ကျနော်က ဧရာဝတီတိုင်း ဟင်္သတမြို့နယ် ညောင်ပင်ဈေး (အုန်းကုန်း) ရပ်ကွက်သားတဦးပါ။ ကျနော်တို့ ရပ်ကွက်ထဲမှာ အာဏာပိုင်တွေရဲ့ အကျင့်ပျက် ခြစားပုံနဲ့ ပတ်သက်ပြီး မခံမရပ်နိုင် ဖြစ်လွန်းလို့ အခုလို စာရေးသား ပေးပို့ရတာပါ။
ကျနော်တို့ ရပ်ကွက်ထဲမှာက လက်လုပ်လက်စား လူဆင်းရဲတွေ အများစု နေကြတာ ဖြစ်ပါတယ်။
ရပ်ကွက်လူကြီး ဦးလှမြင့်ဟာ အိမ်တွေကနေ မကြာခဏ ငွေကောက်တတ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက လမ်းမီးချောင်း ပြင်ရမယ်ဆိုပြီး တအိမ်ကို ကျပ် ၂ဝဝဝ နှုန်း ကောက်ခဲ့ပါသေးတယ်။ တကယ်တော့ မီးချောင်း တချောင်းနဲ့ တချောင်းကြားမှာ အိမ်က ၁ဝ အိမ်လောက် ရှိပြီး၊ မီးချောင်းအသစ် တချောင်းမှ ၂၅၀၀ ကျပ်ပဲ ကုန်ပါတယ်။ ရှိတဲ့လူက ထည့်နိုင်ပေမယ့် မရှိတဲ့ ဆင်းရဲသားတွေအဖို့ အင်မတန်မှကို ခက်ခဲပါတယ်။
ဒါ့အပြင် ဒီလထဲမှာလည်း ဦးရှင်ကြီးပွဲအတွက် ဆိုပြီး တအိမ် ကျပ် ၁၅ဝဝ နှုန်း ကောက်ပြန်ပါတယ်။ ဒါတွေဟာ ကျနော်တို့ ရပ်ကွက်သားတွေ တောင်းဆိုတာ မဟုတ်ပါဘူး။ သူလုပ်ချင်တာကို သူ့ဘာသာ စီစဉ်ပြီး လုပ်နေတာသာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပျက်နေတာကို လူတွေက မကျေနပ်ကြပါဘူး။
ပြီးတော့ ရဲစခန်းက ရဲတွေကလည်း ရပ်ကွက်ထဲမှာ လူမွေးထားပြီး (၂ လုံး၊ ၃ လုံး) ချဲထီရောင်းတဲ့ သူတွေဆီက ငွေကောက်ခံနေတာလည်း ရှိပါတယ်။ ဒီလိုနည်းအားဖြင့် ချဲထီဆိုရင် ဂိုဏ်းဂဏကို ဖြစ်နေတာပါ။ ရဲက သူတို့ကိုယ်တိုင် ငွေမကောက်ပါဘူး။ လူတွေမှာသာ ဒီချဲထီထိုးပြီး စာရိတ္တပျက်လာနေကြပါတယ်။ ဒုစရိုက်လုပ်ငန်း လုပ်နေသူတွေ ကိုယ်တိုင်ကိုက ရဲဌာနကပါလို့ ပြောရမလို ဖြစ်နေပါပြီ။
ဒါတွေကို သက်ဆိုင်ရာက သိစေချင်ပါတယ်ခင်ဗျား။
ညောင်ပင်ဈေး (အုန်းကုန်း) ရပ်ကွက်
ဟင်္သာတမြို့နယ်
ဧရာဝတီတိုင်း