Sunday, March 06, 2011

ဥရောပ စီးပွားရေးပိတ်ဆို့မှု ချက်နိုင်ငံ ဆက်ထောက်ခံ

ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခရဲလ် ဆွာဇင်ဘာ့ဂ် (Mr Karel Schwarzenberg) က ဥရောပသမဂ္ဂ ၏ မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံနေဆဲ ဖြစ်ကြောင်း ယမန်နေ့က တယ်လီဖုန်းမှတဆင့် ဒေါ်အောင်ဆန်းစုကြည်သို့ ပြောကြားလိုက်သည်။

Mr-Karel-Schwarzenberg
ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခရဲလ် ဆွာဇင်ဘာ့ဂ်
“မနေ့ညနေ ၅ နာရီလောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောပါတယ်။ ချက်နိုင်ငံက မြန်မာ့ ဒီမိုကရေစီ အရေးကို ထောက်ခံနေဆဲ ဖြစ်ကြောင်းနဲ့ ဥရောပသမဂ္ဂ အဖွဲ့ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ အတွက်လည်း ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတဲ့ အကြောင်းတွေ ပြောသွားတယ်လို့ သိရပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ချက်နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် မစ္စတာ ဆွာဇင် ဘာ့ဂ်က ဒေါ်အောင်ဆန်းစုကြည်သည် ခေတ်၏ သူရဲကောင်းတဦး ဖြစ်ကြောင်းနှင့် နိုင်ငံတကာ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေး နွေးခွင့် ရသင့်သည်ဟု ပြောဆိုခဲ့ကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ဖေဖော်ဝါရီ ၈ ရက်နေ့က  စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ကြေညာချက် တရပ် ကို ထုတ်ပြန်ခဲ့သည်။

NLD ကြေညာချက်တွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့နှင့် သယံဇာတ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ၀င်ငွေရရှိနေသော်လည်း လူထု၏ကျန်းမာရေးနှင့် ပညာရေးကို အလေးထားခြင်း မရှိသည့်အတွက်၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် လူသားရင်းမြစ်ဖွံ့ဖြိုးမှုတွင် အနိမ့်ကျဆုံးဖြစ်နေပြီး အရှေ့တောင် အာရှတွင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ တို့ကပင် ကျော်တက်သွားပြီ ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုသည် စစ်အစိုးရကိုသာ အဓိ က တိုက်ရိုက်ထိခိုက်ပြီး ပြည်သူလူထု အပေါ် ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ မွန်းလွဲပိုင်းက မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်ရေးအဖွဲ့(မြန်မာ)ရုံးမှ တာဝန်ရှိသူတဦးနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့ကာ မြေမြှုပ်မိုင်းအသုံးပြုမှုကို NLD ပါတီကလည်း လက်မခံနိုင်ကြောင်း ၊ မြေမြှုပ်မိုင်း တားဆီးကာကွယ်မှုများကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။