မန္တလေး ထောင်တွင် ကိုယ်ဝန် ပျက်ကျသွားသော နိုင်ငံရေး အကျဉ်းသူ တဦး၏ အသက် အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်း၏ ခင်ပွန်းဖြစ်သူက ပြောလိုက်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကိုထွန်းထွန်းက ၎င်း၏ ဇနီးဖြစ်သူသည် နှလုံးရောဂါလည်း ခံစားနေရပြီး၊ ထောင်တွင်းဆေးရုံသို့ရောက်ရှိနေသည် ဟု ဆိုသည်။
ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၂၄နှစ်ရှိ ကိုထွန်းထွန်းက “သူဟာ ဘာအပြစ်မှ မရှိတဲ့ အမျိုးသမီး တဦးဖြစ်ပါတယ်။ ကျနော်တို့ ရင်သွေးကို ပေးဆပ်လိုက်ရတယ်ဗျ၊ စိတ် ထိခိုက်ရပါတယ်၊ ကျနော်တို့ဆီမှာ ဆုံးရှုံး စရာဆိုလို့ နောက်ထပ် ဘာမှ မရှိတော့ဘူး၊ ကျနော့်ကိုယ် ကျနော် ဖြေမဆည်နိုင် ဖြစ်နေတယ်၊ ကျနော့်ဇနီး၊ ကျနော့် ကလေးကိုလည်း ပေးလိုက်ရတယ်။ ကျနော် ကိုယ်တိုင်လည်း ပြေးနေရတယ်” ဟုပြောသည်။
၎င်းတို့ အိမ်ထောင်သက်တမ်း ၁နှစ်ခွဲသာ ရှိသေးပြီး ရင်သွေးယူရန် ဆန္ဒပြင်းပြခဲ့ကြကြောင်းလည်း ကိုထွန်းထွန်းက ပြောသည်။
မကေသီအောင် သည် အသက် ၂၃နှစ် သာ ရှိသေးကြောင်း၊ မည်သည့် နိုင်ငံရေး လှုပ်ရှားမှုတွင်မှ ပါဝင်ခြင်းမရှိကြောင်း ကိုထွန်းထွန်းက ပြောပြသည်။
“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ကျနော့်ကို လာဖမ်းတယ်ဗျာ။ ကျနော့်ကို မတွေ့တာနဲ ကျနော့်အမျိုးသမီး မကေသီအောင်ကို ဖမ်းသွားတယ်” ဟု ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောပြသည်။
အာဏာပိုင်တို့က မကေသီအောင်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၇ရက်နေ့တွင် မန္တလေးထောင် အတွင်း၌ပင် တရားစီရင်ပြီး ထောင်ဒဏ် ၂၆နှစ် ချမှတ်ခဲ့သည်။
စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပမ်းမှု၊ ကိုယ်ဝန်ဆောင် နေစဉ် စိတ်ဖိစီးမှု၊ ထောင်အတွင်း အစာ အာဟာရ ကောင်းစွာ မရသည့်အပြင် ကိုယ်ဝန်ဆောင် အားတိုးဆေး မသုံးစွဲရခြင်း တို့ကြောင့် ကိုယ်ဝန်လွယ်ပြီး ၆ လအကြာ ဒီဇင်ဘာ ၂၉ရက်နေ့တွင် ပျက်ကျခဲ့ကြောင်း သိရသည်။
မကေသီအောင်နှင့် အမှုတွဲ စုစုပေါင်း ၁၀ဦးခန့် ရှိပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့ထဲမှ လူငယ်တဦးဖြစ်သူ ကိုဗိုလ်မင်းယုကိုသည် ထောင်ဒဏ် နှစ် ၁၀၀ကျော် ချမှတ်ခံရသည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက မကေသီအောင်သည် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂)၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁) စသည့် ပုဒ်မများဖြင့် တရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရခြင်းဖြစ်သည်ဟု ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မကေသီအောင်အပေါ် စွဲဆိုခဲ့သည့် ဥပဒေ ပုဒ်မများကို အသေးစိတ် ပြန်လည် စစ်ဆေး သုံးသပ်ထားသော အဆိုပါ ကြေညာချက်တွင် စစ်ကြောရေး တာဝန်ရှိသူများ၊ အကျဉ်းထောင်တွင် တာဝန်ရှိသူများအား စုံစမ်း ဆေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။
ထို့အပြင်သန္ဓေသား ပျက်ကျခြင်း အတွက် လူသေမှု၊ ကိုယ်ဝန်ဆောင် မိခင် သဘောမတူဘဲ ကိုယ်ဝန် ပျက်စေမှု တို့ဖြင့် အကျဉ်းထောင်မှ တာဝန်ရှိသူများကို တရားစွဲဆိုရန်လည်း တောင်းဆိုထားသည်။
(ဧရာဝတီသတင်းဌာန)
Thursday, January 22, 2009
Wednesday, January 21, 2009
အရှင်ဂမ္ဘီရကို ထောင်ပြောင်းပြီ
စစ်အစိုးရက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ထားသော သံဃာ့ တပ်ပေါင်းစု အဖွဲ့ ဦးဆောင် သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် စနေနေ့က မန္တလေးမြို့ အိုးဘိုထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့ လိုက်ကြောင်း မိသားစုဝင်တဦးက ပြောသည်။
အရှင်ဂမ္ဘီရအား ထောင်ပြောင်းလိုက်သည်ကို မိသားစုသို့ အကြောင်းကြားခြင်းမရှိကြောင်းနှင့် ယနေ့ ထောင် ၀င်စာ သွားရောက်တွေ့သည့် အချိန်တွင်မှ သိရှိရခြင်းဖြစ်သည်ဟု အရှင်ဂမ္ဘီရ၏ ညီမ တော်စပ်သူ မခင်သူဌေးက ပြောပြသည်။
“အမေနဲ့ မောင်လေးက ဒီနေ့ ၆နာရီလောက်ကတည်းက အိမ်ကထွက်တယ်တဲ့၊ ထောင်ရောက်တော့ ဦးပဉ္ဖင်းကို ခန္တီးထောင်ကို ပို့လိုက်ပြီတဲ့၊ စနေနေ့ကတည်း က ပို့လိုက်တယ်တဲ့၊ အကြောင်းမကြားဘူး၊ ကျန်းမာရေးအခြေ အနေစိတ်ပူတယ်ဆိုတော့ ကျန်းမာရေးအခြေအနေ ကောင်းကောင်းမွန်မွန်နေမှာပါတဲ့၊ ဆေးစစ်ပြီးမှ သေချာမှ ပို့တာ ဖြစ်မှာပါလို့ ထောင်မှူးက ပြောတယ်”ဟု မခင်သူဌေးက ဧရာဝတီသို့ ပြောသည်။
မိသားစုနှင့် ပေးမတွေ့ချင်သောကြောင့် ယခုကဲ့သို့ အရှင်ဂမ္ဘီရကို ထောင်ပြောင်းလိုက်ကြောင်း ပြောဆိုခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
ယခင်ရက်များက အရှင်ဂမ္ဘီင်္ရ အစာငတ်ခံ ဆန္ဒပြသည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ အသေအချာမသိရ သေးသော်လည်း ဇန်န၀ါရီ ၁၃ ရက်က စတင်ပြီး အရှင်ဂမ္ဘီရ အစာမစား၊ ရေမသောက်၊ ရေမချိုးဟူသော သတင်းများ ကြားသိရကြောင်း၊ ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း မခင်သူဌေးက ပြောသည်။
အဆိုပါ အရှင်ဂမ္ဘီရ သက်တော်(၂၉) နှစ်သည် လွန်ခဲ့သည့် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ကြောင့် စစ်အစိုးရက ဖမ်းဆီး၍ ပုဒ်မ ၅၀၅(က)၊ ၅၀၅ (ခ) ၊ လ၀က ပုဒ်မ ၁၃/၁ ၊ ပုဒ်မ ၁၇/၁ ၊ အီလက်ထရွန်နစ် ပုဒ်မ ၃၀၃(က)၊ အသင်းအဖွဲ့ပုဒ်မ ၆/၈၈ စသည်တို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။
အရှင်ဂမ္ဘီရကို ၂၀၀၇ ခု နိုဝင်ဘာ ၄ ရက် နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရက ဖမ်းဆီးထားသည့် တခြားသော ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်သည့် သံဃာတော် ဦးခေမာစာရ သက်တော် (၂၈)နှစ်ကိုလည်း ယမန်နေ့က ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးကပြောသည်။
“သူ့ကို မရန်းကုန်းမြို့နယ်တရားရုံးက တရားသူကြီး ဒေါ်ခင်သန့်စင်က အမှု ၂ မှုနဲ့ ထောင် ၁၄ နှစ် ချလိုက်တယ်၊ သူက စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ပါတဲ့ သံဃာတပါးပဲ”ဟု ၎င်းက ပြောပြသည်။
ယင်း ဦးခေမာစာရအား ပုဒ်မ ၃၈၀ ဘုရားခိုးမှု၊ ပုဒ်မ ၄၆၈ တရားမ၀င် စာရွက်စာတန်း အမှုများဖြင့် တမှုလျှင် ထောင်ဒဏ် ၇ နှစ်ဖြင့် ၂ မှု ပေါင်း ထောင်ဒဏ် ၁၄ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အရင် ရုံးစထုတ်စဉ်က ၂၉၅(က) ဆိုတဲ့ ပုဒ်မ တခုပါတယ်၊ ပုဒ်မ ၃ ခု ၊ အဲဒါကို ၂၉၅(က) ဖြုတ်လိုက်တယ်၊ အဲဒါက သာသနာညိုးနွမ်းတဲ့ ပုဒ်မ၊ နိုင်ငံရေးနဲ့နွယ်တယ်၊ ၂၉၅(က) ကို ဖြုတ်လိုက်ခြင်းအားဖြင့် နိုင်ငံရေး မနွယ် တော့တဲ့ အတွက် နောက်ပိုင်း ရဲဘက်တောင်ထုတ်နိုင် တယ်လို့ ယူဆရတယ်”ဟု ထောင်ဝန်ထမ်းတဦးက ပြောဆိုသည်။
ဦးခေမာစာရသည် ပဲခူးတိုင်း သနပ္ပင်မြို့နယ် ကလိုင်ရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကန်သာ ကျောင်း မှ ပညာတတ်၊ ဓမ္မာစရိယ ဘွဲ့ရဖြစ်သည်။ ၎င်းသည် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်လှုပ်ရှားခဲ့သည့်အတွက် တိမ်းရှောင်နေရကာ ၂၀၀၇ ခု ဒီဇင်ဘာလကုန်ပိုင်းတွင် ရန်ကုန်မြို့ မရန်းကုန်း မြို့နယ် အတွင်း၌ စစ်အာဏာပိုင်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်းဖြစ်သည်။

Monday, January 19, 2009
လူ့အခွင့်အရေး ရှေ့နေ အဖမ်းခံရ
လူ့အခွင့်အရေး အမှုလိုက် ရှေ့နေ ကိုဖိုးဖြူအား မကွေးမြို့တွင် အာဏာပိုင်များက ဖမ်းဆီး ထားကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။
အဆိုပါ ကိုဖိုးဖြူကို လွန်ခဲ့သည့် အပတ် ကြာသပတေးနေ့က မကွေးတိုင်း အောင်လံမြို့အထွက်တွင် ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု အောင်လံမြို့နေ ကိုဖိုးဖြူ၏ မိတ်ဆွေတဦးက ပြောပြသည်။
“ပြီးခဲ့တဲ့ ၁၅ရက်နေ့ညပိုင်း အောင်လံမြို့အထွက်ဂိတ်မှာ ရဲက ဖမ်းသွားတယ်လို့ ကြားတယ်၊ နောက်ပြီး မကွေးကို ပို့လိုက်တယ်လို့လည်း ကြားတယ်၊ အခုလို ဖမ်းသွားတာနဲ့ ပတ်သက်ပြီး သူ့အိမ်ကိုလည်း အကြောင်းမကြားသေးဘူးလို့သိရတယ်၊ ၁၇ ရက်နေ့ကမှ သိရပါတယ်”ဟု ၎င်းကပြောသည်။
ရှေ့နေကိုဖိုးဖြူ ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး မကွေးတိုင်း အမှတ် (၁)ရဲစခန်းကို ဆက်သွယ် မေးမြန်း ပါသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ကိုဖိုးဖြူအား ယခုဖမ်းဆီးခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။ ယခုလဆန်းပိုင်း ၁ ရက်နေ့က ကိုဖိုးဖြူသည် မကွေးကားဂိတ်တွင် ပထမအကြိမ် ခေါ်ယူစစ်ဆေးခံရကာ အမှုလိုက် မှတ်စုစာအုပ် သိမ်းဆည်းခြင်း ခံရ ကြောင်းကို ၎င်းအဖမ်းမခံရခင်က ဧရာဝတီကိုပြောခဲ့ဖူးသည်။
မကွေးခရိုင်တရားရုံးမှအပြန် ညအချိန် တည်းခိုရန် တည်းခိုခန်းများက တည်းခိုခွင့်မပေးသဖြင့် မြို့ထဲတွင် ၁နာရီကျော်ကြာလမ်းလျှောက်ခဲ့ရပြီး ည၁၁နာရီ ခန့် မကွေးကားဂိတ်သို့ ရောက်ရှိချိန် ရဲ များက ကိုဖိုးဖြူ ကို မကွေးမြို့ ရဲစခန်း အမှတ် ၁ သို့ ခေါ်ဆောင်သွားကြောင်း ရှေ့နေကိုဖိုးဖြူက ပြောခဲ့သည်။
“မသင်္ကာစရာရှိလို့ခေါ်တယ်လို့ပြောတယ်၊ ကျနော့်အိတ်ကို စစ်ဆေးတယ်၊ ဘာပြစ်မှုမှ ကျူးလွန်တဲ့ အထောက်အထား မတွေ့ရှိဘူး၊ မကွေးမြို့ အမှတ်(၁) ရဲစခန်း မြို့နယ်မှူး ဦးကြူအေးဆိုတဲ့ သူက နေ့စဉ် မှတ်စုကို သိမ်းသွားတယ်၊ အစိုးရကို အကြည်ညိုပျက်စေတဲ့၊ ထိခိုက်စေတဲ့၊ စာသား အမှတ်အသားတွေ ဖြစ်တယ်ဆိုပြီး သူက စွပ်စွဲပါတယ်”ဟု ကိုဖိုးဖြူက ပြောပြသည်။
“တရားခွင်ပေါ်က လူ့အခွင့်အရေး ရုန်းကန်မှု မှတ်တမ်းများ”ဟု အမည်ပေးထားသည့် ၎င်း၏ မှတ်စုတွင် အဖမ်းခံထားရသည့် ရှေ့နေ ကိုညီညီထွေး၊ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့သည့် ရှေ့နေ ကိုစောကျော်ကျော်မင်း တို့၏ တရားရုံး လျှောက်လှဲချက်များ၊ ဥပဒေအကြောင်းအရာ မှတ်တမ်းများ စသည်တို့ ပါရှိကြောင်းလည်း ကိုဖိုးဖြူက ပြောဆိုသည်။
ကိုဖိုးဖြူသည် မကွေးတိုင်း နတ်မောက်မြို့နယ် ရွာမွန်ရွာ ကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများ၏ လယ်မြေကို တပ်မြေအဖြစ်သိမ်းပြီး ကြက်ဆူပင် စိုက်ပျိုးခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်လ်အို )ရုံးသို့ စာရေးတိုင်သောကြောင့် တရားစွဲခံရသော နတ်မောက်မြို့ မှ လယ်သမား ဦးလှစိုးနှင့် အောင်လံမြို့မှ ကိုဇော်ဌေး တို့အမှုကို လိုက်ပါအကျိုးဆောင်ရင်း ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဖိုးဖြူက “ကျနော်ပြောနိုင်တာ တခုတော့ရှိပါတယ်၊ တောင်သူ လယ်သမားတွေရဲ့အရေး၊ အကျဉ်း ကျ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ ဘုန်းကြီးသံဃာတွေရဲ့ကိစ္စတွေ၊ လူ့အခွင့်အရေးဆိုင်ရာတွေ ဆောင်ရွက် လို့ ပြစ်ဒဏ် တွေချမယ် ထောင်ဒဏ် တွေချမယ် ဆိုရင် ကျနော့်ကိုတရားတွေစွဲလှည့်ပါ၊ ပုဒ်မတွေ အများကြီး တပ်လှည့်ပါ၊ အဲဒါတွေ ရင်ဆိုင်ဖို့အသင့်ပါပဲ၊ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေသာလျှင် ပြည်သူ့ဥပဒေ ဖြစ်ပါတယ်”ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေး ကို နှောင့်ယှက်မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင်ဒဏ် ၆လချမှတ် ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကိုလည်း ထောင်ဒဏ် ၄လစီချမှတ်လိုက် ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော် မင်း သည်လည်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့သည်။

Wednesday, January 14, 2009
လူငယ်တဦး ထောင် ၁၀၄ နှစ် ချခံရ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) (အထက်ဗမာပြည်) အဖွဲ့ဝင်တဦး ထောင်ဒဏ် ၁၀၄ နှစ် ချမှတ် ခံခဲ့ရသည်ဟု အတိုက်အခံ သတင်း ရပ်ကွက်က ဆို သည်။
ဗိုလ်မင်းယုကို (ခေါ်) ဖြိုးကြီးသည် အသက် ၂၀ ကျော် လူငယ်တဦး ဖြစ်ပြီး မန္တလေး ထောင်အတွင်း အကျဉ်းရုံး တရားစီရင် ခံခဲ့ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဆိုသည်။
ဗိုလ်မင်းယုကိုအား တရားစီရင်ရာတွင် ရှေ့နေနှင့် မိသားစုဝင်များ သွားရောက်ခွင့် မရခဲ့ကြောင်း AAPP အသင်း တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီသို့ ပြောပြသည်။
“စစ်အစိုးရက မူးယစ်ဆေး ကုန်ကူးတဲ့ သူတွေကိုဆိုရင် သက်သက် ညှာညှာ ထောင်ချတယ်။ နိုင်ငံရေး လုပ်တဲ့ သူတွေကို ဆိုရင်တော့ ထောင်ဒဏ် နှစ်ရှည်တွေ ချတယ်” ဟု ကိုဘိုကြည်က ဆိုသည်။
ဗကသ (အထက်ဗမာပြည်)မှ အဖွဲ့ဝင် ၃ ဦးသည်လည်း ပြီးခဲ့သည့်လက ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ ကိုထွန်းထွန်းက ပြောပြသည်။
“ကိုညီက ထောင်အနှစ် ၅၀ ချခံရတယ်၊ ကိုဝေမျိုးထူး နဲ့ မကေသီအောင်က ထောင် ၂၆ နှစ်စီ ချခံရတယ်” ဟု ကိုထွန်းထွန်းကဆိုသည်။
အသက် ၂၃ နှစ်အရွယ်ရှိ မကေသီအောင်သည် ကိုထွန်းထွန်း၏ ဇနီးသည်ဖြစ်ပြီး ကိုယ်ဝန် ၆ လ ရှိသည်ဟု သိရသည်။
AAPP အသင်း၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၃ လအတွင်း နိုင်ငံရေးသမား အနည်းဆုံး ၂၈၀ ထောင်ဒဏ်ချမှတ်ခံရကြောင်း၊ ၎င်းတို့အထဲတွင် ဗိုလ်မင်းယုကိုသည် ထောင်ဒဏ် အများဆုံး ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ။

အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။
ကိုဘိုမင်းယုကို ခေါ် ကိုဖြိုးကြီး ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ တခုတည်းနဲ့တင်ပဲ စွဲချက် ခြောက်ခု တင်ခဲ့တယ် ဆိုပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ သူလုပ်ခဲ့တာကလည်း အကြမ်းဖက် ဆူပူတဲ့လုပ်ရပ်တွေ တခုမှမပါပါဘူးလို့ အေအေပီပီ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။
“ကျနော်တို့ သိထားသလောက်ကတော့ သူက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်အောင် ကြိုးစားတာလောက်ပဲ ရှိတယ်။ ကျန်တဲ့ လက်နက်ကိုင်ကိစ္စတို့၊ တခြားဟာတွေ မပါပါဘူး။ အဲဒီလို မပါတဲ့ ကျောင်းသားလေးတယောက်ကို ၁၀၄ နှစ် ချလိုက်တယ် ဆိုတော့ ကျနော်တို့လည်း ကြားရတာ တော်တော်အံ့သြမိပါတယ်။”
ဒီလောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ လူတယောက်ကို ရုံးတင်စစ်ဆေးတဲ့အခါမှာလည်း ကာယကံရှင် ဘက်က ခုခံချေပဖို့ တရားဥပဒေကြောင်း အရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှမရခဲ့ဘူးလို့ ကိုဘိုကြည် က ဆက်ပြောပါတယ်။
“သူတို့ ရှေ့နေ ငှားရမ်းခွင့်တို့ ဘာတို့လည်း မရခဲ့ဘူး။ အကျဉ်းချုပ်နည်းနဲ့ပဲ မန္တလေး အကျဉ်းထောင်ထဲမှာ သူ့ကို ပစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ သူ့မိသားစုတောင်မှ သေသေချာချာ မသိရဘူး။ နောက်ပြီးတော့ မိသားစုကလည်း ခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရသေးပါဘူး။”
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်တာ ကိုဘိုမင်းယုကို က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံရေးလှုပ်ရှားသူ ၂၈၀ ထက်မနည်းကို ထောင်ဒဏ်နှစ်ရှည်တွေ ချခဲ့တဲ့ထဲမှာတော့ ကိုဘိုမင်းယုကို ဟာ အပြင်းထန်ဆုံး ချမှတ်ခံရသူ ဖြစ်တယ်လို့ အေအေပီပီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့်လည်း ကိုဘိုမင်းယုကို အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုပြီး ဖိအားပေး လာအောင် ဆက်လုပ်သွားမယ်လို့ ကိုဘိုကြည် က ပြောပါတယ်။
“ဒီဟာက ရိုးရိုးတန်းတန်း ပြစ်ဒဏ်ချတာ မဟုတ်ဘဲနဲ့ လက်စားချေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ကျနော်တို့ ဒီ ကိုဘိုမင်းယုကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီတို့ဘာတို့မှာ ဒီအမှုအကြောင်းကို ကျနော်တို့ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်နဲ့ ဘိုမင်းယုကို လွှတ်မြောက်ရေးအတွက် နိုင်ငံတကာက ပိုပြီးတော့ တောင်းဆိုလာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”
Friday, January 09, 2009
နိုင်ငံရေး အကျဉ်းသားများကို ရဲဘက်စခန်းပို့ပြီ
နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်းဆီး ခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု ရန်ကုန်မြို့ နိုင်ငံရေး အကျဉ်းသား မိသားစုများထံမှ သိရသည်။
၂၀၀၇ စက်တင်ဘာလ ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိန်းသိမ်း ခံရသည့် တက္ကသိုလ် ကျောင်းသား ကိုကျော်ဇောသည် မကြာသေးမီက ရန်ကုန်တိုင်း တွံတေးမြို့နယ် ရွှေသူဌေး ရဲဘက်စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။
“ကျော်ဇောကို အင်းစိန်ကနေ ရွှေသူဌေးကို ပို့လိုက်ပြီ၊ သူက ဥပဒေ၊ ဒုတိယနှစ် တက်နေတာ။ အသက်က ၁၉ နှစ်ပဲ ရှိသေးတယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောပြသည်။
အခြား တဦးမှာ မကြာသေးမီက ထောင်ဒဏ် ၉ နှစ် ချခံထားရသော ကိုဇော်နိုင်ထွေး (ခေါ်) ကိုကက်နက် ဖြစ်ပြီး ယခုအခါ တောင်ငူ မြို့နယ် လေးမိုင် ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု သိရသည်။ ကိုဇော်နိုင်ထွေးသည် နိုင်ငံရေးမှုဖြင့် အကျဉ်း ကျနေသော ၎င်း၏ အကိုဖြစ်သူ ကိုကျော်ကျော်ထွေးနှင့် စာပေးစာယူ လုပ်ရန်အတွက် ထောင်ဝန်ထမ်း ၃ ဦးကို လာဘ်ထိုး ခဲ့သည်ဟု စွပ်စွဲခံရပြီး ထောင်ချခံခဲ့ရခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောင့်ရေး အသင်းမှ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ရဲဘက်စခန်းသို့ ပို့ဆောင် ခံရသူများ၏ အသက် အန္တရာယ်အတွက် စိုးရိမ်မိသည်ဟု ဆိုသည်။
“ရဲဘက် စခန်းတွေ ဆိုတာက ကျန်းမာရေး စောင့်ရှောက်မှုရော၊ နှိပ်စက် ညှဉ်းပန်းမှုရော အရမ်း အခြေအနေဆိုးတဲ့ အနေအထား မျိုးတွေရှိတယ်။ ရဲဘက် စခန်းတွေကို ပို့တယ် ဆိုတာက ထောင်ထဲ မှာထက် စာရင် သေဖို့အတွက် ပိုနီးသွားတဲ့ အနေအထား မျိုးတွေ ဖြစ်တော့ အတော် စိုးရိမ်စရာ ကောင်းတယ်” ဟု ကိုဘိုကြည်က သုံးသပ်ပြသည်။
၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာ့ ဆန္ဒပြပွဲ နောက်ပိုင်း ဖမ်းဆီးခံရ သူများအနက် ရဲဘက်စခန်း အသီးသီးသို့ ပို့ဆောင် ခံရသူပေါင်း အနည်းဆုံး အမျိုးသား ၁၆ ဦး၊ သံဃာ ၁ ပါး ရှိကြောင်း AAPP အသင်း၏ မှတ်တမ်းများအရ သိရှိရသည်။
အာဏာပိုင်များက အကျဉ်းသားများကို အခြားထောင်များ၊ ရဲဘက် စခန်းများ၊ ရှေ့တန်း စစ်မြေပြင်များသို့ ပို့ဆောင်သည့် အခါ သက်ဆိုင်ရာ မိသားစုသို့ အကြောင်းကြားလေ့ မရှိပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ လင်တန် ရဲဘက်စခန်းမှ ထွက်ပြေး လွတ်မြောက် လာသော ရဟန်းတော် ဦးပညာသီရိက ရဲဘက်စခန်းတွင် ၁ ပတ်လျှင် ၆ ရက် အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင်ခဲ့ရကြောင်း၊ အစား အသောက် အနေအထိုင် ဆင်းရဲမှု၊ နှိပ်စက် ညှဉ်းပန်းမှု များကြောင့် အသေ အပျောက်များ ရှိကြောင်း သတင်းဌာန များသို့ မိန့်ကြားခဲ့သည်။
ယခင်ကလည်း နိုင်ငံရေး အကျဉ်းသားများ ရဲဘက် စခန်းသို့ ပို့ဆောင် ခံရဖူးသည်။ ၁၉၉၆ ခုနှစ်က မန္တလေးမြှို့မှ ဦးထွေး၊ ဦးအောင်၊ နာမည်ကျော် လူရွှင်တော်များ ဖြစ်ကြသော ဦးပါပါလေး၊ ဦးလူဇော် တို့သည် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား လေဆိပ် ဆောက်လုပ်ရေး၊ ဆွမ်ပရာဘွမ် လမ်းဖောက်လုပ်ရေး ရဲဘက်စခန်း တို့တွင် အလုပ်ကြမ်း လုပ်ခဲ့ရသည်။ ၎င်းတို့ ၄ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်၍ အငြိမ့်ကပြပြီး ရက်ပိုင်းအတွင်း ထိန်းသိမ်းခံရခြင်း ဖြစ်သည်။
၁၉၉၇ တွင်လည်း တောင်ငူမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မြို့နယ် အဆင့် ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။ ခေါင်းဆောင် ၁၇ ဦး နှင့် အဖွဲ့ဝင် ၁ ဦးသည် ရှေ့တန်း စစ်မြေပြင်တွင် အထမ်းသမား (ပေါ်တာ) များအဖြစ် ခိုင်းစေခံခဲ့ ရသည်။ ၎င်းတို့ထဲမှ အနည်းဆုံး တဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ ဦးစောထွန်းနွယ် (အသက် ၇၅ နှစ်ခန့်) ဖြစ်ကြောင်း အဖွဲ့ချုပ်က စစ်အစိုးရကို အကြောင်းကြား ကန့်ကွက်ခဲ့သည်။
စစ်အစိုးရက တစုံတရာ တုန့်ပြန်ခြင်းမရှိခဲ့ပေ။ ။

Thursday, January 08, 2009
ဆူးကြားက ဗူးခါးလေးတွေ ထူးခြားမှာမင်္ဂလာဆောင်
နာဂစ်ကိုကူညီလို့ ထောင်(၁ဝ)နှစ်ချခံရတဲ့
ကိုခင်မောင်ဝင်း၊ သူ့ကိုချစ်လွန်းလို့
အင်းစိန်ထောင်ရှေ့က ထူးခြား လက်ဖက်ရည်ဆိုင်မှာ
စီရင်ချက်ချတဲ့နေ့ လက်ထပ်ခဲ့တဲ့ မပန်းဖြူဖြူ
လေးစားတယ်ဗျာ ခင်ဗျားတို့အချစ်
ကြားကြားချင်း ရင်နင့်ခဲ့ရပါတယ်။
ဘက်ချလာနိုက် (Bachelor Night) ပဲခူးထောင်မှာပဲ
တစ်ယောက်တည်း လုပ်တော့ကိုယ့်လူ
ရင်ခုံစရာကောင်းတဲ့ မင်္ဂလာဦးညကို
တစ်ကိုယ်တည်းပဲ စိတ်ကူးယဉ်တော့ ပန်းဖြူဖြူ
ဖြေသိမ့်စရာလေးတော့ မင်္ဂလာလက်ဖွဲ့ပေးလိုက်ချင်ပါတယ်
ခင်များတို့လို ရင်နင့်စွာနဲ့ ခွဲခဲ့ရတဲ့ချစ်သူတွေ
ဒီခေတ်မှာ အများကြီးရှိနေပါတယ်။
ယောက်ျားရှိလျက်နဲ့ လင်ကို အသေလိုသဘောထား
မုဆိုးမလုပ်နေရတဲ့ မိန်းမသားတွေ
ကျုပ်တို့မြန်မာပြည်မှာ အများကြီးပဲဗျ
မိန်းမကထောင်ကျလို့ ကလေးတွေနဲ့ နေနေရတဲ့ လင်သားတွေ
အဖေရောအမေရော ထောင်ကျလို့
နီးရာဆွေမျိုးနဲ့ ကပ်နေရတဲ့ ရင်ခွင်မဲ့သားတွေ
ဒုနဲ့ဒေးပါဗျာ
အမေရှိလျက်နဲ့ အမေလို့ခေါ်မရတဲ့အခြေအနေ
မြေရှိလျက်နဲ့ ပြေးနေရတဲ့ကျုပ်တို့ဘဝတွေ
အဖေရှိလည်း ခေါ်မရပါဘူးဗျာ
ဒီတော့ ရင်နင့်ပေမဲ့ အဆင်သင့်မဖြစ်သေးတဲ့
ကျုပ်တို့ တော်လှန်ရေး မပြီးခင်
ဒါလေးတွေကို ယှဉ်တွေးပြီး ဖြေပေးပါလို့
မင်္ဂလာ လက်ဖွဲ့ပါးလိုက်ပါရစေ
တစ်နေ့တော့ ။ ။
(၂ဝဝ၉ ဇန်နဝါရီ (၅)ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁ဝ) နှစ်ကျခံရပြီး
အဲဒီနေ့မှာပဲ အင်းစိန်ထောင်ဝက ထူးခြားလက်ဖက်ရည်ဆိုင်မှာ မင်္ဂလာဆောင်ခဲ့တဲ့
သတို့သား ကိုခင်မောင်ဝင်းနဲ့ အပြင်မှာ ၁ဝနှစ်စောင့်နေရမယ့် သတို့သမီး မပန်းဖြူဖြူအတွက်)