Monday, November 30, 2009

မြန်မာလူငယ်များ ရွေးကောက်ပွဲတွင် မဲပေးမည်လော

၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးပါတီ မရှိပါက လူငယ်များက ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲကြီး ကျင်းပချိန်က မဲပေးရန် အသက်ပြည့်မီခြင်း မရှိသော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးရန် အသက်ပြည့်နေပြီဖြစ်သည့် လူငယ်များကို  ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်တမ်းကောက်ခဲ့ရာ အများစုက ထိုသို့ ဖြေဆိုကြခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ လူငယ်သဘောထား စစ်တမ်းဖြေဆိုကြသူများတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ်များသာပါဝင်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၀ ဦး၊ သတင်းမီဒီယာသမား ၇ ဦး၊ လူငယ်ရှေ့နေ ၄ ဦး၊ အခြေခံ ပညာ အလယ်တန်းအဆင့် အထိသာ ပညာသင်ကြားခဲ့ပြီး ကြုံရာကျပန်းအလုပ် လုပ်ကိုင်နေသည့်  လူငယ် ၇ ဦး၊ စစ်တက္ကသိုလ်ကျောင်းဆင်း လူငယ်စစ်ဗိုလ် ၁ ဦး အပါအ၀င် အလွှာပေါင်းစုံမှ  လူငယ် စုစုပေါင်း ၆၀ နီးပါး ပါဝင်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာ သက်တမ်း ရှည်ကြာလာပြီ ဖြစ်သည့် ယူနီဖောင်းဝတ် စစ်ဗိုလ်အုပ်ချုပ်ရေး စနစ်ကို တရားဝင် အဆုံးသတ်ပေးမည့် ရွေးကောက်ပွဲဟု တချို့က ယူဆကြသည်။ သို့သော်လည်း ထိုရွေးကောက်ပွဲကြောင့် ပြည်သူကို ကိုယ်စားပြုသော ဒီမိုကရေစီအစိုးရ တရပ် မပေါ်ပေါက်နိုင်ကြောင်း စစ်တမ်းတွင် ပါဝင်သည့် လူငယ် အများစုက သုံးသပ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ စသည့်  အာဏာပိုင်တို့ ကျောထောက်နောက်ခံပေးထားသော အဖွဲ့အစည်းများက ရွေးကောက်ပွဲတွင် အပြိုင်အဆိုင် ပါဝင်လာကြဖွယ် ရှိသောကြောင့် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးအဖွဲ့များ ပေါ်ထွက်ရန် အခွင့် အလမ်း နည်းပါးသည်ဟု လူငယ်များက ပြောသည်။

“အစိုးရရဲ့ ကြံ့ခိုင်ရေးအသင်းက ရွေးကောက်ပွဲ မတိုင်မီ စည်းရုံးလှုပ်ရှားမှုတွေ အများကြီး လုပ်လာတယ်။လမ်းခင်း၊ တံတားခင်းအလုပ်တွေကအစ သာရေး၊ နာရေး အဆုံး ကြံ့ခိုင်ရေး အလံတွေ တလူလူ လွှင့်ထူပြီး စည်းရုံးရေး လုပ်တယ်။ ရွေးကောက်ပွဲဥပဒေ မထွက်ခင် ကြံ့ခိုင်ရေးက မဲရဖို့ စည်းရုံးမှုတွေကအတော် ခရီးရောက်နေပြီ” ဟု ရန်ကုန်မြို့မှ အသက် ၂၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား တဦးက ဆိုသည်။

၂၀၁၀ ပြည့်နှစ်သို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ထုတ်ပြန်ပါကလည်း နိုင်ငံရေးပါတီများ အလွယ် တကူ ဖွဲ့စည်းနိုင်ခြင်း မရှိစေရန် ထိန်းချုပ်၊ ကန့်သတ်၊ တင်းကျပ်သော နည်းဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများ သေချာပေါက် ပါဝင်ဖွယ် ရှိကြောင်း ရှေ့နေလူငယ်များက ခန့်မှန်းကြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲအတည်ပြုပြီးပြီ။ မကြာမီထုတ်ပြန်မယ့် ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံရေးပါတီတွေ အလွယ်တကူဖွဲ့လို့မရအောင် တင်းကျပ်တဲ့ နည်းဥပဒေ သေချာပေါက် ပါလိမ့်မယ်။ ပြည်သူတွေ အတွက်ကတော့ 'မိအေး နှစ်ခါနာ' ပေါ့” ဟု ရန်ကုန်အခြေစိုက် အလုပ်သင် ရှေ့နေလူငယ်တဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  နိုင်ငံတော်သမ္မတကို ပြည်သူလူထုက တိုက်ရိုက် တင်မြှောက်မှု မပြုနိုင်ခြင်း၊စစ်ဦးစီးချုပ်က လက်နက်ကိုင်တပ်များ၏ ဦးစီးချုပ်ဖြစ်ပြီး နိုင်ငံတော်သမ္မတထက် အာဏာရှိနေခြင်း၊ စစ်ဦးစီးချုပ်တွင် တရားဝင် အာဏာသိမ်းပိုင်ခွင့်ရှိခြင်း အပါအ၀င် ဒီမိုကရေစီ စံ နှင့် မကိုက်ညီသည့် အချက် များစွာ တွေ့ရသည့်ဟု လူငယ်ရှေ့နေများက ထောက်ပြကြသည်။

အခြေခံဥပဒေ၏ အဖွင့် စာမျက်နှာတွင်ပင် လွဲမှားမှုများရှိနေသည်ဟု ဆိုသည်။

“အခြေခံဥပဒေမှာ 'နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်' ဆိုပြီး စဖွင့်တယ်။ ဒီမိုကရေစီမှာ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ၊ စည်းကမ်းမရှိတဲ့ ဒီမိုကရေစီ ဆိုတာမျိုး မရှိပါဘူး” ဟု အမျိုးသမီးလူငယ်ရှေ့နေတဦးက သုံးသပ်သည်။

“စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတဲ့ စကားရပ်ကိုက ဒီမိုကရေစီ သဘောအရ မှန်ကန်မှု မရှိဘူး၊ လွဲနေတယ်” ဟု သူက ဆက်ပြောသည်။

နိုင်ငံရေးအနေအထားသည် အကျဉ်းအကျပ်ထဲတွင် ရောက်ရှိနေသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် သာလျှင် မြန်မာ့နိုင်ငံရေး ထွက်ပေါက် ဖြစ်သည်ဟု ပြည်တွင်းပညာရှင် တချို့ ဦးစီး ဖွင့်လှစ်သည့် Myanmar Egress အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေး သင်တန်းတခုရှိ လူငယ်တချို့က ဆိုသည်။

“စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးဖြစ်အောင် ညင်ညင်သာသာ ကူးပြောင်းချင်တဲ့  တပ်မတော် အစိုးရကို အားလုံးက သဘောထား ကြီးကြီး ကူညီရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကသာ ဒီမိုကရေစီစနစ်သစ်ဆီ သွေးချောင်းမစီးဘဲ သွားဖို့ ဦးဆုံး ခြေလှမ်းပဲ” ဟု Myanmar Egress သင်တန်းမှ လူငယ်တဦးက ပြောသည်။

Myanmar Egress သင်တန်းသား လူငယ် တချို့က ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ထောက်ခံသော်လည်း ရွေးကောက်ပွဲတွင် မဲပေးလိုစိတ်မရှိဟု ဆိုသည်။

စစ်တက္ကသိုလ်ကျောင်းဆင်း အသက် ၂၆ နှစ်အရွယ် စစ်ဗိုလ် လူငယ်တဦးကမူ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကြောင့် အုပ်ချုပ်ရေး စနစ် ပြောင်းလဲပြီး နိုင်ငံ တိုးတက်လာမည်ဟု အခိုင်အမာယုံကြည်ကြောင်း ရှင်းပြသည်။

“အပြောင်းအလဲကို ပြည်သူတွေပဲ လိုချင်တာမဟုတ်ဘူး။ တပ်ထဲမှာလည်း အပြောင်းအလဲကိုပဲ တမ်းတနေကြတယ်။ ကျနော်တို့လို အရာရှိငယ်တွေ တော်တော်များများလည်း ၂၀၁၀ မှာ ဖြစ်လာမယ့် ပြောင်းလဲမှုတွေကို မျှော်ကြတယ်” ဟု  စစ်ဗိုလ်လူငယ်က ပြောသည်။

၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် မကြုံလိုက်ရသော လူငယ်များအတွက် ပထမဦးဆုံးသော၊ စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေသော ရွေးကောက်ပွဲ အတွေ့အကြုံ ဖြစ်လိမ့်မည်ဟု လူငယ်များက ဆိုသည်။

“၂၀၁၀ ကို လူငယ် တော်တော်များများက စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတယ်။ နိုင်ငံရဲ့ အနာဂတ်မှာ လူငယ်တွေ ဘယ်လောက်ထိ ပါဝင်ခွင့်ရမလဲ ဆိုတာက စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ” ဟု KMD ကွန်ပျူတာကုမ္ပဏီတွင် IT ပညာရှင်အဖြစ် အလုပ် လုပ်ကိုင်နေသူ လူငယ်တဦးက ပြောသည်။

ကျောင်းပညာရေး ဆုံးခန်းတိုင်ခြင်း မရှိသည့် လက်လုပ် လက်စား လူငယ်တချို့ ကမူ ၂၀၁၀ ရွေးကောက်ပွဲမှ စားဝတ်နေရေး နှင့် စီးပွားရေး ပြေလည်စေရန် ဖန်တီးနိုင်သည့် အစိုးရတရပ် ပေါ်ပေါက်စေလိုသည်ဟု ပြောကြသည်။

“ချောင်ချောင်လည်လည်နဲ့ မိသားစုတွေ ၀၀လင်လင် စားနိုင်၊ နေနိုင်ဖို့အရေးကြီးတယ်။ အဲဒီလို ဖန်တီးနိုင်မယ့်သူမျိုးကို မဲပေးမယ်” ဟု ၁၀ တန်းအထိ ပညာသင်ကြားခဲ့သည့် စက်ရုံအလုပ်သမား လူငယ်တဦးက ဆိုသည်။

လွတ်လပ် ပွင့်လင်း တရားမျှတသော၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု အစိုးရက ကတိ ပေးထားသော်လည်း ယခုအချိန်အထိ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် မပြုသေးပေ။ ထို့အပြင် စစ်အစိုးရက  နိုင်ငံရေးသတင်းရေးသားမှုများ ကို ပိုမို တင်းကျပ်လာသောကြောင့် သတင်းသမားများ အခက်ကြုံနေရသည်။

“ခုချိန်ထိရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်း လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မရှိသေးတဲ့အပြင် စာပေစိစစ်ရေးက နိုင်ငံရေး၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်းတင်းကျပ်ကျပ် ပိုပြီး ပိတ်ပင်တယ်” ဟု ရန်ကုန်ပုဂ္ဂလိက သတင်းမီဒီယာတခုမှ အသက် ၂၇ နှစ်အရွယ် အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။

ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ယခုအချိန်အထိ မရရှိပါက ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့် မရှိနိုင်သည့်အပြင် တရားမျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ကြောင်း သတင်းသမားလူငယ်များက ဆိုသည်။

“တိုင်းပြည်နားမျက်စိလို့ တင်စားတဲ့ သတင်းသမားတွေတောင် လွတ်လွတ်လပ်လပ် ရေးသား ထုတ်ဖော်ခွင့် မရရင် သာမန်ပြည်သူတွေအနေနဲ့ ပါတီတွေကို မဲပေးဖို့ ခက်လိမ့်မယ်။ စာပေစိစစ်ရေးက ခုအချိန်ထိ ရှိနေဆဲဆိုတော့ ၂၀၁၀ မှာ သတင်း လွတ်လပ်ခွင့်ရဖို့ သိပ်မမြင်ဘူး” ဟု သတင်းထောက်တဦးက ဆိုသည်။

အာဏာပိုင်တို့သည် လူပေါင်းတသိန်းကျော် သေဆုံးခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်သည့် ၂၀၀၈ ခုနှစ် မေလတွင် ၄င်းတို့စိတ်ကြိုက် ရေးဆွဲထားသော အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး လူထု ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့သည်။

ထို့နောက် အခြေခံဥပဒေကို ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရရှိသည်ဟု ဆိုကာ အတည်ပြုကြောင်း ကြေညာခဲ့သည်။

(ဧရာဝတီသတင်းဌာန)

Friday, November 27, 2009

သံဃာတော်များ ဆက်လက်ဖိနှိပ်ခံနေရ

သံဃာများ ဦးဆောင်သော ၂၀၀၇ခုနှစ် ဆန္ဒပြမှုများကို လက်တုံ့ပြန်သည့် အနေဖြင့် စစ်အစိုးရက ရဟန်းသံဃာများကို ဆက်လက် ဖိနှိပ်လျက် ရှိသည်။  စစ်အစိုးရသည်  တရားပွဲများကို ပိတ်ပင်ခြင်း ၊ ခရီးသွားလာမှုများအပေါ် ကန့်သတ်ခြင်း စသည့် နည်းလမ်းများဖြင့် သံဃာများကို ဆက်လက် ဖိအားပေးနေသည်။

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့မှ ဆန္ဒပြ သံဃာများကို အာဏာပိုင်တို့ ချေမှုန်းခြင်း မပြုမီ တွေ့ရသည့် မြင်ကွင်းတခု
သံဃာတို့၏ မိသားစုဝင်များလည်း ဖိအားပေးခံနေရသည်ဟု ပြည်ပရောက် သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။

“ဦးပဉ္ဇင်းမိဘတွေက မြို့နယ်အာဏာပိုင်တွေဆီကို လစဉ် သွားပြီး လက်မှတ်ထိုးရတယ်၊ ပြီးတော့ ဦးပဉ္ဇင်းဆက်သွယ်တာနဲ့ သူတို့ဆီကို အကြောင်းကြားရမယ်လို့လည်း အမိန့်ပေးတယ်။   ဦးပဉ္ဇင်းမိဘတွေကို အလုပ်ထုတ်ပစ်ဖို့ အလုပ်ရှင်ကိုလည်း ဖိအား ပေးခဲ့သေးတယ်” ဟု အိန္ဒိယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့ (ABMRC) အတွင်းရေးမှူးဖြစ်သူ အရှင်ထာဝရက ဧရာဝတီသို့ ပြောပြသည်။

သက်တော် ၂၆ နှစ်ရှိ အရှင်ထာဝရသည် ဆန္ဒပြပွဲများအတွင်း ဦးဆောင်လှုပ်ရှားခဲ့ပြီး  ABMRC ကို စတင် တည်ထောင်ခဲ့သည့် သံဃာတပါးဖြစ်သည်။

“၂၀၀၈ ဖေဖော်ဝါရီမှာ အာဏာပိုင်တွေက ဦးပဉ္ဇင်းပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို သိမ်းသွားခဲ့တယ်၊ အဲဒီကတည်းက ဦးပဉ္ဇင်း သီတင်းသုံးတဲ့ ရန်ကုန်၊ သင်္ဃန်းကျွန်း ဇေယျသိဒ္ဓကျာင်းက သံဃာတော်တွေကို ကျောင်းကနေ ထွက်သွားဖို့ ဖိအားပေးခဲ့တာ အခုဆိုရင် ကျောင်းမှာ ဘုန်းကြီးအိုကြီးတပါးပဲ ကျန်တော့တယ်” ဟု အရှင်ထာဝရက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၌ စစ်အစိုးရက ဆန္ဒပြသူများကို နှိမ်နင်းသဖြင့် သံဃာ အများအပြားသည် ဖမ်းဆီးခံရမှုမှ လွတ်မြောက်နိုင်ရေးအတွက် ၎င်းတို့ သီတင်းသုံးရာ ကျောင်းတိုက်များမှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။   နိုင်ငံမှ စွန့်ခွာခဲ့ရသည့် သံဃာများလည်း အများအပြား ရှိသည်။

တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံတွင် သံဃာ အရေအတွက် လေးသိန်းကျော် ရှိကြောင်း သိရသည်။  ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစု နေထိုင်သည့် မြန်မာပြည်တွင် သံဃာများသည် ယုံကြည်ကိုးစားမှု အခံရဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး (ABMA) ကို စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် အရှင်ဣဿရိယ က “စစ်အစိုးရက သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဖိနှိပ်စော်ကားနေတုန်းပဲ။ အခု လက်ရှိ သံဃာ အပါး ၂၅၀ ကျော်၊ သီလရှင် အပါး ၂၀ အဖမ်းခံထားရတယ်” ဟု ဆိုသည်။

သာသနာရေးဝန်ကြီးဌာနသည်  သံဃာ့ မဟာနာယကအဖွဲ့မှတဆင့် သံဃာများကို ထိန်းချုပ်ထားသည်။   သံဃာများ ခရီးသွားလာခြင်း၊ တရား ဓမ္မ ဟောကြားခြင်း တို့နှင့် ပတ်သက်ပြီး ကန့်သတ်သည့် အမိန့်များကိုလည်း ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ ရွှေည၀ါ ဗုဒ္ဓတက္ကသိုလ် ဋ္ဌာနမှူး အပါအ၀င် သံဃာတချို့သည် တရားဟောကြားခြင်း မပြုရန် တားမြစ်ခံထားရကြောင်း သိရသည်။

“ရွှေည၀ါဆရာတော်က သူ့ရဲ့ ‘တကယ့်လွတ်လပ်ရေး’ နဲ့ ‘မတရားမလုပ်ကြပါနဲ့’ အခွေတွေကြောင့် မနှစ် ကတည်းက ရန်ကုန်မှာ တရားပွဲတွေ အပိတ်ခံထားရတာ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက လှည်းတန်းနဲ့ ကြည့်မြင်တိုင်မှာ လပြည့်နေ့ တရားပွဲတွေ လုပ်တော့လည်း ဆရာတော်ဟောဖို့ အပိတ်ခံရသေးတယ်” ဟု ရွှေည၀ါ၌ ပညာသင်ယူခဲ့သည့် ရဟန်းတော်တပါးက ဧရာဝတီသို့ ပြောပြခဲ့သည်။

သာသနာရေးဝန်ကြီးဌာနက သံဃာများ ပြည်ပခရီးသွားရောက်နိုင်ရေး အတွက် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးမှုကို ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

“အခုဆိုရင် အာဏာပိုင်တွေက သံဃာတော်တွေကို အနီးကပ် စောင့်ကြည့်နေကြတယ်၊ ပြီးတော့ ဗီဇာနဲ့ စကောလားရှစ်တွေ ရဖို့လည်း သိပ်ကိုခက်နေတယ်” ဟု ရန်ကုန်တွင် သီတင်းသုံးသည့် အရှင်ပညာသာမိက ဆိုသည်။ သူ၏ မိတ်ဆွေများကိုလည်း အာဏာပိုင်တို့က ဖိအားပေးနေသည်ဟု သိရသည်။

“ဆန္ဒပြပွဲတွေတုန်းက ပါခဲ့တဲ့ ဦးပဉ္ဇင်းရဲ့ မိတ်ဆွေတချို့ ဆိုရင် ဦးပဉ္ဇင်းနဲ့ ခပ်ခွာခွာနေကြပြီးတော့ အခုဆို လူဝတ်လဲသွားကြပြီ၊ ဒေါပုံက ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဦးပဉ္ဇင်း ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးလည်း အသိမ်းခံရတယ်”  ဟု ၂၀၀၇ ဆန္ဒပြပွဲများအတွင်း ဦးဆောင်ပါဝင်ခဲ့သူ အရှင် နေမိန္ဒက မိန့်ကြားသည်။

မန္တလေးတိုင်းမှ ကျောင်းထိုင်ဆရာတော်တပါးက “အရပ်ဝတ်နဲ့ လုံခြုံရေးအရာရှိတွေက တချို့ သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို အနီးကပ်စောင့်ကြည့်နေကြတာ” ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။

မန္တလေးတိုင်းအတွင်း သံဃာတော်များနှင့် အဆက်အသွယ်ရှိသည့် လူငယ်လေးဦး စက်တင်ဘာလတွင် အထိန်းသိမ်းခံခဲ့ရကြောင်း မန္တလေးရှိ ကျောင်းထိုင် ဆရာတော် တပါးထံမှ သိရသည်။

“သူတို့မိသားစုနဲ့ ဆွေမျိုးတွေကတော့ သူတို့အခုဘယ်မှာ ရှိနေသလဲဆိုတာ မသိကြဘူး” ဟု အဆိုပါ ကျောင်းထိုင်ဆရာတော်က မိန့်သည်။

အာဏာပိုင်များသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ဦးအိန္ဒကကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ ကျောင်းတိုက်ဖြစ်သည့် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင် စာသင်တိုက်ကို ပိတ်ပစ်ခဲ့ကြသည်။  ထိုစဉ်က အာဏာပိုင်တို့သည် စာသင်တိုက်အတွင်းရှိ သံဃာများ၊ သီလရှင်များ၊ ဆေးကုသမှုခံယူနေကြသော အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင် အများအပြားကို အတင်းအကျပ် မောင်းထုတ်ခဲ့သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ABMA အဖွဲ့ကြီးက  ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ရဟန်းသံဃာများ နှင့် ဗုဒ္ဓဘာသာ အပေါ် စော်ကားမှုများအတွက် ၀န်ချတောင်းပန်ရန် ပျက်ကွက်ခဲ့သဖြင့်  ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, November 24, 2009

စစ်အစိုးရ၏ပြစ်မှုများ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးတွင်ဆွေးနွေး

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ပြုလုပ်နေသည့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) ညီလာခံတွင် ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့ (BLC) တက်ရောက်၍ မြန်မာစစ်အစိုးရ၏ စစ်ရာဇ၀တ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက် မှုများကို ဆွေးနွေးနေကြောင်း သိရသည်။

အဆိုပါညီလာခံ၌ အာရှတိုက်အတွင်းရှိ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် လူအခွင့်အရေး ချိုးဖောက်မှုများကို လာမည့် ၂၅ရက်နေ့တွင် အသေးစိတ်ဆွေးနွေးလိမ့်မည်ဟု ICC ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

“မြန်မာစစ်အစိုးရရဲ့လူအခွင့်အရေးချိုးဖောက်မှု၊ ရာဇ၀တ်မှုတွေကို နိုင်ငံတကာက သိရှိနိုင်ဖို့အတွက် ဒီအစည်းအဝေးမှာ ICC နဲ့ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကွန်ယက်တခုကို တည်ထောင်ဖို့ရည်ရွယ်တယ်၊ ဒါမှလည်း ဒေသတွင်းနိုင်ငံများနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မယ်”ဟု BLC အဖွဲ့၏ ဥက္ကဋ္ဌ ဦးသိန်းဦးက ဧရာဝတီသို့ပြောသည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီအား ပထမဆုံး အကြိမ် ဖိတ်ကြားခြင်းဖြစ်ပြီး အဖွဲ့အတွင်းရေးမှူး ဦးအောင်ထူးတက်ရောက်နေကြောင်းသိရသည်။ ယင်း BLC အဖွဲ့ကို ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေတွင် ၁၉၉၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးအဖွဲ့( ICC ) သည်အစိုးရမဟုတ်သည့် အကူအညီပေးရေး အဖွဲ့အစည်းပေါင်း ၂၅၀၀နှင့် ဆက် သွယ်ဆောင်ရွက်လျှက်ရှိသည်။

မြန်မာစစ်အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး၏ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အတွက် ယခုအစည်းအဝေးကို မြန်မာကိုယ်စားလှယ် တက်ရောက်ခြင်းမရှိပေ။ သို့သော် ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ပါ လေ့လာသူအဖြစ်တက်ရောက်နေကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည်လည်း အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးထားခြင်းမရှိဟုသိရသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) (HREIB) အဖွဲ့၏ဒါရိုက်တာ ဦးအောင်မျိုးမင်းက“မြန်မာစစ် အစိုးရကိုခုံရုံးတင်ဖို့က သူတို့ကလက်မှတ်ထိုးမထားတော့မလွယ်ဘူး၊ ဒါပေမယ့် အခုကလေးစစ်သားကိစ္စတို့၊ နယ်စပ်ဒေသတွေမှာ အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်မှုတွေကို လုံခြုံရေးကောင်စီကို တင်နိုင်ရင်တော့ ရတယ်”ဟုပြောသည်။

ယခုအစည်းအဝေးကို ICC အဖွဲ့ကြီး၏ အဖွဲ့ခွဲ တခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့( CICC ) က ကြီးမှုးကျင်းပခြင်းဖြစ်သည်။

စစ်အစိုးရသည် BLC အဖွဲ့ကို ပြီးခဲ့သည့် ဧပြီလက အမိန့်ကြေညာစာအမှတ် ၁/၂၀၀၉ ထုတ်ပြန်ကာ တရားမ၀င်အဖွဲ့အစည်း အဖြစ် ကြေညာခဲ့သည်။ ထို့အပြင်စစ်အစိုးရပိုင် သတင်းစာများမှနေပြီး တိုင်းပြည်ကို အသရေဖျက်နေသူများ၊ တိုင်းပြည်၏ရန်သူ များဟု တိုက်ခိုက်ရေးသားခဲ့သည်၊ ICC အဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဝင်များကိုလည်း မြန်မာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်နေသူများဟု စွပ်စွဲရေးသားခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးအဖွဲ့ ( ICC ) ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ စစ်ရာဇ၀တ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ပွဲအတွင်း အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု နှင့် အဓမ္မကလေး စစ်သားစုဆောင်းမှု၊ အသုံးပြုမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ တရားစွဲဆိုပိုင်ခွင့်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ဆူဒန်သမ္မတ အိုမာ အယ် ဘာရှားအား တရားစွဲဆိုနိုင်ခဲ့သည်။

(ဧရာဝတီသတင်းဌာန)

Friday, November 20, 2009

နိုင်ငံရေးစာအုပ် တွေ့ရှိမှုဖြင့် ကလေးငယ်တဦး အဖမ်းခံရ

ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော “Freedom From Fear” စာအုပ်နှင့် ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်တို့ကို လက်ဝယ်တွေ့ရှိမှုဖြင့် အသက် ၁၄ နှစ်အရွယ်ရှိ ကလေး တဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်မှ ဦးစံသိန်း၏သား မောင်နေလင်းသည် အဆိုပါ စာအုပ်များကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့သို့ ပါဆယ်ဖြင့် ပို့ရန် အသွားတွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီ ရွှေမန်းသူကားဂိတ်၌ အဖမ်းခံရခြင်း ဖြစ်သည်။
 
“ဦးဝင်းတင် ရေးတဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်က ၆ အုပ်၊ နောက် ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ Freedom From Fear ဆိုတဲ့ စာအုပ်က ၅ အုပ်၊ အဲဒါတွေကို မိလို့ ကလေးကို ဖမ်းထားတယ်”ဟု ၎င်းက ဆိုသည်။
“Freedom From Fear” စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ် အဲရစ်က တည်းဖြတ်၍ ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေသည်။ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” အမည်ဖြင့် ဒေါက်တာ အောင်ခင်က မြန်မာပြန်ဆိုခဲ့သည်။

“ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်း အမှတ် အဖြစ် ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။

ထိုစာအုပ်တွင် အနှစ် ၂၀ ကာလ အတွင်း ဦးဝင်းတင်ခံစား ခဲ့ရသော ကာယဒုက္ခ၊ စိတ္တဒုက္ခများကို ဖော်ပြထားပြီး ထောင်တွင်း မတရားမှုများ၊ အာခံမှုများ၊ အကျဉ်းသား အချင်းချင်း ရိုင်းပင်း ကူညီမှုများ၊ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျဖော်များ အကြောင်းနှင့် ထောင်တွင်း အမြင်မတော်မှုများကို ရေးသားထားသည်။

Saturday, November 14, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု တင်သွင်း

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တရားရုံးချုပ်သို့ ယမန်နေ့က တင်သွင်းလိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ပြောသည်။

အဆိုပါ ပယ်ချခံခဲ့ရသော အယူခံအတွက် နောက်တဆင့် အနေဖြင့် ယင်းပြင်ဆင်မှုကို တရားရုံးချုပ်သို့ တင်သွင်းရခြင်း ဖြစ်ကြောင်း ဦးကြည်ဝင်းက ဆိုသည်။

ဦးကြည်ဝင်းက “၂၀၀၉ခုနှစ် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှုနံပါတ် ၆၀၀-ခ/၂၀၀၉ လို့ နံပါတ် ပေးလိုက်တယ်၊ လက်ခံတယ်ဆိုတဲ့ အဆင့်က ဥပမာ ကျနော်တို့ဟာက ၆၀၀ဆိုတော့ ရှေ့ကတင်ထားတဲ့ တခြားအမှုတွေလည်း ရှိတယ်၊ အဲဒီအမှုတွေနဲ့ ကြားနာဖို့ရာ အစီအစဉ်ရှိတာပေါ့နော်၊ သောကြာနေ့တိုင်း အမှုခေါ်စာရင်းထွက်ပြီးတော့ ၁၄ ရက်စာ အတွက် အမှုတွေကို ချိန်းတယ်၊ မနေ့က သောကြာနေ့ ၁၄ ရက်စာမှာ မပါရင် နောက်သောကြာ ဆိုရင်ပါမှာပဲ၊ အဲသလိုသွားတယ်၊ မျှော်လင့်ချက်တော့ ထားတယ်၊ ဒါပေမယ့် အားသိပ်မရှိလှဘူး” ဟု ပြောဆို သည်။

dawsuu_nov09
သာမန်အားဖြင့် အမှုများတွင် အယူခံပိုင်ခွင့်ရှိကြောင်း၊ ခရိုင်တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်အတွက် အယူခံကို တိုင်းတရားရုံးသို့ တင်သွင်းခဲ့သော်လည်း  တိုင်းတရားရုံးက ပလပ်ခဲ့သောကြောင့် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု တင်သွင်းရခြင်း ဖြစ်ကြောင်း၊ ယခု အဆင့်သည် အယူခံ တင်သွင်းခြင်း မဟုတ်သေးကြောင်း၊ အဆိုပါ ပြင်ဆင်မှုကို တရားရုံးချုပ်မှ ပယ်ချခဲ့ပါက နောက်တဆင့် အနေဖြင့် အထူးအယူခံ ၀င်ခွင့်ပြုရန် လျှောက်လွှာ တင်ခွင့်ရှိကြောင်း ၎င်းကဆိုသည်။

ယင်းပြစ်မှုဆိုင်ရာ ပြင်ဆင်မှုတွင် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေပျက်သုဉ်းခြင်းနှင့် ပတ်သက်၍ အဓိကထား ရေးသား ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ  ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် အယူခံဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ် သည်။

(ဧရာဝတီသတင်းဌာန)

Wednesday, November 11, 2009

ကမ္မ၀ါစာ ကိုင်ဆောင်မှုနှင့် နော်အုန်းလှအဖွဲ့ကို တရားစွဲ

စစ်အစိုးရက ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းသည့် ဒေါ်နော်အုန်းလှ နှင့် အမျိုးသမီး ၃ ဦးကို ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိမှုဖြင့် တနင်္လာနေ့တွင် အာဏာပိုင် များက အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ တရားစွဲဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ဒေါ်နော်အုန်းလှတို့ ၄ ဦးကို ရဲ အထူးသတင်းတပ်ဖွဲ့က ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိသည့်အတွက် နိုင်ငံတော်အား တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရုံးကို ဦးတိုက်လျှောက် ထား၍ တရားစွဲဆိုခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

“အက်စ်ဘီက၊ သူတို့ကိုဖမ်းတုန်းက ကမ္မ၀ါစာ စာရွက်အပိုင်းလေး တွေ့တယ်၊ နော်အုန်းလှ တယောက် တည်းမှာတွေ့တာ၊ ကျန်တဲ့ သူတွေမှာ လုံးဝ မတွေ့ဘူး၊ အဲဒါ ကျန်တဲ့ ၃ ယောက်ပါ အားလုံး ဖမ်းသွား တယ်၊ အခုကျမှ ဦးတိုက်လျှောက်ပြီး တရားစွဲတာ၊ တရားရုံးက တရားသူကြီး ဦးအောင်သိန်းထိုင်တဲ့ အရှေ့ ပိုင်းခရိုင်ရုံး”ဟု ၎င်းက ပြောပြသည်။

ယခု တရားစွဲဆိုခံရသည့် ဒေါ်နော်အုန်းလှနှင့် မစန်းစန်းမြင့်၊ မချိုချိုနှင့် မချိုဝေလွင်တို့ ၄ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က တောင်ဒဂုန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ဆွမ်းကပ်ပြီးပြန်လာရာ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က ဒေါ်နော်အုန်းလှတို့ကို ဖမ်းဆီး ခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က တစုံတရာ ထုတ်ဖော် ပြောဆိုခြင်းမရှိခဲ့ပေ။

ဒေါ်နော်အုန်းလှသည် တက်ကြွသည့် နိုင်ငံရေးသမားတဦး ဖြစ်ပြီး မကြာခဏ ထိန်းသိမ်းခံရသူတဦး ဖြစ် သည်။

ဒေါ်နော်အုန်းလှတို့၏ အမှုလိုက်ရှေ့နေ ဦးကျော်ဟိုးက ဆက်လက်ပြီး“ကျနော်တို့ သဘောပေါက်တာက ဒီ ကမ္မ၀ါစာ ဆိုတာက ဘုရားတရားစာပဲ၊ ဒါလေးကိုင်ဆောင်ထားရုံနဲ့ ဒီလိုဖမ်းစရာ အကြောင်းတော့မရှိဘူး”ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များဖြစ်သော ဒေါ်နော်အုန်းလှတို့ ၄ ဦးသည် ယခုစွဲဆိုထား သော ပုဒ်မ ၅၀၅(ခ)အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်သည်ဟုလည်း ဆိုသည်။

ရန်ကုန်မြို့ရှိ ဓမ္မာစရိယ စာချ သံဃာတော်တပါးကလည်း ယခုကဲ့သို့ ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိရုံဖြင့် ဖမ်းဆီးအရေးအယူခြင်းသည် ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီလိုကြားရတာ ဦပဉ္ဇင်းတို့ စိတ်မကောင်းဘူး၊ ကမ္မ၀ါစာ ကိုင်ရုံနဲ့ ဖမ်းတယ်ဆိုတာကတော့ ဘာသာရေး ရှုထောင့်က ကြည့်ရင် တကယ့်ကို အစွန်းရောက်သွားပြီ၊ ဘာသာရေး လွတ်လပ်ခွင့်မရှိတာဘဲ၊ ဘာသာရေး လွတ်လပ်ခွင့်အချိုးဖောက်ခံရတာ၊ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ဘုရားပုံတို့၊ ဘုရားစာတို့၊ ဂါထာတို့ ဆောင် တတ်ကြပါတယ်၊ အခုဟာက မလိုလားလို့ တမင်လုပ်တဲ့ သဘောပဲ၊ ဒီလို လုပ်တာ အစိုးရအနေနဲ့လည်း ကမ္ဘာ့အလယ်မှာ သိက္ခာကျပါတယ်”ဟု အထက်ပါ သံဃာတော်က ဆိုသည်။

လက်ရှိအခြေအနေအရ ဒေါ်နော်အုန်းလှတို့ ၄ ဦးစလုံးကို အာဏာပိုင်များက အင်းစိန်ထောင်တွင် ဆက် လက် ထားရှိပြီး လာမည့် တနင်္လာနေ့သို့ ရုံးချိန်း ပြန်ချိန်းထားကြောင်း သိရသည်။
ထိုင်း နိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

(ဧရာဝတီသတင်းဌာန)

Monday, November 09, 2009

လုံခြုံရေးကြောင့် တက္ကသိုလ် ကျောင်းသားများ စိတ်အနှောင့်အယှက်ဖြစ်

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင် အများအပြားဖြင့် လုံခြုံရေး တင်းကျပ်ထား သောကြောင့် ကျောင်းသား ကျောင်းသူများ စိတ်အနှောင့်အယှက် ဖြစ်နေသည်ဟု သိရသည်။

undefinedနိုင်ငံရေး အခြေခံသော ကျောင်းသားဆန္ဒပြမှုများ မပေါ်ပေါက်စေရန်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေကြကြောင်း အနောက်ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမ တချို့က ပြောသည်။

“လုံခြုံရေးကို ရဲနဲ့ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့တွေ ပူးပေါင်းလုပ်တာပါ” ဟု ဒဂုံတက္ကသိုလ်မှ နည်းပြ တဦးက ဧရာဝတီကို ရှင်းပြသည်။

အဝေးသင်ကျောင်းသားများ၏ ရက်ပိုင်း ကျောင်းတက်ချိန်၊ စာမေးပွဲဖြေချိန်တွင်သာမက ပုံမှန် တက္ကသိုလ် နေ့ကျောင်းများ ပြန်ဖွင့်သည့်အခါတွင်လည်း လုံခြုံရေး တင်းကျပ်လေ့ရှိသည်ဟု သူက ပြောသည်။

လုံခြုံရေး စည်းကမ်းချက်များအရ ကျောင်းသား၊ ကျောင်းသူများသည် စိစစ်ရေးကတ်များ ရင်ဘတ်တွင် ချိတ်ဆွဲပြီးမှ စာသင်ဆောင်များ အတွင်းသို့ ၀င်ခွင့်ရနိုင်သည်။

“ကျောင်းသားကတ် မေ့ကျန်ခဲ့လို့ပါ ဆိုရင်လည်း မရဘူး၊ စာသင်ဆောင်ထဲ လုံးဝကို ၀င်ခွင့် မပြုတာ။ တကယ်လို့ ကျောင်းသားကတ် မပါဘဲ အတင်းဝင်မယ် ဆိုရင် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ အရေးယူခံမယ် လို့ ပြောတယ်” ဟု လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသားတဦး က ရှင်းပြသည်။

လုံခြုံရေး တင်းကျပ်ထားခြင်းမှာ နိုင်ငံရေး နှင့် ဆက်နွယ်သူများ ၀င်ရောက်ပြီး ကျောင်းသားများကို လှုံ့ဆော်ခြင်းမှ ကာကွယ်ရန်၊ တည်ငြိမ် အေးချမ်းစွာ ပညာသင်ကြားမှုကို ဖျက်ဆီးမည့် အဖျက်သမားများ ရန်မှ ကာကွယ် တားဆီးရန် ဖြစ်သည် ဟု အနောက်ပိုင်းတက္ကသိုလ် မော်ကွန်းထိန်းရုံးမှ ၀န်ထမ်းတဦးက ပြောဆိုသည်။

“ကျောင်းသားကတ် မပါရင် ကျောင်းသားလား၊ နိုင်ငံရေး လှုပ်ရှားသူလား၊ အကြမ်းဖက် ဗုံးထောင်မယ့်သူလား ကျမတို့က ဘယ်လို ခွဲခြားလို့ရမလဲ။ ကလေးတွေ စာ အေးအေး ဆေးဆေး သင်နိုင်အောင် ဒီလို အစီအမံတွေ လုပ်ထားတာပါ” ဟု ၎င်းက ဆိုသည်။

အာဏာပိုင်တို့က ကျောင်းသား ကျောင်းသူ အချင်းချင်း စုစည်း ညီညွတ်မှု မရှိစေရန်လည်း တင်းကျပ်သော စိစစ်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားပုံရသည်ဟု ကျောင်းသား တဦးက သုံးသပ်သည်။

“မြန်မာစာကျောင်းသားက ပထ၀ီဝင် ကျောင်းသားဆီ အလည်သွားလို့ မရဘူး။ မြန်မာစာ ကျောင်းသားကတ်နဲ့ ပထ၀ီဆောင်ထဲ ၀င်လို့ မရဘူး။ ပေးမ၀င်ဘူး။ ကျောင်းသူ ကျောင်းသားတွေ စုစည်းလို့ မရအောင် လုပ်ထားတာလို့ ပြောလို့ရတယ်” ဟု အနောက်ပိုင်းတက္ကသိုလ် မြန်မာစာကျောင်းသားတဦးက ပြောသည်။

ကိုယ်ပိုင်ကား၊ အငှားကားတို့ဖြင့် လာသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အမည်နှင့် ခုံနံပါတ် မှတ်သားခြင်း၊ ကားနံပါတ်နှင့် ယာဉ်မောင်းအမည်ကို စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ပြီးမှ ကျောင်းတွင်းသို့ ၀င်ခွင့်ပြုသည်ဟု ဆိုသည်။

ကျောင်းသားကျောင်းသူများ စိတ်အနှောင့်အယှက် ဖြစ်ရသည့် အကြောင်းရင်းမှာ လုံခြုံရေး တင်းကျပ်မှု တခုတည်းကြောင့် မဟုတ်ပေ။

ယနေ့ခေတ် တက္ကသိုလ် ကျောင်းများမှာ ဝေးလံ ခေါင်သီလှသော မြို့ပြင်ဒေသများတွင် တည်ရှိသည့် အတွက် ကျောင်းသားများက နေ့စဉ် အချိန်ကြာမြင့်စွာ ခရီးသွားလာကြရသည်။

“လိုင်းကား တိုးစီးရတာနဲ့ ကျောင်းရောက်ရင် စာသင်ဖို့ အားမရှိတော့ဘူး။ နေ့တိုင်း ပင်ပင်ပန်းပန်းနဲ့ ကျောင်းတက်နေရတာပါ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။

ရန်ကုန်တွင် ကျောင်းသားဆန္ဒပြမှုများ မကြာခဏ ဖြစ်ခဲ့ဖူးသည့် အတွက် မြို့တွင်း အချက်အချာကျ နေရာများရှိ ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ်တို့ကို ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျှင် စသည့် မြို့ပြင် ဆင်ခြေဖုံးဒေသများသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။

ယခု အဝေးသင်တက္ကသိုလ် စာမေးပွဲများ ပြုလုပ်နေချိန်အတွင်း ရန်ကုန်တွင် လုံထိန်းရဲကားများ လှည့်လည် သွားလာနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတ၀န်းတွင် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းများ၊ စာမေးပွဲများကို အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် နှစ်သုတ်ခွဲ ပြုလုပ်နေပြီး ဒီဇင်ဘာလတွင် နေ့စဉ်တက်ရသည့် တက္ကသိုလ်ကျောင်းများ အားလုံး တပြိုင်တည်း ဖွင့်လှစ်မည် ဖြစ်သည်။

အဝေးသင်တက္ကသိုလ် ကျောင်းသားများအတွက် စာသင်ရက်များမှာ စာသင်နှစ် တနှစ်လျှင် ၁၀ ရက်သာရှိသည်။ သိပ္ပံဘာသာရပ် အထူးပြု ကျောင်းသားများသည် စနေ တနင်္ဂနွေနေ့များတွင် လက်တွေ့ခန်း အသုံးပြုနိုင်သည်။ စာသင်နှစ် တနှစ်လျှင် ၅ လခန့်  လက်တွေ့ဆင်းရန် သတ်မှတ်ထားသည်။

၁၉၉၁/၉၂ ပညာသင်နှစ်မှ စတင်ခဲ့သော အဝေးသင်တက္ကသိုလ် ပညာရေး စနစ်သည် ကျောင်းသားများ စုစည်းမှု မရှိကြစေရန် အာဏာပိုင်တို့က ကျင့်သုံးခဲ့သော စနစ်ဖြစ်သည်ဟု အကဲခတ်များက ယူဆကြသည်။

(ဧရာဝတီသတင်းဌာန)

Saturday, November 07, 2009

ကိုညီညီအောင်ကို ပုဒ်မထပ်တိုး

အာဏာပိုင်တို့က လေဆိပ်တွင် ဖမ်းဆီးခဲ့သူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်အား ယခင်စွဲဆိုထားသော အမှုများ အပြင် နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ်ထားရှိမှု ဥပဒေပုဒ်မကို ထပ်တိုး စွဲဆိုလိုက်ကြောင်း ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဆိုသည်။

လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု တို့ဖြင့် စွဲဆိုထားခြင်းခံရသော ကိုညီညီအောင် အမှုကို မြို့နယ် တရားရုံးမှ ခရိုင်ရုံးသို့ လွှဲပြောင်း စစ်ဆေးနေပြီး ယမန်နေ့ နံနက် ၁၀ နာရီတွင် ရုံးထုတ်ရာ ရှေ့နေဖြစ်သူ ဦးကြည်ဝင်း နှင့် ဦးဉာဏ်ဝင်းတို့က လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

ဦးကြည်ဝင်းက“အမှုထပ်တိုးလိုက်တော့ ကျနော်တို့က တိုင်ချက်ကို မဖွင့်ရသေးတော့ ဘယ်လိုကြောင့် ဘာကြောင့် တိုးတယ်ဆိုတာ မသိဘူးဗျ၊ ညီညီအောင်ကို မေးတော့သူလည်း မသိဘူးဗျ၊ ဒါကြောင့် တနင်္လာ၊ အင်္ဂါတရက်ရက်မှာ တောင်ပိုင်းခရိုင် တရားသူကြီးဆီခွင့်ပန်ပြီးတော့ အဲဒီအမှုအတွက် ကူးစရာရှိတာကူး နားလည်အောင်ဖတ်ပြီးတော့ ညီညီအောင်ကို သွားတွေ့ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြစ်ဒဏ်မကျသေးသော တရားခံဖြစ်သူ ညီညီအောင်အား လက်ထိပ်ခတ် ရုံးထုတ်သည့် အတွက် အဆိုပါ ကိစ္စကို လျှောက်လဲ တင်ပြ ကြောင်းလည်း ၎င်းက ဆိုသည်။

“ပြစ်ဒဏ်မကျသေးတဲ့ စစ်ဆေးဆဲ တရားခံ ၊ သက်သေလာခံတဲ့ အကျဉ်းသား အဲဒါဆိုရင် လက်ထိပ်ဖြုတ်ပေး ရမယ် ဆိုတဲ့ တရားရုံးလက်စွဲမှာ ပြဌာန်းထားတဲ့ အချက်ကို အလေးဂရုပြုသင့်တယ်လို့  တရားရုံးကို ခွင့်ပန် ပြီးတော့ လျှောက်တယ်၊ တရားသူကြီးက သောကြာနေ့ရက်ချိန်းမှာ စာနဲ့ပေနဲ့ဆက်ပြီးတော့ တင်ပြပါလို့ပြော တော့ အဲဒီပြဿနာက ပြီးသွားရော၊ အရင် မြို့နယ်ရုံးကလည်း အဲဒီ ပြဿနာကို လျှောက်လဲ တင်ပြခဲ့တယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

ကိုညီညီအောင် အမှုနှင့် ပတ်သက်၍ု မြို့နယ်ရုံးက စစ်ထားသည်ကို ခရိုင်ရုံးက အစက ပြန်စစ်ဆေးမည် ဖြစ်ကြောင်း၊  မြို့နယ်ရုံးက သက်သေ ၂ ယောက်စစ်ပြီးဖြစ်သော်လည်း ယင်းစစ်ဆေးမှုကို လက်မခံသည့် အတွက် ပြန်စစ်ဆေးခြင်း ဖြစ်ကြောင်း၊ ရုံးထုတ်ရာသို့ အမေရိကန် သံရုံးမှ သံမှူးတဦးနှင့် သံရုံးဝန်ထမ်း မြန်မာ တဦး လာရောက် နားထောင်ကြောင်း ၎င်းက ဆိုသည်။

ကိုညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးခံခဲံ့ရသည်။ အဖမ်းခံရပြီး ၃ ပတ် အကြာတွင် သူ၏သတင်းကို အစိုးရ သတင်းစာများတွင် တွေ့ရသည်။

ထိုစဉ်က ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ အစိုးရက ကိုညီညီညီအောင်သည် ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း စွပ်စွဲခဲ့သည်။

အစိုးရက သူ့ကို အကြမ်းဖက်သမား ဖြစ်သယောင် ရေးသားခဲ့သော်လည်း တရားစွဲသည့်အခါ လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု၊ နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ်ထားရှိမှု ပုဒ်မ(၂၄/၁) တို့ဖြင့် စွဲဆို လိုက်သည်။

ကိုညီညီအောင်၏ မိခင်အပါအ၀င် မိသားစုဝင် တချို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ရှည် ထောင်ဒဏ် များ ချမှတ်ခံထားရသည်။

တချိန်တည်းတွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မမီးမီးကိုလည်း မြောင်းမြထောင်မှ အင်းစိန်ထောင်သို့ ခေါ်ဆောင်လာကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ဆိုသည်။

“ အခုလောလော ဆယ်တော့ မရောက်သေးဘူး၊ သေချာတယ်၊ ကြာသပတေးနေ့ညက သင်္ဘောနဲ့ ခေါ်လာတယ် လို့ ပြောတယ်၊ မမာမာဦးတုန်းက လက်ကျန် အကြွေးဆိုပြီးတော့ နောက်ထပ် ၅ နှစ်ထပ်တိုး လိုက်တယ်၊ အင်းစိန် မှာ အမိန့်ချပြီးတော့ ဗန်းမော်ဘက်ကို ပို့လိုက်တယ်၊ အခု မမီးမီးကိုလည်း အဲဒီပုံစံ လုပ်လိုက် မယ်လို့ ထောင်က လူတွေ ပြောနေတယ်” ဟု အဆိုပါ အင်းစိန်ထောင်နှင့် နီးစပ်သူက ဆိုသည်။

၂၀၀၇ ခုနှစ် သြဂုတ်လ ကတည်းက စစ်အစိုးရကဖမ်းဆီးထားသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ် ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်းနှင့် မမီးမီးတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦး ကို ၂၀၀၈ နိုဝင်ဘာလက ထောင်ဒဏ် ၆၅ နှစ် စီ ချမှတ်လိုက်သည်။

ထိုင်း နိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိကြောင်းသိရသည်။

(ဧရာဝတီသတင်းဌာန)

Friday, November 06, 2009

ရွှေတိဂုံရှိ ကျောင်းသားသပိတ် ကျောက်တိုင်ကို မ၀င်ရနယ်မြေ သတ်မှတ်

ရွှေတိဂုံစေတီတွင် အင်္ဂလိပ်အစိုးရ၏ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက် ဆန္ဒပြရန် မြန်မာ ကျောင်းသားကြီးများ လျှို့ဝှက်သစ္စာပြုသည့် အထိမ်းအမှတ် စိုက်ထူထားသော သမိုင်းဝင် ကျောက်စာတိုင်ကို အာဏာပိုင်များက အထူးကန့်သတ် နယ်မြေသတ်မှတ်၍ ပိတ်ပင်ထားကြောင်း သိရှိရသည်။

ရွှေတိဂုံစေတီပေါ်မှ သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင် (ဓာတ်ပုံ - Danburg Murmur)
အဆိုပါ သမိုင်းဝင် အထိမ်းအမှတ် ကျောက်စာတိုင် နေရာကိုပြည်သူများ ၀င်ရောက် ကြည့်ရှုခွင့် မပြုနိုင်ရန် စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ညွှန်ကြားထား ခြင်းကြောင့် ထိုသို့ ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ရွှေတိဂုံဂေါပက အဖွဲ့မှ ၀န်ထမ်းတဦးက ပြောသည်။

“ဒီကျောင်းသား သပိတ်စဖို့ သစ္စာပြုတဲ့ ကျောက်တိုင်နေရာက ဘယ်သူကိုမှ ၀င်ကြည့်ခွင့် မပေးပါဘူး။ ဒီနေရာက အထူး ကန့်သတ် နယ်မြေပါ။ လူကြီးတွေရဲ့ ညွှန်ကြားချက် အရ ပိတ်ထားတာပါ”ဟု ရွှေတိဂုံစေတီ ဂေါပက ၀န်ထမ်းတဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျောင်းသား သပိတ်ဟုဆိုနိုင်သော ၁၉၂၀ ခုနှစ် ကျောင်းသား အရေးတော်ပုံကြီး စတင် ပေါက်ဖွားရန် ရန်ကုန် ကောလိပ် ကျောင်းသားကြီးများ လျှို့ဝှက်တိုင်ပင် စည်းရုံးသစ္စာ ပြုခဲ့သည့် ရွှေတိဂုံ ကုန်းတော်၊ စနေထောင့် အနီး၊ နေလ ဘုရားနှစ်ဆူ ဘေးရှိ စိုက်ထူထားသော ယင်းသမိုင်းဝင် ကျောင်းသား သပိတ် ကျောက်စာတိုင် ပတ်ဝန်းကျင် တခုလုံးကို သံပန်းများဖြင့် ကာရံထားပြီး အနီးတွင် ရွှေတိဂုံ ဂေါပက အဖွဲ့ လုံခြုံရေး ၀န်ထမ်းများ ချထားသည်ဟု သိရှိရသည်။

ထိုကျောက်စာတိုင်သို့ သွားရောက် ကြည့်ရှုရန် ကြိုးစားသူများကို ဂေါပကအဖွဲ့ လုံခြုံရေး အဖွဲ့ဝင်များက တားမြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ ကျောက်စာတိုင် အကြောင်း မေးမြန်းခြင်း ပြုလုပ်သူများကို ကြိမ်းမောင်း နှင်ထုတ်မှုများ ပြုလုပ်လျက် ရှိကြောင်း ဘုရားဖူးများက ပြောသည်။

စစ်အစိုးရက ယင်း သမိုင်းဝင်ကျောက်စာတိုင်ကို ပိတ်ပင်မှုပြုလုပ်ခြင်းမှာ အဆိုပါအထိမ်းအမှတ်နေရာကို ကြည့်ရှုပြီး မတရားမှုအား တော်လှန်လိုစိတ်များ ပေါက်ဖွားလာမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ပြီး အင်အားကြီး မားသော အင်္ဂလိပ်အစိုးရကိုပင် ကောလိပ်ကျောင်းသားများက အနုနည်းဖြင့် ပထမဆုံး စတင်အံတုခဲ့ကြသည် ဆိုသော သမိုင်းသင်ခန်းစာများ ဖျောက်ဖျက်ထားလို၍ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နည်းပြ ဆရာတဦးက ဆိုသည်။

စစ်အစိုးရ ပိတ်ပင်လိုက်သော ရွှေတိဂုံကုန်းတော်ပေါ်မှ သမိုင်းဝင်ကျောင်းသားသပိတ် ကျောက်စာတိုင်တွင် ၁၉၂၀ ကျောင်းသားသပိတ်ဆင်နွှဲမည့်ဆွေးနွေးသစ္စာပြုသည့် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး၏အမည် များကိုရေးထိုးထားရာ ၄င်းတို့၏ အမည်များမှာ ကိုဘရှင်-သံတွဲ ၊ ကိုညီပိတ်၊ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဘဦး၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ကိုဘရှင်-ထားဝယ်၊ ကိုဘခင်၊ ကိုအောင်ဒင် တို့ဖြစ်ပြီး ဤနေရာတွင် အင်္ဂလိပ်အစိုးရ၏ မတရားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒကို သပိတ်မှောက်ရန်ကျောင်းသားများ လျှို့ဝှက် သစ္စာပြုခဲ့ကြသည်ဟု ကျောက်စာတိုင်တွင်ရေးထိုးထားသည်။ ထိုသို့ ကျောင်းသားများ စတင် သပိတ်မှောက်သော ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ကြသည်။

မြန်မာကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲလွန်းသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ်အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကောလိပ် ကျောင်းသားကြီးများက ထိုဥပဒေကို စတင် သပိတ်မှောက် ခဲ့ကြခြင်းဖြစ်သည်။

ရွှေတိဂုံစေတီသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ဘာသာရေးအရ အလွန်အရေးကြီးသော နေရာဖြစ် သကဲ့သို့ မြန်မာ့နိုင်ငံရေးသမိုင်းတွင်လည်း အရေးကြီးသောနေရာ တခုဖြစ်သည့်အတွက် စစ်အစိုးရ အနေဖြင့် ရွှေတိဂုံစေတီကိုအခြေပြုသည့် လူထုလှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သုံးသပ်ကြ သည်။

“ရွှေတိဂုံစေတီတော်က နိုင်ငံရေးအတွက် အလွန်အရေးကြီးတဲ့နေရာပဲ။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေသမိုင်းဝင်မိန့်ခွန်းတွေ ပြောခဲ့ကြတယ်။ ၁၉၈၈ ခုနှစ် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဒီရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်မှာ သမိုင်း တွင်မယ့် လူထုမိန့်ခွန်းတွေ ပြောခဲ့ကြတယ်”ဟု သမိုင်းသုတေသီစာရေးဆရာ တဦးကလည်း ပြောသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟု ကမ္ဘာတွင် နာမည်ကျော်ကြားသည့်သံဃာနှင့်ပြည်သူများ၏ စစ်အစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြမှုများသည်လည်း ရွှေတိဂုံစေတီကို အခြေပြုဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

စစ်အစိုးရသည် ရွှေတိဂုံစေတီရှိ သမိုင်းဝင်နေရာများကိုပိတ်ပင်မှုများပြုလုပ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းမရှိရန် လုံခြုံရေးတင်းကျပ်ခြင်းများ ဆောင်ရွက်ရုံမျှမက ရွှေတိဂုံ စေတီဂေါပကအဖွဲ့နှင့် လုံခြုံရေးအဖွဲ့များကိုစစ်တပ်အငြိမ်းစား အရာရှိများဖြင့် အစားထိုးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

undefined
သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင်ကို ၂၀၀၃ ခုနှစ်က နိုင်ငံရေးသမားများ လာရောက် အလေးပြုစဉ် (ဓာတ်ပုံ - PEACE)
“ခုနောက်ပိုင်း ဘုရားဂေါပက အဖွဲ့နဲ့ လုံခြုံရေး၊ ဘုရားဝေယျာဝစ္စ လုပ်တဲ့ အဖွဲ့တွေမှာ စစ်တပ် အငြိမ်းစား အရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင် တွေကိုပဲ ထည့်လာတယ်” ဟု ရွှေတိဂုံ စေတီ အလှူခံဌာနမှ ၀န်ထမ်းတဦးက ဆိုသည်။

အဆိုပါ ၀န်ထမ်း၏ အဆိုအရ လက်ရှိ ဂေါပကအဖွဲ့၊ လုံခြုံရေး အဖွဲ့ဝင်များ အားလုံးသည် စစ်တပ်တွင် တာဝန် ထမ်းဆောင် ခဲ့သော အငြိမ်းစား ဗိုလ်ကြီးများနှင့် တပ်သားများ ဖြစ်ကြောင်း သိရှိရသည်။

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင်များကို စစ်တပ် အငြိမ်းစား အရာရှိများဖြင့် အစားထိုး ခြင်းသည် မြန်မာ့လူမှု အသိုင်းအ၀ိုင်း အတွက် လက်မခံနိုင်သော လုပ်ဆောင်ချက် ဖြစ်သည်ဟု ရန်ကုန် သံဃာတော် တပါးက မိန့်ကြားသည်။

“ဘုရားလူကြီး ဆိုတာက ရပ်ရွာကလည်း ကြည်ညို လေးစားရမယ်။ ဘုရားလူကြီး လုပ်မယ့် သူကိုယ်တိုင်ကလည်း ဘာသာရေးကို ငယ်စဉ်ကတည်းက ကြည်ညိုပြီး မကောင်းမှု ဟူသမျှ မလုပ်ကိုင်ဘူးတဲ့ ပုဂ္ဂိုလ်၊ သီလ၊ သမာဓိစင်ကြယ်တဲ့ ပုဂ္ဂိုလ်မျိုးမှ ဘုရားလူကြီး၊ ဘုရားဂေါပက ဖြစ်ထိုက်တယ်” ဟု ထိုသံဃာက မိန့်ဆိုသည်။

ရွှေတိဂုံစေတီရှိ သမိုင်းဝင် ကျောင်းသား သပိတ် ကျောက်စာတိုင် အပြင်စေတီရင်ပြင် အောင်မြေ တွင်လည်း နိုင်ငံရေးဆုတောင်းပွဲများ၊သစ္စာပြုပွဲများ ပြုလုပ်ခြင်း မရှိစေရန် လုံခြုံရေးအဖွဲ့ဝင်များကို ညွှန်ကြားထားသည် ဟုလည်း ၎င်းက ဆိုသည်။

ယခုအခါ ရွှေတိဂုံစေတီတော်တွင် စစ်တပ်နှင့် လုံထိန်းရဲများ အမြဲချထားပြီး အဆိုပါ လုံခြုံရေးယူနေသော စစ်တပ်နှင့်ရဲတပ်ရင်းများသည်ရွှေတိဂုံစေတီပတ်ဝန်းကျင်ရှိဓမ္မာရုံများတွင် အခြေပြုတပ်စွဲထားသည်ဟု သိရှိရသည်။

(ဧရာဝတီသတင်းဌာန)

Thursday, November 05, 2009

ဒေါ်အောင်ဆန်းစုကြည် မပါဝင်က ရွေးကောက်ပွဲ ယုံကြည်မှုမရနိုင်ဟု အမေရိကန်ပြော

၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါဝင်ခြင်း မရှိပါက ရွေးကောက်ပွဲကို ယုံကြည်မှု ရှိလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ ၂ ရက်တာ သွားရောက်ခဲ့သည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်က ပြောလိုက်သည်။

ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - Getty Images)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က ဘန်ကောက်မြို့ ချုလာလောင်ကွန်း တက္ကသိုလ်၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်ကို ကျနော်တို့ တခေါက် သွားရုံနဲ့ တိုင်းပြည်က ပြဿနာ အားလုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မပါရင် ယုံကြည်မှုရဖို့ ခက်ခဲပါလိမ့်မယ်” ဟု စကော့မာရှယ်က ဆိုသည်။

အမေရိကန်က မြန်မာစစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း သူက ပြောသည်။

စစ်အစိုးရ ခေါင်းဆောင်များက ၎င်းတို့နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ချထားခြင်းကို လျှော့ပေါ့ပေးဖွယ် ရှိသည်ဟု အရိပ်အမြွက် ပြောခဲ့ကြောင်း ယခုခရီးစဉ်သည် အမေရိကန် အစိုးရ၏ မူဝါဒ အပြောင်းအလဲကို ရှင်းပြရန်နှင့် စစ်အစိုးရ၏ တုံ့ပြန်မှုကို နားထောင်ရန်ဖြစ်ကြောင်း သူက ရှင်းပြသည်။

စစ်အစိုးရက ယခုအချိန်မှ အမေရိကန်နှင့် မည်သည့် အတွက် စေ့စပ် ဆွေးနွေးလိုသည်ကို မသိကြောင်း သူက ဆက်ပြောသည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်တို့နှင့် သီးခြားစီ တွေ့ဆုံရာ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါဝင်ရေးနှင့် ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်း မရှိဟု ဆိုသည်။

“အမေရိကန်က မြန်မာပြည် အလျင်အမြန် ပြောင်းလဲဖို့ မမျှော်လင့်ပါဘူး၊ အချိန် ယူရဦးမှာပါ” ဟု သူက ဆိုသည်။

စစ်အစိုးရက စီစဉ်နေသည့် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ၊ တိုင်းရင်းသား ကိုယ်စားလှယ်များဖြင့် ဆွေးနွေးခြင်း မရှိလျှင် လည်းကောင်း၊ သတင်းလွတ်လပ်ခွင့် မပေးလျှင် လည်းကောင်း ရွေးကောက်ပွဲသည် ယုံကြည်နိုင်ဖွယ် မရှိကြောင်း သူက အခိုင်အမာ ပြောသည်။

၂၀၀၈ အခြေခံဥပဒေသည် အားနည်းချက်များ ရှိနေပြီး လူအများယုံကြည်မှု ကင်းမဲ့သည့် ဆန္ဒခံယူပွဲဖြင့် အတည်ပြု ထားကြောင်း၊ ယခုတလော ရန်ကုန်ရှိ သတင်းထောက်များ၊ လူမှုကယ်ဆယ်ရေး ၀န်ထမ်းများကို အဖမ်းအဆီး ပြုလုပ်နေသည့် အတွက်လည်း တစုံတရာ တုံ့ပြန်ရန် စီစဉ်ထားကြောင်း ဧရာဝတီကို ပြောသည်။

သို့သော်လည်း NLD တောင်းဆိုနေသော အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ထောက်ခံပါသလား ဟူသော မေးခွန်းကိုမူ သူက ဖြေကြားခြင်းမရှိပေ။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့၏ မြန်မာပြည် ခရီးစဉ်သည် ယမန်နေ့ ညနေက အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ လေဆိပ်တွင် ကိုယ်စားလှယ်အဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်ရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အမေရိကန် အစိုးရက အပြည့်အ၀ ထောက်ခံကြောင်းလည်း ရေးသားထားသည်။

ထို့အပြင် ဒီမိုကရေစီ အတိုက်အခံများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားပြီး၊ ယင်းတွေ့ဆုံဆွေးနွေးမှုသည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် မြန်မာ့ နိုင်ငံရေးတွင် အင်အားစု အားလုံး ပါဝင်နိုင်ရေးကို ဦးတည်သင့်သည်ဟုလည်း ပါရှိသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍  အားတက်ဖွယ် မရှိဟု ရခိုင်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

“အခုလို အစိုးရနဲ့လည်း တွေ့မယ် တိုင်းရင်းသား၊ NLD နဲ့တွေ့တယ် ဆွေးနွေးတယ်၊ မြန်မာပြည်အကြောင်း သုံးသပ်မယ် ဆက်ပြီးတော့ကြိုးပမ်းမယ် ဆိုတာက ယေဘုယျအနေနဲ့က ကောင်းတယ်လို့ ပြောရပေမယ့် နအဖ အနေနဲ့က သူတို့သွားနေတဲ့လမ်းကြောင်း ကနေ လိုက်လျောဖို့ ပြုပြင် ပြောင်းလဲဖို့ လက္ခဏာတွေ မမြင်တော့ ကောင်းတယ်လို့ ပြောဖို့က ခက်ပါတယ်” ဟ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ၁၉၉၅ ခုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက ကုလသမ္မဂ အမေရိကန် သတမန် မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။

(ဧရာဝတီသတင်းဌာန)

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ထောင်တွင်း၌ ကွယ်လွန်

စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်သည် ယမန်နေ့က  အင်းစိန် အကျဉ်းထောင်တွင် ကွယ်လွန်သွားသည်။

အသက် ၆၅နှစ် အရွယ်ရှိပြီ ဖြစ်သော ဦးဝင်းအောင်သည် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင် သတင်းရပ်ကွက်က ဆိုသည်။

undefined
ကုလသမဂ္ဂတွင် မိန့်ခွန်းပြောနေသော ကွယ်လွန်သူ နိုင်ငံခြားရေး ၀န်ကြီး ဦးဝင်းအောင် (ဓာတ်ပုံ - un.org)
ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် သူ၏ နာရေးကြော်ငြာ ပါဝင်သော်လည်း  ဦးဝင်းအောင် (ထားဝယ်) ဟုသာ ဖော်ပြထားပြီး နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဖော်ပြခြင်း မရှိပေ။

ဦးဝင်းအောင်သည် ယခင် ထောက်လှမ်းရေးအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန် ၏ လက်ရုံးတဆူ ဖြစ်ခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် အစိုးရအဖွဲ့ အတွင်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ၂၀၀၄ခုနှစ် ဇူလိုင်လက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ အစည်းအဝေး တက်ရောက်စဉ် ပြောဆိုခဲ့သည်။

၂၀၀၄ခုနှစ် စက်တင်ဘာလတွင် စစ်အစိုးရက သူနှင့်  နိုင်ငံခြားရေး ဒုဝန်ကြီး ဦးခင်မောင်ဝင်းတို့ကို  ရာထူးမှ အနားယူစေခဲ့သည်။  သူ၏ နေရာတွင် စစ်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ဉာဏ်ဝင်းဖြင့် အစားထိုးခဲ့သည်။

ထိုသို့ ဖြစ်ပျက်ခဲ့ပြီးနောက် အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က ဗိုလ်ချုပ်ကြီးခင်ညွန်နှင့် စစ်ထောက်လှမ်းရေးအဖွဲ့ကို အရေးယူခဲ့သည်။ မူဆယ် ၁၀၅မိုင် အကောက်ခွန်ဂိတ် အရှုပ်တော်ပုံမှ စတင်ပြီး တပြည်လုံးရှိ ထောက်လှမ်းရေး အရာရှိ ကြီးငယ်များကို ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

ဦးဝင်းအောင်သည် ၂၀၀၄ခုနှစ်မှ ၂၀၀၆ခုနှစ် အထိ နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။ ထို့နောက် အာဏာ အလွဲသုံးစားပြုမှုနှင့် ထောင်ဒဏ် ၇နှစ်ကျခံရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခံရကြောင်း သိရသည်။

၎င်းသည် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တိုင်းပြည်ကို အုပ်ချုပ်နေစဉ်ကာလအတွင်း ဗိုလ်မှူးချုပ်တင်ဦး ခေါင်းဆောင်သည့် ထောက်လှမ်းရေးအဖွဲ့ကြီးတွင် ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မျက်မှန်တင်ဦးဟု လူသိများသော ဗိုလ်မှူးချုပ်တင်ဦး ရာထူးမှ ဖယ်ရှားခြင်းခံရသည့်အခါတွင် ဦးဝင်းအောင်သည် အာရှတိုက်နိုင်ငံများသို့ ကောင်စစ်ဝန်ချုပ်အဖြစ် ပို့ဆောင်ခံရသည်။ ဗြိတိန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့တွင် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၉၈ခုနှစ်တွင် နိုင်ငံခြားရေး ၀န်ကြီး ဖြစ်လာသည်။

လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မတူသည့် အချက်တခုမှာ ဦးဝင်းအောင်သည် နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်စဉ်ကာလတွင် သတင်းမီဒီယာများနှင့် ဆက်ဆံရေး ပြေပြစ်သူတဦး ဖြစ်ပြီး၊ Time မဂ္ဂဇင်း အပါအ၀င် နိုင်ငံခြားမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။

“ကျနော်ကိုယ်တိုင် ဒီမိုကရေစီသမား တယောက်ပါ၊ ကျနော်ရော ကျနော့်ကလေးတွေပါ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရဲ့ အောက်မှာ နေချင်ပါတယ်၊ ဒီလိုစိတ်ကူးမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်တပ်က တခြား ခေါင်းဆောင်တွေမှာလည်း ရှိပါတယ်”ဟု Time မဂ္ဂဇင်း နှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် ပြောခဲ့သည်။

ဦးဝင်းအောင်သည် ဘာသာရေးစာပေများ နှင့် နိုင်ငံရေး ဆောင်းပါးများကို ရေးသားခဲ့သည်။ ၎င်း၏ ကလောင်အမည်မှာ စည်သူငြိမ်းအေး ဖြစ်သည်။

ဦးဝင်းအောင်တွင် သားသမီး ၃ ဦး၊ မြေး ၃ ဦး ရှိကြောင်း နာရေးကြော်ငြာတွင် ဖော်ပြထားသည်။ ဇနီးဖြစ်သူ၏ အမည်မှာ ဒေါ်စံယုံ ဖြစ်သည်။

သားအငယ်ဆုံးဖြစ်သူ ဦးသောင်းစုငြိမ်းသည် ရန်ကုန်အခြေစိုက် 7days ဂျာနယ်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူနေကြောင်းသိရသည်။

(ဧရာဝတီသတင်းဌာန)

နိုင်ငံရေးအကျဉ်းသူ မနီမိုလှိုင် ကျန်းမာရေး ဆိုးရွားနေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် တဦးဖြစ်သူ မနီမိုလှိုင်သည် သရက်ထောင်၌ ကျန်းမာရေး ဆိုးရွားနေသဖြင့် အသက်အန္တာရယ် စိုးရိမ်ရကြောင်း မိသားစုဝင် တဦးကပြောသည်။

အခမ်းအနား တခု၌ ဒေါ်နော်အုန်းလှနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးကြားတွင် တွေ့မြင်ရသော မနီမိုလှိုင်
အာဏာပိုင်များက NLD သင်္ဃန်းကျွန်းမြို့နယ်စည်းရုံးရေးအဖွဲ့ဝင် မနီမိုလှိုင်အား ပြီးခဲ့သည့်၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ်ခံဒုက္ခသည်များကို အကူအညီပေးမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း အင်းစိန်ထောင် တွင်း တရားရုံး၌် ထောင်ဒဏ် စုစုပေါင်း ၅ နှစ်ချမှတ်ခံခဲ့ရသည်။

မနီမိုလှိုင်၏အစ်မ ဖြစ်သူ မစုစုလှိုင်က“သူ့ (မနီမိုလှိုင်)ရောဂါ လက္ခဏာက ခေါင်း မခံမရပ်နိုင်အောင်ကိုက် တယ်၊ ခြေတွေ လက်တွေ တုန်တယ်၊ လူနုန်းတယ်၊ ခြေတွေ၊ လက် တွေကိုက်တယ်ပေါ့နော်၊ အောက်တိုဘာ ၃၁ ရက်နေ့ က မေမေတို့ သွားတွေ့တယ်၊ သူ့ကို လူနှစ်ယောက် တွဲခေါ်ပေးရတယ်၊ ခါတိုင်း သွားတွေ့ရင် သူတယောက်တည်း လာတွေ့နေကျလေ၊ အဲလို မြင်လိုက်တော့ မေမေလည်း စိတ်ထိခိုက် သွားတယ်” ဟု ဧရာဝတီ ကိုပြောသည်။

အသက် ၄၀ အရွယ်ရှိ မနီမိုလှိုင်၏ ဖခင်ဖြစ်သူအပါအဝင် မောင်တဦး၊ ညီမ တဦးတို့သည် ဦးနှောက်အမှေး ရောင် ရောဂါဖြင့် ကွယ်လွန်ခဲ့ဖူးသဖြင့် မနီမိုလှိုင်သည်လည်း ၎င်းဝေဒနာခံစားနေရသည်ဟု ထင်မြင်ကြောင်း မိသားစုဝင်က ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်ကတည်းက ယင်းဝေဒနာ ခံစားနေရသည် ဟု သိရသည်။

မစုစုလှိုင် က “ ဆရာဝန်နဲ့ ဆေးကုဖို့အတွက် သံတိုင်ကြားထဲက သူက လက်ထုတ် ပေးတယ်၊  ဆရာဝန်က ဗိုက်ကို စမ်းသပ်ချင်တယ် ဆိုတာတောင် ထောင် တံခါးမဖွင့်ပေးဘူး၊ ပထမတော့ အစာအိမ်ထင်လို့ အစာအိမ် ဆေးပေးတယ်၊ သုံးရက် အထိ မသက်သာဘူး၊ အဲတော့ တိုက်ဖိုက်ဆိုပြီး တိုက်ဖိုက်ဆေး ၆ လုံး ထိုးပေးတယ်၊ ဒါလည်း အဖျားလုံးဝကျ မသွားဘူး” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်း က “နောက်ဆုံး  ဆရာဝန်က သွေးဖောက်စစ်တယ်၊ ဘာရောဂါ ဖြစ်တယ်ဆိုတာ ဆရာဝန်က မပြောဘူး။ ဆေးစာရွက်ကို သူလှမ်းမြင်လိုက်တာတော့ ဦးနှောက်အမှေးရောင်လို့ ထင်နေတယ်” ဟု ပြောပြသည်။

ထောင်တွင်း ဆရာဝန်က ထောင်ဝန်ထမ်းများကို ဆေးရုံတင်ရန် ပြောဆိုသော်လည်း မနီမိုလှိုင်က သူ၏ မိသားစုဝင်များ သူ့အားကျန်းမာရေးစောင့်ရှောက်မှုခက်ခဲမည်ကို စိုးရိမ်သဖြင့် ဆေးရုံတင်ကုသမှုကို ငြင်းဆို ခဲ့ကြောင်းသိရသည်။

သူ၏ စိတ်ဓာတ်ခံယူချက်နှင့် ပတ်သက်ပြီး မစုစုလှိုင်က “သူ့ရဲ့ ပင်ကိုစိတ်ကိုက မဟုတ်မခံ၊ မှန်တာဆို ပြောမယ်၊လုပ်မယ်၊ သူမှန်တယ်ထင်ရင် သူ့ကို သတ်မယ်ဆိုရင် ရအောင်လုပ်မယ်ဆိုတဲ့စိတ်၊ အိမ်မှာ မောင်နှမသုံးယောက်ထဲမှာ သူက ခံယူချက်ပြင်းတယ်၊ စာမှာပဲဖြစ်ဖြစ်၊ လက်မှုပညာမှာပဲဖြစ်ဖြစ် ထက် လည်းထက်တယ်” ဟု ပြောသည်။

သရက်ထောင်တွင် ဆေးဝါးမပြည့်စုံခြင်း၊ ဆေးကုသခွင့်မရခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်းနှင့် အစား အသောက်ချို့တဲ့ခြင်းများ ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ စစ်အစိုးရအကျဉ်းထောင်းများအတွင်း နိုင်ငံရေးအကျဉ်သားများ ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက်မရရှိကြောင်းနှင့် အစာအဟာရချို့တဲ့မှုများ ရှိကြောင်း မကြာသေးခင်က  လွတ်မြောက်လာ သူများက ပြောသည်။

ထိုင်း နိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိပြီး  NLD အဖွဲ့ဝင် ၄၃၅ ဦး ပါဝင် ကြောင်းသိရသည်။

 (ဧရာဝတီသတင်းဌာန)

မန္တလေးဘုရားပွဲကြေး လပေးနဲ့ တောင်းရမ်းနေ

မန္တလေးမြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေအတွက် ရပ်ကွပ်သူ၊ ရပ်ကွပ်သားတွေက စေတနာ ထက်သန်စွာနဲ့ ပါဝင်လှူဒါန်းကြမြဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနှစ်မှာက ကုန်ဈေးနှုန်းမြင့်မားပြီး စီးပွားရေး ကျပ်တည်းနေတာကြောင့် ရပ်ကွပ်သူ၊ ရပ်ကွပ်သားတိုင်း လိုလိုမှာ အရင်နှစ်တွေလို အလှူအတန်းလုပ်ဖို့ အခက်ခဲတွေ ရှိနေကြပါတယ်။

ဒါပေမဲ့ ပြည်သူလူထုရဲ့ အခက်အခဲကို မစာနာ၊ မထောက်ထားဘဲ မန္တလေးမြို့ ပြည်လုံးချမ်းသာရပ်ကွက်ရှိ အရာတော်ဝင်း ဘုရားပွဲအတွက် အကွက် (၅၇) မှ ဘုရားလူကြီးတွေဟာ အလှူငွေတွေကို အိမ်တိုင်းစေ့ မထည့်မနေရ စနစ်နဲ့ တအိမ်ကို ကျပ် ၄၀၀၀ လိုက်ကောက်နေပါတယ်။ ဒါတောင် ဘုရားသပိတ်ဖိုး မပါသေးပါဘူး။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် တခါထဲ ကျပ် ၄၀၀၀ မထည့်နိုင်ရင် ရက်သတ္တတပတ်ကို ကျပ် ၁၀၀၀ စီ ခွဲထည့်ရမယ်လို့ ဆိုပါတယ်။

တခါမှ မကြားဖူးတဲ့ အလှူကောက်ခံတဲ့ ပုံစံမျိုးပါဗျာ။ အခုဟာက အကုန်လုံးကို ကုသိုလ်တပဲ၊ ငရဲတပိဿာ ဖြစ်အောင်လုပ်တာနဲ့ အတူတူပဲဖြစ်နေလို့ သင့်တင့်လျောက်ပတ်အောင်လည်း လုပ်ကြပါဦးလို့ သက်ဆိုင်ရာတွေကို ပြောချင်တာပါ။

မန္တလေးသားတဦး
၂၉-၁၀-၀၉

Wednesday, November 04, 2009

ဖမ်းဆီးခံရသူများ သတင်း အစပျောက်နေ

စစ်အစိုးရက ပြီးခဲ့သည့် အောက်တိုဘာ လအတွင်း ဖမ်းဆီးထားသူ စုစုပေါင်း ၄၁ ဦးရှိပြီ ဖြစ်သော်လည်း ၎င်းတို့နှင့် ပတ်သက်ပြီး မည်သည့် သတင်းမျှ မကြားသိရ သေးကြောင်း သိရသည်။

အောက်တိုဘာလအတွင်း၌ ရန်ကုန်အခြေစိုက် သတင်းဌာနများမှ သတင်းထောက် တချို့၊ လူမှုရေး လုပ်ငန်း တွင် အကူအညီပေးနေသော လင်းလက်ကြယ် အဖွဲ့ဝင်များနှင့် အနုပညာသမား တချို့ ဖမ်းဆီးခံထား ရပြီး တချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP) က ပြောသည်။

“သူတို့ကို ဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာ အတိအကျမသိရသေးဘူး၊ အခု ဖမ်းဆီးထားတဲ့ လူတွေက တဆင့် သတင်းအချက်အလက်နဲ့ နောက်ထပ် ၃၊၄ ယောက်ကို ဖမ်းဆီးတာ ရှိတယ်၊ တချို့လည်း ထွက်ပြေး နေရတယ်”ဟု AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီကို ပြောသည်။

AAPP နောက်ဆုံးစာရင်းအရ အဖမ်းအဆီးခံရသူများတွင် ကိုခန့်မင်းထက် (ကဗျာစာရာ)၊ ကိုပိုင်စိုးဦး (အလွတ်သတင်းထောက်) ၊ သန့်ဇင်စိုး (အယ်ဒီတာ) ကိုညီညီထွန်း (ခေါ်) မီးတုတ် (အယ်ဒီတာ)၊ ကိုမင်းစိတ္တ (တေးရေးဆရာ၊ကီးဘုတ်တီးခတ်သူ)၊ ကိုညီပိုင် (အဆိုတော်) တို့ပါဝင်ကြောင်းသိရသည်။

စာရေးဆရာ မောင်စိမ်းနီ၏သား ဖြစ်သူ ကဗျာ ဆရာ၊ ဒီဇိုင်းပညာရှင် ကိုငြိမ်းကျော်ကျော်ထွန်း (ခေါ်) ကိုခန့် မင်းထက်အား စစ်အစိုးရက ဖမ်းဆီးထားသည်မှာ ၂ ပတ်ခန့်ကြာပြီဖြစ်သော်လည်း မည်သည့် အကြောင်း တစုံမျှု စုံစမ်း၍ မရရှိသေးသဖြင့်မိသားစုဝင်များက စိုးရိမ်ပူပန်နေကြောင်း မိခင်ဖြစ်သူက ပြောသည်။

ကိုခန့်မင်းထက်၏ မိခင်ဖြစ်သူက“ဒီနေ့ ၁၄ ရက်ရှိပြီ၊ ဘာသတင်းမှ မရဘူး၊ နီးစပ်ရာကို မေးကြည့်တော့ နှစ်ရက်၊ သုံးရက်နေရင်ရမှာပါလို့ပဲသိရတယ်၊ အခုက ဘာအကျိုး အကြောင်းမှ မသိရဘူး၊ ရင်တွေလည်း ပူလှပါပြီ၊ သားလေးက တလကိုရက် ၂၀ လောက် ဖျားတတ်တယ်၊ အစာအိမ်လည်း ခဏခဏအောင့် တတ် တယ်၊ သွေးပေါင်လည်း ကျတတ်တယ်၊ သူ့အတွက်ကို တွေးမိရင် တော်တော်စိတ်ဒုက္ခဖြစ်ရတယ်” ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ၂၂ ရက်နေ့၊ ည ၁၀ နာရီကျော်တွင် သူ၏ နေအိမ်၌ သက်ဆိုင်ရာ အာဏာပိုင်များ က ဝင်ရောက်ရှာဖွေကာ ခေတ္တမေးမြန်းပြီးလျှင် ပြန်ပို့မည်ဟုဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကိုခန့်မင်းထက် ၏ မိခင်က ပြောပြသည်။

“သူကအိမ်ကို ၁၀ နာရီ ၁၅ လောက်မှ အလုပ်က ပြန်ရောက်တယ်၊ နောက် ၅ မိနစ် လောက်ကြာတော့ ရယက ဥက္ကဋ္ဌပါတယ်၊ SB က ၄ ယောက် ၊ ရဲစခန်း ဒု ရဲအုပ်ရယ်လာတယ်၊ အိမ်ကိုမွှေသွားတယ်၊ သားလေး က လည်း လန့်သွားတယ်၊ တခါမှလည်း ဒီလို အတွေ့အကြုံမရှိတော့လေ” ဟု မိခင်က ပြောသည်။

ကိုခန့်မင်းထက်သည် အလင်္ကာဝတ်ရည်ဂျာနယ်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ပြီးခဲ့သည့် အောက် တိုဘာ ၂၅ ရက်နေ့ နေခင်းပိုင်းတွင် အာဏာပိုင်များက ထိုဂျာနယ်တိုက်သို့ ကိုခန့်မင်းထက်နှင့်အတူ သွားရောက်ပြီး သူအသုံးပြုသည့် ကွန်ပျူတာကို သိမ်းဆည်းသွားကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံရေးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ အနည်းဆုံး ၂၁ ဦး ရှိကြောင်း နှင့် စစ်အစိုးရဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၁၆၈ ဦး ရှိကြောင်း AAPP ထုတ်ပြန်ချက် အရ သိရသည်။

(ဧရာဝတီသတင်းဌာန)

အမေရိကန်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

မြန်မာပြည်တွင် ရောက်နေသော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ ၂ နာရီကြာ တွေ့ဆုံ ခဲ့ကြောင်း အမေရိကန်သံရုံးက ဧရာဝတီသို့ ပြောသည်။

undefined
အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရန် အင်းလျားလိတ် ဟိုတယ်သို့ ယနေ့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)
နံနက် ၁၁း၄၀ နာရီမှ နေ့လယ် ၁း၄၀ နာရီ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်သံရုံးအရာရှိတဦးက ပြောသည်။

“အသေးစိတ်ကိုတော့ မစ္စတာ ကာတ့်ကမ်းဘဲလ်က ဒီနေ့ ညနေ ၆ နာရီ ခွဲ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါလိမ့်မယ်” ဟု အမေရိကန်သံရုံးအရာရှိက ဆိုသည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက တွေ့ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် သတင်းထောက်များကို တက်ရောက်ခွင့် ပြုသည်ဟု သိရသည်။ သို့သော်လည်း ဓာတ်ပုံရိုက်ခွင့်သာ ပြုပြီး တစုံတရာ မေးမြန်းပြောဆိုခြင်း မပြုရန် သတင်းထောက်များကို ကြိုတင် တားမြစ်ထားသည်ဟု ဆိုသည်။

ထိန်းသိမ်းခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရာရှိများ ယခင်က တွေ့ဆုံဖူးသော်လည်း သတင်းထောက်များအား ဓာတ်ပုံရိုက်ရန် ခွင့်ပြုခဲ့ခြင်းမှာ ဤအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် ရောက်နေသော အမေရိကန်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အစိုးရ ချုပ်ကိုင်ထားသည့် သတင်းဌာနများတွင် တစုံတရာ ဖော်ပြခြင်းမရှိသေးပေ။

အမေရိကန်အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ပြုလုပ်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် သိန်းစိန်က မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် အခန်းကဏ္ဍတခု ရှိကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ညနေ ၂း၃၀နာရီတွင် NLD ဌာနချုပ်သို့ သွားရောက်ပြီး NLD ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

အမေရိကန်အဖွဲ့နှင့် တွေ့မည့် NLD ခေါင်းဆောင်များမှာ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းတင်၊ ဦးစိုးမြင့်တို့ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင် နှင့် ဦးလွန်းတင်တို့သည် ကျန်းမာရေး ချို့တဲ့နေသဖြင့် ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

ဤခရီးစဉ်အတွင်း အမေရိကန် ကိုယ်စားလှယ်များသည် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။

(ဧရာဝတီသတင်းဌာန)

Tuesday, November 03, 2009

အမေရိကန်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်းလျားလိတ်တွင် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ရန်ကုန် အင်းလျားလိတ် ဟိုတယ်၌် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း အမေရိကန် သံရုံးက ဧရာဝတီ သို့ ပြောသည်။

undefined
သြစတြေးလျနိုင်ငံရောက် မြန်မာအမျိုးသမီးတဦးက မြန်မာ့ရိုးရာ ပင်နီတိုက်ပုံဝတ်ဆင်ကာ သူမ၏ နှလုံးသားနှင့်အနီးဆုံး ရင်ဘတ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ပုံ ရင်ထိုးတပ်ဆင်၍ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - Getty Images)
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိနေသည့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွင်  အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

“သူတို့ အစီအစဉ်အတိုင်း ဒီနေ့ နေပြည်တော်မှာ  ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်မှာပါ၊ မနက်ဖြန် သူတို့ ရန်ကုန်ကို လာပြီးတော့ မနက်ပိုင်း အင်းလျားလိတ် ဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါမယ်၊ အဲဒါ ကျနော်တို့ သံရုံးက အစီအစဉ်ပါ” ဟု အမည် မဖော်လိုသူ အမေရိကန်သံရုံး အရာရှိက ဧရာဝတီသို့ ပြောသည်။

အဆိုပါ မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာပြီး နောက် စစ်အစိုးရ ခေါင်းဆောင်များနှင့် အစည်းအဝေး တချို့ ပြုလုပ်ခဲ့သည်က လွဲ၍ အသေးစိတ် မသိရသေးကြောင်း၊ မနက်ဖြန် မနက်ပိုင်းတွင် ၀န်ကြီးချုပ်သိန်းစိန်နှင့် တွေ့ဆုံရန်ရှိကြောင်း၊ မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် ရန်ကုန်လေဆိပ်မှ မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးရင် တိုင်းရင်းသားး ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အစီ အစဉ် ရှိပါတယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နဲ့ တွေ့ဖို့ စီစဉ်ထားပေမယ့် အခုချိန်ထိ အတည်ပြုချက် မရရှိသေးပါဘူး”  ဟု ယင်း သံအရာရှိက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကာ့တ် ကမ်းဘဲလ်တို့တွေ့ဆုံရာသို့ ကန့်သတ်ချက်များဖြင့်  သတင်းထောက် များကို တက်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

“သတင်းထောက်တွေကို ဓာတ်ပုံပဲရိုက်ခွင့်ပေးမယ်၊ ဒေါ်စုနဲ့ အမေရိကန်အရာရှိတွေ့တာကို ဓာတ်ပုံပဲရိုက်ရမယ်၊ ဘာမှမမေးရဘူး၊ သတင်းမယူရဘူး၊ ဓာတ်ပုံရိုက်ပြီး ပြန်ရမယ်၊ ပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်တာပါ” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခု အမေရိကန် အစိုးရကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်ကို စောင့်ကြည့်နေသည်ဟု မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။

ပြီးခဲ့သောလတွင် အမေရိကန် အစိုးရက မူဝါဒသစ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကာ့တ် ကမ်းဘဲလ် သည် ၀န်ကြီးဦးသောင်းနှင့် နယူးယောက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် ပေးပို့ခဲ့ရာ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေး အတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး သိရှိ နားလည်စေရေး အတွက် အနောက် နိုင်ငံ သံတမန် ၃ ဦးနှင့် တွေ့ဆုံခွင့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ညှိနှိုင်းခွင့်ပြုရန် ရေးသား တောင်းဆို ထားသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်းလဲလိုက်သော သဘောထားနှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူများ အကြား အငြင်းပွားဖွယ် ဖြစ်ခဲ့ရသည်။

 မြန်မာ့ အရေးလေ့လာသူ ဆွီဒင်လူမျိုး သတင်းစာ ဆရာ Bertil Lintnerက“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအယူအဆကို အပြင်ဘက်က လေ့လာသူတွေက လွဲမှားစွာ ဆုံးဖြတ်ကြတယ်လို့ ကျနော်ထင်တယ်၊ အရေးယူပိတ်ဆို့မှု နဲ့ ပတ်သက်ပြီးတော့ သူမက စိတ်ပြောင်းလိုက်ပုံ မရပါဘူး၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေက အဆုံးမသတ်သေးပါဘူး။ ဒီ ဒဏ်ခတ်မှုတွေနဲ့ပဲ လိုချင်တဲ့နေရာ ရောက်အောင် သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အရေးယူပိတ်ဆိုမှုများ ရုပ်သိမ်းရေးနှင့် ပတ်သက်၍ လိုလိုလားလား လက်ခံ ဆွေးနွေးရန် အသင့်ရှိသည် ဟူသော စကားသည် အကယ်၍ စစ်အစိုးရက အတူတကွ ညှိနှိုင်း ဆောင်ရွက်လို ခြင်းမရှိပါက အရေးယူပိတ်ဆိုမှုတွေက ဆက်လက်ရှိနေမည် ဟုဆိုလိုခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီလိုဆိုလိုချက်ဟာ မြန်မာပြည်ရဲ့ အရှုပ်အထွေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဏ္ဍဟာ ပြန်အသက်ဝင် လာတာပါ၊ သူဟာ ကြောင်းကျိုးခိုင်လုံပြီးတော့ လိုက်လျောညီထွေရှိတယ်ဆိုတာ ပြသလိုက်တာပါပဲ၊ အခုသူကို ဘယ်သူမှလျစ်လျူရှုလို့ မရတော့ပါဘူး” ဟု Bertil Lintner ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဒီမိုကရေစီရေး အပြောင်းအလဲနှင့် အတူ အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် မှုးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရန်လည်း တစိတ်တဒေသအဖြစ် ပါဝင်လျက်ရှိသည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်၏ ခရီးစဉ်မတိုင်မီ  ၃ ရက်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကိုးကန့်ဒေသ လောက်ကိုင်သို့ သွားရောက်၍ မူးးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

“ဒါက စစ်အစိုးရကအမေရိကန်ကို အချက်ပေးလိုက်တာပါ၊ စစ်ခေါင်းဆောင်တွေက မူးးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားတဲ့နေရာမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ ဒီက လူတိုင်းသိနေတာပဲ” ဟု တရုတ်-မြန်မာနယ်စပ် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

(ဧရာဝတီသတင်းဌာန)