
ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် လိုက်လံ မဲဆွယ်စည်းရုံးနေသော ကြံ့ဖွံ့ပါတီမှ အမျိုးသမီးများ။ ကြံ့ဖွံ့ပါတီသည် ဆေးကုသပေးခြင်း၊ လမ်းခင်းပေးခြင်း အပါအဝင် နည်းမျိုးစုံသုံး၍ မဲဆွယ်လျက်ရှိသည် (ဓာတ်ပုံ - Reutres)
“ဆေးပညာ အရတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပေါ့ဆမှုကြောင့် ဗိုင်းရပ်စ် ၀င်တယ်လို့ ထင်တယ်။ မျက်လုံးတွေ ရောင်ပြီးတော့ မမြင်ရတော့တာ” ဟု အဆိုပါ ဆရာဝန်က ဆိုသည်။
ပထမတကြိမ် လာရောက်ကုသစဉ် မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်း ဦးဆောင်၍ ခွဲစိတ်ပေးခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ်တွင် ထိုင်ဝမ်နိုင်ငံသားဟု ဆိုသည့် တရုတ်လူမျိုး ဆရာဝန်တဦးနှင့် ပခုက္ကူမြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ်ခြင်းဖြစ်ကြောင်း သိရသည်။
ရေစကြိုမြို့နယ် ကံသစ်ရွာမှ ကျောင်းထိုင်ဆရာတော် ဦးဇ၀နသည်လည်း မျက်လုံးတဘက် ခွဲစိတ်ကုသခံရာ မျက်လုံးရောင်လာသည့်အတွက် ထုတ်ပစ်လိုက်ရကြောင်း၊ ထိုသတင်းများကြောင့် ကျန်းမာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဆေးရုံသို့ လာရောက် စစ်ဆေးကြောင်း မြို့ခံ ဆရာဝန်က ဆက်လက်ရှင်းပြသည်။
ကြံ့ဖွံ့ပါတီသည် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လက နှစ်ကြိမ်တိုင်တိုင် လာရောက်ပြီး အခမဲ့ကုသပေးခဲ့ရာ လူပေါင်း ၃၀၀ ကျော် ခွဲစိတ်ကုသခံခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရေစကြိုနယ်သား၊ ယခင် စစ်ဥပဒေချုပ် ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးမောင်က ၀င်ရောက် အရွေးခံမည်ဟု သိရသည်။
မျက်စိကွယ်သွားသည့် ဝေဒနာရှင် ဦးရွှေက “အဝေးမှုန်လို့ အလကား ကုပေးတယ်ဆိုလို့ သွားကုတာ။ ၄ ရက်လောက်ကြာတော့ မမြင်ရတော့ဘူး” ဟု ဆိုသည်။
၎င်း၏ မျက်စိတဘက် ကွယ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ကျန်တဘက်မှာ အဝေးမှုန်နေသည့်အတွက် ခွဲစိတ်ကုသခံရာမှ ယခုကဲ့သို့ မမြင်ရတော့ခြင်း ဖြစ်ကြောင်း၊ မင်းဘူးမြို့ ပြည်သူဆေးရုံကြီးရှိ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်းနှင့် လည်းကောင်း၊ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း သွားရောက် ပြသသော်လည်း ကုသ၍ မလွယ်ကူတော့ဟု ဆရာဝန်ကြီးများက ပြောကြောင်း ဦးရွှေက ဆက်ပြောသည်။