ရှုသူများကို အာဏာပိုင်များက တားမြစ်မှုရှိခဲ့ကြောင်းလည်း သိရသည်။

ကြံ့ဖွံ့ပါတီဝင်များ စည်းရုံးရေးဆင်းရာတွင် အဓမ္မမဲဆွယ်ခြင်း၊ အစိုးရပိုင် အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများကို အသုံးပြု နေသောကြောင့် မကျေနပ်၍ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါမြို့ခံက သုံးသပ်သည်။

၎င်းက “ကြံ့ဖွံ့တွေက အင်အားအာဏာသုံးပြီး ခြိမ်းခြောက်တာတွေ၊ အဓမ္မ ပါတီဝင်ခိုင်းတာ စည်းရုံးတာတွေ လုပ်နေတော့ ဘယ်သူမှ မကျေနပ်ကြဘူးလေ။ ဘယ်သူမှလည်း သူတို့ကို စိတ်မ၀င်စားဘူး။ မဲလည်း မထည့်ချင်ကြဘူး” ဟု ပြောသည်။

သုံးဆယ်မြို့တွင်လည်း အလားတူ ကြံ့ဖွံ့ကိုရှုတ်ချသည့် စာများကို ဌာနဆိုင်ရာရုံးများ၏ ဆိုင်းဘုတ်များ၊ လူစည်ကားရာအရပ်ရှိ ဆိုင်းဘုတ်များပေါ်တွင် ရေးသားထားကြောင်း သိရသည်။

သာယာဝတီနှင့် သုံးဆယ်မြို့ရှိ ၀န်ထမ်းများကို မဲဆွယ်စည်းရုံးရာတွင် ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန်နှင့် မဲမပေးပါက ၀န်ထမ်းများရှေ့ရေးအတွက် ပြဿနာရှိနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများလည်း ပြုလုပ်နေသည်ဟု သာယာဝတီ ပန်းကန်စက်ရုံနှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက“သူတို့ကို မဲမထည့်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကြံ့ဖွံ့တံဆိပ်ပါတဲ့ အင်္ကျီတွေပေးပြီး ပါတီဝင် လက်မှတ်ထိုးခိုင်းတယ်ဗျာ။ တချို့လည်း ကြောက်တော့ လက်မှတ်ထိုးပေးကြတယ်။ တကယ်တော့ အခုထိ ဘယ်သူ့ကို မဲထည့်ရမှန်း မသိကြသေးဘူး။ ရွေးကောက်ပွဲလည်း စိတ်မ၀င်စားကြဘူး”ဟု ပြောသည်။

Wednesday, October 13, 2010

အယ်ဒီတာ ထောင် ၁၃ နှစ် ကျ

E-mail Print
ပြည်တွင်း သတင်း အယ်ဒီတာ တဦးဖြစ်သည့် ကိုညီညီထွန်းကို စစ်အာဏာပိုင်များက လွန်ခဲ့သည့် နှစ်တွင် ဖမ်းဆီး၍ ပုဒ်မ ၄ ခုနှင့် စွပ်စွဲပြီးနောက် အင်းစိန် အထူးတရားရုံး၌ ယနေ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ရှေ့နေ ဦးကျော်ဟိုးက ပြော သည်။

ယင်းကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇/၁၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ပြဌာန်းချက် ဥပဒေ ပုဒ်မ ၁၃/၁၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် ကြိုးမဲ့ကြေးနန်း ဥပ ဒေ ပုဒ်မ ၆/၁ တို့ဖြင့် အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

ကိုညီညီထွန်းနှင့် အတူ ထောင်ကျခံနေရသော ကိုစိုးမိုးထွန်းကိုလည်း မတရား အသင်းဆက်သွယ်မှုနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ကြောင်းလည်း သိရသည်။

၎င်းတို့ ၂ ဦးကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ၌ ရန်ကုန်မြို့တွင် အစိုးရအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်း ဖြစ်သည်။

ကိုညီညီထွန်းသည် ကယားပြည်နယ် အထူးဒေသတွင် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှ စတင်၍ တရားဝင် ထုတ်ဝေခဲ့သော ကန္တာရ ၀တီ သတင်းဂျာနယ် ၏ အယ်ဒီတာ ဖြစ်သည်။ အဖမ်းခံရပြီးနောက်ပိုင်း ယင်း ဂျာနယ်ကိုလည်း ပိတ်ထားရသည်။

“တရားရုံးက အမိန့်ချတော့ တရားရုံးရဲ့ စီရင်ချက်ကို မကျေနပ်ဘူး၊ မကျေနပ်ဘူးဆိုတာက မျက်မြင်သက်သေအရ ပြစ်မှုထင် ရှား တွေ့ရှိတယ်လို့လည်း မျက်မြင် သက်သေ နာမည်ကိုလည်း တိတိကျကျ ထောက်မပြနိုင်ဘူး”ဟု ရှေ့နေ ဦးကျော်ဟိုး က ဧရာဝတီသို့ ပြောသည်။

ထိန်းသိမ်းထားတဲ့ သက်သေခံပစ္စည်း အထောက်အထားအရ ပြစ်မှုကျူးလွန်တယ် ဆိုတာလည်း ခိုင်ခိုင်လုံလုံနဲ့ အပြစ်ပေးထား တာ မဟုတ်တော့ ဒါနဲ့ ပတ်သက်ပြီးတော့ မကျေနပ်ဘူး၊ အယူခံတက်ဖို့ စီစဉ်နေပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆို သည်။

ကိုညီညီထွန်း၏ စကားကို ကိုးကား၍ ညီမဖြစ်သူ မစိုးလဲ့လဲ့မိုးက“လူထုနဲ့ နိုင်ငံရေးကို အောင်သွယ် လုပ်ပေးလိုက်တဲ့ အတွက် ကြောင့် စစ်အစိုးရက ထောင်ဒဏ် ၁၃ နှစ် ချလိုက်ပါပြီ”ဟု တရားရုံး၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ဗလီဆရာ ကြံ့ဖွံ့အတွက် မဲဆွယ်

ရန်ကုန်တိုင်း မင်္ဂလာ တောင်ညွှန် မြို့နယ် ရောင်နသ်ဗလီ၌ သောကြာနေ့တိုင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲသို့ တက်ရောက်သော အစ္စလမ် ဘာသာဝင် ၁၅၀၀ ကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သို့ မဲထည့်ရန် ယင်းဗလီ၏ ရှေ့ဆောင်ဆရာ ဦးအလီက မဲဆွယ်စည်းရုံးမှု ပြုလုပ်ကြောင်း သိရသည်။

masjid-choliajamek
ရန်ကုန်မြို့ရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေသော အစ္စလာမ် ဘာသာဝင်များ (ဓာတ်ပုံ - Bumisepi)
ဦးအလီက ဘာသာရေးကို အကြောင်းပြု၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခြင်းကို ပုံမှန် ၀တ်ပြု ဆုတောင်းသူများအနေဖြင့် ကျေနပ်မှုမရှိသောကြောင့် ရောင်နသ်ဗလီ ဂေါပကအဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အစ္စလမ်ဘာသာဝင်များက ပြောသည်။

“ကျနော်တို့ ဗလီကျောင်းရှေ့မှာလည်း ရေးထားပါတယ်၊ နိုင်ငံရေးနဲ့ပတ်သက်လို့ ဆွေးနွေးခွင့်မရှိဘူး။ ဒါပေမယ့် ရှေ့ဆောင်ဆရာက အဲဒါကို ပြောင်ဖောက်ဖျက်ပြီး ကြံ့ဖွံ့ပါတီရယ်၊ ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) ရယ်ကို မဲထည့်ရမယ်လို့ ပြောတယ်” ဟု ၀တ်ပြုဆုတောင်းပွဲသို့ လာသော အစ္စလမ်ဘာသာဝင် အမျိုးသားတဦးက ပြောသည်။

ဘာသာရေးအရ ၀တ်ပြုပွဲလာရောက်သူများအား နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြောဆို ဆွေးနွေးခြင်းများ မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း နိုင်ငံရေးပါတီများအနေဖြင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသည့် ဘာသာရေး နယ်နိမိတ်များတွင် မဲဆွယ်စည်းရုံးခွင့် မပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြု၍ မဲပေးရန် ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း ပြုလုပ်ပါက ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ငွေကျပ် ၁ သိန်းကို ဖြစ်စေ၊ ယင်း ၂ ရပ်စလုံးကိုဖြစ်စေ ပြစ်ဒဏ်ချမှတ် နိုင်သည်ဟု ဖော်ပြထားသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း တောင်ဥက္ကလာပ မြို့နယ် ၇ ရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ဆောက်လက်စ ရပ်ဆိုင်းထားသော ဗလီဝတ်ပြုကျောင်း ဆောက်လုပ်မှုကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးသည့် အနေနှင့် ခွင့်ပြုလိုက်သောကြောင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များက မကျေမနပ်ဖြစ်ကာ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သည်အထိ အခြေအနေ တင်းမာမှု ဖြစ်ပွားခဲ့သေးသည်။

Tuesday, October 12, 2010

"ရဲမင်းကြီးနှင့် အပြိုင် အနှိပ်ခန်းပိုင်ရှင် ရယက နှင့် ရဲအုပ်”

ရေကျော် ပုဇွန်တောင် ရပ်ကွက် က (၉)ရပ်ကွက် အပိုင်... ဟိုးရှေးတုန်းက မောင်အေး ကဖီး ရဲ့ သားမက် ဦးအောင်နိုင်ဆိုတာက ဥကဌ လေ ...အမာခံ မူးယစ်အထူးရဲ့ သတင်းပေးအလုပ်လုပ်တဲ့ အပြင် လစ်ရင် လစ်သလို အကုန်လုပ်တယ်....တဖြေးဖြေးနဲ့ သူက ဘုန်းကံ နိမ့်ပါးလာတဲ့ အချိန်မှာ သူ (၉)ရပ်ကွက် ဥကဌဖြစ်ချိန်က ပြတ်ပြတ်သားသား နှိက်ကွပ်ထားတဲ့ ..ပူတူး (ခေါ်) နေအောင်ကျော် (*မှတ်ချက် မူးယစ်အထူးမှ ပြုတ် 1996* ) ဥကဌ ဖြစ်လာလေပြီ၊

ဘယ်လောက်လဲဆိုတော့ ရဲပြုတ်ပီသစွာ ဘာမှမကြောက် .. အတင့်ရဲ..... ထွေအုပ် အကုန် သူ့ အမျိုးလိုပြောလိုပြော ညွန်မှူး ကြီး ဦးဝင်းကြည်...ဦးလှစိုး နာမည် အလွဲသုံးစားလုပ်ချင်ရာလုပ် ကြာလေဆိုးလေဖြစ်လာပုံများကတော့ ကြောက်ဖို့တောင်ကောင်းပါရဲ့ ....

သူက ကင်းလား ဆိုတော့ မကင်းဘူး...... မဟာ ဗနုလ တံတားအဆင်းမှာ အနှိပ်ခန်း...ဖွင့်ထားပါတယ်. ရှယ်ယာက နေအောင်ကျော်(ခ) ပူတူး ၊ ပုဇွန်တောင် စခန်း(၂၉)က ရဲအုပ်အောင်နိုင်ဝင်း.... သင်းတို့ က ပိုင် တယ်လေ....ရဲမင်းကြီးဦးဝင်းနိုင် ပြသနာဖြစ်ပေမယ့် သင်းတို့ အေးဆေး...ကောင်းလိုက်တာနော်...

နောက် နေအောင်ကျော်ဆိုတဲ့ ကောင်က ကင်းသလား ဆိုတော့ ဘာ မှ မကင်းဘူး.....မူးယစ် အထူးအဖွဲ့ ကနေ မတရား တောင်းရမ်းစားသောက်လို့ အရာရှိတောင် မဖြစ်လိုက်ရှာဘူး ပြုတ်လာတာ... အရင်က ချဲ ရောင်းတယ်... ပြသနာတက်တယ်.. ခုတော့ သူက ဥကဌ လေ .. ရယက (၉) ရေကျော် .. ငါဆရာကြီးဘဲဖြစ်နေပြီ. ကင်းလားဆိုတော့ မကင်းဘူး .....
ညီဖြစ်တဲ့ ဖိုးထက် ဆိုတဲ့သူက တပ်မတော်က တပ်ပြေး (ခုနှစ်က 1994 ကပြေးလာတာ)
ရဲပြုတ် ပီသတယ် သိပ်တော့ မအ ရှာဘူး... လူမိုက် မွေးထားတယ် ရုံးမှာ.. ည ၁ နာရီ ၂ နာရီလောက်မှ အပြင်ထွက်တယ်. အရင်က သူ ကိုယ်တိုင် အနှိပ်ခန်း မဖွင့်ခင်က .... သူများ အနှိပ်ခန်းက ပြန်လာရင် မူးပြီး snow towel သုတ်ပြီး ဧည့်စာရင်း စစ် အာ ဏာပြ တဲ့ အလုပ်ကိုလုပ်တယ်....ပုဇွန်တောင် ရဲစခန်းကို သူအိပ်ထဲထည့်ထားလားမှ မသိတာလေ.... ကိုယ်က မှ မသိတာ...

အဲလို လူမျိုးကို ဆက်မွေးထားမလား.... ရှင်းမလား ဆိုတာရယ်.... သူလူ ပါးဝ တာကို ခံနေရမလား......ပြန်တွယ်ရမလား ဆိုတာကို အာဏာပိုင် အဖွဲ့ အစည်းအနေ နဲ့ သိသင့်တယ်ထင်လို့ Danger Area ရေကျော်ဘက်က သတင်းကိုသွားယူခဲ့ ရပါတယ် ဗျား...

ူသူနဲ့ မတည့်တာကတော့ ယခင် စူပါ မူးယစ် က ရဲအုပ် ဖိုးဆည်...........ဒုရဲမှူးဖြစ်ကာနီးမှာ ဘယ်သူနဲ့ ဘာဖြစ်လဲမသိပါဘူး.....ဒုရဲအုပ် မဖြစ်ခင် က သူက ရန်ကင်း စခန်းကနေ ..လာတာလေ.. other rank ကနေလာတာ. ဖုန်းနံပါတ်က 09.5000590 ။။။

ခုတော့ ရပခ ရှေ့ပိုင်းခရိုင် မဟုတ်တော့ဘူး။ နပခ.....ရပခ ကတော့ မယက ရခိုင် မောင်လှရွှေ တို့ ဘဲ ဖြစ်ပါတယ်. လက်ရည်ကတော့ ဆရာကြီး... နောက် ယခင် ဥကဌ ဦးအောင်နိုင် မောင်အေး ကဖီး သား သမက်ဖြစ်ပါတယ်. . ဆက်လက်ပြီးတော့ သတင်းမှန် ကို တင်ပြ နိုင်အောင် ကြိုးစားပေးပါမယ်. ၄င်းတို့ အနှိပ်ခန်းအား ဓါတ်ပုံ မှတ်တမ်းရအောင် ရဲကျင့် ရဲကြံ နှင့် ........လုပ်စားနေသော အောင်နိုင်ဝင်း... ရဲအုပ်ဘယ်လိုဖြစ်တယ်မသိ....။ ယခုသတင်း သည် အပိုင်း ၁ အနေ ဖြင့် ဖြစ်သ လို .. ပြည်ထဲရေးဝန်ကြီးထံလဲ တင်ပြ မည်ဖြစ်ပါသည် မုန်းတီး မှု မပါသလို အမှန်တရားကို သာ ရှေးရှုပါသည်.

Friday, October 08, 2010

ကျိုင်းတုံမြို့ အထက(၂)ကျောင်း အထက်တန်းပြ ဆရာ၊ဆရာမ များ၏ လုပ်ရပ်များ အကြောင်



တြိဂံဒေသတိုင်းစစ်ဋ္ဌာနချုပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့တွင် ရှိသော အထက(၂)ကျောင်းတွင်း၌ ပညာသင်ကြားနေသော ကျောင်းသူ၊ကျောင်းသားများသည် သူငယ်တန်းမှစ၍ အဋ္ဌမတန်းအထိ ပညာသင်ကြားမှုများသည် မည်သည့်ပြဿနာမျှမရှိခဲ့ချေ။သို့သော် န၀မတန်းသို့တက်ရောက်သွားသော ကလေးများမှစ၍ ဆရာ၊ဆရာမများသည် ကလေးများကို စ၍ ပညာပြပါတော့သည်။

(၁) ကျောင်းစာသင်ခန်းထဲတွင် ကလေးများအား စာကို နားလည်သဘောပေါက်အောင် မသင်ပေးခြင်း။(စေတနာမရှိသော လုပ်ရပ်များ)
(ဥပမာ)- သင်ခန်းစာ တစ်ခု၏ လေ့ကျင့်ခန်းများကို တစ်ပုဒ်၊နှစ်ပုဒ်ရှင်းပြပြီး လေ့ကျင့်ခန်းတစ်ခန်းလုံးစာ အိမ်စာပေးခြင်း။ မနက်ဖြန် မပြီးပါက ရိုက်မည်ဟုပြောပြီးကလေးအားခြိမ်းခြောက်ခဲ့သည်။
“မတွက်တတ်ရင် ကျူရှင် လာတက်ပါ။ ကျူရှင်တက်တဲ့လူကိုပဲ ကောင်းကောင်းတွက်ပြမည် “ ဟု စာသင်ခန်းရှိ ကျောင်းသားများအားကြေညာ၍ ပြောဆိုခဲ့ပါသည်။ထို့ကြောင့် ပိုက်ဆံတတ်နိုင်သော ကျောင်းသားများသာလျှင် ကျုရှင်တက်ကြပါသည်။ ပိုက်ဆံမတတ်နိုင်သောကျောင်းသားများ(တောင်ပေါ်သားများ)အဖို့ ကျုရှင်မတက်နိုင်၍ နေ့စဉ်နေ့တိုင်း နားမလည်သော သင်ခန်းစာများကို အိမ်စာ မပြီးနိုင်ခြင်း၊ မပြီးပါက ကျောင်း၌ဆရာ၊ဆရာမ ဆဲဆိုခြင်း၊ ရိုက်ခြင်း စသည်တို့ကို ပြုလုပ်၍ ကျူရှင် လာတက်အောင် ပြုလုပ်လေသည်။ ကျူရှင် မတက်သော ကလေးများအား “မင်းတို့ရဲ့ အဖြေလွှာတွေကို က ကနေ ယ လုပ်လိုက်မည် “ ဟုခြိမ်းခြောက်ခဲ့သည်။
(ထိုလုပ်ရပ်များသည် ကလေးများအားအရည်ချင်းရှိအောင်၊စေတနာနှင့် သွန်သင်ဆုံးမမှု မရှိသည့် လုပ်ရပ်ဖြစ်သည်။)

(၂) one week test/ two weeks test / one month test များကို စာမေးပွဲစစ်ဆေးပါက အဖြေလွှာများအား သက်ဆိုင်ရာဆရာ၊ဆရာမများသည် မိမိကိုယ်တိုင်မစစ်ဆေးဘဲ၊ အတန်းထဲ၌ စာတော်သောကျောင်းသား(သို့) ကျူရှင်တက်သော ကျောင်းသား များကို စစ်ဆေးအမှတ်ပေးခိုင်းခြင်း၊ အဖြေလွှာထဲ၌ မှားယွင်းအမှတ်ပေးမှားထားပါက မပြုပြင်ဘဲ ဆရာမက “ထားလိုက်ပါတော့၊အလုပ်ရှုပ်တယ်” ဟု ပြောလေသည်။
မိမိ အရည်အချင်းနှင့် မည်မျှမှန်ကန်အောင်ဖြေနိုင်သော်လည်း ဆရာမမှာ ကျူရှင်မတက်သော ကလေးများအား အမှတ်လျော့ခြင်း၊အမှားပေးခြင်း ပြုလုပ်လေသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဆရာ၊ဆရာမ များသည် ကျူရှင်တက်သော ကလေးကိုသာ ဦးစားပေးခြင်း၊ မိမိ၏အလုပ်တာဝန်များကို ကျေပွန်အောင်မပြုလုပ်နိုင်ခြင်း၊မိမိ၏အလုပ်ကို ပေါ့ပေါ့ဆဆနှင့် တွေးတောခြင်း။တို့ဖြစ်ကြောင်းသိရသည်။

(၃) စာသင်ခန်းထဲ၌လည်း စားပွဲပေါ်တွင် မုန့်မမြင်ပါက ကလေးများအား မုန့် ဘာကြောင့် မပေးလည်းဟုဆိုကာ စာမရှင်းပြတော့ဟု ပြောဆိုခဲ့လေသည်။ ကလေးများမှာလည်း စာတတ်ချင်သောကြောင့် မုန့်ဝယ်ပေးရခြင်း။(တောင်ပေါ်သားများအဖို့ ပိုက်ဆံမရှိ၍ မ၀ယ်လျှင် ဆရာမက “ မင်းတို့ ငါ့အပေါ် စေတနာမရှိလိုက်တာ“ ဟုပြောကြားသွားပြန်လေသည်။ တောင်ပေါ်ကလေးများသည် ၀မ်းနည်း၍ ငိုခဲ့ရသည်။

ထို့သို့ ဆရာ၊ ဆရာမ များသည် မုန့်တောင်းစားခြင်း၊ မုန့်လာပေးရန် ကလေးများအားပြောခြင်း၊ မုန့်မြင်မှစာရှင်းပြမည်ဟု ပြောခြင်း (သို့) တစ်တန်းလုံး ကလေးများကော်ဖီ တစ်ယောက် တစ်ထုပ်ယူလာပေးရခြင်း၊ မုန့်တစ်ထုပ်စီယူလာစေခြင်း စသည့်ဖြစ်ရပ်များသည် ကလေးမိဘကြားခဲ့လျှင်လည်းမကောင်းပါ...ဟု ဆရာ၊ဆရာမများတွေးမိရဲ့လား။

(၄) ဆရာ၊ဆရာမများသည် ပိုက်ဆံရှိသော ကလေးများကို မျက်နှာသာပေးခြင်း။ဥပမာ- ကျောင်းခန်းတွင်း၌ ကျုရှင်သင်သော ကလေးများ စကားများခြင်း၊ မုန့်စားခြင်း၊ ကျယ်လောင်စွာအော်ခြင်းကို မြင်လျှင်လည်း မသိသလိုသာ နေလိုက်သည်။ ကျူရှင်မတက်သော ကလေးဖြစ်ပါက ဆဲဆိုခြင်း၊ ရိုက်ခြင်းပြုလုပ်နေ သည့် ဆရာ၊ဆရာမများသည် ငွေမျက်နှာကို အဓိကထား၍ အသာပေးနေပါသည်။ ထိုဆရာ၊ဆရာမများသည် မေတ္တာတရားကို အညီအမျှ မပေးနိုင်ခြင်း။(ကြားဖူးသည်မှာ ကျောင်းဆရာများသည် စေတနာ၊၀ါသနာ၊အနစ်နာ၊ဂရုဏာနှင့် ပြည့်စုံရမည်။) ယခုမှာ ထိုကဲ့သို့ဖြစ်ရပ်မျိုးကိုမတွေ့ရပါ။

(၅) ကျောင်းတွင်း၌ ကျောင်းသားများအချင်းချင်းရန်ဖြစ်ခြင်း၊
mp3 /mp4 ယူလာ၍နားထောင်ခြင်း၊
TV game များဆော့ခြင်း၊
ဆေးလိပ်သောက်ခြင်း(အိမ်သာထဲ၌)၊
ကော်ရှုခြင်း( အိမ်သာထဲတွင်)စသည့် လုပ်ရပ်များကို ဆရာမများ သိသော်လည်း ကျောင်းသားများအား အရေးယူပြီး သတိပေးခြင်း၊သွန်သင်ဆုံးမမှု မပြုလုပ်ခြင်း၊ ဤကဲ့သို့ကြီးမားသော အပြစ်များကို အရေးမယူခြင်း၊ ပြုပြင်မှုများ မတွေ့ခြင်း။
ဤလုပ်ရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ယခုလူငယ်၊နောင်ဝယ် လူကြီးဖြစ်မည့် ကလေးများအား ပြုပြင် သွန်သင်ဆုံးမ မှသာလျှင် လမ်းမှားမှ လမ်းမှန် ပြုပြင်ပေးရာရောက်မည်မှာ ဆရာ၊ဆရာမတို့၏ တာဝန်ပင်ဖြစ်သည်။ ကျောင်း၏ ဂုဏ်သိက္ခာမကျအောင် ကလေးများကို စည်းနဲ့ကမ်းနဲ့သတ်မှတ်ပြီးပြုပြင်ပေးသင့်ပါသည်။

(၆) ကျောင်းသားများအနေဖြင့် စာကြိုးစားနေရင်းမှ စာမလိုက်နိုင်မှုတို့ကြောင့် စာမေးပွဲကျသည်ကို စာလိုက်နိုင်အောင် နည်းလမ်းကောင်းများ မညွှန်ကြားဘဲ ၊ ဒဏ်ငွေအဖြစ် ကောက်ခံခြင်းသည် ကျောင်းသားများအပေါ် စာကြိုးစားချင်စိတ် မပေါ်ပေါက်လာစေဘဲ ၊ “နောက်တစ်ခါ စာမေးပွဲကျရင် ပူစရာမလိုဘူး ဒဏ်ငွေပေးရင် ဆရာမ ကျေနပ်မယ်”ဟုသော အတွေးများဝင်လာနိုင်ပါသည်။ ပိုက်ဆံမရှိသော ကျောင်းသားများအတွက်တော့ ပိုလို စိတ်အားငယ်စရာများ ဖြစ်နေပါတော့သည်။

(၇) တက္ကသိုလ်ဝင်တန်း(ဒဿမတန်း) ကျောင်းသားများအတွက် ဆရာ၊ဆရာမများသည် ကောင်းစွာ စာသင်ကြားမှုမရှိခြင်း၊ ကလေးများအား “မင်းတို့တတ်ပြီးသား တော်ပြီးသား “ ဟု ပြောဆို၍ စာသင်သော ဆရာဆရာမများဖြစ်သည်။

(၈) ကျောင်းစာသင်ခန်းတွင်း၌(မုန့်စားကျောင်းဆင်းချိန် နှင့် နောက်ဆုံးချိန်များ) တွင် သက်ဆိုင်ရာ ဆရာ၊ဆရာမ များသည် စာသင်ချိန်၌ ကလေးများ စုံ-မစုံကို မစစ်ဆေးခြင်း၊ တချို့ကလေးမှာမူ မုန့်ဆိုင်၌ နေပြီး အတန်းမတက်ခြင်း၊ တချို့မှာမူ ကျောင်းအပြင်ဘက်သို့ ထွက်၍သွားလည်ခြင်း၊ တချို့မှာ အိမ်သာသို့အကြာကြီးသွားခြင်းတို့ကို သတ်မှတ်ချိန် မထားဘဲ ၀င်ချင်သလိုဝင် ၊ ထွက်ချင်သလိုထွက် ပြုလုပ်နေသည်ကို ဆရာမများသည် မိမိ၏အတန်းကလေးများ ခြေလမ်းပျက်သည်ကို သိသော်လည်း မိမိနှင့်မသက်ဆိုင်သလိုနေခြင်း။
အထက်ပါအချက်များမှာ ဆရာ၊ဆရာမများ၏ စေတနာ မပြည့်ဝမှုများ၊ မိမိ၏အလုပ်တာဝန်များအပေါ်(အဖြေလွှာ မစစ်ဆေးခြင်းများ)ပေါ့ပေါ့ဆဆလုပ်ဆောင်မှုများ၊ကလေးများအား စည်းကမ်းကောင်းအောင် မထိန်းသိမ်းနိုင်ခြင်းများ၊ ဆင်းရဲသောကလေးများအား ပစ်ပယ်ခြင်းများ၊ငွေမျက်နှာကို အဓိကထားခြင်းများ စသည့် မကောင်းသည့်အချက်များကို ရပ်တန့်သွားစေချင်ပါသည်။

လေးစားစွာဖြင့်-
(ပြည့်သုရှင်)

ကရင်ပြည်နယ် ရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုတွေပေါ်ပေါက

ကရင်ပြည်နယ်ရဲတပ်ဖွဲ့အတွင်းမှာ အကျင့်ပျက်ခြစားမှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။ဘာတွေလဲဆိုတော့ အစိုးရလည်း မေ့နေလောက်ပြီဖြစ်တဲ့.. လိုင်စင်မဲ့ဆိုင်ကယ်တွေဖမ်းဆီးထားမှုပါပဲ..။
2007/08ခုနှစ်လောက်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေ ခန့်မှန်းခြေ အစီးရေ (100)ကျော်ကျော်လောက်ရှိပါတယ်..။ ဒါပေမယ့် အဲဒီဆိုင်ကယ်တွေဟာ အခုအခါမှာတော့ ဖုန်းကညာတစ်ပါး..လုံးရာကနေ ပြားကုန်ကြပါပြီ။ ဆိုင်ကယ်(100)ကျော်လောက်ကနေ အစီးရေ(40/50)ခန့်သာ ကျန်ပါတော့တယ်..။ကျန်တဲ့ဆိုင်ကယ်တွေကလည်း ဘုရားစူးဆိုင်ကယ်တွေပဲ ကျန်ပါတယ်..။ဆိုင်ကယ်ပါ...လို့ကျမ်းကျိန်ပြောရမယ့် အဖြစ်ကို ရောက်ကုန်ကြပါပြီ..။

တချို့ဆိုင်ကယ်က ကာဗာမရှိ၊တချို့က ဖရိန်ပဲ ကျန်၊တချို့က ခွေနဲ့လက်ကိုင်ပဲ ရှိနဲ့ ဖြစ်ချင်တိုင်းကိုဖြစ်နေကြပါတယ်.. ။ ဒီဆိုင်ကယ်တွေကို ထိန်းသိမ်းတာက ပြည်နယ်ရုံးက ဒုရဲအုပ်လှစိုး(ယခုရဲအုပ်)နဲ့ ရဲအုပ်စိုးသန်း (ယခုဒုရဲမှူး) တို့ကနေ ထိန်းသိမ်းခဲ့ကြတာပါ..။သူတို့နဲ့အဆင်ပြေတဲ့သူဆိုရင် ဆိုင်ကယ်တစ်စီးလုံး လဲချင်သလား..။ရပါတယ် ။တန်ရာတန်ကြေးနဲ့ ပေါ့..။ ကာဗာမကောင်းတာ၊ ခွေမကောင်းတာ။ အင်ဂျင်လဲချင်တာ အားလုံးရပါတယ်.. ။ အခုတော့ သူတို့တတွေကတော့ ချမ်းသာကြီးပွားနေကြပါပြီ.. ။ရဲမင်းကြီးတွေကလဲ မသိတာလား ။ပေါင်းစားနေတာလား။ မသိချင်ယောင်ဆောင်နေတာလားတော့မသိပါဘူး.. ။မြေပြင်မှာအမှန်အကန်ကတော့ ဆိုင်ကယ်အမှိုက်ပုံကြီးပဲ ကရင်ပြည်နယ် ရုံးထဲမှာရှိနေပါတယ်..။သူတို့တတွေကတော့ ပိုက်ဆံလဲရတယ်။ ရာထူးတွေလည်း တက်ကုန်ကြပါပြီ.. ။ဒီအတိုင်းထားသင့်ပါသလား.. ။

ရှမ်းပြည်နယ်၊အရှေ့ပိုင်း၊တာချီလိတ်မြို့ခရိုင် လ၀က ဦးစီးမှူး၊ဦးထိန်ဝင်း၏ ဒေါသ၊လောဘ

ရှမ်းပြည်နယ်(အရှေ့)၊တာချီလိတ်မြို့၊ခရိုင်လ၀ကဦးစီးမှူးဦးထိန်ဝင်းသည် တပ်မတော်မှဗိုလ်ကြီးအဆင့်ဖြင့်အရပ်ဘက်လူဝင်မှူကြီးကြပ်ရေးဌာနသို့ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့အသွင်ကူးပြောင်း တာဝန်ထမ်းဆောင်ချိန်မှစ၍ လက်အောက်ဝန်ထမ်းငယ်များအပေါ်တွင် ရိုင်းပြမောက်မာစွာ အာဏာပြတတ်ပြီး-စစ်သားစရိုက် မပျောက်သဖြင့် ဌာနမှဝန်ထမ်းအားလုံး စိတ်ညစ်စိတ်ပျက်နေကြရပါသည်၊

အထူးသဖြင့် ရွေးကောက်ပွဲကာလအတွင်း သူ့ကိုယ်ကျိုးအတွက် နေရာအာဏာတည်မြဲရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေထဲမှ တရားဝင်ခိုးယူသုံးစွဲပြီး အထက်ဖား-အောက်ဖိ အလုပ်မျိုးကို အင်မတန် ရိုကျိုးစွာလုပ်တတ်သူဖြစ်ပြီး- သူ၏ရုံးခန်းတွင် ရုံးမထိုင်ဘဲ -လောဘရမ္မက်တက်ကာ တာချီလိတ်မြို့၊အမှတ်(၁)နယ်စပ် ချစ်ကြည်ရေးတံတားရှိ နိုင်ငံခြားသားများအ၀င်(အထွက်)ကောင်တာအခန်းများတွင် ကိုယ်တိုင်စောင့်ကြည့်ရုံးထိုင်ပြီး နိုင်ငံခြားသားအ၀င်လူဦးရေစာရင်းများကိုနေ့စဉ် သူ့အားတင်ပြကြရပြီး-သူ့အတွက်နေ့စဉ် စာအိတ်ဖြူဖြင့် ဘတ်ငွေ(၅၀၀၀)ကို UnderTable အဖြစ် ပေးဆောင်ရပါသည်၊

နိုင်ငံခြားသားတစ်ဦးလျှင်အမေရိကန်ဒေါ်လာ (၁၀)ဒေါ်လာကောက်ခံပြီး-ဒေါ်လာငွေ မပါသော သူအား (၁၀)ဒေါ်လာနှင့်ညီမျှသော ထိုင်းဘတ်ငွေ(၅၀၀)ကောက်ခံရပါသည်၊

Touris Group အဖွဲ့များဝင်ရောက်လာပါက ဘတ်ငွေသာ ကောက်ခံရပြီး- ၄င်းအဖွဲ့၏ ပတ်စ်ပို့စာအုပ်များအစား- Copy စာရွက်များသာဖြစ်ပြီး-စာရင်းပျောက် အင်းပျောက် ဖျောက်မည်ဆိုပါကသူ့အားတင်ပြကြရပြီး -သူ့အတွက်ကျန်မှသာလျှင် ခွင့်ပြုမိန့်ကျပါသည်၊

နေ့စဉ်သူ၏မိသားစုစားစရိတ်များကို နိုင်ငံခြားသားအ၀င်ကောင်တာမှနေ၍-စိုက်ရှင်းပေးရပြီး ၊ ရံဖန်ရံခါအထက်လူကြီးများထံ မျက်နှာလိုမျက်နှာရ ပစ္စည်းဝယ်ရန် ကုန်ကျစရိတ်ကိုလည်း ကောင်တာ(၃)ခုဖြစ်သည့် နိုင်ငံခြားသားအ၀င်ကောင်တာ၊ ထိုင်းလူမျိုးအ၀င်ကောင်တာနှင့်မြန်မာ(အထွက်)ကောင်တာတို့မှ ကျသင့်သလောက် အချိုးတူစိုက်ရှင်းရပြီး ၊ ပို့ဆောင်ခ ကုန်ကျစရိတ်ကိုတော့ လေဆိပ်တာဝန်ကျ လ၀ကအရာရှိမှ အိတ်စိုက်ထုတ်ရှင်းရပါသည်။

မပေးဆောင်နိုင်သောဝန်ထမ်းများနှင့်သူ့ အား အလိုက်မသိတတ်သောဝန်ထမ်းများဖြစ်ပါက ၀င်ငွေမရနိုင်သည့်=အပြင်ဂိတ်များ၊ဝေးလံသည့်နယ်ဂိတ်များကို ပို့ဆောင်ပစ်မည်ဟု မကြာခဏခြိမ်းခြောက်ဟောက်စားလုပ်သည်မှာလည်း တကယ့်စစ်သားဟောင်းကြီးတစ်ဦးနှယ် ချီးကျူးထိုက်ပေသည်၊

သူသည်တာချီလိတ်မြို့သို့မရောက်ခင် ၀င်ငွေအရနည်းသော ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး-ယခုလို တာချီလိတ်မြို့သို့ရောက်ရှိလာသော အရာရှိတိုင်းသည် လောဘရမ္မက်ကြီးတတ်လာသည်မှာ မထူးဆန်းတော့ပါ၊

လက်အောက်ဝန်ထမ်းများကိုတော့“ နိုင်ငံတော်ဘဏ္ဍာငွေကို မထိပါးရ “ဟုအမိန့်ထုတ်ထား သော်လည်း-သူ့အတွက်တော့ ပုံမှန်ပို့ဆွမ်းကိုတော့ မပျက်မကွက်ပို့ဆောင်ပေးရသည်မှာ သူခိုးအကြီးအစားကို သူခိုးလေးတွေက ကူညီထောက်ပံ့ပေးနေရတာနဲ့တူလွန်းပါသည်၊

အထူးသဖြင့် ယခုကာလသည် ရွေးကောက်ပွဲကာလနီးချိန်ဖြစ်သဖြင့်-သူသည်ယာယီခရိုင်မှူးလိုလို ၊အစမ်းသတ်ခံကာလလိုလို မရေရာမသေချာသောဘ၀မို့ လက်ရှိကာလလေးမှာ ရသလောက်စားနိုင်သမျှ အကုန်စားမယ့်သူဖြစ်နေပါပြီ၊

မြို့နယ်အတွင်းနိုင်ငံသားစီစစ်ရေးကဒ်ပြားများနှင့် အိမ်ထောင်စုစာရင်းပုံစံ(၁၀)ဖိုင်များအား မြို့နယ်ရုံးမှတဆင့်၊ခရိုင်ဦးစီးမှူးရုံးသို့တင်ပြဖိုင်အဖြစ် တင်ပြပြီး -ပြန်ကျလာရန်အတွက် စာအိတ်အဖြူဖြင့်“ဂါ”ရပါသည်။
မ“ဂါ”ရင်“ကြာ”တတ်ပါသည်၊ သူကြည်ဖြူဘို့အတွက်ပြည်သူတို့ထံမှတရားမ၀င် မတောင်းချင်သော်လည်း တောင်းခံနေရပါသည်၊ မရတဲ့အခါ လက်အောက်ဝန်ထမ်းများမှာတော့ အိတ်ကပ်စိုက်ပြီး ပေးဆောင်နေရပါသည်။ မပေးဆောင်နိုင်သောဝန်ထမ်းများကိုတော့ အပြစ်မရှိအပြစ်ရှာ-လူကြားသူကြားထဲမရှောင် ဆူပူကြိမ်းမောင်းကာ စစ်တပ်ထဲမှ ဆဲနည်းမျိုးစုံနဲ့တိုင်းထွာဆဲတတ်သည်မှာလည်း စစ်သားပီသလွန်းလှပြန်၏၊

တိုင်းပြည်ဘဏ္ဍာငွေများကို အရစ်ကျဖြတ်တောက်ယူတတ်သော သူများကို အထက်ဌာနမှလူကြီးများကလည်း ယုံကြည်ကိုးစားကာ စစ်တပ်ထဲမှာ သုံးစားမရ(ဘီ)ပိုးရှိသော အရာရှိများ၊ဗိုလ်ကြီးအဆင့်ဖြင့်အသက် (၄၀)ကျော်နေသော စစ်အိုများကို အရပ်ဖက်သို့ရာထူးကြီးကြီးပေးရန် တံစိုးလက်ဆောင်များ-ပုံးပေါင်းများစွာ ရယူပြီး ခန့်အပ်ထားခြင်းအတွက် ၄င်းတို့သည်လည်း အရင်းကျေအောင် -တန်အောင် ရယူနေသည်မှာ တာဝန်ရှိသူများဆင့်ကဲဆင့်ကဲ သိသင့်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား.......။

(၀န်ထမ်းတစ်ဦး)