စစ်အစိုးရက မန္တလေးမြို့ အိုးဘိုထောင်တွင် ထောင်ဒဏ် နှစ်ရှည်ချထားသည့် မျက်လုံးတဘက် ကွယ်နေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) မတ္တရာမြို့နယ်အမတ် ဦးသန်းလွင်အား စနေနေ့က ကယား ပြည်နယ် လွိုင်ကော်ထောင်သို့ ပြောင်းရွှေ့လိုက်သည်ကိုကြားသိရ၍ မိသားစုကစိုးရိမ်ပူပန်နေကြောင်း ပြော သည်။
လွိုင်ကော်ထောင်သည် ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်သောကြောင့် အသက် ၇၁ နှစ်ရှိ ဦးသန်းလွင် ၏ မျက်စိ ကျန်းမာရေးအတွက် စိုးရိမ်သည်ဟု သားဖြစ်သူ ကိုဇော်မင်းလွင်က ပြောသည်။
“အဖေက မျက်လုံး တဘက်က လုံးဝကွယ်သွားပြီခင်ဗျ၊ ကျန်တဘက်ကို ကူးမှာ ကြောက်ရတယ်၊ ဘာဖြစ်လို့ လည်း ဆိုတော့ မျက်စိ ၂ ဘက်လုံး မျက်ရည်ပူတွေကျနေတယ်၊ နောက်တခု ကျနော်တို့ စိုးရိမ်တာက လွိုင်ကော် ထောင်မှာ ဆရာဝန်မရှိဘူးတဲ့၊ ဆေးမှူးပဲ ရှိတယ်တဲ့”ဟု ကိုဇော်မင်းလွင်က ဧရာဝတီသို့ ပြောသည်။
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်ဦးဉာဏ်ဝင်းကလည်း“လောလောဆယ်တော့ ဦးသန်းလွင်ကို ရွှေ့တယ်လို့ ကြားတယ်၊ တခြားလူတွေ မကြားသေးဘူး၊ ဟိုတလောက တော့ ဒေါ်ဝင်းမြမြကိုလည်း ရွှေ့လိုက်တယ်”ဟု ပြောဆိုသည်။
ဦးသန်းလွင်အား ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် အာဏာပိုင်များက အကြောင်းပြချက်မပေးဘဲ နေ အိမ်မှဖမ်းဆီးခဲ့ပြီး မန္တလေးခရိုင်တရားရုံးမှ ပုဒ် ၅၀၅/ခ အရ အမှု ၃ မှုဖြင့် ထောင် ၂ နှစ်စီ ၊ ၆ နှစ် ၊ ပုဒ်မ ၁၅၃/က ဖြင့် ထောင် ၂ နှစ် ၊ စုစုပေါင်း ထောင် ၈ နှစ်ကို ၂၀၀၈ ခု နှစ် နိုဝင်ဘာလအတွင်းတွင် အမိန့်ချခဲ့ခြင်းဖြစ်သည်။
၎င်းဦးသန်းလွင်သည် ၂၀၀၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးဆုတောင်းပွဲမှ အပြန် အမည်မသိ လူတဦး၏ သံလက်သီးဖြင့်ထိုးခြင်းခံခဲ့ရ သည့် အပြင် မတ္တရာမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးကျော်မင်း ဆိုသူ၏ ပြန်လည် တရားစွဲဆို ခြင်းခံခဲ့ရသည်။
ဦးသန်းလွင်မှာ သံလက်သီးဖြင့် အထိုးခံရသည့် ဒဏ်ကြောင့် နှာခေါင်းရိုးကျိုးသွားပြီး မျက်လုံးတဘက်ပါထိခိုက် ခဲ့သည့်အတွက် ဆေးရုံတွင် ၂ ပတ်ခန့် ဆေးကုသမှုခံယူခဲ့ရသည်။ ထို့နောက်ပိုင်းတွင် မျက်လုံးကွယ်ခဲ့ရခြင်း ဖြစ်သည်။
၂၀၀၇ ခု အောက်တိုဘာ လဆန်းတွင်ပင် ဦးသန်းလွင်၏ သား ကိုဇော်မင်းလွင် နှင့် မိသားစုဝင်များ၊ မတ္တရာ အန်အယ်လ်ဒီ အဖွဲ့ဝင်များ အပါအ၀င် လူ ၉ ဦး ကို အာဏာပိုင်များက တရားစွဲဆို၍ ထောင်ဒဏ် ၅ နှစ် မှ ၇ နှစ် အထိ ချမှတ်ခဲ့သည်။
အလားတူ မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြကိုလည်း ပြီးခဲ့သည့် မတ်လ ၁၅ ရက် နေ့က အိုးဘိုထောင်မှ ကချင်ပြည်နယ် ပူတာအို ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
(ဧရာဝတီသတင်းဌာန)
Monday, March 30, 2009
Tuesday, March 24, 2009
နိုင်ငံရေး လှုပ်ရှားသူများကို ထောင်ဒဏ် ချမှတ်
လူ့အခွင့်အရေး အဖွဲ့များက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်နေသော်လည်း စစ်အစိုးရ က ဖမ်းဆီးထားသော နိုင်ငံရေး လှုပ်ရှားသူ ၁၀ ဦးကျော်ကို ယမန်နေ့က အင်းစိန်ထောင်တွင်း အထူး တရား ရုံး ၌ ထောင်ဒဏ် ၂ နှစ် မှ ၇ နှစ် အထိ ချမှတ်လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်သည့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ၂ ဦးအပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ ၁၃ ဦး ကို ယမန်နေ့က အင်စိန်ထောင် အထူးတရားရုံးမှ ထောင်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းများနှင့် နီးစပ်သူ တဦးက ပြောသည်။
“အားလုံးပေါင်း မနေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ၁၃ ယောက် အမိန့်ချတယ်၊ မထက်ထက်ဦးဝေ၊ ကိုဝင်းမြင့်မောင် ခေါ် ပဲပြုပ်၊ ကိုထွန်းထွန်းဝင်း၊ သူတို့ ၃ ယောက်ကိုတော့ ပုဒ်မ ၅/ည နဲ့ ၅ နှစ် စီ အမိန့်ချတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
မထက်ထက်ဦးဝေ၊ ကိုဝင်းမြင့်မောင်နှင့် ကိုထွန်းထွန်းဝင်းတို့ ၃ ဦးသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ချီတက်ဆန္ဒပြရာမှ ရန်ကုန်မြို့ မြေနီကုန်း လွှတ်တော် အဆောက် အဦ အနီးတွင် အာဏာပိုင်များ၏ ဖမ်းဆီး ခံခဲ့ရသူများဖြစ်သည်ဟုလည်း အင်းစိန် ထောင်ဝန်ထမ်းများနှင့် နီးစပ် သူ က ဆိုသည်။
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း“သူတို့ကို မနေ့က အမိန့်ချလိုက်တယ်လို့တော့ ကြားတယ်၊ ကျနော်တို့ သတင်းအချက်အလက် အသေအချာမရသေးဘူး၊ မထက်ထက်ဦးဝေတို့ကို ဖမ်းတုန်းက အားလုံး ၁၀ ဦးလောက်ရှိတယ်၊ တခြားလူတွေပြန်လွှတ်လိုက်ပြီးတော့ သူတို့ ၃ ဦးလောက်ပဲ ကျန်တာ”ဟု ပြောသည်။
၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များကို ကူညီသည့် မယဉ်ယဉ် ၀ိုင်း၊ မတင်တင်ချို၊ ကိုမြတ်သူနှင့် မနီမိုလှိုင် တို့ ၄ ဦးကိုလည်း တရားမ၀င် အသင်းအဖွဲ့ အားပေးကူညီမှု ပုဒ်မ ၇ နှင့် ထောင်ဒဏ် ၃ နှစ် စီ အမိန့်ချလိုက်ကြောင်း သိရသည်။
တခြားသော နိုင်ငံရေးလှုပ်ရှားသူ ၆ ဦးကိုလည်း ထောင် ၂ နှစ်မှ ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု အထက်ပါ ထောင်ဝန်ထမ်းများနှင့်နီးစပ်သူက ပြောသည်။
“၆ ယောက် အုပ်စုက ကိုအောင်အောင်ကျော်၊ ကိုဇေယျာဦး၊ အဲဒီ ၂ ယောက်က ပုဒ်မ ၆ ၊ ပုဒ်မ ၅၀၅/ခ နဲ့ ၇ နှစ် ၊ ပြီးတော့ ကိုတင်ထွန်း၊ ကိုထင်အောင်၊ ကိုသန်းထွန်းဇင်၊ သူတို့ ၃ ယောက်က ပုဒ်မ ၆ နဲ့ ၅ နှစ်၊ နောက်ပြီး ၈၈ ကျောင်းသားဟောင်း အရင်က ထောင် ၇ နှစ် ကျဖူးတဲ့ ကိုမျိုးသန့် က ၅၀၅ / ခ နဲ့ ၂ နှစ် ချခံရတယ်”ဟု ၎င်းက ပြောပြသည်။
ကိုဇေယျာဦးသည် ၂၀၀၃ ခုနှစ် ၀န်းကျင်က စစ်အင်ဂျင်နီယာ ဗိုလ်သင်တန်း တက်ရောက်ရင်း အာဏာပိုင်များကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် ထောင် ၅ နှစ်ခန့် ချမှတ်ခံရဖူးကြောင်း၊ ကိုအောင်အောင်ကျော်သည်လည်း လက်ရှိ ကျောင်းဆရာ အလုပ်လုပ်ကိုင်နေရင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ၆ ဦးသည် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အဆက်အစပ်ရှိသူများဖြစ်ပြီး၂၀၀၈ ခု သြဂုတ်လ ၇ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟုလည်း ထောင်ဝန်ထမ်းများနှင့်နီးစပ်သူ က ဆိုသည်။
ယနေ့တွင် နာဂစ်မုန်တိုင်းဒဏ်ဖြင့် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို မြေမြှုပ် သင်္ဂြီုဟ်သောကြောင့် ဖမ်းဆီး ခံရသူများထဲမှ ဒေါက်တာနေ၀င်း ၊ မဖြိုးဖြိုးအောင်၊ ကိုအောင်ကျော်ဆန်း၊ ကိုသန့်စင်ဦး ခေါ် ဂျိန်း၊ ကိုရှိန်းရာဇာ ထွန်း၊ ကိုဘုန်းပြည့်ကြွယ် တို့ ၆ ဦးကို အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထုတ်ကြောင်း သိရသည်။
ယခုလအတွင်း၌ လေဖြတ်ထားသည့် တောင်ဒဂုန်မြို့သစ် မြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးကြည်လွင် အပါ အ၀င် အန်အယ်လ်ဒီ အဖွဲ့ဝင် ၄ ဦးခန့်ကိုလည်း စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
ပြီးခဲ့သည့် အပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတစောင် တင်သွင်းရာ တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြန်လွှတ်ပေးရန် ထည့် သွင်း ပြောဆိုခဲ့သည်။
ယင်း အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားပြီး နိုင်ငံရေး အမှုလိုက်ရှေ့နေများကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို မိသားစုနှင့် လွန်စွာ ဝေးသည့်ဒေသရှိထောင်များသို့ ပို့ဆောင်ခြင်း၊ မကြာသေးခင်က အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်ဟု ဆိုသော်လည်း နိုင်ငံရေး အကျဉ်းသား ၂၉ ဦးသာ ပါဝင်ခြင်း စသည့် အချက်များကိုလည်း ဖော်ပြ ထားသည်။
တချိန်တည်းတွင်ပင် နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှုကို ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(အက်ဖ်ဒီဘီ)နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း(အေအေပီပီ)တို့ ပူးပေါင်း ဦးဆောင်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မတ်လ ၁၃ ရက် မှ မေလ ၂၄ ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည်။
အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က“မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အလွန်ဆိုးဝါးပါတယ်၊ အဲဒီ ထောင်တွေထဲမှာရှိနေတဲ့ ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှား သူတွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးတွေလည်း ဆိုးဝါးနေပါတယ်၊ သူတို့တွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ လိုအပ်နေပါတယ်”ဟု ပြောဆိုသည်။
၂၀၀၇ ခု သြဂုတ်လတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၁၁၀၀ ခန့်သာ ရှိပြီး ယခုအခါ အနည်းဆုံး၂၁၀၀ ရှိသည့်အတွက် စစ်အစိုးရ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၂ ဆ ခန့်ရှိနေသည်ဟု ၎င်းတို့က ပြောဆိုသည်။

Monday, March 23, 2009
နိုင်ငံရေးသမား စာပေအနုပညာရှင် ဒေါ်ကြည်ဦး ကွယ်လွန်
ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သော စာရေးဆရာမကြီး ကြည်ဦး၏ ဈာပနကို စနေနေ့က ပြုလုပ်ရာ စာပေ အနုပညာ လောကနှင့် နိုင်ငံရေး လောကမှ ပရိသတ် ထောင်နှင့်ချီ၍ တက်ရောက် ခဲ့သည်။ ဒေါ်ကြည်ဦး (အသက် ၈၄ နှစ်) သည် သည်းခြေအိတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဒေါ်ကြည်ဦးသည် စာရေးဆရာကြီး နန်းညွန့်ဆွေ၏ ဇနီးဖြစ်သည်။ ဤ စာပေအနုပညာရှင် နှစ်ဦးက နာမည်ကျော် စွယ်စုံရ အနုပညာသည် ဇာဂနာကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။

“ဇာဂနာက သူ့အမေရဲ့ ပါရမီမျိုး ရခဲ့တယ်” ဟု ဆရာကြီး နန်းညွန့်ဆွေက ပြောပြသည်။ ၎င်းတို့၏ သားဖြစ်သူ ဇာဂနာသည် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ပြီး ယခုအခါ မြစ်ကြီးနားထောင်တွင် ရောက်ရှိနေသည်။ဒေါ်ကြည်ဦးသည် ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှုမှ ယနေ့ခေတ် ဒီမိုကရေစီအရေး လှုပ်ရှားမှုအထိ ပါဝင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
“အမေက သူယုံကြည်တာကို ဘယ်တော့မှ နောက်မဆုတ်ဘူး၊ မတရားမှုတွေကိုလည်း လက်မခံဘူး၊ အမြဲတမ်း မြန်မာပြည်သူတွေဘက်ကပဲ ရပ်တည်ခဲ့တယ်” ဟု ဒေါ်ကြည်ဦး၏ သားတဦးဖြစ်သူ ကိုတေဇက ပြောသည်။ သားသုံးဦးကိုလည်း ၎င်းကဲ့သို့ပင် ကျင့်ကြံနေထိုင်ရန် သွန်သင်ဆုံးမခဲ့သည်ဟု ဆိုသည်။
ဒေါ်ကြည်ဦးသည် နိုင်ငံရေးသမားတဦး ဖြစ်သော်လည်း မဂ္ဂဇင်း စာစောင်များတွင် နိုင်ငံရေးအပြင် ဘာသာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။
“ဒေါ်ကြည်ဦးက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ကဏ္ဍ အစုံ ရေးခဲ့တယ်” ဟု စာရေးဆရာကြီး ပါရဂူက ဧရာဝတီသို့ ပြောပြသည်။ ဇာဂနာ၏ မိခင် ဖြစ်သောကြောင့် ဒေါ်ကြည်ဦးရေးသားသည့်စာများကို အာဏာပိုင်တို့က ပိုမို စိစစ်ခဲ့ပုံရှိသည်ဟု ဆိုသည်။
ဒေါ်ကြည်ဦး၏ အမည်ရင်းမှာ ဒေါ်လှကြည် ဖြစ်သည်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဘ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့၏ သမီး ဖြစ်ပြီး ၁၉၂၅ ဇွန်လ ၂၃ ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် လူထု ပညာရေး ကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ၊ ယုဝတီဂျာနယ် တွင် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့သည်။၁၉၅၉ ခုနှစ်က ဖွဲ့စည်းခဲ့သည့် 'မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း' ကို စတင် တည်ထောင်သူတဦး ဖြစ်သည်။
ရာဇဝင်ထဲက တစ္ဆေများ၊ အမှတ်တရ ရွှေရုပ်လွှာများ အတွဲ ၁ နှင့် အတွဲ ၂၊ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ သစ်ပင်မျိုးစုံ ပုံပြင်များ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များကို ရေးသားပြုစုခဲ့သည်။
ဘတ္တိယဒေဝီ၊ မေ့ကွက်ကိုရှာ၊ ကိုကိုတို့ အရွယ် စသည့် ဝထ္တု သုံးအုပ်ကိုလည်း ရေးသားခဲ့သည်။ နောက်ဆုံး ရေးသားခဲ့သော စာအုပ်မှာ အရှင်ဖာဟီရန်၏ ဓမ္မခရီးစဉ် မှတ်တမ်း ဖြစ်သည်။
ဒေါ်ကြည်ဦး ရေးသားပြုစုခဲ့သော စာပေလက်ရာ ၃ဝဝ ကျော် ရှိသည်ဟု ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှ တာဝန်ရှိသူတဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို နှစ်ပေါင်းများစွာ ကူညီခဲ့သူအဖြစ်လည်း ထင်ရှားသည်။ ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခရောက်သူများကိုလည်း ကူညီခဲ့သူဖြစ်သည်။
(ဧရာဝတီသတင်းဌာန)
ဒေါ်ကြည်ဦးသည် စာရေးဆရာကြီး နန်းညွန့်ဆွေ၏ ဇနီးဖြစ်သည်။ ဤ စာပေအနုပညာရှင် နှစ်ဦးက နာမည်ကျော် စွယ်စုံရ အနုပညာသည် ဇာဂနာကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော ပန်းခြင်းကို သယ်ဆောင်လာသည့် ဦးကျော်သူ
“အမေက သူယုံကြည်တာကို ဘယ်တော့မှ နောက်မဆုတ်ဘူး၊ မတရားမှုတွေကိုလည်း လက်မခံဘူး၊ အမြဲတမ်း မြန်မာပြည်သူတွေဘက်ကပဲ ရပ်တည်ခဲ့တယ်” ဟု ဒေါ်ကြည်ဦး၏ သားတဦးဖြစ်သူ ကိုတေဇက ပြောသည်။ သားသုံးဦးကိုလည်း ၎င်းကဲ့သို့ပင် ကျင့်ကြံနေထိုင်ရန် သွန်သင်ဆုံးမခဲ့သည်ဟု ဆိုသည်။
ဒေါ်ကြည်ဦးသည် နိုင်ငံရေးသမားတဦး ဖြစ်သော်လည်း မဂ္ဂဇင်း စာစောင်များတွင် နိုင်ငံရေးအပြင် ဘာသာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။
“ဒေါ်ကြည်ဦးက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ကဏ္ဍ အစုံ ရေးခဲ့တယ်” ဟု စာရေးဆရာကြီး ပါရဂူက ဧရာဝတီသို့ ပြောပြသည်။ ဇာဂနာ၏ မိခင် ဖြစ်သောကြောင့် ဒေါ်ကြည်ဦးရေးသားသည့်စာများကို အာဏာပိုင်တို့က ပိုမို စိစစ်ခဲ့ပုံရှိသည်ဟု ဆိုသည်။
ဒေါ်ကြည်ဦး၏ အမည်ရင်းမှာ ဒေါ်လှကြည် ဖြစ်သည်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဘ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့၏ သမီး ဖြစ်ပြီး ၁၉၂၅ ဇွန်လ ၂၃ ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။

နာရေးကူညီမှုအသင်းမှ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ဆရာမကြီး ဒေါ်ကြည်ဦး၏ ဓာတ်ပုံကိုင်ဆောင်ထားစဉ်
ရာဇဝင်ထဲက တစ္ဆေများ၊ အမှတ်တရ ရွှေရုပ်လွှာများ အတွဲ ၁ နှင့် အတွဲ ၂၊ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ သစ်ပင်မျိုးစုံ ပုံပြင်များ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များကို ရေးသားပြုစုခဲ့သည်။
ဘတ္တိယဒေဝီ၊ မေ့ကွက်ကိုရှာ၊ ကိုကိုတို့ အရွယ် စသည့် ဝထ္တု သုံးအုပ်ကိုလည်း ရေးသားခဲ့သည်။ နောက်ဆုံး ရေးသားခဲ့သော စာအုပ်မှာ အရှင်ဖာဟီရန်၏ ဓမ္မခရီးစဉ် မှတ်တမ်း ဖြစ်သည်။
ဒေါ်ကြည်ဦး ရေးသားပြုစုခဲ့သော စာပေလက်ရာ ၃ဝဝ ကျော် ရှိသည်ဟု ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှ တာဝန်ရှိသူတဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို နှစ်ပေါင်းများစွာ ကူညီခဲ့သူအဖြစ်လည်း ထင်ရှားသည်။ ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခရောက်သူများကိုလည်း ကူညီခဲ့သူဖြစ်သည်။
(ဧရာဝတီသတင်းဌာန)
Tuesday, March 17, 2009
နိုင်ငံရေးသမား ၂၁ဝဝ ကို လွှတ်ရန် ကုလအရာရှိ တောင်းဆို
မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိသည့်အနက် အများစုမှာ အကျဉ်းနည်းဖြင့် လျှို့ဝှက် စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ အရာရှိကြီးတဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ယမန်နေ့က တင်သွင်းသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက် စုံစမ်း စစ်ဆေးခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာက ရေးသားခဲ့ခြင်း ဖြစ်သည်။
အရပ်သားများ လုပ်အားပေးနေရခြင်း၊ ထိုင်းမြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်း များစွာ ရှိခြင်းတို့ကိုလည်း အစီရင်ခံစာတွင် တွေ့ရသည်။
ကုလသမဂ္ဂ အရာရှိ၏ အစီရင်ခံစာနောက်ပိုင်းတွင် ဖိအားပေးမှု၊ အရေးယူမှုများ မတွေ့ရပါက အကျိုးရှိမည်မဟုတ်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာပြည် လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့် လေ့လာသူတဦးက ပြောလိုက်သည်။
“လူ့အခွင့်အရေးကောင်စီ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အရင်ကထက် ပိုတဲ့ အရေးယူ ဆောင်ရွက်မှုတွေ၊ နအဖကို ဖိအားပေးမှုတွေ မလုပ်ဘူးဆိုရင် ဒီ အစီရင်ခံစာက အကျိုးရှိမယ်လို့ ကျနော် မထင်ဘူး” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းက ဧရာဝတီသို့ ပြောပြသည်။
အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို ပြန်လည် သုံးသပ်ရန်လည်း တိုက်တွန်းထားသည်။ ဤသို့သော အကြံပြုချက်မျိုးကို အစီရင်ခံစာတွင် ထည့်သွင်းရေးသားခြင်းကြောင့် ယခင် လူ့အခွင့်အရေး ကိုယ်စားလှယ် ပီညဲရိုးနှင့် မစ္စတာ ကင်တာနာ၏ ချည်းကပ်ပုံများ ကွာခြားသည်ဟု ကိုအောင်မျိုးမင်းက ပြောသည်။
“မစ္စတာ ကင်တာနာက ဥပဒေပိုင်းဆိုင်ရာ ရှေ့နေတယောက် ဖြစ်တယ်။ အဲဒါကြောင့် သူ့ရဲ့ သုံးသပ်ချက်ကို ကြည့်မယ် ဆိုရင် တိုင်းပြည် တပြည်မှာ မတရား ဖမ်းဆီးမှုတွေ၊ မတရား ဖြစ်စေမှုတွေ ရှိနေသမျှ ကာလပတ်လုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိဦးမှာပဲ၊ အဲဒါကို ပြုပြင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကို သူ ထောက်ပြတာကတော့ မစ္စတာ ပီညဲရိုး နဲ့ ကွာပါတယ်” ဟု ကိုအောင်မျိုးမင်းက ဆိုသည်။
အစီရင်ခံစာတွင် နိုင်ငံရေးသမားများဘက်မှ ရှေ့နေလိုက်ပေးသူများကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို မိသားစုနှင့် လွန်စွာ ဝေးကွာသော ဒေသရှိ ထောင်များသို့ ပို့ဆောင်ခြင်း၊ မကြာသေးခင်က အကျဉ်းသား ၆၃၁၃ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည် ဆိုသော်လည်း ထိုအထဲတွင် နိုင်ငံရေးသမား ၂၉ဦးသာ ပါဝင်ခြင်း စသည့် အချက်များကိုလည်း ဖော်ပြထားသည်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို ကြိုဆိုသင့်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း၂၁ဝဝ မက ဆက်လက် အကျဉ်းကျနေဆဲ ဖြစ်သောကြောင့် တိုးတက်ဖြစ်ထွန်းမှုဟု မမြင်ပါကြောင်း မစ္စတာ ကင်တာနာက အစီရင်ခံချက်တွင် ထည့်သွင်းထားသည်။
စစ်အစိုးရ သံအမတ်ကြီးတဦးကမူ မြန်မာပြည်တွင် ယုံကြည်ချက်ကြောင် အကျဉ်းကျနေသူ မရှိပါဟု ရိုက်တာ သတင်းဌာနသို့ ယနေ့ ပြောကြားလိုက်သည်။
“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ မြန်မာပြည်မှာ မရှိပါဘူး။ တကယ်တော့ ဒီအကျဉ်းသားတွေဟာ မြန်မာပြည်ရဲ့ လက်ရှိ ဥပဒေတွေကို ချိုးဖောက်လို့ အကျဉ်းကျနေတဲ့ သူတွေသာ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး ကောင်စီ အခြေစိုက်ရာ ဆွစ်ဇာလန်ရှိ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးဝဏ္ဏမောင်ဝင်းက ပြောသည်။
(ဧရာဝတီသတင်းဌာန)

လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တာနာ (ဓာတ်ပုံ - အေပီ)

Monday, March 16, 2009
မြစ်ဝကျွန်းပေါ်မှာ ပြည့်တန်ဆာ ပိုများလာ
နာဂစ်မုန်ုတိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော လပွတ္တာ မြို့နယ်တွင် ယခုအခါ ပြည့်တန်ဆာ လုပ်ငန်းများ ကြီးထွားလာပြီး ဒေသခံများသာမက မြောင်းမြနှင့် ပုသိမ်မှ ပြည့်တန်ဆာ များပါ လပွတ္တာသို့ ရွှေ့ပြောင်း လုပ်ကိုင် လာကြ ကြောင်း ဒေသခံများထံမှ သိရသည်။
နာဂစ်မုန်တိုင်း မဖြစ်ပွားခင်ကပင်၊ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် လပွတ္တာမြို့တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတို့ များပြားခဲ့ပြီး နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ပြည့်တန်ဆာအဖြစ် အသက်မွေး ၀မ်းကြောင်း လုပ်ကိုင်သည့် အမျိုးသမီး အရေအတွက် ပိုများလာပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းများ ပိုမို တွေ့လာရကြောင်း လပွတ္တာမြို့နယ်တွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူများက ပြောသည်။
“လပွတ္တာမှာ အရင်က မိသားစုတည်းခိုခန်းတို့၊ မြနန်းသစ္စာ တည်းခိုခန်းတို့၊ ဧရာစတား တည်းခိုခန်းတွေနဲ့ တခြား တည်းခိုခန်းတွေမှာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ ပြည့်နေခဲ့တာ။ အခု ဒီ တည်းခိုခန်းတွေကို ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ငှားထားတော့ ပြည့်တန်ဆာလုပ်ငန်းတော့ မလုပ်ကြဘူး။ ဒါပေမယ့် လူအ၀င်အထွက် များတော့ ပြည့်တန်ဆာလုပ်ငန်း ပိုများလာတယ်” ဟု စွမ်းအားရှင်တဦးဖြစ်သူ ရန်ကုန် - လပွတ္တာ ကားဂိတ်အနီးရှိ ဆိုင်ကယ်တက္ကစီဂိတ်မှ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောပြသည်။
ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူများနှင့် ဆိုက်ကားသမားတချို့မှာ ပြည့်တန်ဆာခေါင်းများနှင့် ဆက်သွယ်ပြီး ပျော်ပါးလိုသူများ ရှာဖွေပေးခြင်းကို အလုပ်တခုသဖွယ် လုပ်ကိုင်လာ သကဲ့သို့ ပြည့်တန်ဆာများကို သယ်ယူပို့ဆောင် ပေးခြင်းများ လုပ်ကိုင်လာကြကြောင်း လပွတ္တာမြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“မြောင်းမြက ပြည့်တန်ဆာတွေ၊ ပုသိမ်က ပြည့်တန်ဆာတွေလည်း လပွတ္တာကို ဆင်းလာကြတယ်” ဟု လပွတ္တာမြို့ခံ ကဏန်းလုပ်ငန်းရှင်တဦးက ပြောသည်။
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူအများစုသည် လပွတ္တာမြို့နယ်ရဲများကို လိုင်းကြေးပေးကြရပြီး လပွတ္တာမြို့ပေါ် ၁ ရပ်ကွက် စည်ပင်သာယာ ဘုန်းကြီး ကျောင်းအနီး၊ ရေကန်ကြီးဘေးရှိ ထန်းပင်စုဟု ခေါ်ဆိုသည့် နေရာတွင် ပြည့်တန်ဆာတန်း တခုသဖွယ် ဖြစ်ထွန်းနေကြောင်း လပွတ္တာ ဒေသခံများ၏ အဆိုအရ သိရသည်။
“၁ ရပ်ကွက် ရေကန်ဘေးက တဲတွေမှာ ပြည့်တန်ဆာလုပ်ကြတဲ့ အမျိုးသမီးတွေ များတယ်။ ကန်ဘောင်ဘေးမှာ အဲဒီ တဲလေးတွေမှာပဲ ပြည့်တန်ဆာ အမျိုးသမီးတွေနဲ့ ပျော်ပါးလို့ရတယ်” ဟု အသက် ၄၅ နှစ်အရွယ် လပွတ္တာမြိုခံ ဆိုင်ကယ်ကယ်ရီသမား တဦးက ပြောသည်။
လပွတ္တာမြို့ပေါ်တွင် ပြည့်တန်ဆာများနှင့် ပျော်ပါးသည့် ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး ယခင်က တကြိမ်ပျော်ပါးလျှင် ငွေ ၂၀၀၀ ကျပ်၊ တညတာ ပျော်ပါးလျှင် ၈၀၀၀ ကျပ်သာရှိခဲ့ သော်လည်း ယခုအခါ တကြိမ် ပျော်ပါးလျှင် ငွေ ၃၅၀၀ ကျပ်၊ တညတာပျော်ပါးလျှင် ငွေ ၂၀၀၀၀ ကျပ် ပေါက်ဈေး ရှိလာကြောင်း သိရှိရသည်။
“မြောင်းမြနဲ့ ပုသိမ်က ပြည့်တန်ဆာတွေဆိုရင် တည်းခိုခန်းမှာတည်းပြီး ဖောက်သည် ရှာကြတယ်။ လပွတ္တာမှာ ရတဲ့ကြေးက မြောင်းမြနဲ့ပုသိမ်မှာရတဲ့ ကြေးထက် အများကြီးမြင့်လို့” ဟု လပွတ္တာ ၉ ရပ်ကွက်နေ လူငယ် တဦးက ပြောသည်။
ပြည့်တန်ဆာများနှင့် ပျော်ပါးကြသူများတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၌ အလုပ် လုပ်ကြသည့် အမျိုးသား များလည်း ပါဝင်ပြီး ရေလုပ်သားများ၊ အလုပ်ကြမ်း အလုပ်သမားများ အပါအ၀င် လူတန်းစားအသီးသီး ပါဝင်ကြောင်း ဒေသခံများ၏အပြောအရ သိရသည်။
“နာဂစ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတယ်။ ရွာတွေမှာ မိန်းမသေသွားတဲ့ ယောက်ျားက တော်တော်များတယ်။ အဖွဲ့အစည်းတွေမှာ လုပ်ကြတဲ့ အမျိုးသားတွေလည်း တော်တော် များများ ရှိနေတာ ကြောင့် လပွတ္တာရဲ့ ပြည့်တန်ဆာလုပ်ငန်းက ကြီးထွားလာတာ” ဟု လပွတ္တာမြို့ခံ စီးပွားရေးသမား တဦးက ရှင်းပြသည်။
ယခုလက်ရှိ အခြေအနေတွင် လပွတ္တာမြို့တွင် ပြည့်တန်ဆာ လုပ်ငန်း ကြီးထွားလာမှုနှင့် အတူ ခုခံအားကျဆင်းမှု ရောဂါ ကူးစက်နိုင်မှု အခြေအနေ မှာလည်း စိုးရိမ်စရာ ကောင်းလောက်သော အခြေအနေတွင် ရှိကြောင်း ခုခံအား ကျဆင်းမှုရောဂါ ပညာပေးရေး အဓိကလုပ်ဆောင်နေသော လပွတ္တာမြို့နယ်အခြေစိုက် ဆွစ်ဇာလန် AFXB အဖွဲ့မှ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်း တဦးက ပြောသည်။
“လပွတ္တာမြို့နယ်မှာ လာနေကြတဲ့ သူတွေကလည်း ရပ်ဝေးက၊ ပြည့်တန်ဆာတွေကလည်း ရပ်ဝေးရပ်နီး အကုန်ပဲ။ သူတို့နဲ့ ပျော်ပါးကြတဲ့ သူတွေက လပွတ္တာမှာတင် နေကြတာမဟုတ်ဘူး၊ သူတို့ရဲ့ နေရပ်ရင်း ဒေသတွေဆီ ပြန်သွားကြတာဆိုတော့ လပွတ္တာက ခုခံအားကျဆင်းမှုရောဂါ ဖြန့်ဖြူးတဲ့ ဆုံရပ်ကြီးတခုလို ဖြစ်လာတယ်။ ဒါ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ” ဟု AFXB ၀န်ထမ်းကသုံးသပ်ပြောပြသည်။
ပြည့်တန်ဆာ လုပ်ကိုင်ကြသည့် အမျိုးသမီးများတွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးများ ပါဝင်လာပြီး တချို့မှာ နာဂစ်မုန်တိုင်းကြောင့် မိဘဆွေမျိုးသားချင်း သေဆုံးသွားကြသည့် အမျိုသမီးငယ်များ ဖြစ်ကြောင်း လည်း စုံစမ်းသိရှိရသည်။
(ဧရာဝတီသတင်းဌာန)

နာဂစ်ဆိုင်ကလုန်းဒဏ် ခံရပြီးနောက် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးနေသည့် လပွတ္တာမြို့လယ် မြင်ကွင်း (ဓာတ်ပုံ - Katherine.Neumann)

ဒီချုပ်အဖွဲ့ဝင်များ ဆက်တိုက် အဖမ်းခံနေရ
ပြည်ပအခြေစိုက် လူ့အခွင့်အရေး အဖွဲ့များက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်နေသော်လည်း စစ်အစိုးရက ယခုလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)အဖွဲ့ဝင်များကို ဖမ်းဆီး မှုများ ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။
ယမန်နေ့ည ၁ နာရီ ခွဲက တောင်ဒဂုန်မြို့သစ် မြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးကြည်လွင်ကို စစ်အာဏာပိုင် များ က နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
“မနေ့ညက ည ၁နာရီခွဲလောက်က ၊ အိမ်မှာလာ ဖမ်းတာ၊ လာဖမ်းတာက အက်စ်ဘီက၊ သူကလည်း အန်အယ်လ်ဒီ အဖွဲ့ဝင်ပဲ၊ ကျန်းမာရေးကလည်း မကောင်းဘူး၊ လေလည်းဖြတ်ထားတယ်”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောပြသည်။
၎င်း အသက် ၅၀ ၀န်းကျင်ရှိ ဦးကြည်လွင်သည် လက်ရှိတွင် လေဖြတ်ထားပြီး ကျန်းမာရေးမကောင်းသည့် အတွက် ယခင်မြို့နယ်စည်းရုံးရေး တာဝန်မှ သာမန်အဖွဲ့ဝင်အဖြစ်နှင့်သာ နေသူတဦး ဖြစ်သည်ဟုလည်း ဆို သည်။
ပြီးခဲသည့် သောကြာနေ့ ညနေပိုင်းကလည်း အန်အယ်လ်ဒီ လူမှုအထောက်အကူပြုအဖွဲ့မှ မချို ခေါ် ဒေါ်မြင့်မြင့်စန်း ကို အာဏာပိုင်များက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင်နေထိုင်သည့် အဆိုပါ မချိုကို အာဏာပိုင်များက လမ်းတွင်ပင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် မည်သည့် အတွက်ဖမ်းဆီးသည်ကို မသိရှိရကြောင်း ဦးဉာဏ်ဝင်း ကပြောဆိုသည်။
“အမှန်ပြောရင် ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျနော်တို့ မသိဘူး၊ ကျနော်မြင်တာကတော့ သူဟာ လူမှု အထောက် အကူအဖွဲ့က ငွေစာရင်းတွေကို ကိုင်တယ်၊ လူတွေကို စိစစ်တယ်၊ ငွေတွေ ထုတ်ပေးတယ်၊ သူလုပ်နေတဲ့ အလုပ်မှာတော့ အမှားအယွင်း ဘာမှ ကျနော်တို့ မကြားဖူးဘူး၊ မတွေ့ဖူးဘူး”ဟု ၎င်းက ဆိုသည်။
ယင်းအန်အယ်လ်ဒီ လူမှုအထောက်အကူပြုအဖွဲ့သည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတ၀န်းရှိ နိုင်ငံရေး အကျဉ်းသားများကို အကူအညီ အထောက်အပံ့ ပေးနေသည့် အဖွဲ့ဖြစ်သည်။
ယခုအဖမ်းအဆီးခံ မချိုမှာ နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့မှုပြုလုပ်ပေးနေသူ တဦးဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ကလည်း ပြော သည်။
“သူက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေက ထောင်ဝင်စာသွားတွေ့တဲ့အခါမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ငွေကြေး အကူအညီတွေ ပေးနေသူဖြစ်ပါတယ်”ဟု အေအေပီပီ မှ ကိုအောင်ကျော်ဦး က ပြောဆိုသည်။
ယခုလဆန်း ၆ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုစိန်လှိုင်နှင့် လှိုင်မြို့ နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုရွှေဂျိုး တို့ကို ညအချိန် ၎င်းတို့၏ နေအိမ်များတွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့သည်။
တချိန်တည်းတွင်ပင် နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှုကို ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(အက်ဖ်ဒီဘီ)နှင့် အေအေပီပီတို့ ပူးပေါင်း ဦးဆောင်၍ မြန်မာ နိုင်ငံ လူ့အခွင့်အရေးနေ့ မတ်လ ၁၃ ရက် မှ မေလ ၂၄ ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည်။

Saturday, March 14, 2009
အရှင်ဂမ္ဘီရ၏ မိသားစုဝင်များကို ထောင်ချ
စစ်အစိုးရက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ထားသော အရှင်ဂမ္ဘီရ၏ ညီနှင့် ညီမ မခင်သူဌေး၏ ခင်ပွန်းဖြစ်သူတို့ အပါအ၀င် ၆ ဦးကို ယမန်နေ့က ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။
အဆိုပါ ၆ ဦးစလုံးကို မြောက်ဒဂုံမြို့နယ် တရားရုံးက နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်သည်ဟု မခင်သူဌေးက ပြောပြသည်။
“အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်စီချလိုက်တာပါ၊ ၆ ယောက်လုံး ၁၃/၁ ပါ၊ ပြစ်ဒဏ် အတူတူပဲ”ဟု မခင်သူဌေးက ဧရာဝတီ သို့ ပြောသည်။
ထောင်ဒဏ်ချခံရသူ ၆ ဦးမှာ အရှင်ဂမ္ဘီရ၏ ညီ အသက် (၂၇)နှစ်ရှိ ကိုအောင်ကိုကိုလွင်၊ မခင်သူဌေး၏ ခင်ပွန်း ကိုမိုးထက်လျှမ်း (၂၇)နှစ်၊ ကိုကျော်မျိုးဆက်၊ ကိုလှိုင်မျိုး၊ ကိုစိုးလွင်နှင့် ကိုရဲညွန့် တို့ဖြစ်သည်။
၎င်းတို့အား အရှင်ဂမ္ဘီရ၏ ဆွေမျိုးသားချင်း တော်စပ်သူများဖြစ်၍ အငြိုးဖြင့် ဖမ်းဆီးအပြစ်ဒဏ်ချခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း မခင်သူဌေးက ပြောသည်။
“သူတို့က ဘာမှလည်း လုပ်ခဲ့တာလည်း မဟုတ်ဘူး၊ သူတို့တွေက ဘာမှနိုင်ငံရေးလုပ်တာလည်း မဟုတ်ဘူး၊ နားလည်း လည်တာမဟုတ်ဘူး၊ ဦးပဉ္ဖင်း ဦးဂမ္ဘီရရဲ့ ဆွေမျိုးတွေဆိုပြီးတော့ အငြိုးတကြီးနဲ့ လုပ်လိုက်တာ လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
ယခု ပြစ်ဒဏ်ချခံရသူများကို ၂၀၀၈ ခု နှစ် စက်တင်ဘာ ၉ ရက်က သံဃာ့တပ်ပေါင်းစု နှစ်ပတ်လည်နေ့ နှင့် ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်အဖြစ် အမှတ်တရ မိုးပျံပူဖောင်များ လွှတ်တင်ရန် စီစဉ်မှုနှင့် ပတ် သက်ပြီး ကြိုတင် သတင်း ရ၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒါကို ကြိုတင်သတင်းရလို့ ဖမ်းတာတဲ့၊ တကယ် ပုဒ်မတပ်တော့ နယ်စပ်ဖြတ်ကျော်မှုနဲ့ တပ်တာ၊ သူတို့ စွပ်စွဲတာက ထိုင်းနယ်စပ် မဲဆောက်မြို့ကို သွားလို့၊ သင်တန်းတက်လို့တဲ့၊ ဒါပေမယ့် သူတို့ တင်တဲ့ သက်သေ အထောက်အထားတွေက ဘာတခုမှ မခိုင်လုံဘူး”ဟု မခင်သူဌေးက ပြောဆိုသည်။
ယင်းအမှုကို အမိန့်ချမည့် တရားသူကြီးအား သက်ဆိုင်ရာ အထက်အာဏာပိုင်များက ဖိအားပေးမှု ရှိခဲ့သည် ဟုလည်း ဆိုသည်။
“တရားသူကြီးကလည်း အမှန်အတိုင်း ဖြစ်စေရမယ်လို့ ပြောတယ်၊ အဲဒါ ချုပ်ရက်နဲ့ပဲ ပြတ်ဖို့၊ အခု ၁၁ ရက်နေ့က အမိန့်ချဖို့ကို တရားသူကြီး ဒေါ်မြမြဆွေကို ရန်ကုန်တိုင်းကို ခေါ်တယ်၊ တရားသူကြီးချုပ် ဦးအောင်တိုး နေရာကို ရောက်လာတဲ့ ဦးအောင်ခင်တင့် လားမသိဘူး၊ သူကနေ ခေါ်ပြီး ဖိအားပေးတယ်၊ အဲဒီနေ့က ဒေါ်မြမြဆွေ တနေ ကုန် အစည်းအဝေးတက်ရတယ်၊ ကျမတို့လည်း စောင့်တာ ညနေစောင်းမှ ပြန်လာတယ်၊ နောက်နေ့မှ အမိန့်ချ မယ်တဲ့၊ အဲဒါ မနေ့ မနက် ၁၀ နာရီလောက်မှာ အမိန့်ချတယ်”ဟု မခင်သူဌေးက ရှင်းပြသည်။
တရားသူကြီး က ၎င်း အနေနှင့် စိတ်မကောင်းကြောင်း၊ ယခုချမှတ်လိုက်သည့် အမိန့်နှင့်ပတ်သက်ပြီး မကျေနပ်ပါက အယူခံဝင်နိုင်သည်ဟု ပြောကြားကြောင်းလည်း သိရသည်။

Friday, March 13, 2009
၂ နှစ်အတွင်း အကျဉ်းသားအရေအတွက် ၂ ဆ တိုး
နိုင်ငံရေး အကျဉ်းသား အရေအတွက်သည် မြန်မာပြည်တွင် ၂၀၀၇ သြဂုတ်လမှ စတင်ပြီး နှစ်ဆ တိုးတက်လာသည်ဟု ယနေ့စတင်သည့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်သူများက ပြောကြားလိုက်သည်။
“နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်မပေးဘူး ဆိုရင် မြန်မာပြည်ထဲမှာ ငြိမ်းချမ်းရေး၊ အေးချမ်းတည်ငြိမ်ရေး ဆိုတာလည်း ရှိမှာမဟုတ်ဘူး” ဟု အဆိုပါလှုပ်ရှားမှုတွင် ခေါင်းဆောင် ပါဝင်သူ တဦးဖြစ်သည့် မခင်ဥမ္မာက ဧရာဝတီသို့ ပြောပြသည်။
လူ့အခွင့်အရေး အဖွဲ့များ၏ အဆိုအရ မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အရေအတွက်မှာ အနည်းဆုံး၂၁၀၀ ရှိသည်ဟု ဆိုသည်။ ၂၀၀၇ သြဂုတ်လတွင် ၁၁၀၀ ခန့်သာ ရှိသည်ဟု သိရသည်။
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ယနေ့မှ စတင်ပြီး နိုင်ငံတကာတွင် ပြုလုပ်သွားမည် ဖြစ်ရာ လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုတရပ် ပါဝင်သည်။ လက်မှတ်ပေါင်း ၈၈၈ ၈၈၈ ခု ရရှိအောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ ဘန်ကောက် နှင့် ချင်းမိုင်မြို့ကြီးများတွင် အဆိုပါ လှုပ်ရှားမှုကို စတင် ဆောင်ရွက်လျက် ရှိသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရခိုင်တိုင်းရင်းသားများကလည်း ဒက္ကားမြို့တော်တွင် ယနေ့ စုဝေးခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုများ အစပြုကြသည့် ယနေ့ မတ်လ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ်လည်း ထင်ရှားသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံများက ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ စတင်ပြီး လူ့အခွင့်အရေးနေ့ကို ကျင်းပခဲ့ကြသည်။ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ပစ်သတ်ခံခဲ့ရသည့် ပထမ နှစ်ပတ်လည်နေ့တွင် ထိုသို့ ကျင်းပခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်မည်ဟု ဆိုသည်။ ထိုနေ့သည် ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာရမည့်နေ့ ဖြစ်သည်။
ကောက်ခံရရှိသည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံသို့ ပေးပို့မည်ဟု မခင်ဥမ္မာက ပြောပြသည်။ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသော ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များ ပိုမို ထိရောက်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်လတွင် စစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို ထောင်မှ လွှတ်ပေးခဲ့သည်။ သို့သော်လည်း ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၄ ဦးသာ ပါဝင်သည်ဟု ထိုင်းမြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ဆိုသည်။

အဓမ္မလုပ်အားပေး ခိုင်းမှုကြောင့် ရွာသား ၃ ဦး သေဆုံး
ပဲခူးတိုင်း ဒိုက်ဦးနှင့် ကျောက်တံခါး မြို့နယ်တို့တွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုကြောင့် ဒေသခံ ကျေးရွာသား ၃ ဦး အသက်ဆုံးရှုံး ခဲ့ရသည်ဟု လူမှုရေးနှင့် အလုပ်သမားရေးရာ ဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့ က ပြောသည်။
အာဏာပိုင်များက ကျောင်းနှင့် အစိုးရရုံးများတည်ဆောက်ရန် ဒေသခံရွာသားများကို သဲနှင့်ကျောက် ထုတ် လုပ်ရေးလုပ်ရန် ခိုင်းစေရာက သေဆုံးမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုများကို စောင့်ကြည့်လေ့လာမှတ်တမ်းတင်နေသည့် ယင်းအဖွဲ့က ပြောဆိုသည်။
“ပဲခူးတိုင်းထဲမှာ ဒေသခံ အာဏာပိုင်တွေက အဓမ္မလုပ်အားပေးခိုင်းစေတာ ရှိနေတုန်းပဲ” ဟု လမ်းပြကြယ် အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဂွေးချိုကုန်းရွာမှ ကိုမင်းဦးနှင့် ကိုမြင့်အောင်တို့ ညီအစ်ကို နှစ်ဦးသည် ဂွေးချိုကုန်းရွာမှ တမိုင်ခန့်အကွာ ဘုရားကြီး၌ အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သဲပြို ပြီး သေဆုံးသွားကြောင်း ၎င်းက ပြောပြသည်။
ကျေးရွာအာဏာပိုင်များက ကိုမင်းဦး(အသက် ၃၀ နှစ်)နှင့် ကိုမြင့်အောင်(အသက် ၂၂ နှစ်) တို့ကို ဂွေးချို ကုန်းရွာ အစိုးရစာသင်ကျောင်းဆောက်လုပ်ရေးတွင်တာဝန်ချထားပြီး သဲများစုဆောင်းစေခဲ့သည်ဟု ဆို သည်။
“သဲပုံတဲ့နေရာမှာ သူတို့ သေတာပဲ၊ သဲပုံကြီးပြိုပြီး နှစ်ယောက်လုံးသေတာ”ဟု ဦးအေးမြင့် က ပြောသည်။
ဒိုက်ဦးမြို့နယ် ကျောက်တလုံးကျေးရွာနေ စောဖာလူ(အသက် ၅၄နှစ်)သည်လည်း ပဲခူးရိုးမပေါ်တွင် ကျောက် ထုတ်လုပ်ရေးအတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် သေဆုံးသွားရသည်ဟု ၎င်းက ဆိုသည်။
“စောဖာလူက ကျောက်တုံးပိလို့ ဇန်န၀ါရီ ၂၉ ရက်နေ့က သေဆုံးသွားတယ်”ဟု ဦးအေးမြင့် က ပြောသည်။
ကျေးရွာအာဏာပိုင်များက ကျန်ရစ်သူမိသားစုများသို့ လျော်ကြေးတစုံတရာ ပေးခြင်းမရှိကြောင်းလည်း သိရသည်။
ယခု အဖြစ်အပျက်များကို ရန်ကုန်အခြေစိုက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) ရုံးသို့ ဦးအေးမြင့်က တိုင်ကြားထားသည်ဟု ပြောသည်။
“အိုင်အယ်လ်အိုက ပြည်ပအခြေစိုက် မီဒီယာတွေကို မပြောစေချင်ဘူး”ဟု ဦးအေးမြင့် ကဆိုသည်။
အလားတူပင် လယ်သမားများနှင့် အလုပ်သမားရေးရာ အမှုကိစ္စများကို လိုက်ပါဆောင် ရွက်ပေးနေသူ ရှေ့နေကိုဖိုးဖြူကိုလည်း ဇန်နဝါရီလအတွင်း၌ အာဏာပိုင်များက မကွေးမြို့နယ် ရဲစခန်းတွင်ဖမ်းဆီး ထားခဲ့သည်။
ကိုဖိုးဖြူ မိသားစုနှင့် နီးစပ်သူ တဦးက“မကွေးခရိုင်တရားရုံးက အသင်းအဖွဲ့ပုဒ်မ (၆)နဲ့ တရားစွဲထားတယ် လို့ကြားတာပါ၊ သူ့မိသားစုကိုလည်း မေးလို့မရတော့ သတင်းအတိအကျမသိသေးဘူး”ဟုပြောသည်။
ကိုဖိုးဖြူသည် ဒေသအာဏာပိုင်များက ဖမ်းဆီးထားသော မကွေးတိုင်း နတ်မောက်မြို့နယ်တွင်းရှိ လယ် သမား များအတွက် ရှေ့နေလိုက်ပါပေးခဲ့သူဖြစ်သည်။ လယ်သမားများက သူတို့၏ လယ်ယာမြေများ အသိမ်း ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ အိုင်အယ်လ်အို ရုံးသို့ တိုင်ကြားခဲ့သည်။

Thursday, March 12, 2009
နာဂစ် ဒုက္ခသည် ကူညီသူကို ထောင် ၁၇ နှစ်ချ
စစ်အစိုးရက ဖမ်းဆီးထားသည့် နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ပြုလုပ်သူ ကိုမင်းသိန်းထွန်းကို ယမန်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက် ကြောင်း မိသားစု ၀င်များနှင့် ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။
ကိုမင်းသိန်းထွန်းကို အီလက်ထရွန်နစ် ပုဒ်မ ၃၃/က ၊ နယ်စပ်ဖြတ်ကျော် ပုဒ်မ ၁၃/၁ နှင့် တရားမ၀င် အဖွဲ့ အစည်း ဆက်သွယ် ပုဒ်မ ၁၇/၁ စသည့် ပုဒ်မ ၃ ခု ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ခြင်း ဖြစ် သည်ဟု အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူ တဦးက ပြောသည်။
“အဲဒီ ၃ မှု နဲ့ ထောင် ၁၇ နှစ် ချလိုက်တယ်၊ တပေါင်းတည်း ပုံစံမျိုး၊ ရှေ့နေလည်း မရှိဘူး၊ မိသားစုလည်း မ၀င်ရ ဘူး၊ မိသားစုက လာစောင့်တယ် ၀င်ခွင့်မရဘူး၊ အမိန့်ချလိုက်တယ်ပဲ သူတို့ သိရတာ”ဟု ၎င်း က ပြောသည်။
ယင်း ကိုမင်းသိန်းထွန်းကို ၂၀၀၈ ခုနှစ် ဇွန်လ အတွင်း၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် ၂ လ ခန့် စစ်ကြောခဲ့ပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
“သူ့အိမ်ကိုလာစစ်သွားတာက ၁၁ - ၇ - ၂၀၀၈ မှာ၊ မိဘတွေက အဲဒီအချိန် အဖမ်းခံလိုက်ရမှန်းမသိဘူး၊ မိဘ တွေ အိမ်ကို လာရှာတဲ့ အချိန်မှာ ဖမ်းထားပြီးနေပြီ၊ သက်သေခံ ဘာတွေရှိမလဲဆိုပြီးတော့ လာရှာကြတာ၊ ဘာမှ အထောက်အထား မတွေ့သွားဘူး၊ ၁၆ - ၉ -၂၀၀၈ မှာ သူ့ကို အောင်သပြေ စစ်ကြောရေးကနေ အင်းစိန်ထောင် ကို ပို့လိုက်တာ”ဟုလည်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူက ပြောဆိုသည်။
ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေရင်း မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် နှစ် မေလ က နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသော ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပစ္စည်းများပေးပို့ နေရာမှ မြန်မာပြည်တွင်းသို့ ကိုယ်တိုင်ဝင်ရောက်လာစဉ် နယ်စပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် တနင်္လာနေ့ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် မချိုနှင့် မသိင်္ဂီ တို့ကို အင်းစိန်ထောင်တွင်းအထူး တရားရုံးမှာပင် တရားမ၀င် အဖွဲ့အစည်း ဆက်သွယ် ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။
ယင်း မချိုနှင့် မသိင်္ဂီ တို့သည်လည်း နာဂစ် ဆိုင်ကလုန်းနောက်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

Friday, March 06, 2009
ကြံ့ဖွံ့ ပါတီထောင်တော့မည်
မြန်မာ စစ်အစိုးရ၏ အဓိက အားထားရာ၊ အရပ်သား အဖွဲ့အစည်း ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့)က ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီထူထောင်မည်ဟူသည့် သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
အကယ်၍ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက သင်္ကြန် နှစ်သစ်ကူး ပွဲတော်မတိုင်မီ ထုတ်ပြန်လိုက်လျှင် ကြံ့ဖွံ့အသင်းကလည်း နိုင်ငံရေးပါတီတခုအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာတော့မည် ဖြစ်ကြောင်း ၎င်းအသင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ ကြားသိရသည်။
မြန်မာနိုင်ငံတဝန်းရှိ ကြံ့ဖွံ့အသင်းဝင်များမှာ နိုင်ငံရေးပါတီအဖြစ် အသွင်ကူးပြောင်းရေးအတွက် ကြိုတင် ပြင်ဆင်လျှက်ရှိပြီး ပါတီ၏ အမည်ကိုမူ ယခုထိ အတည်မပြုရသေးကြောင်း ဝါရင့်ကြံ့ဖွံ့အသင်းဝင် တဦးက ပြောသည်။
ကြံ့ဖွံ့အသင်းမှာ နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲ ဝင်မည်ဖြစ်သော်လည်း အစိုးရမဟုတ်သော လူထုကိုယ်စားပြုသည့် အသင်း အဖြစ်လည်း ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းစာရင်းပေါက်သူများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို ကြံ့ဖွံ့အသင်းက ဦးဆောင် စာရင်းပြုစုလျှက်ရှိသည်ဟုလည်း သတင်းရရှိသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် အခြေခံဥပဒေမူကြမ်းအရ ဆိုလျှင် လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်တွင် နေရာပေါင်း ၄၄၀ သာ ရှိတော့မည်ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်၏ နေရာပေါင်း ၃၃၀ သို့မဟုတ် လေးပုံ သုံးပုံကိုသာ ပြည်သူများက ရွေးချယ်ခွင့်ရမည်ဖြစ်ပြီး ကျန်သည့် ၁၁၀ သို့မဟုတ် လေးပုံတပုံမှာမူ ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုသူများ အတွက်သာ ဖြစ်နေပေလိမ့်မည်။
၁၉၉၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်မည့် မဲဆန္ဒနယ် ၁၆၂ နေရာ လျော့ပါး သွားမည်ဖြစ်သည်။
ကြံ့ဖွံ့အသင်းမှ နိုင်ငံရေးပါတီဖွဲ့၍ ရွေးကောက်ပွဲဝင်မည့်သူများမှာ လူထုက ယုံကြည်လေးစားသည့် လူထု ထဲမှ လာသူများ ဖြစ်သော်လည်း ထိုအထဲမှ တချို့မှာ အမှန်တကယ် ကြံ့ဖွံ့အသင်းဝင်များ မဟုတ်ကြောင်း ၎င်း အသင်းနှင့် နီးစပ်သူ တဦးကပြောသည်။
“ဝင်အရွေးခံမယ့် ပုဂ္ဂိုလ်တွေက အခြေခံအားဖြင့် လူထုက တကယ်လေးစား ယုံကြည်တဲ့သူတွေ ဖြစ်ရမယ်၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့သူတွေ မဖြစ်ရဘူး၊ သူတို့ရဲ့ အပြုအမူတွေက ကောင်းမွန်ရမယ်၊ အကျင့် စာရိတ္တကောင်းမွန်ရမယ်၊ ပြီးတော့ စီးပွားရေးတောင့်တင်းတဲ့ သူတွေဖြစ်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။ ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အဖွဲ့ဝင်များ အနေနှင့် နိုင်ငံရေးနှင့် စီးပွားရေးအမြင် ရှိရမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို ဦးတည်သည့် ယခုကာလတွင် စစ်အစိုးရက ပြည်သူလူထုအတွက်ဟု ကြွေးကြော်ကာ လမ်းတည်ဆောက်ပေးခြင်း အစရှိသည့် ဖွံ့ဖြိုးရေးအစီအစဉ်များကို ပြုလုပ်ပေးနေကြောင်း ကြေညာလျှက်ရှိသည်။
ကြံ့ဖွံ့အသင်းအနေနှင့်လည်း အသေးစားချေးငွေများကို ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ဒဂုံမြို့သစ် အစရှိသည့် ဆင်းရဲသားရပ်ကွက် များရှိ အခြေခံ လူတန်းစားများအား ထုတ်ချေးပေးလျှက်ရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောသည်။
၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်က ပါတီဝင်များသာ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်နိုင်ခဲ့သည်။

Tuesday, March 03, 2009
မြစ်ဝကျွန်းပေါ်တွင် သောက်ရေရှားပါး
လွန်ခဲ့သည့် ၁၀ လက နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သော မြစ်ဝကျွန်းပေါ်ဒေသတွင် သောက်သုံးရေ ရှားပါးနေကြောင်း ဒေသခံများနှင့် နာဂစ် မုန်တိုင်း အကူအညီပေးရေး အဖွဲ့များက ပြောသည်။
အထူးသဖြင့် ရှေ့လာမည့် နှစ်လ၊ သုံးလ အတောအတွင်း နွေရာသီအချိန်တွင် လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ ပင်လယ် ကမ်းရိုးတန်း တလျှောက်ရှိ ကျေးရွာများတွင် ရေရှားပါးသည့် အခက်အခဲ နှင့် ပိုမို ရင်ဆိုင်ရမည်ဟု နာဂစ်ဒေသ အရေးပေါ် ကူညီရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမန်းမန်းက ပြောသည်။
မြစ်ဝကျွန်းပေါ် ဒေသခံများ အဖို့ သောက်သုံးရေနှင့် အစားအစာ အကူအညီများ ထပ်မံ လိုအပ်နေသေးသည်ဟုလည်း ဆိုသည်။ဦးမန်းမန်းက “အဓိကက ပင်လယ် ဆားငန်ရေဝင်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ တချို့ တောခေါင်တဲ့ နေရာတွေမှာ ရေမရတဲ့အတွက် လှေနဲ့ တချို့ကလည်း စက်လှေရှိတဲ့ သူက စက်လှေနဲ့ ရေချိုရှိတဲ့ ရွာတွေဘက်ကို မနက် ၆နာရီကနေ ည ၆ နာရီ အထိ ရေခပ်ကြရတယ်။ ရေတင် မကဘူး စိုက်ပျိုးသီနှံတွေလည်း ထင်သလောက် မဖြစ်ထွန်းဘူး။ ငါး ရှာဖမ်းလို့လည်း မရဘူး။ ရွာပေါင်း ၂၀၊ ၃၀လောက်က ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်” ဟုပြောသည်။
အကူအညီပေးရေးအဖွဲ့ များ လက်လှမ်းမီသည့် ရွာများတွင် ရေချိုကို ပိုးသတ်ခြင်း၊ ရေသန့်စက်ထောင်ခြင်း စသည့် နည်းလမ်းများဖြင့် ရယူပြီး စက်လှေများဖြင့် သောက်သုံးရေ သွားရောက် သယ်ဆောင်ပေးခြင်းများလည်း ပြုလုပ်ပေးလျက်ရှိသည့်။ သို့သော်လည်း အကူအညီပေးရေးအဖွဲ့များ ရောက်နိုင်ခြင်းမရှိသည့် ကျေးရွာများတွင် သောက်သုံးရေအတွက် အထူးစိုးရိမ်ရသည်ဟု အကူညီပေးရေး အဖွဲများက ပြောသည်။
လပွတ္တာမြို့ခံ တဦးက “ကျမတို့ မြို့ပေါ်ဘက်မှာတော့ ဒီလောက် မဆိုးသေးပေမယ့် တချို့ရွာတွေဘက်မှာတော့ ရေရှားတဲ့ အခက်အခဲတွေကို ကြုံနေရပြီလို့ ကြားပါတယ်။ တချို့ရွာတွေမှာလည်း အန်ဂျီအို အကူအညီနဲ့ တအိမ်ထောင်စုကို ရေသန့် တဂါလံလောက် ရတာ ရှိတယ်။ တချို့ မရတဲ့ နေရာဆိုရင်လည်း ရေသန့်ဘူး ၆၀၀ကျပ် လောက်နဲ့ ဝယ်သောက်ရ တာတွေလည်း ရှိတယ်” ဟုပြောသည်။
မုန်တိုင်းသင့် ဒေသခံများကို ဆေးကုသပေးခဲ့သူ လပွတ္တာမြို့နယ်မှ ဒေါက်တာ အေးကြူက “ဒီလိုသာ သွားမယ်ဆိုရင် ကြာလာရင် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားလာနိုင်တယ်။ အခုတောင် လူနာတချို့ ဝမ်းပျက်ရောဂါနဲ့ ကျနော့်ဆေးခန်းကို ရောက်လာ ကြတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။
“ဆင်းရဲချို့တဲ့သူများသည် သောက်ရေ ၀ယ်ယူခြင်း၊ သယ်ယူခြင်းတို့အတွက် အခက်အခဲ ဖြစ်နေကြောင်း” ကုလသမဂ္ဂ၊ အရှေ့တောင် အာရှ နိုင်ငံများ အသင်း၊ မြန်မာစစ်အစိုးရ တို့ဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်အဖွဲ့က ဒီဇင်ဘာလ၌ ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သောက်သုံးရေ ပြတ်လပ်မှုဖြစ်လာနိုင်သည့်အတွက် စိုးရိမ်ရသည်ဟု အစီရင်ခံစာက ဆိုသည်။
လွန်ခဲ့သည် ၂၀၀၈ခုနှစ် မေလအတွင်းက မြန်မာပြည်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀ ၀၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ရပြီး ၂.၄ သန်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ အဆိုးရွားဆုံး ခံခဲ့ရသည့် ဒေသ ဖြစ်သည်။
(ဧရာဝတီသတင်းဌာန)
အထူးသဖြင့် ရှေ့လာမည့် နှစ်လ၊ သုံးလ အတောအတွင်း နွေရာသီအချိန်တွင် လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ ပင်လယ် ကမ်းရိုးတန်း တလျှောက်ရှိ ကျေးရွာများတွင် ရေရှားပါးသည့် အခက်အခဲ နှင့် ပိုမို ရင်ဆိုင်ရမည်ဟု နာဂစ်ဒေသ အရေးပေါ် ကူညီရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမန်းမန်းက ပြောသည်။

ဧရာဝတီတိုင်းတွင် သောက်ရေအခက်အခဲ ဤသို့ ကြုံတွေ့နေရသည် (ဓာတ်ပုံ - အေအက်ဖ်ပီ)