Saturday, March 12, 2011

နိုင်ငံ့ဥသျှောင်ဥက္ကဋ္ဌ စစ်တပ်ကို တိုက်ရိုက်အုပ်ချုပ်မည်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ့ဥသျှောင်အဖွဲ့၏ ဥက္ကဋ္ဌရာထူးဖြင့် တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးသော နိုင်ငံ့ဥသျှောင် အဖွဲ့၏ ညွှန်ကြားမှု အောက်တွင်သာ စစ်တပ်ကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောဆိုကြသည်။

mm-leaders-ap
နိုင်ငံ့ဥသျှောင် အဖွဲ့ ခေါင်းဆောင်များ (ဓာတ်ပုံ - အေပီ)
“အဓိကကျတဲ့ တပ်တွင်းရာထူး တိုးပေးတာ၊ လက်နက်ဝယ်တာ၊ နျူကလီးယားစီမံကိန်းနဲ့ တခြားအရေးကြီးတဲ့ ကာကွယ်ရေး ဆိုင်ရာကိစ္စ တော်တော်များများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်ရိုက်ကိုင်တွယ်မယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးနဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်ရေးပြပွဲတွေလောက်မှာပဲ မိန့်ခွန်း ပြောတာမျိုး လုပ်ရမယ်။ ဘယ်ကိစ္စမဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက်ညွှန်ကြားမှုကိုပဲ ခံယူရမယ်” ဟု နေပြည်တော်မှ စစ်တပ် အရာရှိကြီး တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးမည် ဖြစ်သော်လည်း စစ်တပ်မှ အငြိမ်းစားယူခြင်း မဟုတ်ဘဲ နိုင်ငံ့ဥသျှောင်အဖွဲ့ အကြီးအကဲနေရာတွင် ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ဆက်လက် ချုပ်ကိုင် ထားမည်ဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း လက်ရှိရာထူး တာဝန်ဖြင့်ပင် ဥသျှောင် အဖွဲ့၌ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်တချို့ကို လွှဲပြောင်း ရယူ လုပ်ကိုင်နေပြီဖြစ်ပြီး နိုင်ငံ့ဥသျှောင်အဖွဲ့ဝင် အဖြစ်လည်း ပါဝင် လုပ်ကိုင်နေရကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ် ခံထားရသော ဦးသိန်းစိန်သည်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ၎င်းဦးဆောင်သော အစိုးရသစ်သို့ အာဏာလွှဲပြောင်း ပေးပြီးပါက နိုင်ငံတော် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လစဉ်အစီရင်ခံ တင်ပြရမည်ဟု သတင်းရရှိသည်။

“ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို လူတွေအများကြီးခွဲပြီး အုပ်ချုပ်ခိုင်းထားပေမယ့် သူကပဲ ထိပ်ဆုံးကနေ ချုပ်ကိုင် ထားတယ်။ သမ္မတကလည်း ငါသမ္မတပဲဆိုပြီး လုပ်ချင်ရာလုပ်လို့ မရဘူး။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ငါ ကာကွယ်ရေး ဦးစီးချုပ်ဆိုပြီး လုပ်လို့မရဘူး။ အကုန်လုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတယ်” ဟု နေပြည်တော် စစ်ဘက်ဝန်ထမ်းက ဆိုသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့သည် စစ်အစိုးရ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသော အဖွဲ့အစည်း တခုဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲတဦး ခန့်အပ်ကာ နိုင်ငံ့ဥသျှောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဟု သိရှိရသည်။

နေပြည်တော်အခြေစိုက် စစ်ဘက်ဆိုင်ရာ သတင်းများအရ တပ်မတော်တွင် အမြင့်ဆုံးရာထူးအဖြစ် ဗိုလ်ချုပ်ကြီး ရာထူးကိုသာ ထားရှိတော့မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှလွဲ၍ ဗိုလ်ချုပ်မှူးကြီးရာထူးကို မည်သည့် စစ်အရာရှိကိုမှ ပေးအပ်မည်မဟုတ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းက ပြောသည်။

Wednesday, March 09, 2011

မြန်မာလူငယ်တွေ ပညာရေး ၀ိုင်းဝန်းပံ့ပိုးဖို့ ဒေါ်စုတိုက်တွန်း

ဒီမိုကရေစနစ် ဆိုတာဟာ ပြည်သူလူထုအပေါ် ယုံကြည်မှုထားခြင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံ အချို့က ကျောင်းသားလူငယ် ၄၀၀ ကျော်ကို အင်တာနက် ဗွီဒီယိုကဆင့် တိုက်ရိုက် အမေးအဖြေ လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတာပါ။ အမေရိကန် ပြည်ထောင်စုအတွင်း စာသင်ကြားခွင့်ရတဲ့ မြန်မာကျောင်းသားတွေ အနေနဲ့လည်း မြန်မာနိုင်ငံထဲက လူငယ်တွေရဲ့ ပညာရေးအတွက် ပြန်ပြီး လှည့်ကြည့်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီးတော့ လုပ်တဲ့ အဲဒီ ဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းဆောင်ထဲမှာပဲ မတ်လ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တာပါ။ တနာရီနီးပါးကြာတဲ့ အဲဒီဆွေးနွေးပွဲအတွင်းမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းချက်တွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိတ်ရှည်လက်ရှည် ရှင်းလင်းခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကို သိရှိ နားလည်အောင် ကြိုးစားပေးကြဖို့လည်း ကျောင်းသားလူငယ်တွေကို တိုက်တွန်းသွားပါတယ်။
“ပထမဆုံးက မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို သတိပြု သတိထား စောင့်ကြည့်ကြဖို့ပါ။ ဒုတိယအနေနဲ့တော့ မြန်မာနိုင်ငံမှာ ဘာကြောင့် ဒီမိုကရေစီ ရချင်သလဲ ဆိုတာကို သိအောင်လုပ်ဖို့ပါ။ ဒီမိုကရေစီဆိုတာ လောကနိဗ္ဗာန် မဟုတ်ပါဘူး။ ဒါကို အမေရိကန်က လူတွေကတော့ သိပြီးဖြစ်မှာပါ။ ဒီမိုကရေစီဆိုတာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာ၊ ကိုယ်ရင်ဆိုင်နေရတဲ့ ကိစ္စမျိုးတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။
“ဘယ်လိုစိန်ခေါ်ချက်တွေကို မဆို ရင်ဆိုင်နိုင်ဖို့နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရဖို့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို လိုလားကြတာ ဖြစ်ပါတယ်။ လွတ်လပ်မှု အတိုင်းအတာ တစုံတရာနဲ့ အသိဉာဏ် ပိုင်ဆိုင်မှု ရှိထားမှ ဒီစိန်ခေါ်ချက်တွေကို ကိုယ်တိုင် ဖြေရှင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မြန်မာလူထုက သူတို့အနေနဲ့ ဘယ်လိုအုပ်ချုပ်ရေးမျိုးကို လိုချင်တယ်၊ ဘယ်လို တိုင်းပြည်မျိုး လိုချင်တယ် ဆိုတာမျိုးတွေနဲ့ အဲဒီအတွက် သူတို့ ဘာတွေလုပ်နေကြတယ် ဆိုတာမျိုးကို အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံတွေက လူငယ်တွေ သိစေချင်ပါတယ်။”
မြန်မာနိုင်ငံတွင်းမှာ လူငယ်တွေကို အဓိက အားထားပြီး ပြည်သူ့ကွန်ရက် တည်ဆောက်နေတဲ့ ရည်ရွယ်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အသေအချာ ရှင်းပြသွားပါတယ်။ မိမိရဲ့ လူ့အသိုင်းအ၀ိုင်းကို ပြောင်းလဲချင်စိတ်ဖြစ်အောင် အရင်ဆုံး စလုပ်ရမှာဖြစ်ပြီး ဒီ့အတွက် အခွင့်အလမ်း လိုအပ်ချက်ဟာ ဒီမိုကရေစီပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
“ဒီမိုကရေစီ ဆိုတာဟာ ပြည်သူလူထုကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထု ကိစ္စက အရင်ကျပါတယ်။ ဒုတိယကျမှ ဒီမိုကရေစီပါ။ ဒါကြောင့်လည်း ဒီမိုကရေစီအတွက် ပြည်သူ့ကွန်ရက်တရပ် ထူထောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီမိုကရေစီ လိုချင်တာလဲ၊ ဒါကို ပြည်သူတွေ နားလည်အောင် လုပ်နိုင်ဖို့ပါ။
“ဒီတော့ ပြည်သူလူထု အနေနဲ့ ကနဦးအဆင့် သူ့ လူ့အသိုင်းအ၀ိုင်း အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာအောင် စတင်လုပ်ကြရပါမယ်။ အဲဒီကနေ နောက်တဆင့် လွတ်လပ်မှုတွေ ရှိလာဖို့နဲ့ အပြောင်းအလဲအတွက် အခွင့်အလမ်း ကိစ္စတွေကို ရှာဖွေရပါမယ်။”
အခုဆွေးနွေးပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် အတွင်းမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အချို့နဲ့ ဘာကလေ တက္ကသိုလ်မှာ စာသင်ကြားနေတဲ့ မြန်မာလူငယ် အချို့လည်း တက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေးခွန်းတွေ ကိုယ်တိုင် ထုတ်ခဲ့ကြပါတယ်။ ပြည်ပရောက် မြန်မာလူငယ်တွေ အနေနဲ့ မြန်မာနိုင်ငံတွင်းက လူငယ်တွေရဲ့ အခြေအနေကို မမေ့ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
“ဒီလိုတိုင်းပြည်မျိုးမှာ ကြီးပြင်းခွင့်ရတာ ဒီအတွေ့အကြုံတွေနဲ့ ကိုယ့်ဘ၀ကို ရင့်ကျက်စေပါတယ်။ ဒီလိုတိုင်းပြည်တွေမှာ ကြီးပြင်းနေထိုင်ခွင့် ရတဲ့အတွက် အဲဒီတိုင်းပြည်တွေကိုလည်း သစ္စာရှိရပါမယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကိုလည်း မမေ့စေချင်ပါဘူး။ မြန်မာပြည်သူတွေရဲ့ ပညာရေးနဲ့ လူမှုဘ၀ တိုးတက်ရေး ကူညီနိုင်ဖို့ အတွက်လည်း ဒီလူတွေ လိုအပ်ပါတယ်။ မြန်မာပြည်က လူငယ်တွေ အနေနဲ့ နိုင်ငံခြားမှာ ရောက်နေတဲ့ လူငယ်တွေလောက် အခွင့်အလမ်းတွေ မရကြပါဘူး။
“ဒါကြောင့် မြန်မာလူငယ်တွေ ပညာရေး တိုးတက်လာဖို့အတွက် အာရုံထားပြီး အမေရိကန် ပြည်ထောင်စုရောက် မြန်မာလူငယ်တွေ လုပ်ပေးနိုင်ကြမယ်ဆိုရင် ကျမ အင်မတန် ကျေးဇူးတင်ပါတယ်။ ဥပမာ ပညာရေး ရန်ပုံငွေတရပ် ထူထောင်တာမျိုး ဖြစ်ဖြစ်ပေါ့။”
အခုဆွေးနွေးပွဲ အတွင်းမှာတော့ ကိုယ်တိုင် တက်ရောက်လာသူ ကျောင်းသားလူငယ်
၃၀၀ လောက်ရှိပြီး ဂျပန်၊ သြစတြေးလျနဲ့ ထိုင်းနိုင်ငံက ကျောင်းသား ၁၅၀ ကျော်ဟာလည်း အင်တာနက်ကတဆင့် ပါဝင်နားထောင် ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းသားလူငယ်တွေ ဘက်ကတော့ သူတို့အနေနဲ့ မြန်မာပြည် လွတ်မြောက်ရေးနဲ့ သူတို့ ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ မေးမြန်းချက်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘ၀ အချို့ကိုလည်း မေးမြန်းခဲ့ကြပါတယ်။
အခုဆွေးနွေးပွဲဟာ နိုင်ငံတကာရှိ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား အင်တာနက်ကတဆင့် တိုက်ရိုက် ဆွေးနွေးခွင့်ရတဲ့ ရှားရှားပါးပါး အခြေအနေတခု ဖြစ်သလို ဒီဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းသားတွေဘက်က ဦးဆောင် ကမကထ လုပ်ခဲ့တာလို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲ ဘာကလေတက္ကသိုလ်မှာ လူ ၉၀၀ တက်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က နာမည်ကျော် ဘာကလေ တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေကို တယ်လီဖုန်းနဲ့ စကားပြောဖို့ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ စံတော်ချိန် ဒီကနေ့ မတ်လ ၈ ရက် မနက်ပိုင်းမှာ ပြုလုပ်မဲ့ ဒီဟောပြောပွဲအတွက် တက်ရောက်နိုင်ဖို့ စာရင်းပေးထားသူ ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၀၀ ကျော် ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဘာကလေတက္ကသိုလ် မြန်မာယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာသင်တန်း အစီအစဉ်တရပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က နာရီဝက်လောက် ဟောပြောမှာ ဖြစ်ပြီး၊ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေကြားမှာ ဖြစ်တယ်လို့ ဘာကလေတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ ဆည်းပူးနေသူ ကိုမင်းဇင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အခုလို ပါဝင်မယ်ဆိုတာ သိတဲ့အခါကျတော့ သူတို့က ဒီ သင်တန်းကိုပေါ့နော်၊ စာသင်ခန်းကို အားလုံး တက်ရောက်နိုင်တယ် ဆိုပြီးတော့ ဖွင့်ပေးလိုက်တယ်။ အဲလို ဖွင့်လိုက်တဲ့အခါမှာ ကျွန်တော် သိသလောက်ဆိုရင် လူပေါင်း ၉၀၀ ကျော်လောက် တက်ပြီးတော့  နားထောင်မယ်လို့ ဖြစ်လာတဲ့အခါကျတော့ နဂိုတုန်းက ရှိတဲ့ စာသင်ခန်းနဲ့တောင်မှ မဆန့်တော့လို့ တကယ်ကို အင်မတန်မှ ကြီးတဲ့ စာသင်ခန်းတခုကို ငှားထားရတယ်။ လူပေါင်း ၉၀၀ ကျော် တက်မယ်လို့ စာရင်းပေးထားတဲ့ အပြင် အွန်လိုင်းကနေပြီးတော့ပေါ့နော်၊ အင်တာနက်ကတဆင့် တိုက်ရိုက်ကြည့်မဲ့ လူတွေလည်း ရှိပါတယ်။ ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်ကို တက္ကသိုလ်မှာရှိတဲ့ ဌာနအသီးသီးက မြန်မာနိုင်ငံအရေး၊ အာရှအရေး စိတ်ဝင်စားတဲ့ ပါမောက္ခတွေ၊ ကျွမ်းကျင်သူတွေ၊ သုတေသီတွေလည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။ ဘာကလေမြို့ ကာလီဖိုးနီးယား တက္ကသိုလ်ဟာ ကမ္ဘာကျော် ထိပ်တန်း တက္ကသိုလ်တွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။

သမ္မတသစ်ကျမ်းကျိန်ပွဲလုပ်ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ ညွန်ကြား

ရွေးချယ်ခံထားရတဲ့ သမ္မတသစ် ဦးသိန်းစိန်နဲ့ ဒုတိယသမတတွေ၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အခု မတ်လ တတိယပတ်အတွင်း နေပြည်တော်မှာ ပြုလုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားထားတယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။


မတ်လ ၂၇ ရက် တပ်မတော်နေ့ မတိုင်ခင် သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပပြီးနောက် အစိုးရသစ်ကို အာဏာ လွှဲပြောင်းမှုတွေပါ တပါတည်း လုပ်ဆောင်မယ်လို့ သိရပါတယ်။ လွှတ်တော်တက်ရောက်နေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အမတ် ဦးစိုးဝင်းကတော့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတ်လ ၂၀ ရက်နဲ့ ၂၇ ရက်ကြား သီတင်းပတ်အတွင်း ပြုလုပ်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

“ဒီလထဲမှာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောတာ၊ သူတို့ကတော့ ပွဲ ၂၀ ကျော်မှပဲ ဖြစ်မယ်လို့ ကြားတယ်ဗျ။ ဒါပေမဲ့ ပထမက ကြားတာကကျတော့ ကျွန်တော်တို့က တပ်မတော်နေ့မှာ ကျွန်တော်တို့ကို တက်ရဦးမယ် ဘာညာ ဆိုတာတွေလည်း ကြားသေးတယ်ဗျ။ အဲလိုရှိတာ။ အဲ တပ်မတော်နေ့ တက်ရမယ် ဆိုရင်တော့ တက်ရတာ တက်ရတာပဲလေ။ အဲဒီနေ့ မတိုင်မီတော့ ဖြစ်လိမ့်မယ် ထင်တယ်လေ။ တခါတည်း ကြေညာပြီး ဟိုဟာ ဖြစ်လိမ့်မယ် အကုန်လုံး။”
အခုနှစ် တပ်မတော်နေ့ အခမ်အနားကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်ရောက်မှာ မဟုတ်ပဲ သူ့ရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဆက်ခံမဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားမှာ ဖြစ်ကြောင်း၊ တပ်မတော်နေ့ကို အရင်နှစ်တွေကလောက် ကြီးကြီးကျယ်ကျယ် ပြုလုပ်မှာ မဟုတ်ကြောင်း ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မကြာခင်ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် ဝန်ကြီးဌာန ၃၃ နေရာ သတ်မှတ်ထားပြီး၊ ဝန်ကြီးလောင်းတွေကို ရွေးချယ်ထားပြီး ဖြစ်ပေမဲ့ ဘယ်သူက ဘယ်ဌာနကိုတာဝန်ယူရမယ်ဆိုတာ လောလောဆယ် မသတ်မှတ်ရသေးပါဘူး။

သမ္မတ တာဝန်မယူမီ ဝန်ကြီးခန့်အပ်ခြင်းမှာ ဥပဒေနှင့်မညီ

သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ကျန်းသစ္စာ ကျိန်ဆိုပြီး သမတတာဝန် မယူရသေးခင်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အရာရှိကြီးတွေ နေရာအတွက် အမည်စာရင်း တင်သွင်းပြီး ရွေးချယ် ခန့်အပ်နေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။
 
 

ဒီလုပ်ဆောင်ချက်ဟာ စစ်အစိုးရက သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မျက်ကွယ်ပြုပြီး ဆောင်ရွက်နေတာ ဖြစ်သလို၊ ဖွဲ့စည်းပုံ ဥပဒေကို ကာကွယ် စောင့်ရှောက် ပ့ါမယ်လို့ ကတိပြုထားတဲ့ နိုင်ငံရေးပါတီတွေကလည်း တာဝန် ပျက်ကွက်နေတာ တွေ့ရတယ်လို့ NLD က ထောက်ပြထားပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“ကျွန်တော်တို့က ဒီနေ့ ထုတ်တဲ့ ကြေညာချက်မှာ အဲဒီလို ဆောင်ရွက်နေခြင်းနဲ့ ပတ်သက်ပြီးတော့ သမတအဖြစ် ရွေးချယ်ခံထားရသူက ဆောင်ရွက်ခွင့် ဥပဒေအရ အပ်နှင်းထားတာ ကျွန်တော်တို့ မတွေ့ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း မပါဘူး။ ဒါကြောင့် ဒီဆောင်ရွက်ချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ကျွန်တော်တို့ ထောက်ပြထားပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါ့မယ် ဆိုပြီးတော့ လက်မှတ်ရေးထိုး မှတ်ပုံတင်ထားတဲ့ ပါတီတွေ အနေနဲ့ကလည်း ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ထောက်ပြသင့်တယ်လို့ ကျွန်တော်တို့ ဖော်ပြတယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခုလို ထောက်ပြ ဝေဖန်တာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိရမယ်ဆိုတဲ့ အမြင်အရ ဥပဒေအရ မကိုက်ညီတာကို ပြည်သူလူထု သိအောင် ထုတ်ပြန် ကြေညာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မြန်မာ ပြည်ဝင်ခွင့်ဗီဇာ အငြင်းခံရ



ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းကို မြန်မာ ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဒုတိယအကြိမ် အငြင်းခံရတယ်လို့ DVB သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ ဂေါ်ဒွန် ဘရောင်းက “ကျနော်တို့ မျိုးဆက်ရဲ့ ဒီမိုကရေစီအရေး မဟာ ဖိုက်တာကြီး” ကို သွားတွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၀ မေလမှာ ရာထူး ၃ နှစ်သက်တမ်းပြည့်လို့ အနားယူခဲ့တဲ့ မစ္စတာ ဂေါ်ဒွန် ဘရောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ အရင်တကြိမ်းကလည်း မစ္စတာ ဂေါ်ဒွန် ဘရောင်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အာဏာရှင် ဦးနေ၀င်း ၏ မြေး တစ်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

ယခင်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ၊ ရဲဘော်သုံးကျိပ်ဝင် နှင့်အာဏာရှင် ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း ၏ မြေးဖြစ်သူ ဇွဲနေ၀င်း အသက် ၂၉ နှစ် သည်ယမန်နေ့ က အင်းစိန် အကျဉ်းထောင် မှ နေ၍ ပြန်လည် လွတ်မြောက် လာသည် ဟု Freedom News Group မှ သတင်း ရရှိသည်။

မြန်မာ စစ်အစိုးရက ၂၆ နှစ် နိုင်ငံတော် အာဏာကို ထိန်းချုပ်ခဲ့သည့် ဦးနေ၀င်း ကို ၂၀၀၂ခုနှစ် တွင် သူမ၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်း နှင့် အတူ နေအိမ်အကျယ် ပြစ်ဒဏ်ချမှတ် ခဲ့ပြီးသားမက် ဖြစ်သူ အေးဇော်ဝင်း နှင့် သားများဖြစ်သူ အေးနေ၀င်း ကျော်နေ၀င်း ဇွဲနေ၀င်း တို့ ကို နိုင်ငံတော် သစ္စာဖောက်မှု များဖြင့် ဖမ်းဆီး ထောင်ချခဲ့သည် ။ ဒေါ် စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် နေအိမ် အကျယ်ချုပ်မှ ပြန်
လည် လွတ်မြောက်လာခဲ့သည်။

သမ္မတဟောင်း ဦးနေ၀င်း၏ မိသားစု နှင့် နီးစပ်သူများက “ဟုတ်တယ်..ပြန်လွတ်လာပြီလို့  ကြားတယ်။ အေဒီ လမ်း အိမ် ကို ပြန်ရောက်လာပြီ။ အဖွားကြီး လည်း နေမကောင်းလို့ ပြန်လွှတ်ပေးလိုက်တာထင်တယ်။သူက ခင်ပွန်း နဲ့ သားတွေ လွှတ်ဖို့ ဗိုလ်ချုပ်မှုးကြီးကို အသနား ခံစာ တင်ထားတာ သုံးကြိမ် ရှိပြီ “ဟု Freedom News Group သို့  ပြောသည်။

ဒေါ်စန္ဒာဝင်း အား စစ်အစိုး ရက ပြန်လည် လွှတ်ပေး ခဲ့သော်လည်း အင်တာနက်၊မိုဘိုင်းဖုန်း စသည့် အဆင့်မြင့် ဆက်သွယ်ရေး ပစ္စည်း များ သုံးစွဲမှု ကို ကန့် သတ်ထားသည်။အာဏာရှင် ဟောင်း ဦးနေ၀င်း သည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ လ တွင် ကွယ်လွန် ခဲ့သည်။

မာဂဓ (ဒေါ်အောင်ဆန်းစုကြည် ရေးသားသည်)

ထောင်တွင်းရောက်ရှိနေကြသော လုပ်ဖော်ကိုင်ဘက် အပေါင်းအသင်းများသည် အလွန်ညံ့ဖျင်းသည့် မနေအပ်သော ထောင်အကျဉ်းခန်းများတွင် ကာလရှည်စွာထောင်အချခံရစဉ် မိသားစုသဖွယ်ဖြစ်ခဲ့ကြရ သော သတ္တဝါငယ်လေးများ၊ ငှက်များ၊ ပိုးမွှားလေးများအကြောင်းများကို တခါတရံ စာမြုံ့ပြန်တတ်ကြပါ သည်။

တွေ့ဆုံပြောဆိုခန်း၏နံရံများနှင့် ဘားတန်းများတွင်တွေ့ရတတ်သည့် ကြောင်များသည် အထီးကျန်ဖြစ် နေကြသည့် အကျဉ်းကျများ၏ မေတ္တာကိုရယူရန် ချဉ်းကပ်တိုးဝင်တတ်ပါသည်။ ယင်းအကျဉ်းသားများ ကလည်း သက်ရှိသတ္တဝါများကို အဖော်ပြုနိုင်အတွက် မိမိတို့၏စားကြွင်းစားကျန်လေးများဖြင့် အလဲ အလှယ် လုပ်တတ်ပါသည်။

အင်းစိန်ထောင်၏ပရဝဏ်တွင် အချိန်တို နှစ်ကြိမ်ကာလ နေခဲ့ရစဉ်အတွင်း ကျွန်မသည် ကြောင်တကောင် မျှမတွေ့ခဲ့ရပါ။ သို့သော် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ်တလျှောက်လုံး ကျွန်မသည် ကြောင်များ ကို အမြဲတွေ့နေရပါသည်။

အဖိုးဖြစ်သူက “ပူစီ ပူစီ ပူစီ”လို့ခေါ်သံကို ပြန်ထူးသည့်ကြောင်ကြီး (ကျွန်မ၏ကလေးမျက်စိမှာတော့ အတော်ကို ကြီးပါသည်။)ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပထမဦးဆုံးသိမြင်ခဲ့ရသော်လည်း ကျွန်မသည် ကြောင်ထက် ခွေးကို ပိုချစ်ပါသည်။ ကျန်မိသားစုများကလည်း အဖိုး၏ကြောင်ဖြစ်၍ အဖိုးကိုလေးစားစွာဖြင့် “ပူစီ ပူစီ ပူစီ”လို့ ခေါ်ကြပါသည်။

ခွေးများကို လမ်းများပေါ်တွင် ဝဲစွဲလေလွင့် ခွေးဗန္ဓတ်များ သို့မဟုတ် လူကြီးများက အိမ်နောက်ဖေး မီးဖို ဆောင်များမှမောင်းထုတ်လေ့ရှိသည့် မလိုလားသောကျူးကျော်သူများအဖြစ်သာ ကျွန်မသိထားခဲ့ပါသည်။

ခေါင်းမာသောခွေးမတကောင်ကတော့ မီးဖိုဆောင်မှ ဆွဲထုတ်အမောင်းခံရခြင်းကိုအာခံလျက် အမှိုက်များ ဖွသွားခဲ့ပါသည်။

လွန့်လွန့်လူးလူးသွားလာနေသော ခွေးငယ်အုပ်ကို ကျွန်မ စိတ်ကူးအလွန်ယဉ်ခဲ့ပါသည်။ ကျွန်မ၏ ပထမ အိပ်မက်ကတော့ ခွေးအုပ်ငယ်တွေပဲဖြစ်ပါသည်။ အဲဒီအချိန်တုန်းကတော့ ဒါကို အိပ်မက်လို့ မထင်ခဲ့ပါ။ ခွေးငယ်တအုပ်ဟာ တကယ်ပဲ ကျွန်မခြေထောက်တွေကို ကျော်လွှားပြေးလွှားနေတယ်လို့ ထင်မိခဲ့ပါသည်။ အိပ်ရာမှနိုးတော့ သူတို့ကိုမတွေ့ရတော့ပါ။ ဘာတွေဖြစ်ပျက်တယ်ဆိုတာ ကျွန်မနားမလည်နိုင်ခဲ့ပါ။ စိတ်အတွေးတွေ အားလုံးရှုပ်ထွေးနေပါတော့သည်။

၁၉၅၀ ခုနှစ်၏ အစောပိုင်းလများတွင် ရန်ကုန်၏လမ်းများပေါ်၌ စိတ်ဝင်စားဘွယ် ပို့ဆောင်ရေးယာဉ်များနှင့် ပြည့်နှက်လျက်ရှိနေခဲ့ပါသည်။

ထောင့်ကျကျဘတ်စ်ကားများ၊ ဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရသော ဂျစ်ကားများ၊ စစ်ကြိုဆလွန်းကားများ၊ ဆိုက်ကားများ(စက်ဘီးဘေးတွင် ကျောချင်းကပ်ခရီးသည် ၂ ဦးထိုင်ခုံကိုဘေးတွင်ကပ်ပြုလုပ်ထားသည့် ယာဉ်) နှင့် လံခြားများဖြစ်ကြပါသည်။

နွမ်းနယ်ဟန်ပေါ်ကာ ပိန်လှီပြီး ခြေထောက်များကြောက်စရာအနာများရှိနေတတ်သော မြင်းများတပ်ဆွဲ သည့် ပေါင်းမိုးပါမြင်းလှည်းများလည်းရှိပါသည်။ သူတို့ကိုမြင်တွေ့ရသည်မှာ နှလုံးမချမ်းမြေ့ဘွယ် မြင်ကွင်း ဖြစ်ရပါသည်။ ယင်းနှင့်ဆက်စပ်ကာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုမှကာကွယ်သည့်အသင်း (SPCA - Society for the Prevention of Cruelty to Animals)ကို ကျွန်မ စတင်လေ့လာမိတော့ပါသည်။

အခြားသောမြင်းအမျိုးအစားကို ကျွန်မ မကြာခဏ တွေ့မိခဲ့ပါသည်။ အမေရိကန်အနောက်တိုင်း ဇာတ် ကြမ်းရုပ်ရှင်များတွင် ဖြစ်ပါသည်။ သန်စွမ်း၊ မြူးကြွ၊ တဟုန်ထိုးခုန်ပေါက်၊ ခွါဆုံပေါက် ထွားကြိုင်းသော ထိုမြင်းများသည် ရန်ကုန်မှ ညီကိုတော်မြင်းများနှင့် အမျိုးတူများဖြစ်နေသည်ကို ယုံနိုင်စရာ ခက်ခဲနေရ ပါသည်။

သို့သော် မြင်းစီးသူ၏ဘိနပ်တွင်တပ်ဆင်ထားသော မြင်းကိုဆောင့်သည့်အချွန်များကိုမြင်လိုက်ရသောအခါ SPCA သည်လည်း အနောက်နိုင်ငံများတွင် ကျွန်မနိုင်ငံကလမ်းများပေါ်တွင်မှာလို အသုံးမဝင်ပါကလားလို့ အံ့သြမိခဲ့ရပါသည်။

ကျွန်မမိခင် မြန်မာသံအမတ်အဖြစ်တာဝန်ထမ်းဆောင်ရသော အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မြင်းများနှင့် ကျွန်မအကျွမ်းဝင်ခဲ့ရပါသည်။ ကျွန်မ၏ပထမမြင်းစီးသင်ခန်းစာများမှာ အဖြူနှင့်အုန်းခွံရောင်အကွက်အ ကျားအရောင်ရှိ လုံးပတ်ထွားပြီး သဘောထားမသေချာသည့် “ပရေရီ အွိုက်စတာ”အမည်ရှိ မြင်းငယ် ကလေးပေါ်တွင်ဖြစ်ပါသည်။

နောက်ပိုင်းတွင် မြင်းစီးကလပ်ကိုဝင်ရောက်ခဲ့ကာ ရဲစွမ်းသတ္တိအမည်များဖြစ်သော “ဘလက်ပရင့်စ်”၊ “ပရင့်သ်ဗီရာ့ဂ်ျ”နှင့် “သျှီဗဂျိ” တို့၏ကျောပေါ်ရှိကုန်းနှီးပေါ်တွင်တက်စီးခဲ့ပါသည်။ “ဘလက်ပရင့်စ်” သည် ကျွန်မ၏အချစ်တော်မြင်းဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ချောချောမွေ့မွေ့ ပြေးသားကျကာ သက်တောင့်သက်သာကုန်းနှီး ‘က’လျက်ရှိနေသောကြောင့်ဖြစ်ပါသည်။ ကျွန်မသည် မြင်းစီးထူးချွန်သူ အဖြစ်တော့ မတော်ခဲ့ပါ။

အင်္ဂလန်တွင် တက္ကသိုလ်ကျောင်းသူဘဝတွင် ခွေးချစ်သူများလောကသို့ ကျွန်မဝင်ရောက်ခဲ့ပါသည်။

ကျွန်မ၏ကျောင်းအားလပ်ရက်များတွင် အင်္ဂလိပ်သူငယ်ချင်းများ၏အိမ်များတွင် အချိန်ဖြုန်းလေ့ရှိရာ မိသား စုအလယ်တွင် ခွေးချစ်သူတဦးကို အံ့သြဘွယ်မရှိ မကြာခဏတွေ့ရပါသည်။

အဝလွန်ကာ လိမ့်လိမ့် လိမ့်လိမ့်ဖြင့်သွားတတ်သော မျက်စိတဘက်တွင် အနက်ကွက်ရှိ “ဆေလာ”ခေါ် စတက်ဖို့ဒ်ရှိုင်းယား တယ်ရီယားမျိုး ခွေးလေးတကောင်ကိုလည်းတွေ့ခဲ့ဘူးပါသည်။ သူသည်အဝေးမှနေ၍ ဂျင်အရက်နံ့ကိုခံတတ်ပါသည်။ ညင်သာလျက် သဘောကောင်းသည့် အိမ်ရှင်ကောင်းလည်းဖြစ်ပါသည်။

နောက်တကောင်ကတော့ “ဟဲန်ဒ် ဆမ်း”အမည်ရှိ ရွှေရောင် လာဘရာဒါ ခွေးလေးပါ။ ထွားပြီး ချစ်စရာ ကောင်းပါသည်။ သူ့သခင် အငြိမ်းစားဗိုလ်မှူးကြီးထံမှ အထင်အရှားအမွေခံထားသကဲ့သို့ သက်ကြီးလောက ၏ လောကွတ်ပျူငှာသော အသံဖြင့်ဆီးကြိုဆက်ဆံပါသည်။ သူ့သခင်မှာလည်း လူကြီးလူကောင်း နှင့်အရာရှိတဦး၏ပင်ကိုယ်အရည်အချင်းဉာဉ်ဖြင့် အများ၏ “ဦးလေးကြီး”အဖြစ် လူတိုင်း၏အချစ်တော် ဖြစ်နေခဲ့သူပါ။

“ဆေလာ”နှင့် “ဟဲန်ဒ် ဆမ်း”တို့ကို ကျွန်မ၏သူငယ်ချင်းများအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း၊ ကျွန်မ၏ အရေးပေါ်အဒေါ်၏ အယ်ဇေးရှင်း “အင်မ်ပလီ”ကတော့ မိသားစုပါ။ ကျွန်မ ကုလသမဂ္ဂမှာ အလုပ်လုပ်စဉ် ကျွန်မတို့ ၃ ယောက် မဲန်ဟတ်တန်မှာ အတူနေခဲ့ကြပါသည်။

ခွေးများသည် သခင်များကိုအတုယူသည်ဟူသော ဆိုရိုးအတိုင်းအမှန်ပင် “အင်မ်ပလီ”၏သဘောထား သည် ကျွန်မအပေါ် အမိသဖွယ်ကာကွယ်စောင့်ရှောက်ပါသည်။ ကျွန်မအပြင်ထွက်၍ နောက်ကျနေလျှင် အပြစ်တင်မှုအနည်းဆုံးဖြင့် စိတ်ရှည်စွာစောင့်မျှော်နေတတ်ပါသည်။ သူ မသိသောလူများလာလျှင်လည်း ထိုသူများ ဆိုဖာခုံပေါ် ကျွန်မဘေးတွင် ဝင်မထိုင်မိစေရန် အသေအချာဂရုစိုက်တတ်ပါသည်။

၁၉၇၂ ခုနှစ် လက်ထပ်ပြီးပြီးခြင်း မိုက်ကယ်နှင့်ကျွန်မတို့ ဘူတန်တွင်နေထိုင်ရန် ရောက်ရှိချိန်တွင် ကျွန်မတို့၌ ကိုယ်ပိုင်ခွေးတကောင် ရရှိခဲ့ပါသည်။ သူသည် အဖြူနှင့်အညိုအရောင်စုပေါင်းထားသည့် ခွေးငယ်လေးအနေနှင့်ရောက်ရှိလာခဲ့ပါသည်။ သူကို သင့်တော်သောနာမည်ပေးရန် စဉ်းစားရအလွန်ခက် ခဲ့ပါသည်။ နောင်လပေါင်းများစွာ အလေးအနက်စဉ်းစားပြီး နောက်ဆုံးမတော့ ရောက်ခါစက သူ့ကို ခေါ်ခဲ့သည့် “ပါပီ”ဟူသောအမည်ဟာ အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ခဲ့ကြပါသည်။

သူငယ်လွန်းချိန်မှာတော့ ကျွန်မ၏လည်ပင်းကိုဖက်လျက်အိပ်ခဲ့ပါသည်။ မိုက်ကယ်၏ အိပ်ရာထဲစီး ဖိနပ်၏ အမွေးပွ သည်းကြိုးများနှင့်လည်း မှန်မှန်နပန်းသတ်ခဲ့ပါသည်။

အရွယ်ရောက်လာတော့ ရာသီအလိုက် ခရီးသွားတကောင်ဖြစ်လာခဲ့ပါသည်။ ကမ္ဘာတခြမ်းခရီးထွက်ရာတွင် ကျွန်မတို့နှင့်အတူတကွ မြဲမြံခိုင်မာစွာအဖော်ပြုလိုက်ပါခဲ့ပါသည်။ ကျွန်မတို့၏ သားများ လူ့လောက ရောက်လာတော့လည်း သူက အကျိုးပြုဆောင်ရွက်လျက် ပါးရေတွန့်မျက်လုံးများနှင့် စောင့်ကြည့်ထိန်း ကျောင်းပေးခဲ့ပါသည်။

ဂုဏ်သရေရှိ ခွေးအိုကြီးအနေနှင့် ကျွန်မတို့အောက်စဖို့ဒ်အိမ်ထောင်၏အမှတ်အသားအဖြစ် မိတ်ဆွေများ နှင့်မိသားစုမှ ကောင်းစွာအကျွမ်းဝင်သိရှိကြခဲ့ပါသည် (လေးစားခံရသည်ဟု ကျွန်မထင်မြင်ပါသည်)။ “ပါပီ” သည် အသက်မှည့်ရွဲသော ၁၉ နှစ်သားတွင် သေဆုံးသွားခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်မလည်း မြန်မာ နိုင်ငံမှာ အကျယ်ချုပ်အချခံနေရပါသည်။



ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်

၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏ ANIMAL TALK ကို မောင်မောင်လှကြိုင် ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်ကို တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ထိပ်ဆုံးက အမျိုးသမီး ၁၀၀





လန်ဒန်အခြေစိုက် ဂါးဒီးယန်း သတင်းစာက ထိပ်ဆုံးက အမျိုးသမီး ၁၀၀ စာရင်းကို စာရင်းပြုစုလိုက်ပါတယ်။ သူတို့ တွေကတော့ နိုင်ငံရေးနယ်ပယ်မှာ လွှမ်းမိုးမှု အရှိဆုံး၊ သြဇာအရှိဆုံး အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမှတ်စဉ် ၁ ကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ၂ က ချီလီ သမ္မတဟောင်းနဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း မီရှဲလ် ဘက်ခ်ျလက်ပါ။ သူကတော့ အခု ကုလသမဂ္ဂ အကြီးအကဲပေါ့။ ၃ ယောက်မြောက်က ဂရို ဟာလန် ဘရန်ဒလန် ဖြစ်ပါတယ်။ သူက နော်ဝေ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဆရာဝန်အဖြစ် အသက် မွေးခဲ့တဲ့ သူဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ နံပါတ် ၄ ကတော့ အားလုံးသိကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ပါ။

ပြည်ထဲရေးဌာနက ပေါက်ကွဲသံများ

ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်က တပ်ဖွဲ့တွေ ဌာနတွေရဲ့ ရာထူး တိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေး ကိစ္စတွေမှာ လူကြီးတွေရဲ့ ထင်ရာလုပ်မှု၊ လာဘ်စားမှု၊ မသမာမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ နေပြည်တော် ပြည်ထဲရေး ၀န်ထမ်းတွေက ပြောဆိုနေကြပါတယ်။
အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ပိုပြီးဆိုးရွားတာ တွေ့ရှိရပါတယ်။ ထွေ/အုပ် မှာဆိုရင် အရင်ညွှန်ချုပ် ဦးမြတ်ကို ရှိစဉ်ကတည်းက ပြယုဂ် သက်သက်ပါဘဲ၊ ဘာလုပ်ပိုင်ခွင့်မှ မပေးတော့ပါဘူး။ ၀န်ကြီးရုံးကပဲ တိုက်ရိုက်လုပ်ပါတယ်။ ရာထူးတိုး၊ ပြောင်းရွှေ့အားလုံး ရုံးအဖွဲ့မှူး ဦးနေမျိုးက ထင်တိုင်းစီမံနေပြီး မယက ဥက္ကဋ္ဌတယောက် နေရာကောင်း ပြောင်းပေးရင်ပဲ ကျပ် သိန်း ၅၀ လောက် ပေးရပါတယ်။
အရင် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းရဲ့ တပည့်ရင်းဖြစ်နေတာကြောင့်လည်း ၀န်ကြီးက အစ မပြောသာဘဲ ဒီအတိုင်း ကြည့်နေရတဲ့သဘောရှိတယ်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ရာထူးတိုးမြှင့်ရေးကို အသက် အပိုင်းအခြားနဲ့ ကန့်သတ်ထားတဲ့အတွက် လုပ်သက် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒု ဦးစီးတွေ ရာထူးတိုးမြှင့်ဖို့ မလွယ်ကူတော့ပါဘူး။ အသက် ၃၀ ကျော်သူတွေကို ဦးစီးအရာရှိ မပေးတော့ဘူး ဆိုတော့ ယခု လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ဒု ဦးစီး အားလုံးကို ရာထူးတိုးမပေး တော့ဘူးဆိုတဲ့ သဘောသက်ရောက် ပါတယ်။ လက်ရှိ ၂၅ နှစ်အောက် သင်တန်း ဆင်းပြီးစ ဒုဦးစီးတွေတောင် မျှော်လင့်ချက် မရှိတော့သလို ဖြစ်ပါတယ်။ လုပ်သက် နှစ်ကျော်မှ ရာထူး တိုးမြှင့်ရေးကို စဉ်းစားမယ်ဆိုတော့ လုပ်သက် နှစ်ပြည့်ရင် အသက် ၃၀ ကျော် သွားပါပြီ။ ဒီတော့ အသက် ၂၅ နှစ်မှာ သင်တန်းဆင်းပြီး ဒုဦးစီး ဖြစ်နေတဲ့သူတွေ ဦးစီးအရာရှိ မဖြစ်နိုင်ဘူးလို့ ပြောရတာပါ။
ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးက စိတ်ကူးရမှ ခေါ်လေ့ရှိတဲ့ (ကာလ သတ်မှတ်ချက်မရှိတဲ့) စာမေးပွဲမှာ ကြုံကြိုက်တုန်း အပုံလိုက် ပေးတော့မှ ရာထူးတိုးနိုင်တော့မှာ ဖြစ်ပါတယ်။၊ တနည်းအားဖြင့် အရပ်ဘက်မှ ၀င်ရောက်တဲ့ ၀န်ထမ်းတွေကို မပေးဘဲ၊ စစ်တပ်က အသွင်ပြောင်း လာတဲ့ ဆေးကျလူမမာ စစ်ဗိုလ်တွေကိုပဲ ဦးစီးအရာရှိ ရာထူးပေးနေတာပါ။ ပြည်ထဲရေး ဝန်ကြီးဌာနကိုလည်း တပ်မတော်က အသွင်ပြောင်းအရာရှိ တွေက အထက်ပိုင်း အဆင့်ဆင့်ကနေ အုပ်ချုပ်သွားမှာပါ။
အဲဒါမှပဲ နယ်ဘက် အုပ်ချုပ်ရေးကို လွှဲသယောင်ယောင်နဲ့ စစ်တပ်က လိုသလိုချုပ်ကိုင် သွားနိုင်တော့မှာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ကြည့်နိုင်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ယူသူတွေ ဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ အားလုံးဟာ တပ်မတော်က အသွင်ပြောင်းနဲ့ အငြိမ်းစားတွေပဲ ဖြစ်ပါတယ်။ နယ်ဘက်က ဌာနတွင်း လုပ်သက်ရင့် အတွေ့အကြုံရှိတဲ့ ၀န်ထမ်းတွေကို ရာထူးတိုးပေးရေး အတွက် အသက်၊ ပညာအရည်အချင်း၊ အရပ်အမြင့်ပေ၊ ရုပ်ရည်၊ စွမ်းဆောင်မှု ဆိုပြီး အကြောင်းအမျိုးမျိုးပြ ကန့်သတ်ထား ပေမယ့်လည်း စစ်တပ်က အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတော့ ဘာလာလာ ရာထူးအလိုက် နေရာပေးထား တာပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလည်း တာဝန်ရှိပုဂ္ဂိုလ်တွေက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရာထူး တိုးမြှင့်ရေး ကိစ္စတွေကို ထင်ရာ လုပ်နေကြပါတယ်။ ဒုရဲအုပ်အပါတ်စဉ် ၁၅ ဆင်းတဦးရဲ့အဆိုအရ၊ သူ ဒုရဲအုပ်ဖြစ်စဉ်အခါက တန်း၊ တန်း ကျောင်းတက်နေတဲ့ ကလေးတွေက အခုရဲအုပ် အဆင့်တွေဖြစ်နေကြတဲ့အတွက် ကိုယ့်သားလောက်ကို ဆရာခေါ်၊ အဘခေါ် နေရပြီး အလေးပြုနေရတယ်လို့ သိရပါတယ်။
သူတို့ အပါတ်စဉ်တွေက ဒုရဲအုပ် လုပ်သက်တမ်းတင် ၁၅ နှစ်ကျော်နေပါပြီ။ ဘယ်လိုနည်းနဲ့မဆို အနည်းဆုံး ရဲအုပ်တော့ ဖြစ်သင့်နေပါပြီ။ ဒုရဲအုပ်လောင်း အပါတ်စဉ် ၄၀ ကနေ ၅၅၅၆ တွေမှာတောင် ရဲအုပ်တွေ ဖြစ်နေကြပါပြီ။ အမှတ်စဉ် ၁၅ ကနေ ၃၀/၉၇ အထိ ဒုရဲအုပ်တွေကို ဘာကြောင့် ရာထူးတိုးမပေးဘဲ ချန်ထားတာလဲ၊ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ အသက်အရွယ်အရ နောက်ထပ်လည်း ဖြေလိုစိတ်မရှိတော့ပါဘူး။ အရင်က ၅၅၅၆ တွေကို ငွေပေးတဲ့ အပေါ်ကြည့်ပြီး ရဲအုပ်ရားထူးပေးဖို့ တင်ထားတာ သတင်း ပေါက်ကြားလို့ ပျက်ပြယ် သွားပြီးသားပါ။ အခုပြန်ပြီး ပေးဖို့လုပ်နေကြပြန်ပါပြီ။ ရဲချုပ်၊ ၀န်ကြီးအပြောင်းအလဲမှာ အခွင့်ကောင်း ယူပြီး လုပ်ကြဦးမယ် ထင်ပါ တယ်။ တပ်ဖွဲ့တွင်းမှာတော့ တကယ့်ကို တပည့်မွေး၊ ဆရာကျွေး စနစ်ကို ကျင့်သုံးနေကြတာပါ။

Tuesday, March 08, 2011

နိုင်ငံရေးအကျဉ်းသားအချို့...

ကိုညီညီဦး
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင် လှုပ်ရှားခဲ့ပြီး၊ NLD ဖွဲ့စည်းစမှာ သံလျင်မြို့နယ် လူငယ် အဖွဲ့ဝင်တယောက် ဖြစ်ခဲ့ပါတယ်။
          အဲဒီတုန်းက သံလျင်ရေနံချက်စက်ရုံ ဗုံးကွဲတယ်။ န၀တ စစ်ထောက်လှမ်းရေးတွေက NLD ကို ပုံစံ အမျိုးမျိုးနဲ့ အပြစ်ရှာနေချိန်မို့ ဗုံးဖောက်ခွဲသူတွေဟာ ကိုညီညီဦး တို့ ဖြစ်တယ် ဆိုပြီး ဖမ်းတယ်။
          နောက်ပိုင်းမှာ ကိုကိုနိုင် (၁၉၈၈ မြို့တော်ခန်းမ ဗုံးကွဲမှုကြောင့် အဖမ်းခံရသူ) က ရေနံချက်စက်ရုံ ဖောက်ခွဲမှုဟာ သူ့လက်ချက်လို့ ထွက်ဆိုပေမယ့် လူမှားဖမ်းမိတာကို ၀န်ခံရမှာ စိုးတဲ့အတွက် ကိုညီညီဦးတို့ကို ဆက်ပြီး ဖမ်းထားခဲ့တယ်။ ပြီးတော့ စစ်ခုံရုံးကနေ သေဒဏ် အပြစ်ပေးခဲ့တယ်။
          အယူခံ ပြင်ဆင်ချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပယ်ချခဲ့ပြီး ၁/၉၃ ကြေညာချက်နဲ့ သေဒဏ်ကနေ ထောင် တသက်တကျွန်း   ပြောင်းလဲလိုက်တယ်။  မိသားစုနဲ့ဝေးရာ တောင်ငူထောင်ကို ရွှေ့လိုက်တယ်။
          စစ်ထောက်လှမ်းရေးတွေကြောင့် မတရား ပြစ်ဒဏ်ချမှတ်ခံခဲ့ ရသူတွေကို ပြန်လွတ်ပေးတယ် ဆိုတဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း ကိုညီညီဦး တို့ မလွတ်မြောက်ခဲ့ပါဘူး။
          ၁၉၉၇ လွတ်ငြိမ်းချမ်းသာအမိန့်ကို ထုတ်ပြန်တဲ့အခါ သူတို့ ပြစ်ဒဏ်ဟာ အကျဉ်းသား ရပိုင်ခွင့် ဖြစ်တဲ့ လျှော့ရက် ခံစားခွင့်တွေကြောင့် လွတ်ရက်စေ့သွားတယ်။ ဒါပေမယ့် နိုင်ငံတော် အကြီးအကဲ ဆိုသူရဲ့ အမိန့်ကို ရှေ့နေချုပ်ရုံးက ကန့်ကွက်တဲ့ အတွက် ကိုညီညီဦးတို့ တသက်တကျွန်း ပြစ်ဒဏ်ကို ဆက်လက် ခံစားနေရပါတယ်။
          ဒီနေ့ထိဆို ၂၃ နှစ်တာ ကာလထဲ ရောက်ခဲ့ပါပြီ။ ကိုညီညီဦးတို့ဟာ လူငယ်ဘ၀ ဆုံးရှုံးခံပြီး  ၂၃ နှစ် လုံးလုံး ထောင်ကျခံနေရဆဲပါ။
          မတရားဖမ်းဆီး၊ အပြစ်ပေးခံရတဲ့ ကိုညီညီဦး၊ ကိုသန်းဇော်တို့ အမြန်ဆုံး လွတ်မြောက်ပါစေ။


အောင်သူ
နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”
၈၈ မတ်လ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားဆန္ဒပြပွဲ၊ မတ်လ ၁၆ တံတားနီ ဆန္ဒပြပွဲကို ဦးဆောင်လာသူ။ တံတားနီဖြစ်ရပ်မှန်ကို စာတမ်းရေး ဖြန့်ဝေခဲ့သူ။
၈၉ မှာ ထောက်လှမ်းရေးက ခဏခဏ ဖမ်းစစ်ဆေး။ နောက်ဆုံးတော့ အင်းစိန်ပို့ကာ ၂ နှစ်လောက် အချုပ်ဘ၀ ထားခဲ့ပြီး ၉၁ မှာ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူ။
အင်းစိန်ထောင်မှာ အဖေ ဦးဘိုးအောင် နဲ့ သား အောင်သူ။ သားအဖ၂ယောက်ရဲ့ အမှတ်တယများက ဘယ်လိုမှ မေ့မရ။ အစဉ်အလာနဲ့ ယုံကြည်ရာ ကြားက ပဋိပက္ခ ပြေငြိမ်းရာ-
မိခင်ဖြစ်သူက ခင်ပွန်းနဲ့သားအတွက် တပတ်တခါ ထောင်ဝင်စာလာ၊ ဖွယ်ဖွယ်ရာရာနဲ့။ အခုတော့ ဖခင်ဖြစ်သူက မရှိတော့။ မိခင်ကြီးကလဲ တသက်တာ ထောင်ဝင်စာ ခရီးကြောင့် ကျန်းမာရေး မကောင်း။
အောင်သူက သူငယ်ချင်းတွေကို ခင်သလို ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ မပြင်တတ်။ စကားလုံးကောင်းကောင်းနဲ့ သီချင်းတွေ ရေးတတ်သလို အတွေး ကောင်းကောင်းနဲ့လဲ နောက်တတ် ပြောင်တတ်။
ထောင်ကလွတ်လာပြီး မိသားစုဘ၀လေး တည်ဆောက်နေရင်း ၉၆ ဒီဇင်ဘာ ကျောင်းသား လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့၊ အဖမ်းအဆီးတွေကို ရှောင်တိမ်းခဲ့ရသေး။
နောက်ဆုံးတော့ ၈၈ မျိုးဆက် ကျောင်းသားများ၊ သူငယ်ချင်းဟောင်းများနဲ့ ပြန်လက်တွဲ၊ နိုင်ငံမှာ အဓိက အကျဆုံး “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ထောင် ၆၅ နှစ် ချခံရပြီး မြန်မာပြည်မြောက်ဖျား ပူတာအိုထောင်ထိ ပို့ခံထားရသူ။
တခါတခါ အကြော ဆိုင်းသွားတတ်တဲ့ ရောဂါနဲ့ အလွန် အေးပါတယ် ဆိုတဲ့ ရာသီဥတုကြား ယုံကြည်ချက်နဲ့ အသက်ရှင်နေသူ။
သူငယ်ချင်းတွေကို ချစ်တဲ့သူ။ မြန်မာပြည်ကို ချစ်တဲ့သူ။ မိခင်နဲ့ဝေး အိမ်နဲ့ ဝေးနေတဲ့သူ။ ကျွန်တော်တို့ ဘယ်လိုမှ မေ့မရတဲ့သူ။
အောင်သူ။
နံမည်အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”



မဲန်ဒဲလား ထောင်သက် ၂၇နှစ်ကျော်၊ လွတ်။
ကရင်ရဲဘော်လေး တူးကီ ထောင်သက် ၂၈ နှစ်ကျော်၊ နေဆဲ။
နယ်လ်ဆင်မဲန်ဒဲလားက ထောင်ထဲမှာ ၂၇နှစ်ကျော် နေခဲ့ရတယ်။ ထောင်ထဲ နှစ်ရှည်နေရတာကြောင့်ရော၊ သူ့ရဲ့ လေးစားဖွယ်လုပ်ရပ်တွေကြောင့်ရော ကမ္ဘာကျော်ခဲ့တယ်။
 
ကရင်တော်လှန်ရေး ရဲဘော်လေး တူးကီ ခေါ် ခင်မောင်လင်း ထောင်ထဲ ရောက်နေတာ ၂၈ နှစ် ကျော်လာပြီ ဖြစ်ပေမဲ့ ဒါကို အလွန် လူသိနည်းလှပါတယ်။ သူ့သက် ၂၀ မပြည့်သေးချိန် ၁၉၈၂ ခုနှစ်မှာ စတင် အကျဉ်းချခံရတာပါ။
 
နိုင်ငံတကာက တောင်းဆိုနေသလို ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်လာရင်တော့ တူးကီလည်း လွတ်နိုင်ကောင်းပါရဲ့။
 
နိုင်ငံရေးအကျဉ်းသားတွေ ဝင်လိုက်ကြ ထွက်လိုက်ကြနဲ့ ရှိနေပေမယ့် မန်းငွေအောင် အမှုတွဲ တူးကီကတော့ အိမ်ရှင် အကျဉ်းသားကြီးဖြစ်လို့ ဧည့်သည်တော်များကို တယောက်ပြီးတယောက် ဧည့်ခံနေရသူပါ။
 
အာဟာရမဲ့ ခြုံပုတ်ပြုတ်ရည်၊ ဒေါက်၊ ခြေကျင်းနဲ့ ကျားတွေ ခြသေ့င်္တွေလို နှစ်ရှည်လများ တိုက်ပိတ်၊ တနေ့ကို ၁၀ မိနစ်လောက် မြေကြီးနဲ့ ထိတွေ့ခွင့်ရ ဆိုတာတွေဟာ တူးကီရဲ့ ထောင်သက်၂၈နှစ်ကျော် မှတ်တမ်းတွေပါပဲ။
 
ရက်စက်ကြမ်းကြုတ် အင်းစိန်ထောင်ကနေ ရက်စက်ပူပြင်း သရက်ထောင်ကို ပြောင်းရွှေ့ခဲ့ရပြီး လွတ်ရက်လည်း မသိ၊ တူးကီ လွတ်မြောက်ရေး ဆိုပြီး သီးခြား တောင်းဆိုတာလည်း မရှိသေးလို့-
 
ကရင့်တော်လှန်ရေး နိုင်ငံရေးအကျဉ်းသား တူးကီကို အမြန်ဆုံး လွှတ်ပေးပါလို့ ဒီကနေ တောင်းဆိုလိုက်ပါတယ်။

မင်းကိုနိုင်
ထောင်ထဲမှာ နေသည်။
ဒီမှာနေ၊ ဒီမှာအိပ်၊ ဒီမှာထိုင်၊ ဒီမှာလမ်းလျှောက်၊
ဒီမှာသောက်၊ ဒီမှာစား၊ ဒီမှာ ပါ၊ ဒီမှာ ပေါက်။
တိုက်ပြောင်း ထောင်ပြောင်းလာခေါ်လျှင် လိုက်သွားရပြန်သည်။
လူဆိုတာ ကိုယ့်ခနာကိုယ်နှင့် သူများစိတ်နှင့် နေရတာလောက် ဆင်းရဲတာ မရှိ။
သူများစိတ်ဆိုသည်မှာလည်း သူတော်ကောင်းတို့၏ စိတ်နှင့်နေရသည်မဟုတ်၊
ကိုယ့်ကို နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လိုသူတို့၏ စိတ်နှင့် နေရခြင်းဖြစ်သည်။

ကိုမင်းကိုနိုင်အကြောင်းကို အထူးပြောပြနေစရာ မလိုပါ။
ပြောပြချင်နေသည်က ရုပ်သဏ္ဌာန်အရသာ လူလို့ ခေါ်ပြီး၊
လူတယောက်၏ အဆင့်အတန်းမျိုးနှင့် လုံးဝ မနေရသည့် နေရာမျိုးတွင်
မကြောက်မရွံ့ နေရဲသည့်အကြောင်း ဖြစ်သည်။

ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှ
၂၀၀၄ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့အထိ ပထမအကြိမ် ထောင်ထဲမှာ (၁၆)နှစ်နီးပါး၊
၂၀၀၆ ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်နေ့အထိ (၄)လနီးပါး၊
၂၀၀၇ သြဂုတ်လ(၁၉)ရက်နေ့ကနေ ဒီနေ့အထိ ထောင်ဒဏ်(၆၅)နှစ်ခွဲ ကျခံပြီး ထောင်ထဲမှာ နေ နေသည်။

ကိုမင်းကိုနိုင်သည် ကျင့်ထုံး ၄၀၁ ကို လက်မှတ်ထိုးပြီး ထွက်ချင်လျှင် ထောင်ကနေ ထွက်လို့ရသည်။
အမှန်တော့ ၄၀၁ ထိုးထွက်ရသည်က နိုင်ငံရေးပါရာဇိက ကျသလိုပင်။
လူမဆန်သည့်နေရာတခုကနေ အညံ့ခံပြီး ထွက်မလာဘဲ  မင်းကိုနိုင် ဘာ့ကြောင့် အကြိမ်ကြိမ် အကြာကြီး နေ နေသလဲ။
နိုင်ငံရေးသမားတို့၏ ဂုဏ်သိက္ခာနှင့်အညီ ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာရှင်စနစ်ကို တစမကျန် ဆန့်ကျင်ပြနေခြင်းပင်။


အနစ်နာခံသူတွေအတွက် အကျဉ်းထောင်

နာမည်လေးက လှပါတယ်၊
မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး … တဲ့၊ ဒဂုံတက္ကသိုလ် ကျောင်းသူလေး။

ဘ၀က မလှပါ။
ဒီနှစ် အောက်တိုဘာ (၁၀) ရက်နေ့မှာ လူ့သက်တမ်း (၃၇) နှစ်၊ ထောင်သက်တမ်း (၂) ကြိမ်ပေါင်း (၁၀) နှစ်။
မုံရွာထောင်ထဲမှာ မလှပတဲ့ပြက္ခဒိန်တွေ အကြာကြီး ရွေ့နေဦးတော့မယ်။

မနိုဘယ်လ်အေးလေးရဲ့ အဇ္ဈတ္တကို အနီးဆုံး သိခဲ့ရတယ်၊ ထင်သာ မြင်သာ အဖြစ်ဆုံးက
ဆင်းရဲဒုက္ခတွေကြားမှာ သူများအတွက် အနစ်နာခံချင်သည့် စိတ်ဓါတ်ပင်။

သူ့အမေအတွက် အနစ်နာခံတယ်၊ သူ့မိသားစုအတွက် အနစ်နာခံတယ်၊ သူ့ မိတ်ဆွေတွေအတွက် အနစ်နာခံတယ်၊
ပြီးတော့ … ဆင်းရဲဒုက္ခရောက်နေသူအတွက် အနစ်နာခံတယ်။

အခု၊ သူ ချစ်တဲ့ ပြည်သူတွေအတွက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့
၁၂ ပေ ၈ ပေ အခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်း ဘယ်လောက်များ အနစ်နာခံနေရဦးမလဲ။

အဲဒီ့အခန်းကျဉ်းကျဉ်းလေးတွေ အများကြီး တိုးတိုးလာနေပြီ၊
မနိုဘယ်လ်အေးတွေလည်း အများကြီး တိုးတိုးရောက်နေပြီ။

သူတို့ရဲ့ ကမ္ဘာမြေဆီ လွတ်လပ်စွာ လမ်းလျှောက်ခွင့်အတွက် ဘာမှ မတတ်နိုင်သေးပါလား …
ကျနော်
ရှက်တယ်။



နာဂစ်ဒေသကို ကူညီသူ သရက်ထောင်ထဲက နီမိုလှိုင်
ကျနော်တို့တွေ အင်တာနက်သုံး၊ ရုပ်ရှင်ကြည့်၊ မိတ်ဆွေများနဲ့ စကားပြောနေချိန်မှာ သရက်မြို့ အကျဉ်းထောင်ထဲက မနီမိုလှိုင် တယောက် ဒီအချိန် ဘာတွေ လုပ်နေမလဲ။
အုတ်နံရံ၊ သံတိုင်တွေကြားထဲ ရောက်နေတဲ့ သူ့အတွက်တော့ လုပ်စရာ အများကြီးရှိမယ် မဟုတ်ပါဘူး။

နီမိုလှိုင် ဆိုတာ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို ကူညီနေတုန်း ထောင် ၅ နှစ် ချခံရတဲ့ သင်္ကန်းကျွန်းမြို့နယ်က လူငယ် တယောက်ပါ။
၂၀၀၇ ခုနှစ် လောင်စာဆီဈေး ကျဆင်းရေး လမ်းလျှောက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူပါ။

“… … ကျနော်တို့ ဘယ်လိုပဲ ခံစားနေရပါစေ၊ နောက်နောင် ကျနော်တို့လို အခြားအခြားသော ပုဂ္ဂိုလ်များ ထပ်မခံစားရအောင်ကတော့ ဒီနိုင်ငံနဲ့ အစိုးရနဲ့ ဒီ နိုင်ငံရဲ့  အုပ်ချုပ်ပုံ နည်းစနစ်ကြီး ပြောင်းသွားမှ ဖြစ်လိမ့်မယ်” လို့ ပြောခဲ့တဲ့ NLD အဖွဲ့ဝင်ပါ။
ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒီမိုကရေစီ ဘက်တော်သား၂၀၀၀ ကျော်ထဲက တယောက်ပါ။

သူတို့အတွက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ။

သူတို့ဆီကို တခါတရံ သွားတွေ့တဲ့ မိသားစုကို တိုက်ရိုက် သွားတွေ့ပြီး အားပေးစကားပြော၊ ထောက်ပံ့ ကူညီမလား။
အကျဉ်းသားများအရေး လုပ်ဆောင်နေသူတွေကတဆင့် ကူညီမလား။
သူတို့ လွတ်မြောက်ရေးအတွက် ကိုယ် ရောက်တဲ့နေရာမှာ လှုံ့ဆော်မလား။

သူတို့အတွက် ကျနော်တို့ ဘာလုပ်ကြမလဲ။


Monday, March 07, 2011

ဦးတေဇ ရဟတ်ယာဉ်ပျက် မသယ်နိုင်သေး

ကချင်ပြည်နယ်မြောက်ဖျား ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်တွင် ကျွံကျနေသော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ရဟတ်ယာဉ်ကို ပြန်မသယ်နိုင်သေးကြောင်း ထူးကုမ္ပဏီနှင့် နီးစပ်သူများက ပြောသည်။

အမြင့်ပေ တသောင်းနှစ်ထောင်နီးပါးအမြင့်ရှိ ရေခဲတောင်ပေါ်တွင် ၁၅ ရက်ကြာမြင့်ပြီဖြစ်သော ရဟတ်ယာဉ်ပျက်ကို တစချင်း ဖြုတ်သယ်ရမည့် အခြေအနေဖြစ်သည်။

ရေခဲတောင်ပေါ်သို့တက်ရောက်မည့် လမ်းကြောင်းကို
tayza
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ
လေ့လာစဉ် ဦးတေဇအပါအဝင် လူ ၆ ဦးမှာ ရဟတ်ယာဉ်ကျွံသွား၍ သုံးရက်ကြာသောင်တင်ခဲ့ပြီး ထိုင်းနိုင်ငံမှ ငှားရမ်းသော ရဟတ်ယာဉ်တစီးမှ ကြိုးချကယ်ခဲ့ရသည်။

“ရဟတ်ယာဉ်ကတော့ တောင်ပေါ်မှာပဲ။ သယ်လို့မရသေးဘူး ဖြစ်နေတယ်။ အစီးလိုက် ဆွဲထုတ်ဖို့အတွက်က ကျနော်တို့ဆီမှာ ဒါကို သယ်ထုတ်နိုင်တဲ့ ရဟတ်ယာဉ် မရှိဘူးပြောတယ်။ ကိုယ်ထည်ကို ဖြုတ်သယ်ဖို့ကလည်း တောင်ပေါ် အဆင်းအတက် ခရီးက မလွယ်ဘူးလို့ ပြောတယ်။ သယ်ဖို့အတွက်တော့ စီစဉ်နေတယ်” ဟု ထူးကုမ္ပဏီ မန်နေဂျာ တဦးက မဇ္ဈိမကို ပြောသည်။

ရဟတ်ယာဉ် ကျွံကျတိမ်းဆောင်းစဉ် အချို့ ခြေထောက် နာကျင်ဒဏ်ရာရသဖြင့် ရန်ကုန်သို့ရောက်ပြီး နောက်တနေ့ ၂၅ ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ သွားရောက်၍ ၃ ရက်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ကြသည်။   

“ရဟတ်ယာဉ်က ကျွံကျတုန်းက တုံးလုံးလဲပြီး ကျွံတာဆိုတော့ မ’ထုတ်ဖို့ တော်တော်ခက်ခဲတယ်။ ပေ အဲလောက် မြင့်သွားရင်လည်း ရဟတ်ယာဉ်တွေက အလုပ်လုပ်နိုင်မှု အားနည်းသွားတယ်။ ဟိုတနေ့က လူကယ်တာတောင် တဦးချင်း ကဲ့ယူရတာလေ။ မရတဲ့အဆုံးတော့ ကိုယ်ထည်တွေ တစစီ ဖြုတ်ယူပါလိမ့်မယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ သွားရောက်ဖြုတ်ယူလျှင် တောင်ပေါ်ရောက်ရန် ရက်သတ္တတပတ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိကာ၊ နှင်းတောလမ်းကို ဖြတ်၍ ပစ္စည်းများ သယ်ယူရန်မှာလည်း ခက်ခဲလိမ့်မည်ဟု သူက ဆိုသည်။

လေယာဉ်ပျက်ကျ သေဆုံးသူများ ရုပ်အလောင်း ပြန်သယ်မည်

ရုရှားနိုင်ငံ၌ ပြီးခဲ့သည့် စနေနေ့က လေယာဉ်ပျက်ကျ၍ သေဆုံးသွားသော မြန်မာ လေတပ်အရာရှိ၂ ဦး၏ ရုပ်အလောင်း များကို ယခုရက်ပိုင်းအတွင်း မိသားစုများထံသို့ ပြန်လည် သယ်ယူလာမည်ဖြစ်ကြောင်း သိရသည်။

ထိုအရာရှိ ၂ ဦးမှာ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင် နှင့် ဗိုလ်မှူး ဇော်ထွန်းအောင်တို့ ဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုသည်။

Russia400မြန်မာ လေတပ်အရာရှိ ၂ ဦးနှင့် ရုရှား နိုင်ငံသား ၄ ဦး သေဆုံးခဲ့ရသည့် စနေနေ့က ပျက်ကျခဲ့သော Antonov-An148 အ မျိုး အစား လေယာဉ် အပိုင်းအစများ
မြန်မာပြည်အတွက်ဝယ်ယူထားသည့် Antonov-An148 အမျိုးအစား ရုရှားလုပ် အဆိုပါလေယာဉ်သည် ရုရှားနိုင်ငံ အနောက်ဘက် မော်စကိုမြို့တောင်ဘက် မိုင် ၃၇၀ ခန့်ရှိ Belgorod ဒေသ၌ အမောင်းသင်ရင်း ပျက်ကျသွားရာမှ ရုရှား နိုင်ငံသား လေယာဉ်ဝန်ထမ်း ၄ ဦးနှင့်အတူ မြန်မာလေတပ်အရာရှိ၂ ဦးလည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ အရေးပေါ် အခြေအနေများ ကိုင်တွယ်ဖြေရှင်းရေး ၀န်ကြီဌာနအား ကိုးကား၍ Itar-Tass သတင်း၌ ဖော်ပြထားသည်။

ကွယ်လွန်သူ ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းအောင်၏ မိသားစုဝင်တဦးက“တရားဝင်လာပြောတာက နောက်ကျတယ်၊ ဖုန်းတွေနဲ့ အရင်ဝင်လာတာပေါ့၊ ဒီမှာ ကြားတာနဲ့ သူ့အမေက ဆေးရုံတင်ထားလိုက်ရတယ်၊ ရုပ်အလောင်းတွေ ဒီရက် ပိုင်းတော့ ရောက်မယ်၊ ရက်တော့ အတိအကျမသိရသေးဘူး”ဟု ပြောသည်။

အငြိမ်းစား လေတပ် အရာရှိကြီးတဦးက မြန်မာ့လေတပ် အတွက် တရုတ်နှင့် ရုရှားတို့မှ ၀ယ်ယူခဲ့သည့် လေယာဉ်များ မကြာခဏ ပျက်ကျမှုများရှိသောကြောင့် ထူးချွန်သော လေသူရဲများ အသက်ပေး ဆပ်နေကြရသည်ဟု ဆိုသည်။

“တို့လေတပ်မှာက တပတ်ရစ် နှစ်ပတ်ရစ်တွေကို ပြန်မွမ်းမံပြီး အရောင်းခံရတဲ့ လေယာဉ်တွေနဲ့ လေသူရဲကောင်းတွေဆုံးရှုံး နေတာဆက်တိုက်ပဲ၊ အခု ဗိုလ်ထိန်လင်းအောင်က ထူးချွန်ပြောင်မြောက်တဲ့ လေသူရဲ တဦးပဲ၊ သူက စခန်းမှူးဖြစ်ဖို့အထိ ရည်မှန်းထားတာ”ဟု အဆိုပါ အရာရှိကြီးက ဧရာဝတီသို့ ပြောသည်။

ယခု ပျက်ကျသည့် လေယာဉ်ကို အကြိမ် ၃၀ ကျော် စမ်းသပ်ပျံသန်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်းလဲ သတင်းများတွင် ဖေါ်ပြ ထားသည်။ မြန်မာနိုင်ငံသို့ မောင်းနှင် သယ်ဆောင်လာရမည့် အစီအစဉ်အတွက် နောက်ဆုံးစမ်းသပ် ပျံသန်းမှုဟုလည်း သိရှိရသည်။ Antonov လေယာဉ်စက်ရုံ ကလည်း ပျက်ကျ သွားသည့် Antonov-An148 အမျိုးအစား လေယာဉ်များကို မြန်မာနိုင်ငံ တင်ပို့ရန်ရှိကြောင်း သတင်းများ၌ ဖော်ပြထားသည်။

အဆိုပါလေယာဉ်အမျိုးအစားသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဈေးကွက်သို့ ၀င်ရောက်လာပြီး လူရော၊ ကုန်ပါ တင်နိုင် သည့် အတွက် ရေပန်းစားလာသည့် အမျိုးအစားဖြစ်ကြောင်း၊ သို့သော် လေယာဉ် အင်ဂျင်နီယာ ပညာရှင်များကမူ စက်ပိုင်းဆိုင်ရာတွင် အားနည်းချက် ရှိကြောင်း ထောက်ပြထားသည်ဟု သိရသည်။

မြန်မာနိုင်ငံက ယင်း Antonov-An148 အပါအ၀င် တိုက်လေယာဉ်များ၊ စစ်လက်နက် ပစ္စည်းများ၊ ခဲယမ်းများနှင့် တခြား စစ်သုံးပစ္စည်းများကို မကြာခဏ ၀ယ်ယူခဲ့သည်။ မြန်မာအစိုးရ အနေဖြင့် စစ်လက်နက်ပစ္စည်းများကို အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားသော(Sanctions)ဥပဒေများကြောင့် ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယား တို့မှ အဓိက ၀ယ်ယူနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်(လေ) အဆင့်မြှင့် တိုးချဲ့ရေးအတွက် ၁၉၉၅ ခုနှစ်ခန့်က စတင် စီစဉ် လာခဲ့သော်လည်း ကုန်ကျ စရိတ်မြင့်မားသောကြောင့်သော်လည်းကောင်း၊ ပညာတတ်များသောလေတပ်အတွက် ကျည်းတပ်အင်အားစုထက် အရေး ပေး မှု အားနည်းခဲ့သည်ဟုလည်း တပ်မတော်(လေ) အသိုင်းအ၀ိုင်းက ပြောသည်။

ထို့အပြင် ရုရှားနိုင်ငံ တက္ကသိုလ် ၁၁ ခုတွင် မြန်မာနိင်ငံမှ ကျောင်းသား ၂၈၀၀ ကျော် ပညာသင်ကြားလျက်ရှိပြီး အထူး သဖြင့် အဏုမြူ စီမံကိန်းနှင့် တာဝေးပစ် ဒုံးကျည်ဆိုင်ရာ သင်ခန်းစာများကို သင်ယူနေကြကြောင်း၊ လွန်ခဲ့သည့်နှစ် အနည်းငယ် ကတည်းက စတင်ပြီး ရုရှားနိုင်ငံသို့ မြန်မာ့တပ်မတော် အရာရှိငယ်များကို စေလွှတ်ပညာသင်စေခဲ့ရာ အဆို ပါ အစီအစဉ်များကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်းဦးသောင်း တို့က တာဝန် ယူထားကြောင်း သိရသည်။

ရုရှား နှင့် တရုတ် နိုင်ငံများမှ စစ်လက်နက်၊ ခဲယမ်း၊ လေယာဉ် အစရှိသည် ၀ယ်ယူရေးတွင် ယခု နောက်ပိုင်း၌ စစ် အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက အဓိက ဆောင်ရွက်ပေးနေကြောင်း နီးစပ်သူတဦးက ပြော သည်။

ကြံ့ဖွံ့ပါတီကတ် ပြုလုပ်ရန် စည်းရုံး

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တချို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကတ်သည် မှတ်ပုံတင်ထက် ပိုမို အသုံးဝင်သည်ဟု ပြောဆို၍ အဆိုပါကတ် ပြုလုပ်ရန် စည်းရုံးလျက်ရှိကြောင်း သိရသည်။

members_of_USDA
ရွေးကောက်ပွဲ မတိုင်ခင်က ကြံ့ဖွံ့ပါတီကို မဲထည့်ရန် လိုက်လံစည်းရုံးနေစဉ် 
ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ကွမ်းခြံကုန်း၊ သုံးခွ၊ လှည်းကူး၊ တိုက်ကြီး၊ ဒေါပုံမြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ လူငယ်များအား ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) နှင့် ကြံ့ဖွံ့ပါတီ ဝင်များက ၎င်းပါတီဝင်ကတ်သည် ခရီးသွားလာရာတွင် အဆင်ပြေပြီး နောင်တချိန် အခွင့်အရေးများစွာ ရရှိစေနိုင်သည့်အတွက် မှတ်ပုံတင်ထက် ပိုမိုအသုံးဝင်သော အဆိုပါကတ်ကို ပြုလုပ် ထားကြရန် ပြောဆို စည်းရုံးလျက်ရှိသည်။

̏တအိမ်တက် တအိမ်ဆင်းနဲ့ လူငယ်တွေကို လိုက်ပြောတယ်။ ကြံ့ဖွံ့ကတ်ရှိရင် မင်းတို့ ခရီးသွားတာကအစ မှတ်ပုံတင်တို့၊ ထောက်ခံစာတို့ ယူသွားစရာမလိုဘူး။ ဒီကတ်ပါရင် အားလုံး အဆင်ပြေတယ်။ နောက်နောင်မှာလည်း မင်းတို့လူငယ်တွေ အတွက်
အခွင့်အရေး အများကြီးရှိလာမယ်။ မင်းတို့ရဲ့ လမ်းတွေကိုလည်း အမြန်ဆုံး ခင်းပေးမယ် ဆိုပြီး လာစည်းရုံးတယ်” ဟု မြောက်ဒဂုံ ၄၉ ရပ်ကွက်အတွင်းရှိ လူငယ်တဦးက ပြောသည်။

တချို့သော ရပ်ကွက်များ အတွင်းတွင်လည်း ကြံ့ဖွံ့ပါတီများသည် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပေါင်းကာ လမ်းခင်းပေးမည်ဟု ဆိုပြီး တအိမ်တယောက် ကြံ့ဖွံ့ပါတီ ဝင်ခိုင်းနေကြောင်း၊ ကြံ့ဖွံ့ပါတီဝင်ထား သူများအား လမ်းမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စသည့် ရာထူး များပေးနေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီဝင်များသည် ရပ်ကွက်များအတွင်း လိုက်လံ စည်းရုံးရာတွင် တက္ကသိုလ် ကျောင်းသားများ၊ ဘွဲ့ရ လူငယ်များအား ရာထူး အခွင့်အာဏာများပေးမည်ဟု ဆိုကာ အဓိကထား စည်းရုံးလျက်ရှိသည်။

“အခု ကျနော်ဆိုရင် လမ်းထဲမှာ လမ်းမှူးအဆင့် ရနေပြီ။ ကျနော့် အဖေကိုတောင် သူတို့က ဥက္ကဋ္ဌ လုပ်ခိုင်းနေတာ။ ပြီးတော့ သူတို့ကပြောသေးတယ်၊ မင်းတို့တွေ အခုအချိန် ကတည်းက ကြိုးစားထား၊ နောင်တချိန်မှာ မင်းတို့ပဲ ဒီပါတီကို ဦးဆောင် ရမှာတဲ့” ဟု ကြံ့ဖွံ့ပါတီဝင်ထားသော GTC ဒုတိယနှစ် ကျောင်းသားတဦးက ပြောသည်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အထက်တန်း ကျောင်းသား ကျောင်းသူများ အကြားတွင်လည်း ကြံ့ဖွံ့ ပါတီဝင်သည့် ကိစ္စ ရေပန်းစားလျက်ရှိကြောင်း သိရသည်။

“ကျောင်းထဲမှာ ကြံ့ဖွံ့ကတ်ပြပြီး အနိုင်ကျင့်တဲ့ သူတွေတောင် ရှိတယ်။ အဲဒီကတ်က ကျောင်းတွေမှာ ခေတ်စားနေတာ။ သူငယ်ချင်း အချင်းချင်း စနောက်တာတောင် ငါက ကြံ့ဖွံ့နော် ဘာမှတ်နေလဲ ဆိုပြီးပြောကြတယ်။ တချို့လည်း အဲဒီကတ် အားကိုးနဲ့ ငါတို့ရှင်းပေးမယ် ဆိုတာမျိုးတောင် ဖြစ်နေကြတယ်” ဟု ဒဂုံတက္ကသိုလ်တွင် ဓာတုဗေဒ ဘာသာရပ် နောက်ဆုံးနှစ် တက်ရောက်နေသော ကျောင်းသား တဦးက ပြောသည်။

ကြံ့ဖွံ့ပါတီ ဝင်ရန်အတွက် စနေ၊ တနင်္ဂနွေ အစိုးရ ရုံးပိတ်ရက် များတွင် ရပ်ကွက်အတွင်း တအိမ်တက် တအိမ်ဆင်း လိုက်လံ၍
လိုင်စင် ဓာတ်ပုံများ ရိုက်ကူးပေးလျက် ရှိကြောင်း ဓာတ်ပုံဆိုင်များမှ သိရသည်။

“ဟိုတနေ့ကဆို ကြံ့ဖွံ့ကတ်မှာ ထည့်မလို့ ဆိုပြီး ဓာတ်ပုံတွေ လာကူးတယ်။ လူ ၄၀၀၀ စာလောက်ရှိမယ်။ ဒါတောင်မှ နောက်ထပ် လူတွေ ရှိသေးတယ်၊ ထပ်ကူးဦးမှာ၊ ဈေးလျှော့ပေးပါ ဆိုပြီး ပြောသွားတယ်” ဟု လှည်းတန်းဈေး အနီးရှိ ဓာတ်ပုံကူးဆိုင် တဆိုင်က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီရေး အလှူရှင် ပိုများပြားလာ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ကို ကူညီထောက်ပံ့မည့် အလှူရှင်များ ထပ်မံ ရရှိထားပြီဖြစ်သည်။

dassk_met_with_relatives_of_pp400
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုင်ငံရေး အကျဉ်းသား မိသားစု ဆွေမျိုးသားချင်းများကို တွေ့ဆုံအားပေးစဉ် (ဓာတ်ပုံ - Getty Images)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က “ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာပဲ NLD က စာရင်းရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်စာရင်းကို မဲဖောက်ပြီး ကူညီစောင့်ရှောက်မှုတွေ လုပ်သွားဖို့ စီစဉ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဲစနှိုက်တယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေ တိုးလာတယ်” ဟု ပြောသည်။

နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများအနက် လွတ်လပ်ရေးနေ့တွင် ပါတီရုံးချုပ်၌ NLD က စာရင်းပြုစုထားသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်၏ ဓာတ်ပုံ၊ အမည်နှင့် ထောင်ကျမှတ်တမ်းအကျဉ်း ပါရှိသော ရင်ထိုးတံဆိပ်များကို ဖလားတလုံးအတွင်း ထည့်ကာ ပါတီဝင်များက မဲနှိုက်၍ မိမိကူညီစောင့်ရှောက်ရမည့် နိုင်ငံရေးအကျဉ်းသားများကို ရွေးချယ်ခဲ့ကြသည်။

“အဲဒီနေ့က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်လောက်ကို ကူညီစောင့်ရှောက်မှုပေးဖို့ ရွေးချယ်နိုင်ခဲ့ပြီး  နောက်ပိုင်းမှာ ပြည်တွင်း ပြည်ပက အလှူရှင်တွေကပါ သူတို့ကိုယ်စား မဲနှိုက်ပြီး ရွေးချယ်ပေးဖို့ တောင်းဆိုလာကြလို့ မဲနှိုက်လိုက်တာ။ အခု မဲမနှိုက်ရသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ကျန်ပါတော့တယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုကို ၁၉၉၃ ခုနှစ်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား တဦးလျှင် တလ ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ပေးနေရာမှ အလှူငွေတိုးမြင့် ရရှိလာမှုကြောင့် မကြာမီတွင် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

NLD က ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ပါတီသို့ ဆက်သွယ် အမည်စာရင်းပေးထားသည့် နိုင်ငံရေးအကျဉ်းသား စာရင်းသာဖြစ်၍ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ရှိနေသည်။

နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသည့် သံဃာတော်များကို ကူညီထောက်ပံ့ရေး လုပ်ဆောင်နေသည့် သာသနာ့ဥသျှောင်အဖွဲ့မှ ပြည်တွင်းတာဝန်ခံ ဦးဇ၀နက “ဦးပဉ္ဇင်းတို့ ထောင်ဝင်စာတွေ့သူ မရှိဖြစ်နေတဲ့ သံဃာ ၂၅ ပါးစာရင်းကို မကြာမီကပဲ ထုတ်ပြန် အလှူခံထားတယ်။ တကယ်ဆို လူထုဆင်းရဲကြပ်တည်းမှုကို လျစ်လျူမရှုနိုင်လို့ မေတ္တာပို့ လမ်းလျှောက်ရာကနေ ဖမ်းဆီးခြင်းခံရတဲ့ သူတို့တွေဟာ မမေ့သင့်တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့အတွက် အမည်ဖော်ပြီး လှူနိုင်သလို အမည်မဖော်ဘဲလည်း လှူနိုင်ပါတယ်” ဟု မိန့်သည်။

သာသနာ့ဥသျှောင်အဖွဲ့က ထောင်ဝင်စာတွေ့သူ မရှိဖြစ်နေသည့် သံဃာ ၂၅ ပါး စာရင်းကို မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ယခုအခါ ပြည်ပမှ တသီးပုဂ္ဂလအလှူရှင်များက သံဃာ ၈ ပါးအတွက် တာဝန်ယူထားပြီဖြစ်ကြောင်း သိရသည်။

“ဒီသံဃာ ၂၅ ပါးက NLD စာရင်းမှာလည်း မပါဘူး။ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း စာရင်းမှာလည်း မပါသေးတဲ့ သံဃာတွေပါ။ စစ်အစိုးရက သံဃာတချို့ကို နိုင်ငံရေးပုဒ်မ မတပ်ဘဲ တခြားပုဒ်မတွေတပ်ပြီး ထောင်ချထားတာတွေလည်း ရှိတော့ တချို့သံဃာတွေက နိုင်ငံရေးအကျဉ်းသားစာရင်းထဲက လွတ်နေတာတွေလည်း ရှိတယ်” ဟု ဦးဇ၀နက မိန့်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတောင်ကုန်း ကျောင်းတိုက်၌  နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို စုစည်းတွေ့ဆုံ အားပေးစကား ပြောဆိုခဲ့ပြီးနောက် မန္တလေးတိုင်းတွင်လည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို အလှူရှင်များက ပိုမိုစိတ်ဝင်စားလာကြကြောင်း သိရသည်။

မန္တလေးတိုင်း NLD စည်းရုံးရေးမှူး ဦးကိုကိုလေးက “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေးတွေ လုပ်နေတာကို ရေဒီယိုကတဆင့် ကြားသိရလို့ဆိုပြီး လာလှူကြတဲ့သူတွေ ရှိလာပါတယ်။ အလှူငွေလည်း တိုးမြှင့်ရရှိလာပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးရှိနေရာ NLD မှ ပေးအပ်သည့် တဦးလျှင် တလ ကျပ် ၅၀၀၀ အပြင် ဦးကိုကိုလေး သီးသန့်စုဖွဲ့ထားသည့် နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ယက်မှလည်း တဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးနေကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့ကတော့ လစဉ်ထောက်ပံ့တာတော့ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ တလုံးတခဲတည်း ရရှိနိုင်ပါစေတော့ဆိုပြီး တဦးကို ၅၀၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးတာပါ။ အခု ကူညီပေးပြီးတာ နိုင်ငံရေးအကျဉ်းသား ၃၀ ရှိသွားပါပြီ။ အလှူငွေတွေ ထပ်ရရင်လည်း ထပ်တိုးပေးသွားမှာပါ” ဟု ဦးကိုကိုလေးက ရှင်းပြသည်။

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် မြန်မာရေးရာအဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကို လစဉ်ထောက်ပံ့သွားရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ပြီး စင်ကာပူရောက် မြန်မာမိသားစုများကလည်း နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရောက် နိုင်ငံရေးအကျဉ်းသား ကူညီရေး ဆောင်ရွက်နေသူတဦးက “စင်ကာပူမှာ ရှိနေတဲ့ မြန်မာမိသားစုတွေကလည်း အရင်ကတည်းက ထောက်ပံ့ပေးနေပါတယ်။ အခုလည်း NLD က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသား ၃၀ ကို လစဉ်ထောက်ပံ့ပေးသွားဖို့ ရှိပါတယ်။ အလှူရှင်ပိုများလာရင် ပိုထောက်ပံ့ပေးသွားမှာပါ” ဟု ပြောသည်။

နအဖစစ်အစိုးရကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားပြီး မကြာသေးမီက ပြည်ထောင်စု လွှတ်တော်တွင်  နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နှင့် ပြည်ပရောက် မြန်မာအတိုက်အခံများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အဆိုနှစ်ခုကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ဦးသိန်းညွှန့်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်အမတ်တချို့က တင်သွင်းခဲ့သော်လည်း တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိပေ။

လွှတ်တော်လုပ်ငန်းစဉ်များ မတ်လအတွင်း အပြီးသတ်ဖွယ်ရှိ

နေပြည်တော်တွင် လတ်တလော ကျင်းပနေသော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် စုံညီအစည်းအဝေးများ၌ လွှတ်တော် ဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မတ်လအတွင်း အပြီးသတ် ဆောင်ရွက်သွားဖွယ်ရှိကြောင်း သိရသည်။ 

Parliament400
ဖေဖော်ဝါရီ လဆန်းက တွေ့ရသည့် နေပြည်တော်၌ ကျင်းပနေသော လွှတ်တော် အစည်းအဝေး
“အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဆောင်ရွက်စရာတွေ အားလုံး မတ်လ အတွင်း ပြီးပြတ်အောင် လုပ်မယ်လို့ ကြားတယ်၊ နောက် ဘယ်တော့ လွှတ်တော် ပြန်ခေါ်မယ်ဆိုတာ ဘယ်သူမှ အသေအချာ မသိရဘူး”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။ 

ယင်း လွှတ်တော်များကို အရေးတကြီး လိုအပ်မှသာ ပြန်ခေါ်ဖွယ် ရှိသည်ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီး တဦးကလည်း ပြောဆိုသည်။

၎င်းက“ပြည်သူ့လွှတ်တော်ကော အမျိုးသားလွှတ်တော်ကော တိုင်းဒေသကြီးလွှတ်တော်တွေမှာပါ အဖွဲ့ဝင် ၁၅ ဦးပါ ကော်မတီ ၄ ခု ဖွဲ့စည်းမယ်။ အဲဒီ ကော်မတီတွေကပဲ နောင်မှာ အလုပ်လုပ်သွားမယ်။ ဒီလို ပြည်ထောင်စုလွှတ်တော်ကြီးထပ်ခေါ်ဖို့ မဖြစ်နိုင်တော့ဘူး။ တိုင်းပြည်အတွက် အရမ်းအရေးကြီးတဲ့ ကာလဆိုရင်သာ ပြန်ခေါ်ဖို့ ရှိတော့မယ်။ ကော်မတီ ၄ ခုက လွှတ်တော် ကိုယ်စားပြု ကော်မတီ သဘောမျိုး ဖြစ်သွားမယ်”ဟု ဆိုသည်။

လွှတ်တော်အသီးသီးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီတခုလျှင် အဖွဲ့ဝင် ၁၅ ဦး သတ်မှတ်ထားရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ ဥပဒေကြမ်း ကော်မတီ၊ ငွေစာရင်း ကော်မတီ နှင့် လွှတ်တော်အခွင့်အရေး ကော်မတီ တို့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ကျန်ကော်မတီကိုလည်း ရက်ပိုင်းအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်(ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး)နှင့် နီးစပ်သူတဦးက ပြောကြားသည်။

ယင်း ကော်မတီလေးခု ဖွဲ့စည်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးများအား ဌာနသတ်မှတ်ခြင်း၊ ဒုတိယ ၀န်ကြီးများရွေးချယ် ခြင်း များ ပြီးစီးပါက ယခုအကြိမ်လွှတ်တော်အစည်းအဝေး ပြီးဆုံးဖွယ်ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြောသည်။

“လက်ရှိအစိုးရအနေနဲ့က ဒီလိုလွှတ်တော်ကြီး ခဏခဏခေါ်ဖို့ လုပ်ချင်ပုံမရဘူး။ အဲဒါကြောင့် ကော်မတီတွေဖွဲ့ပြီး လုပ်တာ။ သူတို့က လူတွေအများကြီးနဲ့ အုတ်အုတ်ကျက်ကျက် မလုပ်ချင်ဘူး”ဟု ပြည်သူ့လွှတ်တော် အမတ်တဦးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၄ ဥပဒေပြုရေး အခန်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပခြင်း ဥပဒေ ပုဒ်မ  ၇၈ ၌ ပြည်ထောင်စုလွှတ်တော် ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို ပြည်ထောင်စု လွှတ်တော် နာယက က ခေါ်ယူ ကျင်းပရမည်ဟု ဖော်ပြသည်။

ပုဒ်မ ၇၉ တွင် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေးကို ပြည်ထောင်စု လွှတ်တော် နာယက က တနှစ်လျှင် အနည်းဆုံး တကြိမ် ခေါ်ယူကျင်းပရမည်။ ပုံမှန် အစည်းအဝေး တကြိမ်နှင့် တကြိမ်အကြား အရှည်ကြာဆုံး ကာလသည် ၁၂ လ ထက် မပိုစေရ ဟု ပါရှိသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပခြင်းနှင့် ပတ်သက်ပြီး ဥပဒေ ပုဒ်မ ၁၂၆ ၌ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဌ က တနှစ်လျှင် အနည်းဆုံး တကြိမ် ခေါ်ယူ ကျင်းပရမည်။ ပုံမှန် အစည်းအဝေး တကြိမ်နှင့် တကြိမ် အကြား အရှည်ကြာဆုံး ကာလသည် ၁၂ လ ထက်မပိုစေရ ဟု ဖော်ပြပါရှိသည်။

အမျိုးသား လွှတ်တော်နှင့် ပတ်သက်၍လည်း ဥပဒေ ပုဒ်မ ၁၅၄ (က) အမျိုးသား လွှတ်တော် သက်တမ်း စတင်သည့် နေ့ရက် သည် ပြည်သူ့ လွှတ်တော် သက်တမ်း စတင်သည့် နေ့ရက်ဖြစ်သည်။ (ခ) အမျိုးသား လွှတ်တော် ၏ ပထမ အကြိမ် ပုံမှန် အစည်း အဝေးကို ယင်း လွှတ်တော်၏ သက်တမ်း စတင်သည့် နေ့မှ ၇ ရက်အတွင်း ကျင်းပရမည်ဟု ဆိုသည်။

ပုဒ်မ ၁၅၅ ၌ အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပခြင်းကို ပုဒ်မ ၁၂၄ မှ ၁၃၅ အထိပါ ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ ပြဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် ဖော်ပြထားသည်။

၂၀၀၈ အခြေခံ ဥပဒေတွင် ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး စတင် ကျင်းပ သည့် နေ့ရက်မှ ၅ နှစ် ဖြစ်သည်။ အမျိုးသား လွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီ ဖြစ်သည် ဟု ဖော်ပြထားသည်။

ပြင်ဦးလွင်တောမီး MCC နည်းပညာကျောင်းအထိ ကူးစက်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ MCC Training Institute (ရတနာပုံနည်းပညာ မြို့သစ်) အနီးတွင် မတ်လ ၅ ရက်နေ့လယ်က လောင်ကျွမ်းခဲ့သော တောမီးကြောင့် ကျောင်းသားများ စားသောက်ခန်းနှင့် ထရန်စဖော်မာ တလုံး ဆုံးရှုံးသွားခဲ့ပြီး ကျောင်းသား အိပ်ဆောင်နံရံ အနည်းငယ် မီးကျွမ်းသွားကြောင်း သိရသည်

IMA400
ပြင်ဦးလွင်ရှိ ရတနာပုံ နည်းပညာမြို့သစ်
မီးကျွမ်းသွားသည့် စားသောက်ခန်းသည် ကျောင်းဝန်းအပြင်၌ တည်ရှိပြီး ကျောင်းသားများကို ညနေစာ ကျွေးမွေးသည့် နေရာဖြစ်၍ ပေ ၄၀၊ ပေ ၈၀ ခန့် ကျယ်ဝန်းသော အုတ်ညှပ် အဆောက်အအုံ ဖြစ်သည်။

အဆိုပါ ကျောင်းတွင် တက်ရောက်နေသည့် A.I.T (Asian Institute of Technology) ဒုတိယနှစ် ကျောင်းသားတဦးက “တောမီးက နေ့လယ် ၁၂ နာရီ လောက်ကတည်းက လောင်နေတာ။ ကြည့်နေရင်း တဖြည်းဖြည်း ကြီးလာတယ်။ စာသင် ဆောင်တွေနဲ့တော့ ဝေးပါတယ်။ ဒါပေမယ့် ကျောင်းသား အိပ်ဆောင်တွေနဲ့ တောမီးက နီးလာတယ်။ ကျောင်းသားတွေက
အရေးကြီး စာရွက်စာတမ်းတွေနဲ့ ကိုယ်ပိုင် လက်ပ်တော့တွေကိုင်ပြီး ဘယ်ပြေးရမှန်း မသိ ဖြစ်နေတယ်” ဟု ပြောသည်။

မီးလောင်ရာ နေရာသို့ ပြင်ဦးလွင် မီးသတ်ဌာနမှ မီးသတ်ကားတစီး ရောက်လာကြောင်းနှင့် ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း ၎င်းက ဆိုသည်။

တောမီး လောင်ကျွမ်းနေစဉ် ကျောင်း အုပ်ချုပ်ရေးအဖွဲ့သည် ကျောင်းသားများအား စာသင်ဆောင် အပြင်ဘက်သို့ထွက်ကြရန် ညွှန်ကြားကြောင်း၊ သို့သော် အကြောက်လွန်နေသော ကျောင်းသားများကြောင့် ကစင့်ကလျား ဖြစ်နေကြောင်း၊အသက်အရွယ် ကြီးရင့်နေသော လုံခြုံရေး ၀န်ထမ်းများက ကျောင်းသားများကို စနစ်တကျ အကာအကွယ် မပေးနိုင်သဖြင့် ကျောင်းသားများမှာ အဆင်ပြေရာ မီးလွတ်ကင်းနိုင်မည့် နေရာများ၌ စုဝေး နေကြရကြောင်း သိရသည်။

အဆိုပါ တောမီး ကူးစက်လောင်ကျွမ်းသော မတ် ၅ ရက် (စနေနေ့) သည် MCC Training Institute (ရတနာပုံ) ၏ ပထမ နှစ်ဝက် စာမေးပွဲများ ရက်ခြား ကျင်းပနေစဉ်ကာလဖြစ်ပြီး စာမေးပွဲ မရှိသည့် ပိတ်ရက် ဖြစ်သည်။

ပြင်ဦးလွင် တောမီး စတင်လောင်ကျွမ်းချိန်မှစ၍ MCC Training Institute (ရန်ကုန်ရုံးချုပ်) သည် ကျောင်းသားများ၏ အုပ်ထိန်းသူ များထံ စိတ်မပူကြရန်နှင့် ကျောင်းသားများ အားလုံး မီးဘေးလွတ်ကင်းရာ၌ ရှိနေကြကြောင်း တယ်လီဖုန်းဖြင့် အကြောင်းကြား ပေးသည်ဟု သိရသည်။

“MCC ရုံးချုပ်က အကြောင်းကြားတာ ညနေ ၃ နာရီကျော်နေပြီ။ တောမီး မငြိမ်းသေးဘူး ဆိုတော့ မိဘတွေ စိတ်ပူတာပေါ့။ သားရဲ့လက်ကိုင်ဖုန်းနဲ့ အဆက်အသွယ်ရမှ စိတ်အေးသွားရတယ်” ဟု ကျောက်မြောင်းနေ ကျောင်းသားမိဘ တဦးက ပြောသည်။

တခြားသော ကျောင်းသား မိဘတဦးကလည်း “နိုင်ငံတကာ အသိအမှတ်ပြု ကျောင်းဖြစ်နေလို့ ငွေအများကြီး သုံးပြီး သားသမီးကို ပို့ထားတာပါ။ အဲဒီကျောင်းမှာ စည်းကမ်းပိုင်း၊ အုပ်ချုပ်ရေးပိုင်း တော်တော် အားနည်းတယ်လို့ ကလေးတွေဆီက ပြန်ကြားရတယ်။ အခုလို အရေးပေါ် အခြေအနေ ဖြစ်လာတော့လည်း ကလေးတွေကို စနစ်တကျ မထိန်းနိုင်ဘူး” ဟု ဆိုသည်။

အဆိုပါကျောင်းမှ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားများ အချင်းချင်း မကြာခဏ ခိုက်ရန် ဖြစ်ပွားလေ့ရှိကြောင်းလည်း ၎င်းက ဆိုသည်။

မတ်လ ၆ ရက် (တနင်္ဂနွေ) နေ့တွင် ကျောင်းသားများအား ပထမလပတ်၏ နောက်ဆုံးဘာသာရပ်ကို ဖြေဆိုစေပြီး ယနေ့မှစ၍ ကျောင်းကို နှစ်ပတ် ပိတ်လိုက်သည်ဟု သိရသည်။

အဆိုပါ တောမီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းကြည့်ရာ ရတနာပုံနည်းပညာမြို့သစ် ကျောင်းသားရေးရာဌာနက ကျောင်းဆောင်များ မီးသင့် ပျက်စီးမှု မရှိဟူ၍ ဖြေကြားသော်လည်း မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့ မီးသတ်ဦးစီး ဌာနများကမူ ဧရာဝတီ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခြင်း မပြုပေ။

A.I.T သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် နိုင်ငံတကာ နည်းပညာ တက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံ MCC Training Institute(ရတနာပုံ) နှင့် သဘောတူ စာချုပ် ရေးထိုးကာ ပူးပေါင်း သင်ကြား နေခြင်းဖြစ်သည်။

သင်တန်းကာလ ၅ နှစ်ဖြစ်ပြီး ပထမနှစ် အဆင့် IDCS Diploma၊ ဒုတိယနှစ် အဆင့် IADCS Diploma၊ တတိယနှစ် အဆင့် B.Sc (Hons) Engineering များကို MCC Training Institute (ရတနာပုံ) တွင် တက်ရောက်သင်ကြား နိုင်သည်။

တနှစ်လျှင် သင်တန်းကြေး ကျပ် သိန်း ၃၀၊ နေထိုင်စားသောက်စရိတ် ၁၀ သိန်း၊ အထွေထွေစရိတ် အပါအ၀င် ကျပ် သိန်း ၅၀ ခန့် ကုန်ကျမည် ဖြစ်သည်။

စတုတ္ထနှစ်နှင့် ပဉ္စမနှစ် သင်တန်းများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက်ရောက် သင်ကြားရမည်ဖြစ်ကာ သင်တန်းကြေးနှင့် နေထိုင်စားသောက်စရိတ် တနှစ်စာ အမေရိကန် ဒေါ်လာ ၁ သောင်းခန့် ပေးသွင်းရမည်ဟု သိရသည်။ အဆိုပါ ၅ နှစ် သင်တန်းပြီးဆုံးပါက ၁၀၆ နိုင်ငံ အသိအမှတ်ပြု B.S.E (Bachelor of Science in Engineering) ဘွဲ့ ရမည် ဖြစ်သည်။

MCC Training Institute (ရတနာပုံ) အင်ဂျင်နီယာ စခန်းသွင်း ဘော်ဒါကျောင်းသည် မန္တလေးမြို့၏ အရှေ့မြောက် မိုင် ၄၀ အကွာ၊ ပြင်ဦးလွင်မြို့စွန် ရတနာပုံ နည်းပညာမြို့တော်နှင့် ကပ်လျက်တည်ရှိသည်။ ကျောင်းအုပ်ကြီးမှာ Mr.Chiris Harrison ဖြစ်ပြီး နိုင်ငံခြားသား သင်တန်းဆရာများ ခေါ်ယူ အသုံးပြုထားသည်။

သင်တန်းကြေးနှင့် စရိတ်ကြီးမြင့်မှုများကြောင့် ငွေကြေးပြည့်စုံသူများ၊ စစ်ဘက်ဆိုင်ရာ အရာရှ်ိကြီးများ၏ သားသမီးများသာ တက်ရောက် ပညာသင်ကြားနိုင်သည့် အင်ဂျင်နီယာ စခန်းသွင်းဘော်ဒါ ကျောင်းဖြစ်သည်။

Sunday, March 06, 2011

အာဏာရှင် စနစ်အောက်က လွတ်မြောက်ဖို့ နှင်းဆီနီတော်လှန်ရေးကို စတင် ဆင်နွှဲကြပါစို့ ........


တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးကာ စစ်မှန်သော တိုးတက်ကောင်းမွန်ရေးကို အဓိက လိုလားသူ အများစုက  ပြည်သူလူထုကို နှစ်ပေါင်းများစွာ ဒုက္ခပေးပြီး  တိုင်းဘဏ္ဍကို လက်ဝါးကြီး အုပ်ထားပြီး လက်တစ်ဆုပ်စာ လူတစုကောင်းစားရေး ၀ါဒကို  အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့  စစ်အုပ်ချုပ်ရေး အောက်က ရုန်းထွက်လွတ်မြောက်ဖို့ အတွက်  တော်လှန်ရေး တရပ်စတင် ဆင်နွှဲပါတော့မယ် ။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားများ အနေဖြင့် ဆင်းရဲချမ်းသာ မကွဲပြားဘဲ လူ့အခွင့်အရေး ပျောက်ဆုံးနေခြင်း ဆိုသည့် ရောဂါ တရပ်ကို အဆိုးဆုံးဝေဒနာ  အဖြစ် တသားတည်း ခံစားနေရပါသည် ။  ထိုဝေဒနာကို ကုစားရန် တော်လှန်ရေး ဆိုသည့် ဆေးဝါးကို မသောက်သုံးနိုင်သမျှတော့ ကျွန်ူပ်တို့ ရောဂါပျောက်ရန် မလွယ်လှချေ ။ ကိုယ့်မှာ စွဲကပ်နေတဲ့
ရောဂါ သက်သာဖို့ အတွက် ဆေးခါး ကြီးကို မှီဝဲရပေမယ့် အကျိုးရလဒ် က အစွမ်းထက်လှတာကို ဥပမာ ထားစေလိုပါတယ် ။
အနာသိရင် ဆေးရှိတဲ့ ဆိုတဲ့ ဥပမာ စကားအတိုင်း အာဏာရှင် စနစ်အောက်က ရုန်းထွက်လွတ်မြောက်ဖို့ တော်လှန်ရေး တရပ် ဆင်နွှဲကျင်းပရတာ လောကဓမ္မတာလို ဖြစ်နေတာ အားလုံးအသိပါ ။

လူဖြစ်လာရင် လူ့အခွင့်အရေးလေးတော့ ပြည့်ြ့ပည့်၀၀ ရသင့်တယ်လို့ လူအများက နားလည်သဘောပေါက်လာကြလို့
ကမ္ဘာ တ၀ှမ်း  မှာ  လူ့အခွင့်အရေး တိုက်ပွဲများစွာကို အတိတ်က ဆင်နွှဲခဲ့ကြသလို ယခုမျက်မှောက် ကမ္ဘာအထိလည်း မလွတ်လပ်သော နိုင်ငံများက တောင်းဆိုတိုက်ပွဲဝင် နေဆဲပါဘဲ ဆိုတာကို သတင်းနည်းပညာ တိုးတက်ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ အားလုံးလည်း တွေ့မြင်ကြရမှာပါ ။ ဒီလို အချိန်အခါမျိုးမှာ  ကျနော်တို့ နိုင်ငံက လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်သံ မကြားခဲ့ရင် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာအစိုးရ တရားမျှတနေပါတယ်လို့  မှတ်ချက်လေး တစ်ခုချလိုက်တာနဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ ရှေ့ရေးဟာ အင်မတန်မှ ရင်လေးစရာ ကောင်းတဲ့ အနေအထားကို သူ့အလိုလို  ရောက်ရှိသွားပါလိမ့်မယ် ။  ဒါကြောင့် ကျနော်တို့ရင်ထဲက မကျေနပ်တာ မှန်သမျှကို လက်ရှိ စစ်အာဏာရှင်များထံမှ တောင်းဆို တိုက်ပွဲဝင်ရန်
မှာ ကျွန်ူပ်တို့အတွက် တာဝန်ဝတ္တရား ပင်ဖြစ်လေသည်ဟု လက်ခံထား၍ လူထုခွန်အားကို အမြန်ဆုံး ပြနိုင်ရန် ကြိုးစားပေးကြပါ ။

အတိတ်သမိုင်းစာမျက်နှာများကို  ပြန်လှန်ကြည့်လိုက်လျှင်လည်း တော်လှန်ရေး ဆိုတဲ့ စကားလုံးကို မတွေ့ချင်မှ အဆုံး တွေ့မြင်နေရအုံးမှာပါဘဲ ။ တကယ်သေသေချာချာ စဉ်စားကြည့်လိုက်မယ် ဆိုရင်  တော်လှန်ရေး ဆိုတဲ့ စကားလုံးဟာ မုန်းစရာ မကောင်းဘဲ ချစ်စရာတောင် ကောင်းလာတယ်လို့ ထင်မိပါတယ် ။ တော်လှန်ရေး ဆိုတဲ့ အဓိပ္ပာယ်ကိုက  လက်ရှိ အနေအထား ထက် ပိုမို တိုးတက် ကောင်းမွန်သော အနေအထား သို့ ရောက်ရှိရန် ကြိုးစားလုပ်ဆောင်ခြင်းလို့ ထင်မြင်ယူဆမိပါတယ် ။ အသိဥာဏ်ရှိသော လူသားတို့ သဘာဝ အကောင်း အဆိုးကို အကြောင်းအကျိုး နှင့် ဆက်စပ်မိသော အခါ  ဆိုးဝါးလှသော စနစ်များကို  ဖယ်ရှား၍ ကောင်းမွန်သော စနစ်များကို ကျင့်သုံးလိုက်နာရန် ကြိုးစားလေ့ ရှိကြပါသည် ။ လူ့အသိဥာဏ်တို့သည် တဆင့်ပြီး တဆင့် မြင့်တက်လာသည်နှင့် အမျှ ပိုမိုကောင်းမွန်သော အနေအထားကို ရောက်ရှိရန် ကြိုးစားရာက စလို့ ကမ္ဘာတခွင်လုံးတွင် တော်လှန်ရေး ဆိုသည့် စကားသံများကို အစဉ် သုံးစွဲနေကြအုံးမည် ဖြစ်လေသည် ။

ယနေ့ ကျနော်တို့ တိုင်းပြည် လက်ရှိအနေအထားတွင် အာဏာရှင် စနစ်ဆိုး ကြောင့် လူ့အခွင့်အရေး မှန်သမျှ ပျောက်ဆုံးနေသည်ကို သိရှိနားလည်ကာ လူပီသသော လူသားဘ၀ကို  ပိုင်ဆိုင်လိုသူများက ဒီစနစ်ဆိုးအောက်မှ ရုန်းထွက်လွတ်မြောက်ရန် အစဉ်အမြဲ ကြိုးစားနေကြသည် ။ သင်သည်လည်း လူသားတယောက်ပီသစွာ လူ့အခွင့်အရေးမှန်သမျှ ရရှိခံစားနိုင်ရန် အတွက် ကျွန်ူပ်တို့နှင့် ပူးပေါင်း ပါဝင်ဆောင်ရွှက်လိမ့်မည်ဟု ယုံကြည်ထားပါသည် ။ တဦးချင်းစီပေါင်းစပ်ရာက ဖြစ်ပေါ်လာသော ပြည်ထောင်စုကြီးတွင်  တဦးတယောက် နှင့် မဖြစ်လောက်ပါဟူသည့် အတွေများကို ဖျောက်ထားကြကာ ဒီတိုင်းပြည် အရေးဟာ ဒို့အရး ကိစ္စပါဆိုတဲ့ အတွေးများကို ဆုပ်ကိုင်ထား၍  တော်လှန်ရေးရဲ့ ပထမ ခြေတလှမ်းကို စတင် လမ်းလျှောက်ကြပါလို့
လေးစားစွာ တိုက်တွန်း နိုးဆော်လိုပါတယ် ။

ဘယ်အရာမျှ မတည်မြဲတဲ့ ဒီကမ္ဘာကြီးမှာ သူတို့တွေ အာဏာအစဉ် တည်မြဲလိမ့်မယ် လို့ ယူဆထားတဲ့ လူအများက တွေးခေါ်နေကြတဲ့ ဖောက်ပြန်တဲ့ အတွေးများက ရုန်းထွက်ကြပါ ။ အတိတ်က ကျရှုံးခဲ့တာကို ပူဆွေးသောကနဲ့ အစဉ်အမြဲ ရှုံးနိမ့်လိမ့်မယ် ဆိုတဲ့ အယူအဆကို  တွေးခေါ်နေသူများက ဘ၀ကို ရေစုန်မြောလိုက်လိုသူများရဲ့ အယူဝါဒများ ဖြစ်လို့ ရဲရဲကြီး စွှန့်ပယ် ဖြစ်လိုက်ကြစမ်းပါ ။ ကျနော်တို့ အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေး သုခမိန်ပါလို့ ယခု ချိန်ခါမှာ တင်စားခေါ်ဝေါ်နေကြပေမယ့် တခါက သူ့ကိုလည်း လူအများက မဖြစ်နိုင်တဲ့ အလုပ်များကို လုပ်ချင်တဲ့ စိတ်ကူးယဉ် နိုင်ငံရေး သမားပါလို့ ကွယ်ရာမှာ ပြစ်တင်ဝေဖန် ပြောဆိုကြတာပါဘဲ ။ လူ့သဘာဝ အရ ဝေဖန်ကြတာကို ဂရုမစိုက်ဘဲ လူထုခွန်အားကို အကျိုးရှိစွာ အသုံးချပြီး  လွတ်လပ်ရေး ပန်းတိုင်သို့ တကြောင်းတည်းသော လမ်းစဉ်ကို တစိုက်မတ်မတ်ချီတက်နိုင်ခဲ့လို့ တိုင်းတပါး ကျွန်ဘ၀ ရုန်းထွက် လွတ်မြောက်လာတယ် ဆိုတာ ပုံပြင်တွေ မဟုတ်ပါဘူး ။

အစိုးရ အသစ်ကို စိတ်ကူးယဉ်ပြီး စောင့်စားလိုတဲ့ ဆန္ဒနဲ့ ရွေးကောက်ပွဲကို လက်ခံလိုတဲ့ လူအများလည်း အခုချိန်ခါမှာ အမှန်နဲ့ အမှားကို ပိုင်းခြား သိမြင်လောက်ပြီလို့ ယူဆမိပါတယ် ။  လွှတ်တော် အမတ်ရာထူးကို ဒီမိုကရေစီ ပန်းတိုင်လို့ ယူဆပြီး ပေးတာယူ ၊ ကျွေးတာစား ၊ လက်ညိုးထောင် ခေါင်းငြိမ့်ဘ၀ နဲ့ ကျေနပ်နေရမယ့် လူအများကို အားထားနေလို့လည်း အပိုပါဘဲ ဆိုတာ သူတို့တွေ လုပ်ရပ်က သက်သေခံနေပါတယ် ။  အစိုးရ အသစ်ရဲ့ အုပ်ချုပ်ရေး ယန္တာရားကိုက ပြည်သူလူထု ဘ၀ ပိုမို ဒုက္ခရောက်အောင် ကြံရွယ်ထားတယ် ဆိုတာ မိုးထိအောင် လှေကားထောင်မယ့် ကုန်ဈေးနှုန်းများက လက်တွေ့ကျကျ သက်သေပြနေပါပြီ    ။ ပြည်သူလူထုရဲ့ လူနေမှု ဘ၀ တိုးတက်ထွန်းကားဖို့ အရေးအတွက် ဒီမိုကရေစီ စနစ်ကို တည်ထောင်ပေးပါမယ်လို့ ပါးစပ်က အမြုပ်တစီစီ ထွက်အောင် ကြွေးကြော်နေကြပေမယ့် သူတို့တွေ လုပ်ရပ်က အရင်းရှင် ပဒေသရာဇ် စနစ်ကို နောက်ပြန်သွားနေတယ် ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ် ။ အစိုးရ အသစ်ရဲ့ စနစ်မကျတဲ့ အုပ်ချုပ်ရေး နဲ့ ယိုင်နဲ့နေတဲ့ ဥပဒေများပေါ်က ရူးကြောင်ကြောင်  လုပ်ရပ်များကြောင့် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာမှုကို ပထမဦးစွာ ဒုက္ခ အဖြစ် ခံစားရတာက ပြည်သူလူထု ကြီးပါဘဲ ။

ပြည်သူလူထု ကြားက ပေါက်ဖွားလာတဲ့ တပ်မတော်သားများ နှင့် လက်နက် ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း တပ်မတော်ရဲ့ ဖခင်ကြီးမိန့်မှာခဲ့တဲ့ စကားများကို လေးစားစွာ လိုက်နာ၍  အာဏာရှင် အစိုးရ ကို ပြည်သူအများနှင့် လက်တွဲ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါက မကြာမှီ အချိန်ကာလမှာ
တပ်မတော်သားတို့ဘ၀များ တိုးတက် မြှင့်မားလာနိုင်ကာ ပြည်သူအများ စိတ်ချမ်းသာလာရမည်မှာ အမှန်ပင် ဖြစ်ပါသည် ။

မြတ်ဗုဒ္ဓရဲ့ သာသနာဟာ အာဏာရူးတွေရဲ့ လုပ်ရပ်ကြောင့် ကွယ်ပျောက်လုနီးပါး ဖြစ်နေတာကို သိရှိပြီး ဖြစ်ထားတဲ့ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သံဃာတော် အရှင်သူမြတ်များ အနေဖြင့်လည်း သာသနာကို စော်ကားတဲ့ မိစ္ဆာဒိဌိ အယူဝါဒကို လက်ကိုင်ထားတဲ့ အာဏာရှင်များ ဆန့်ကျင်လုပ်ရှားနေသည့် ပြည်သူအပေါင်းနှင့် လက်တွဲကာ သန့်ရှင်းစင်ကြယ်သော သာသနာကို ပြန်လည်တည်ဆောက်နိုင်ရေး အတွက်  ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပါရန် တပည့်တော် နဖူးမြေစိုက် ဦးခိုက်လျှောက်ထားလိုက်ရပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား .။

ရှေ့ဆက်သွားရင် ဒီထက် ပိုမိုဆိုးဝါးလာစရာ အကြောင်းဘဲ ရှိပါတယ် ဆိုတာကိုတော့ ကုန်လွန်ခဲ့တဲ့ ၂၂ နှစ်က ကျနော်တို့ကို ကောင်းကောင်း သက်သေပြထားတယ် ။ တကမ္ဘာလုံးက ပြုပြင်ပြောင်းလဲရေး လုပ်ပါလို့ တောင်းဆိုလို့ ယူနီးဖောင်းချွတ် ချွတ်ထမီဝတ်ပြီး လွှတ်တော်တက်ပြနေတာကို  အပြောင်းအလဲပါလို့ ခံယူထားရလောက်အောင် ပြည်သူလူထုကို ငတုံးငအ လို့ သတ်မှတ်ထားတဲ့ ဒီအစိုးရကို ဆန့်ကျင်ရန်မှ တပါး အခြား မရှိတော့ပါဘူး ။  သမိုင်းဝင်တဲ့ ဒီလို တိုက်ပွဲကြီးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်နွှဲနိုင်ကြရင် မကြာခင် ပြည်သူအများ လိုလားတောင့်တနေတဲ့ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော် အဖြစ်ကို ချီတက်နိုင်မှာ မလွဲဧကန်ပါဘဲ ။  သေချာစွာ ယုံကြည် လက်ကိုင် ထားသင့်တာက  လူထု ခွန်အားကို ကျော်လွှားနိုင်တဲ့ အာဏာရှင် အစိုးရ  ဆိုတာ သမိုင်းမှာ မရှိခဲ့သလို အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဒီတော်လှန်ရေးနဲ့ ပက်သက်တဲ့ အရင်းအမြစ် အခြေခံ အချက်အလက်များကို ပြည်သူလူထု အများ သိရှိနိုင်အောင် ကျနော် လေးစားစွာ တင်ပြအစီရင်ခံချင်ပါတယ် ။



ရည်ရွယ်ချက်                      -  စစ်အာဏာရှင် အစိုးရကို ဖြုတ်ချပြီး ပြည်သူလူထုကိုယ်စားပြု အစိုးရ တရပ် ဖွဲ့စည်းရန်

လုပ်ဆောင်ချက်                  -   နိင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကြီး ကို ကျင်းပ၍ လူထု ခွန်အားဖြင့် အာဏာရှင် အစိုးရကို
                                           ဖြုတ်ချနိုင်အောင် အစွမ်းကုန် ကြိုးစား လုပ်ဆောင်ရမည် ။

ဘယ်အချိန်မှာစတင်လုပ်မလဲ  - မတ်လ ၁၃ ရက်၊ ၂၀၁၁၊ နံနက် ၉ နာရီ ကနေစမယ်။

ဘာလုပ်မလဲ                     -  အတိတ်က  ပြည်သူလူထု ကောင်းစားရေး အတွက် စတေးခံကာ  သွေး မြေကျတိုက်ပွဲဝင်ခဲ့ကြတဲ့ 
                                           သူရဲကောင်းများကို     အောက်မေ့တမ်းတကာ  ဂုဏ်ပြုလိုသည့် ဆန္ဒများ ကို ပြဆိုသည့် အနေဖြင့်
                                            အနက်ရောင် အကျီ သို့မဟုတ  အနက်ပိတ်စ တခုကို  လက်မောင်းမှာ ပါတ်ပြီး ချီတက်ကြမှာပါ ။

တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးကာ တန်ဖိုးထားသူများပါလို့ ကိုယ့်ကိုကိုယ် ခံယူထားကြတဲ့ ပြည်သူလူထု တရပ်လုံးက  အာဏာရှင် စနစ်ကြောင့် တိုင်းပြည်ကြီး ပြိုကျ ပျက်စီးနေတာကို လက်ပိုက်ကြည့်မနေကြဘဲ  ဒီတော်လှန်ရေးကြီးမှာ ပါဝင် ဆင်နွှဲလာကြမှာ အသေအချာပါဘဲ  ။ ကျွန်ူပ်တို့ ဘိုးဘွားများ လက်ထက်က စလို့ ကျင့်သုံးလိုက်နာခဲ့တဲ့  မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန်ဆိုတဲ့ စိတ်ဓါတ် အခံများကို အမွေဆက်ခံထားတဲ့ ပြည်သူအများက ဒီလိုလုပ်ရှားမှုကြီးမှာ ပါဝင်ဆင်နွှဲကြရင် ကျနော်တို့ အဓိက ရည်ရွယ်ချက် မကြာခင်မှာ အထမြောက်လာပါလိမ့်မယ် ဆိုတာကို စွဲမြဲစွာ ယုံကြည်ထားပြီး ရုန်းထဖို့ အဆင်သင့် ပြင်ပေးထားပါ ။

တော်လှန်ရေးကို ဆင်နွှဲလိုသူများ အင်အားကောင်းလာတဲ့ အခါ  တိုင်းပြည် အတွက် အဓိက လိုအပ်နေတဲ့ အချက်များကို သံပြိုင် ကြွေးကြော်ကာ ချီတက်သွားကြပါမယ်  ။ အဲဒီလို ချီတက်နေရင်းမှာဘဲ လက်ရှိအစိုးရက ပြည်သူလူထု အလိုဆန္ဒကို မလိုက်လျောခဲ့ရင်  အာဏာရှင်များ အား ဖြုတ်ချ၍ လူထုကိုယ်စားပြု အစိုးရကို ဖွဲ့စည်းကာ တိုင်းပြည်၏ အချုပ်အချာ အာဏာကို လူထု လက်ထဲသို့ ပြန်လည် လွှဲပြောင်းပေး အပ်သွားမှာပါ ။

ပွဲမ၀င်ခင် အပြင်က ကျင်းပဆိုတဲ့ အတိုင်း  ၁၃ရက်နေ့မှာ ကျင်းပတဲ့ နှင်းဆီနီရောင် တော်လှန်ရေးကြီး အောင်မြင်စွာ ဆင်နွှဲကျင်းပနိုင်ရေး အတွက်
နည်းပညာကို အသုံးချကာ  လူအသုံးများတဲ့  Facebook တို့ Gmail တို့ကနေ  ကြွေးကြော်သံများ ဖြန့်ဝေပေးထားကြမယ် ။
 ပြည်တွင်းမှာလည်း အဓိက လူစည်ကားရာ ကျောင်းများ ၊ ဈေးများ အစရှိတဲ့ နေရာများမှာ တော်လှန်ရေး ကြွေးကြော်သံ လက်ကမ်းစာစောင်များ ၊ ပိုစတာများကို  ဖြန့်ဝေပေးထားကြမယ် ။
လူထုလုပ်ရှားမှုကို ပိုမိုစိတ်အား တက်ကြွစေမယ့်   အလံများ ၊ ပိုစတာများကို အသင့်အနေ အထား ရောက်အောင် စီစဉ်ထားကြမယ် ။

ကြွေးကြော်သံများ အနေဖြင့်

အာဏာရှင် အစိုးရ အလိုမရှိ  ............. အလိုရှိတာ ဒီမိုကရေစီ
ရုပ်သေး အစိုးရ အလိုမရှိ      ..............  အလိုရှိတာ ဒီမိုကရေစီ
အတုအယောင် လွတ်တော် ဖျက်သိမ်းရေး..........ဒို့အရေး .. ဒို့အရေး..
လူထု အစိုးရ ဖွဲ့စည်းရေး ...........................  ဒို့အရေး... ဒို့အရေး
တရားမျှတမှု မရှိတဲ့ အစိုးရ .............ဆန့်ကျင်ကြ ..........ဆန့်ကျင်ကြ
တိုင်းပြည်ကို ဒုက္ခပေးတဲ့ အစိုးရ အလိုမရှိ ..........အလိုရှိတာ လူထုအစိုးရ
အရေးတော်ပုံ<<<<<  အောင်ရမည်..............
အရေးတော်ပုံ<<<<<  အောင်ရမည်..............

ရာထူးနဲ့ အာဏာကို အသုံးချကာ ပြည်သူလူထုအား ဒုက္ခမျိုးစုံပေးလျှက် ရှိသော အာဏာရှင် အစိုးရအား ပြည်သူလူထုမှ လက်မခံကြောင်းကို စည်းလုံးစွာ ပြဆိုနိုင်ပါက မကြာခင် အချိန်အတွင်းမှာ ပြည်သူလူထု လက်ရှိ ခံစားနေရသော ဒုက္ခများမှ ကင်းလွတ်ကာ  တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လုပ်ဆောင် နိုင်မည့်  လူထုအစိုးရ ပေါ်ထွန်းလာမည်မှာ အမှန်ပါဘ ဆိုတာကို ကိုင်စွဲထားပြီး  အေးချမ်းသာယာ၍ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ ချီတက်ကြပါစို့  ပြည်သူလူထု အပေါင်းတို့ ခင်ဗျာ........... ။

ခင်မင်လေးစားလျှက်
ဗမာ့သွေး





ဒေါ်စုလွတ်ပြီး လူထု ထောက်ခံမှု ပိုမိုရရှိ

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်ပိုင်းတွင် NLD ကို လူထုမှထောက်ခံမှု ပိုမိုများပြားလာသည်ဟု NLD ပါတီဝင်များမှ ရန်ကုန်ရုံးချုပ်တွင် ကြာသပတေးနေ့ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲတွင် တင်ပြကြသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မိမိတို့ကို ထောက်ခံမှု ပိုမို များပြားလာသည်ဟု ရန်ကုန်တိုင်းအတွင်းရှိ NLD ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများမှ ပြုလုပ်သည့် ညှိနှိုင်း ဆွေးနွေးပွဲတွင် တင်ပြသွားခြင်း ဖြစ်သည်။

“သူတို့တင်ပြတာကတော့ ဒေါ်စုလွှတ်ပြီးနောက်ပိုင်းမှာ လူထုက
dassk2

သူတို့ကိုပိုပြီးတော့ ထောက်ခံလာတယ်တဲ့၊ မခေါ်ရဲတဲ့သူတွေတောင် ခေါ်ရဲလာတယ်တဲ့။ တချို့ဆိုရင် လဘက်ရည်ဆိုင်မှာ တွေ့ရင်တောင်မှ ကျွေးမွေး သွားတာတွေရှိပါတယ်တဲ့ တင်ပြသွားတာတွေ ရှိပါတယ်။ အရင်ကဆို မျက်နှာလွှဲသွားတဲ့သူတွေက အခုဆို ပြန်ပြီးတော့ ခေါ်ရဲလာကြတယ်ပေါ့လေ၊ ဒေါ်စုမလွှတ်ခင်နဲ့ ဒေါ်စုလွှတ်ပြီး ကွာခြားချက်လေးတွေကို သူတို့ တင်ပြသွားတာပေါ့” ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မေဝင်းမြင့်က ပြောသည်။

ဆွေးနွေးပွဲကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၆မြို့နယ်မှ NLD ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ ၈၆ ဦး တက်ရောက်ခဲ့သည်။ တက်ရောက်လာသူများမှ မိမိတို့ မြို့နယ်အတွင်းတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြည်သူလူထု၏ အကြောက်တရားလွှမ်းမိုးမှု၊ NLD ရပ်တည်ခွင့်၊ NLD ပါတီဝင် လူကြီးများနှင့် လူငယ်တို့ ပူပေါင်းဆောင်ရွက်ရန် တို့ကိုလည်း ဆွေးနွေးတင်ပြခဲ့သေးသည်ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။

အလားတူပင် NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲများကို ယခုလ ၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ NLD ရုံးချုပ်တွင် ပြည်နယ်နှင့်တိုင်းအလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးမှုနှင့်ပတ်သက်သည့် တင်ပြမှုကို ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဆွေးနွေးရာတွင် NLD ပါတီဝင်များ လူထုအတွင်းစည်းရုံးမှု အားနည်းခြင်းကြောင့်ဖြစ်နိုင်သည်ဟု ပါရှိသည်။

dassk
“သူ (ဒေါ်အောင်ဆန်းစုကြည်) လွတ်ပြီးတဲ့နောက်မှာတဲ့ NLD ကိုလာပြီးဝန်းရံတဲ့အထဲမှာ ပြည်သူလူထုတွေ အများကြီးပါတယ်တဲ့။ နောက်ပြီးတော့ ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းတွေ တကယ်လုပ်ဖို့ တကယ်လုပ်ရင် ပြည်သူလူထုက အားကိုးလာမှာ ပြည်သူ့ရင်ထဲမှာ NLD ဟာ ရှိနေသေးသရွေ့ NLD ဟာ ရှိတာပဲ” ဒေါ်မေဝင်းမြင့်က ပြောသည်။

NLD ပါတီ ရပ်တည်ခွင့်နှင့်ပတ်သည့် တင်ပြမှုကို ဦးတင်ဦးမှ ပြန်လည် ဆွေးနွေးရာ NLD သည် မှတ်ပုံတင်ပြီးသားဖြစ်ပြီး ယခုတဖန် မှတ်ပုံတင်ပြန်တင်ရန်မလိုအပ်ခြင်းကြောင့် ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့သည်။ NLD လူကြီးနှင့် လူငယ် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဦးတင်ဦးမှ ပြောဆိုသွားသည်ဟု သိရသည်။

NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်မှ ပြန်လည်ဆွေးနွေးရာတွင် ယခုအကြံပြု တင်ပြချက်များသည် လုံလောက်မှုမရှိသေးဘဲ ပြည်သူလူထုတွင်းရှိ အခြေအနေများကို ထဲထဲဝင်ဝင် လေ့လာပြီး ထပ်မံတင်ပြပေးစေလိုကြောင့် ဖြည့်စွက် ဆွေးနွေးခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေးပွဲ တက်ရောက်လာသူများကို အဖွဲ့ချုပ်မှ ပြုလုပ်သည့် အစည်းအဝေး အခမ်းအနားများကို မှန်မှန်တက်ရောက်ရန်နှင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ နိုင်ငံဖြစ်လာစေရေးအတွက် ပါတီဝင်များအနေဖြင့် အလုပ်လုပ်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး  ညနေ ၄ နာရီတွင် ဆွေးနွေးပွဲ ပြီးဆုံးသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေးပွဲများကို သောကြာနေ့ တရက်နားမည်ဖြစ်ပြီး ၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ၇ ရက်နေ့တွင် ဧရာဝတီတိုင်း တို့နှင့် ဆွေးနွေးမည်ဖြစ်သည်။ ကျန်ပြည်နယ်အချို့နှင့် တိုင်းအချို့ကို ပူးတွဲဆွေးနွေးပွဲများ ၁ဝ ရက်အထိ ကျင်းပမည်ဖြစ်သည်။

သတင်းပေးမှုဖြင့် ဆိုက်ကားသမားများကို စရဖ ခေါ်စစ်

ပြည်ပသတင်းဌာနများထံ သတင်းပေးဟုဆိုကာ ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ဆိုက်ကားသမား ၃ ဦးကို စစ်ဘက်ဆိုင်ရာ လုံခြုံရေး စရဖ နှင့် မယက အာဏာပိုင်များက စစ်ဆေးခဲ့ကြောင်း မြို့ခံ ဆိုက်ကားယာဉ်အသင်း အဖွဲ့ဝင်အချို့က ပြောသည်။

ပြီးခဲ့သည့် လထဲတွင် မြောင်းမြမြို့နယ်စည်ပင် ဒုအခွန်ဦးစီးမှူး ဒေါ်လှလှမြင့်၊ ဆိုက်ကားယာဉ်အသင်း ဥက္ကဋ္ဌ ဦးမောင်လတ်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်က ဆိုက်ကားသမား ၁၁၄ဝ ထံမှ တနှစ်စာ ကျပ်သိန်း ၄ဝ ကျော် လိမ်လည်ကောက်ခံကြောင်း ပြည်ပသတင်းဌာနများသို့ သတင်းပေးသည်ဟုဆိုကာ ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် မြောင်းမြခရိုင် ခယက ရုံးတွင် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်ကြောခံရသူများမှာ ငွေလိမ်ကောက်သည့်အကြောင်းကို မြို့နယ်ကောင်စီ မယက နှင့် ဧရာဝတီတိုင်း စည်ပင်သို့ စာရေးသား တိုင်တန်းခဲ့သည့် ဦးစိုးမြင့် (ဆိုက်ကားအမှတ် ၅၆၆)၊ ဦးနေဝင်း (၁ဝ၂၆) နှင့် ဦးစိုးမင်း (၆ဝ၂) ဖြစ်သည်။

“ခင်ဗျားတို့ကို လာမေးတာက ခင်ဗျားတို့တိုင်စာရလို့ လာစစ်တာမဟုတ်ဘူး။ ခင်ဗျားတို့ အခုတိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပသတင်းဌာနတွေမှာ သတင်းတက်တာတွေ့လို့ နေပြည်တော်က စာပို့လာတဲ့အတွက် အဲဒီသတင်းဌာနတွေကို ခင်ဗျားတို့ထဲက ဘယ်သူ ပြောလဲ သိချင်လို့ ခေါ်မေးတာတဲ့” ဟု စစ်မေးခံရပုံကို ဆိုက်ကားသမားတဦးက မဇ္ဈိမကို ပြောပြသည်။

ဆိုက်ကားသမားများ၏ တိုင်တန်းစာ နောက်ကွယ်တွင် ကူညီပေးနေသူ ရှိမည်ဟု ယူဆ၍လည်း စစ်ဆေးခဲ့ပြီး၊ ဆိုက်ကားသမားများက မရှိကြောင်း၊ မသိကြောင်းသာ ပြောဆိုခဲ့ကြသည်ဟု ဆိုက်ကားယာဉ်အသင်းထံမှ သိရသည်။

“သူတို့ ပြောတာက ဆိုက်ကားသမားတွေဟာ ပြည်ပသတင်းဌာနတွေ သိဖို့ မလွယ်ဘူးတဲ့။ ဒီလို ဥပဒေအကြောင်းအရာအရ ရေးသားတဲ့ တိုင်တန်းစာတွေဟာ ခင်ဗျားတို့ ဆိုက်ကားသမားတွေ မရေးတတ်ဘူး။ နောက်ကွယ်က ကူညီနေသူကို ပြောပြပါတဲ့။ သူတို့က ဖမ်းဆီးအရေးယူမှာ မဟုတ်ဘူးတဲ့၊ အဲလိုပြောတယ်။ မသိဘူးလို့ဘဲ ပြောလိုက်တယ်တဲ့” ဟု ဆိုက်ကားယာဉ် အသင်းသား တဦးက မဇ္ဈိမကို ပြောသည်။ 

ဆိုက်ကားသမားများထံမှ လိုင်စင်ကြေးနှင့် ဘီးခွန်ကြေး သတ်မှတ်ခ အဖြစ် စည်ပင်နှင့် ဆိုက်ကားယာဉ် အသင်းသို့ ဆိုက်ကားတစီးလျှင် ကျပ် ၁၃၈ဝဝ ပေးသွင်းရသော်လည်း ဒေါ်လှလှမြင့်နှင့် ဦးမောင်လတ်နှင့် ဦးကျော်ကျော်က တစီးလျှင် ၁၇၈ဝဝ နှုန်း ကောက်သဖြင့် ဆိုက်ကားသမားများ တိုင်တန်းသည်ကို ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် မဇ္ဈိမ အင်တာနက် ဝဘ်ဆိုဒ်က သတင်းဖော်ပြခဲ့သည်။

ယင်းသတင်း ထုတ်ပြန်ပြီး ၂ ရက်အကြာ ယခင်လ ၂၁ ရက်နေ့တွင် နေပြည်တော် စာရင်းစစ်ချုပ်ရုံးက အဆိုပါ အကြောင်းအရာအား စုံစမ်းစစ်ဆေးရန် ဧရာဝတီတိုင်း စည်ပင်ကိုလည်း စာပို့ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းစည်ပင်မှ စုံစမ်းစစ်ဆေးရေးဖွဲ့ကာ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင် ဦးဆောင်၍ အမှုဆောင်အရာရှိ ဦးလှတိုး (လပွတ္တာ)၊ အမှုဆောင်အရာရှိ ဦးမောင်ဝင်း (ဝါးခယ်မ) တို့ဖြင့် ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ စစ်ဆေးခဲ့သည်ဟု မြို့နယ် စည်ပင်သတင်းရပ်ကွက်ကလည်း ဆိုသည်။

ငွေလိမ်ကောက်သည်ဟု စွပ်စွဲခံရသူ ၃ ဦးအပြင် မြို့နယ်စည်ပင် ရုံးဝန်ထမ်းများ၊ ဆိုက်ကားသမားများ စုစုပေါင်း ၃ဝ ဦးခန့်ကို မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် ဝန်ခံထွက်ဆိုခဲ့ကြသဖြင့် နေပြည်တော်သို့ တင်ပြသွားမည်ဟု ဦးအောင်မင်းနိုင်က ကတိပေး ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ဒီကိစ္စကို အခု စစ်ချက်အဖြစ်မှန်အတိုင်း နေပြည်တော်ကို တင်ပြပေးသွားမယ် ပြောတယ်။ တလလောက် ကြာမယ်တဲ့။ ဒီကြားထဲမှာတော့ ဘယ်သတင်းဌာနကိုမှ သတင်းပေးတာ။ တခြားနေရာတွေကို တိုင်တန်းတာ မလုပ်ရဘူးလို့ လာစစ်တဲ့ အဖွဲ့တွေက မှာသွားပါတယ်” ဟု မြို့နယ်စည်ပင်ရုံးနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

တိုင်တန်းမှုသည် ယခုမှသာ မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းတွင်လည်း ဧရာဝတီတိုင်း စည်ပင်သို့ တိုင်တန်းခဲ့ပြီး၊ တိုင်းစည်ပင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ဒီဇင်ဘာ ၁၁ မှ ၁၄ ရက်နေ့အထိ တကြိမ်၊ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ တိုင်စာအရ စာရင်းစစ်ရုံး၏ ညွှန်ကြားမှုဖြင့် မြောင်းမြခရိုင် စာရင်းစစ်ရုံးကလည်း တကြိမ် လာစစ်ခဲ့သေးသည်။

တိုင်တန်းခံရသူ မြို့နယ် ဒုအခွန်ဦးစီးမှူး ဒေါ်လှလှမြင့်သည် ယခုလ ပထမ အပတ်ထဲတွင် တိုင်းစည်ပင် ညွှန်ကြားချက်ဖြင့် ဝါးခယ်မမြို့နယ် စည်ပင်သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။ သို့သော် အစစ်ခံရန်အတွက် မြောင်းမြသို့ လာရသည်။

မြောင်းမြမြို့ပေါ်တွင် အင်တာနက်ဆိုင် ၄ ဆိုင်ရှိပြီး ယခုအခါ ထိုဆိုင်များကိုလည်း ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သော မသင်္ကာသူ ရှိမရှိ စရဖ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု မယက ရုံးအဖွဲ့ဝင် တဦးက ပြောသည်။

ဖွဲ့စည်းပုံ ခုံရုံးနှင့် အာဏာရှင်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (နအဖ ဥပဒေ အမှတ် ၂၁/၂ဝ၁ဝ) ကို ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက် နေ့စွဲအရ  (ပုံ) သန်းရွှေ လက်မှတ်ဖြင့် ထုတ်ပြန်ပိုင်ခွင့် ရှိပါသလား။ နိုင်ငံ တနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စကို အဆုံးအဖြတ်ပေးရမည့် ခုံရုံးကို မည်သူတဦးတယောက်၏ အမိန့်နှင့်မျှ ပြဋ္ဌာန်းရိုး မရှိပါ။

ပြည်ထောင်စုစစ်စစ် လွှတ်တော်မျိုးကသာ ဥပဒေပြဋ္ဌာန်းပိုင်ခွင့် ရှိပါသည်။

အကယ်၍ ယခုလို ဥပဒေမျိုးကို ဥပဒေပြုလွှတ်တော်ကသာ ပြဋ္ဌာန်းလျှင် ဘာဖြစ်သွားပါမည်နည်း။ မရောင်ရာ ဆီလူး၊ မဟုတ်တာ အနာလုပ်တာမျိုးက တိုင်းပြည်ကို ချောက်ထဲရောက်အောင် လုပ်ခြင်းသာ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို ဤခုံရုံးဥပဒေပုဒ်မ ၁၂ (က) အရ လုပ်ငန်းတာဝန် ဆောင်ရွက်ရပါမည်။ ပုဒ်မ ၁၂ (ဆ) တွင်လည်း တရားရုံးတရုံးက စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ နှင့် ဤဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြလာသည့် အငြင်းပွားမှုကို အဆုံးအဖြတ်ပေးခြင်း ဟုလည်း ပါရှိပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ က ခုံရုံး၏ အဆုံးအဖြတ်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်ဟု ဖော်ပြခြင်း ဖြစ်သည်။

ဤဥပဒေ ပုဒ်မ ၁၇ တွင် - ”တရားရုံးတရုံးသည် အမှုတမှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိမရှိ၊ ညီညွတ်မှု ရှိမရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ခုံရုံးကလည်း တစုံတရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးလျှင် အဆိုပါတရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး၊ မိမိသဘောထားနှင့်အတူ ပြည်ထောင်စု တရားသူကြီးချုပ်ထံ စောလျင်စွာ တင်ပြရမည်။ ပြည်ထောင်စု တရားသူကြီးချုပ်သည် အဆိုပါတင်ပြချက်ကို မိမိသဘောထားနှင့်အတူ ခုံရုံးသို့ တင်သွင်းရမည်” ဟု ပါရှိသည်။

အကယ်၍ တရားရုံးတရုံးရုံးတွင် နအဖ စစ်အုပ်စု တည်ဆဲဥပဒေတခုခုနှင့် ယခု ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ တခုခုတို့ အငြင်းပွားမှု စစ်ဆေးစီရင်ရာတွင် ပေါ်ပေါက်သည်ဆိုပါက ခုံရုံးသို့တင်ပြရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၆ (ဃ) တွင် နိုင်ငံတော်သည် - စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုရဟု ဖော်ပြထားသည်။ သို့သော် နအဖ စစ်အုပ်စု တည်ဆဲဥပဒေ ဖြစ်သည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ (နအဖ ဥပဒေ အမှတ် ၉/၈၉) ပုဒ်မ - ၃  တွင် အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည်။ (က) မှ (ဌ) အထိ ဖော်ပြထားသည်။ အတိုချုပ် ဖော်ပြအပ်ပါသည်။

(က) ကျွန်းသစ်
(ခ) သစ်တော
(ဂ) ရေနံနှင့် သဘာဝဓာတ်ငွေ့
(ဃ) ပုလဲ။ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာများ
(င) ငါး၊ ပုဇွန်
(စ) စာတိုက်နှင့် ကြေးနန်း
(ဆ) လေကြောင်းနှင့် ရထားပို့ဆောင်ရေး
(ဇ) ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း
(ဈ) အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လုပ်ခြင်းလုပ်ငန်း
(ည) သတ္တုရှာဖွေထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်း
(ဋ) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
(ဌ) လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်ခြင်းတို့ ဖြစ်ပါသည်။

အစိုးရကသာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုပြီး၊ အခြားမည်သူ့ကိုမျှ စီးပွားရေးလုပ်ပိုင်ခွင့် မပေးဘဲ အစိုးရ အကြောင်းပြချက်ဖြင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နအဖ ဥပဒေ အမှတ် (၉/၈၉) ဖြင့် နိုင်ငံပိုင် သိမ်းယူခြင်း ပြုလုပ်ထားသည်ကို တွေ့ရပေသည်။

ကြံ့ဖွံ့အစိုးရကသာ နိုင်ငံပိုင်သိမ်းယူခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည့် နအဖ စစ်ခေါင်းဆောင်၏ ဥပဒေမှာ ရယ်ရွှင်ဟားတိုက်ဖွယ်ရာ ဟာသတပုဒ်နှင့် တူနေပေတော့သည်။ အကယ်၍ ငါးဖမ်းတံငါသည် တဦးမှာ ကရုကမာ ကောင်ထဲမှ ပုလဲကြီးတလုံးကို ရရှိသည်ဆိုပါစို့။ ထိုတံငါသည်က ဈေး၌ ဝယ်ယူသူတဦးဦးကို ငွေအမြောက်အမြားဖြင့် ရောင်းချလိုက်သည်တွင် နိုင်ငံပိုင် စီးပွားရေးဥပဒေ ပုဒ်မ ၉ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ပါတော့မည်။ ထို့ပြင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ပြည်သူလူထုမှာ နိုင်ငံပိုင်အဖြစ် မြေယာအမြောက်အမြား လုယက်သိမ်းယူခြင်း ခံနေရပါသည်။ ဘယ်သူ့ထံတွင်နည်း။ နအဖ စစ်အုပ်စုထံတွင် ဖြစ်သည်။ စစ်အုပ်စု  ကြံ့ဖွံ့အစိုးရက နိုင်ငံပိုင်သိမ်း ယူနိုင်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေများကို မည်သည့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက အဆုံးအဖြတ် ပေးနိုင်ပါမည်နည်း။ ဤသို့ဆိုလျှင် -

ဘာလုပ်ကြမည်နည်း။