အထူးသဖြင့် ရှေ့လာမည့် နှစ်လ၊ သုံးလ အတောအတွင်း နွေရာသီအချိန်တွင် လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ ပင်လယ် ကမ်းရိုးတန်း တလျှောက်ရှိ ကျေးရွာများတွင် ရေရှားပါးသည့် အခက်အခဲ နှင့် ပိုမို ရင်ဆိုင်ရမည်ဟု နာဂစ်ဒေသ အရေးပေါ် ကူညီရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမန်းမန်းက ပြောသည်။

ဧရာဝတီတိုင်းတွင် သောက်ရေအခက်အခဲ ဤသို့ ကြုံတွေ့နေရသည် (ဓာတ်ပုံ - အေအက်ဖ်ပီ)
အကူအညီပေးရေးအဖွဲ့ များ လက်လှမ်းမီသည့် ရွာများတွင် ရေချိုကို ပိုးသတ်ခြင်း၊ ရေသန့်စက်ထောင်ခြင်း စသည့် နည်းလမ်းများဖြင့် ရယူပြီး စက်လှေများဖြင့် သောက်သုံးရေ သွားရောက် သယ်ဆောင်ပေးခြင်းများလည်း ပြုလုပ်ပေးလျက်ရှိသည့်။ သို့သော်လည်း အကူအညီပေးရေးအဖွဲ့များ ရောက်နိုင်ခြင်းမရှိသည့် ကျေးရွာများတွင် သောက်သုံးရေအတွက် အထူးစိုးရိမ်ရသည်ဟု အကူညီပေးရေး အဖွဲများက ပြောသည်။
လပွတ္တာမြို့ခံ တဦးက “ကျမတို့ မြို့ပေါ်ဘက်မှာတော့ ဒီလောက် မဆိုးသေးပေမယ့် တချို့ရွာတွေဘက်မှာတော့ ရေရှားတဲ့ အခက်အခဲတွေကို ကြုံနေရပြီလို့ ကြားပါတယ်။ တချို့ရွာတွေမှာလည်း အန်ဂျီအို အကူအညီနဲ့ တအိမ်ထောင်စုကို ရေသန့် တဂါလံလောက် ရတာ ရှိတယ်။ တချို့ မရတဲ့ နေရာဆိုရင်လည်း ရေသန့်ဘူး ၆၀၀ကျပ် လောက်နဲ့ ဝယ်သောက်ရ တာတွေလည်း ရှိတယ်” ဟုပြောသည်။
မုန်တိုင်းသင့် ဒေသခံများကို ဆေးကုသပေးခဲ့သူ လပွတ္တာမြို့နယ်မှ ဒေါက်တာ အေးကြူက “ဒီလိုသာ သွားမယ်ဆိုရင် ကြာလာရင် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားလာနိုင်တယ်။ အခုတောင် လူနာတချို့ ဝမ်းပျက်ရောဂါနဲ့ ကျနော့်ဆေးခန်းကို ရောက်လာ ကြတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။
“ဆင်းရဲချို့တဲ့သူများသည် သောက်ရေ ၀ယ်ယူခြင်း၊ သယ်ယူခြင်းတို့အတွက် အခက်အခဲ ဖြစ်နေကြောင်း” ကုလသမဂ္ဂ၊ အရှေ့တောင် အာရှ နိုင်ငံများ အသင်း၊ မြန်မာစစ်အစိုးရ တို့ဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်အဖွဲ့က ဒီဇင်ဘာလ၌ ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သောက်သုံးရေ ပြတ်လပ်မှုဖြစ်လာနိုင်သည့်အတွက် စိုးရိမ်ရသည်ဟု အစီရင်ခံစာက ဆိုသည်။
လွန်ခဲ့သည် ၂၀၀၈ခုနှစ် မေလအတွင်းက မြန်မာပြည်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀ ၀၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ရပြီး ၂.၄ သန်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ အဆိုးရွားဆုံး ခံခဲ့ရသည့် ဒေသ ဖြစ်သည်။
(ဧရာဝတီသတင်းဌာန)