Monday, January 31, 2011

NLD ပါတီ ဝက်ဘ်ဆိုက် စတင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မူဝါဒနှင့် လှုပ်ရှားမှုများကို ကမ္ဘာနှင့်အဝန်း သိရှိနိုင်စေရန် ပါတီဝက်ဘ်ဆိုက်တခုကို ယမန်နေ့က စတင် လွှင့်တင်လိုက်ပြီဖြစ်သည်။

NLDs_website400
စတင် လွှင့်တင်ထားသည့် NLD ဝက်ဘ်ဆိုက်ကို ဤသို့မြင်တွေ့ရသည်
“ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ လူငယ်တွေက ၀က်ဘ်ဆိုက် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ပေးကြတာပါ။ ဒါနဲ့ ပတ်သက်လို့ အမှာစကားလေးတွေ ပြောပေးပါဆိုလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့က ရေးပေးလိုက်ကြပါတယ်” ဟု NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပြောသည်။

NLD ပါတီ ၀က်ဘ်ဆိုက်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားပြီး ဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ နှုတ်ခွန်းဆက် စကားများကိုလည်း ဖော်ပြထားသည်။

ပါတီ၏ မူဝါဒများ၊ လှုပ်ရှားမှုများကို ဖော်ပြပေးနိုင်မည့် အင်တာနက်စာမျက်နှာ ပေါ်ပေါက်လာခြင်းကို ကျေနပ်မိကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရန် ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်ခြင်းသည် အဓိကကျကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ၎င်း ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက် တပ်ဆင်ရန် ဇန်န၀ါရီ ၂၀ ရက်နေ့က စစ်အစိုးရပိုင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီက ခွင့်ပြုခဲ့သည်။

NLD ပါတီအနေဖြင့် စာရွက်စာတမ်း ရိုက်ကူး ထုတ်ဝေမှု ဆောင်ရွက်ရာတွင်ပင် အခက်အခဲရှိနေကြောင်း၊ ယခု အင်တာနက် စာမျက်နှာတွင် ပါတီ၏ မူဝါဒနှင့် လှုပ်ရှားမှုများကို ဖော်ပြသွားမည်ဖြစ်သော်လည်း NLD က တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပြည်တွင်းပြည်ပမှ လူငယ်များက ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

NLD အင်တာနက်စာမျက်နှာတွင် ပါတီအလံကို ဖော်ပြထားပြီး အနီရောင် ခေါင်းစီးပါရှိသည်။ ပါတီ၏ လှုပ်ရှားဆောင်ရွက်မှု သတင်းများကို ဖော်ပြထားသည့် www.nldburma.org/ ကို ယခု စတင် ၀င်ရောက် ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် နအဖ စစ်အစိုးရ ကျင်းပသော ရွေးကောက်ပွဲအတွက် ပါတီထပ်မံ မှတ်ပုံတင်ခြင်း မပြုသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို တရားဝင် ရပ်တည်ခွင့်မရှိကြောင်း ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်ခဲ့ပြီး ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူးအယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်မှ စတင်ကာ အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတချို့သည် ဘလော့ဂ်နှင့် ၀က်ဘ်ဆိုက်များ ထူထောင်ကာ ပါတီမူဝါဒနှင့် လှုပ်ရှားမှုများကို ဖော်ပြခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ၏ ၀က်ဘ်ဆိုက်သည် ပါတီရပ်တည်ခွင့် အထူးအယူခံပယ်ချခံရပြီး ၂ ရက်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

Sunday, January 30, 2011

ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ် အဆင့်များကို ဆဲဆို ကြိမ်းမောင်း ထိုးကြိတ်

ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ်အဆင့်များကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခဲ့မှုသည် (၁) နှစ်လျှင် အနည်းဆုံး( ၁၀ ) ကြိမ်ထက်မနည်းရှိခဲ့သည့်အတွက် ဌာနဆိုင်ရာပြည်နယ်အဆင့်ရှိ ၀န်ထမ်းများမှာ ကြောက်ရွံ့  နေရပါသည်။
၎င်းဝန်ထမ်းများသည် ကရင်ပြည်နယမှ ပြောင်းရွေ့ ခွင့် ရအောင် ကြိုးစားနေရကြောင်းကို စုံစမ်းလျှင်သိရှိနိုင်ပါသည်။

ကရင်ပြည်သူအတွက် မည်သည့်တိုးတက်မှုများကိုမှ တာဝန်ထမ်းဆောင်စဉ် ကာလထဲမှ ယနေ့တိုင်မ လုပ်ပေးဘဲနှိပ်ကွပ်လျက်ရှိပြီး ပြည်နယ်မှ ကရင်လူမျိုးများ အချင်ချင်း မသင့်မြတ်အောင် လုပ်ဆောင်နေခြင်း၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို အစိုးရနှင့် မသင့်မြတ်အောင် လုပ်ဆောင်ဖန်တီးခြင်း၊ လာဘ် အကြီး အကျယ်စားပြီး မန္တလေးမြို့တွင် မူးယစ်ဆေး အရောင်းအ၀ယ်ပြုလုပ်သည့် လူနှစ်ဦးထံမှ လာဘ်ငွေ ကျပ်သိန်း ( ၅၀၀၀) ခန့်ကို ယူပြီး မြ၀တီရှိ ကျောက်ခွဲစက်နျင့် ပဲတီစိမ်း စိုက်ရန် အတွက် ချပေးထားသော မြေဧက ( ၅၂) ဧကကို အိမ်ယာစီမံကိန်းအဖြစ် ဆောက်လုပ်ရန် (၀) အဖွဲ့အစည်းမှ လောစန်း၏ ကိုယ်စားလှယ်ခင်စန်းရီ ( ပင်းပဒုမ္မာ ) ကုမ္ပဏီ အမည်ဖျောက်ပြီး သူ၏ညီဖြစ်သူကို ကုမ္ပဏီ ထဲတွင်အလုပ်လုပ်ခိုင်ပြီး ရှယ်ယာဝင်ယူခဲ့ပါသည်။

၎င်းမြေ၏ အမည်ပေါက် ( ၃) ဦးရှိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးရောင်း ၀ယ်မှုဖြင့် သေဒါဏ် ကျခံနေရသော ဦးရန်လောက်ဟိုငင်း ၁၃ ၊ တလန (နိုင်) ၀၂၂၆၄၅ ကိုင်ဆောင် သူဖြစ်ပြီး ကျန်တစ်ဦးမှာ မူးယစ်အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးမယူတဲ့ ၁၃။ တစန(နိုင်) ၀၃၃၆၈၁ ကိုင်ဆောင်သူ ဖြစ်ပါသည်။
၎င်းတို့ ကျူးလွန်ခဲ့သော မူးယစ်ဆေးများမှာ မင်းပဒုမ္မာ ကုမ္ပဏီမှ ခင်စန်းရီ. နောက်ကွယ်မှ ၀အဖွဲ့အစည်း၏ အဖွဲ့မှ လောစန်းဖြစ်ပါသည်။ မူးယစ် ဆေးတန်ဘိုးများ မရရှိသည့် အတွက် မြ၀တီမြို့ ရှိ ကျောက်ခွဲစက်နှင့် ပဲတီစိမ်းစိုက်ခင်းကို သိမ်းယူပြီး ပယက ဥက္ကဌ ဗိုလ်မှူး ချုပ်ဇော်မင်းကို ငွေပေး ပြီး မန္တလေးမြို့  တွင် တိုက်ဆောက်ပေးပြီး ဥက္ကဌ ညီကို ကုမ္ပဏီတွင် ပါဝင်ခိုင်ပြီး ရှယ်ယာဝင်ယူပြီး မူးယစ်ဆေးရောင်း ချသူ ထုပ်လုပ်သူ (၀) လူမျိုး လောက်စန်းတို့အား ကူညီပါဝင် ပတ်သက်နေသည့်ကို စုံစမ်းလျှင် သိရှိနိုင်ပြီး လာရောက်မစုံစမ်း မစစ်ဆေးဘဲ နေသည်ကို ကရင်ပြည် သူလူထုနှင့် မြ၀တီမြို့ မှ တာဝန်ကျဝန်ထမ်းများမှာ သိလျက်နှင့် ပယက ဥက္ကဌ ကို ကြောက်နေရ ပါသည်။
ဝန်ထမ်းများမှာလည်း ၄င်းတို့ ကြံရာပါ အဖြစ် သတ်မှတ်ခံရမှာကို နေ့စဉ် စိုးရိမ်နေကြပါသည်။

ပယက ဥက္ကဌ အနေဖြင့် မူးယစ်မှုနှင့် ပတ်သက်သည့် မြေ အဆောက်အဦးတို့ကို နိုင်ငံပိုင် အဖြစ်ပြန်လည်သိမ်းယူရမည်ကို သိလျက်နှင့် (၀)လူမျိုး လောစန်း. အဆမတန် ပေးထားသော လာဘ်ငွေကြောင့် ယခုကဲ့သို့ အိမ်ယာစီမံကိန်ကို မင်းပဒုမ္မာကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ စည်းကမ်းကို ဖောက်ဖျက် ကျူးလွန်ခဲ့ခြင်း ဖြစ်ပါသည်။

မြို့ တော်ဝန်( မန္တလေး) ဗိုလ်မှူးချုပ် ( အငြိမ်းစား) ဖုန်းဇော်ဟန်ဟာ တပ်မမှူးဖြစ်စဉ်က မိမိတပ်မ၏လက်နက်တိုက်ကို မီးလောင်မှု ဖြစ်အောင်လုပ်ဆောင်ပြီး သူ၏ ဆရာသမား များ၏ အစီအစဉ်ဖြင့် မန္တလေး စည်ပင်သာယာသို့ အရည်အချင်းမရှိပဲ ရောက်ရှိလာပြီး လုပ်ငန်းရှင်၊ စီးပွားရေးသမားတွေနျင့် ပေါင်းသင်ပြီး နည်းမျိုးစုံ လာဘ်စားခြင်း ကိုယ့် ထက်စီနီယာများကို နှိပ်ကွပ်ခြင်း၊ မြို့ တါင်းရေမြောင်းများကို မြေဖိှု့ အိမ်မြေကွက်များရောင်းစားခြင်း၊ ၄င်းဇနီးအမျိုးများ၏ကုမ္ပဏီ များ မိတ်ဆွေးများနှင့် ပူးပေါင်းကာ လာဘ်လာ ဘ မျိုးစုံယူ၍ တိုက် ခြံမြေ ဈေးဆိုင်ခန်း မြောက်များစွာကို ပိုင်ဆိုင်ပြီး အများပြည်သူ၏ဘဏ္ဍာငွေများကို လစဉ် အထက်လူကြီး ဧည့်ခံစရိတ်ဟု ပြပြိး ကျပ်သိန်း (၈၀၀ ) မှ သိန်း (၁၀၀၀) ကြား လာဘ်ပေးပြီး ပြည်သူကို နှိပ်စက်ဒုက္ခ ပေးနေသည်။
၎င်းထံမှ လာဘ်ရထားသော ဆရာသမားများကလည်း လာဘ်ငွေရရဗိနေသောကြောင့် သိလျက်နှင့် ငြိမ်နေပြီး ယခုအခါ ဦးနုသမီးဒေါ်သန်းသန်းနုနှင့် ယှဉ်ပြိုင်အမတ် ရွေးရန် လုပ်နေပြီး ပြည်သူလူထုကို ထပ်မံဒုက္ခပေး ဖို့ ကြံရွယ်နေသောသူ့ ကို မဲထည့်မည်စိုးရိမ်မိသဖြင့် DVB ၊ VOA တို့ကို သတင်းပေးခြင်းဖြစ်ပါသည်။ (စုံးစမ်းလျှင်သိနိုင်ပါသည်။)

မီးမလောင်ခင် ရတနာပုံဈေးကြီးကိုလည်း လမ်းများပိတ်၍ ဆိုင်ခန်းအသစ်ဆောက်ခြင်း၊ မီးသတ်လမ်းများကို ပိတ်၍ ဆိုင်ခန်းဆောက်ခြင်း၊ ရတနာပုံဈေး၏ မူလ ကန်ထရိုက် အင်ဂျင်နီယာမှ ယခုကဲ့သို့လုပ်လျှင် ပြိုကျမည်ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်လျှင် မီးသတ်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို စာနှင့်တကွ အကြိမ်ကြိမ် ထိုသို့ မလုပ်ရန် တင်ပြသော်လည်း မြို့ တော်ဝန် ဖုန်းဇော်ဟန်မှာ လိုက်နာမှုမရှိဆက်လက် လုပ်ကိုင်ပြီး ဈေးအဟောင်း၏ ရေစင်များ အရေးပေါ်ထွက်ပေါက်များကို ပိတ်၍ ဆိုင်ခန်းများ ထပ်မံဆောက်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း(၁၀၀၀) မှ (၁၅၀၀) ဖြင့် ရောင်းချပါသည်။
ပြီးသည့်အခါ ဈေးလုံခြုံရေးကို လျှပ်စစ်ဝါယာ လျှော့(စ်) ဖြစ်အောင် ဖန်တီးခိုင်ပြိး ရတနာပုံဈေးကြီးကို မီးရှို့ ခိုင်းခဲ့ပါသည်။ ရတနာပုံဈေးကြီးမီးလောင်းသွားသည့်အခါ သူ့၏သမက်ဖြစ်သူနှင့် M.G.W ကုမ္ပဏီ ကို ဆောက်လုပ်ရေး တင်ဒါ မခေါ်ပဲ လက်သိပ်ထိုးဆောက်ခွင့်ပြု ပြီး သူ၏ ဆရာသမားများ မိန်းမ၏ မိတ်ဆွေများ အမည်ခံများ အတွက် ဆိုင်ခန်းပေါင်း (၁၅၀) ကျော်ကို ချပေးပြီး တစ်ဘက်လှည့် နှင့် လာဘ်ငွေ ယူနေသည်ကို စုံစမ်း လျှင်သိနိုင်ပါသည်။
မန္တလေး စည်ပင်သာယာအတွက် လိုအပ်သော သံချောင်း၊ ဘိလပ်မြေ၊ ကတ္တရာ များကို ပေါက်ဈေးထက် ကျပ်(၁)သိန်းကျော်ပိုပေး၍ ယောက်ဖများ၊ ဆွေမျိုးများကို ကြိုတင်၍ ၀ယ်ခိုင်းပြီး တစ်ဘက်လှည့်နှင့် ငွေများလာဘ်စား နေကြောင်းကို စည်ပင်သာယာ ၀န်ထမ်းများမှ ပြောကြားနေပြီး မည်သူမှ လာရောက်မစစ်ဆေးသည့် အတွက် ပြောရန် ခက်ခဲနေကြပြီး တိုင်းကြားရန် ခက်နေပါသည်။
သက်ဆိုင်ရာမှ လာရောက်စစ်ဆေးလျှင် ပြောဆိုရန် အသင့်ရှိနေပါသည်။

Friday, January 28, 2011

နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသ စစ်မြေပြင်တွင် အသုံးပြုနေသည့် အကျဉ်းသား ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများ ရှိကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာများက ပြောသည်။

porter2011
ယမန်နေ့က ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာများ (ဓာတ်ပုံ - ဧရာဝတီ)
အားအင်ကုန်ခမ်း၍ ပစ္စည်းမထမ်းနိုင်သူများနှင့် ထွက်ပြေးသူများကို နအဖ တပ်မ၂၂ လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ)၂၀၈ တပ်ဖွဲ့ဝင်များက တခြားသော အကျဉ်းသားများရှေ့တွင်ပင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ယမန်နေ့က မာနယ်ပလော စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသားပေါ်တာ ၁၃ ဦး အနက် အင်းစိန် ထောင်မှ ကိုအောင်ကျော်မိုး၊ ကိုဂျိုးဇက်နှင့် ကိုလင်းမာန်အောင် တို့က ၎င်းတို့ရှေ့တွင် နအဖ တပ်က သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဧရာဝတီသို့ ပြောပြသည်။

ကိုအောင်ကျော်မိုးက"ဒီလ ၁၅ ရက်နေ့လောက်က ကျနော်တို့ထဲက အားကုန်ပြီး နားခွင့်ပေးပါလို့ပြောတဲ့ အင်းစိန်ထောင် က ကိုစံပေါ ရဲ့ ရင်ဝကို ဓားမြှောင်နဲ့ ၂ ချက်ထိုးပြီး ချောက်ထဲကို ကန်ချလိုက်တယ်၊ ဓားထိုးတဲ့လူက ဗိုလ်မှူး အရပ်ပုပုနဲ့ခမရ ၂၀၈ ထောက်ပို့ တပ်ကပါ"ဟု ဆိုသည်။

ပစ္စည်း မထမ်းနိုင်သည့် ပြည်ထောင်မှ အကျဉ်းသားပေါ်တာ ၃ ဦးကိုလည်း နအဖ စစ်သားများက ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်ဟုလည်း ကိုဂျိုးဇက်က ပြောသည်။

"မာနယ်ပလောနားက ဘုရားကျောင်းရှိတဲ့ ထီးသေ့ခီးရွာမှာ လမ်းမသွားနိုင်တော့တဲ့ ပြည်ထောင်က ၃ ယောက်ထဲက နှစ် ယောက်ကို ဓားနဲ့ လည်လှီးသတ်ပြီး တယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်၊ ငါတို့ တပ်မတော်သားတွေကို အသေမခံနိုင်ဘူး၊ သေစရာရှိရင် မင်းတို့ပဲ သေရမယ်ဆိုပြီး ကျနော်တို့ကိုကြိမ်းတယ်၊ အသတ်ခံရတဲ့လူထဲက နှစ်ယောက် သိတယ်၊ ချစ်ကိုကို(၁၈)နှစ်နဲ့ အောင်သူဝင်း(၁၇)နှစ်"ဟု ၎င်းက ပြောပြသည်။

ထွက်ပြေးသည့်ပေါ်တာ၂ ဦးကိုလည်း လိုက်လံဖမ်းဆီးပြီး တဦးကို နားထင်သေနတ်တေ့၍ ပစ်သတ်ပြီး ကျန်တဦး၏ ရင်ဝကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိ ခဲ့သည်ဟု အကျဉ်းသားပေါ်တာ ကိုလင်းမာန်အောင် ကလည်း ပြောသည်။

အဆိုပါ အကျဉ်းသားပေါ်တာ ၁၃ ဦးသည် မာနယ်ပလော ဒေသ စစ်မြေပြင်မှတဆင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ပြေး လာကြပြီး ယမန်နေ့က ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ တပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ် သည်။

၎င်းအကျဉ်းသားပေါ်တာများမှာ ကိုမောင်မျိုး၊ ကိုဆန္ဒကျော်၊ ကိုအောင်ကျော်မိုး၊ ကိုလင်းအောင်၊ ကိုဂျိုးဇက်၊ ကိုထွန်းထွန်း နိုင်၊ စိုင်းကော်ခမ်း၊ ကိုပေါက်စ၊ ကိုကျော်ဦး၊ ကိုကံထွန်း၊ ကိုရဲထွန်း၊ ကိုလင်းမာန်အောင်နှင့် ကိုမင်းသူ တို့ဖြစ်ပြီး ဖျာပုံ၊ ဘားအံ၊ အင်းစိန်၊ လားရှိုးနှင့် ပြည် ထောင်များမှတဆင့် မာနယ်ပလော ဒေသသို့ ရောက်ရှိလာကြသူများဖြစ်သည်။

ရောက်ရှိလာသည့် အကျဉ်းသားပေါ်တာများကို(KNU)တပ်မဟာ ၇ မှ လက်ခံစောင့်ရှောက်ထားပြီး ယခုလ အတွင်း မာနယ်ပလော ဒေသမှ ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ ၄၀ ခန့် ရှိသွားပြီဟု တပ်မဟာ ၇ မှ တပ်မှူးတဦးက ပြောဆိုသည်။

KNU တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း၂၂ သည် ယမန်နေ့က လှိုင်းဘွဲ့မြို့နယ် ခေါတူးခီး ရွာ ရှိ ကရင်နယ်ခြား စောင့် တပ်ရင်း ၁၀၁၅ ၏ ရှေ့တန်း ကင်းစခန်းတခုကို ၀င်ရောက်စီးနင်းရာ  ဗိုလ်ကြီး အဆင့်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၈ ဦး ကို လက်နက်မျိုးစုံ ၁၄ လက်နှင့်အတူ သိမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ဖမ်းဆီးရမိသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ဗိုလ်ကြီး စောအရှား၊ ကမ္ဘာကျော်၊ ဝေါ်ခို့၊ ဖလုံ သား၊ အောင်ကြည် ဌေး၊ ဒါဘောင်မင်၊ လော်ကယ်နှင့် စောဖားအဲ တို့ဖြစ်သည်ဟု KNU က ပြောသည်။

NLD ရပ်တည်ခွင့် အယူခံ နေပြည်တော်တရားရုံးချုပ် ပယ်ချ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရပ်တည်ခွင့် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့ ပယ်ချလိုက်သည်။

အဆိုပါ အယူခံ ပယ်ချခံရမှုနှင့် ပတ်သက်၍ နေပြည်တော်သို့ ရောက်ရှိနေသည့် NLD ရှေ့နေ ဦးကျော်ဟိုးက“တရားရုံးပိုင်း ဆိုင်ရာ အမြင့်ဆုံးအဆင့်ပယ်ချခံရတာပါ။ ဒါပေမယ့် တရားသူကြီးချုပ်ထံ အယူခံတင်နိုင်ခွင့်ရှိနေပါသေးတယ်။ တရားသူကြီးချုပ်ထံ အယူခံ တင်မတင်ကိုတော့ NLD ဥပဒေ အထောက်အကူပြုအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

IMG_0022-jan-28-11
NLD ရုံးချုပ်၌ ယနေ့ ကျင်းပသည့် ပင်လုံ ညီလာခံနှင့် ပင်လုံ စာချုပ် ဟောပြောပွဲတွင် ဒု ဥက္ကဌ ဦးတင်ဦး ပြောကြားနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
နေပြည်တော် တရားရုံးချုပ်က NLD ပါတီရပ်တည်ခွင့် အထူးအယူခံကို ဇန်န၀ါရီ ၂၄ ရက်က နှစ်ဘက် လျှောက်လဲချက်များ ကြားနာ ခဲ့ပြီးနောက် ယနေ့ တွင် NLD ရှေ့နေ ဦးဉာဏ်ဝင်း ၊ ဦးကျော်ဟိုးနှင့် ဗဟို အလုပ်အမှုဆောင် ကိုယ်စားလှယ် ဦးဝင်းမြင့် တို့အား အထူးအယူခံ ပယ်ချသည့် စီရင်ချက် နောက်ဆုံး စာမျက်နှာကို ဖတ်ပြခဲ့ကြောင်း သိရသည်။

“တရားရုံးမှာ စီရင်ချက် ဖတ်တုန်းက စီရင်ချက်က ရှည်တယ်ဆိုပြီး နောက်ဆုံး စာမျက်နှာကိုပဲ ဖတ်သွားတဲ့ အတွက် ဘာအကြောင်းပြချက်နဲ့ ပယ်ချတယ် ဆိုတာကို သဲသဲကွဲကွဲ သိနိုင်ဖို့ စီရင်ချက်ကို ကျနော်တို့ မိတ္တူကူးနေပါတယ်”ဟု ဦးကျော်ဟိုးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကစစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟုဆိုကာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ(၁၀) ခုကို တရား ၀င် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ခုနှစ် စက်တင်ဘာ(၁၄) ရက်တွင် ကြေညာခဲ့သည်။

NLDပါတီ ရပ်တည်ခွင့်အထူးအယူခံ ပယ်ချခံရမှုနှင့်စပ်လျဉ်း၍ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင် တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP)ဥက္ကဌ ဒေါက်တာအေးမောင်က“ဒီ အထူးအယူခံပယ်ချခံရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ သတင်းအပြည့်အစုံ မသိရသေး ဘူး။ ကျနော့် တသီးပုဂ္ဂလအမြင် ပြောရရင်တော့ ပါတီတရပ်ဟာ နိုင်ငံရေး ဆောင်ရွက်မှုတွေကို အားကောင်းကောင်း လုပ်နိုင်ဖို့ ၊
ပြည်သူနဲ့ အဆက်မပြတ်ဖို့ဆိုရင် တရားဝင် ရပ်တည်နိုင်ဖို့လိုအပ်ပါတယ်။ သူတို့လည်း အခြားနည်းလမ်းတွေနဲ့ ကြိုးစားကြဦးမယ် ထင်ပါတယ်”ဟု ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ NLD ပါတီသည် အထူးအယူခံ ပယ်ချခံရသော်လည်း နိုင်ငံရေးလှုပ်ရှားမှုများ ဆက် လုပ် နေကြလိမ့်မည်ဟု သုံးသပ်သည်။

“တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်မရတော့ဘူးဆိုလည်း ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ သဘောထားတူသူတွေ စုဝေးလို့ ရနိုင်သေး တာပဲ။ နိုင်ငံရေးလှုပ်ရှားမှုတွေ ရှိနေဦးမှာပါ။ အရင်လိုတော့ လူစုလူဝေးအများကြီးနဲ့ လုပ်နိုင်ဖို့တော့ ခက်သွားမှာပေါ့။ ပါတီဖျက်ခံရတာနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။ ရှိတော့ ရှိနေဦးမှာပါပဲ။ အပြင်ကကြည့်ရင်တော့ NLDဟာ အေးစက်စက်ကြီးလုပ်နေတယ် ထင်ရပေမယ့်။ တကယ်လုပ်နေတဲ့သူတွေက အသိဆုံးပါ။ လုပ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိနိုင်ပါတယ်”ဟု သခင်ချန်ထွန်းက ဆိုသည်။

နေပြည်တော်တရားရုံးချုပ်က ပါတီရပ်တည်ခွင့် အထူးအယူခံပယ်ချလိုက်ချိန်တွင် ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်၌ ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ပင်လုံညီလာခံအကြောင်း ဟောပြောမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အဓိကကတော့ ဒုတိယ ပင်လုံ သဘောတူညီချက် တခု ရဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ရေးဆွဲခဲ့တဲ့ ပထမပင်လုံညီလာခံမှာ သဘောတူခဲ့တဲ့ ပင်လုံစာချုပ်ဆိုတာရှိပါတယ်။ ဒီသဘောတူညီချက်နဲ့ ပင်လုံစာချုပ်ကို အခြေခံပြီး တော့ ဒုတိယ ပင်လုံသဘောတူညီချက်တခုရဖို့ ဆောင်ရွက်နေတာပါ”ဟု NLD ဒု ဥက္ကဌ ဦးတင်ဦးက ပြောသည်။

ယနေ့ကျင်းပသည့် ပင်လုံညီလာခံဟောပြောပွဲတွင် ဇိုမီး အမျိုးသားကွန်ဂရက် ဥက္ကဌ ဦးပူကျင့်ရှင်းထျန်နှင့် ရှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းစောအောင်တို့က ပထမ ပင်လုံညီလာခံနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ ၊ ပင်လုံ စာချုပ်ပါ အချက်အလက်များကို ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ NLDပါတီဝင်များ၊ တိုင်းရင်းသားပါတီဝင်များနှင့် လူငယ်ပရိသတ် ၁၀၀ ကျော်တက်ရောက်၍ ပြန်လှန်ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

“ပါတီ အထူးအယူခံ ပယ်ချခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။ ပါတီရုံးချုပ်မှာ ပင်လုံညီလာခံဟောပြောပွဲ အေး အေးဆေးဆေးပဲ ပြီးသွားပါပြီ။ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း ပါတီ ရုံးချုပ် မှာပဲ ပြုလုပ်သွားမှာပါ”ဟု ဦးအုန်းကြိုင်က ဆိုသည်။

မလိမ္မာတခါမိုက်တဲ့ အရာရှိများ

အခု ကျနော်တင်ပြပေးမှာက တပ်မတော် (ရေ) မှာ ဖြစ်ပျက်ခဲ့ တဲ့ မထူးခြားသော်လည်း ဆန်းပြားတဲ့ ဖြစ်ရပ်ကလေးတခု အ ကြောင်းပါ။ မထူးခြားဘူးဆိုတာက ဒီလိုကိစ္စမျိုးတွေက တပ်မ တော်ထဲမှာ ထူးခြားဖြစ်စဉ်မဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာဖြစ် ရပ်မျိုးတွေဖြစ်နေလို့ပါ။ သို့သော်လည်း ဆန်းပြားတယ်လို့ ဆို လိုက်တာကတော့ ယခုဖြစ်စဉ်မှာ ပါဝင်ပတ်သတ်နေတဲ့ အရာရှိ တွေအပေါ်အရေးယူကိုင်တွယ် ဆုံးဖြတ်ချက်ချလိုက်ပုံက ကြားသိလိုက်ရသူအပေါင်းကို မအံ့ဩဘဲ မနေနိုင်လောက်အောင် ဆန်းကြယ်နေတဲ့ အချက်ကြောင့်ပါ။
ဖြစ်ပျက်ပုံကဒီလိုပါ။
၂၀၀၁ ခုနှစ်အတွင်းတခုသောနေ့လယ်ခင်းမှာ သတင်းအရ ရန်ကုန်မြို့အတွင်း မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ အုပ်စုတခုကိုဖမ်ဆီးဖို့ ရန်ကုန်တိုင်း ဒုစရိုက်နှိမ်နှင်းရေး ရဲ တပ်ဖွဲ့ (ဒန) တပ်ဖွဲ့ဝင်တွေတပ် ဖြန့်လှုပ်ရှားနေပါတယ်။ အဲဒီအချိန်မှာ စားသောက်ဆိုင် တခုရှေ့မှာ ဆိုင်ကယ်တစီးထိုးရပ်လာပြီး ကျောပိုးအိတ်နဲ့ လူရွယ်တဦးဆိုင်ထဲကို ၀င် ရောက်လာကာ စားပွဲဝိုင်းလွတ်တခုမှာ ထိုင်ရင်း တစုံတဦးကိုစောင့်ဆိုင်းနေပါတယ်။
ဆိုင်ထဲမှာ အသင့်စောင်ကြည့်နေတဲ့ ရဲထောက်လှမ်းရေတွေက သူ့ကိုမသကာင်္လို့ ရှာဖွေ
စစ်ဆေးကြည့်တဲ့အခါ ကျောပိုးအိတ်အတွင်မှာ ဘိန်းဖြူထုပ်အချို့ လျှို့ဝှက်ယူဆောင် လာတာကို ဖမ်းဆီးရမိလိုက်ပါတယ်။ ဆက်လက် ရှာဖွေကြည့်တဲ့အခါ အဲဒီ လူရွယ်ကိုင် ဆောင်ထားတဲ့ Identity Card ဟာ တပ်မတော်အရာရှိ စီစစ်ရေးကဒ်ပြားဖြစ်နေပြီး အ ရာရှိ အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထပ်မံတွေ့ရှိရတာကြောင့် ရဲထောက်လှမ်း ရေးတွေ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရပါတယ်။ ဒီလိုနဲ့ အမှုကို ရဲကဆက်မကိုင် တော့ဘဲ နယ်မြေခံ စစ်ဘက်ထောက်လှမ်းရေး (ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်းအ ခြေပြု အမှတ် (၁၄) စစ်ထောက်လှမ်းရေးတပ်ဖွဲ့) ကို လွှဲပြောင်းပေးလိုက်ပါတယ်။
ထောက်လှမ်းရေး (၁၄) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့လူရွယ်ကို သူတို့ရဲ့ စစ်ကြော ရေးဌာနသို့ ခေါ်ဆောင်သွားပြီး ဆက်လက်စစ်ဆေးမေးမြန်းပါတယ် ဖမ်းဆီခံလိုက်ရသူ လူရွယ်က သံလျင်မြို့နယ် ဆိပ်ကြီးမှာရှိတဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ရလခ) (ယခု အခေါ် အမှတ် (၁) ရေတပ် လေ့ကျင့်ရေးကျောင်း။ ရလရ – ၁) မှာ ဦးစီးအရာရှိ (တတိ ယတန်း) စစ်ရေး A3 တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးနေလင်းအောင်ဖြစ်ပါတယ်။
ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေက ရလခ အရာရှိရိပ်သာလူပျိုဆောင်မှာရှိတဲ့ ဗိုလ်ကြီး နေလင်းအောင်ရဲ့အခန်းကို သွားရောက်ရှာဖွေစစ်ဆေးတော့ အသုံးပြုပြီးသား ဆေးထိုး အပ်အချို့နဲ့ မသင်္ကာဖွယ် စီးကရက်တိုအချို့ကို ထပ်မံသိမ်းဆည်းရမိတယ်လို့ ဆိုပါ တယ်။
ဗိုလ်ကြီးနေလင်းအောင်ကို တရက်မျှ စစ်ကြောပြီးတဲ့နောက် အမှုနဲ့ ပတ်သတ်တဲ့ ကွင်း ဆက်တွေ ထပ်မံပေါ်ထွက်လာပါတယ်။ နောက်တနေ့ ညနေနဲ့ ညပိုင်းမှာ ရေတပ်ကအ ရာရှိသုံးဦးကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။ သူတို့တတွေကတော့ သံလျင်မြို့ သီလ၀ါ အ ခြေစိုက် ဗျူဟာစစ်ဆေးယာဉ်စုအုပ်ချုပ်မှု လက်အောက်ခံ စစ်ရေယာဉ် – ၅၅၁ ရဲ့ စစ်ရေ ယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ကံလှတင်ထွန်း ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်းမှာရှိတဲ့ အ မှတ် (၃၆) စစ်ရေယာဉ်စု- အကူအုပ်မှူးဖြစ်သူ ဗိုလ်မှူး သိုက်စိုးအောင်နဲ့ သံလျှက်စွန်း မှာရှိတဲ့ ရေတပ်ပင်မပစ္စည်းထိန်းတပ်၊ တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ကြီးသက်လွင်တို့ ဖြစ်ပါ တယ်။
ဗိုလ်မှူး ကံလှတင်ထွန်း ဆိုသူက ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ထွန်းရဲ့ သား ဖြစ်ပါတယ်။ ဗိုလ်မှူးသိုက်စိုးအောင်က သစ်တောရေးရာ ဒုတိယ၀န် ကြီး ဗိုလ်မှူးကြီးသိုက်ထွန်းရဲ့သားလို့သိရပါတယ်။ ဗိုလ်ကြီး သက်လွင်ကတော့ ရဲချုပ် ဟောင်း သူရဖေအောင် ရဲ့သားဖြစ်ပါတယ်။ အမှုဖြစ်ပွားချိန်မှာ ရဲချုပ်သူရဖေအောင် ဆုံး ပါးသွားတာ နှစ်ကာလအတန်ကြာပြီဖြစ်ပေမဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းအတွင်းမှာ သူ့ ရဲ့ အရှိန်ဇာလွှမ်းမိုးအမြစ်တွယ်ဆဲပါ။
ကျနော် စောစောကပြောခဲ့သလို စစ်ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေ မူးယစ်ဆေး ၀ါးသုံးစွဲတယ်ဆိုတဲ့ ဖြစ်ရပ်သတင်းတွေဟာ စစ်တပ်အသိုင်းအ၀ိုင်းအတွင်းမှာ ထူးဆန်း ထွေတလာ ဋီကာချဲ့ပြီး ပြောစရာမလိုတဲ့ ကြုံတွေ့နေကျ ကြားနေကျ သမရိုးကျ ကိစ္စရပ် တွေပါ။ လူကြီးသားသမီးတွေ မူးယစ်ဆေးဝါးသုံစွဲမှုကြောင့် အိပ်ယာထဲမှာအိပ်ပျော်နေ ရင်း သေဆုံးသွာတာတွေ၊ မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးမှုတွေ၊ AIDS ဖြစ်ပြီး တပ်ကအနားယူသွားရတဲ့ အရာရှိတွေအကြောင်း မကြာခဏဆိုသလို ကြားကြားနေရ ပေမဲ့ မှုးယစ်ဆေးသုံးစွဲလို့ ဖမ်းဆီးအရေးယူခံရတာမျိုးတော့ မကြားဘူးသလောက်ပါပဲ။ စစ်တပ်မှာ အရာရှိအသိုင်းဝိုင်းကို “ကျီးမျိုး” တွေလို့ ခေါ်ဝေါ်ကြပါတယ်။
တဦးချင်းအကျိုးစီးပွားအရ သူတို့အချင်းချင်းမတည့်ပေမဲ့ အကြောင်းကိစ္စရှိလာတဲ့အခါ အားလုံးအသံတူ ၀ိုင်းအာကြပြီး အသွေးတူအရောင်တူချင်း ဖေးမကာကွယ်ပေးတာကို ဆိုလိုတာပါ။ အထူးသဖြင့် လူကြီးတွေနဲ့ ပတ်သက်တဲ့အသိုင်းအ၀ိုင်းကြားမှာ ပိုပြီးဆိုးပါ တယ်။ ကျနော်တို့ ဟိုင်းကြီးကျွန်း ပမ္မ၀တီရေတပ်စခန်းဌာနချုပ်မှာ ရှိကတည်းက ဗိုလ် ကြီးသက်လွင် ဆေးစွဲနေတာပါ။ အဲဒီတုံးက သူဟာအမှတ် (၂၂) ရေတပ်ပစ္စည်းထိန်း တပ်မှာ ဒုတပ်မှုးတာဝန်ယူထားပြီး တပ်ကိစ္စတွေမှာ စိတ်ဝင်စားမှု အားနည်းတာကြောင့် တပ်မှူးဖြစ်သူက အားကိုးအားထားပြုမရပဲ အလုပ်သမားခေါင်းသဖွယ် သဘောထား ကြောင်း ပြောဆိုတာ ကြားဖူးပါတယ်။ တခါမှာတော့ အထက်ဌာနကို ပေးပို့တဲ့စာတွေကို
အမှာအမှန်မစစ်ဆေးဘဲ လက်မှတ်ထိုးပေးလိုက်တာကြောင့် ဌာနချုပ်မှူးက ခေါ်ယူပြီး ဆူပူကြိမ်းမောင်းပါတယ်။ ၎င်းအရာရှိ ဆေးစွဲနေတာကိုသိကြောင်း၊ ဖခင်ဖြစ်သူ၏ မျက် နှာကိုထောက်ထား၍သာ အရေးမယူခြင်းဖြစ်ကြောင်း၊ ဒီထက်ပိုပြီးဆိုးလာပါက မဖြစ်မ နေအရေးယူရတော့မယ်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုပါတယ်။
ဗိုလ်ကြီးသက်လွင်ကတော့ သတိအနေအထားကို အနိုင်နိုင်ထိန်းကာ မျက်လုံကလေး အစင်းသားနဲ့ ခပ်မဆိတ်နားထောင်နေပါတယ်။ သြ၀ါဒပြီးဆုံးလို့ ဌာနချုပ်မှူးကို အလေး ပြုပြီး နောက်လှည့်ပြန်အထွက်မှာ ကိုယ်ဟန်အနေအထား ယိမ်းယိုင်ပျက်ယွင်းသွား ပြီး ခါးကြားမှာထိုးထားတဲ့ ၀ီစကီပုလင်းပြား ပြုတ်ကျမလို ဖြစ်သွားရကြောင်း ဌာနချုပ်မှူးရုံး ခန်းအပေါက်စောင့် တပ်ထိန်းစစ်သည်က ကျနော်တို့ကို ပြောပြဖူးပါတယ်။
ဗိုလ်မှူးကံလှတင်ထွန်းလည်း ဒီပုံစံပါပဲ။ အဲဒီတုန်းက သူဟာ ထောက်ပံ့ရေးရေယာဉ် (၆၁၀) ရဲ့ စစ်ရေယာဉ်မှူးပါ။ ရဲဘော်တွေလဲ ပျော်သလိုနေ ငါလည်း ငါ့စည်းစိမ်ကို လွတ် လွတ်လပ်လပ်ခံစားမယ်ဆိုတဲ့ သဘောကြောင့် သူ့ သဘောင်္မှာ တာဝန်ကျတဲ့စစ်သည် တွေကတော့ ပျော်ရွှင်ပုံရပါတယ်။ “ဗိုလ်ကံနဲ့ဆိုရင် ငါတို့ဘ၀ ငြိမ်းချမ်းတယ်”  ဆိုတဲ့ ပြောစကားတွေလဲကြားရပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး တင်ထွန်းဟာ လက်ရှိ တာ ၀န်ထမ်းဆောင်နေဆဲမို့ သူ့ကိုတော့ဌာနချုပ်မှူးက အထူးတလည် ခေါ်ယူဆုံးမတာ မ တွေ့ရပါဘူး။ ရေတပ်ထဲက ဆေးစွဲ အရာရှိအုပ်စုထဲမှာ ဗိုလ်မှူး ကံလှတင်ထွန်းက ခေါင် ချုပ်လို့ ဆိုပါတယ်။
ယခုလို မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဖြူးရောင်းချမှုနဲ့ပတ်သက်လို့ တရားဝင်စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်ရတာဟာ တပ်မတော်ကြီးထောက်လှမ်းရေးရဲ့ အစီရင်ခံစာ အထက်ဌာန ကို ရောက်ရှိသွားပြီး မဖုံးနိုင်မဖိနိုင် အခြေအနေဖြစ်သွားလို့ပါ။ နို့မဟုတ်ရင် ပိုနေမြဲကျား နေမြဲ အခြေအနေတိုင်း ဘယ်လောက်ကြာအောင် စခန်းသွားနေမလဲ မပြောနိုင်ပါ။
ခုတော့ အရာရှိလေးဦးကို သံလျှက်စွန်း ရေတပ်အရာရှိရိပ်သာမှာ အကျယ်ချုပ်နှင့်ထား ပြီး အမှုစစ်ဆေးနေရပေပြီ။ အမှုကလည်း သက်သေထင်ရှားခိုင်လုံနေပြီမို့ တဦးလျင် ထောင်ဒဏ်ဘယ်လောက် ကျခံရနိုင်တယ်ဆိုတဲ့ ကောလဟာလ ခန့်မှန်းပြောဆိုသံတွေ လည်း ပြန့်လွင့်နေပေပြီ။ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်အကဲခတ် လေ့လာနေ ပြီး ထင်မြင်ချက်၊ ဝေဖန်ချက်တွေ အမျိုးမျိုးပေးနေတဲ့ အမှုကိစ္စကြီးဟာ စုံစမ်းစစ်ဆေးမှု ကာလ ပြီးဆုံးသွားတဲ့အခါမှာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာပါ တယ်။ အဲဒါကတော့ ပထမဆုံး ဖမ်းဆီးခံရသူ ဗိုလ်ကြီးနေလင်းအောင် တယောက်သာ ထောင်ဒဏ်ချမှတ် ခံရပြီး ကျန်အရာရှိသုံးဦးကိုတော့ တပ်မတော်တွင် ဆက်လက်စစ်မှု ထမ်းဆောင်ရန် မသင့်လျော်သဖြင့် မိဘများထံ ပြန်လည်အပ်နှံလိုက်ကြောင်း စစ်တရား ရုံးအဖွဲ့က ဆုံးဖြတ်လိုက်ခြင်းပါ။
တပ်မတော် (ရေ) မှာ ကြုံတောင့်ကြုံခဲ စစ်ဆေးစီရင်တဲ့ အမှုကနေ မလျော်ကန် ကျော်မ ကောင်း ကြားမကောင်း ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကြောင့် ကြားရသူအပေါင်း ပါးစပ် အဟောင်းသားနဲ့ တအံ့တသြဖြစ်ကုန်ကြရပါတယ်။ အမြင်မတော်တာ ကြုံတွေ့ရတိုင်း ဒိုး ကနဲဒေါက်ကနဲ ဒဲ့တိုးပြောဆိုတတ်သူ ဧရာဝတီ ရေတပ်စခန်းဌာနချုပ် ဒုဌာနချုပ်မှူး ဗိုလ် မှူးကြီး သာဆန်း ကတော့ အောက်ပါအတိုင်း မှတ်ချက်ပြုပါတယ် …
“ကောင်းရောကွာ…ရဲဘော်လေးတွေ ဆေးခြောက်ရှူတာမိရင် ထောင်ချပြီး ထုတ်ပစ် တယ်။ အခုအရာရှိတွေ ဘိန်းဖြူချတာမိတော့ မိဘရပ်ထံ ပြန်လည်အပ်နှံတယ်တဲ့။ အဲဒီ အရာရှိတွေဟာ အသက် (၁၈) နှစ် ပြည့်ပြီးလို့ တပ်ထဲဝင်လာပြီး အရာရှိလုပ်သက် တောင် ဘယ်နှစ်နှစ်ရှိနေပြီလဲ ဒီလိုမျိုးလုပ်လို့ရစတမ်းဆိုရင် ငါလည်း ဘိန်းဖြူချမယ် ငါ့ မိဘလက်ထဲ အရောက်ပြန်ပို့ပေးမလား” တဲ့ ..
ဒီလို ဒီလို မကျေမနပ်ပေါက်ကွဲသံ၊ တိုးတိုးကြိတ်ကြိတ် ဝေဖန်သံတွေနဲ့ တဖြည်းဖြည်း ဝေးကွာသွားတဲ့ အရာရှိသုံးဦးကတော့ မိဘရဲ့ အေးမြတဲ့မေတ္တာရိပ်အောက်မှာ တည် တည်ငြိမ်ငြိမ်နဲ့ ဘ၀ရှေ့ရေးအတွက် အားမာန်တွေ မွေးမြူရင်း…။
တပ်ကြပ်ကြီး-နေမင်းသူ

"တပ်မတော်မှအသွင်ပြောင်းရောက်ရှိလာသော အရာရှိ တစ်ဦး၏ ဥပဒေမဲ့ အကျင့်ပျက်လုပ်ရပ်များ”

ဧရာဝတီတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးဋ္ဌာနမှ တိုင်းဦးစီးမှူးဖြစ်သူ ညွန်ကြားေ၇းမှူး(ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)) ဦးထိန်ဝင်းသည် လက်အောက်ခံ ၀န်ထမ်းများအား အကြောင်း အမျိုးမျိုးပြပြီး ရွေးကောက်ပွဲတွင် နိုင်ငံသားကဒ်မရှိသူများအား မြို့နယ်ရုံးများသို့ ဖိအားပေး ဆောင်ရွက်ခိုင်းပါသည်။

ရွေးကောက်ပွဲတွင် မဲထည့်မည့်ပြည်သူများ နိုင်ငံသားကဒ်မရှိပါက လ၀က ၀န်ထမ်းများအား အရေးယူပြီး အလုပ်မှထုတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပါသည်။

တိုင်းဦးစီးမှူး၏ ညွန်ကြားချက်အရ မြို့နယ်ရုံးများတွင် နိုင်ငံသားကဒ် တစ်ကဒ်လျှင် ၃၀၀ကျပ် ၊
နိုင်(၂)တစ်စုံလျှင် ၁၀၀ကျပ် ၊ပြည်သူများထံမှ ကောက်ခံပြီး။ တိုင်းဦးစီးမှူးအတွက် မြို့နယ်ဝန်ထမ်းများမှ ကောက်ခံပေးရပါသည်။

၎င်း တိုင်းဦးစီးမှူး တာဝန်ထမ်းဆောင်ချိန်မှစပြီး ဧရာဝတီတိုင်းတွင်နိုင်ငံသားကဒ်ထုတ်သူ လူဦးရေ(တစ်သိန်း)ကျော်ရှိပါသည်။

ထို့ကြောင့် ၄င်း တိုင်းဦးစီးမှူးသို့ ပေးအပ်ရသောငွေတန်ဖိုးမှာ သိန်း(၄၀၀)ကျော်ရှိပါသည်။

နိုင်ငံသားပုဒ်မ ၆/၇ နှင့်အကျုံးဝင်သော နိုင်ငံသားအမှုများအား တစ်ကဒ်လျှင် တစ်သောင်းကျပ်ပေးမှ လက်မှတ်ထိုးပေးပါသည်။

၎င်းဝန်ထမ်း၏အကျင့်လုပ်ရပ်များအား သက်ဆိုင်ရာမှ အရေးယူပေးပါရန် တင်ပြလိုက်ရပါသည်။

(တာဝန်သိ ၀န်ထမ်းတစ်ဦး)

မူစယ်မှာတီဗွီဂိမ်း လောင်းကစားဝိုင်းတွေ မှိုလိုပေါတယ်

ကျနော်တို့ မူစယ်မှာ တီဗွီဂိမ်းလောင်းကစားရုံ ဘယ်လောက်အထိ များသလဲဆိုရင် တရားဝင်ဖွင့်ထားတယ်လို့ တောင် ထင်ရပါတယ်။ မူစယ်ပြည်ထောင်စုလမ်းမကြီးတစ်လျောက်မှာ ၁၆ ခု ၊ လမ်းကြိုလမ်းကြားနဲ့ ဆိုရင်တော့ အများကြီးပေါ့ဗျာ။ အဲဒီအထဲမှာ မြို့လယ်ခေါင်ဈေးအနီးမှာ အများဆုံးပေါ့။ လူကြီးတွေဆို သိန်းဂဏန်းအထိ လောင်းကြတယ် ကျောင်းသားအရွယ်တွေဆို ရတဲ့မုန့်ဖိုးလေးတွေ ထောင်ဂဏန်းအထိ လောင်းကြတယ်  ၂၄ နာရီလူ စည်ကား နေတာပါ။

အရင်တစ်ခါက လောင်းကစားဝိုင်းတစ်ခုကို အရေးယူပြီးနောက်ပိုင်း အခုဖွင့်ထားတာတွေကို အရေးမယူတာ ကြောင့် ဆိုင်ကယ်ပျောက်မှု ခိုးမှုတွေ မကြာခဏဖြစ်နေပါတယ် ။ လူငယ်တွေစာရိတ္တအတွက်လည်း စိုးရိမ်ရပါတယ်။

Thursday, January 27, 2011

နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ၏ ရွှေရ တုမွေးနေ့ ဂုဏ်ပြုခြင်း

(၂၇-၁-၂၀၁၁)။-


undefined

ဇာဂနာ ခေါ် မောင်သူရကို အဖ ဦးနန်းညွန့်ဆွေနှင့် မိခင် ဒေါ် ကြည်ဦးတို့မှ ၁၉၆၁ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် မွေးဖွားခဲ့ သည်။
ကိုသူရသည် မြန်မာနိုင်ငံတွင် နာမည်ကြီး လူရွှင်တော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာတယောက်လည်းဖြစ်သည်။
သူ သည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများကြောင့် မကြာခဏ ထောင်ဒဏ်ကျခံရသူလည်းဖြစ်သည်။
သူသည် မြန် မာအခေါ်အဝေါ် ဇာဂနာ (ဇာဂနာဆိုသည်မှာ သေးမွှားသောအရာ ကို နှုတ်ယူနိုင်သည့် ကရိယာဖြစ်သည်) ဆိုသည့် အမည်ဖြင့် မြန် မာပြည်တွင် နာမည်ကျော်ကြား လူသိများသော လူရွှင်တော်အ ဖြစ်လည်းကောင်း၊ ဟာသမြောက်စွာ လှောင်ပြောင်ရေးသားမှုများ အဖြစ်၊ စစ်အစိုးရကို ဝေဖန်သောသူတဦးအဖြစ်၊ သရုပ်ဆောင်တ ယောက်အဖြစ် လည်းကောင်း လူသိများသည်။

ဇာဂနာကို ၂၀၀၆ ခုနှစ်မှစ၍ လူများအကြား သရုပ်ဆောင်မှုများ၊ ပြဇာတ်များ ပြုလုပ်ခွင့်ကို စစ်အစိုးရမှ ပိတ်ပင်ထားသည်။
ဇာဂနာသည် The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို Free Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ဆိုသည့် အဖွဲ့အ စည်းမှ ချီးမြှင့်ခဲ့သည်။
ထိုအဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဇာဂနာသည် ၂၀၀၈ ခုနှစ် ဇွန်လ (၄) ရက်နေ့မှ စ၍ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း သေကြေပျက်စီးမှု များ၊ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့မှုများကို ပြင်ပသတင်းဌာနများနှင့် ပြောဆို သည်ဆိုကာ ဖမ်းဆီးခံခဲ့ရပြန်သည်။

စစ် တပ်အစိုးရသည် သူ့အား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာသာသနာ ကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ မတရားအသင်း ဆက်သွယ်မှု၊ ဗွီဒီယိုအက်ဥပဒေ အပါအဝင် စုစုပေါင်း (၇) မှုဖြင့် စွဲချက်တင်ထားခဲ့ပြီး ထိုစွဲချက်များသည် သူ့အား ထောင်ဒဏ် (၂) နှစ်ကျစေနိုင်သည်။

ဘဝအစ

ဇာဂနာ ဆိုသည့် အမည်ကို အဖ ဦးနန်းညွန့်ဆွေနှင့် မိခင် ဒေါ်ကြည်ဦးတို့မှ မွေးဖွားခဲ့သည့် သားသုံးယောက် ထဲမှ အငယ်ဆုံးဖြစ်သည့် မောင်သူရမှ အမည်တွင်ခဲ့ခြင်းဖြစ်သည်။
မောင်သူရသည် နိုင်ငံရေးဆိုင်ရာနှင့် ပ ညာရေးအသိပညာ ကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
ငယ်ရွယ်စဉ်ကတည်းက သူသည် မိ ဘများ မိန့်ခွန်းပြောရာ ဒေသများသို့ လိုက်ကာ လှုံ့ဆော်ပြောဆိုမှုများ ပြုလုပ်ခြင်း၊ မိဘများ၏ ခြေရာကိုတူ အောင် လိုက်နိုင်ခဲ့သူဖြစ်ပြီး၊ ထို့ကြောင့် လူအများက သူ့ကို “အသံတုဝိဇ္ဇာ” ဟူ၍လည်း အမည်ပေးခဲ့ကြသည်။

သူရသည် ၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ပညာရေးအရှိန်အဝါ မြင့်မားသော ဒဂုံ (၁) အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ရန်ကုန်သက္ကသိုလ်မှ သွားဘက်ဆိုင်ရာဆရာဝန်အဖြစ် ဒီဂရီ ရခဲ့သည်။ သွားဘက်ဆိုင်ရာကျောင်းတွင် တက်ရောက်နေစဉ် ချင်းပြည်နယ်တွင် လုပ်အားပေး ပညာ သင်ကြားရေးအတွက် ဆရာတယောက် အနေဖြင့် ပါဝင်ခဲ့ပြီး ထိုအတွေ့အကြုံများကို နိုင်ငံတော် စာပေဗိမ္မာန် စာပေတိုက်မှ စာအုပ်ထုတ်ဝေခဲ့သည်။

အနုပညာလောကသို့ ...

သူရ၏ ပထမဦးဆုံး အောင်မြင်ချိန်သည် ကောလိပ်တွင် ကျောင်းတက်နေသောအချိန်ဖြစ်သည်။ ထိုစဉ်က သူ ရသည် ‘ဇာဂနာ’ အမည်ဖြင့် ရန်ကုန်တက္ကသိုလ်အငြိမ့် သဘင်ပွဲ တခု၌ ဖျော်ဖြေခဲ့သည်။

သူသည် တက္ကသိုလ် ကျောင်းဌာနအသီးသီးမှ ကျောင်းသားများ ပေါင်းစပ်ကာ မြကျွန်းသာ အမည်ရှိသည့် အငြိမ့်အကအဖွဲ့တခု တည်ထောင်ခဲ့သည်။
ထို့နောက် မိုးနတ်သူဇာ အမည်ဖြင့် ပြဇာတ်အဖွဲ့ တခုစုစည်းခဲ့ပြီး ကျောင်းသားများ နှစ် ပတ်လည်တွေ့ဆုံပွဲများတွင် ကပြဖျော်ဖြေခဲ့သည်။ မြန်မာ့ ရုပ်မြင်သံကြားတွင် သူ၏အဖွဲ့ သားများ အငြိမ့်ကပြမှု အား ထုတ်လွှင့်ခဲ့ပြီးနောက် ပို၍ နာမည်ကြီးလာခဲ့သည်။



သွားဘက်ဆိုင်ရာ ပညာရပ်များ လေ့လာပြီးနောက် သူသည် အနုပညာအငြိမ့်လောကသို့ ခုန်ဝင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မြပုဏ္ဏမာအငြိမ့်အဖွဲ့ အမည်ဖြင့် မြန်မာ့ ရုပ်မြင်သံကြား တွင် မကြာခဏ ထုတ်လွှင့်ခဲ့သည်။

ဇာဂနာ၏ တွေးတောကြံဆနိုင်မှုများနှင့် စစ်အစိုးရ၏ မအောင်မြင်သော လုပ်ရပ်များကို ပြက်လုံးများဖြင့် သန်း နှင့်ချီသော ပြည်သူများရှေ့တွင် တင်ဆက်ပြသနိုင်ခဲ့သဖြင့် လူအများမှ အံ့သြခဲ့ကြသည်။ သူ၏ နာမည်အကြီး ဆုံးဖြစ် သည့် “သူတောင်းစား ညီလာခံ” ပြဇာတ်၏ ပြက်လုံးများသည် စစ်အာဏာရှင် နေဝင်းနှင့် သူ၏ လက်ပါးစေ များကို အရွဲ့တိုက်ထား ခြင်းကြောင့် ပြည်သူ့အကြိုက်ဖြစ်ခဲ့သည်။

သူငယ်ချင်းများအနေနှင့် သူ၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ပြက်လုံးများ လွှင့်ထုတ်နေသော်လည်း စစ်အစိုးရမှ ဒုက္ခပေးခြင်း၊ ထောင်ကျခြင်းများ မရှိခဲ့ သဖြင့် အံ့သြခဲ့ ကြသည်။

အငြိမ့်သဘင်နှင့် ဇာဂနာ

မြန်မာပြည်တွင် အငြိမ့်သဘင်လောကကို ပြန်လည်ခေတ်စားလာအောင် လုပ်ပေးနိုင်ကြသူများတွင် ဇာဂနာ သည် အဓိကပါဝင်သော အနုပညာသမားတယောက်ဖြစ်သည်။
အငြိမ့်ဆိုသည်မှာ မင်းသမီးတယောက် (သို့) နှစ်ယောက်တို့နှင့် လူရွှင်တော်လေးယောက် (သို့) ငါးယောက်တို့ဖြင့် ကပြဖျော်ဖြေသော အနုပညာလုပ်ငန်း ဖြစ်သည်။

လူရွှင်တော်သည် ပုံမှန်အားဖြင့် မင်းသမီး ကဖို့ရန် ပြင်ဆင်နေသောအချိန်တွင် ပြက်လုံးထုတ်ကာ လူအများရယ်အောင် ပြုလုပ်ကြသူများဖြစ်သည်။
ထိုအချိန်က အငြိမ့်သည် မြို့ကြီးပြကြီးများတွင် ပျောက် ကွယ်လုနီးပါးဖြစ်နေသော အနုပညာရပ်တခုဖြစ်၍ ဇာဂနာ ပါဝင်လာပြီးနောက်ပိုင်း ပြန်လည်သစ်ဆန်းလာခဲ့ သည်။

ဇာဂနာသည် အငြိမ့်သဘင်အနုပညာကို ထူးခြားစွာ ပြောင်းလဲခဲ့သည်။
အငြိမ့်ပြက်လုံးများတွင် လက်ရှိဖြစ် ပျက်နေသည့် အရာများကို နိုင်ငံတော် အုပ်ချုပ်နေသူများ ထံသို့ တိုက်ရိုက်လှောင် ပြောင်ပြော ဆိုခဲ့သည့်အ တွက် မြန်မာနိုင်ငံသား ပေါင်းစုံမှ စိတ်ဝင်စားအားပေးလာခဲ့သလို မြန်မာပြည် အနာဂတ်မျိုးဆက်များသည် လည်း အငြိမ့်သဘင် အနုပညာကို ပြန်လည် စိတ်ဝင်စားလာကြသည်။

အမှန်တော့ ဇာဂနာသည် မြန်မာ့အငြိမ့် သဘင်တွင် အမြဲအသုံးပြုနေသည့် ဟာသပြက်လုံးများ၊ အသံတူ အဓိပ္ပာယ်ကွဲ ဟာသများ တီထွင်ခဲ့သူတော့ မဟုတ်ပေ။
သို့သော် ထိုပြက်လုံးများကို ပြင်ပေးခဲ့သူဖြစ်သည်။
(မြန်မာစာလုံးသည် အသံတူ၊ စာကွဲ ဆိုသည့် စကားလုံးများ အမြောက်အမြားရှိသည့်အတွက်ကြောင့် အဓိပ္ပာယ် နှစ်ခုဖြစ်အောင် ပြောဆိုနိုင်ပေသည်။)



အကျဉ်းထောင် ဘဝ

သို့သော် ၁၉၈၈ ခုနှစ်တွင် အားလုံးပြောင်းလဲခဲ့သည်။ ဇာဂနာသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး တွင် ပူးပေါင်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရသည်။
ထိုအချိန်မှစ၍ (၆) နှစ်ကာလအတွင်းရှိ (၅) နှစ်အချိန်အ တွင်းတွင် ထောင်မှ ဝင်လိုက်၊ ထွက်လိုက်နှင့်သာ မကြာခဏ နေထိုင်နေခဲ့ရသည်။

၁၉၉၄ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီးနောက် ဇာဂနာသည် အငြိမ့်လောကတွင် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ရုပ်ရှင်ထုတ်လုပ်မှု၊ ဒါ ရိုက်တာ၊ ဇာတ်ညွှန်း ရေးသားခြင်းတို့ကို သာ စစ်အစိုးရမှ ခွင့်ပြုခဲ့သည်။

သူ ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကားများ အား စစ်အစိုးရ၏ ရုပ်ရှင်ဆင်ဆာအဖွဲ့အစည်းမှ အမြဲမျက်ခြေမပြတ် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။
သူ၏ ကြောင်နှင့်ကြွက် ဗီဒီယိုသည် စစ်တပ်အစိုးရအား မသိမသာ သရော်ထားမှုများကြောင့် ပရိသတ်အများ သ ဘောကျခဲ့ကြသည်။

၁၉၉၇ ခုနှစ်တွင် စစ်တပ်အစိုးရ၏ ချမှတ်ထားသော ရုပ်ရှင်စည်းကမ်းများကို မလိုက်နာဟုဆိုကာ သူ၏ ရုပ် ရှင်ထုတ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့သည်။
သူသည် ၂၀၀၀ ခုနှစ်တွင် ရုပ်ရှင်လောကတွင် ပြန်လည်ဝင်ခွင့်ရခဲ့သော် လည်း (ဇာတ်သဘင်လောကအတွက်မူ ပိတ်ပင်ခံထားရဆဲဖြစ်သည်)။
၂၀၀၆ ခုနှစ် မေလမှစ၍ ဘီဘီစီ အသံ လွှင့်ဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပါဝင်ခဲ့သည်ဆိုကာ ဇာဂနာ၏ ရုပ်ရှင်ဇာတ်ကားများ ထုတ်ဝေခွင့်အား စစ်တပ်အစိုးရမှ ပိတ်ပင်ခဲ့ပြန်သည်။

၂၀၀၈ ခုနှစ် ဇွန်လဆန်းပိုင်း၌ နာဂစ်လေဘေးကယ်ဆယ်ရေး လုပ်နေစဉ် စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် လှုံ့ဆော်မှု၊ ဗွီဒီယိုအက်ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥ ပဒေ (၃) ခု အပါအဝင် ပုဒ်မ (၅) ခုဖြင့် ထောင်ဒဏ် (၅၉)နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၀၉ ခု၊ ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ်အမှု တမှုလျှင် (၈) နှစ်စီဖြင့် (၂၄) နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ၎င်းမှာ ထောင်ဒဏ် (၃၅)နှစ် ကျခံရမည်ဖြစ်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် အကျဉ်းကျခံနေရသည်။



ကျော်ကြားမှု

၂၀၀၈ မေတွင် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင် များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။
ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံးသတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသ ဖြင့် ဖမ်းဆီးထောင်ချခံရသည်။

ထောင်ဒဏ် (၃၅) နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူ ရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။

နေထိုင်ရာဒေသ

စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

အကျဉ်းထောင်ထဲက ရွှေရတု ဇာဂနာ

ကီလီ ၆ ဟု ခေါ်သည့် ရုပ်ရှင်ရိုက်ကွင်းတည်ရာ နေရာတခုမှာ သူ့ကို လူကိုယ်တိုင် စတွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ လောကဓံ အထုအထောင်းကို ထုသားပေသား ကျနေသည့် ခပ်ပြုံးပြုံး မျက်နှာနှင့်၊ အရာရာကို ရယ်စရာအဖြစ် ကြည့်ကာ သရော် လှောင်ပြောင်ရန် အသင့်ဖြစ်နေပုံ။ သို့ရာတွင် ခင်မင်နှစ်လိုဖွယ်။

သူကတော့ တိုင်းသိပြည်သိ၊ ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာခေါ် ကိုသူရဖြစ်သည်။

zarganar-jail
အငြိမ့်မကခင် ကိုဇာဂနာကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)
၂၀၀၂ ခုနှစ် ဝန်းကျင်ကာလ၊ ထောက်လှမ်းရေး တန်ခိုးထွားနေစဉ် အချိန်ဖြစ်ပြီး ဇာဂနာ ဆိုသည့်အမည်ကို အစိုးရက ပိတ်ပင်ထားသည့် အတွက် မောင်သူရ အမည်ဖြင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူး နေရချိန်ဖြစ်သည်။ သူ့ခေါင်းပေါ်တွင် ဆံပင် တမွေးမျှမရှိ။ ၁၉၉၄ သူ ထောင်ကထွက်ပြီး နောက်ပိုင်း ရုပ်ရှင်နယ်ထဲတွင် ကျင်လည်သည့် တောက်လျှောက် သူ ဆံပင် မထားတော့။

“ဇာဂနာတို့ကတော့ ပြောင်ပြောင်ပဲ” ဆိုသည့်စကား လူအများကြားတွင် ခေတ်စားခဲ့သည်။

စစ်အစိုးရ၏ အခုတမျိုး၊ တော်ကြာတမျိုး မူဝါဒများအတိုင်း လိုက်နာရသူများထဲတွင် စာနယ်ဇင်းများက ထိပ်ဆုံးကပါသည်။ သတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် “မေမြို့” ဟု မရေးရ၊ ပြင်ဦးလွင်ဟု ရေးရမည် ဆိုလျှင် အားလုံး လိုက်ရေးရသည်။ “ထိုင်ဝမ်” မဟုတ် “တရုတ် (တိုင်ပေ)” ဟု ရေးမှ ခွင့်ပြုမည် ဆိုပြန်လျှင်လည်း တရုတ် (တိုင်ပေ) ရပြန်သည်။ ကိုဇာဂနာနှင့် ကျမ ကီလီ ၆ တွင် စတင်ဆုံတွေ့ရသည့် ထိုကာလကတော့ “ထိုင်း” နိုင်ငံကို “ထိုင်း” နိုင်ငံဟု မခေါ်ရ “ယိုးဒယား” ဟုသာ ခေါ်ရမည်ဟု အမိန့် ထွက်ပေါ်နေချိန်ဖြစ်သည်။

ကျမတို့ သတင်းထောက်တွေကို တွေ့သည်နှင့် ကိုဇာဂနာက “ဟေ့ … အားလုံးပဲနော်။ ထိုင်းကို ထိုင်းလို့ ခေါ်ရင် အဖမ်း ခံရမယ်။ ယိုးဒယားလို့ ခေါ်ကြ။ အဲဒီတော့ ငါတို့ ရုပ်ရှင်ရိုက်တဲ့အခါမှာ ဒိုင်ယာလော့ခ်ထဲ နားထိုင်းတာတို့ ဘာတို့ပါရင် နားထိုင်းတယ်လို့မပြောကြနဲ့။ နား ယိုးဒယား ဖြစ်နေတယ်လို့ ပြောကြ” ဟု ရုတ်တရက် ပြောလိုက်သဖြင့် အားလုံး ရယ်ကြရသည်။

ကိုဇာဂနာက အရာရာကို ဟာသဉာဏ်ဖြင့် ရှုမြင်ကာ သရော်ဖို့ချည်း စဉ်းစားနေသည်ဟု ထင်ရသည်။ လူထုကလည်း ဟာသ အသစ် တမျိုးမျိုး ကြားလိုက်ရလျှင် “ဒါ ဇာဂနာ ပြောတာပဲဖြစ်မယ်” ဟု ထင်ကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျမ ကိုဇာဂနာကို မေးကြည့်ဖူးသည်။

နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်ကြီးတဦးက ရေသန့်စက်ရုံတခုသို့ သွားကြည့်ရင်း “ဒီသောက်ရေသန့်တွေကို ဘယ်လိုခေါ်လဲ” ဟုမေးရာ စက်ရုံမှူးက “ပီအိတ်ခ်ျ ဆဲဗင်းလို့ ခေါ်ပါတယ်” ဟု ပြောသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးက “ကောင်းတယ်၊ ကောင်း တယ်၊ နောက်ကို ပီအိတ်ခ်ျ အိတ်တို့ နိုင်းတို့ ရတဲ့အထိ ကြိုးစားကြ” ဟု မှာကြားခဲ့သည် ဆိုသည့် ဟာသတပုဒ် ပြည်သူလူထု ကြားတွင် ပြန့်နှံ့ခဲ့ဖူးသည်။ ထိုပြက်လုံးမှာ ကိုဇာဂနာထုတ်သည့် ပြက်လုံးဖြစ်သည်ဟု လူ အများက ယုံကြည်ကြသည်။

“လူတွေက အစိုးရနဲ့ ပတ်သက်လို့ ရယ်စရာ၊ ဟားစရာ တခုခု ကြားလိုက်ရရင်၊ ဒါ ဇာဂနာပြောတာပဲ၊ ဇာဂနာ ဖောက်တာပဲ ဆိုပြီး ထင်တတ်ကြတယ်။ တကယ်က ကျနော်တို့က ဒီလောက် ခေါင်းမကောင်းပါဘူးဗျာ။ လူတွေက ပိုတော်တာပါ။ သူတို့ ဘာသာ ထုတ်တဲ့ ပြက်လုံးကို ကျနော်ထုတ်တာ ဆိုပြီး နာမည်တပ်တာပါ” ဟု ကိုဇာဂနာက ပြန်ပြောခဲ့သည်။

၁၉၈၈ ခုနှစ်မတိုင်ခင်ကာလ မြန်မာ့ရုပ်မြင်သံကြားတွင် ကိုဇာဂနာနှင့်အဖွဲ့ တင်ဆက်သည့် “မိုးနတ်သူဇာ” အငြိမ့်ကို လူကြိုက်များခဲ့သည်။ တက္ကသိုလ် ဘွဲ့ရ လူငယ်ပညာတတ် လူရွှင်တော်များဖြင့် ဖွဲ့စည်းထားသည့်အငြိမ့်။ ခါးအောက် ပြက်လုံးများ၊ ကလိထိုးရယ်ရသည့် ပြက်လုံးများ မဟုတ်ဘဲ စနစ်တကျ ပညာသားပါပါရယ်ရသည့် ပြက်လုံးများကြောင့် လူထုကြားတွင် ပြောစမှတ်တွင်ခဲ့သည်။

အထိမ်းအမှတ်ပွဲတိုင်း မိုးနတ်သူဇာအငြိမ့်ကို လူတွေမျှော်ကြသည်။ အငြိမ့်ကြည့်ပြီး နောက်တနေ့ မနက်အထိ ညက ကြည့်ခဲ့သော ပြက်လုံးကို ပြန်ပြောင်းပြောကာ ရယ်မောကြသည်။

လက်ရှိ စစ်အာဏာပိုင်များကဲ့သို့ မဟုတ်ဘဲ ဆိုရှယ်လစ် ဒီမိုကရေစီ လက်အောက်တွင် အမြင်မတော်သည်ကို ဝေဖန်ခွင့် အနည်းငယ် ရခဲ့သည်။

နိုင်ငံတော်ပိုင် မီဒီယာကြီးတွင် တင်ဆက်သောပွဲ ဖြစ်သဖြင့် အကန့်အသက်နှင့် ပြက်လုံးထုတ်ရသော်လည်း နှစ်ခွ အဓိပ္ပာယ် သက်ရောက်သော ပြက်လုံးများကို မိုးနတ်သူဇာ လူရွှင်တော်များက ထုတ်သကဲ့သို့ ပရိသတ်ကလည်း အတွေးဖြန့်ကာ ရယ်မောတတ်ခဲ့ကြသည်။ အာဏာရှင်ကို သရော်လှောင်ပြောင်းခြင်းဖြင့် လူထု ဘဝင်ကို ဆွဲငင်သော ကိုဇာဂနာအား အာဏာရှင်တို့ မျက်မုန်းကျိုးသည် ကတော့ မဆန်းလှပေ။

နောက်တော့ မြပုဏ္ဏမာ အငြိမ့်။ အငြိမ့်အမည်ပြောင်းသော်လည်း၊ မင်းသမီးနှင့် လူရွှင်တော်များ အလဲအလှယ် အနည်းငယ် ရှိသော်လည်း ကိုဇာဂနာဦးဆောင်သည့် ပြက်လုံးခွင်များကတော့ ထုံးစံအတိုင်း မပြောင်းမလဲ။

ကိုဇာဂနာ၏ “သူတောင်းစား ညီလာခံ” ဇာတ်လမ်းတိုကတော့ ထိုခေတ်ပရိသတ်ကြားတွင် ရေပန်းအစားဆုံး ဖြစ်သကဲ့သို့ အာဏာရှင်များကို မခံချိမခံသာ ဖြစ်စေသော ဇာတ်လမ်းဖြစ်ခဲ့သည်။

စစ်အာဏာရှင် အစိုးရလက်အောက်တွင် နေရသူများအတွက် ထွက်ပေါက်ဆို၍ စိတ်တခုသာ ရှိပါသည်။ မြန်မာပြည်သူ လူထု အနေဖြင့် လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ အနုပညာကို ထုတ်ဖော်ပြသခွင့်များ နည်းပါး ဆိတ်သုဉ်းခဲ့သည်မှာ ၁၀ စုနှစ် ၄ ခုမက ရှိပြီဖြစ်သည်။ ထို့ကြောင့်လည်း လူထုက ရယ်စရာကို မက်မောကြသည်။ ရယ်စရာကို ရှာဖွေကြသည်။ ကိုဇာဂနာကတော့ လူအများ၏ စိတ်ထွက်ပေါက်အဖြစ် ရှာဖွေနေရသည့် ပြက်လုံးများကို လူထုထဲသို့ အရောက် ပို့ပေးသူဖြစ်သည်။

ကိုဇာဂနာနှင့် ကာလကြာရှည် အလုပ်တွဲလုပ်၊ အတူနေထိုင်ခဲ့သူ ပန်းချီထိန်လင်းက ကိုဇာဂနာ၏ ရဲရင့်သော ပြက်လုံးများ အကြောင်းကို “ကြောက်မွေးပါ ဇာဂနာနဲ့နုတ်” ဟူသောဆောင်းပါးအဖြစ် ကောင်းကင် အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

၁၉၈၈ ခုနှစ်မတိုင်ခင်က ပေါက်မြို့တွင် ကိုဇာဂနာတို့ အဖွဲ့ ကခဲ့ကြစဉ် နတ်ဝင်သည် လုပ်ကြသည့် ပြက်လုံးခွင်၌ ကိုဇာဂနာက “ငါ့ကို မရိုမသေ မလုပ်နဲ့ နင့်ဦးလေး ငွေစက္ကူ ၇၅ ကျပ်တန်တွေ တရားမ၀င် ဖြစ်ကုန်တာ ဘယ်သူလုပ်တယ် ထင်သလဲ” ... လို့ မေးသောအခါ လူရွှင်တော် တက်တူနှင့် ကိုချစ်စရာတို့က ..  “အဲဒါ အမေလုပ်တာလား” ဟု ထောက်မေးရန် ဖြစ်သော်လည်း ထိတ်လန့်ကာ ထောက်မပေးတော့ဘဲ ပြက်လုံးအသွားကို ပိတ်ထားကြသည့် အဆုံးတွင် ကိုဇာဂနာက .... “အဲဒါ .. ပုံ/ စိန်လွင် လုပ်တာဟေ့” ဟု ပြက်ခဲ့ကြောင်း ကိုထိန်လင်းက ရေးသားထားသည်။ နာမည်ကျော် ဗိုလ်ချုပ်စိန်လွင်ကို ပြက်ခဲ့ခြင်းဖြစ်သည်။

၎င်းနောက် လူထုကြားတွင် ကောလာဟလလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးများက ကိုဇာဂနာကို ပြက်လုံးခေါ် ထုတ်ခိုင်းသည်၊ ကိုဇာဂနာက မကြောက်မရွံ့ဖြင့် သူတို့ကို ပြန်၍ သရော်လှောင်ပြောင်ခဲ့သည်၊ ကိုဇာဂနာကို ထောင်ထဲ ထည့်လိုက်ပြီ … စသည်ဖြင့်။ ထိုစဉ်က မဆလ ခေါင်းဆောင် ဦးနေဝင်းကတော့ “လူရွှင်တော်ပဲ ဒီလောက်တော့ ပြက်မှာပေါ့” ဟု ပြောကြောင်း ကိုထိန်လင်း ရေးသားထားသည်ကို ဖတ်ရသည်။

သေချာသည်ကတော့ ကိုဇာဂနာကို ၂၀၀၆ ခုနှစ်နောက်ပိုင်း လူထုရှေ့တွင် လုံးဝ အငြိမ့်ကခွင့်၊ ပြဇာတ်စင်တင်ခွင့် မပေးတော့ပေ။ ရုပ်ရှင်၊ စာပေ စသည့်အနုပညာတို့က ဆင်ဆာကို ဖြတ်ရသည်။ ဆင်ဆာက ဖြတ်ချင်တာဖြတ်ချပြီးမှ ပုံနှိပ်ခွင့်၊ လူထုကြား ဖြန့်ချိခွင့်ရသည်။ အငြိမ့်၊ သဘင်၊ ပြက်လုံးခွင် ကျတော့ ပွဲမစခင် ဆင်ဆာရှေ့တွင် တမျိုး ကပြပြီး တကယ့်တကယ် စင်တင်သောအခါကျမှ ကိုယ်ပြောချင်ရာ ပြောချလိုက်လို့ရသည်။ ကိုဇာဂနာက ထိုအခွင့်အရေးကို အမိအရ အသုံးချခဲ့သည်။ ထို့ကြောင့်လည်း သူ့ကို အာဏာရှင်တို့က အငြိမ့်ကခွင့် ပိတ်ခြင်း ဖြစ်သည်။

ထိုအခါ ကိုဇာဂနာက မောင်သူရ အမည်ဖြင့် ရုပ်ရှင်ရိုက်သည်၊ ဒါရိုက်တာလုပ်သည်၊ သရုပ်ဆောင်လုပ်သည်။ ထို့ထက်ပို၍ မျိုးဆက်သစ် လူရွှင်တော်များကို မွေးထုတ်သည်။ ထိုလူရွှင်တော်များဖြင့် စင်တင်ပွဲများ ရအောင်လုပ်သည်။ သီးလေးသီးနှင့် ဂေါ်ဇီလာကို လူတိုင်း သိပါသည်။ ကိုဇာဂနာ၏ လမ်းညွှန်မှုဖြင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး မျှော်စင်ကျွန်း စင်တင်ပွဲက ဝက်ဝက်ကွဲ လူသိများခဲ့သလို အာဏာရှင်များပင် ယင်း မျှော်စင်ကျွန်းအခွေကို တောင်းယူကြည့်ရသည်ဟု သိရသည်။

ကိုဇာဂနာကို လူချင်း နောက်တကြိမ်ဆုံတာကတော့ စာရေးဆရာ တာရာမင်းဝေ၏ ဈာပနတွင်ဖြစ်သည်။ ထိုတကြိမ်က ကျမနှင့် လူချင်း ဆုံတွေ့သည်မှာ နောက်ဆုံးဟု ဆိုရပေလိမ့်မည်။ ရွှေဝါရောင်တော်လှန်ရေး ကာလကတော့ သံဃာတော် များကို ဆွမ်းကပ်လှူနေသည့် ကိုဇာဂနာကို ဓာတ်ပုံများတွင် မြင်တွေ့ရသည်။ ကိုကျော်သူနှင့် အတူတူ ဖြစ်သည်။

၂၀၀၈ မေလ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းလွန် ကာလတွင် ကျမ ဧရာဝတီမဂ္ဂဇင်း၌ သတင်းထောက် တာဝန်ယူနေပြီဖြစ်သည်။ ထိုစဉ်က ကိုဇာဂနာနှင့် ဖုန်းပြောခွင့်ရသည်။

“ခဏနေ မြစ်ဝကျွန်းပေါ်ဘက်ကို ထွက်တော့မှာ။ ပစ္စည်းတွေ တင်နေပြီ။ ကျနော့်မှာက မိတ်ဆွေ အပေါင်းအသင်း စုံတယ်၊ အသိုင်းအဝန်းကလည်း ကျယ်တော့ ကူတဲ့သူက များတယ်” ဟု ကိုဇာဂနာက ပြောခဲ့သည်။

ဖုန်းထဲတွင် ပစ္စည်းများ တင်ချနေသံ၊ ဝိုင်းဝန်းနေသည့် လူသံများကို ကြားရသည်။ ပင်ပန်းနေသည့်ကြားက ကိုဇာဂနာ့အသံက တက်ကြွနေသည်။ သူ ကျင်လည်ရာ အနုပညာ အဝန်းအဝိုင်းက ပံ့ပိုးမှုများကို သူ အားရကျေနပ်နေပုံရ၏။

“လူတွေ မရောက်နိုင်တဲ့ဒေသ၊ မသွားနိုင်တဲ့ဒေသတွေ အများကြီး ကျန်သေးတယ်ဗျာ။ ကျနော်တို့ လူခွဲပြီး သွားကြမှာ။ အဲဒီလို သွားဖို့ ခက်ခဲတဲ့ ဒေသတွေကို ပိုသွားနိုင်အောင်ကြိုးစားမယ်” ဟု ကိုဇာဂနာက ပြောသည်။ သူ့ အသံထဲတွင် စေတနာကို မြင်နေရသည်။ လူ သိန်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ် ဒေသကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် ကရုဏာ သက်နေမည့် ကိုဇာဂနာကို ကျမ မမြင်ရဘဲ ဖုန်းပြောရင်း ခန့်မှန်းလို့ရသည်။

ထိုစဉ်က ကိုဇာဂနာ့အသံကို ယခုအထိ ထပ်ကြားရလိမ့်မည် မဟုတ်ဟု ကျမ မထင်မိခဲ့။ သူ နာဂစ်ဆိုင်ကလုန်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် အတောအတွင်း ၂၀၀၈ ဇွန်လ ၄ ရက်နေ့တွင်ပင် အာဏာပိုင်များက သူ့ကို ဖမ်းဆီး သွားခဲ့ကြ သည်။

အင်းစိန်ထောင် တရားရုံးက အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် အနည်းဆုံး ပုဒ်မ ၅ ခုနှင့် တရားစွဲဆိုခဲ့ပြီး ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင်တော့ အီလက်ထရွန်နစ် အမှုတခုအတွက် ထောင်ဒဏ် ၈ နှစ်စီနှင့် စုစုပေါင်း ၂၄ နှစ် လျှော့ပေါ့ပေးခဲ့သောကြောင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။

ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ သူ့အသက် ၅၀ ပြည့်သည့် မွေးနေ့တွင်တော့ သူသည် ရန်ကုန်နှင့် မိုင် ၉၀၀ ကျော်အကွာက မြစ်ကြီးနား အကျဉ်းထောင်တွင် ရှိနေရသည်။

ကိုဇာဂနာကို အာဏာပိုင်များက ထောင်ဝင်စာပိတ်ထားသည်မှာ ၈ လခန့်ရှိပြီ ဖြစ်ကြောင်း မိသားစုဝင်တဦးဖြစ်သူ မငြိမ်းက ပြောသည်။

လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေနှင့် မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးတို့က ၁၉၆၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။

သူ၏ ငွေရတု မွေးနေ့ကို စစ်အစိုးရ၏ အကျဉ်းထောင်ထဲ၌ ကျင်းပနေရမည့် ကိုဇာဂနာသည် ၎င်း၏ မိခင်ကြီးနှင့် ဖခင်ကြီး၏ ဈာပန အခမ်းအနားများကိုလည်း တက်ခွင့်မရခဲ့ပေ။

“တခြားသူတွေ ထောင်ဝင်စာ သွားရင်မှာလိုက်တာပဲ ရှိတယ်။ ဒါပေမယ့်ဒီနှစ်က ရာသီဥတု အရမ်းဆိုးတော့ တခြားသူ တွေလည်း မသွားနိုင်တာ ၁ လလောက်ရှိပြီ။ အဆက်အသွယ်ပြတ်နေတာပေါ့။ ကျမတို့ကတော့ ရာသီဥတုဒဏ်ကြောင့် သူ လေတွေဘာတွေ ဖြန်းမသွားပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု မငြိမ်းက ပြောသည်။

ကိုဇာဂနာအား The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုသည့် အဖွဲ့အစည်းက ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန် နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကိုဇာဂနာက မည်သည့် တာဆီးပိတ်ပင်မှုများ၊ အခက်အခဲများ ကြုံတွေ့ရသည်ဖြစ်စေ ပျော်ရွှင်နေတတ်ကြောင်း သူ၏ အနုပညာ မိတ်ဆွေ၊ လူမှုရေးအတူလုပ်ဘက် သရုပ်ဆောင် ကိုကျော်သူကလည်း ပြောပြသည်။

ယခင်လက ကျင်းပခဲ့သည့် ကိုကျော်သူ့ အနုပညာပြပွဲတွင်လည်း ကိုဇာဂနာ အမှတ်တရအဖြစ် ခင်းကျင်းပြသခဲ့သေးသည်။ ကိုကျော်သူနှင့် ကိုဇာဂနာက “ဘာဘာ ဘာမှမသိ” “ပုဏ္ဏားဘကွန်း” စသည့် ရုပ်ရှင်ကားများတွင် အတူ သရုပ်ဆောင်ခဲ့ ကြသည်ကို အမှတ်ရသည့် အနေဖြင့် ထိုသို့ခင်းကျင်းခဲ့ကြောင်း ကိုကျော်သူက ပြောသည်။ ကိုကျော်သူ၏ အခင်းအကျင်းက ဟာသသဘော၊ သရော်သည့်သဘော သက်ရောက်နေသည်။

ကိုဇာဂနာ့ ဓာတ်ပုံများနှင့် အတူ လက်ရှိမြန်မာ့ရုပ်ရှင်တွင် အသုံးပြုနေသော ကင်မရာကြီးကို ချိုင်းထောက် တပ်ပေးထားကာ “မြန်မာ့ရုပ်ရှင် ကမ္ဘာလွှမ်းစေရမည်” ဟု စာတန်းချိတ်ထားခဲ့ခြင်း ဖြစ်သည်။

kyioo-nann-thura
ကိုဇာဂနာမိသားစုနှင့် လူရွှင်တော် ပိန်ပိန် (ဓာတ်ပုံ - မိုးမခ)
ကိုကျော်သူက “ကျနော်ဒါရိုက်တာလုပ်တဲ့ ဇာတ်ကြမ်း ဆိုတဲ့ကားနယ်ထွက်ရိုက်တော့ ကိုဇာဂနာလည်းပါတယ်။ မိုးတွေက ချနေတော့ ဇာတ်ကားက စလို့မရဘူးဖြစ်နေတာ။ အဲဒီမှာ အဖွဲ့သားက ၅၀ ကျော်လောက်ဆိုတော့ အားလုံး စိတ်ညစ်နေကြ တာပေါ့။ တရက်တော့ ကားရိုက်လို့ရလိုရညား ဆိုပြီး စိတ်ညစ်ညစ်နဲ့ ကျနော်က အပြင်ထွက်ပြီး ကောင်းကင်ကို မော့ကြည့်ချိန် သီချင်းသံ ကြားရတယ်။ အဲဒါ ကိုဇာဂနာပဲ။ သူကတော့ ဘာပဲဖြစ်နေဖြစ်နေ ပျော်ပျော်ပဲ” ဟု ကိုဇာဂနာ့ အမှတ်တရ ပြန်ပြောပြသည်။

ကိုဇာဂနာက အကျဉ်းထောင်ထဲတွင်လည်း ပျော်ရွှင်စွာနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သူ့အတွက် ကျန်းမာရေးတခုသာ စိုးရိမ်ကြောင်း ကိုကျော်သူက ဆိုသည်။

“တခါက သူနဲ့အတူတူ ကားရိုက်နေတုန်း သူ့ခေါင်းက သွေးတွေယိုတာ ကြုံဖူးတယ်။ အဲဒီလိုမျိုး ထပ်ဖြစ်မှာ စိုးရိမ်တယ်။ သူ့မွေးနေ့မှာ သူ ကျန်းမာပါစေ၊ ကျနော်လုပ်တဲ့ကုသိုလ်တွေ အမျှဝေတယ်၊ သူရပါစေ လို့ပဲ ဆုတောင်းပေး ချင်ပါတယ်” ဟု ကိုကျော်သူက ဆက်ပြောသည်။

ကိုဇာဂနာ၏ မွေးနေ့အမှတ်တရအဖြစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် သူ့တပည့်များဖြစ်ကြသော သီးညီအစ်ကို အဖွဲ့က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အငြိမ့်ကကြမည်ဖြစ်သည်။ ရသည့် ငွေကို ကိုဇာဂနာ့အတွက် လှူဒါန်းမည်ဟု ဆိုသည်။

ကိုဇာဂနာ၏ တပည့်တဦးဖြစ်သော လူရွှင်တော် ဇီးသီး၏ ပြောပြချက်အရ ကိုဇာဂနာသည် အကျဉ်းထောင်ထဲတွင်လည်း ပြက်လုံးများထုတ်နေကြောင်း၊ သူ့အဆောင်ကို နေ့ဆိုင်း၊ ညဆိုင်း ခွဲ စောင့်ရသည့် ဝန်ထမ်းများအား “မင်းတို့လည်း ငါ့လို ထောင်ကျ နေတာပါပဲကွာ။ စဉ်းစားကြည့်။ ငါက အနှစ် ၂၀ ကျရင် မင်းတို့က ထောင် ၁၀ နှစ် ကျနေတာနဲ့ မတူဘူးလား” ဟု ပြောလေ့ရှိကြောင်း၊ ထောင်ဝန်ထမ်းများနှင့် မိတ်ဆွေဖြစ်သွားလေ့ ရှိသောကြောင့် အာဏာပိုင်တို့က ကိုဇာဂနာ၏ အဆောင်ကို စောင့်သော ဝန်ထမ်းများအား မကြာခဏ အလဲအလှယ် လုပ်ပေးရလေ့ရှိကြောင်း သိရသည်။

ကိုဇာဂနာ့ မိတ်ဆွေ ကိုထိန်လင်းကတော့ သူ့ဆောင်းပါးထဲတွင် ကိုဇာဂနာ၏ ဒိုင်ယာရီ စာအုပ်အကြောင်း ထည့်ရေးထားသည်။ ကိုဇာဂနာက ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်မည်ဟု သူ့ဒိုင်ယာရီထဲတွင် ဖော်ပြထားကြောင်း၊ ယခုထိလည်း ရန်သူကို မိတ်ဆွေဖြစ်စေရန် ကြိုးစားနေကြောင်း ရေးသားထားသည်ကို ဖတ်ရသည်။

ကိုထိန်လင်းကို ကျမက ကိုဇာဂနာအား စာတကြောင်းတည်းနှင့် ပေါ်လွင်အောင် သရုပ်ဖော်ပေးရန် တောင်းဆိုခဲ့သည်။

သူက ဇာဂနာ ဆိုသည်မှာ “လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်အတွက် ပိတ်နေတဲ့ပါးစပ်တွေကို ဟာသနဲ့ ဆွဲဖွင့်သူ” ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။     ။

ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်

စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု သိရသည်။

“ရက်က နီးကပ်နေပြီဆိုတော့ ဒီအတိုင်းပဲ လွှတ်တော်တက်ကြမှာပါ။ လာမယ့် အစိုးရ သစ်အတွက်တော့ ဖွဲ့စည်းပုံ အတိုင်းပဲသွားမှာပါ” ဟု ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်  ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။

Clad-in-traditional-dress
(ဓာတ်ပုံ - အေပီ)
ဦးခင်ရွှေသည် စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့်အပြင် လာမည့်အစိုးရသစ်အတွက် သမ္မတရာထူးနေရာ တစ်ပြေးနေသော စစ်အစိုးရ၏ နံပါတ် ၃ အဆင့်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူလည်းဖြစ်သည်။

လွှတ်တော်မတိုင်မီ လက်ရှိဝန်ကြီးများအားလုံးသည် ရာထူးများစွန့်လွှတ်၍ လွှတ်တော်တက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ကြားဖြတ်အစိုးရသစ်တရပ် ပေါ်လာမည်ဟုလည်း အတည်မပြုနိုင်သော သတင်းများ ထွက်နေသည်။

သို့ရာတွင် ဦးခင်ရွှေက “လတ်တလောမှာတော့ ကြားဖြတ်အစိုးရ ပေါ်မယ့် အသံမကြားသေးပါဘူး” ဟု ဆိုသည်။

နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထဆုံး ခေါ်ယူမည့် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို နေပြည်တော်၌ ကျင်းပမည် ဖြစ်သည်။

လာမည့် အစိုးရသစ်တွင် သူရဦးရွှေမန်းသည် သမ္မတ ရာထူး တစ်ပြေးနေသကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များထဲမှ ဦးခင်ရွှေသည်လည်း ဒုတိယ သမ္မတ တဦးအဖြစ် သတင်းများထွက်ပေါ် နေခြင်းအပေါ် ဦးခင်ရွှေက “ဒါတွေက နိုင်ငံတော်က လုပ်ဆောင်ရမယ့် ကိစ္စတွေပါ။ ကျနော်က စီးပွားရေးသမားဆိုတော့ ဒီရာထူးတွေထက် စီးပွားရေးကိုပဲ ပိုပြီး စိတ်ဝင်စား ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော်မတိုင်မီ နောက်ဆုံးအစည်းအဝေးကို နေပြည်တော်၌ မနက်ဖြန်တွင် ကျင်းပမည်ဟု သိရသည်။

ထိုအစည်းအဝေးမှ လွှတ်တော်အတွက် တာဝန်ယူမည့် ရာထူးများ၊ အစိုးရသစ်အတွက် တာဝန်များကို ရွေးချယ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက “ပါတီရဲ့ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမှာပါ။ ကျနော်လည်း သေသေချာချာ တော့မသိသေးဘူး” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးသို့ ရွေးကောက်ခံ ပါတီဝင်ကိုယ်စားလှယ် အားလုံး တက်ရောက်ကြမည်ဟု သိရသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်တက်ရမည့် ကိုယ်စားလှယ်များသည် ယနေ့မှစ၍ ၂၉ ရက်နေ့အထိ နေပြည်တော်သို့ ရောက်ရှိသတင်းပို့ပေးရမည် ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအလိုက် သတ်မှတ်ချိန် အတိအကျ သတင်းပို့ရမည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာ ဒေသ မြို့တော်များ၌ ကျင်းပမည် ဖြစ်သည်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေးများတွင် ဒုတိယ သမ္မတ ၃ ဦးအဖြစ် စစ်တပ်ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ အရပ်သားများထဲမှ ၂ ဦးတို့ကို ရွေးချယ်ကြမည်ဖြစ်ပြီး လွှတ်တော်၏ သဘာပတိ၊ ဥက္ကဋ္ဌ ရာထူးများကိုလည်း ရွေးချယ်ကြမည် ဟု ဦးခင်ရွှေကပြောသည်။

ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ် တင်မြှောက်ရမည်ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင် ရှိရမည် ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုထားသည်။

လူ့အခွင့်အရေးနေ့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

ကျွန်မအားပေးစကားပြောစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိသားစုတွေက အားရှိပြီးသားဖြစ်လို့ပါ။
ဒီမိသားစုတွေက ကျွန်မကိုပြန်ပြီးအားပေးရမှာပါ။ အင်အားပြည့်ပြီးသားလူတွေကို အားပေးစကားပြောစရာမလို ဘူးလေ။
ကျွန်မတို့ ပထမအစီအစဉ်ကတော့ သိပ်ပြီးတော့ ရှည်ရှည်ကြီးလုပ်မှာ မဟုတ်ပါဘူး။

အဓိကကတော့ ကျွန်မတို့ နိုင်ငံရေးသမားအကျဉ်းသမားတွေရဲ့ မိသားစုများရဲ့ ရှိနေတဲ့အခက်အခဲတွေကို နားထောင်ဖို့ပါပဲ။ နားထောင်ဖို့အတွက် နားထောင်ရုံတင်မဟုတ်ဘူး။ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတဲ့ နည်းကို ကျမတို့ရှာဖို့ပါပဲ။ ကျမတို့ ပဏ္ဍိတာရာမမှာ ကိုဌေးကြွယ်ရဲ့-------------ကျင်းပတော့ တွေ့တဲ့အခါက တချို့အခက်အခဲတွေကို ပြောခဲ့ပါတယ်။ အဲဒါတွေလည်း ကျမစပြီးတော့ လုပ်နေပြီဆိုတာ ပြောပါရစေ။ ဒီအခါမှာလည်း ပြည့်ပြည့်စုံစုံပေါ့နော်။ ပိုပြီးတော့ဘာတွေဖြစ်စေချင်သလဲ။ ဘယ်လိုအခက်အခဲတွေရှိသလဲ။ တချို့ဟာတွေကတော့ ဥပဒေအရဆိုရင် သူတို့မှာ ရပိုင်ခွင့်တွေရှိတယ်။ ဒါကြောင့်မို့လို့ ဦးဥာဏ်ဝင်းက ဒီကိစ္စနဲ့ပတ်သက်လို့ပြောမှာပါ။ နိုင်ငံရေးအကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ ရဲဖော်ရဲဖက်တွေရော အကျဉ်းကျမိသားစုတွေရော ဥပဒေအရ ဘာတွေအခွင့်အရေးတွေရှိတယ် ဆိုတာကို မသိကြဘူး။

မသိတဲ့အခါကြတော့ လုပ်သမျှကို ခံနေရတဲ့သဘောပေါ့နော်။ အဲတော့ ကျမကတော့ ဥပဒေဘောင်အတွင်းကနေပြီးတော့ ကိုယ်လုပ်နိုင်တာကိုလုပ်ရမယ်။ လုပ်သမျှခံနေလို့ မဖြစ်ဘူး။ ကျမတို့က ဥပဒေစိုးမိုးရေးကို ယုံကြည်တယ်ဆိုရင် ကိုယ့်ရဲ့ ဥပဒေဘောင်အတွင်းက ရပိုင်ခွင့်တွေအတွက်တော့ ဆောင်ရွက်ရဲရမယ်။ တောင်းဆိုရဲ ရမယ်။ တောင်းဆိုရဲရမယ်ဆိုတာ ပါးစပ်တင်မဟုတ်ဘူး။ ဥပဒေလမ်းကြောင်းအရ ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒီ့ဟာတွေသိဖို့လိုပါတယ်။

အဲဒါကြောင့်မို့ ကျမတို့ ရှေ့နေအကျိုးဆောင်ကြီးဖြစ်တဲ့ ဦးဥာဏ်ဝင်းကနေပြီးတော့ ရှင်းပြမှာပါ။
ဦးသန်းလင်း ကတော့ ကျမတို့တွေရဲ့ နိုင်ငံရေးအကျဥ်းသားများအတွက် လူမှုအထောက်အကူအဖွဲ့ဆိုတာ ဖွဲ့ထားပါတယ်။ ဘာဖြစ်လို့လူမှုအထောက်အကူအဖွဲ့လို့ မှဲ့ထားရလဲဆိုတော့ နိုင်ငံရေးအကျဉ်းသူတွေပါ မကဘူး အကျဉ်းကျမိသားစုတွေကိုပါ ကျမတို့ကနေပြီးတော့ ကူညီနိုင်လို့ ဒါကြောင့်မို့ လူမှုအထောက်အကူအဖွဲ့လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

ကျမတို့ အဓိကကတော့ ကျမ်းမာရေးပေါ့နော်။ ကျမ်းမာရေး၊ ဥပဒေဆိုင်ရာကူညီရေး နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားမိသားစုများရဲ့ သားသမီးများပေါ့။ ကလေးများရဲ့ ပညာရေး အဲဒီ့သုံးခုကို ကျမတို့တတ်နိုင်သမျှ လုပ်ပေးပါတယ်။ အဲဒီ့ဟာမှာ ကျမတို့ မူတစ်ခုရှိပါတယ်။

ကိုယ့်ယုံကြည်ချက် အတွက်ကြောင့်မို့ အကျဥ်းချခံထားရတဲ့သူများထဲက ငွေရေးကြေးရေးမတတ်နိုင်လို့ ကျမ်းမာရေးကို မတတ်နိုင်ဘူးဆိုတာ မရှိစေရပါဘူး။ အဲဒါကြောင့် ကျမတို့ ကျမ်းမာရေးကို အဓိကထားပါတယ်။ နောက်ပြီးတော့ ဥပဒေဆိုင်ရာ အထောက်အကူပေါ့။  ကျမတို့နိုင်ငံရေးအကျဉ်းကျများပဲဖြစ်ဖြစ်။ အကျဉ်းကျမိသားစုများဘဲဖြစ်ဖြစ်ပေါ့နော် ဥပဒေလမ်းကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပိုက်ဆံငွေရေးကြေးရေး မလုံလောက်လို့ မရနိုင်ဘူးဆိုတာ မဖြစ်စေရဘူး။ ကျမတို့ အဲဒီ့မူအတိုင်းသွားပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ ရှေ့နေအကျိုးဆောင်များက ဘာမှအကျိုးဆောင်ခမယူဘဲနဲ့ လုပ်ပေးပါတယ်။ ကျမတို့ကလည်း ကုန်ကျမယ့်ကိစ္စတွေအားလုံး ပံ့ပိုးပေးပါတယ်။ နောက်တစ်ခုကတော့ ပညာရေးပေါ့နော်။

ကိုယ့်ရဲ့မိဘတွေ၊ ကိုယ့်ရဲ့သားသမီးတွေ သားသမီးတွေဆိုတာ ဆိုတော့ ပညာရေးပေါ့နော်။ မထိခိုက်အောင်လို့ မိဘတွေက ထောင်ကျသွားခဲ့ရင် သားသမီးတွေရဲ့ ပညာရေးမထိခိုက်နိုင်ဖို့ ကျမတို့ ဘယ်လိုကူနိုင်မလဲဆိုတာ အဲဒီ့ဟာကိုလည်း ကျမတို့ ဦးတည်ပြီးတော့လုပ်ပါတယ်။ အထူးသဖြင့်ပေါ့ ကလေးတွေ။ မူလတန်း၊ အလယ်တန်း အထိပေါ့ မိဘတွေက ထောင်ကျနေတယ်။ အကျဉ်းကျနေလို့ ငွေရေးကြေးရေး အလုံးလောက်လို့ ကျောင်းမနေရဘူးဆိုတဲ့ ကျမတို့ အဲဒီ့မူနဲ့ သွားပါတယ်။ တက္ကသိုလ်ပညာရေးအဆင့်ကျတော့ ကျမတို့ အမြဲတမ်း မကူညီနိုင်ပါဘူး။ ဒါပေမယ့် တော်တော်များများတော့ ကျမတို့ကူညီနိုင်ခဲ့ပါတယ်။
ကျမတို့ဆိုရင် ဆေးတက္ကသိုလ်ကို သွားနိုင်လောက်အောင်အထိ ကူညီနိုင်တဲ့အခွင့်အရေးတွေလည်း ကျမတို့မှာရရှိတယ်။ အဲဒါကြောင့် နိုင်ငံရေးအကျဥ်းကျ မိသားစုတွေအနေနဲ့ အားငယ်စရာလည်းမလိုပါဘူး။ အားလည်းမငယ်ပါဘူးဆိုတာ ကျမတို့သိပါတယ်။ အင်အားအပြည့်နဲ့ နှစ်နဲ့ချီပြီးတော့ ခံခဲ့ရတဲ့မိသားစုတွေက အများကြီးပဲ အဲဒီ့မိသားစုတွေက ကျမတို့ကို ပြန်ပြီးတော့ သင်ပေးစရာရှိရင်လည်းသင်ပေးပါ။ အကြံဥာဏ်ပေးစရာရှိရင်လည်း အကြံဥာဏ်ပေးပါ။ အားမငယ်သူကို လက်တွဲပြီးတော့ လုပ်မှကျမတို့က တောင့်တောင့်တင်းတင်းနဲ့ ခံနိုင်ရည်တင်မကဘူး။ ခံနေဖို့ပဲမဟုတ်ဘူးနော်။ တိုးတက်အောင်လည်းလုပ်ရမယ်။ ရှေ့ကိုလည်း ဆက်သွားရမယ်။ ခံချည်းခံနေတာကြီးတော့ ကျမကသိပ်ပြီးတော့ ၀ါဒနာမပါဘူး။ အဲတော့ ကျမတို့နိုင်ငံရေးအကျဥ်းကနေသူတွေကလည်း ထိုင်ပြီးတော့ ခံနေလို့တော့ ဘာမှမဖြစ်လာဘူးဆိုတာကို ယုံကြည်လို့ပဲ မြန်မာကိုချစ်တဲ့အတွက် အထဲရောက်နေတာပေါ့လေ။ အဲတော့ ကျမတို့အားလုံးဟာလက်တွဲပြီးတော့ တယောက်နဲ့ တယောက် ဘယ်လိုအားဖြည့်ပေးမလဲ။ ဘယ်လိုပံ့ပိုးပေးမလဲ။ လက်တွေ့ကျကျ ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ အဲဒါတွေကို ဆွေးနွေးဖို့ ဒီနေ့အခမ်းအနားလေးကို ခေါ်တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်နေတော့ အင်မတန်မှ သင့်တော်တယ်လို့ ကျမတို့ထင်ပါတယ်။ ဒီမြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအများစုဟာ အားလုံးလိုလိုပါပဲ။  လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အဖြေတွေပါ။အခြေခံအားဖြင့်တော့ လူ့အခွင့်အရေးပေါ့။ နိုင်ငံရေးလို့ဆိုရင်လည်း နိုင်ငံရေးဆိုတာကို နိုင်ငံရေးလုပ်ပိုင်ခွင့်ဆိုတာကိုက လူ့အခွင့်အရေးတစ်ရပ်ပဲ။ အဲဒါကြောင့်မို့ ကျမတို့အခု လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေးအတွက် အကျဉ်းကျခံနေရတဲ့ လူပုဂ္ဂိုလ်များရဲ့ မိသားစုတွေကို ဘယ်လိုကျမတို့ ဆထက်တပိုးတိုးပြီးတော့ ကူညီပံ့ပိုးနိုင်မလဲဆိုတာကို အဖြေရှာဖို့ကျမတို့ ကျင်းပတာပါ။ အဲဒါလေးကို အားလုံးဝိုင်းပြီးတော့ ကူညီလိမ့်မယ်လို့ကျမတို့ယုံကြည် ပါတယ်။ ကျေးဇူးတင်ပါတယ်။

Wednesday, January 26, 2011

NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် မပြုလျှင်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးလျှင် အမေရိကန် အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် စဉ်းစားမည် မဟုတ်ကြောင်း အမေရိကန် အဆင့်မြင့် သံတမန်တဦးက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက အင်ဒိုနီးရှား အခြေစိုက် ဂျကာတာပို့စ် သတင်းစာကို အင်္ဂါနေ့က အထက်ပါအတိုင်းပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၁ အတွက် အာဆီယံ ဥက္ကဌ ဖြစ်သည်။

ဂျိုးဇက် ဝိုင် ယွန်းက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းရန် မစဉ်းစားမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရန်၊ နိုင်ငံနှင့်အ၀န်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည့် အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် ပြောခဲ့သည်။

ဂျိုးဇက် ဝိုင် ယွန်း၏ ပြောကြားချက်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးရေး ပြောဆိုပြီး တပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများတွေ့ဆုံရာ၌ “မနှစ်က မြန်မာပြည်မှာ ကျင်းပသွားတဲ့  ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေအပေါ်မှာ အပြုသဘောဆောင်ပြီး တုံ့ပြန် သွားသင့်တယ်”ဟု ပြောခဲ့ကြကြောင်း ဂျကာတာပို့စ် တွင် ပါရှိသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်း ပေးရန် ပြောကြားရာတွင် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များကို ထုတ်ဖော်ပြောဆိုခဲ့သေးကြောင်းလည်း သိရသည်။

“အာဆီယံ ၀န်ကြီးတွေ တောင်းဆိုတာ သိပ်ကိုကောင်းတဲ့ တောင်းဆိုချက်ပါ။ ဒါကို မြန်မာအစိုးရက လေးလေးနက်နက် သဘောထားပြီး စစ်စစ်မှန်မှန် အကောင်အထည် ဖော်သင့်တယ်လို့ ထင်ပါတယ်”ဟု ဂျိုးဇက် ဝိုင် ယွန်းက ဂျကာတာပို့စ်ကို ပြောသည်။

ထို့အပြင် နိုင်ငံတကာ တောင်းဆိုချက်များအတိုင်း မြန်မာအစိုးရက လိုက်လျောမှသာလျှင် အမေရိကန် အစိုးရဘက်မှ ကောင်းမွန်သည့် တုံ့ပြန်မှုကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပီ ဂျေ ခရော်လီအား သတင်းထောက်များက မြန်မာနိုင်ငံ စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် အမေရိကန် အစိုးရ အနေနှင့် ရုပ်သိမ်းရန် အစီအစဉ်မရှိသေးကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

၎င်းက ဆက်လက်၍ အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာအစိုးရနှင့် အပေါင်းအပါ စီးပွားရေး အုပ်စုများကိုသာ ပစ်မှတ်ထား၍ ချမှတ်ထားခြင်း ဖြစ်ပြီး မြန်မာပြည်သူလူထုအပေါ် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာပြည်သူလူထုရဲ့အရေးကို အမှန်တကယ်စိုးရိမ်ကြောင့်ကြ စိတ်တွေ ရှိပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ စီးပွားရေး အခြေအနေက မြန်မာအစိုးရမှာပဲ လုံးဝ တာဝန်ရှိတယ်”ဟု ပီ ဂျေ ခရော်လီက ဆက်ပြောသည်။

မြန်မာပြည်တွင် ရှိသည့် သယံဇာတပစ္စည်းများကို မတရား ခိုးယူ ဖြုန်းတီးနေသူများမှာ စစ်အစိုးရ ခေါင်းဆောင်များသာ ဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ပြုလုပ်နေသည်မှာလည်း မြန်မာစစ်ခေါင်းဆောင်များသာ ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျနော်တို့ဘက်က စီးပွားရေးပိတ်ဆို့နေတာက မြန်မာပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲနိုင်ဖို့၊ အကျဉ်းသားတွေ လွတ်လာဖို့၊ စစ်အစိုးရက စပြီး ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတရပ်ကို စပြီး အကောင်အထည်ဖော်ဖို့ပါ။ ဒါတွေအားလုံးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်ထိန်းထားတာပါ”ဟုလည်း ၎င်းကဆိုသည်။

ဂျိုးဇက် ဝိုင် ယွန်းသည် NLD ပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် တိုက်တွန်းပြောဆိုနေသော်လည်း NLD ၏ ရှေ့နေများက ပါတီဖျက်သိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ တနင်္လာနေ့က အထူးအယူခံအတွက် နေပြည်တော်တွင် လျှောက်လဲချက်များ တင်ခဲ့ရသည်။ သို့သော်တရားရုံးက မည်သည့် ဆုံးဖြတ်ချက်မှ မချခဲ့ပေ။ 

Monday, January 24, 2011

ရန်ကုန်တွင် စစ်မှုမထမ်းမနေရ ဥပဒေ ဆန့်ကျင်ရေး လှုပ်ရှား

စစ်အစိုးရမှ ပြဌာန်းမည့် စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်ရန် နှိုးဆော် စာများကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် မယ်လမုဘုရား အနီးတ၀ိုက်တွင် လူငယ်တစုက ယမန်နေ့ညက ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆန့်ကျင်ရေး လူငယ်အစည်းအရုံးဟု ဖော်ပြထားပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေသည် လူငယ်ထုကို အညွန့်ချိုးသည့် ဥပဒေဖြစ်၍ ဆန့်ကျင်ကြရန်၊ တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေမှုများတွင် လူငယ်ထုပါဝင်ကြရမည့် ဥပဒေဖြစ်နေ၍ ဆန့်ကျင်ကြရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အတူ အတုအယောင် လွှတ်တော်နှင့်အစိုးရကို ဆန့်ကျင်တော်လှန်ရန်” စသည် တို့ ရေးသားထားသည့် စာရွက်များကို မယ်လမု ဘုရားပွဲတော်အချိန်တွင်း ဖြန့်ဝေခဲ့ကြသည်ဟု အဖွဲ့ဝင် လူငယ် တဦး က ဆိုသည်။

“ဒီဥပဒေက ကျနော်တို့အတွက် မလိုအပ်ဘူးလို့်။ သူတို့ စစ်တပ်ကြီးက အကြီးကြီး ရှိပြီးသားပဲ။ ကျနော်တို့ တိုင်းပြည်မှာ ပြည် ပရန်လည်းမရှိဘူး။ ပြည်တွင်းတိုက်နေတဲ့စစ်ကလည်း တကယ်တမ်းဆို ကိုယ့်တိုင်းရင်းသားအချင်းချင်း တွေ့ဆုံညှိနှိုင်းမှု၊ စေ့ စပ် ညှိနှိုင်းမှုနဲ့ နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းလို့ရနေပေမယ့် စစ်တပ်အာဏာတည်မြဲရေးအတွက် သူတို့ တဖက်သတ် လုပ်နေတဲ့ စစ်ပွဲပဲ”ဟု ၎င်းက ပြောသည်။

စစ်အစိုးရက ပြဌာန်းမည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် လူငယ်ထုနှင့် စစ်အစိုးရတို့ ထိပ်တိုက်ရင်ဆိုင်ရမည့် ဥပဒေဖြစ်ပြီး စစ်အစိုးရ၏အာဏာများကို တသဝေမတိမ်းလိုက်နာတတ်စေရန်နှင့် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက်သာ ဖြစ်သည်ကို လူငယ်များနှင့် ပြည်သူလူထုတရပ်လုံးက သိနားလည်၍ ဆန့်ကျင်ကြရန်လိုအပ်ကြောင်း သူက တိုက်တွန်းပြောဆိုသည်။

ကျောင်းသားလူငယ်များ ပါဝင်သော အဆိုပါ စစ်ဆန့်ကျင်ရေး လူငယ်အစည်းအရုံးသည် ၂၀၀၈ အခြေခံဥပဒေ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရန် နှိုးဆော်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် အဖွဲ့တခုဖြစ်သည်။

ထိုဥပဒေကိုသာမက စစ်အစိုးရ ပြုလုပ်နေသည့် အတုအယောင် လွှတ်တော်နှင့် မကြာမီပေါ်ထွက်လာမည့် အတုအယောင် အစိုးရကိုလည်း ဆန့်ကျင်သည်အထိ အဖွဲ့၏ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့ကဆိုသည်။

စစ်အစိုးရက ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်း ပြင်ပသို့ပေါက်ကြားလာသည့် ပြန်တမ်းမိတ္တူများအရ သိရသည်။

အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့် နိုင်ကြောင်း၊ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ် နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ် ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည် မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊ ထောင်တွင်း အကျဉ်းကျ ခံ နေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက် ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည်ဟု ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ရက်ပိုင်းများက ကျန်းမာရေး ချို့ယွင်း နေရာမှ ယခု ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရသည်။

Myanmar-politics-economy-sanctions
(ဓာတ်ပုံ - Getty Images)
“သာမန် ဖျားနာမှုသဘော လောက်ပါပဲ၊ ဒီနေ့အထိတော့ နားနေပါသေးတယ်၊ အအေးမိတဲ့သဘောပါ။ နောက်ရက်တွေ ရုံးချုပ်ကိုပြန် တက်နိုင်တော့မှာပါ”ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းများက မြန်မာပြည်တွင် အအေးပိုခဲ့ရာ ဇန်န၀ါရီ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ကျန်းမာရေးကြောင့် အနားယူနေခဲ့ရသည်။

ယနေ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သေးသော်လည်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့်  ပြည်ထောင်စုနေ့ အခမ်းအနားကို ပါတီရုံးချုပ်တွင် ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

Sunday, January 23, 2011

ဗဟန်း အ.ထ.က (၁) မှ ကျောင်းသား/သူအချို့ စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံရ

ကျောင်းအမည် - အ.ထ.က (၁) ဗဟန်း
ကျောင်းအုပ် - ဒေါက်တာ ဒေါ်နွယ်နီလွင်
ပညာရေးမှူး - ဒေါ်မြင့်မြင့်ကြည်
မြို့ - ရန်ကုန်မြို့

အထက်ပါကျောင်းမှ ချမှတ်လိုက်သော လုပ်ရပ်များသည် လူမဆန်လွန်းသည်ဟု ထင်သည်။ ဒဿမတန်း (တက္ကသိုလ်ဝင်တန်း) တွင် အစိုးရထံ ဖြေဆိုခွင့်တင်ပြီးသား ကျောင်းသား/ကျောင်းသူအချို့ကို ကျောင်းစည်း ကမ်းဖောက်ဖျက်ခြင်း၊ (၇၅) ရာခိုင်နှုန်းမပြည့်မီခြင်းမဟုတ်ပါဘဲလျက် ကျောင်းလပတ်စာမေးပွဲတွင် မဖြေဆို နိုင်ရုံမျှတခုတည်းကို အကြောင်းပြကာ အစိုးရစာမေးပွဲဖြေဆိုခွင့်ကို ပိတ်ပင်လိုက်ကြောင်းသိရသည်။ ကျောင်း သားမိဘများထံ လက်မှတ်ထိုးစေပြီး အချို့ကျောင်းသားများကို တနှစ်ရပ်နားပါရန် တောင်းဆိုသည်ဟု ဆို သည်။ ယင်းအတွက် မကျေလည်ကြသော မိဘ၊ အုပ်ထိန်းသူများက တောင်းဆိုသဖြင့် အချို့ကျောင်းသား များကိုသာ လက်သိပ်ထိုး ပြန်လက်ခံနေပြီး အချို့ကို ပိတ်ပင်ထားမြဲဖြစ်သည်ဟု ကြားသိရပါသည်။ ယင်းသို့ ထုတ်ပယ်ထားခြင်းခံရသော ကျောင်းသား/သူများအနက် စာရင်းကောက်ယူရရှိသော အမည်များမှာ အောက် ပါအတိုင်းဖြစ်သည်။

၁။ မောင်မျိုးဇော်
၂။ မောင်အောင်ကျော်ဝင်း
၃။ မောင်ချစ်ဟိန်းထွဋ်
၎။ မောင်အာကာဖြိုး
၅။ မောင်ဇော်ဝင်းထွဋ်
၆။ မောင်ဟိန်းမင်းဝင်း
၇။ မောင်ဟိန်းမင်းလင်း
၈။ မောင်ရဲလင်းထက်
၉။ မောင်သူရသိန်းဇော်
၁၀။ မောင်ဥာဏ်ဝင်းထွဋ်
၁၁။ မနီနီလှိုင်
၁၂။ မအိမ့်မြင့်ချယ်
၁၃။ မချိုချိုမြင့်
၁၄။ မဖြူနှင်းဝေ
၁၅။ မနှင်းနန္ဒာထွန်း

ယင်းကောက်ယူရရှိသည့် (၁၅) ဦးအနက် မောင်မျိုးဇော်၏ ကျောင်းဝင်အမှတ်မှာ - ၃၁၀/၀၉ ဖြစ်ပြီး အဆိုပါ ကျောင်း၏ ဒဿမတန်း (ဃ) တွင် ပညာသင်ကြားနေသူဖြစ်သည်။ အတန်းပိုင်ဆရာမအမည် ဒေါ်ဝင်းမာဖြစ် သည်။ ကျောင်းသား၏ မိဘအုပ်ထိန်းသူများမှာ - အဖ ဦးဌေးနှင့် အမိ ဒေါ်နွယ်ဖြစ်ပြီး မွေးသက္ကရာဇ်မှာ ၁၃- ၁-၁၉၉၄ ဖြစ်သည်။ ပြီးခဲ့သည့် လပတ်ကျောင်းစာမေးပွဲတွင် ဖြေဆိုရရှိသော အမှတ်မှာ ...

မြန်မာစာ - ၃၂ မှတ်
အင်္ဂလိပ်စာ - ၁၈ မှတ်
သင်္ချာ - ၁၅ မှတ်
ဓာတုဗေဒ - ၁၆ မှတ်
ရူပဗေဒ - ၂ မှတ်
ဘောဂဗေဒ - ၃၉ မှတ်တို့ ဖြစ်ကြပါသည်။

ကျောင်းစည်းကမ်းစည်းမျဉ်းလည်း ဖောက်ဖျက်ထားခြင်းမရှိသော၊ ပညာရေးဌာနမှ ချမှတ်ထားသော စည်း မျဉ်းတခုဖြစ်သည့် ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်းလည်း ပြည့်မီသော ကျောင်းသူ/သားများကို “လပတ်စာ မေးပွဲတို့တွင် မဖြေဆိုနိုင်သောကြောင့် အစိုးရတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဖြေဆိုနိုင်စွမ်းမရှိ” ဟူ၍ ဥပဒေမဲ့ အကြောင်းပြ ထုတ်ပယ်သည့် ယင်းကျောင်း၏ လုပ်ရပ် မှန်ကန်မှုရှိမရှိကို စာဖတ်သူတို့ တွေးယူဆင်ခြင်နိုင် ကြစေရန်နှင့် -

အပြစ်မဲ့ ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားများ၏ အနာဂတ်မှာ ယင်းစီမံချက်ဖြင့်ပင် တနှစ်ဟူ၍ အ ကြောင်းမဲ့ အညွန့်ကျိုးသွားကြရမည်လော။ ကျောင်းသားများ၏ ကြိုးပမ်းခွင့်ကို မမြှင့်တင်ဘဲ နှိမ်ချသမှု ပြုကြ သည့် ယင်းကျောင်းမှ ဆရာ၊ ဆရာမများသည် “ကျောင်းဆရာ၊ ကျောင်းဆရာမ” ဟူသော အမည်ပင် ခံယူ ထိုက်သလော။ ယင်းသို့သော ကျောင်းမျိုးကို ယခုပင် သွားရောက်စုံစမ်းနိုင်သည့်အလျောက် သိရှိကြပြီးပါက ဤသို့ပင် လျစ်လျူရှုထားကြမည်လော ဆိုသည်ကို မြန်မာပြည်သူပြည်သားများ၏ ပညာရေးကဏ္ဍအတွက် တထောင့်တနေရာမှ တွေးဆကြပါစေရန် တင်ပြအပ်ပါသည်။

ပေးပို့သူ - ဟန်စိုး

Friday, January 21, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် ရန်ကုန်မြို့ ထိုင်းသံရုံး၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

headquarters-ds
၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ NLD ရုံးချုပ်၌ ပြုလုပ်သော လူငယ်များနှင့် တွေ့ဆုံပွဲတွင် အမှာစကား ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
“မနက် ၉ နာရီကနေ ၁၀ နာရီလောက်အထိ ထိုင်းသံရုံးမှာပဲ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပွင့်လင်း ရင်းနှီးမှုရှိတဲ့ ဆွေးနွေးပွဲတခု ဖြစ်မြောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ ဒေါ်အောင်ဆန်းကြည်က ပြောဆိုခြင်း မရှိသေးပါဘူး”ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောသည်။

ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်ခဲ့ ပြီးနောက် နိုင်ငံခြားရေး ၀န်ကြီး တဦးနှင့် ပထမအကြိမ် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

မစ္စတာ ကဆစ်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး၌ အာဆီယံ အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု ကမ္ဘာသို့ အသိပေးရမည် ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ စစ်အစိုးရအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ၊ တိုင်းရင်းသား အဖွဲ့များအနေဖြင့် စစ်အစိုးရနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရန်တို့ကို တိုက်တွန်းကြရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် ဆွေးနွေးပွဲသည်  ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တယ်လီဖုန်း ဆက် သွယ် ပြောဆိုမှုအပြီး ၂ ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ၄င်း၏ နေအိမ်တွင် စစ်အစိုးရပိုင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ အင်တာနက် တပ်ဆင် ခွင့် ရရှိခဲ့ပြီး ယနေ့ အပြီးသတ် တပ်ဆင်နေကြောင်း သိရသည်။

“အခုမြန်မာပြည်မှာ ချထားပေးနေတဲ့ Mcwill ( Multi Carrier Wireless Local Loop ) အမျိုးအစားလိုင်းကို သုံးခွင့်ရတာပါ။ ကနဦး ပေးသွင်းငွေ ဆယ်သိန်း နှစ်သောင်း ကျပ် ပေးရတယ်။ အခု ရက်သတ္တ တပတ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးမယ် ထင်ပါတယ်”ဟု ဦးအုံးကြိုင်က ပြောသည်။

 ဒါဒို့ပြည် ဒါဒို့မြေ ဒို့ပိုင်တဲ့ ပယက၊ ခယက ၊ မယက များ ရောင်းစားရန် ပိုင်တဲ့မြေ /21,Jan, 2011

မြ၀တီမြို့ ဘုရင့်နောင်လမ်းမ ပေါ်ရှိ ကျုံးမြေတွေပေါ်ရှိ မော်ရွှေမြိုင် စားသောက်ဆိုင်ခန်း များက သမပိုင် မြေပေါ်ကို မတရား ကျူးကျော်ဝင်ရောက် နေထိုင်ကာ ဈေးရောင်းနေမှုနှင့် ပတ်သက်၍ ပုဂ္ဂလိက သမ၀ါယမမှ တရားစွဲဆိုထား တဲ့အတွက် ပြည်နယ်ပယက ဥက္ကဌနှင့် အဖွဲ့ မြ၀တီမြို့ကို (၁၇-၁-၁၁)ရက်နေ့က လာရောက်စစ်ဆေးရန် ရောက်ရှိလာပါတယ်။

အမှန်တော့ ဒီကျုံးမြေဟာ နိုင်ငံပိုင်မြေပါပဲ။ ခယကဥက္ကဌ ဦးထွန်းထွန်းဝင်း ဟာ မြေစာရင်းနဲ့ ညှိပြီး သမ၀ါယမပိုင်ဆိုပြီး ရောထွေးကာ ရောင်းစားသွား ခြင်းဖြစ်ပါတယ်။
သမ၀ါယမက လူတွေကလည်း သူတို့ပိုင်ဆိုပြီး လေလံတင် ထပ်မံရောင်းစားသွားခဲ့ပြန်တယ်။

နိုင်ငံတော်က လည်း ရောင်းစားကြတာမျိုးတွေ လုပ်နေတော့ အောက်ခြေမှာ ရှိတဲ့ ခယက၊ မယက တွေကလည်း ဘယ်နေရာမှာ ဘာရှိမလည်း လိုက်လံရှာဖွေကာ ရောင်းစားကြရတာပေါ့။
အခုဒီကျုံးမြေကိစ္စလည်း ခဏခဏလာစစ်နေကြတာကို ပြည်သူတွေက သိတယ်။

စစ်ဆေးတဲ့သူတွေကလည်း အကြောင်းစုံကို သိလျှက် မိသားစုစားဝတ်နေရေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုကာ ခေတ်အခြေအနေ အညီ ရတဲ့အချိန်မှာ ငွေထုတ်ပိုက်ပြီး ပြန်ပြန်သွားကြတာပဲ။ အခုအဖွဲ့ ကလည်း စစ်ဆေးဘို့တောင် မလုပ်ရသေးဘူး တရားမ၀င် ( without ) မော်တော်ယာဉ် ဆပ်ကား တစီ်းကို ဘတ်ငွေ နှစ်သိန်းခွဲကျော်ကို မှာစီးတယ်။ လက်ဆောင်အဖြစ်တောင်းတယ်။ ပြန်ရင်သယ်သွားပြီိး လိုင်စင်ဝင်မလို့ ဆိုတယ်။

နိုင်ငံတော်သီချင်းမှာပါသလိုပေါ့ “ ဒါဒို့ပြည် ဒါဒို့မြေ ဒို့ပိုင်တဲ့ ပယက၊ ခယက ၊ မယက များ ရောင်းစားရန် ပိုင်တဲ့မြေ ” အထက်ကရောင်းစားနေကြတော့ ရယက ဥက္ကဌတွေကလည်း ရောဂါထလာပြီး လမ်းမြေတွေကို ပိတ်ဆိုကာ ရောင်းစာကြတယ်။

အမှတ်(၅)ရပ်ကွက်မှာ (၆)ကွက်။ အမှတ်(၄)ရပ်ကွက်မှ (၈)ကွက် လမ်းပိတ်ပြီး ရောင်းစားခဲ့တယ်။ အခု ကျူးကျော်ဝင်ရောက်နေထိုင်သူများကို ပိုင်ဆိုင်မှုမပြနိုင်ပါက ထောင်ဒဏ်(၅)နှစ်မှ (၁၀)နှစ် ထောင်ချ ခံရမည်ဖြစ်တယ်။
လာရောက်စစ်ဆေးရင်း သတိပေးတယ်လို့ အစစ်ခံရတဲ့ သူတွေပြောတာကို သိရတယ်။

မောင်မှန်ကန်
မြ၀တီ

Wednesday, January 19, 2011

လွှတ်တော်တက်မည့် ကိုယ်စားလှယ်များအတွက် ကန့်သတ်ချက် များပြား

၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော်သို့ တက်ရောက်ကြရမည်ဖြစ်သော ကိုယ်စားလှယ်များအတွက် ကြိုတင် ကန့်သတ်ချက် စည်းကမ်းများ ချမှတ်ထားကြောင်း သိရသည်။

“ကန့်သတ်မှုတွေကတော့ အတော်ကြီးများပါတယ်။ မလိုရင် မလိုသလို အရေးယူနိုင်တဲ့ ဥပဒေတွေများနေတယ်။ အရင်ခေတ် ပါလီမန်တွေမှာ ဒီလို ကန့်သတ်တာတွေ မရှိခဲ့ပါဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့ဦးဆောင် ကျင်းပမည့်လွှတ်တော်နှင့်ပတ်သက်၍ အနိုင်ရ ကိုယ်စားလှယ်များအား ရှင်းလင်းစွာ ပြော ဆိုမှု မရှိသော်လည်း လွှတ်တော်ထဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကန့်သတ်ချက် ဥပဒေများကို ယခုရက်ပိုင်းအတွင်း စာအုပ် ၁၇ အုပ်ဖြင့် ဖြန့်ချိ ရောင်းချပေးနေသည်။

လွှတ်တော်အတွက် ထုတ်ဝေထားသော စာအုပ်များ၌ ရေးထားသော စည်းကမ်းချက် များသည် တင်းကျပ်လွန်း၍ လွှတ်တော် အတွင်း ဆွေးနွေးကြရာတွင် ဒီမိုကရက်တစ် အင်အားစုများအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကြိုတင်ပိတ်ပင်ထားရာ ရောက်သည်ဟု ဦးသုဝေက ဆိုသည်။

လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် တယ်လီဖုန်း၊ အသံဖမ်းစက်၊ ကွန်ပျူတာ၊ ဘောလ်ပင်၊ စာရွက်စာတမ်း စသည့်အရာများ ယူဆောင်ခွင့်မရှိဟု ကန့်သတ်ထားကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

“ကန့်သတ်ချက် တချို့က နိုင်ငံတကာ စံနှုန်းအတိုင်းဖြစ်လို့ လက်ခံပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ပြင်ပကို မပေါက်ကြား စေလိုတဲ့ သဘောပါ” ဟု ၎င်းကဆိုသည်။

အစည်းအဝေး ခန်းမထဲသို့ ပစ္စည်းများ သယ်ဆောင်ခွင့် မပြုသော်လည်း လွှတ်တော်ခန်းမထဲ၌ ထုတ်ပေးထားသည့် ကတ်ဖုန်း အပါအဝင် ပစ္စည်းများကိုသာ အသုံးပြုခွင့်ရှိမည်ဟု ကြားသိရကြောင်း ကိုယ်စားလှယ် တချို့ကပြောသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ပြုလုပ်ပြီး ၁၅ ရက် အကြာတွင် ပြည်ထောင်စု လွှတ်တော်ခေါ်ယူ၍ သမ္မတ၊ ဒုတိယ သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ စသည့်ရာထူးများကို ရွေးချယ်ကြမည် ဖြစ်ကြောင်း သိရသည်။

“ပထမဆုံး ခေါ်ယူတဲ့ လွှတ်တော်မှာ စီးပွားရေးပိတ်ဆို့မှုကိစ္စ၊ တိုင်းရင်းသား ကိုယ်စားလှယ် ဒု-သမ္မတ ကိစ္စတွေကို ဆွေးနွေးကြမှာပါ” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ကြိုတင် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၌ ၀တ်စားဆင်ယင်မှုလည်း ပါဝင်ကြောင်း၊ တိုင်းရင်းသား ကိုယ်စားလှယ်များ သည် သက်ဆိုင်ရာ ရိုးရာဝတ်စုံ သို့မဟုတ် မြန်မာဝတ်စုံကို ၀တ်ဆင်ရမည်ဖြစ်ပြီး တခြားသော ကိုယ်စားလှယ်များသည် မြန်မာ ၀တ်စုံကိုသာ ၀တ်ဆင်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်တက်မည့် အမျိုးသမီးများအတွက် မြန်မာဆန်သော ၀တ်စုံ ဖြစ်သည့် ရင်ဖုံးလက်ရှည်နှင့် ချိတ်ထဘီ  ဝတ်ကာ ပုဝါခြုံရန် ညွှန်ကြားထားကြောင်း သိရသည်။

တိုင်းရင်းသား ကိုယ်စားလှယ်များကမူ မိမိတို့၏ တိုင်းရင်းသား ၀တ်စုံအပြည့် ၀တ်ဆင်၍ လွှတ်တော်သို့ တက်ရောက်ကြမည် ဟု ဆိုကြသည်။

“တိုင်းရင်းသား ၀တ်စုံအပြည့်နဲ့ တိုင်းရင်းသား အခွင့်အရေးပြောဆိုရတာက ပိုအားရှိစေတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပချိန်က တိုင်းရင်းသား ၀တ်စုံကို မ၀တ်ရန် ပိတ်ပင်ထားခဲ့သောကြောင့် ယခုတဖန် ကန့်သတ်ပိတ်ပင် မည်ကို စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ လွှတ်တော်တက်မည့် ကိုယ်စားလှယ်များသည် ရခိုင်ရိုးရာ ၀တ်စုံဖြစ်သော ရခိုင်လုံချည်နှင့် တိုက်ပုံအဖြူကို ၀တ်ဆင်၍ လွှတ်တော်သို့ တက်ရောက်မည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်များ အတွက်မူ ကြိုးကြီးချိတ် ပုဆိုး၊ အဖြူရောင် တိုက်ပုံ၊ ခေါင်းပေါင်း စသည်တို့ကို ဆင်တူ ၀တ်ဆင်ကြရန် ညွှန်ကြားထားသည်ဟု ကြံ့ဖွံ့ကိုယ်စားလှယ်တဦးကဆိုသည်။

“ကျနော်တို့ ပါတီဝင်တွေကတော့ အားလုံးတူညီတဲ့ ၀တ်စားဆင်ယင်မှု ရှိရမယ်လို့ လမ်းညွန်ထားပါတယ်။ ပါတီဝင်အားလုံးဟာ တစုတစည်းတည်း ရှိရမယ်ဆိုတဲ့ သဘောမျိုးပါ” ဟု အဆိုပါ ကြံ့ဖွံ့ကိုယ်စားလှယ်က ပြောသည်။

ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်ထဲ၌ နေထိုင်ပြောဆိုမှု၊ လူအများနှင့် ပြောဆိုဆွေးနွေးမှုတို့အား မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပါတီဥက္ကဋ္ဌနှင့်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက ကြိုတင်ပြောဆိုထားပြီး ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အရောင်အသွေး စုံလင်သော ကြံ့ဖွံ့ပါတီဝင်များ၏ ၀တ်စုံကို တချို့က ပြက်လုံးထုတ် ပြောဆိုနေကြကြောင်း၊ ထိုကဲ့သို့ ပြောဆိုနေခြင်းမှာ မလိုမုန်းတီးသူများ၏ ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း အဆိုပါ ကြံ့ဖွံ့ကိုယ်စားလှယ်က ဆက်ပြောသည်။

ပြောင်လက်၍ အရောင်စုံသည့် ၀တ်စုံများသည် ရှေးမြန်မာများ ၀တ်ဆင်ခဲ့သော ၀တ်စုံသာ ဖြစ်သည် ဟု ၎င်းကဆိုသည်။

စစ်အစိုးရသည် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့၊ နံက် ၈ နာရီ ၅၅ မိနစ်တွင် တနိုင်ငံလုံး တပြိုင်တည်း ခေါ်မည်ဟု ကြေညာထားသည်။ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်အား နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်တို့၏  မြို့တော်များတွင် ပြုလုပ်မည် ဖြစ်သည်။

Tuesday, January 18, 2011

အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ

အမေ့အိမ် ပညာဒါန အမည်ရှိ အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တားမြစ်သော်လည်း ဆက်လက် ဖွင့်သွားမည် ဖြစ်သည် ဟု ကျောင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဖွင့်မယ့်နေ့ မတိုင်ခင်ကတည်းက ကျောင်းဖွင့်ဖို့ မလုပ်ဖို့ မြို့နယ် ပညာရေးဦးစီးဌာနကတဆင့် အကြောင်းကြားပါတယ်။ ကျနော် တို့ကတော့ ဒါနမှုပြုတဲ့ သဘောအနေနဲ့ လုပ်သွားမှာပါ။ ကျနော်တို့ကျောင်းက စာမေးပွဲစစ်တာတွေ၊ ဘာတွေလည်းလုပ်မှာမဟုတ် တော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ပြောပြသည်။

လာမည့်နှစ်တွင် တရားဝင် ကျောင်းဖွင့်ခွင့် ရရှိရန်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ကိုဖြိုးမင်းသိန်းက ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်းကို လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း အမှတ် ၅၄၈ ဦးမင်းလွင် ၏ နေအိမ်တွင် ဇန်န၀ါရီ လ ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းကျောင်းကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူငယ်ကွန်ရက်က ကမကထပြုဖွင့် လှစ်ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် အဓိက ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်း ဖြစ်မြောက်ရန်အတွက် ဦးဆောင်နေသည့် ဦးမင်းလွင်၊ ဦးဖြိုးမင်းသိန်း၊ ဦးအေးဘို တို့ကို ပညာရေးဝန်ကြီးဌာန အမှတ်(၃) အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းမြင့်က ဘာသာရပ် ကိုယ်ပိုင်သင်တန်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ကိုက်ညီမှု မရှိကြောင်းနှင့် ဖွင့်လှစ်ခွင့် မပြုကြောင်း စာ ပေးပို့ခဲ့သည် ဟု ကိုဖြိုးမင်းသိန်း က ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ပေးပို့သည့် စာတွင် ကလေးငယ်များအတွက် ကူညီပေးနေကြောင်း၊ ကျောင်းစာအုပ်များ ပေးသည့် အပြင် ကျောင်းလည်း အပ်ပေးနေကြောင်း ပါဝင်သော်လည်း လက်တွေ့တွင် မတူညီသည့်အတွက် မိမိတို့ကျောင်းမှ ကူညီရန် ကြိုးစားခြင်း ဖြစ်သည်ဟု ၎င်း က ရှင်းပြသည်။

ယခုဖွင့်လှစ်သည့် ကျောင်းမှာ မွန်းမံသင်တန်းကျောင်းသဘောမျိုးဖြစ်ကြောင်း၊ စာမဖတ်တတ်သေးသည့် ကလေးငယ်များ စာ ဖတ် တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ငွေကြေး ချို့တဲ့သည့် ကလေးငယ်ပေါင်း ၁၀၀ ခန့် သူငယ်တန်းမှ ပဉ္စမတန်းအထိ တက်ရောက်ရန်အတွက် စာရင်းပေးသွင်းပြီးဖြစ်ကြောင်းလည်း သိရသည်။

အမေ့အိမ် ပညာဒါန ကျောင်းအတွက် သင်ကြားပေးမည့် ဆရာ၊ ဆရာမ ၁၀ ဦးခန့် ရှိသည်ဟု ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်း၌ နွေရာသီတွင် အင်္ဂလိပ်စာ အခြေခံ သင်းတန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့် မတ်လတွင် ၁၀ တန်း ကျောင်းသားများ အတွက် ဟောပြောပွဲများပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

အာဏာပိုင်တွေ ခြစားပုံက

ကျနော်က ဧရာဝတီတိုင်း ဟင်္သတမြို့နယ် ညောင်ပင်ဈေး (အုန်းကုန်း) ရပ်ကွက်သားတဦးပါ။ ကျနော်တို့ ရပ်ကွက်ထဲမှာ အာဏာပိုင်တွေရဲ့ အကျင့်ပျက် ခြစားပုံနဲ့ ပတ်သက်ပြီး မခံမရပ်နိုင် ဖြစ်လွန်းလို့ အခုလို စာရေးသား ပေးပို့ရတာပါ။

ကျနော်တို့ ရပ်ကွက်ထဲမှာက လက်လုပ်လက်စား လူဆင်းရဲတွေ အများစု နေကြတာ ဖြစ်ပါတယ်။

ရပ်ကွက်လူကြီး ဦးလှမြင့်ဟာ အိမ်တွေကနေ မကြာခဏ ငွေကောက်တတ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက လမ်းမီးချောင်း ပြင်ရမယ်ဆိုပြီး တအိမ်ကို ကျပ် ၂ဝဝဝ နှုန်း ကောက်ခဲ့ပါသေးတယ်။ တကယ်တော့ မီးချောင်း တချောင်းနဲ့ တချောင်းကြားမှာ အိမ်က ၁ဝ အိမ်လောက် ရှိပြီး၊ မီးချောင်းအသစ် တချောင်းမှ ၂၅၀၀ ကျပ်ပဲ ကုန်ပါတယ်။ ရှိတဲ့လူက ထည့်နိုင်ပေမယ့် မရှိတဲ့ ဆင်းရဲသားတွေအဖို့ အင်မတန်မှကို ခက်ခဲပါတယ်။

ဒါ့အပြင် ဒီလထဲမှာလည်း ဦးရှင်ကြီးပွဲအတွက် ဆိုပြီး တအိမ် ကျပ် ၁၅ဝဝ နှုန်း ကောက်ပြန်ပါတယ်။ ဒါတွေဟာ ကျနော်တို့ ရပ်ကွက်သားတွေ တောင်းဆိုတာ မဟုတ်ပါဘူး။ သူလုပ်ချင်တာကို သူ့ဘာသာ စီစဉ်ပြီး လုပ်နေတာသာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပျက်နေတာကို လူတွေက မကျေနပ်ကြပါဘူး။

ပြီးတော့ ရဲစခန်းက ရဲတွေကလည်း ရပ်ကွက်ထဲမှာ လူမွေးထားပြီး (၂ လုံး၊ ၃ လုံး) ချဲထီရောင်းတဲ့ သူတွေဆီက ငွေကောက်ခံနေတာလည်း ရှိပါတယ်။ ဒီလိုနည်းအားဖြင့် ချဲထီဆိုရင် ဂိုဏ်းဂဏကို ဖြစ်နေတာပါ။  ရဲက သူတို့ကိုယ်တိုင် ငွေမကောက်ပါဘူး။ လူတွေမှာသာ ဒီချဲထီထိုးပြီး စာရိတ္တပျက်လာနေကြပါတယ်။ ဒုစရိုက်လုပ်ငန်း လုပ်နေသူတွေ ကိုယ်တိုင်ကိုက ရဲဌာနကပါလို့ ပြောရမလို ဖြစ်နေပါပြီ။

ဒါတွေကို သက်ဆိုင်ရာက သိစေချင်ပါတယ်ခင်ဗျား။

ညောင်ပင်ဈေး (အုန်းကုန်း) ရပ်ကွက်
ဟင်္သာတမြို့နယ်
ဧရာဝတီတိုင်း

Monday, January 17, 2011

လွှတ်တော်အတွင်း လွတ်လပ်စွာ ပြောဆိုခွင့် ဥပဒေဖြင့် ပိတ်ပင်ထား

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် လွှတ်တော် ကိုယ်စားလှယ်များကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး လွှတ်တော်အတွင်း လွတ်လပ်စွာပြောဆိုခွင့်၊ ဆွေးနွေးခွင့်များကို ပိတ်ပင်ထားကြောင်း သိရှိရသည်။

mm-parliament
နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ (ဓာတ်ပုံ - အေပီ)
စစ်အစိုးရ၏ လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း ၄ တွင် လွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ကျင့်ဝတ်နှင့် စည်းကမ်းများ၊ ရပိုင်ခွင့်နှင့် အခွင့်အရေး စုစုပေါင်း အချက် ၂၃ ချက်ကို ပြဋ္ဌာန်းထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တို့တာဝန် အရေးသုံးပါးကို စောင့်ရှောက် ရမည်ဆိုသော အချက်ကိုအဓိက ပြဋ္ဌာန်းထားသည်။

“အခုထွက်လာတဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ဖတ်လိုက်ပြီးတဲ့ အခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ သိပ်လုပ်နိုင်ဖို့ လမ်းမမြင်ဘူး။ ကြီးကြီးမားမား ထင်သာ မြင်သာတဲ့ အပြောင်း အလဲကြီးတွေကို ဖော်ဆောင်ခွင့် ရဖို့ တကယ့်ကို မလွယ်ဘူး” ဟု နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ကာကွယ် စောင့်ရှောက်ခြင်း၊ ပြည်ထောင်စု အကျိုးစီးပွားကိုသာ အဓိကထားပြီး လွှတ်တော်သို့ ဥပဒေကြမ်းများ၊ အဆိုများ တင်သွင်း ဆွေးနွေးခြင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊ နိုင်ငံတော်နှင့် စပ်လျဉ်းသော လျှို့ဝှက်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လွှတ်တော်က ပေးအပ်သော တခြားတာဝန်များကို ထမ်းဆောင်ခြင်း ဟူသော အချက် ၅ ချက်ပါဝင်ကြောင်း လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၉ တွင် ဖော်ပြထားသည်။

စစ်အစိုးရက လွှတ်တော်ကိုယ်စားလှယ်များကို တင်းကျပ်သော ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး ထိန်းချုပ်ထားသောကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း အတွက် လွှတ်တော်အတွင်းမှ အဖြေရှာရန် မျှော်လင့်ချက် နည်းသွားပြီဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀န်းက ဝေဖန်နေကြသည်။

“တိုင်းပြည်နဲ့ လူမျိုးအတွက် လွှတ်တော်ကိုယ်စားလှယ်တိုင်းက လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ အခုဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆန့်ကျင်မှ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့် ရှိမယ်ဆိုတာ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ပြဋ္ဌာန်းချက်ပဲ။ ပြည်သူ့မျက်နှာကိုပဲကြည့်ပြီး အလုပ်လုပ်မယ်ဆိုရင် ဥပဒေနဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေရှိလာနိုင်တယ်။ ဥပမာ- စစ်မှုမထမ်း မနေရ ဥပဒေလိုဟာမျိုးတွေပေါ့။ လက်ရှိအခြေအနေက ပြည်သူတွေ ရွေးကောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်တွေတောင်မှ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် မရဘူး။ လုပ်ပိုင်ခွင့်မရှိဘူး” ဟု အဆိုပါ ၀ါရင့် နိုင်ငံရေးသမားကြီးက ထောက်ပြသည်။

လွှတ်တော် ကိုယ်စားလှယ်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများတွင်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို လိုက်နာစောင့်ထိန်းရမည်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ဥပဒေနှင့် တည်ဆဲ ဥပေဒများပါ ပြဋ္ဌာန်းချက်များကို လိုက်နာ စောင့်ထိန်းရမည်ဆိုသော အချက်များကို ထပ်မံထည့် သွင်းဖော်ပြထားသည်။

“ဥပဒေရဲ့ ပုဒ်မတိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ပါမယ်၊ ဥပဒေကို စောင့်ရှောက်ပါမယ်ဆိုတဲ့ အချက်က ထပ်ခါထပ်ခါ ပါနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အတွင်းမှာ မေးခွန်း ထုတ်မယ်ဆိုရင်တောင်မှ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမယ့်
မေးခွန်း မဟုတ်ရဘူး ဆိုပြီး ပုဒ်မ ၁၁၃ (က) မှာ ပြဋ္ဌာန်းထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လက်ညှိုးထောင် ခေါင်းညိတ် လုပ်ဖို့ပဲရှိတော့တယ်” ဟု ရန်ကုန်တရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် မည်သူမဆို သတ်မှတ်ထားသော လွှတ်တော်ပရ၀ဏ်အတွင်း ဆန္ဒပြခြင်း သို့မဟုတ် တနည်းနည်းဖြင့် ဆူပူနှောင့်ယှက်ခြင်း၊ လွှတ်တော် အစည်းအဝေး ခန်းမတွင် အနှောင့်အယှက်ပေးခြင်း၊
လျှို့ဝှက် ထိန်းသိမ်းရမည့် လွှတ်တော်ဆိုင်ရာ အချက်အလက်များ ပြင်ပသို့ပေါက်ကြားခြင်း အပါအ၀င် တားမြစ်ချက်များ ဖောက်ဖျက်ပါက အနည်းဆုံးထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်တသိန်းဖြစ်စေ၊ အများဆုံးထောင်ဒဏ် ၂ နှစ် ဖြစ်စေ၊ ငွေဒဏ် ကျပ် ၂ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပုဒ်မ ၅၂ နှင့် ၅၃ တွင်ဖော်ပြထားသည်။

ထို့အပြင် လွှတ်တော် အစည်းအဝေးများ၌လည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်သော၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ထိခိုက်သော စကားပြောဆိုခြင်းမပြုရ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်၏ အစဉ်အလာများ၊ ထုံးတမ်းများကို ဖောက်ဖျက် ကျူးလွန်ခြင်းများမပြုရ၊ ကြိုတင်ပြုစုလာသော စာတမ်းကို ဖတ်ကြား တင်သွင်းခြင်း မပြုရ ဆိုသော အချက်များ အပါအ၀င် စည်းကမ်းချက် စုစုပေါင်း ၁၃ ချက်ကို ဖောက်ဖျက်ပါက ဖောက်ဖျက် သော လွှတ်တော်ကိုယ်စားလှယ်ကို သတိပေးခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အစည်းအဝေး တက်ခွင့်ပိတ်ခြင်း အပြင် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားပါက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အရလည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေကို ဖောက်ဖျက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ လည်းကောင်း အရေးယူမည်ဖြစ်ကြောင်း လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ပုဒ်မ ၂၈၊ ၂၉ တို့တွင် ဖော်ပြထားသည်။

ဝါရင့် သတင်းစာဆရာ တဦးကမူ စစ်အစိုးရက လမ်းပြမြေပုံအရ ဖြစ်ပေါ်လာသော အစိုးရသစ်နှင့် လွှတ်တော်စနစ်သည် အတုအယောင် ဒီမိုကရေစီအစိုးရနှင့် လွှတ်တော်စနစ်သာ ဖြစ်သည်ဟု ပြောသည်။

“ရွေးကောက်ပွဲမှာလည်း မဲလိမ်မဲခိုးမှုတွေ အများကြီးဖြစ်ခဲ့တယ်။ ဥပေဒကလည်း ဗိုလ်ချုပ်တွေ စိတ်ကြိုက် ရေးထားတဲ့ဥပဒေ။ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရလည်း ပေါ်ထွန်းမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

Friday, January 14, 2011

ဒု - သမ္မတ ၁ ဦးကို တိုင်းရင်းသားပါတီများ စုပေါင်းအဆိုပြုမည်

ရွေးကောက်ပွဲ၌ အနိုင်ရထားသော တိုင်းရင်းသားပါတီများ စုပေါင်း၍ ပေါ်ပေါက်လာမည့် လွှတ်တော်၌ ဒုတိယ သမ္မတ တဦးကို ၎င်းတို့ ကိုယ်စားလှယ်များထဲမှ အဆိုပြုသွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

“ဖွဲ့စည်းပုံပါ အတိုင်းအဆိုပြုမှာပါ။ ပြည်နယ် ၀န်ကြီးချုပ်ရာထူးတွေကိုတော့ အဆိုပြုမယ်ဆိုပေမယ့် ရနိုင်မယ် မထင်ဘူး” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။

ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားပါတီ ၆ ခုခန့်သည် ရန်ကုန်မြို့၌ အစည်းအဝေးပြုလုပ်၍ လွှတ်တော်၌ ဆွေးနွေးကြ မည့် အကြောင်းအရာများအတွက် ကြေညာချက် တစောင် ထုတ်ပြန်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးစိုင်းဆောင်စီက ပြောသည်။

ပေါ်ပေါက်လာမည့် လွှတ်တော်၌ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု အပြည့်ဖြင့် မိမိတို့၏ တိုင်းရင်းသားအရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး တို့ကို တပြေးညီ တောင်းဆိုသွားနိုင်ရန် အတွက် ပါတီများ မဟာမိတ် သဘော လုပ်ဆောင်သွားမည်ဟုလည်း ဦးစိုင်းဆောင်စီ က ဆိုသည်။

“ပြည်နယ်တွေအတွက် ၀န်ကြီးချုပ်ရာထူးတွေကို တိုင်းရင်းသားတွေကပဲ ရသင့်တယ်” ဟု ဦးစိုင်းဆောင်စီက ဆိုသည်။

ဦးစိုင်းဆောင်စီက တိုင်းဝန်ကြီးချုပ် ရာထူးများကို ရွေးချယ်ပြီးပြီဟု သိထားကြောင်း၊ သို့သော် ပြည်နယ် ၀န်ကြီး ချုပ် ရာထူးများအတွက် အဆိုပြုနိုင်ရေးကို  မနက်ဖြန် အစည်းအဝေး၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောသည်။

RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကမူ ပြည်နယ်ဝန်ကြီးချုပ် ရာထူးများကို အနိုင်ရ တိုင်းရင်းသားပါတီများထဲက မရနိုင် ကြောင်း၊ တိုင်းရင်းသားဖြစ်လျှင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် တိုင်းရင်းသားများသာ ရနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်တပ်မှ ၁ ဦး၊ အနိုင်ရ အရပ်သား ကိုယ်စားလှယ် များထဲမှ ၂ ဦးတို့ကို ဒုတိယ သမ္မတ အဖြစ်ရွေးချယ် တင်မြောက်ကြမည် ဖြစ်ပြီး ထို ၃ ဦးထဲမှ ၁ ဦးကို သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။

ဒုတိယ သမ္မတ ၂ ဦးအနက် တဦးသည် တိုင်းရင်းသား ကိုယ်စားလှယ်များထဲမှ ရွေးချယ်မည်ဟု ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။

နိုင်ငံတော် သမ္မတသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အမြင်ရှိသူ ဖြစ်ရမည်ဟုလည်း  ဖွဲ့စည်းပုံက ဆိုထားသည်။

ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတသည် လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ရရှိမည် ဖြစ်ပြီး ဒုတိယ သမ္မတ၏ လုပ်ပိုင်ခွင့်သည် နည်းပါးသည်။

“ဒု-သမ္မတရဲ့ လုပ်ပိုင်ခွင့်ကတော့ နည်းပါတယ်။ သမ္မတ မလုပ်နိုင်တာတွေ၊ တာဝန်လွှဲပေးတာတွေကို လုပ်ရမှာဖြစ်ပြီးတော့ လုံခြုံရေး ကောင်စီအဖွဲ့ဝင်တဦး အနေနဲ့ လုပ်ဆောင်ရမှာပါ” ဟု ဒေါက်တာ အေးမောင် က ပြောသည်။

မနက်ဖြန် ဆွေးနွေးကြမည့် တိုင်းရင်းသားပါတီများမှာ SNDP၊ RNDP၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)၊ ချင်း အမျိုးသားပါတီ၊ ဖလုံ-စဝေါ်ပါတီ နှင့် တခြားတိုင်းရင်းသားပါတီ တချို့ပါဝင်မည် ဟုသိရသည်။

ဖလုံ-စဝေါ်ပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကလည်း လွှတ်တော်ထဲ၌ ဆွေးနွေးရာတွင် တိုင်းရင်းသားအားလုံးသည် အသံတသံ တည်း ဖြစ်ရေး၊ လက်တွေ့ကျကျ ပြောဆိုနိုင်ရေးတို့က အရေးကြီးပြီး ကြိုတင်ပြင်ဆင်မှုသည် အရေးကြီးသည်ဟု ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များ၏ အဆိုအရ ၎င်းတို့ပါတီများသည် လွှတ်တော်နှင့်ပတ်သက်၍ ယနေ့အထိ တိကျသေချာစွာ မသိရသေးကြောင်း၊ လွှတ်တော်အား တာဝန်ခံ ခေါ်ယူမည့် နအဖ စစ်အစိုးရ ကိုယ်တိုင် မည်သည့် အကြောင်းအရာကိုမှ ရွေးကောက်ပွဲ အနိုင်ရ ပါတီကိုယ်စားလှယ် များအား အသိပေး အကြောင်းကြားမှု မရှိသေးကြောင်း သိရသည်။

လက်ရှိ အစိုးရတာဝန်အပြင် ကြံ့ဖွံ့ပါတီ၏ ခေါင်းဆောင်ရာထူးများကိုပါ ပူးတွဲလုပ်ဆောင်နေကြသော ကြံ့ဖွံ့ပါတီဝင်များကမူ လွှတ်တော်အတွက် သာမက ပေါ်ပေါက်လာမည့် အစိုးရသစ်၌ တာဝန်ယူကြမည့် ရာထူးများကိုပါ ရွေးချယ်ထားပြီး ဖြစ်ကြောင်း
တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များ၏ အဆိုအရ ပြည်နယ်ဝန်ကြီးချုပ်ရာထူးများကို ကြံ့ဖွံ့ပါတီဝင်များဖြစ်သော စစ်ဗိုလ်ချုပ် ဟောင်းများကို ရွေးချယ်ထားပြီးပြီဟု သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြည်နယ် ၀န်ကြီးချုပ်ရာထူးများကို နိုင်ငံတော်သမ္မတမှ
တိုက်ရိုက် ခန့်အပ်နိုင်ကြောင်းပါရှိသည်။

၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင်တပြိုင်တည်း ခေါ်ယူမည်ဟု စစ်အစိုးရ မီဒီယာများက ရေးသားထားသည်။

အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်အား နေပြည်တော်မြို့တော်သစ်၌ ပြုလုပ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ လွှတ်တော်အား သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသများ၌ ကျင်းပသွားမည်ဟု ကြေညာထားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ အကျိုးခံစားခွင့်၊ ရပိုင်ခွင့်များကိုမူ ယနေ့ထိ မသိရသေးဟု လွှတ်တော်တက်မည့် ကိုယ်စားလှယ် လောင်းများက ဆိုသည်။

Thursday, January 13, 2011

စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပုဂ္ဂလိကသို့ လွှဲမည်

နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ပြီး အစိုးရက ၁၀ ရာခိုင်နှုန်းကိုသာ ဆက်လက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ အမှတ် ၂ စက်မှုဝန်ကြီးဌာန ဒု ၀န်ကြီး ဦးခင်မောင်ကျော်က ပြီးခဲ့သည့် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ နှစ်ပတ်လည် ညီလာခံတွင် ယင်းသို့ပြောကြားခဲ့ကြောင်း Eleven မီဒီယာက ဖော်ပြသည်။

“ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပြောင်းလဲတဲ့အခါမှာ နိုင်ငံတော် ပိုင်ဆိုင်တဲ့ စက်မှုလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိကို ပုဂ္ဂလိက ထံ လွှဲပြောင်းပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါမျိုးက မြန်မာနိုင်ငံတင် မဟုတ်ဘဲ တခြား ဒီမိုကရေစီနိုင်ငံ တွေမှာလည်း ဒီလိုမျိုးပဲ ဆောင်ရွက်လေ့ ရှိပါတယ်''ဟု ဦးခင်မောင်ကျော်က ညီလာခံ၌ ပြောခဲ့သည်။

နိုင်ငံပိုင်များဖြစ်သော စီးပွားရေးလုပ်ငန်း ၁၁၀ ၊ အဆောက်အအုံ ၃၂ ခု၊ စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်နှင့် ရန်ကုန်မြစ်ကမ်း တလျောက်ရှိ အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်းမြေနေရာများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချပြီးဖြစ် သည်ဟုလည်း Eleven မီဒီယာ၌ ရေးသား ထားသည်။

စက်မှုလုပ်ငန်းများ အပြင် နိုင်ငံပိုင် မော်တော်ယာဉ်၊ စီးပွားရေးလုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ အဆောက်အအုံများနှင့် မြေကွက် များ၊ လမ်းတံတားများ၊ ဆိပ်ကမ်းများနှင့် အပန်းဖြေနေရာများကိုပါ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးစိုးမြင့်က “အခုလိုကိစ္စမျိုးတွေ ဗီယက်နမ်နိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျနော်တို့ အကောင်းမြင်ပါတယ်။ ဒါပေ မယ့် အခုအချိန် အထိတော့ အစိုးရကနေ တရားဝင် သတင်း ထုတ်ပြန်တာတော့ မရှိသေးပါဘူး”ဟု ဧရာဝတီ သို့ ပြောသည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ရန်ကုန်နှင့် မန္တလေးမြို့များတွင် အများဆုံးတည်ရှိသည့် တိုက်ခန်း၊ မြေကွက်၊ မြေနှင့် အဆောက် အအုံ စုစုပေါင်း ၁၃၇ ခုကိုရောင်းချရန်နှင့် မန္တလေးအပြင် ပဲခူး၊ ပြည်၊ တာချီလိတ်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ လားရှိုး၊ သံတွဲ၊ တောင်တွင်းကြီး မြို့များ၌ တည်ရှိသည့် အိမ်ခြံမြေများကို ရောင်းချရန်အတွက်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ အဆိုပြုလွှာများတင်သွင်းရန် ကြေညာထားပြီးဖြစ်သည်။

နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက်ကို ပုဂ္ဂလိကပိုင် အဖြစ်ရောင်းချခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ အဆောက်အအုံများ၊ စက်ရုံများကို ရောင်းချနေခြင်းမှာ၂၀၀၈ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ပိုမိုများပြားလာပြီး စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များက အများဆုံးပိုင်ဆိုင်ခွင့် ရရှိထားသည်။

Wednesday, January 12, 2011

အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရ သည်။

3-prisoners-Jan-12
ယမန်နေ့က ထိုင်းဘက် ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ ၃ ဦး။ ကိုသောင်းဌေးဦး (၀ဲဘက်)၊ ကိုမိုးရာဇာ (အလယ်)၊ ကိုတင်ဇော်မင်း (ယာစွန်) (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“ဒီအကျဉ်းသား တွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုး မလုပ်သင့်ပါဘူး၊ အခု စစ်အစိုးရ ကျင့်သုံးနေတဲ့နည်းက အကျဉ်းသားတွေကို သတ်နေတာနဲ့ အတူတူ ပါပဲ”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သတင်း အချက်အလက် တိတိကျကျ ရရှိရန်နှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ် မှု ဖြစ်သောကြောင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။

ထို့သို့ မိုင်းရှင်းကိရိယာများ အဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လို သောကြောင့် မကြာသေးခင်က အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ခေါ်ဆောင်လာသော မကွေးတိုင်း ပခုက္ကူထောင်မှ ၎င်းအပါအ၀င် အကျဉ်း သား ၃၀ ခန့်သည် ထိုသို့ မိုင်းရှင်းခိုင်းမှု ကြုံခဲ့ရသည်ဟု အကျဉ်းသားပေါ်တာ တဦးဖြစ်သည့် ကိုသောင်းဌေးဦး အသက်၂၈ နှစ် ကလည်း ဧရာဝတီသို့ ပြောသည်။

ကိုသောင်းဌေးဦးက"ကျနော်တို့ က ပခုက္ကူထောင်ကနေ ငွေမပေးနိုင်လို့ရှေ့တန်းကို အပို့ခံရတဲ့လူတွေပါ၊ ပခုက္ကူထောင် က အယောက် ၃၀ ပါ တယ်၊ ရှေ့တန်းမှာ စစ်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ထမ်းရတဲ့အပြင် ထမင်းချက်ရတယ်၊ ရေခတ် ရတယ်၊ တိုက်ပွဲဖြစ်ပြီးလို့ စစ်သားတွေ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုက် ကောက်ပေးရတယ်၊ အဆိုးဆုံးကတော့ မိုင်းတွေရှိတဲ့နေရာတွေဆိုရင် အကျဉ်းသားပေါ်တာတွေကို ရှေ့ကနေသွားခိုင်းတာပဲ မိုင်းနင်းမိတဲ့လူလည်း မနည်းဘူး၊ ဒါကြောင့် ဒီဘက်ကို အရဲ စွန့်လာရတာ"ဟု ပြောပြသည်။

ယမန်နေ့က ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ ပလောတပို့ တပ်စခန်းမှ ကိုသောင်းဌေးဦးအပါအ၀င် ကိုတင်ဇော်မင်း ၂၁ နှစ်၊ ကိုမိုးရာဇာ ၁၇ နှစ် တို့ အကျဉ်းသား ပေါ်တာ ၃ ဦးသည် မဲဆောက်မြို့နယ် ကော်မနောင်း သို့ ရောက်ရှိလာရာ ဒုက္ခသည်အရေး ကူညီသူများက လက်ခံကူညီထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းတို့ ၃ ဦး သည် ရဲ အပါအ၀င် ဒေသခံ အာဏာပိုင်များ၏ ဖိနှိပ်အနိုင်ကျင့်မှုအား ပြန်လည်ခုံခံရာမှ ရာဇ၀တ်မှု ကျူးလွန် သည့် ပုဒ်မများဖြင့် ပခုက္ကူထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်းလည်း သိရသည်။

အကျဉ်းသားပေါ်တာ ကိုမိုးရာဇာ ကလည်း"ကျနော်တို့အမေကို ရဲက အသားလွတ် ပါးရိုက်တဲ့အတွက် ဒေါသဖြစ်ပြီး ကျနော့် အစ်ကို တင်ဇော်မင်းနဲ့ ကျနော်ဝိုင်းရိုက်လိုက်တာ လက်လွန်သွားပြီး ထောင် ၅ နှစ်စီ ကျသွားတာပါ၊ ဟိုမှာလည်း အနိုင်ကျင့် ခံရ ဒီရောက်လည်း ထပ်ခံရတာနဲ့ မထူးတော့တဲ့အတူတူ သေသေရှင်ရှင် ဒီဘက်ထွက်လာဖို့ ဆုံးဖြတ်လိုက် တာပါ"ဟု ပြောသည်။

ပခုက္ကူထောင်တွင် ရှေ့တန်း စစ်မြေပြင်သို့ အပို့ခံရမည့် အကျဉ်းသားများ အနေနှင့် ထောင်ပိုင်ကို တဦးလျှင် ကျပ် ၁ သိန်း ခန့် ပေးနိုင်ပါက ရှေ့တန်းသွားရန်မလိုဘဲ ငွေမပေးနိုင်သည့် အကျဉ်းသားများနှင့် အစားထိုးသည်ဟုလည်း ကိုမိုးရာဇာ က ဆက်ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ နအဖ တပ်များက အကျဉ်းသားပေါ်တာ ရာနှင့်ချီ အသုံးပြုမှု ရှိနေကြောင်း လည်း ကိုသောင်းဌေးဦး က ပြောပြသည်။

ယင်း အကျဉ်းသား ပေါ်တာများသည် ပခုက္ကူ ၊ မော်လမြိုင်၊ ဘားအံ စသည့် ထောင်များအပါအ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း နအဖ တပ်များက အကျဉ်းသား ပေါ်တာများကို အရှေ့တွင်ထား၍ တိုက်ခိုက်မှုများကို ကြုံခဲ့ရသည်ဟု  DKBA တပ်မဟာ ၅ ဖလူး ဒေသ စခန်းထိုင် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောသရီးထူးလည်း ပြောဆိုသည်။

“အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့ ရှေ့မှာပဲ ကျတယ်၊ သိတယ်၊ ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ”ဟု ၎င်းက ဆိုသည်။

အကျဉ်းသား ပေါ်တာများထွက်ပြေးလာသည့် မြ၀တီခရိုင် ဖလူးဒေသ တွင် နအဖ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း ၇ ရင်း စစ်ရေးလှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ နေ့ တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီး ကျည် ရာနှင့်ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် ယမန်နေ့က မြန်မာမာစစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။

ပြီးခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက် တပ်များ ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

ထူးပေမယ့် မဆန်းပါ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်းဖြစ်စဉ်များအပေါ် (နအဖ) စစ်အစိုးရ တုန့်ပြန်မှုတွေဟာ ယခင်ကနဲ့မတူပါဘူး။ မတူဘူးဆိုလိုက်လို့ သဘောထားပျော့ပြောင်းလာတယ်စသဖြင့် ဘာဘာညာညာပြောချင်တာ မဟုတ်ပါဘူး။

ဖြစ်ရပ်တွေက ရွေးကောက်ပွဲမှာကျူးလွန်ခဲ့တဲ့ မသမာမှုနဲ့ မတရားတဲ့ကိစ္စတွေကိုတောင် ကျော်လွန်သွားသလိုဖြစ်ခဲ့ရပါတယ်။ (နအဖ) စစ်အစိုးရကတော့ ဒါတွေကို အကြိုက်တွေ့နေမှာပေါ့။ ရွေးကောက်ပွဲမသမာမှုတွေကို တရားစွဲဖို့ဆိုတာကလည်း ငွေချည်း ၁၀ သိန်းတင်ရမယ် မဟုတ်လား။
(နအဖ) စစ်အစိုးရတုန့်ပြန်မှုတွေက ယခင်ကနဲ့မတူဘူးလို့ဆိုရတာလည်း (နအဖ) စစ်အစိုးရအဖို့ ယခင်ကလို အခြေအနေ မဟုတ်တော့တာလည်းပါတယ်။ အဓိကအချက်ကတော့ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရထားတယ်။ ဒါကြောင့် ဒီနေ့ဖြစ် နေတာတွေကို အရင်ကလိုသတင်းစာကနေဆောင်းပါးရေးပြီး မိုက်တိမိုက်ကန်းတုန့်ပြန်လို့ဖြစ်တာ မဟုတ်တော့ဘူး။ “အောင်မိုးစံ” တို့ကိုရေးခိုင်းလို့လည်းရတော့တာ မဟုတ်ဘူး။ သူတို့က နိုင်ငံရေးပါတီထောင်ထားတယ်။
ဒီတော့အခြားနည်းတွေသုံးလာရတယ်။ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်၊ လူငယ်ထုနဲ့ဒေါ်အောင်ဆန်းစုကြည် ရေနဲ့ငါးပမာ တစ်သားတည်း ဖြစ်နေမှာ/တာကို (နအဖ) စစ်အစိုးရက မနာလိုမရှုဆိတ်ပါဘူး။ ဒီတော့ထုံးစံအတိုင်း ဉာဏ်နီဉာဏ်နက်တွေလက် ကုန် ထုတ်သုံးလာပါတယ်။
ပထမဆုံးတုန့်ပြန်တာကတော့ ဒီချုပ်တရားဝင်တည်ရှိမှုကိစ္စကို နေပြည်တော်တရားရုံးချုပ်ကနေ “ပယ်ချ” လိုက်တာပါပဲ။
နောက်ဆက်တွဲအနေနဲ့  ပြည်တွင်းက ဂျာနယ် (၉) စောင်ကို ဒေါ်အောင်ဆန်းစုကြည်သတင်းဖေါ်ပြလို့ဆိုပြီး ရက်သတ္တပတ် ကန့်သတ်ပိတ်ပင်တဲ့ ဒဏ်ချမှတ်လိုက်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း “ဖျက်သိမ်းပြီး NLD” လို့သုံးရမယ်လို့ သံပတ်တင်းလိုက်ပါတယ်။
ပိတ်ပင်ခံရတဲ့ ဂျာနယ် (၉) စောင်ထဲမှာ “လျှပ်တစ်ပြက်ဂျာနယ်” ပါတယ်ဆိုတာကလည်း ကျောသားရင်သားမခွဲခြားဘူးဆိုတဲ့ ဆင်ခြေပေးနိုင်ဖို့ဖြစ်တယ်။ “လျှပ်တစ်ပြက်ဂျာနယ်” ဆိုတာ အလံရှူးဂျာနယ်မှန်း လူတိုင်းသိပါတယ်။
နောက်တစ်ခုကတော့ မဖြူဖြူသင်းတို့ဖွင့်လှစ်ထားတဲ့ (PLWHA) တွေနဲ့ ပတ်သက်ပါတယ်။
ဒီကိစ္စမှာ ယခင်ကလို သက်ဆိုင်ရာအုပ်ချုပ်ရေးယန္တရားကနေ (မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေး) မကိုင်တော့ပဲ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ/ ရပ်ကွက်လူထုတွေနဲ့လှည့်ပြီး ရန်တိုက်ပေးလိုက်ပါတယ်။ (NGO) ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ရမယ်/ ဆေးရုံဆိုရင်လည်း စံသတ်မှတ်ချက်များနဲ့ ကိုက်ညီရမယ်လို့ဆိုပါတယ်။
လောလောဆယ်တော့ ဧည့်စာရင်းတိုင်ခွင့် ထပ်မံပေးပါတယ်။ ဒါဟာ (နအဖ) စစ်အစိုးရဘက်က လိုက်လျောလိုက်တာ ခွင့်ပြုလိုက်တာမဟုတ်ပါဘူး။ သူတို့ဥပဒေကို သူတို့ကိုယ်တိုင် မချိုးဖောက်ဘူး ဆိုတာနဲ့ မဖြူဖြူသင်းတို့ဘက်တောင်းဆိုလို့ တင်းခံ နေလို့ လိုက်လျောရတာဆိုတဲ့ အနေအထားမျိုး မဖြစ်ရအောင် အကွက်ချတုန့်ပြန်တာပါ။
နေ့စဉ်ထုတ်သတင်းစာတွေထဲကနေသာ မတုန့်ပြန်ပေမယ့် (ကြေးမုံအွန်လိုင်းသတင်းစာ) မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းစိုင်းစွာ ပုတ်ခတ်ဆဲရေးထားတာတွေကို နေ့စဉ်ဖေါ်ပြနေပါတယ်။ လက်တွေ့မှာတော့ နိုဝင်ဘာ၂၅ ရက်နေ့မှာ ရွှေဂုံတိုင်ရုံး ရှေ့ကို “လူရမ်းကားငါးမင်းဆွေ” ရောက်လာပြီး သရုပ်ပျက် အော်ဟစ်ပါတယ်။
နောက်ဆုံးတုန့်ပြန်ချက်နဲ့ ရိုက်ချက်ကတော့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပက အာရုံကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေကို အာရုံလွှဲပြောင်းနိုင်ဖို့အတွက် “ဗိုလ်ခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ရဲ့မိုးသည်းည အသံတိတ်ဗွီဒီယို အပိုင်း” ကို (facebook) ကနေတဆင့်ဖြန့်လိုက်တာပါပဲ။ ရေကန်ထဲက ခဲကျသလိုဂယက်တွေ ပြန့်သွားပါတယ်။ ထင်မြင်ယူဆချက်တွေ ဘောင်ဘင်ခတ်သွားပါတယ်။
ဆံပင်ဖြူနေတဲ့ ဗိုလ်ခင်ညွန့်ကိုကြည့်ပြီး စိတ်မကောင်းသလိုလို/သံဝေဂ ရသလိုလိုပြောတဲ့ လူလည်းရှိပါတယ်။ စိတ်မကောင်းဖြစ်နေသူတွေ၊ သံဝေဂရနေသူတွေကို ပြောချင်ပါတယ်။ ဗိုလ်ခင်ညွန့် ညွန်ကြားချက်နဲ့ အဖမ်းခံရသူတွေထောင်ထဲမှာ အခုချိန်ထိ အများအပြားရှိနေပါသေးတယ်။
ထောင်ထဲမှာသေရတဲ့/ရူးသွပ်သွားရတဲ့/ကျန်းမာရေးချို့ယွင်းသွားရတဲ့ ဖြစ်ရပ်တွေနဲ့ အဖမ်းခံရသူတွေရဲ့မိသားစုတွေ ဘယ်လိုဘဝပျက်သွားတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒီနေရာမှာ သံဝေဂထက် စာနာမှုကပိုအရေးကြီးပါတယ်။
ဗိုလ်ခင်ညွန့်ရဲ့ အဝေးယောက်တပည့်ကတော့ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ဖြေရှင်းဖို့ လူကြီးတွေကတွေ့ဖို့ နေရာပြောင်းတာဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေးတို့ရဲ့အဋ္ဌာရဿတွေနဲ့ ထုံးစံအတိုင်း ချွန်ပေးပါတယ်။ စိတ်ကူး ယဉ်ဆန်လွန်းတဲ့ ထင်မြင်ချက်ဖြစ်ပါတယ်။ နိမ့်ပါးသွားတဲ့သူတို့ဆရာကို အသလွတ်ချီးမွန်းခန်းဖွင့်တာပါ။
“နိုင်ငံရေးကိစ္စတွေ နောက်တက်မယ့်အစိုးရနဲ့ပြောပါဆိုပြီး” အပစ်အခတ်ရပ်စဲခဲ့တဲ့ တိုင်းရင်းသားတွေကို တစ်ပတ်ရိုက်ခဲ့တာ ဗိုလ်ခင်ညွန့်ပဲ မဟုတ်လား။ (CO) နဲ့ (IO) တို့ရဲ့ လက်တွဲညီညီရိုက်ခဲ့ကြတဲ့အကွက်တွေ မဟုတ်ဘူးလား။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ခင်ညွန့်ပူးပေါင်းဆောင်ရွက်လိုက်ရင် အောင်မြင်မှာပါတဲ့။
ဖိတ်သွားတဲ့နို့ကို ပြန်လည်တမ်းတနေတာ။ အဆုံးအဖြတ်အာဏာကို ဘယ်သူကိုင်ထားတယ်/ ဘယ်သူ့လက်ထဲမှာ ရှိတယ် ဆိုတာကို ကျနော်တို့ အခုထိဝေဝါးနေကြဦးမှာလား။
ဘယ်သူကဗိုလ်ခင်ညွန့်ကို ဆိုင်းငံ့ထောင်ဒဏ် (၄၄) နှစ် အပြစ်ပေးပြီး ဖယ်ရှားလိုက်တာလဲ။ အခုလိုအချိန်မှာ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွန့်ကို ဘယ်သူက ပွဲထုတ်ဗန်းတင်ပေးမှာလဲ။ တရားခံကို ဘယ်သူက ဟီးရိုးလုပ်ခွင့်ပေးမှာလဲဗျာ။ “ဗိုလ်ခင်ညွန့်နဲ့ဒေါ်ခင်ဝင်းရွှေတို့ရဲ့ မိုးသည်းည အသံတိတ်ဗွီဒီယိုအပိုင်း” ကိုတော့ (နအဖ) စစ်အစိုးရရဲ့ ရိုက်ကူးရေးအဖွဲ့ရိုက်ပြီး၊ သူတို့ကပဲ တဆင့်ဖွပေးလိုက်တာပဲ ဖြစ်ပါတယ်။
အခုပဲ ကျနော်တို့အနေနဲ့ (နအဖ) စစ်အစိုးရရဲ့ တုန့်ပြန်ချက်တွေကြားမှာ အခြေအတင်တွေ ပြောနေဆိုနေရပြီပဲ။ ဒါကိုက (နအဖ) စစ်အစိုးရ ရည်ရွယ်ချက်မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။
(နအဖ) စစ်အစိုးရရဲ့ နောက်ဆုံးတုန့်ပြန်ချက်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားရဲ့ မြန်မာပြည်ခရီးစဉ် (၂၈/၂၉ နိုဝင်ဘာ) သတင်းဖေါ်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ကသပ်သပ်၊ “ဖျက်သိမ်း ထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”သပ်သပ် ခွဲခြားဖေါ်ပြထားတာပဲ ဖြစ်ပါတယ်။
(နအဖ) စစ်အစိုးရထံကနေ နောက်ထပ်တုန့်ပြန်ချက်တွေပုံစံမျိုးစုံနဲ့ ထပ်ထွက်လာဦးမယ်လို့ ကျနော်ယူဆတယ်။

Tuesday, January 11, 2011

လွှတ်တော်အတွက် တိုင်းရင်းသားပါတီများ အဆင်သင့်မဖြစ်သေး

စစ်အစိုးရ ဦးဆောင်၍ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ခေါ်ယူတော့မည့် လွှတ်တော် အသီးသီးအတွက် ဆွေးနွေးမည့် အကြောင်း အရာများကို မစီစဉ်ရ သေးကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

“ပထမဆုံးအကြိမ်ဆိုတော့ တက်ရောက် နားထောင်သူအဆင့်နဲ့ပဲ နေကြရမယ်ထင်တယ်” ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။

လွှတ်တော်နှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တချို့မှလွဲ၍ မည်သို့ လုပ်ဆောင်သွားမည် ဆိုသော အကြောင်းအရာများကို တာဝန်ရှိသူများက နိုင်ငံရေးပါတီများကို ကြိုတင်အသိပေးခြင်း မရှိ၍ မည့်သည့်အနေအထားဖြင့် ဆွေးနွေးရမည်ကို မသိကြသေးကြောင်း ၎င်းက ဆက်ပြောသည်။

လွှတ်တော်သစ်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီများက တိကျသော အစီအစဉ်များ မရှိသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကမူ လာမည့်အစိုးရသစ်အတွက် ကြိုတင်ပြင်ဆင်မှု အားလုံးကို ဆောင်ရွက်ထားသည်ဟု သိရသည်။

ပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော်တွင် သမ္မတ၊ ဒုတိယ သမ္မတ များကို ရွေးချယ်မည်ဟု ခန့်မှန်းရကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

အစိုးရသစ်တွင် တာဝန်ထမ်းဆောင်မည့် သမ္မတသည် ၂၀၀၈ ဖွဲ့စည်းပုံအရ  နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များ ရှိရမည်ဟု ဆိုထားသောကြောင့် ကြံ့ဖွံ့ကိုယ်စားလှယ်သာ သမ္မတဖြစ်လိမ့်မည်ဟု နိုင်ငံရေး အကဲခတ်များက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်တပ်မှ တဦး၊ အနိုင်ရ အရပ်သား ကိုယ်စားလှယ် များထဲမှ ၂ ဦးတို့ကို ဒုတိယ သမ္မတ အဖြစ်ရွေးချယ် တင်မြှောက်ကြမည် ဖြစ်ပြီး ထို ၃ ဦးထဲမှ တဦးကို သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

ပြည်နယ်၊ တိုင်းဒေသ များ၏ ၀န်ကြီးချုပ် ရာထူးများကိုလည်း ရွေးချယ် ထားပြီး ဖြစ်သည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များက ဆိုသည်။

“လွှတ်တော်သစ်မို့လို့  ကြံ့ဖွံ့ရဲ့ ဦးဆောင်မှုနောက်ကပဲ လိုက်ကြရမှာပါ။ ကျနော်တို့အတွက်လည်း ပြောဆိုနိုင်မယ့် အခွင့်အရေးတွေ နည်းနေဦးမှာ သေချာပါတယ်။ ပြည်နယ် ၀န်ကြီးချုပ်ကိုလည်း ကျနော်တို့ပါတီဝင်တွေက အဆိုပြုလို့မရဘူးလေ” ဟု ချင်းတိုးတက်ရေးပါတီ၏ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြောသည်။

မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ တာဝန်ယူမည့် ပြည်နယ် ၀န်ကြီးချုပ် ရာထူးများအား စစ်ဗိုလ်ချုပ်ဟောင်းများကို ရွေးချယ် ထားပြီး ဖြစ်သည်ဟုလည်း သူကဆိုသည်။

“လွှတ်တော်ကတနှစ်မှာ တကြိမ်ပဲ ခေါ်ယူမယ်ဆိုတော့ သူတို့ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရုံကလွဲပြီး ဘာမှဆွေးနွေးပိုင်ခွင့် ရမှာမဟုတ်ဘူး” ဟု နိုင်ငွေသိန်းက ပြောသည်။

စစ်အစိုးရ ဦးဆောင်ခေါ်ယူမည့် လွှတ်တော်သစ်ကို တနှစ်လျှင် တကြိမ်သာ ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) သည် လွှတ်တော်ထဲတွင် ဆွေးနွေးသွားမည့် ကိစ္စကို ယခုရက်ပိုင်းတွင် အစည်းအဝေးများ ခေါ်ယူမည် ဖြစ်သော်လည်း ပထမအကြိမ် လွှတ်တော်ပြီးမှသာ တိကျသော ဆွေးနွေးမှု လုပ်နိုင်မည်ဟုပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။

“ပထမဆုံး အခင်းအကျင်းအပေါ်မှာ မူတည်ပြီးတော့မှ အဆိုပြုတာတွေ လုပ်သွားရမှာပါ” ဟု သူက ဆိုသည်။

တိုင်းရင်းသားပါတီများ အနေနှင့် လွှတ်တော်တွင် ဆွေးနွေးရမည့် အကြောင်းအရာများ သေချာမှု မရှိသေးသည့် အပြင် ပြည်နယ်အဆင့် လွှတ်တော် အစည်းအဝေးများ ပြုလုပ်ရန် နေရာများကို လည်းတိတိကျကျ မသိရသေးကြောင်း၊ ပြည်နယ်ခန်းမ များ၌ ကျင်းပရန်သတင်းများ ထွက်ပေါ် နေသော်လည်း မသေချာသေးကြောင်း ပါတီခေါင်းဆောင်များ ကဆိုသည်။

အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် မြို့တော်သစ်၌ ကျင်းပမည်ဖြစ်ပြီး ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများ၌ တပြိုင်တည်း လုပ်ဆောင်မည်ဟု စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမည့် လွှတ်တော်သစ်အား ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ခေါ်ယူသွားမည်ဟု စစ်အစိုးရ မီဒီယာများက ဇန်န၀ါရီလ ၁၀ ရက်နေ့က ကြေညာထားသည်။