၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါဝင် အဖွဲ့ဝင် ၉ ဦးအား စစ်အာဏာပိုင်များက တရားရုံး နှောင့်ယှက်မှုနှင့် ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၆ လစီချမှတ် လိုက်ပြီးနောက် ယနေ့နံနက်တွင် ၎င်းတို့အားလုံးကို မအူပင် ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ယခုကဲ့သို့ ကိုမင်းကိုနိုင်တို့ကို ထောင်ပြောင်းလိုက်ခြင်းသည် မိသားစုဝင်များ အခက်အခဲ ဖြစ်စေ ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောသည်။
“ထောင်ပြောင်းတယ်ဆိုရင် မိသားစုက အဲဒီကို ပုံမှန်သွားနိုင်မှာ မဟုတ်တော့ဘူး၊ ကျန်းမာရေးအရရော အစားအသောက်ပါ ခက်ခဲသွားတာတွေရှိမယ်၊ ဒါ ရည်ရွယ်ချက်ရှိရှိနဲ့ မိသားစုတွေ ဒုက္ခရောက်အောင်၊ သူတို့ရဲ့ ရှေ့နေတွေ ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ” ဟု ဦးဘိုကြည်က ပြောဆိုသည်။
ရုံးထုတ်ချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင်များနှင့် အများပြည်သူကို ကြားနာခွင့်ပြုရန်စသည့် လွတ်လပ် သော တရားစီရင်ရေးအတွက် တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားစီရင်မှုကို အနှောင့်အယှက်ပေး သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ် သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။
ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရားစီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို ၊ ကိုမြအေး၊ ကိုလှမျိုးနောင် ၊ ကိုအောင်သူ ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်နိုင်တို့ကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ် လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများကို ၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပွဲများကို ဦးဆောင်သည့်အတွက် စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုး တပ်၍ တရားစွဲဆို ခဲ့သည်။
(ဧရာဝတီသတင်းဌာန)
Friday, October 31, 2008
Thursday, October 30, 2008
ဓားပြတွေ သောင်းကျန်းနေပြီ၊ ရဲတွေ ဘာလုပ်နေလဲ
ရန်ကုန်မြို့တွင် ၃ ရက်အတွင်း ဓားပြမှု ၃ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတဦး သေဆုံးခဲ့ရကြောင်း ဒေသခံ များထံမှကြားသိ ရသည် ။
ယမန်နေ့နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်၊ ဇဋိလလမ်း၊ အမှတ် ၂၆၊ ၃ လွှာရှိ တိုက်ခန်း တခန်းတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေး အမည်ရှိ အမျိုးသမီးကြီး တဦးတည်း ရှိနေစဉ် အိမ်ခန်းပြင်ရန် ခေါ်ထားသော အလုပ်သမား တဦးက ပစ္စည်းများကို ခြိမ်းခြောက် တောင်းခံရာ အမျိုးသမီးကြီးက အော်ဟစ် အကူအညီတောင်းသဖြင့် ငရုပ်ကျည်ပွေ့နှင့် ခေါင်းကိုထုပြီး စကေဘာဖြင့် လည်ပင်းကို ထိုးသတ်သွားခြင်း ဖြစ်ကြောင်း ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တဦးက ပြောပြသည်။
“လူတွေတက်ကြည့်တော့ အမျိုးသမီးကြီး အသက်မရှိတော့ဘူး။ လုပ်သွားတဲ့သူက နောက်ဖေးပေါက်ကနေ တွယ်ဆင်းပြီး မေတ္တာညွန့်ဘက်ကို ထွက်ပြေးတာ” ဟု သူက ဆိုသည်။
ပတ်ဝန်းကျင်ရှိ ဆိုက်ကားသမားများ အပါအဝင် လူအများက ထွက်ပြေးသူနောက်သို့ ဝိုင်းလိုက်ရာ မေတ္တာညွန့် သံတံတား အောက်တွင် ပုန်းခိုနေသည်ကို ဖမ်းဆီးရမိကြောင်းသိရသည်။
“ပစ္စည်းတွေတော့ ပါမသွားပါဘူး။ ဒါပေမယ့် ခုတလောမှာ ဒါမျိုးတွေ ခဏ ခဏ ကြားနေရတယ်။ ညဘက်တွေတောင် ညနက်ခံ အပြင်မထွက်ရဲတော့ဘူး” ဟု ကျောက်မြောင်းသား တဦးက ပြောသည်။
တနင်္လာနေ့ည ကလည်း ရွှေဂုံတိုင်ရှိ ယုဇနတာဝါ၊ ၁၃ လွှာနှင့် မြေညီထပ်တို့တွင် ဓားပြမှု ၂ မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ထိုနေ့ည ၇ နာရီခန့်က ယုဇနတာဝါ ၁၃ လွှာရှိ ရှမ်းတရုတ်လူမျိုးပိုင် နိုင်ငံခြားသို့ သစ်တင်ပို့နေသော မြန်မာ ဝုဒ်မာ့ခ် ကုမ္ပဏီ ကိုဝင်ရောက်လုယက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဓားပြများဝင်ရောက်ချိန်တွင် အမျိုးသမီးငယ် ၂ ဦးသာ ရှိနေပြီး ထို အမျိုး သမီးငယ်များကို ဓားဖြင့်ထောက်ကာ နိုင်ငံခြားငွေများကို လုယက်သွားခြင်းဖြစ်ကြောင်း ကြားသိရသည်။
“ငွေဘယ်လောက်ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ ရဲတွေကတော့ အဲဒီနားက အခန်းတွေကို လိုက်စစ်နေတာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။
၎င်းည ၁၀ နာရီခန့်တွင်လည်း ယုဇနတာဝါမြေညီထပ်ရှိ ကုမ္မာရီစတိုးကို ဝင်ရောက်လုယက်ရာ ပိုင်ရှင် အမျိုးသမီး ကြီးထံမှ ရွှေလက်ကောက်တကွင်းသာ ရသွားပြီး မီးများ လင်းလာသောကြောင့် ကျူးကျော်သူများ ထွက်ပြေးသွားကြကြောင်း သူက ဆက်ပြောသည်။
“ရွှေဂုံတိုင်ရဲစခန်းကတော့ တဖွဲ့တည်း မဖြစ်နိုင်ဘူးလို့ ပြောတပဲ” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။
မကြာသေးမီကလည်း မန္တလေးမြို့တွင် ရွှေဆိုင်တဆိုင်ကို ဓားပြဝင်တိုက်ရာ ရွှေသား ၂ ပိဿာခန့် ပါသွားသည်ဟု ဒေသခံ များထံမှ ကြားသိရသည်။
အလားတူပင် ယခုလအတွင်း မန္တလေးမြို့၊ ၈၄ လမ်းတွင်နေထိုင်သည် ဒေါ်ကြွယ်ကြွယ်၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက် သည့် လုယက်မှုတမှု ဖြစ်ပွားခဲ့သေးသည်။ ဒေါ်ကြွယ်ကြွယ်က ပြန်လည် ခုခံသောကြောင့် တရားခံများကို ဖမ်းမိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ရေးသားထားသည်။
“လုယက်မှုတွေ၊ ဓားပြမှုတွေကတော့ ကြားနေရတာပဲ။ မိတာကော၊ မမိတာကော ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပြီးမှ တရားခံကို လိုက်ဖမ်းတာလေ။ လူတွေကို အကာအကွယ် မပေးနိုင်တာတော့ သေချာတယ်” ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။
ရန်ကုန် မြို့တွင်းရှိ တိုက်ခန်းများတွင် မြေညီထပ် သံတံခါး သော့ခပ်မထားသော တိုက်ခန်းများအတွက် ရဲများက တာဝန် မယူဟု ပြောထားကြောင်း သိရသည်။
ယခုအခါ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများ တစထက်တစ များပြားလျှက်ရှိပြီး ပြည်သူလူထုမှာ ရဲကို အားကိုး မရဘဲ မိမိ လုံခြုံရေးအတွက် မိမိဘာသာ တာဝန်ယူနေရကြောင်း ၎င်း ကုမ္ပဏီ ဝန်ထမ်းက ဆက်ပြောသည်။
“ရဲတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ဒါပေမယ့် သူတို့တာဝန်က လူဆိုးတွေကို ဖမ်းဖို့မဟုတ်ဘူး။ လူကောင်း တွေကို စောင့်ကြည့်ဖို့” ဟု သူက ဆိုသည်။

Tuesday, October 21, 2008
ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် လွတ်ပြီ
စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသော ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို မနေ့ညက ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ၎င်းဂျာနယ် အဖွဲ့သားများက အတည်ပြု ပြောကြားလိုက်သည်။
“ခုတော့ သူ့အိမ်မှာ အနားယူနေပါတယ်။ နောက်တပတ်လောက် အလုပ်ပြန်ဆင်းမှာပါ” ဟု ဖလားဝါးနယူးစ် ဂျာနယ်၏ ဒု အယ်ဒီတာချုပ် ကိုစောလင်းအောင်က ပြောသည်။
ကိုစောမြင့်သန်းသည် ၂ လနီးပါးခန့် အချုပ်ထဲတွင် နေခဲ့ရပြီး ၎င်းအနေနှင့် အမှားအယွင်းမရှိသည်ကို တရားလိုဘက်က နားလည်သဘောပေါက် လက်ခံသောကြောင့် အမှုကို ရုတ်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုစောမြင့်သန်းသည် ဖလားဝါးနယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုသတင်း ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ခေါ်ယူကြိမ်း မောင်းခံရသည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းက ရေးသားခဲ့ရာ ပြည်ပမီဒီယာအား ဆက်သွယ် သတင်းပေးသည် ဟူသော ပြစ်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းကို တရားစွဲဆိုရာတွင် တရားမဝင်အသင်းအဖွဲ့နှင့် ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေနှင့် အစိုးရ အကြည်ညိုပျက် စေအောင် ပြောဆိုမှုတို့ဖြင့် ပုဒ်မတပ် ခဲ့ခြင်းဖြစ်သည်။
ကိုစောမြင့်သန်းသည် ဧရာဝတီ မဂ္ဂဇင်းနှင့် လုံးဝဆက်သွယ်ခဲ့ခြင်းမရှိဘဲ ၎င်းအား ခေါ်ယူကြိမ်းမောင်းခံရသည့် သတင်းကို ဧရာဝတီကရေးသားရာတွင်လည်း သူ့ကို လုံးဝဆက်သွယ်မေးမြန်းခဲ့ခြင်း မရှိကြောင်း ဧရာဝတီ မဂ္ဂဇင်းမှ တာဝန်ရှိသူများက ပြောသည်။
၎င်း အချုပ်ကျနေစဉ်အတွင်း ကျန်ရှိနေသော မိသားစုကိစ္စရပ်များ၊ လိုအပ်သည့် ငွေကြေး ကိစ္စရပ်များကို ဖလားဝါးနယူးစ် ဂျာနယ်တိုက်က တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်ဟု ဖလားဝါးနယူးစ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
“လွတ်သွားပြီဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူ့မှာ အပြစ်မရှိဘဲနဲ့ အချုပ်ထဲမှာ ၂ လနီးပါး နေလိုက်ရတာ တော်တော် ဆိုးတယ်။ အပြစ်တကယ်ရှိလို့ ခံရတယ်ဆိုတော်သေးတယ်” ဟု ရန်ကုန်အခြေစိုက် အလွတ် သတင်းထောက် တဦးက ပြောသည်။

Monday, October 20, 2008
၂၄ နာရီအတွင်း ရန်ကုန်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား
စနေနှင့် တနင်္ဂနွေ ၂ ရက်တွင် ၂၄ နာရီအတွင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးသွားခဲ့ ကြောင်း ဒေသခံများထံမှ သတင်းရရှိ သည်။
စနေနေ့ည ၇ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် ဘောက်ထော် ဘူတာရုံလမ်းနှင့် မိုးကောင်း လမ်းဆုံအနီး၊ တပ်မတော်မှတ်တမ်းရုံးရှေ့ ဘောလုံးကွင်းနားတွင် ဗုံး ၁ လုံးပေါက်ကွဲခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘဲ သစ်ပင်အသေး ၂ ပင်သာ လဲသွားခဲ့ကြောင်း ကြားသိရသည်။ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌မူ “အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ၏ ၁၅ ပေခန့်အကွာ လမ်းဘေးတွင် နောက်ထပ် ချိန်ကိုက်မိုင်းတလုံးကို သိမ်းဆည်းဖော်ထုတ် ရရှိခဲ့သည်” ဟု ဖော်ပြထားသည်။
“ကျနော်ကတော့ ဒီဗုံးပေါက်တာ နအဖ ပဲလို့တောင်ထင်တယ်။ ဖြစ်တာက တကယ့်နေရာ မှတ်တမ်းရုံးရှေ့ကြီး။ လုံခြုံရေး တွေ ဘာမှမတင်းကျပ်ထားဘူး။ ကျနော် မနေ့က မှတ်တမ်းရုံးထဲသွားတာ ဂိတ်မှာစစ်တောင် မစစ်ဘူး” ဟု ဒေသခံတဦးက ပြောပြသည်။
၎င်းဗုံးပေါက်ကွဲပြီး ၂၄ နာရီအတွင်းတွင် ရန်ကုန် ရွှေပြည်သာ မြို့နယ်အတွင်း၌ ဗုံးတလုံး ထပ်မံပေါက်ကွဲပြီး ပေါက်ကွဲမှု ကြေင့် လူတဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ၎င်းသတင်းကို ရွှေပြည်သာ ရဲစခန်းက အတည်ပြုပြီး စုံစမ်းမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည်ဟု ကြားသိရသည်။
ထို့ပြင် စနေနေ့ နံနက် ၂ နာရီ ၅၅ မိနစ်ခန့်ကလည်း တာချီလိတ်ရဲစခန်းတွင် အလွန် အားမပြင်းသော ဗုံး ၂ လုံးပေါက်ကွဲ ခဲ့ကြောင်း တာချိလိတ် ရဲစခန်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
သောကြာနေ့က ရုံးထုတ်ခဲ့သော တရားခံများထဲတွင် ပါဝင်သည့် လက်နက်မှုနှင့် စွဲဆိုခံထားရသော ဝ အမျိုးသား တရားခံ တဦးက အချုပ်ခန်းကို ဖောက်ခွဲပြီး ထွက်ပြေးရန်အကြံအစည်ဖြင့် ယင်းအမှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသည်။
“ရုံးထုတ်တော့ အဲဒီတရားခံကို လာတွေ့တဲ့သူက သူ့ကို ပဲနို့တကပ်ပေးသွားတယ်။ အဲဒီတရားခံက အဲဒီဘက်မှာ နည်းနည်း ပါဝါရှိတဲ့သူဆိုတော့ ဝန်ထမ်းတွေက ဘာမှမစစ်ဘဲ လွှတ်ပေးထားတာ။ ပဲနို့ကပ်ထဲမှာ ဗုံးက ပါသွားတာ” ဟု အဆိုပါ တာချီလိတ်ရဲစခန်းနှင့် နီးစပ်သူကဆိုသည်။
စနေမနက်အစောပိုင်းတွင် ၎င်းက ဗုံး ၂ လုံးကို နံရံတွင်ကပ်၍ ရှေ့ဆင့်နောက်ဆင့် ဖောက်ခွဲလိုက်သော်လည်း အားအလွန် မပြင်းထန်သောကြောင့် နံရံမှာ ပြိုကျခြင်းမရှိဘဲ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
“အားပြင်းရင်တော့အကုန်ထိမှာပဲ။ ဘေးမှာကလက်နက်တိုက်လေ” ဟု သူကပြောသည်။ ယခုအခါ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပဲနို့ကပ်ပေးသွားသူကို လိုက်လံရှာဖွေဖော်ထုတ်နေသည်ဟု သိရသည်။
၂၀၀၈ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလ ၄ လအတွင်းတွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှု ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ မှ စတင်ရေတွက်လျင် ၁၂ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီဖြစ်သည်။
ဇန်နဝါရီလအတွင်းက နေပြည်တော် ပျဉ်းမနားဘူတာနှင့် ရန်ကုန်ဘူတာကြီးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ရန်ကုန် ဘူတာကြီးတွင် ဖြစ်ပေါ်သည့် ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဧပြီလအတွင်းကမူ ရန်ကုန်မြို့တွင်း ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရရှိပေ။ ဇူလိုင် ၁၄ ရက် နေ့ကလည်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် အနီးတွင် ခရီးသည်တင်ကားတစီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။
ဇူလိုင်လအတွင်းကပင် ရန်ကုန် ရွှေပြည်သာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်အစိုးရက လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကို စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။
စက်တင်ဘာ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ဦးမြင့်အေးသည် ဇူလိုင်လ ဗုံးပေါက်ကွဲမှုနှင့် အဓိကပတ်သက်နေသော ဖောက်ခွဲရေးသမားများကို ပံ့ပိုးခဲ့သည်ဟု ပြောဆိုခဲ့သည်။
ဦးမြင့်အေးသည် အဖမ်းမခံရမီက မြစ်ဝကျွန်းပေါ်ဒေသရှိ အတင်းအကျပ်လုပ်အားပေး စေခိုင်းမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ၎င်း၏ အပေါင်းအပါများနှင့်အတူ စုဆောင်း ဖော်ထုတ်ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းသို့ ပေးပို့နေသူဖြစ်သည်။
စစ်အစိုးရက ဗုံးဖောက်ခွဲသူများကို ဖမ်းဆီးဖော်ထုတ်ခဲ့သည်ဟု ဆိုသော်လည်း ဗုံးပေါက်ကွဲမှုများမှာ ရပ်တံ့မသွားဘဲ ဆက်လက်ဖြစ်ပွားလျှက်ပင် ရှိနေသေးသည်။
စက်တင်ဘာ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်အတွင်းရှိ ဗီဒီယိုရုံတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရခဲ့သည်။ ၎င်းပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဟု စွပ်စွဲခဲ့သည်။
စက်တင်ဘာ ၂၁ ရက်နေ့က တာမွေမြို့နယ်ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလ ပန်းခြံတွင် ဗုံးပေါက်ကွဲပြန်ရာ လူ ၃ ဦး ဒဏ်ရာရရှိ ခဲ့သည်။
ဗုံးပေါက်ကွဲမှုများအပြင် ရန်ကုန်မြို့အတွင်း၌ စီအန်ဂျီဓာတ်ငွေ့အိုး ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ရာ အောက်တို ဘာ ၁၃ ရက်နေ့က အင်းစိန်မြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ရသည်။
“ရန်ကုန်မှာ ဗုံးကွဲတာတို့ ကားဂက်စ်အိုးပေါက်တာတို့က ဖက်ရှင်လိုတောင်ဖြစ်နေပြီ။ လူတွေက အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပဲ” ဟု ရန်ကုန်မြို့ခံတဦးကပြောသည်။

Monday, October 13, 2008
ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ
မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။
GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။
GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက “လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုလ ၉ ရက်နေ့က ရန်ကုန်နှင့် တခြားသော မြို့ကြီးများတွင် GW ဖွဲ့စည်းသည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို ဖြန့်ဝေခဲ့ကြရာ ရန်ကုန်ရှိအဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
GW အဖွဲ့ကို စတင်တည်ထောင်သူများတွင် ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်လည်းပါဝင်ပြီး စစ်အစိုးရက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင် အပါအ၀င်အဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်အစိုးရက ဖမ်းဆီးထားသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က အဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားသော GW အဖွဲ့ဝင် ကိုကျော်ဦးကိုလည်း မတရားအသင်း ဖွဲ့စည်းမှုနှင့် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ရန်ကုန် ဘားလမ်းရှိ ဗဟိုတရားရုံးတွင် ရုံးထုတ် ကြောင်း သိရသည်။ ၎င်းအား ကြည့်မြင်တိုင် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။
“အခြေခံ လူ့အခွင့်ရေးတွေမရှိဘဲ အခုလို အာဏာပိုင်တွေက တရားဥပဒေမဲ့ ဆက်တိုက် ဖမ်းဆီးနေတာဟာ လက်ရှိ နအဖရဲ့ လမ်းပြမြေပုံ ၇ ချက်နဲ့ ဒီမိုကကရေစီလမ်းစဉ်ကို ဖော်ဆောင်နေပါတယ် ဆိုတာဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိပါဘူး။ ဒီလိုပဲ ဒီဥပဒေအရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ယုံကြည်နိုင်စရာမရှိပါဘူး” ဟု ကိုမိုဃ်းသွေးက ပြောသည်။
ယခုလို ဖမ်းဆီးနေသော်လည်း GW အဖွဲ့၏ အကြမ်းမဖက်လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်၍အရှိန်မြှင့် တော်လှန်ဆန့်ကျင်သွားမည်ဖြစ်ဟု GW ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြထားသည်။

Friday, October 10, 2008
မျိုးဆက်သစ်လူငယ်များအစည်းအရုံးက စစ်အစိုးရဆန့်ကျင်စာများ ဖြန့်ဝေ
“စစ်အာဏာရှင်အဆုံးသတ်၂၀၀၈” ဟုရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို မျိုးဆက်သစ်လူငယ် များအစည်းအရုံး (Generation Wave-GW) က ၎င်းတို့ဖွဲ့စည်းသည့် တနှစ်ပြည့်သည့်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း GW အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက ဧရာဝတီကို ပြောသည်။
၎င်းစာရွက်များကို ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့များအပါအ၀င် ဧရာဝတီတိုင်းတွင် မအူပင်မြို့၊ ပဲခူးတိုင်းတွင် ပြည်နှင့် တောင်ငူမြို့၊ ရခိုင်ပြည်နယ်ရှိ တောင်ဂုတ်နှင့် ဂွမြို့တို့နှင့် အဝေးပြေးကားလမ်း၊ ရထားလမ်းများတွင် အဆိုပါစာရွက်ပေါင်း တသိန်းကျော်ဖြန့်ဝေခဲ့သည်ဟု ကိုမိုဃ်းသွေးက ပြောသည်။
“ဖြန့်ဝေရခြင်းရဲ့ ရည်ရွယ်ချက်က ဘယ်လောက်ပဲဖိနှိပ်ဖမ်းဆီးနေပါစေ၊ အာဏာရှင်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်နေတဲ့ လူငယ်တွေ ရှိတယ်။ လူထုဟာမျှော်လင့်ချက်မမဲ့ဘူး ... လူထုတွေ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တယ်။ ပူးပေါင်းပါဝင်ကြဖို့လည်း တောင်းဆိုချင်တယ်” ဟု ကိုမိုဃ်းသွေးက ပြောသည်။
GW အဖွဲ့ကို လွန်ခဲ့သည့်နှစ် စက်တင်ဘာလကပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးအပြီး လူငယ်များ နိုးကြား တက်ကြွရန်ရည်ရွယ်ချက်ဖြင့် အောက်တိုဘာလ ၉ ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်။
GW အဖွဲ့ဝင်များသည် လူငယ်များဖြစ်ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအပြင် စစ်အစိုးရကို ဆန့်ကျင်သည့် တေးသီချင်းများကိုလည်း အသံသွင်းဖြန့်ဝေခဲ့သည်။ ၎င်းလှုပ်ရှားမှုများကြောင့် GW အဖွဲ့ဝင် များကို စစ်အစိုးရက စုံစမ်း ဖော်ထုတ်ကာ ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။
ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်သည် GW အဖွဲ့ကို စတင်တည်ထောင်ခဲ့သူတဦးဖြစ်ပြီး ၎င်းအား စစ်အစိုးရ က ဖမ်းဆီးထိမ်းသိန်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင်အပါအ၀င် ၁၀ ဦးကျော်ကို စစ်အစိုးရက မတရား ဖမ်းဆီး ထားသည်။
“ကျနော်တို့ ခေါင်းဆောင်တွေကိုဖမ်းရုံနဲ့ လှုပ်ရှားမှုဟာရပ်တန့်မသွားနိုင်ဘူး။ မျိုးဆက်သစ်တွေဆက်ပြီး တော်လှန်နေတယ်။ ရပ်ချင်ရင်လူငယ်အားလုံးဖမ်းမှပဲရမယ်” ဟုလည်း ကိုမိုဃ်းသွေးက ပြောသည်။

Wednesday, October 08, 2008
ရန်ကုန်ထုတ် ဂျာနယ် ၅ စောင် ထုတ်ဝေခွင့်ပိတ်
အထက်တန်းကျောင်းသားများ အားကိုးနေရသော ပညာရေးနှင့် သက်ဆိုင်သည့် ဂျာနယ် ၅ ခုကို ပညာရေး ဝန်ကြီးဌာန၏ အမိန့်ဖြင့် ဇူလိုင်လ ကတည်းက ထုတ်ဝေခွင့်ပိတ်ပင်ထားကြောင်း ၎င်းဂျာနယ်များနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
၎င်းဂျာနယ်များထဲတွင် ငြိမ်းပညာရေးစာစဉ်၊ ပန်းတိုင်၊ Educator ဂျာနယ်၊ Prime ဂျာနယ်၊ Digital way ဂျာနယ်တို့ ပါဝင်ကြောင်း သိရှိရသည်။
“ဒီ ဂျာနယ်တွေ ပိတ်ဖို့အတွက် ပညာရေး ဝန်ကြီးဌာနက စာပေစိစစ်ရေးကို တိုက်ရိုက်အမိန့်ချတာလို့ ကြားတာပဲ” ဟု Educator ဂျာနယ်အဖွဲ့သား တဦးက ပြောသည်။
မည်သည့်အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ ပိတ်ပင်သည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ ယခုလက်ရှိတွင် ထုတ်ဝေခွင့် ပြန်လည်ရရှိရေးအတွက် စာပေစိစစ်ရေးနှင့် ဆွေးနွေးလျှက်ရှိရာ ပြန်လည် ထုတ်ဝေခွင့်ရရန် အလားအလာ ရှိသည်ဟု Educator ဂျာနယ် အဖွဲ့သားကဆိုသည်။
ထို့ပြင် ပညာရေးဌာနက ဖြန့်ချိထားသည့် သင်ရိုးညွှန်းတန်း စာအုပ်များကို မြန်မာဘာသာဖြင့် ပြန်လည် ရေးသားထားသည့် အထူးထုတ်စာအုပ် အမျိုးပေါင်း ၈၀ ကိုလည်း ထုတ်လုပ်ရောင်းချခွင့် မပြုတော့ကြောင်း ကြားသိရသည်။ ၎င်းအထူးထုတ် များကို မြန်မာနိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ယခုနှစ်ဆန်းကတည်း က ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများ၊ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများမှာ ကျူရှင် များနှင့် ၎င်း အထူးထုတ်များကိုသာ အားထားလေ့လာနေရသည်။
“ကျနော့်ညီမလေးက ဆယ်တန်းဆိုတော့ Educator စာစဉ်ကို ပုံမှန်ယူပေးနေတာ။ ဆယ်တန်းကျောင်းသား ကျောင်းသူတွေ အတွက် အများကြီး ဖတ်စရာပါတယ်လေ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အထူးထုတ်စာအုပ်များ၊ ကျောင်းသားများလေ့လာ ဖတ်ရှုသည့် ဂျာနယ်များ ထုတ်ဝေခွင့် ပိတ်ပင်ခံရခြင်းက ကျောင်းသားအများစုအတွက် ထိခိုက်သည်ဟု ဆိုသည်။
Educator ဂျာနယ်ကို ၂၀၀၁ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ၁၀ တန်းကျောင်းသူကျောင်းသားများ လေ့လာ ဖတ်ရှုသည့် ဂျာနယ် တစောင်ဖြစ်သည်။ ထုတ်ဝေခွင့်ပိတ်ပင်ခံရသည့် ဇူလိုင်လအထိ စောင်ရေ ၁ သောင်းခွဲ ကျော်ရှိကြောင်း သိရသည်။
Prime ဂျာနယ် နှင့် Digital Way ဂျာနယ်တို့မှာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသားများ အတွက် ရည်ရွယ် ထုတ်ဝေခြင်း ဖြစ်သည်။ ပန်းတိုင်မှာမူ ပညာရေးမဂ္ဂဇင်း တအုပ်ဖြစ်ပြီး လစဉ်ထုတ် ဝေသည်။
ယခုအခါ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ဂျာနယ်မဂ္ဂဇင်းများကို တင်းကျပ်စွာ ကိုင်တွယ်လျှက်ရှိပြီး မကြာသေးမီကပင် ဂျာနယ် ၂ စောင်ကို စည်းကမ်းမလိုက်နာသောကြောင့် ဟူသည့် အကြောင်းပြချက်ဖြင့် ထုတ်ဝေခွင့် ပိတ်ပင်လိုက်သည်။ ဆက်လက်၍ စိစစ်ရေးမှ ဖမ်းမမိလိုက်ဘဲ လွတ်သွားသော စကားလုံးများ သတင်း၊ ဆောင်းပါးများကို အသေးစိတ်ပြန်လည် ဖတ်ရှုကာ စိစစ်ရေးမူနှင့်မကိုက်ညီသော အသုံးအနှုန်းများ၊ အကြောင်းအရာများ ရှာဖွေ တွေ့ရှိလာသောကြောင့် နောက်ပိုင်း တွင် စာမူမှန်သမျှကို အသေးစိတ် ဖတ်ရှု တော့မည်ဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။
ယခင်က အားကစားဂျာနယ်၊ ဘောလုံးဂျာနယ်များကို အပေါ်ယံသာစစ်ဆေး၍ လွှတ်ပေးခဲ့သော်လည်း ယခုအခါ လောင်း ကစားနှင့် သက်ဆိုင်သော အသုံးအနှုန်းများ ပြန်လည် တွေ့ရှိလာသောကြောင့် အားက စားဂျာနယ်များကိုပါ အရေးယူတော့ မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့ပြင် ပညာရေးနှင့်သက်ဆိုင်သော ဂျာနယ်များကိုလည်း သေချာစိစစ် အရေးယူ တော့မည်ဟု ကြားသိရသည်။
“ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေမှာ တခါတလေ သုံးတဲ့ စကားလုံးတွေက အဓိပ္ပာယ် ၂ မျိုး ထွက်နေတာ တွေ့ရ တတ်တယ်ဗျ။ ဥပမာ - အင်စတီကျူးရှင်း တခုလုံး ပြောင်းသင့်တယ်တို့ ကျုပ်တို့က သမင်မွေးနေတာလား ကျားမွေးနေတာ လားတို့ အဲလို စကားလုံးတွေ ခဏခဏ ပါတတ်တယ်။ အဲဒါမျိုးကို သတိထားမိသွားလို့လားမသိဘူး။ ကျနော်တို့တွေက သတင်းမှောင်ချခံထားရတာဆိုတော့ အဲလိုစာလုံးလေး တလုံးပဲတွေ့တွေ့၊ ၂ လုံးပဲတွေ့တွေ့ ဘာပြောချင်လဲဆိုတဲ့ အနက်ကို သတိထားမိတယ်။ စဉ်းစားတယ်” ဟု ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်း လူငယ်တဦးကပြောသည်။

Monday, October 06, 2008
နာဂစ် မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ်တွင် အဓမ္မလုပ်အားပေး ခိုင်းစေမှုများရှိ
နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒေသများ ပြန်လည် ပြုပြင် တည်ဆောက်ရေးအတွက် ဒေသခံ ရွာသူရွာသားများကို အတင်းအကျပ် လုပ်အားပေး စေခိုင်းမှုများ ရှိနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် လပွတ္တာ - သင်္ကန်းကြီးမြို့နယ် ကားလမ်းဖောက်လုပ်နေရာ လိုအပ်သည့် အလုပ်သမားများအဖြစ် ဒေသခံ အမျိုးသမီး၊ အမျိုးသားများကို စစ်အာဏာပိုင်များက ဖိအားပေး ခိုင်းစေလျှက်ရှိကြောင်း ၀ါးဘိုးကုန်းကျေးရွာသူ တဦးက ပြောပြသည်။
“ကားလမ်းဖောက်နေတဲ့ ကုန်းကြီး ကျေးရွာကို မနက် ၈ နာရီ မထိုးခင် ရောက်ရတယ်။ အဲလိုရောက်ဖို့ ကျမတို့ ရွာကနေ မနက် ၅ နာရီခွဲကတည်းက ထလာခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ သူက ကိုယ်ဝန်လေးလ လွယ်ထားရသူဖြစ်သည်။
ကားလမ်းဖောက်ရာတွင် ပြင်စလူအုပ်စုအတွင်းမှ ကျေးရွာများတွင် နေထိုင်သူတိုင်း တမိသားစုလျင် တယောက်ကျ မဖြစ် မနေ ပါဝင်လုပ်အားပေးရမည်ဟူသော အမိန့်ထွက်လာပြီး နောက်ပိုင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ လုပ်အားပေး ဆင်းနေရကြောင်း သူက ဆက်ပြောသည်။
“ကျမယောက်ျားကလည်း ပြင်စလူမြို့ပေါ်က ဆောက်လုပ်ရေးတွေမှာ သွားပြီးလုပ်အားပေး နေရတယ်၊ အိမ်မှာလည်း သူနဲ့ ကျမကလွဲရင် ၅ နှစ်အရွယ် သမီးလေးပဲ ကျန်တော့ ကျမဘဲ လုပ်အားပေး ဆင်းပေးရတာပေါ့” ဟု သူကဆိုသည်။
ပြင်စလူမြို့နယ်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပြင်စလူအုပ်စုခွဲမှ ကျေးရွာ တရွာလျင် လုပ်နိုင် ကိုင်နိုင်သော အမျိုးသား အယောက် ၅၀ ကို မဖြစ်မနေ ထည့်ပေးလိုက် ရကြောင်း ကုန်းကြီးကျေးရွာ ရယက ဥက္ကဌက ပြောသည်။
ကုန်းကြီးရွာမှ အရွယ်ကောင်း ယောက်ျားသား အတော်များများမှာ ပြင်စလူ ဆောက်လုပ်ရေးများတွင် သွားရောက် လုပ်အား ပေးနေသောကြောင့် ယခုကဲ့သို့ လမ်းဖောက်ရန် တအိမ် တယောက် မဖြစ်မနေ ပါဝင်ရသည့်အခါ၌ အိမ်ရှိ နေမကောင်းသူ များ၊ ကိုယ်ဝန်ဆောင် အမျိုး သမီးများပါ ပါဝင်နေရကြောင်း ကုန်းကြီးရွာခံများထံမှ သိရသည်။
ယခုကဲ့သို့ မဖြစ်မနေ လုပ်အားပေး ဆင်းနေရသည်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ကတည်းက ဖြစ်ပြီး မည်သည့် နေ့ရက် အထိ ဆက်လက် လုပ်ဆောင် နေရမည်ဆိုခြင်းကို မသိရသေးဘဲ လုပ်အားပေးမဆင်းလျင် ခွဲတမ်းပစ္စည်းများ ပေးမည် မဟုတ်ဟု သက်ဆိုင်ရာအာဏာပိုင်များက အကြောင်းကြားထားသည်ဟု ဒေသခံ ရွာသားများက ဆိုသည်
လေဘေးသင့် ဒုက္ခသည်များအတွက် ခွဲတမ်းပစ္စည်းများမှာ ယူနီဆက်ဖ်၊ ယူအန်ဖက်ဖ်ပီနှင့် တခြားသော အိုင်အန်ဂျီအို၊ အန်ဂျီအိုများမှ လှူဒါန်းထားသည့် အိမ်ဆောက်ပစ္စည်းများ၊ ပြည်တွင်း စေတနာရှင်များ လှူဒါန်းထားသော မိုးရေကာ ဖျင်များ၊ အ၀တ်အထည်များ၊ အစားအသောက်များနှင့် ဆေးဝါးပစ္စည်းများ စသည်တို့ ဖြစ်သည်။

ရုံးထုတ်ရာတွင် မိသားစုဝင်များ ကြားနာခွင့်မရ၍ ၈၈ ကျောင်းသားများက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည် မဟုတ်
စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့အား အင်းစိန်ထောင်တွင်း သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာသို့ မိသားစုဝင်များကို လာရောက်ကြားနာခွင့်မပေးသဖြင့် တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် ခြင်းမပြုနိုင်ဟု ပြောကြား ကြောင်းသိရသည်။
အင်းစိန်ထောင် သင်္ဃန်းကျွန်းမြို့နယ် သီးသန့် တရားရုံးတွင် ၎င်းတို့အား ယနေ့ ရုံးထုတ်ရာသို့ မိသားစုဝင်များကို လာရောက် ကြားနာခွင့်မပေးသောကြောင့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော မင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများက ယခုကဲ့သို့ တရားရုံးအား ပြောကြား သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူကိုအောင်ထွန်းကလည်း ပြီးခဲ့သည့် သောကြာနေ့က ရုံးထုတ်ရာမှ အပြန်တွင် ထောင်အာဏာပိုင်တဦးက ယနေ့မှ စ၍ ရုံးထုတ်ရာသို့ မိသားစုဝင်များကိုကြားနာခွင့်မပြု ကြောင်းမှာကြား လိုက်သည်ဟု ပြောပြသည်။
“ပုံမှန်ထောင် ၀င်စာတွေ့နေကြ တနလာင်္၊ အင်္ဂါ၊ ဗုဒ္ဓဟူး တရက်ကိုလည်း အဲဒါကို ဖျက်လိုက်ပြီတဲ့၊ စနေ၊ တနင်္ဂနွေ တရက် မှာ လာတွေ့ကြပါဆိုပြီး ပြောင်းလိုက်ပြီဆိုပြီးတော့ ထောင်အရာရှိက အကြောင်းကြားတယ်၊ ဒါ သက်ဆိုင်ရာက ပြောတာ တဲ့၊ အဲဒါ တယောက်က၊ ဒါဆိုရင် အတွင်းထဲက လူတွေ ၂ ပတ်စာ ဒုက္ခရောက်မယ် ဆိုပြီးသွားပြောတော့မှ မနေ့က ပါဆယ် ပို့ခွင့်ရတယ်၊ လူမတွေ့ရဘူး”ဟုလည်း ကိုအောင်ထွန်းက ပြောသည်။
လွန်ခဲ့သော စက်တင်ဘာလဆန်းမှ စတင်၍ ရုံးထုတ်ရာသို့ မိသားစုဝင်များ ကြားနာခွင့်ရခဲ့ပြီး ယခု မည်သည့် အကြောင်းပြ ချက်မှ မည်မည်ရရ မသိရှိရဘဲ ကြားနာခွင့် ပြန်လည်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
လွန်ခဲ့သည့်အပတ်အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကို ရုံးထုတ်ရာတွင်လည်း အာဏာပိုင်များက အစ်မဖြစ်သူ မဌေးဌေးကြည်ကို တွေ့ခွင့်မပြုခဲ့ပေ။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ဦးတိတ်နိုင် က နိုင်ငံရေးအကျဉ်းသားများရုံးထုတ်ရာတွင် မိသားစုဝင်များအနေနှင့် နဂိုအခွင့်အရေးအရ ကြားနာ ခွင့်ရှိသည်ဟု ပြောဆိုသည်။
“ကျနော်တို့ကြားတာက မိသားစုဝင်တွေက တရားရုံးမှာ ကြားနာခွင့်မရှိဘူးလို့ကြားတယ်၊ နောက် ဒီအပတ်ထဲမှာ တနလာင်္နေ့ က သောကြာနေ့အထိ ထောင်ဝင်စာ တွေ့လို့မရတော့ဘူးလို့ကြားတယ်၊ နဂိုရှိပြီးသားအခွင့် အရေး အရ မိသားစုတွေက ကြားနာခွင့်ရှိရပါမယ်၊ ဒါကို ကန့်သတ်နေတယ်ဆိုတာက နအဖ က အခုအချိန်မှာ အရမ်းကို အကြောက် တရားတွေကြီးနေ တယ်လို့ကျနော်တို့ မြင်ပါတယ်”ဟု ဦးတိတ်နိုင် က ပြောသည်။
ယခု အဖမ်းအဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားများက ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင်၌ မိသားစု ၀င်များနှင့် သတင်း မီဒီယာများကို ကြားနာခွင့် ပြုရန်တို့ကို ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှ တဆင့် တောင်းဆိုထား သည်။
ပြီးခဲ့သည့် ၂၀၀၇ ခု သြဂုတ်လအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရန် အစပြုခဲ့သော လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ ကိုမင်းဇေယျတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုမှာ ထောင်ဒဏ် ၁၅ နှစ်ကျော် ကျခံပြီးသူများဖြစ်သည်။
ယနေ့တွင် နိုင်ငံရေးလှုပ်ရှားသူ ကိုစိုးမြင့်ထိန်ကို အာဏာပိုင်များက ထောင်ဒဏ် ၄ နှစ် နှင့် ၆ လ ချမှတ်လိုက်ပြီး မခင်အေး ဆိုသူ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူနှင့် တခြားသော ၂ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ် လိုက်ကြောင်းလည်း သိရသည်။
အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(USCB)နှင့် AAPP တို့ကလည်း ယနေ့ ရက်စွဲဖြင့် လွန်ခဲ့သည့် တနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၇၈ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန် လွှတ်ပေးရန် ပူးတွဲကြေညာချက်ထုတ် ပြန်ထားသည်။
“ကျနော်တို့ အဓိက တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေး ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူတွေကို စနစ်တကျဖြိုခွဲနေတဲ့ ကိစ္စတွေ ကို ရပ်တန်းက ရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနိုင်ရ ပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ် တွေ နဲ့ နအဖ နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အရေးတကြီးလိုနေပြီဆိုတာကို ထောက်ပြ ထားပါတယ်”ဟု ဦးတိတ်နိုင်က ပြောသည်။
ယင်း နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုတွင် ပါဝင်လာရန် အရေး တကြီး လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
“ကျနော်တို့ ကြေညာချက်ကိုပေးထာတာကိုက အမှောင်ထုဆီကို ဦးတည်နေတဲ့ ကျနော်တို့ နိုင်ငံ(The Future in the dark)၊ ဆိုလိုတာက ဒီလိုသာ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဆက်လက် ဖမ်းဆီးနေဦးမယ် ဆိုရင် ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ ကို ဘယ်လိုမှ မျှော်လင့်လို့ ရမှာ မဟုတ်ပါဘူး” ဟု လည်း ဦးတိတ်နိုင်က ဆက်ပြောသည်။
အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် အရေးကြီး သည့် ၆ နေရာသို့ ဖြန့်ဝေပေးပို့ကြောင်း၊ ဥရောပ သမဂ္ဂ ၊ အာဆီယံ ၊ လူ့အခွင့်အရေး ကောင်စီ စသဖြင့် ၁၇ နေရာကို မိတ္တူပူးတွဲပေးပို့ထားကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၁၃၀၀ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၁၁၉၂ ဦးရှိကာ ယခု နှစ် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း ယခုပူးတွဲကြေညာချက်အရ သိရှိရသည်။

Thursday, October 02, 2008
အရှင်ဂမ္ဘီရ တရားရုံး မျှတမှုမရှိဟု ရှေ့နေပြောကြား
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် ၁၁ ဦး အမှုကို ယမန်နေ့က အင်းစိန်ထောင် သီးသန့်ရုံး၌ ရုံးထုတ်ရာတွင်
ယင်းတရားရုံး၏ လုပ်ထုံးလုပ်နည်းမှာ တရား မျှတမှု မရှိသော ကြောင့် ၎င်း၏ ရှေ့နေပါဝါကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။
အင်းစိန်ထောင်အတွင်းရှိ အလုံမြို့နယ် သီးသန့် တရားရုံး၌ ယမန် နေ့က အဆိုပါအမှုအား ရုံးထုတ်ရာတွင် တရားလိုများဘက်မှ ရုံးချိန်း ၂ ချိန်းအထိ စတင်ယူခဲ့ပြီး စာမျက်နှာ ၁၃ မျက်နှာခန့်အမှုတွဲအား တင်သွင်းစွဲဆိုခဲ့ကြောင်း၊ ရှေ့နေကြီး ဦးအောင်သိန်းက တရားခံများ ဘက်မှ ခုခံချေပရန်အတွက် ယင်းအမှုတွဲကူးယူရန်နှင့် ဖတ်ရှုညှိနှိုင်းရန် အချိန် မလုံလောက် သဖြင့် တရားရုံးသို့ ရုံးချိန်းထပ်မံရွှေ့ဆိုင်းပေးရန် တောင်းဆိုသည်ကို တရားရုံးက ခွင့်မပြုခဲ့ ကြောင်း၊ ထို့ကြောင့် ယခု အမှုကို လိုက်ပါ အကျိုးဆောင်နေခြင်းမှ ရပ်ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း သိရသည်။
“အဓိကကတော့ Fair Trial မဖြစ်တာ၊ တရားမမျှတတာ၊ တရားလို ကိုယ်တိုင်က ရုံးချိန်း၂ ချိန်းယူတယ်၊ တရားလိုက သူ ထွက်ချက်တွေ ပေးရတာ၊ ၁၃ မျက်နှာလောက်ရှိတယ်ဗျာ၊ ကွန်ပျူတာနဲ့ စီထားတာ၊ နောက် သူတို့ စပြီး ထွက်တာ၊ ကျုပ်တို့ ကျတော့ မိတ္တူကူးဖို့ ကျတော့ အချိန်မရွေး ထုတ်မပေးဘူး၊ အဲဒီတော့ ဘာမှကြို မသိရဘူး၊ နောက် အမှုသည်နဲ့ ကြိုပြီး ညှိနှိုင်းမှုတွေ ဘာမှရတာမဟုတ်ဘူး၊ အမှုတွဲ ကူးလို့မရရင် အမှုသည်နဲ့ ကြိုတင် ညှိနှိုင်းလို့ မရနိုင်ဘူး၊ ဒီလို အခြေအနေ မျိုးမှာ အဲဒီ ပြဿနာတွေပေါ်ပေါက်ရင် ကျနော်တို့က ဘယ်လိုလုပ်မလဲ၊ ကျနော်က ထွက်ရတော့မှာပေါ့၊ အဲဒီ သဘောပဲ”ဟု ဦးအောင်သိန်းက ဧရာဝတီသို့ ပြောဆိုသည်။
ယင်းအမှုအတွက် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က အင်းစိန်ထောင် အလုံမြို့နယ် သီးသန့် တရားရုံး၌ တရားလိုများ ကို စတင် စစ်ဆေးခြင်းဖြစ်ပြီး ယမန်နေ့ကပါ ဆိုလျင် ရုံးချိန်း၂ ချိန်းရှိပြီဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ယမန်နေ့က အရှင်ဂမ္ဘီရအပါအ၀င် ကိုအောင်ကျော်၊ ဦးအိန္ဒက၊ ဦးအိန္ဒြိယ၊ ဦးသုမန၊ ကိုအောင်ကျော်ကျော်၊ ကိုကျော်ကျော်နိုင်၊ ဦးသန်းနိုင်၊ ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ဦးဇော်ဝင်း စသည့် ၁၁ ဦးကို ၁၂၄(က)၊ ၅၀၅(ခ) ပုဒ်မအရ အစိုးရကိုအကြည်ညိုပျက်စေမှု သို့မဟုတ် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမှု ၊၂၉၅ (က) ပုဒ်မအရ သာသနာတော် ညှိုးနွမ်းစေမှု တို့အတွက်ရုံးထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးအောင်သိန်းက ဆက်လက်ပြီး“သူတို့က ဦးတိုက်လျှောက် တရားစွဲဆိုတာ၊ အဲဒါ အမှုတွဲကို ရုံးရှေ့မှာဖတ်တယ်၊ ပြီးသွားတဲ့ အခါကျတော့ ကျနော်ကတရားရုံးကိုတောင်းတယ်၊ နောက်တချိန်း ပေးပါ၊ ဒီမှာပါတဲ့ အကြောင်း အရာတွေမေးရမြန်းရဦး မယ်၊ မေးပြီးတော့မှ ကျနော်တို့ကလုပ်ရမှာ၊ ဘုန်းကြီးကလည်း ၅ ပါးလောက်ပါနေတယ်၊ ကျနော်က အဲဒါတွေ ရှင်းပြပြီး ရုံးချိန်း ထပ်တောင်းတာကို ခွင့်မပြုဘူး၊ အခုစစ်ခိုင်းတယ်၊ ဒါကြောင့် ကျနော့်ပါဝါ ပြန်ရုပ်သိမ်း လိုက်တာ၊ ဘယ်သူ့ကိုမှ မလွှဲဘူး၊ ကျနော်ဆက်ပြီးတော့ လိုက်စရာအကြောင်း မပေါ်ပေါက်တော့ ဘူး၊ ရှေ့နေနဲ့ အမှုသည်ရဲ့ကျင့်စဉ်အရ အမှုသည် ကရပ်ပါဆို လိုက်နေရင်းက ထွက်ပေးလိုက်ရတယ်၊ ရှေ့နေက လည်း သူမလိုက် တော့ဘူးဆို အမှုသည်ကို သဘောပေါက် အောင်ရှင်းပြပြီးတော့ သဘောတူတယ် ဆိုရင် ပါဝါ ရုပ်သိမ်းတယ် ဒါပဲ”ဟု ပြောဆိုသည်။
ထိုသို့ တရားခွင်၌ တရားမျှတမှု မရှိသည့်အတွက် ရှေ့နေကြီးဦးအောင်သိန်းက ၎င်း၏ ရှေ့နေပါဝါ ပြန်လည် ရုပ်သိမ်းလိုက် ရာ လတ်တလောတွင် ယင်းအမှုအား မည်သည့် ရှေ့နေက ဆက်လက်အကျိုးဆောင်ပေးမည်ကို မသိရှိရသေးပေ။
အရှင်ဂမ္ဘီရကို တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု ၊ အီလက်ထရွန်းနစ် ဥပဒေ၊ လူထုကို အထိတ် တလန့်ဖြစ်စေမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေသည့် ပုဒ်မ၂၉၅(က)၊ အရေးပေါ် စီမံချက်အက်ဥပဒေ ၅(ည)၊ အသင်းအဖွဲ့ ပုဒ်မ (၆)၊ လဝက ဥပဒေ ၁၃/၁၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူ ၅ ဦး ထက်ပိုစုစည်းမှု၊ တရားမ၀င် ပုံနှိပ်ထုတ်ဝေမှု ၁၇/၂၀ စသည့် ပုဒ်မ များဖြင့် စွဲဆိုထားကြောင်းလည်း သိရသည်။
လွန်ခဲ့သည့်သြဂုတ်လ ၂၀ ရက်နေ့ကလည်း အရှင်ဂမ္ဘီရအား အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ အမှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင် အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သေးသည်။
အရှင်ဂမ္ဘီရအား သြဂုတ်လ ၁၈ ရက်နေ့ က ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် မဂ္ဂင်ဆရာတော် ဦးအိန္ဒက၊ ဦးကေသလ (မန္တလေး)၊ ဦးသုမန (စာရေးဆရာ မင်းဆက်) အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်သော ကိုရွှေမောင်း(မန္တလေး)၊ ကိုဝဏ္ဏအောင် (မန္တလေး)၊ ကိုသန်းနိုင် (တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင် စသည် တို့ကိုလည်း ရုံးအတူ ထုတ်ခဲ့သည်။
အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အရှိန်တိုးမြှင့်လိုက်သည့် စစ်အစိုးရ၏ မီဒီယာစစ်ဆင်ရေး
ရန်ကုန်အခြေစိုက် သတင်းဂျာနယ် ၂ စောင်ကို ပိတ်ပင်လိုက်သည့် ဖြစ်ရပ်က ပြည်တွင်း သတင်းမီဒီယာများကို တရားဝင် စိန်ခေါ် ဖိနှိပ်မှုများ စတင်လိုက်ပြီဟု ပြောလိုက်သကဲ့သို့ပင် ။
ပြည်သူလူထုကို သတင်းအမှောင်ချပြီး အမှန်တရားကို ဖုံးကွယ်လေ့ရှိသည့် စစ်အစိုးရသည် ပြည်ပအခြေစိုက် အင်တာနက် သတင်းမီဒီယာများကို ခေတ်မီ နည်းပညာများအသုံးပြု တိုက်ခိုက်ရုံမက နိုင်ငံတွင်းလက်ရှိ ဖြစ်ပျက်နေသော သတင်းအမှန် များကို ဖော်ပြပေးသည့် အပတ်စဉ်ထုတ် ပြည်တွင်းသတင်းဂျာနယ်များကိုပါ ၎င်းတို့ ချမှတ်ထားသည့် စည်းကမ်းများ ချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဂျာနယ်ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းမှုများ ပြုလုပ်လာသည်။
စစ်အစိုးရ၏ တရားဝင် ခွင့်ပြုချက်နှင့် လုပ်ကိုင်နေရသော ပြည်တွင်းသတင်းမီဒီယာများ အနေဖြင့် စာပေ ကင်ပေတိုင်ဟု စာနယ်ဇင်းအသိုင်းအ၀န်းတွင် သတ်မှတ်ခေါ်ဆိုလေ့ရှိသည့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ဂျာနယ်မူကြမ်း တင်ပြပြီး စစ်အစိုးရ မကြိုက်နှစ်သက်သည့် သတင်းများ ဖြုတ်ပယ်ကာ ထုတ်ဝေရသည့် စနစ်ကို အချိန်ကြာလာသည်နှင့်အမျှ ရွံမုန်းလာ ပြီဖြစ်သည်။
အက်ရှင်တိုင်းမ်စ် (The Action Time) နှင့် ထရူး နယူးစ် (True News) ဂျာနယ် ၂ စောင်မှာ သတင်းအမှန် များကို ပြည်သူထံသို့ အရောက်ပို့မည် ဆိုသည့် စိတ်ဓာတ်နှင့် စာပေစိစစ်ရေးက ဖြုတ်ပယ်ရန် ညွှန်ကြား ထားသည့် သတင်းများကို ဂျာနယ်စာမျက်နှာပေါ်တင်ကာ အာခံမှုများ ပြုလုပ်လာခဲ့သည့်အတွက် ထုတ်ဝေခွင့် များ ရပ်ဆိုင်း အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သည်။
အမျိုးသားအကျိုးစီးပွားရေး ကို ပျက်ပြားစေသည့် သတင်းများကို ရေးသားဖော်ပြခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံ၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဟု ဆိုသည့် စစ်အစိုးရ စိတ်တိုင်းကျ ဆောင်ရွက်သည့် တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသားရေးစိတ်ဓာတ်နှင့် ပါဝင်ကြရန် အမြဲတမ်း ပြောဆို တိုက်တွန်းလေ့ရှိသည့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချူပ်ကျော်ဆန်းကို စက်တင်ဘာလ ၃၀ ရက် ၀န်းကျင်တွင် ထွက်ရှိသည့် ထရူးနယူးစ် ဂျာနယ်၏ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာ ကလေး ငယ်တဦး သတင်းဓာတ်ပုံနှင့် အက်ရှင်တိုင်းမ်စ် ဂျာနယ်၏ ထောင်မှ ပြန်လည် လွတ်မြောက် လာသော သတင်းစာ ဆရာကြီးဦးဝင်းတင်အကြောင်းပြည့်စုံစွာ ဖော်ပြထားသည့် သတင်းတို့က ဒေါသအမျက် ချောင်းချောင်း ထွက်စေခဲ့သည်။
စစ်အစိုးရအနေနှင့် ပြည်တွင်းသတင်းမီဒီယာများကို ရန်သူသဖွယ် သဘောထားလာခြင်းမှာ ယခုအချိန်မှ မဟုတ်ဘဲ လွန်ခဲ့သော တနှစ်ကျော် ၂၀၀၇ စက်တင်ဘာ ကတည်းက ဖြစ်သည်။
လမ်းမများပေါ်တွင် စုစည်းညီညွတ်ငြိမ်းချမ်းစွာ မေတ္တာပို့ချီတက် လမ်းလျှောက် ဆန္ဒပြ နေသော သံဃာနှင့် လူထုကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ် ရိုက်နှက်နှိမ်နင်း သုတ်သင်ချိန်တွင် မခံမရပ်နိုင်သော ပြည်သူ့ဘက်တော်သား သတင်း သမားများက တာဝန် သိသိဖြင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများနှင့် နိုင်ငံတကာမီဒီယာများမှ တဆင့် စစ်အစိုးရ၏ ယုတ်မာရိုင်းစိုင်း ရက်စက်ပုံများကို တင်ပြနိုင်ခဲ့ကြသည်။
လက်နက်ဟူ၍ အပ်တိုတချောင်းမှ ကိုင်ဆောင်ထားခြင်း မရှိသော ဆန္ဒပြ သံဃာထုနှင့် ပြည်သူလူထုကို ရက်ရက်စက်စက် သုတ်သင်ပုံများက နိုင်ငံတကာမီဒီယာများတွင် ရုပ်ပုံသက်သေများနှင့် ပေါ်ထွက်လာခဲ့ရာ စစ်အစိုးရ၏ ထိပ်တန်းရန်သူ စာရင်းတွင် သတင်းမီဒီယာများ ပါဝင် လာခဲ့တော့သည်။
နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ် ချိန်ကလည်း ပြည်တွင်းသတင်းမီဒီယာများက အလွန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ရာ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို အကြီးအကျယ် ရရှိခဲ့ပြန်သဖြင့် သတင်းမီဒီယာများအပေါ် စစ်အစိုးရ မျက်စိစပါးမွေး စူးခဲ့ပြန်သည်။ အစိုးရပိုင် သတင်းမီဒီယာများတွင် မုန်တိုင်းအပျက်အစီး မဖော်ပြသလောက်ရှိ ချိန်တွင် အပတ်စဉ်ထုတ် သတင်းဂျာနယ်များက မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့ရသော ပျက်စီးဆုံးရှုံးမှုများကို ပြည့်ပြည့်စုံစုံ တိတိကျကျ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း စာပေစိစစ်ရေး၏ တင်းကျပ်သော မူဘောင် များအတွင်းမှ ဖော်ပြခဲ့ကြရသည်။
ထိုသို့ ဂျာနယ်များက ဖော်ပြနိုင်ခဲ့သောကြောင့်လည်း ရန်ကုန်အပါအ၀င် မြို့ပြဒေသကြီးများမှ စေတနာရှင်၊ အလှူရှင်များကို မုန်တိုင်းသင့် ဒေသများသို့ အလျင်အမြန် သွားရောက်စေပြီး ကူညီ ထောက်ပံ့မှုများ ဖြစ်စေခဲ့ကာ မုန်တိုင်းဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများကို အနည်းငယ် လျော့ပါးသက်သာစေခဲ့သည်။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံ တကာ၏ ကူညီမှုများ အရေးပေါ် လိုအပ်နေကြောင်းကိုလည်း ပိုမိုပေါ်လွင်စေခဲ့သည်။
အခြားတဘက်တွင်လည်း ပြည်ပအခြေစိုက် မြန်မာ မီဒီယာများက နိုင်ငံတွင်း ပေါ်ပေါက်နေသည့် အခြေအနေ အမှန်များကို ပြည်တွင်းသတင်းသမားများ၏ အကူအညီဖြင့် အချိန်နှင့် တပြေးညီ ဖော်ပြခဲ့ကြရာ အဖြစ်မှန်ကို လိမ်ညာဖုံးကွယ်လိုသော စစ်အစိုးရကို ပိုမိုအထိနာ စေခဲ့သည်။
ပြည်တွင်းတရားဝင် ရပ်တည်နေသော သတင်းမီဒီယာများနှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာ များကို နှိမ်နင်းသုတ်သင်ရန် ဟူသော အကြံအစည်များ စစ်အစိုးရတွင်ရှိနေသည်ကား အသေအချာပင် ဖြစ်သည်။ ပြည်ပသတင်းမီဒီယာများကို ဆက်သွယ် သတင်းပေးသည် ဟူသော စွပ်စွဲ ချက်ဖြင့် ပြည်တွင်းသတင်းသမား၊ ဘလော့ဂါများကို ဖမ်းဆီးချုပ်နှောင်ထားရာ ဘလော့ဂါ ကိုနေဘုန်းလတ်၊ မြန်မာနေးရှင်း အယ်ဒီတာချူပ် ဦးသက်ဇင်၊ ဖလားဝါးသတင်းဂျာနယ်သတင်းထောက်ချုပ် ကိုစောမြင့်သန်း၊ အီကိုဗီးရှင်းသတင်းဂျာနယ်မှ သတင်းထောက် အိမ့်ခိုင်ဦး အပါအ၀င် သတင်းသမားများနှင့် ဘလော့ဂါများ အင်းစိန်ထောင်တွင် ယနေ့အချိန် အထိ မတရား ဖမ်းဆီး ချုပ်နှောင် ခံနေရသည်။
ထို့ပြင် ၂၀၀၈ ခုနှစ်ဧပြီလအတွင်း စာပေစိစစ်ရေးက ခွင့်ပြုချက်မပေးသည့် ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းစက်များ အခွန် ဆောင်ရမည်ဆိုသော သတင်း ထည့်သွင်းမှုကြောင့် မြန်မာတိုင်းမ်သတင်းဂျာနယ်မှ သတင်းထောက်ချူပ်နှင့် အယ်ဒီတာ တချို့ကို စာပေစိစစ်ရေးက ဖိအားပေးနုတ်ထွက်စေခဲ့သည်။
စစ်အစိုးရသည် ၂၀၀၈ ခုနှစ် ဇူလိုင်လမှစတင်ပြီး ပြည်ပအခြေစိုက် မြန်မာ သတင်းမီဒီယာများ၏ အင်တာနက်စာမျက်နှာများ ကိုလည်း ခေတ်မီ နည်းပညာများနှင့် တိုက်ခိုက် နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက် ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်များကို ထိန်းချုပ်ရန် စည်းမျဉ်း စည်းကမ်း ပိုမို တင်းကျပ်ပြီး ခေါ်ယူ ခြိမ်းခြောက်မှုများ ပြုလုပ်လာသည်။
“ပုံမှန်ဆိုရင် ခွင့်ပြုချက်မရတဲ့ သတင်းနဲ့စာမူတွေကို ဂျာနယ်တွေက ထည့်သုံးရင် စာပေ စိစစ်ရေးမှာ ခံဝန် လက်မှတ်သွား ထိုးပြီး ဖြေရှင်းရုံနဲ့ ပြီးသွားတယ်။ အခုတော့ အဲလို မဟုတ် တော့ဘူး။ နည်းနည်းမှားတာနဲ့ ဂျာနယ်တွေကို ပိတ်တယ်။ ထရူးနဲ့ အက်ရှင်တိုင်းမ်စ် ကတော့ စံပြနမူနာဖြစ်သွားတာပေါ့” ဟု ရန်ကုန် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
ထို့ပြင် မဂ္ဂဇင်းများကိုလည်း တင်းကျပ်သော ဥပဒေများထုတ်၍ ကိုင်တွယ်နေသည်ဟု မဂ္ဂဇင်း အယ်ဒီတာ တဦးကပြောပြ သည်။ ၎င်းတို့အနေနှင့် မဂ္ဂဇင်းများကို စိစစ်ရေးသို့တင်ရာတွင် စာအုပ်ထွက်သည့်အတိုင်း တသဝေ မတိမ်း ပြင်ဆင်ရိုက်နှိပ် ပြီး တင်ရကာ စိစစ်ရေးက ဖြုတ်ပယ်မှုများရှိလာလျင် တအုပ်လုံး အစအဆုံး ပြန်ပြင်ရ သဖြင့် အလုပ်မတွင်ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ နောက်ဆုံးသိရှိချက်အရ စာပေစိစစ်ရေးက ထရူးသတင်းဂျာနယ်နှင့် အက်ရှင်တိုင်းမ်စ် သတင်း ဂျာနယ်တို့ကို စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုကြောင့် အရေးယူခြင်းဖြစ်သည်ဆိုသောသတင်းကို တခြားပြည်တွင်း သတင်း ဂျာနယ်များတွင် ရေးသားဖော်ပြရန် ဖိအားပေး ညွန်ကြားလိုက်ကြောင်း စာပေစိစစ်ရေးရုံးမှ စာတည်းမှူးတဦးက အတည်ပြု ပြောဆိုသည်။
“ပြည်တွင်းသတင်းသမားအားလုံးစုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့ စာပေစိစစ်ရေးကို တွန်းလှန်ကြဖို့ လိုပါတယ်။ ကိုယ့် ဂျာနယ် တခုတည်းအတွက် ဆိုတဲ့အမြင်နဲ့ မကြည့်ဘဲ သတင်းမီဒီယာ တခုလုံးအတွက် ဆိုတဲ့ ခံယူချက်နဲ့ ညီညီညွတ်ညွတ် လုပ်ကြဖို့ အရေး ကြီးတယ်” ဟု ပြည်တွင်း သတင်းမီဒီယာ အသိုင်းအ၀န်းမှ ၀ါရင့် သတင်းစာ ဆရာကြီး တဦးက တိုက်တွန်း လိုက်သည်။

အဖွဲ့ချုပ် လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင် အဖမ်းခံရ
အန်အယ်လ်ဒီ၏ လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်ကို ယနေ့နံနက် ၂ နာရီခန့်တွင် ရဲအထူးသတင်း တပ်ဖွဲ့က နေအိမ်မှဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီပါတီ
ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ရဲအထူးသတင်းတပ်ဖွဲ့က ဦးအုန်းကြိုင်၏နေအိမ်ကို ယမန်နေ့ည ၁၀ နာရီခန့်မှ စတင်ရှာဖွေကာ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီး သွားသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
“ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိသေးဘူး … လက်ကိုင်ဖုန်းကိုလည်း သိမ်းသွားတယ်။ ကျနော်တို့မျက်စိထဲမှာတော့ ထူးထူးခြားခြားလုပ်တာ မတွေ့ဘူး။ သူက (ဦးအုန်းကြိုင်) ရေဘေးကယ်ဆယ်ရေး ဥက္ကဌ လုပ်တယ်။ ဒါလဲ တော်တော် အောင်အောင်မြင်မြင် လုပ်နိုင်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဦးအုန်းကြိုင်သည် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် ရန်ကုန်တိုင်းအတွင်း လှည့်လည်၍ ကူညီရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။
ဦးအုန်းကြိုင်သည် အန်အယ်လ်ဒီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်ပြီး မန္တလေး အရှေ့တောင် အမှတ် (၂) မြို့နယ်မှ အနိုင်ရရှိခဲ့သည်။
စစ်အစိုးရက ဦးအုန်းကြိုင်ကို ၁၉၉၀ ခုနှစ်မှစ၍ ၂၀၀၅ ခုနှစ်အထိ ၁၅ နှစ်ကြာ ဖမ်းဆီးအကျဉ်းချခဲ့ဖူးသည်။
အသက် ၆၄ နှစ် ရှိပြီဖြစ်သည့် ဦးအုန်းကြိုင်သည် ထင်ရှားသည့် သတင်းစာဆရာတဦးလည်းဖြစ်ပြီး ကြေးမုံ၊ ဟံသာဝတီနှင့် ဗိုလ်တထောင်သတင်းစာတို့တွင် အယ်ဒီတာနှင့် လက်ထောက်အယ်ဒီတာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ဦးအုန်းကြိုင်သည် မောင်ချစ်ဖွယ်၊ အောင်ဝင့်၊ မောင်တင့် စသည့် ကလောင်အမည်များဖြင့်လည်း စာပေများ ရေးသား ခဲ့သည်။

Wednesday, October 01, 2008
ဦးဝင်းတင်သတင်း ဖော်ပြမိသောကြောင့် အက်ရှင်တိုင်းမ်စ်ဂျာနယ် တလအပိတ်ခံရ
မြန်မာအပတ်စဉ် အက်ရှင်တိုင်းမ်စ် (The Action Times) ဂျာနယ် တလ ပိတ်ပင်ခံရသည့် အကြောင်းရင်းမှာ ယခင်တပတ်က အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော သတင်းစာဆရာကြီး ဦးဝင်းတင်အကြောင်းကို ဖော်ပြထားသောကြောင့် ဖြစ်နိုင် ကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားတဦးက သုံးသပ်သည်။
“ဆရာကြီး ဦးဝင်းတင်ဟာ စက်တင်ဘာ ၂၃ ရက်ညနေခင်း က အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး မိတ်ဆွေ ဦးမောင်မောင်ခင် နေအိမ်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်လျှက် ရှိပါတယ်။ ထောင်တွင်းမှာ နှစ်ပေါင်း ၂၀ ခန့် နေထိုင်ခဲ့ရပေမယ့် ဦးဝင်းတင်ဟာ မျက်စိအားနည်းတာ တခုကလွဲပြီး ကျန်းကျန်းမာမာ ရှိနေတာ တွေ့ရပါတယ်” ဟု ၎င်း ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။
“ဦးဝင်းတင်နဲ့ ပတ်သက်လို့ ရေးထားတာကို စိစစ်ရေးက ဖြုတ်ခိုင်းတာ မဖြုတ်ဘဲ ထည့်လိုက်လို့ ပိတ်တယ်လို့ ထင်တာပဲ” ဟု အဆိုပါ သတင်းသမားက ပြောသည်။
အက်ရှင်တိုင်းမ်စ် ဂျာနယ် အမှတ်စဉ် (၃၈) စာမျက်နှာ ၃ ၌ ရေးသားထားသော ၎င်းသတင်းတွင် ဆရာကြီး ဦးဝင်းတင်အနေနှင့် အကျဉ်းထောင်ထဲတွင် ယမန်နှစ်မှစ၍ သတင်းစာနှင့် စာအုပ်များ ဖတ်ရှုခွင့်ရကြောင်းနှင့် ၎င်း၏ အတ္ထုပ္ပတ္တိ အပြည့်အစုံ၊ ကြေးမုံသတင်းစာ၊ ဟံသာဝတီ သတင်းစာတို့တွင် အယ်ဒီတာ တာဝန် ထမ်းဆောင်ခဲ့ပုံ တို့ကို ခုနှစ်သက္ကရာဇ်နှင့်တကွ အသေးစိတ် ဖော်ပြထားသည်။ သို့ရာတွင် ဦးဝင်းတင်၏ နိုင်ငံရေးလှုပ်ရှားမှုများကို ဖော်ပြထားခြင်း မတွေ့ရပေ။
“ဦးဝင်းတင်အကြောင်းက ဂျာနယ်တွေမှာ ရေးလို့မရဘူးဗျ။ မရေးရဘူးလို့ ပြောထားတာတော့ မဟုတ်ဘူး။ ရေးရင် ဖြုတ်တာပါ” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။
အက်ရှင်တိုင်းမ်စ် ဂျာနယ်အယ်ဒီတာ အဖွဲ့အနေနှင့်မူ ၎င်းတို့ဂျာနယ် အပိတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့် ထင်ကြေးမှ မပေးလိုဟု ဆိုသည်။
ယခုကဲ့သို ဂျာနယ်တလ ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍ စာပေစိစစ်ရေးက စည်းမျဉ်းဖောက်ဖျက်ခြင်း ကြောင့်ဟူ၍သာ ပြောခဲ့သည်ဟု သိရှိရသည်။
သတင်းစာဆရာကြီးဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အစိုးရဆန့်ကျင်သည့် နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ်ကျော် နေခဲ့ရသည်။
ဦဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
ယမန်နေ့က အက်ရှင်တိုင်းမ်စ် ဂျာနယ်အပြင် ထရူးနယူးစ် (True News) ဂျာနယ်သည်လည်း မျက်နှာဖုံး တွင် မြန်မာ ကလေး အလုပ်သမား ဓာတ်ပုံကို ပုံကြီးဖြင့် ဖော်ပြလိုက်သောကြောင့် ၂ လတာ ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းအသိုင်းအဝန်းမှ ကြားသိရသည်။

ရန်ကုန်အခြေစိုက် ဂျာနယ် ၂ စောင် ပိတ်ပင်ခံရ
မြန်မာအပတ်စဉ် ထရူးနယူးစ် (True News) ဂျာနယ် မျက်နှာဖုံးတွင် မြန်မာကလေး အလုပ်သမား ဓာတ်ပုံကို ပုံကြီးဖြင့် ဖော်ပြလိုက်သောကြောင့် ၂ လတာ ပိတ်ပင်ခံရပြီး
အက်ရှင်တိုင်းမ်စ် (The Action Times) ဂျာနယ်ကိုလည်း စည်းမျဉ်း စည်းကမ်း မလိုက်နာသောကြောင့် ၁ လ ပိတ်ပင်လိုက်ကြောင်း မြန်မာသတင်း ဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။
“မနေ့ကညနေက ထရူးနယူးစ် ဂျာနယ်နဲ့ အက်ရှင်တိုင်းမ်စ် ဂျာနယ် တွေက အယ်ဒီတာတွေကို စိစစ်ရေးက ပိတ်တယ်လို့ ခေါ်ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
ထရူးနယူးစ် ဂျာနယ် မျက်နှာဖုံးတွင် ကလေးအလုပ်သမားတဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်လုပ် နေပုံကိုဖော်ပြထားပြီး ပုံစာတွင် “ဖူးခက်ကမ်းခြေအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် အလုပ်လုပ် နေသော မြန်မာကလေးငယ်တဦး” ဟူ၍ ရေးသားထား သောကြောင့် ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းအသိုင်း အဝန်းမှ သိရှိရသည်။
အက်ရှင်တိုင်းမ်(စ်) ဂျာနယ်ကိုမူ စာပေစိစစ်ရေးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ မလိုက်နာ သောကြောင့် ပိတ်ပင်သည်ဟု ကြားသိရသည်။ ၎င်းဂျာနယ်ကို အောက်တိုဘာ ၂ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပိတ်ပင်သည်ဟု စာပေစိစစ်ရေး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
“အက်ရှင်တိုင်းမ်စ် ကတော့ ဘာလို့ပိတ်တယ်ဆိုတာ သေချာမသိရဘူး။ စည်းမျဉ်းစည်းကမ်း မလိုက်နာလို့ ဆိုတာပဲသိရ တယ်။ ဖြစ်နိုင်တာကတော့ စိစစ်ရေးကဖြုတ်ခိုင်းတာတွေ ဖြုတ်ဖို့ကျန်သွားတယ်ထင်တယ်” ဟု အလွတ်သတင်းထောက် တဦးကပြောသည်။
မြန်မာအပတ်စဉ်ဂျာနယ်များ အားလုံးသည် ဂျာနယ်မူကြမ်းများကို မထွက်ခင် တပတ်ကြို၍ စိစစ်ရေးသို့ တင်ရပြီး စိစစ်ရေး က ဖြုတ်ရန်ပြင်ရန်များကို ၂ ရက်ခန့်ကြည့်၍ ပြန်လည်ချပေးသည်။ ထိုမူကြမ်းကို ဖြုတ် စရာ ပြင်စရာများ ဖြုတ်ပြင်ကာ ဂျာနယ်ထွက်မည့် ပုံစံအတိုင်း အချောထိုင်၍ ထည့်သွင်းမည့်ကြော်ငြာများ နှင့်တကွ အတိအကျ စိစစ်ရေးသို့ ပြန်လည်ပြသ ရသည်။ အချောအဆင့်ကို စိစစ်ရေးက ခွင့်ပြုမှသာ ဂျာနယ်ကို စတင်ပုံနှိပ်ပြီး ဖြန့်ချိရခြင်းဖြစ်သောကြောင့် ဂျာနယ်တစောင် ထွက်ရန် လုပ်ငန်းအဆင့်ဆင့်မှာ တပတ်ခန့်ကြာမြင့်သည်။
“မူချောကျမှ ပုံနှိပ်ရတာလေ။ လွှတ်တုန်းကလွှတ်ပေးလိုက်ပြီး နောက်မှ အထက်က ခေါ်ဆူတော့မှ ဂျာနယ်ကိုပိတ်တာ ဖြစ်မယ်” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ထရူးနယူးစ် ဂျာနယ် ပိတ်ပင်ခံရမှုနှင့် ပတ်သက်၍ သုံးသပ်သည်။
ခိုင်လုံသော သတင်းရပ်ဝန်းတခု၏ အဆိုအရ ထရူးနယူးစ် ဂျာနယ်တွင် ပါရှိသော သတင်းဓာတ်ပုံနှင့် ပတ်သက်၍ မြန်မာ နိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူး တင့်ဆွေကို ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဖိအားပေးကြိမ်းမောင်းသည်ဟု သိရသည်။
ထရူးနယူးစ် ဂျာနယ်ကို သမဝါယမဘဏ်လီမိတက် (စီဘီဘဏ်) ဥက္ကဌ ဦးခင်မောင်အေး ပိုင်ဆိုင်ပြီး အယ်ဒီတာချုပ်မှာ ဦးမျိုးညွန့်မောင် ဖြစ်သည်။ အက်ရှင်တိုင်းမ်စ်ဂျာနယ်ကိုမူ ရုပ်ရှင်သရုပ်ဆောင် ရှားညိုက ပိုင်ဆိုင်သည်။