Friday, October 30, 2009

နာရေးကူညီမှုအသင်းကို တရားစွဲရန် အမှုဖွင့်ထား

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော နာရေးကူညီမှုအသင်းကို မြောက်ဒဂုံ မြို့နယ် စည်ပင်သာယာရေး ကော်မတီ အာဏာပိုင်များက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု ၎င်း အသင်း၏ တာဝန်ရှိသူ တဦးက ပြောသည်။


ဦးကျော်သူ (ဓာတ်ပုံ - Freedom News Group)
နာရေးကူညီမှု အသင်းကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက အသုံးပြုခွင့် အမိန့်မရဘဲ အဆောက်အဦးကို အသုံးပြုသည်ဟု စွပ်စွဲ၍ တရားစွဲဆိုရန် ယမန်နေ့က အမှုဖွင့်ထားကြောင်း နာရေး ကူညီမှု အသင်း ဦးဆောင်သူ တဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။

“မနေ့က တရားရုံးမှာ အမှုဖွင့်ဖို့ ခေါ်တယ်၊ ကျနော်က မသွားဘူး၊ မန်နေဂျာကို လွှတ်လိုက်တယ်၊ အဲဒီ မန်နေဂျာ ကို လွှတ်လိုက်တော့ ဟိုကတရားသူကြီးက မန်နေဂျာနဲ့ မပြီးဘူးပေါ့လေ၊ တရားစွဲခံရမယ့် လူကိုယ်တိုင် (ဦးကျော်သူ)ပါမှဆိုပြီးတော့ အမှုဖွင့်လိုက်တယ်”ဟု ၎င်း က ပြောသည်။

နာရေးကူညီမှုအသင်း၏ အဆောက်အဦးကို စည်ပင်ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သော်လည်း ခြံဝင်း ရှေ့တွင် ရေမြောင်းမတူးသည့်အတွက် မြောက်ဒဂုံမြို့နယ်ရှိ စည်ပင်က ယခုကဲ့သို့ တရားစွဲဆိုရန် အမှုဖွင့်ရန်စီစဉ်နေ ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုအမှုနှင့် ပတ်သက်၍ ဆေးခန်းအဆောက်အဦး ပိတ်ပင်လိုက်ပါက လက်ရှိဆေးဝါး လာရောက်ကုသနေသော လူနာများအတွက် အခက်အခဲရှိကြောင်း၊ ဆေးကုသမှုလုပ်ငန်းကို ရပ်ဆိုင်း၍မရကြောင်းလည်း ဦးကျော်သူက ပြောသည်။

“ဆေးခန်းကို ရပ်ခိုင်းရင် အကုန်ဒုက္ခရောက်ကြမှာပဲ၊ မရပ်ခိုင်းဘဲနဲ့ ထောင်ချရင်လည်း ကျနော် လိုက်သွား လိုက်ရုံပဲ ဒါပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

ယင်း ဆေးခန်းတွင် လာရောက်ကုသနေသော လူနာ စုစုပေါင်း ၂၀၀ခန့် ရှိကြောင်း သိရသည်။

နာရေးကူညီမှုအသင်းသည် ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီးကျောင်းတိုက်တွင် အခြေ စိုက်ကာ အခမဲ့ နာရေးဝန်ဆောင်မှုပေးခဲ့ရာမှ မြို့နယ်စည်ပင် အာဏာပိုင်များက ပိတ်ပင်ခဲ့သည့်အတွက် လွန်ခဲ့သည့် ဇူလိုင်လတွင် မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့်ရုပ် ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးတည်ထောင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ်ဆေးခန်းတိုး ချဲ့ဖွင့်လှစ်ခဲ့သည်။ ၎င်း အသင်းအား ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အခမဲ့ ကူညီခြင်းဖြစ် သည်။

ယင်းဆေးခန်းတွင် မျက်စိအထူးကု၊ အရိုးအကြော၊ မီးယပ်နှင့်သားဖွား၊ ကလေးအထူးကု၊ အရေပြား၊ သွား အထူး ကု ဆရာဝန်နှင့် အထွေထွေ အထူးကု ဆရာဝန် စသည့် ဆရာဝန်များရှိပြီး အထွေထွေ ရောဂါများအပြင် အသေး စား ခွဲစိတ်ကုသမှုများပါ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၀၆ ခုနှစ် သြဂုတ်လတွင် နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ် ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်းမပြုသည့်အပြင် အာဏာပိုင်များက အနှောင့်အယှက်များပေးခဲ့သည်။

(ဧရာဝတီသတင်းဌာန)

Thursday, October 29, 2009

နာဂစ်ကူညီရေး အသင်းဝင် လူငယ်များ အဖမ်းခံရ

နာဂစ် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သော သတင်းထောက်များ အပါအဝင် လူငယ် ၁၂ ဦးခန့်ကို စစ်အစိုးရက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထားကြောင်း သိရသည်။

အဖမ်းအဆီးခံရလိုက်သူများမှာ ရန်ကုန်အခြေစိုက် သတင်းဌာနများမှ သတင်းထောက်လူငယ်တချို့နှင့် လူမှုရေး လုပ်ငန်းတွင် အကူအညီပေးနေသော လူငယ်များဖြင့် ဖွဲ့စည်းထားသည့် လင်းလက်ကြယ် အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများထဲတွင် အလွတ်သတင်းထောက် ကိုပိုင်စိုးဦးနှင့် Living Color မီဒီယာက အပတ်စဉ် ထုတ်ဝေနေသည့် Foreign Affairs ဂျာနယ်၏ ဘာသာပြန်အယ်ဒီတာ ကိုသန့်ဇင်စိုးတို့လည်း ပါဝင်ကြောင်း သိရသည်။

ကိုသန့်ဇင်စိုး အဖမ်းအဆီးခံရခြင်းလား၊ ပျောက်ဆုံးနေခြင်းလား ဆိုသည်ကို Living Color မီဒီယာမှ တာဝန်ရှိသူများက အတည်မပြုနိုင်သေးဟု ဆိုသည်။

ပြီးခဲ့သည့် ၂၆ ရက်နေ့မှ ယမန်နေ့အထိ စစ်အစိုးရ အာဏာပိုင်များ ဖမ်းဆီးနေသည်မှာ ၁၂ ဦးခန့် ရှိပြီဖြစ်ပြီး ၈ ဦးမှာ သတင်းထောက်များ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

၎င်းက “သူတို့က နာဂစ်ဒဏ်သင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ စာအုပ်လိုရင် စာအုပ်၊ ကျောင်းသားတွေ လိုအပ်တာတွေကို သူတို့တတ်နိုင်သလောက် အကူအညီပေးနေတဲ့သူတွေ။ သတင်းထောက်တွေကလည်း တတ်နိုင်တဲ့ဘက်က ကူညီပေးနေကြတာပါ” ဟု ပြောသည်။

အဆိုပါ လင်းလက်ကြယ်အဖွဲ့ကို ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်းအပြီး လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်သော လူငယ်များ၊ သတင်းထောက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်လက်ပြီး အဆိုပါ သတင်းထောက်က “ ဒီရက်ပိုင်း စာပေဘက်က လူတွေကို ဖမ်းနေတယ်။ အဲဒီအတွက် ကျနော်တို့လည်း သတိထားနေရတယ်၊ သူတို့က နိုင်ငံရေး လုပ်နေတာမဟုတ်တော့ အသင်းအဖွဲ့ အနေနဲ့ မှတ်ပုံတင်မရှိလို့ပဲ ခေါ်ယူစစ်ဆေးတာလား၊ ဘယ်က အလှူငွေတွေရသလဲ ဆိုတာကိုပဲ ခေါ်ယူစစ်ဆေးတာလားဆိုတာတော့ မပြောနိုင်ဘူး” ဟု ဆိုသည်။

ယခုလ အစောပိုင်းကစတင်၍ သတင်းထောက်များကို ဖမ်းဆီးမှုများရှိနေကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်ကပြောသည်။

“ကျနော်တို့ ပြောနိုင်တာက ၉ ဦးထိန်းသိမ်းခံထားရတယ်၊ ဒီထက်လည်း များနိုင်တယ်၊ ဒီအဖမ်းအဆီးနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲပဲ” ဟု ကိုတိတ်နိုင်က ဆိုသည်။

နာဂစ်ဒုက္ခသည်များကို ကူညီကယ်ဆယ်မှုဖြင့် လူရွှင်တော် ကိုဇာဂနာနှင့် အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့အား စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည်။

စက်တင်ဘာလက စစ်အစိုးရတွင် အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးပါဝင်ခဲ့သည်။

AAPP ၏ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၂၁၁၉ ဦး ရှိပြီး ထိုအထဲတွင် သတင်းထောက် ၄၆ ဦးပါဝင်ကြောင်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

စစ်တပ်က အရပ်သားများကို ခြိမ်းခြောက်မှု ပိုမို တိုးပွားလာ

အစ္စရေး နှင့် သိရိလင်္ကာ စစ်တပ်များ နည်းတူ မြန်မာ့ တပ်မတော်ကလည်း စစ်မြေပြင်တွင် လိုက်နာရမည့် ဥပဒေများကို ချိုးဖောက်ပြီး အရပ်သားများအား တိုက်ခိုက်နေကြောင်း ဒုက္ခသည် ကူညီရေး အဖွဲ့ကြီး တခုက ယနေ့ ပြောကြားလိုက်သည်။

မြန်မာပြည် အရှေ့ပိုင်းဒေသတွင် အရပ်သားများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှု ပိုမို တိုးပွားလျက်ရှိသည်ဟု ထိုင်း - မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) က ဆိုသည်။

“အကြမ်းဖက်တာတွေ၊ မဟုတ်မတရား လုပ်တာတွေက မြန်မာပြည် အရှေ့ဘက် ဒေသတွေမှာ ပိုများလာနေတာ တွေ့ရပါတယ်” ဟု TBBC ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဂျက်ဒန်းဖို့ဒ်က ပြောသည်။

ထိုင်းနိုင်ငံသို့ မကြာသေးခင်က ဒုက္ခသည်များ ထပ်မံရောက်ရှိလမှုများ၊ မြန်မာနိုင်ငံအတွင်း တိမ်းရှောင် ပုန်းအောင်းနေရသည့် အရပ်သားများထံမှ လာသည့် အစီရင်ခံစာများကို ကိုးကားပြီး ထိုသို့ ပြောဆိုရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ခိုက်မှုများမှာ နှစ်ပေါင်းများစွာ ကြာမြင့်လာသော်လည်း ငြိမ်းချမ်းမှု မရနိုင်သေးဘဲ လာမည့် ၁၂ လအတွင်း အခြေအနေဆိုးများ ထပ်မံ ပေါ်ပေါက်လာဖွယ်ရှိသည်ဟု မစ္စတာ ဂျက်ဒန်းဖို့ဒ်က ခန့်မှန်း ပြောကြားလိုက်သည်။

နိုင်ငံပေါင်း ၁၀ ခုမှ ကူညီကယ်ဆယ်ရေး အဖွဲ့ ၁၂ ဖွဲ့ဖြင့် စုစည်းထားသော TBBC ညွှန့်ပေါင်းအဖွဲ့သည် မြန်မာပြည်တွင်း စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများကို ၂၅ နှစ်ကြာ ကူညီလျက်ရှိသည်။

TBBC က ထောက်ပြသည့် မြန်မာပြည် အရှေ့ပိုင်းဒေသ အရပ်သားများ၏ လုံခြုံရေး ခြိမ်းခြောက်ခံနေရမှု၏ အဓိက အကြောင်းရင်းမှာ မြန်မာ့တပ်မတော်၏ စစ်ပုံသွင်းခြင်း (militarisation) ကြောင့် ဖြစ်သည်ဟု ဆိုသည်။

စစ်ကြောင်း လှည့်လည်ခြင်း၊ မြေမြှုပ်မိုင်းသုံးခြင်း၊ လုပ်အားပေး ခိုင်းစေခြင်း၊ ခရီးသွားလာမှု ကန့်သတ်ခြင်းများမှာ အရပ်သားများ အပေါ် သိသာ ထင်ရှားသည့် ခြိမ်းခြောက်မှုများ ဖြစ်ကြောင်း TBBC က သုံးသပ်လိုက်သည်။ ပြီးခဲ့သည့် ၅ နှစ်အတွင်း ခြိမ်းခြောက်မှုများ ပိုမို တိုးပွားလာသည်ဟု ဆိုသည်။

မြန်မာပြည်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံက လက်ခံပြီး ဒုက္ခသည်စခန်းများတွင် စောင့်ရှောက်ထားသည်။ ဒုက္ခသည် အရေအတွက်မှာ ပြီးခဲ့သည့်လအတွင်း TBBC က ထုတ်ပြန်သည့် စာရင်းများအရ တသိန်း သုံးသောင်းကျော် ရှိနေသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာပြည် ပဋိပက္ခဒေသမှ ဒုက္ခသည်များ ထပ်မံ ထွက်ပြေးလာနိုင်သဖြင့် ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီက ပြင်ဆင်မှုများ ပြုလုပ်နေခြင်းကိုလည်း TBBC က ထောက်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် TBBC ၏ သတင်းထုတ်ပြန်ချက်တွင် ဇွန်လအတွင်း ထိုင်းသို့ ရောက်လာသည့် ကရင် ဒုက္ခသည် ၄၀၀၀ ကျော်၊ ကိုးကန့်ဒေသမှ ထွက်ပြေးရသည့် ဒုက္ခသည် ၃၇ ၀၀၀ တို့အကြောင်းကိုလည်း ထည့်သွင်းထားသည်။

မြန်မာအစိုးရကမူ နေရပ်ရင်း စွန့်ခွာထွက်ပြေးရသည့် ဒုက္ခသည်များနှင့် ပတ်သက်ပြီး တရားဝင် ရှင်းလင်းပြောဆိုလေ့ မရှိပေ။

သို့သော်လည်း ကိုးကန့်ဒေသ ဒုက္ခသည်များနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်များ တခါတရံ ထွက်ပေါ်လာသည်။

အစိုးရသတင်းစာတွင် ပြီးခဲ့သည့်လ ၅ ရက်နေ့က ဖော်ပြထားချက်အရ ကိုးကန့်ဒေသမှ ထွက်ပြေးသွားသူများအနက်မှ နေရပ်ရင်း ပြန်လာသူ ၁၂၀၀၀ ကျော် ရှိသည်ဟု သိရသည်။

ဤအတောအတွင်း မြန်မာစစ်အစိုးရက အပစ်အခတ် ရပ်ပြီး ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင် အဖွဲ့များကို မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ နယ်ခြားစောင့်တပ်များအဖြစ် အသွင် ပြောင်းရန် လျှို့ဝှက် စည်းရုံးနေသည်။

အပစ်အခတ် ရပ်စဲခြင်း မပြုရသေးသည့် လက်နက်ကိုင် အဖွဲ့ တချို့နှင့် ငြိမ်းချမ်းရေး ယူရန် စေ့စပ် ဆွေးနွေးနေခြင်း မရှိကြောင်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, October 27, 2009

ဝန်ကြီးချုပ် သိန်းစိန်ပြောသည့်စကား လက်တွေ့ကျရန်လို ဟု NLD ပြော

အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်သည် တစိတ်တဒေသ အဖြစ် ပါဝင်ကြောင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ပြောဆိုခဲ့ခြင်းသည် နိုင်ငံရေး လှည့်ကွက် တခုသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးက ဆိုသည်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အရေးကို ပထမဆုံး အကြိမ်အဖြစ် မြန်မာ စစ်အစိုးရက ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က “လာမယ့် အမေရိကန် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေမှာ ဖိအားတွေ ရင်မဆိုင်ရအောင် လုပ်တဲ့ သဘောလည်း ဖြစ်နိုင်တယ်၊ နိုင်ငံရေး ကစားကွက် တခု၊ နိုင်ငံရေး စကားလုံး လှည့်ပတ်ဖို့ပဲလို့ ယူဆတယ်၊ လက်တွေ့ တွေ့ဆုံဆွေးနွေးဖို့ထက် အယူအဆကို ပြောနေတာ” ဟု ဆိုသည်။

၁၉၈၈ ခုနှစ် အောက်တိုဘာလ မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအား အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ပတ်သက်၍ လက်မှတ်ရေးထိုး ကမ်းလှမ်းခဲ့ဖူးကြောင်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ကုလသမဂ္ဂ မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေး ကိစ္စထက် အရေးယူပိတ်ဆို့မှုများကိုသာ ပြောဆိုကြောင်း၊ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ထုတ်ဖော်ပြောကြား၍ မဖြစ် သောကြောင့်သာ ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုပဲ NLD က အစဉ်တစိုက် တောင်းဆို နေတာပါပဲ၊ တကယ်လက်တွေ့ ဖြစ်ဖို့ပဲ အရေးကြီးပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် NLD ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် တောင်းဆိုထားသော်လည်း စစ်အစိုးရက ယခုအချိန်အထိ ခွင့်မပြုသေးပေ။

၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သီးသန့် ဆွေးနွေးပွဲ တွင် မြန်မာ့ရေးရာ အာဆီယံ အမတ်များ (AIPMC) အဖွဲ့မှ ထိုင်းနိုင်ငံသား ခရိုင်ဆတ် ချွန်နာဗန်က မြန်မာ အစိုးရသည် အပြောနှင့် လက်တွေ့ တခြားစီလုပ်ဆောင်တတ်သောကြောင့် ယခုပြောဆိုချက်များသည်လည်း လက်တွေ့ ဖြစ်လာနိုင်မည် မဟုတ်ဟု ဆိုသည်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံက ထုတ်ပြန်သော အာဆီယံ ထိပ်သီးညီလာခံ၏ ကြေညာချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ စာပိုဒ် တပိုဒ် ပါဝင်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အကြောင်း တစုံတရာ ရေးသားထားခြင်း မရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး အကြောင်းအရာကိုသာ ဖော်ပြထားသည်။

ဦးဝင်းတင်က အာဆီယံကို စိတ်ပျက်စရာ ကောင်းကြောင်း ပြစ်တင်ပြောဆိုခဲ့ပြီး “အာဆီယံအနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ဘာမှလုပ်မပေးနိုင်ဘူး ဆိုတာကို ပြတာပါပဲ” ဟု ဆိုသည်။

အမေရိကန် အစိုးရ၏ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mr. Kurt Campbell သည် မြန်မာနိုင်ငံသို့ မကြာမီ သွားရောက်ရန်ရှိပြီး စစ်အစိုးရ၏ သိပ္ပံနှင့်နည်းပညာ ၀န်ကြီး ဦးသောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း သံတမန် သတင်း ရပ်ကွက်မှ ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် Mr.Campbell တို့အား အစိုးရဧည့်ဂေဟာနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် မည်သည့် နေရာတွင် တွေ့ဆုံခွင့် ပေးမည်ကို အတိအကျ မသိရှိရသေးကြောင်း အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

ယင်းခရီးစဉ်နှင့် ပတ်သက်၍ ဦးဝင်းတင်က “Mr.Campbell ရဲ့ ခရီးစဉ်က မစ္စတာ ဘန်ကီမွန်း ခရီးစဉ်နဲ့တော့ ကွာလိမ့်မယ်၊ ဘန်ကီမွန်းတုန်းကတော့ နိုင်ငံရေးပါတီ ၁၀ ခုနဲ့တွေ့ဆုံခဲ့ပြီး ပါတီတခုစီက ၂ မိနစ်စီပဲ စကားပြောခွင့် ရတာ၊ အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ်” ဟု ဆိုသည်။

မြန်မာ့အရေး လေ့လာသူ ဗြိတိန် သတင်းထောက် Larry Jagan က “စေ့စပ်ဆွေးနွေးတာရော အရေးယူ ပိတ်ဆို့တာပါ ပါတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာပြည်အပေါ်ထားတဲ့ မူဝါဒက အာဆီယံနဲ့ ကွာပါတယ်၊ ချင့်ချိန်ညှိနှိုင်းမှုပါတဲ့ စေ့စပ်ဆွေးနွေးမှုလို့ ဆိုရမှာပါ” ဟုပြောသည်။

ရှေ့လာမည့်လတွင် အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ တရပ်ကို စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် တက်ရောက်မည် ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ဦးဉာဏ်ဝင်းက NLD ညီလာခံခေါ်ယူရေးအတွက် သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် ပတ်သက်ပြီး “ညီလာခံခေါ်ဖို့ လိုအပ်တယ်ဆိုတာကို NLD အဖွဲ့ချုပ်က သဘောပေါက်ပါတယ်၊ လက်ရှိ အခြေအနေမှာ အဖွဲ့ချုပ် ခေါင်းဆောင်တွေက အထိန်းသိမ်းခံနေရတယ်၊ သူတို့ မတက်နိုင်ဘဲနဲ့ မကျင်းပ ချင်သေးပါဘူး” ဟု ရှင်းလင်း ပြောဆိုသည်။

 (ဧရာဝတီသတင်းဌာန)

Saturday, October 24, 2009

ရွေးကောက်ပွဲဥပဒေ မကြာမီ ထုတ်ပြန်မည်ဟု ဗိုလ်ချုပ်ကြီး သိန်းစိန် ပြော

ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့တွင် ကျင်းပလျက်ရှိသော ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ၌ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မကြာမီ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မည် ဖြစ်ကြောင်း ယနေ့ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်က မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၎င်းတို့၏ လမ်းပြမြေပုံ ၇ ဆင့် လုပ်ငန်းစဉ်နှင့်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ယခုကဲ့သို့ ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်မည်ဟု ထည့် သွင်း ပြောကြားသွားခြင်းဖြစ်ကြောင်း ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ၏ အဆိုအရ သိရှိရသည်။

“သိပ်မကြာတော့တဲ့အချိန်မှာ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ကြေညာမယ်လို့ ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောပါတယ်”ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။


ယမန်နေ့က အာဆီယံထိပ်သီးညီလာခံတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ တို့ နှစ်ဦး လက်ဆွဲ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - Reuters)
သို့သော် ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်မည့် နေ့ရက် အချိန်နှင့် အသေးစိတ်ကို ဗိုလ်ချုပ်ကြီး သိန်းစိန်က ထုတ်ဖော် ပြောဆိုခြင်း မရှိဟုလည်း ဆိုသည်။

လေ့လာသူများကမူ ယခုကဲ့သို့ ပြောဆိုသော စကားမျိုးကို ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာသည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် ပြောဆိုသင့်သည်ဟု ဝေဖန်ထောက်ပြကြသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကလည်း လာမည့်၂၀၁၀ ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်ဆောင်ရွက်နေကြောင်း ယမန်နေ့ကပြောသည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကဆစ်ဖိရုမ်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

မြန်မာ့ရေးရာ အာဆီယံ အမတ်များ(AIPMC) အဖွဲ့မှ ခရိုင်ဆတ် ချွန်နာဗန်က မြန်မာအစိုးရသည် အပြောနှင့် လက်တွေ့ တခြားစီလုပ်ဆောင်တတ်သောကြောင့် ယခုပြောဆိုချက်များသည်လည်း လက်တွေ့ ဖြစ်လာနိုင် မည် မဟုတ်ကြောင်း ပြောသည်။

ယခု ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ၌ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ မြန်မာနိုင်ငံနှင့် ပတ်သက် သည့် မူဝါဒဆိုင်ရာ သီးသန့်ဆွေးနွေးပွဲတွင် ခရိုင်ဆတ်က ဤသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အများနဲ့သက်ဆိုင်တဲ့ မူဝါဒ ရှိပါတယ်”ဟု လည်း ခရိုင်ဆတ်က အမေရိကန်၊ ဥရောပ သမဂ္ဂ(EU) ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့တွင် မြန်မာအစိုးရ ရွေးချယ်ထားသော လူထုအခြေပြု လူမှုအဖွဲ့အစည်း (civil society) ကိုယ်စားလှယ် များအဖြစ် စစ်အရာရှိဟောင်းနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ဟောင်း ဦးကျော်တင့်ဆွေ၊ ရဲ အရာရှိ ဟောင်းများဖြစ်သော ဦးဝင်းမြိုင်နှင့် ဦးစစ်အောင်တို့ ဦးဆောင်၍ အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံရန် တက်ရောက် လာခဲ့သည်။

ယမန်နေ့က အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာအပါအ၀င် ၅ နိုင်ငံမှ လူထု အခြေပြု လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို အစည်းအဝေးသို့ တက်ရောက်ခွင့် မပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်တွင် မြန်မာ့အရေးလှုပ်ရှားသူ ပြည်ပ အခြေစိုက် မခင်ဥမ္မာ အပါအ၀င်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင် နှင့် စင်ကာပူနိုင်ငံ ကိုယ်စားလှယ်များ ပါဝင်သည်။

ယမန်နေ့က စတင်၍ အောက်တိုဘာ ၂၅ ရက်နေ့အထိ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ချာ့အမ်းမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။

ယင်း ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်လျက်ရှိသည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီယံထိပ်သီး ညီလာခံကျင်းပနေသော ထိုင်းနိုင်ငံ ချာ့အမ်းမြို့မှ ပေးပို့သည်။

 (ဧရာဝတီသတင်းဌာန)

Friday, October 23, 2009

ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားတာဝန်ကျ ရဲအား စစ်ဗိုလ်က သေနတ်ဖြင့်ပစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အကြား ဆက်သွယ်ထားသည့် ဧရာဝတီ မြစ်ကူး ဗလမင်းထင် တံတားတွင် တာဝန်ကျနေသည့် ရဲများနှင့် တံတားဖြတ်ကူးလာသည့် စစ်ဗိုလ်အကြား အချင်းများရာမှ စစ်ဗိုလ်က သေနတ်ဖြင့် ပစ်၍ ရဲနှစ်ဦး ဒဏ်ရာရရှိသွားသည်။
ယခုလ(၁၇)ရက်နေ့တွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြစ်ကြီးနားမြို့ဘက်မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ဗိုလ်တဦး ဆိုင်ကယ်ဖြင့် အရှေ့ဘက်ကမ်းသို့ ဖြတ်ကူးလာစဉ် အရှေ့ ဘက်ကမ်းတွင် တာဝန်ကျနေသည့် ရဲသားတဦးက စစ်ဆေးမေးမြန်းရာမှ အခြေအတင်ဖြစ်ပြီး စစ်ဗိုလ်က မြစ်ကြီးနားဘက် လှည့်ပြန်၍ ယူနီဖောင်း ဝတ်၊ သေနတ်ယူကာ ပြန်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သည့် မြစ်ကြီးနားမြို့ခံက ပြောသည်။
၎င်းက “အရှေ့ဘက်ကမ်းတာဝန်ကျတဲ့ ရဲကလည်း အရက်မူးနေတယ်၊ အဲဒီစစ်ဗိုလ်ကလည်း မူးနေတယ် ၊ မူးနေတော့ အခြေအတင် များတာပေါ့၊ နည်းနည်းလေး အခြေအတင်ဖြစ်ပြီး စစ်ဗိုလ်က ပြန်ခေါက် ခဲ့တယ်။ အဲဒီစစ်ဗိုလ်က ယူနီဖောင်းလဲပြီး ပြန်သွားတာ။ အဲဒီစစ်ဗိုလ်က မင်းလားကွာ ငါ့ကို ရန်လုပ် တာဆိုပြီး သေနတ်ဆွဲပြီးထုတ်တော့ ရဲက တပ်ကြပ်ကြီးက မလုပ်ပါနဲ့ ဗိုလ်ကြီး၊ ကျနော်လည်း တပ်က ထွက်တာပါ၊ ဒါမျိုးလုပ်ရင် မှားလိမ့်မယ်ဆိုပြီး တားသေးတယ်။ အဲဒီလို ပြောတဲ့ထဲမှာဘဲ ပစ်ထည့်လိုက် တာ။” ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။
စစ်ဗိုလ် ပစ်လိုက်သည့် ကျည်သည် ရှေ့က လာတားသည့် ရဲတပ်ကြပ်ကြီး၏ ညာဘက် လက်မောင်းထိမှန်ဖောက် ထွက်ပြီး နောက်မှ စစ်ဗိုလ်နှင့် စကားများထားသည့် ရဲသား၏ ဘယ်ဘက် ချိုင်းကြားမှ ညာဘက်ချိုင်းသို့ ဖောက် ဝင်သွားသည်ဟု အဆိုပါမြို့ခံက ပြောသည်။
“ရဲနှစ်ယောက်လုံး ဒဏ်ရာရသွားတယ်။ နောက်က ရဲသားက အသဲနည်းနည်း ထိသွားတယ်။ စကား များတဲ့ကောင်က ဘယ်ကနေဝင် ညာဘက်ဖောက်ထွက်သွားတာပေါ့၊ အနီးကပ်ပစ်တော့ မပွင့်သွားဘူး ပေါ့ကွာ၊ ဒီဘက်က လက်သန်းလောက်ဝင်၊ ဟိုဘက်က လက်သန်းလောက် ထွက်သွားတာ။ အခု ဆေး ရုံမှာ တင်ထားတယ်။”
သေနတ်ဖြင့် ပစ်ခဲ့သည့် စစ်ဗိုလ်အား ယခုအခါ ဖမ်းဆီးထားပြီး အခင်းဖြစ်စဉ်အား ၎င်းမူးနေ၍ ပစ်ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က တင်ပြထားသည်ဟုလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်  မြို့ခံက ပြောသည်။

Thursday, October 22, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအကျဉ်းနှင့် သူမဖြတ်သန်းခဲ့ရသော ရက်စွဲအချို့




ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌  ဗိုလ်ချုပ်အောင်ဆန်း (အာဇာနည်ခေါင်းဆောင်)-ဒေါ်ခင်ကြည်တို့မှ ဖွားမြင်သည်။ ဖခင်ဖြစ်သူ လုပ်ကြံခံခဲ့ရပြီးနောက် မိခင်ဖြစ်သူဒေါ်ခင်ကြည်၊ အကိုများဖြစ်ကြသည့် အောင်ဆန်းလင်း၊ အောင်ဆန်းဦးတို့နှင့် အတူ ကြီးပြင်းခဲ့သည်။ အောင်ဆန်းလင်းမှာ အသက် ၈ နှစ်အရွယ်တွင် ရေနစ်ကွယ်လွန်ခဲ့သည်။ အောင်ဆန်းလင်းကွယ်လွန်ပြီးနောက် တာဝါလိန်းလမ်းအိမ်မှ အင်းယားကန်အနီးရှိ အိမ်သို့ပြောင်းရွှေ့ခဲ့သည်။ မက်သဒစ်အင်္ဂလိပ် အထက်တန်းကျောင်း (ယခု ဒဂုံအထက ၁ ) တွင် ပညာသင်ကြားခဲ့ပြီး ဘာသာစကား သင်ကြားမှုတွင် ထူးချွန်ခဲ့သည်ဟု သိရသည်။ ၁၉၆၀ ပြည့်နှစ်တွင် မိခင်ဒေါ်ခင်ကြည် အိန္ဒိယနှင့် နီပေါဆိုင်ရာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး နောက် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားခဲ့ကာ ၁၉၆၄ ခုနှစ် တွင် နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာရပ်ဖြင့် ဘွဲ့ဒီဂရီရခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် ဘီအေဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် နယူးယောက်တွင် ကုလသမဂ္ဂ၌ သုံးနှစ်မျှ အလုပ်လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့သူ မိုက်ကယ်အဲရစ်(Michael Aris) နှင့်လက်ထပ်ခဲ့သည်။ သားနှစ်ယောက်မွေးဖွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။၁၉၈၈ ခုနှစ်တွင် ကျန်းမာရေးချို့တဲ့နေသော မိခင်ဖြစ်သူ ကိုပြုစုစောင့်ရှောက်ရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ယင်းနောက်တွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်သူ တစ်ဦး ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ခုနှစ် မေလ (၃၀) ရက်နေ့ ဒီပဲယင်းဖြစ်စဉ်အပြီးမှစ၍ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ၄င်းသည် ၁၉၈၈ ခုနှစ်အတွင်း ကျန်းမာရေးချို့တဲ့သော မိခင်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး မြန်မာဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲသည်။ ယင်နောက်ပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း နေအိမ်အကျယ်ချုပ်များဖြင့် (၁၅) နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ် မေလအတွင်းက အမေရိကန်နိုင်ငံသား ဂျွန်ရက်တော နေအိမ်ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုနှင့်ပတ်သက်၍ စွဲချက်တင် အရေးယူခြင်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမှုကြောင့် နေအိမ်အကျယ်ချုပ်သက်တမ်း ၁၈ လ ထပ်မံတိုးမြှင့် ချမှတ်ခံရခြင်းဖြစ်သည်။


        သားနှစ်ဦးဧ။်မိခင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ခုနှစ် အတွင်းက ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်(Michael Aris)ဧ။် ဈာပနသို့ သွာရောက်ရန် အခွင့်အရေးရှိခဲ့သော်လည်း သွားရောက်ရန်ငြင်းဆန်ခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၁ခုနှစ်မှစ၍ သူဧ။်ရင်သွေးနှစ်ဦးကိုလည်း တွေ့ဆုံခဲ့ရခြင်းမရှိကြောင်းသိရသည်။



ဒေါ်အောင်ဆန်းစုကြည်ဖြတ်သန်းခဲ့ရသည့် ရက်စွဲအချို့ 


၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ - အစိုးရက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စွဲချက်မတင်၊ တရားမစွဲဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သုံးနှစ်ကြာထိန်းသိမ်းခွင့်ဖြင့် နေအိမ်အကျယ်ချုပ်ချခဲ့။
၁၉၉၀ပြည့်နှစ် - NLD ပါတီက ရွေးကောက်ပွဲတွင်အနိုင်ရ။ အစိုးရက ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့။
၁၉၉၁ခုနှစ် - ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိ။
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် - နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့။ သို့သော် သွားလာမှုကို အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့။
၂၀၀၀ ပြည့်နှစ်စက်တင်ဘာလ ၂၃ ရက် - ဒေါ်အောင်ဆန်းစုကြည်ကို  နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံထိမ်းသိမ်းခဲ့။
၂၀၀၂ ခုနှစ်၊ မေလ ၆ ရက် - ၁၉ လကြာ ထိမ်းသိမ်းပြီးပြန်လွှတ်ပေးခဲ့
၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် - ဒီပဲယင်းဖြစ်စဉ်အပြီးတွင် သုံးလကြာ လျှို့ဝှက်ထိမ်းသိမ်းထားခဲ့။
၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ - ဆေးကုသမှုခံယူရန် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ခွင့်ပေးခဲ့ပြီ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိခဲ့။
၂၀၀၇ ခုနှစ်၊ မေလ - နေအိမ်အကျယ်ချုပ် သက်တမ်းကို အစိုးရက တစ်နှစ်ထပ်တိုးခဲ့။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ - ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ထွက်ပြီး  သံဃာတော်များကိုဝတ်ပြုခဲ့
၂၀၀၈ ခုနှစ်၊ မေလ - အစိုးရက နေအိမ်အကျယ်ချုပ်ကို သက်တမ်းတစ်နှစ် ထပ်တိုးခဲ့။
၂၀၀၉ ခုနှစ်၊ မေလ - အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းထဲသို့ ရေကူးလာ ရောက်ခဲ့ခြင်းကို လက်ခံထားခဲ့မှုကြော့င့် ၁၉၇၅ ခုနှစ်နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုခံရ။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ - နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁၈ လ ထပ် မံတိုးမြှင့်ချမှတ်ခံရ။

Monday, October 19, 2009

မင်းကိုနိုင်မွေးနေ့ ပြည်တွင်း၊ ပြည်ပရှိ ထောက်ခံသူများ ကျင်းပ

အောက်တိုဘာ ၁၈ ရက်နေ့က ကျရောက်ခဲ့သော ကိုမင်းကိုနိုင်၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် ပြည်တွင်း၌ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ) အဖွဲ့ကို ပြန်လည်ဖွဲ့စည်း ခြင်းနှင့် အဖြူရောင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ ပြောရေးဆိုခွင့် ရှိသူ ကိုဇာနည်က ပြောသည်။


ထောင်ဒဏ် ၆၅ နှစ် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၇ နှစ်ပြည့်မွေးနေ့အတွက် ဂုဏ်ပြုအထိမ်းအမှတ်ပွဲကို ပြည်တွင်း၊ ပြည်ပ၌ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ပြုလုပ်ခဲ့ကြသည်။

ကိုဇာနည်က “ကိုမင်းကိုနိုင်ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် အရင်ကရှိခဲ့ဖူးတဲ့ အကသ ကို ပြန်ဖွဲ့စည်းလိုက်ပါတယ်၊ ဒီလို ပြန်လည်ဖွဲ့စည်းတဲ့ ကြေညာချက်တွေကိုလည်း လမ်းဆုံတွေ၊ ဈေးတွေ နေရာအနှံ့အပြားမှာ အကသ ရဲဘော်တွေက လိုက်လံ ဖြန့်ဝေခဲ့ပါတယ်” ဟု ပြောပြသည်။

ဗကသ၏ ကြီးမှူးကွပ်ကဲမှုဖြင့် အကသ အဖွဲ့ဝင်များက ထိုအဖြူရောင်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်းသိရ သည်။

“ဘုရားမှာ အဖြူရောင် နှင်းဆီပန်းတွေလှူပါတယ်၊ အဲဒါဟာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အစရှိတဲ့ ၈၈ မျိုးဆက်တွေ စခဲ့တဲ့ အဖြူရောင်လှုပ်ရှားမှုပါပဲ၊ အဲဒါကို ကျနော်တို့က ပြန်လည် ဖော်ဆောင်တဲ့ သဘော ပဲ၊ ပြီးတော့ အဖြူရောင် တီရှပ်တွေဝေတယ်၊ အဖြူရောင်တွေ မြို့ထဲမှာ ဝတ်ကြတယ်” ဟု ရန်ကုန်မြို့မှ ကိုဇာနည်က ဆက်ပြောသည်။

ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့မှုတွင် ဦးဆောင် ခဲ့မှုဖြင့် ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခံထားရသည်။ လက်ရှိတွင် ရှမ်းပြည်နယ် ကျိုင်းတုံ ထောင်သို့ ပို့ဆောင်ခံထားရသည်။

၎င်းနှင့်အတူ ကိုကိုကြီး၊ ကိုဂျင်မီ ၊ ကိုမြအေး၊ ကိုမင်းဇေယျ စသည့် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၃၇ ဦးကို စစ်အစိုးရက ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် အနည်းဆုံး ၆၅ နှစ်စီ ချမှတ်ခဲ့ပြီး မြို့နှင့်ဝေးလံခေါင်ပါးသော နယ်ထောင်များသို့ ပို့ဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၌ ကျင်းပသော ကျောင်းသားညီလာခံ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုမင်းကိုနိုင်ကို အဖွဲ့၏ ဥက္ကဋ္ဌတာဝန် ပေးအပ်ခဲ့သည်။

ထို့နောက် ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၆ နှစ်ခန့် အကြာ ၂၀၀၄ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ထိုသို့ လွတ်မြောက်ခဲ့ပြီးနောက်ပိုင်း ၈၈ မျိုးဆက်ကျောင်းသားများကို ပြန်လည်စုစည်းကာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ထိုသို့သော နိုင်ငံရေးလှုပ်ရှားမှုကြောင့် ကိုမင်းကိုနိုင်အား စစ်အစိုးရက အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ကိုမင်းကိုနိုင်သည် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတဦးသာ မကဘဲ ပန်းချီ၊ ဂီတ၊ စာပေ စသည့် အနုပညာလိုက်စားသူ တဦးလည်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ကိုမင်းကိုနိုင်၏ မွေးနေ့ အခမ်းအနားကို ကျင်းပပြီး သူရေးသားခဲ့သည့် “နောက်ကြည့်မှန်” အမည်ရှိ ဝတ္ထုစာအုပ်ကိုလည်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ကြောင်း သိရသည်။

၎င်းစာအုပ်သည် ၁၉၈၈ အရေးတော်ပုံသမိုင်းကို နောက်ခံထားသော အချစ်ဝတ္ထုစာအုပ်ဖြစ်သည်။

ကိုမင်းကိုနိုင်၏ ဝတ္ထုထုတ်ဝေခြင်းနှင့်ပတ်သက်၍ AAPP က “ကိုမင်းကိုနိုင်သည် ယုံကြည်မှုအတွက် သူ့ဘ၀၏ အကောင်းဆုံးအချိန်များကို နံရံလေးဘက်ကြား ရင်းနှီး မြှုပ်နှံခဲ့သည်။ ယခုတဖန် ရင်းနှီးမြှုပ်နှံဆဲ ဖြစ်သော်လည်း သူသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ချက်ကြိုးနှင့်အတူ အဖြတ်ခံခဲ့ရသော မျိုးဆက်ကို ကိုယ်စားပြုသည်။ သံတိုင်နောက်က မွေးနေ့ကိတ်ပေါ်တွင် ကျနော်တို့ ဖယောင်းတိုင်ထွန်းခွင့်မရသော်လည်း သူ့နှလုံးသား၏ အလင်းရောင်ကို အားလုံးထံ ပျံ့နှံ့ရန် သည်စာအုပ်ငယ်ကို ထုတ်ဝေခြင်းဖြစ်သည်” ဟု ဖော်ကျူးထားသည်။

 “သူက ခေါင်းဆောင်ကောင်းပီသတယ်လို့ ပြောလို့ရတယ်။ ၁၉၈၉၊ ပထမဆုံးအကြိမ် အဖမ်းခံရတုန်းက သူရယ်၊ ကျနော်ရယ်၊ ဘိုဘိုရယ်၊ အဲဒီတုန်းက သူက သူရဲ့လွတ်မြောက်ရေးအတွက် မစဉ်းစားဘူး၊ ကျနော်တို့ နှစ်ယောက်အတွက် စဉ်းစားခဲ့တယ်။ အဲဒီလို ကိုယ်ကျိုးစွန့်တယ်၊ အနစ်နာခံတယ်၊ ခေါင်းဆောင်စိတ် ရှိတယ်ဆိုတာ ကျနော့်တသက်တာမှာ မေ့လို့မရတဲ့ ဟာပေါ့လေ” ဟု AAPP ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကု ပြန်လည်ပြောပြသည်။

သောကြာနေ့က ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စာသင်ကျောင်း ၇ ကျောင်းတွင် ကိုမင်းကိုနိုင် အကြောင်း ဟောပြောပွဲများ ကျင်းပခဲ့ကြောင်းလည်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

Friday, October 16, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ တရားရုံးချုပ်သို့ တင်မည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ရှေ့နေများနှင့် ယနေ့ နေ့လယ်က တွေ့ဆုံ၍ သူ၏အမှုအတွက် အယူခံလွှာကို ဗဟိုတရားရုံးချုပ်သို့ တင်နိုင်ရေး နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ပြီး ၁ နာရီ ၁၅ မိနစ်ကြာ စကားပြောဆိုခွင့် ရခဲ့ခြင်း ဖြစ်သည်။

“အဓိကကတော့ တရားရုံးချုပ်မှာ ပြင်ဆင်မှုတင်ဖို့ ကိစ္စတွေကို ဆွေးနွေးကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတည်ပြုချက်ကို မရရှိသေးသဖြင့် အယူခံလွှာတွင် ပါဝင်မည့် အချက်အလက်များနှင့် ပတ်သက်၍ ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း၊ အယူခံလွှာ ရေးသား ပြီးစီးသွားပါက ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ တွေ့ဆုံရန် မျှော်လင့်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးသို့ တင်ရာ ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် အယူခံဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ယနေ့ တွေ့ဆုံရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီကာလအတွင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုများနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်၊ သံတမန်တွေနဲ့ တွေ့တဲ့ အခြေအနေတွေကို ပြောပြပါတယ်၊ ဒါပေမယ့်လို ဒီအချက်အလက် တွေက ကျနော်တို့ သိအောင် ပြောခြင်းဖြစ်ပါတယ်၊ လောလောဆယ်တော့ ဒီတွေ့ဆုံမှုတွေက ဘာတွေလဲလို့ သတင်းတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး” ဟု NLD ပြောခွင့်ရပုဂ္ဂိလ်တဦးလည်း ဖြစ်သည့် ရှေ့နေဦးဉာဏ်ဝင်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် ပေးပို့ခဲ့ရာ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေး အတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး သိရှိ နားလည်စေရေး အတွက် အနောက် နိုင်ငံ သံတမန် ၃ ဦးနှင့် တွေ့ဆုံခွင့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ညှိနှိုင်းခွင့် ပြုရန် ရေးသား တောင်းဆိုထားသည်။

(ဧရာဝတီသတင်းဌာန)

Thursday, October 15, 2009

သံဃာ ၃၀ ခန့် ဖမ်းဆီးခံရ

ရွှေဝါရောင် တော်လှန်ရေး ၂ နှစ် ပြည့်မြောက်သည့် စက်တင်ဘာမှ စတင်၍ အာဏာပိုင်များက သံဃာ အပါး ၃၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့မှ သံဃာ ၁၃ပါး၊ ကျောက်ပန်းတောင်းမြို့မှ သံဃာ ၁၀ ပါးတို့ကို   စက်တင်ဘာလ နှောင်းပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သံဃာများနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။ စစ်အစိုးရကို ဆန္ဒပြရန် လှုံ့ဆော်ခဲ့သည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းတို့က ယူဆနေကြသည်။

ဖမ်းဆီးခံရသူများထဲတွင် မိတ္ထီလာမြို့ နဂါးရုံကျောင်းမှ သံဃာများလည်း ပါဝင်ကြောင်း မိတ္ထီလာမြို့ရှိ အမည် မဖော်လိုသော အစိုးရ အရာရှိတဦးက ပြောသည်။

စက်တင်ဘာလတွင် အနည်းဆုံး သံဃာ ၁၂ပါး ထိန်းသိမ်းခံရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)က အတည်ပြု ပြောဆိုသည်။

AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “စက်တင်ဘာလအတွင်းမှာ သံဃာတော် အပါး ၂၀ လောက် အဖမ်းခံရတယ်၊ မကြာခင်ကပဲ သံဃာတော် ၇ ပါး အဖမ်းခံရတယ်လို့ သတင်းရတယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ဖမ်းဆီးမှုများသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် AAPP အဖွဲ့၏ စာရင်းပြုစုချက်အရ မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၁၁၉ ဦးရှိရာ သံဃာတော် ၂၂၄ ပါး ပါဝင်ကြောင်း သိရသည်။

မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၇၁၁၄ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦး ပါဝင်သည်။ ထိုအထဲတွင် သံဃာ ၄ ပါး ပါဝင်သည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်ချိန်တွင် စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် ပြည်တွင်းပြည်ပရှိ သံဃာများကို နှိုးဆော်ခဲ့သည်။

ထို့ကြောင့် သြဂုတ်လမှ စတင်၍ အာဏာပိုင်တို့က ဘုန်းကြီးကျောင်းများတွင် လုံခြုံရေးများ ချထားခြင်း၊ သံဃာများအား စောင့်ကြည့်ခြင်းတို့ကို ပိုမို ပြုလုပ်ခဲ့သည်။ ထို့အပြင် အနယ်နယ် အရပ်ရပ်ရှိ သံဃာများ၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သည့် လူငယ်များကို ထိန်းသိမ်းခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် သံဃာ့လှုပ်ရှားမှု ဖြစ်သည်။ ထိုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

 (ဧရာဝတီသတင်းဌာန)

Wednesday, October 14, 2009

ကိုညီညီအောင်အမှု ရုံးတင်၊ နိုင်ငံရေးလှုပ်ရှားသူများ နှစ်ရှည်ထောင်ဒဏ်ချ

အာဏာပိုင်တို့က လေဆိပ်တွင် ဖမ်းဆီးခဲ့သူ ကိုညီညီအောင်ကို လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု တို့ဖြင့် အင်းစိန်ထောင်တွင်း တရားရုံး၌ ယနေ့ စတင် ရုံးထုတ်ခဲ့ကြောင်း သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်သည် အမေရိကန်နိုင်ငံသား အဖြစ်လည်း ခံယူထားသောကြောင့် ရန်ကုန်မြို့ အမေရိကန်ကောင်စစ်ဝန် ဌာနမှ တာဝန်ရှိသူ တချို့က ရုံးချိန်း စတင်မည့် နံနက် ၁၀ နာရီတွင် သွားရောက်ခဲ့ကြောင်း အင်းစိန်ထောင် ဝန်ထမ်း တဦးက ပြောသည်။

ကိုညီညီအောင်၏ မိခင်အပါအ၀င် မိသားစုဝင် တချို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

ကိုညီညီအောင် ဖမ်းဆီးခံရပြီး ၃ ပတ် အကြာတွင် သူ၏သတင်းကို အစိုးရ သတင်းစာများတွင် တွေ့ရသည်။

ထိုစဉ်က ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ အစိုးရက ကိုညီညီညီအောင်သည် ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း စွပ်စွဲခဲ့သည်။

ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ (Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈)ကြိမ် ပြန်ခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။

“ညီညီအောင်သည် ဆူပူလှုပ်ရှားမှုများ စီစဉ်သူ ဖြစ်ရုံမျှမက ဖောက်ခွဲရေး လုပ်ငန်းများ အတွက်ပါ တာဝန်မကင်းသူ တစ်ဦးဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်” ဟု သတင်းစာက ဆိုသည်။

အစိုးရက သူ့ကို အကြမ်းဖက်သမား ဖြစ်သယောင် ရေးသားခဲ့သော်လည်း ယနေ့ တရားစွဲသည့်အခါ လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု တို့ဖြင့် စွဲဆိုလိုက်သည်။

အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သူတို့ကို ပုဒ်မမျိုးစုံဖြင့် တရားစွဲ၊ ထောင်ချလျက်ရှိသည်။

ယမန်နေ့က သံဃာတချို့ အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၁၁ ဦးခန့်ကို အင်းစိန်ထောင်အတွင်းရှိ တရားရုံးတွင်  ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်လိုက်ကြောင်း သိရသည်။

“အသင်း အဖွဲ့ ပုဒ်မ (၆) နဲ့ ၁၁ ဦးကို ထောင် ၅ နှစ် ချတယ်။ အဲဒီအထဲက ၄ ဦးက အသင်း အဖွဲ့ ပုဒ်မ အပါအဝင် ဖောက်ခွဲမှုနဲ့ ထပ်ပေါင်းပြီး ထောင်ဒဏ် ၁၀ နှစ် ချလိုက်တယ်” ဟု  အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

အရှင် စန္တိမာ(ခေါ်) ထွန်းနောင်၊ ကျော်ဇင်မင်း(ခေါ်) ဇော်မိုး၊ ဝဏ္ဏနွယ်၊ ဇင်မင်းရှိန် တို့ ၄ ဦးသည် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချခံရခဲ့ကြောင်း သိရသည်။

ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရသူများမှာ ကိုစောမောင်၊ ကိုအောင်မိုးလွင်၊ ကိုမိုးထက်နေ၊ ကိုထွန်းလင်းအောင်၊ ကိုဇော်လတ်၊ ကိုနိုင်ဝင်း၊ ကိုထွန်းလင်းဦး တို့ ဖြစ်ကြောင်း သိရသည်။

ထို ၁၁ ဦးသည် သံဃာ့တပ်ပေါင်းစု အဖွဲ့၊ အမှန်တရား ဖော်ထုတ်ရေးအဖွဲ့၊ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ နှင့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး စသော အဖွဲ့အစည်းများမှ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ယခုမှ ထောင်ဒဏ်များ ချမှတ်ခံရခြင်း မဟုတ်ပေ။ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် လှုပ်ရှားမှုဖြင့် ၂၀၀၈ ခုနှစ် အတွင်း ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင်  ပုဒ်မ အမျိုးမျိုးဖြင့် ဆက်လက် ရုံးတင် စစ်ဆေးခံနေရခြင်း ဖြစ်သည်။

၎င်းတို့ထဲမှ ကိုဇင်မင်းရှိန်သည် ယခုအခါ ထောင်ဒဏ် စုစုပေါင်း ၂၃ နှစ် ချမှတ်ခံထားရသည်။

၂၀၀၇ ခုနှစ် နောက်ပိုင်း ပြည်ပသို့ တိမ်းရှောင်သွားသော သံဃာတော် နှစ်ပါး ဖြစ်သည့် ဦးပညာဇောတ(ခေါ်) နတ်ဇော၊ ဦးစန္ဒာဓိက(ခေါ်) စိုးမိုးအောင် တို့ကို စစ်အစိုးရက တရားခံပြေးများအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်ထားကြောင်း သိရသည်။

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် လှုပ်ရှားမှုဖြင့် ၂၀၀၉ ခုနှစ် အတွင်း ဖမ်းဆီးစစ်ဆေးခံရနေရသူ ၁၀၀ ခန့် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ သိရသည်။

 (ဧရာဝတီသတင်းဌာန)

ဖွဲ့စည်းပုံမပြင်လျှင် ရွေးကောက်ပွဲမဝင်ဟု ရခိုင်နိုင်ငံရေးခေါင်းဆောင် ကြေညာ

စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ပါလျှင်၂၀၁၀ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် တင်္နလာနေ့က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပသော ALD ပါတီ ၂၁ နှစ်မြောက် နှစ် ပတ်လည် အခမ်းအနားတွင် ALD အတွင်းရေးမှူး ဦးအေးသာအောင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဦးအေးသာအောင်
ဦးအေးသာအောင်က“ဒီမိုကရေစီ စနစ်ကိုသွားချင်ရင် ဒီမိုကရက်တစ်ဆန်ရမယ်၊ ဒီမိုကရေစီမှာ ရွေးကောက် ပွဲဆိုတာကို မလွဲမသွေ ဖြတ်သန်းရမယ်ဆိုတာကိုနားလည်တယ်၊ ဒါပေမယ့် ဒီမိုကရက်တစ် အခင်းအကျင်း မပါတဲ့ရွေးကောက်ပွဲကိုတော့ အန်ကယ်လ်တို့က လက်မခံနိုင်ဘူး၊ အန်ကယ်လ်တို့ ပါတီအနေနဲ့ကတော့ ဒီကိစ္စမှာ ပြတ်ပြတ်သားသားပဲ ပြောလိုပါတယ်၊၂၀၀၈ အခြေခံဥပဒေကို ပြန်လည်မပြင်ဆင်ရင်၂၀၁၀ ရွေး ကောက်ပွဲကို မ၀င်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ သည် ပြည်နယ်များ တိုင်း ဒေသကြီးများ သတ်မှတ်ထားသော် လည်း အရေးပါသောလုပ်ပိုင်ခွင့်များကို စစ်တပ်ကသာ လက်ဝါးကြီးအုပ်ထားသောကြောင့် ဒီမိုကရေစီ စနစ် ကိုဖော်ဆောင်ရန်မဖြစ်နိုင်သော ဖွဲ့စည်းပုံဥပဒေသာ ဖြစ်ကြောင်းလည်း ၎င်းက ဝေဖန်ထောက်ပြသွားသည်။

“၂၀၀၈ခုနှစ်က တဖက်သတ်ပြဌာန်းထားတဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ မစဉ်းစားဘူးဆိုရင် နအဖ က ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ကျနော်တို့ ရဲ့ မိတ်ဆွေ ညီအစ်ကိုတွေဖြစ်တဲ့ အခြား တိုင်းရင်း သား ပါတီတွေကလည်း မစဉ်းစားဘူးဆိုတာ ပြောပြီးသားပါ၊ အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လည်း ရွေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်ပြီး အတိအလင်း သဘောထားထုတ်ပြန်ပြီးသားပါ”ဟု ဦးအေး သာအောင်က ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ALD)ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရှစ်လေးလုံးအရေးတော် ပုံ ကာလက ဦးဆောင်လှုပ်ရှားခဲ့ကြသော ထင်ရှားသည့် ရခိုင်ခေါင်းဆောင်များဖြင့် ဖွဲ့ စည်းတည်ထောင် ခဲ့ ခြင်း ဖြစ်သည်။

ALD သည် ၁၉၉၀ ပြည့်နှစ်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာအရ အမတ် နေရာ ၁၁ နေရာဖြင့် တတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း အမတ် ဦးရေ အများဆုံး အနိုင်ရခဲ့သော ပါတီဖြစ်သည်။

ALD အနေဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န၀တ)၏  ၁/၉၀ ကြေညာချက်ကို ဆန့်ကျင်ကန့်ကွက်သောကြောင့် ၁၉၉၃ ခုနှစ်တွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

ဦးအေးသာအောင်က“ကျနော် တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ကို စစ်အစိုးရက အကြောင်းအမျိုးမျိုး ပြပြီးတော့ ဖျက်သိမ်းလိုက်ပေမယ့် ကွယ်လွန်သွားပြီဖြစ်တဲ့ ဥက္ကဌကြီး ဒေါက်တာစောမြအောင်နဲ့ အခြားပါတီ ခေါင်း ဆောင်များက ကြုံလာတဲ့နိုင်ငံရေးမုန်တိုင်းတွေကို ကြံ့ကြံ့ခံပြီးတော့ ပါတီရဲ့ လမ်းစဉ် မူဝါဒတွေကို တစိုက် မတ်မတ် လုပ်လာခဲ့ပါတယ်၊ တိုင်းရင်းသားပါတီတွေနဲ့ ရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ပါ လက်တွဲ ပြီး ချီတက်လာတာ အခု ၂၁နှစ်ရှိခဲ့ပါပြီ၊ ကျနော်တို့ပါတီကို ရခိုင်ပြည်သူတရပ်လုံးက ကိုယ်စားပြုပါတီ အဖြစ် ရွေးချယ်ထားတာမို့ ကျနော်တို့ ဟာ ပြည်သူတွေ ပေးအပ်ထားတဲ့ တာဝန်ကို ဆက်လက်ပြီး ထမ်းရွက်သွားမှာ ပါလို့ ပြည်သူလူထုကို ပြောချင်ပါတယ်”ဟု ဆိုသည်။

ထို့အတူ ပြည်ပအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- ဗဟို)မှ ဥက္ကဌ ဦးထွန်းဝင်းကလည်း“နအဖရဲ့ ၂၀၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေဟာ ဒီမိုကရေစီနည်းကျ ပြဌာန်းတာမဟုတ်လို့ ကျနော်တို့ဆန့်ကျင် သလို အဲဒီဥပဒေနဲ့ ကျင်းပမယ့်၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျနော်တို့ ပါတီအနေနဲ့ လက်မခံပါဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့ ဆက်လက်ဆုပ်ကိုင်ပြီး ရခိုင်ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်သွားမယ်လို့ ပြောလိုပါတယ်”ဟု ပြောဆိုသည်။

ဦးထွန်းဝင်းသည် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ် သည်။ ယခုအခါ ၎င်းသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)ကို ဦးဆောင်နေသူဖြစ်ပြီး ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ(NCGUB) ၏ ပညာရေးဝန်ကြီးလည်းဖြစ်သည်။

တနင်္လာနေ့က ကျင်းကသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ  ရခိုင်နိုင်ငံရေးသမားများ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဝင်းတင်နှင့် ဦးစော နိုင်းနိုင်း၊ ဇိုမီးအမျိုးသား ကွန်ဂရက်မှ ဦးပူကျင့်ရှင်းထန်၊ မွန် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးနိုင်ငွေသိန်း၊ ချင်းနိုင်ငံရေးခေါင်းဆောင် ဦးထောင်ကိုထန်းနှင့် မကြာမီက သရက်ထောင်မှ ပြန်လည် လွတ်မြောက် လာ သည့် ရခိုင်နိုင်ငံရေးသမား ကိုခိုင်ကောင်းစံ အစရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, October 13, 2009

နိုင်ငံရေးအကျဉ်းသား၏ ဖခင်ကို မြောက်ဥက္ကလာ ရဲတပ်သားက ရိုက်သတ်၍ သေဆုံး

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးလှုပ်ရှားမှု ပြုသဖြင့် ဖမ်းဆီးခံထားရသော သားဖြစ်သူ သက်ဦးမောင် အတွက်  မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းတွင် သွားရောက် သတင်းစုံစမ်းမေးမြန်းသူ  အမှတ် ၂ ရပ်ကွက် နေ ဦးကျော့မောင်သည် ရဲတပ်သား ပန်းသီး နှင့် ရပ်ကွက် ရယက အဖွဲ့ ဝင်များက ၀ိုင်းဝန်း ရိုက်နှက် သဖြင့် သေဆုံးသွားသည် ဟု သတင်းရရှိ သည်။
ဦးကျော့မောင်သည် မြောက်ဥက္ကလာပ ၂ ရပ်ကွက် တွင်နေထိုင်သူ တစ်ဦးဖြစ်သည်။ မြောက်ဥက္ကလာပ မြို့ နယ် ခေမာသီ လမ်းပေါ်တွင် ရှိသော ရဲစခန်း ကို သွားရောက် ဖမ်းဆီးခံထားရသော သားဖြစ်သူ အတွက် သွားရောက် စုံစမ်းရာ မှ အောက်တိုဘာလ  ၈ ရက်နေ့ နေ့ လည် သုံးနာရီ အချိန် ခန့် တွင် သုမာလာ လမ်းဆုံးအနီး ရိုက်နှက်ခံရ ၍ သေဆုံးသွားခြင်းဖြစ်
သည် ဟု အမည်မဖော်လိုသော ရဲတပ်ဖွဲ့ ဝင်တစ်ဦးက Freedom News Group သို့ ပြောသည်။
ရဲတပ်သား ပန်းသီး နှင့် ရယက အဖွဲ့ ဝင်ဟောင်း ကိုအေးချိုတို့ က ရိုက်နှက်ပြီးနောက်တစ်နေ့ မနက် အာရုဏ် တက်ချိန်တွင် ဦးကျော့မောင် သေဆုံးသွားခဲ့သည် ဟု သိရသည်။ မြောက်ဥက္ကလာ ပ မြို့ နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်လူငယ်တစ်ဦးက “ကိုသက်ဦးမောင် ကို ထောက်လှမ်းရေး နှင့် ရဲအဖွဲ့ ဝင်များက သြဂုတ်လတွင် ဖမ်းဆီးသွားပြီး
နောက်  သူ့ အားမည်သည့် နေရာတွင်ထိန်းသိမ်းထားကြောင်း သက်ဆိုင်ရာ
အာဏာပိုင်များက မိသားစုဝင်များ အား အကြောင်းကြားခြင်း မရှိဟု သိရ
သည်။
ကျန်ရစ်သူ ဦးကျော့မောင် ၏ မိသားစု ၀င်များက အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ဖခင်ဖြစ်သူသေဆုံးရမှု အတွက် မြောက်ဥက္ကလာပ ရဲစခန်း၌်
ပင် အမှုဖွင့် အရေးယူထားသည် ဟု သိရသည်။ဦးကျော့မောင်
မြောက်ဥက္ကလာပ မြို့ နယ် ရဲစခန်းမှ ဒုရဲအုပ် သောင်းညွန့် က ဦးကျော့မောင်
၏ မိသားစုဝင်များ တိုင်တန်းထားချက် ကို ၃၀၂ (က) အရ အရေးယူထား
သည် ဟု မြောက်ဥက္ကလာပ မြို့ နယ် ရဲစခန်း မိသားစုဝင် တစ်ဦးကပြောသည်။
၂၀၀၆ ခုနှစ် မတ်က ၁၇ ၇က်နေ ညက ရန်ကုန်မြို့ သီရိမင်္ဂလာ ဈေးအနီးတွင် နိုင်ငံရေးအကျဉ်းသား ဟောင်း နှင့် ကျောင်းသား လှုပ်ရှားမှုခေါင်းဆောင် ကိုသက်နိုင်ဦး သည် မီးသတ် နှင့် ရဲတို့ ၏၀ိုင်းဝန်း ရိုက်နှက်ခြင်းခံရကာ သေဆုံးသွားခဲ့သည်။ ကို သက်နိုင်ဦး ထိုကဲ့သို့ သေဆုံးရမှု အတွက် မိသားစုဝင်များက အမှုဖွင့် တိုင်တန်းထားသော် လည်း ကြည့်မြင့်တိုင်ရဲစခန်းက ထိရောက်စွာစုံစမ်း စစ်ဆေးခြင်း မရှိဟု မိသားစုဝင် တစ်ဦးက ပြောသည်။
ဦးကျော့မောင်၏ ရုပ်အလောင်းကို ယနေ့ နေ့ လည် တစ်နာရီ တွင် မြောက်ဥက္ကလာပ ရေဝေး
သုဿာန် တွင် သဂြိုလ် မည် ဖြစ်သည်။ရဲတပ်သား နှင့် ရယက အဖွဲ့ ဝင်များက ရိုက်နှက် သဖြင့်
သေဆုံးသွားသူ ဦးကျော့မောင် သတင်းသည် မြောက်ဥက္ကလာ ပမြို့ နယ်တွင် ဟိုးလေး တကျော်
ဖြစ်နေပြီး မြို့ နယ် ရဲတပ်ဖွဲ့  ရုံးများ နှင့် ရယက ရုံးများမှာ ပြည်သူများက လာဝိုင်းမည် ဆိုးသော
ကြောင့် လုံခြုံရေးများတိုး မြှင့်ချထားရသည် ဟု “ ဈ ” ဈေး အနီး လက်ဖက်ရည် ဆိုင်ဖွင့် လှစ်ထားသူတစ်ဦး ကပြောသည်။