ပဲခူးမြို့တွင် လူငယ်၂ ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦးကို ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။
ထိန်းသိမ်း ခံထားရသူများမှာ ပဲခူးမြို့ အင်းတကော် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၁၀၁ မှ ဗိုလ်ကြီး သိဒ္ဓိစိုး၊ ခြေလျင်တပ်ရင်း (ခလရ) ၅၉ မှ ဗိုလ်အဆင့်ရှိသူ ၁ ဦးနှင့် တပ်သား မောင်ထွန်းတို့ ဖြစ်ကြောင်း၊ အဆိုပါ ၃ ဦးကို သက်ဆိုင်ရာက မည်သည့် တပ်ရင်း၌ ထိန်းသိမ်းထားကြောင်း မသိရှိသကဲ့သို့ မည်သို့ အပြစ်ပေး ဆောက်ရွက်မည်ကိုလည်း မသိရှိရသေးကြောင်း ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်က ပြောသည်။
စက်တင်ဘာလ ၄ ရက်နေ့ညက ပဲခူးမြို့ ဇိုင်းဂနိုင်း ရပ်ကွက်အတွင်း၌ စစ်တပ်အရာရှိ ၂ ဦးနှင့် အရပ်သားများ စကားများကြရာမှ စစ်တပ် အရာရှိတဦးက ဘူတာ လုံခြုံရေးယူထားသည့် တပ်သားများကို ပြန်ခေါ်ကာ အရပ်သားများအား ပစ်ခတ်စေခဲ့ပြီးနောက် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။
ယင်း ပစ်ခတ်မှုကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ ကိုအောင်သူဟိန်းနှင့် အသက် ၁၉ နှစ်အရွယ် ကိုစိုးပိုင်ဇော်တို့ သေဆုံးခဲ့ရသည်။
