လူထုလှုပ်ရှားမှု ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုံခြုံရေးတင်းကျပ်မှုများကို ရန်ကုန်မြို့တွင်းနှင့် မြို့စွန်ဟူ၍ အပိုင်း ၂ ပိုင်း ခွဲကာ စတင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတဦးက ပြောသည်။

NLD ၏ မဲမပေးဘဲ နေနိုင်ခွင့်ရှိသည့် စာတန်းပါ တီရှပ် ဝတ်ဆင်ထားသူများ
ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ၊ လှည်းတန်း စသည့် ရန်ကုန်မြို့တွင်း နေရာများတွင် ရဲတပ်ဖွဲ့၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာစသည့် မြို့စွန်နေရာများတွင် တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့အား လုံခြုံရေး တာဝန် ပေးထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦး ကပြောသည်။
လုံခြုံရေးတာဝန်ယူထားသည့် တပ်မ ၇၇ နှင့် တပ်မ ၆၆ သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့သော သံဃာတော်များအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် တပ်မများလည်းဖြစ်သည်။
အဆိုပါ လုံခြုံရေးတိုးမြှင့်မှုများ ဆောင်ရွက်နိုင်ရန် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အင်အားဖြည့်တင်းမှုများကို ပြုလုပ်ခဲ့သည်ဟု အဆိုပါ စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောသည်။
“ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွင်းပြီးနောက်ပိုင်း နိုင်ငံတကာ ဝေဖန်မှုတွေ တော်တော်များ များရှိခဲ့တော့ အခု နောက်ပိုင်းမှာ စစ်တပ်သုံးတာကို လျှော့ချပြီး ရဲတပ်ဖွဲ့ကို တာဝန်ပိုပေးလာတယ်။ စစ်ဘက်က တချို့ လူတွေကိုလည်း ရဲတပ်ဖွဲ့ထဲ ပြောင်းပြီး တာဝန်ပေးတယ်။ ရဲ အင်အားဖြည့်တာပေါ့” ဟု ၎င်းက ဆိုသည်။