Tuesday, February 24, 2009

လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၂၃ ဦးသာပါဝင်

စစ်အစိုးရက စနေနေ့မှ စတင်၍ အကျဉ်းသား ၆၃၁၃ ဦးလွှတ်မည်ဟု ကြေညာ၍ အကျဉ်းသား တချို့ကို ပြန်လွှတ် ပေးခဲ့ရာ ယနေ့အထိ နိုင်ငံရေး အကျဉ်းသား၂၃ ဦးသာ ပါဝင် သေးကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောသည်။

“နိုင်ငံရေးအကျဉ်းသား အတည်ပြုလို့ရတာ ၂၃ ယောက်ပဲ ရှိသေးတယ်၊ အဲဒါ အင်းစိန်ထောင်၊ ကလေးထောင်၊ မြစ်ကြီးနားထောင်တွေက၊ မန္တလေးထောင်က ၂ယောက်လွတ်တယ်လို့ကြားတယ်၊ ဒါပေမယ့် အတည်ပြုလို့မရ သေးဘူး၊ အဲဒါက ၂၁ ရက်နေ့က တရက်တည်း လွတ်တာ”ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောဆိုသည်။

ယခုပြန်လွှတ်သည့် နိုင်ငံရေးအကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ မန္တလေး တိုင်း အမရပူရအမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ အပါ အ၀င် ၄ ဦးသာ ပြန်လွတ်သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောပြသည်။

“မန္တလေးကလည်း လွှတ်တယ်၊ အခု မသိရသေးဘူး၊ စာရင်းမရသေးဘူး”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြော သည်။

ထိုသို့ အစိုးရက ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများကို ပြန်လွှတ်ပေးနေသည် ဆိုသောကြောင့် နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ မိသားစုဝင်များက ထောင်ဘူးဝတွင် လာရောက် စောင့်မျှော်မှုများ ရှိခဲ့ ကြောင်းလည်း သိရသည်။

ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကို ၏မိခင် ဒေါ်စိုးစိုးသော်က“ကျမတို့သားလည်း ပြန်လွတ်မယ်အထင်နဲ့ အဲဒီစနေနေ့က အင်းစိန်ထောင်မှာ သွားစောင့် သေးတယ်”ဟု ပြောပြသည်။

“ဒါပေမယ့် ကံမကောင်းချင်တော့ သူ့ကို အင်းစိန်ထောင်ကနေ တောင်ငူထောင်ကို ပြောင်းထားတယ်တဲ့”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား ၃၀၀ ၀န်းကျင် လွှတ်ရာတွင် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေး ကာလ က ဖမ်းဆီးခံခဲ့ရသည့် သံဃာတပါးအပါအ၀င် သံဃာတော် ၉ ပါး နှင့် သီလရှင်၂ပါး ပါဝင်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူတဦး၏ ပြောဆိုချက်အရ သိရသည်။

“အင်းစိန်က လွှတ်တာ အလွန်ဆုံး ၃၀၀ ၀န်းကျင်လောက်ပါပဲ၊ ကျနော့် မျက်မြင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားက  ဦးသက်ဝေ အပါအ၀င် ၁၁ ဦး၊ ကျနော့်ရှေ့မှာ ထပ်ရောက်လာတာက ဘုန်းကြီးတပါး၊ နောက်ပြီး မြောက်ဥက္ကလာ သစ္စာသရဖူ ကျောင်းက အသက် ၈၀ တပါး ရယ်၊ အသက် ၆၀ တပါး ၊ သီလရှင် ၂ ပါး၊ မမွှေး ၊ နောက် ဒေါ်ခင်ခင် လဲ့၊ ဘားဂရာ ၀ံသ ကျောင်းက ဘုန်းကြီး ၇ ပါး၊ ကိုသက်ဝေနဲ့ အတူ လွတ်တဲ့နေ့က ကားပေါ်အတူပါသွားတာ၊ သံဃာအားလုံး ၈ ပါး၊ တပါးက ၂၀၀၇ ရွှေဝါရောင်တုန်းက ဆူးလေမှာအဖမ်းခံရတာ မြောက်ဥက္ကလာ အနန်းပင် ကျောင်း က၊ ကျန် သံဃာတွေက ၂၀၀၃ ခုနှစ် ကတည်းက အဖမ်းခံထားရတာ”ဟု ၎င်းက ပြောပြသည်။

ကလေးမြို့ ထောင်မှ စိန်စီသောည ဗီဒီယို အခွေနှင့်ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရသည့် ဦးတင်ဌေးနှင့် ဦးသန်းဌေး တို့ပြန်လွတ်ကြောင်းလည်းသိရသည်။

ယင်းသို့အကျဉ်းသားများကို ပြန်လွှတ်မည်ဆိုပါက မိသားစုဝင်များကို အကြောင်းကြားရန်လိုအပ်အကြောင်းနှင့် ပြန်လွှတ်ရာတွင်လည်း မည်သည့် အကျဉ်းသား မည်ရွေ့မည်မျှ လွှတ်သည်ကို တရားဝင်ထုတ်ပြန်သင့်ကြောင်း ဦးတိတ်နိုင်က ဆိုသည်။

“ပြီးခဲ့တဲ့ လွှတ်တာတွေတုန်းကလည်း ဂဏန်းတွေပဲ ကြေညာတာ၊ ဘယ်လောက်လွှတ်ပေးပြီးပြီ ဆိုတာ ကြေညာ တာမဟုတ်ဘူး၊ ကျနော်တို့လည်း မသိနိုင်ဘူး၊ နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ဘူး ဆိုရင်တောင် သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံတော်လုံခြုံရေးအရထိန်းသိမ်းထားတဲ့သူ ဘယ်လောက်ပါတယ်ဆိုတာ တရားဝင် ထုတ်ပြန် ပေးရမှာ ဖြစ်ပါတယ်”ဟု ဦးတိတ်နိုင် ကပြောဆိုသည်။

ဦးတိတ်နိုင်င်ငံက ဆက်လက်ပြီး“ရာဇ၀တ် အကျဉ်းသားပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားပဲဖြစ်ဖြစ် အခုလိုပြန် လွှတ်မယ်ဆိုရင် မိသားစုကို အကြောင်းကြားရပါမယ်၊ လွှတ်ချင်သလိုလွှတ်ဆိုတဲ့ ကိစ္စမျိုးတွေဟာ တကယ့်ကို ပရမ်းပတာ ဆန်လွန်းတဲ့ လုပ်ရပ်လို့သာ ကျနော်တို့ ထင်ပါတယ်၊ စေတနာမပါဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။

 (ဧရာဝတီသတင်းဌာန)

Sunday, February 15, 2009

ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် ထပ်တိုး

 စစ်အစိုးရက ထိန်းသိမ်းထားသော အသက် ၈၁ နှစ် ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဒု ဥက္ကဌ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ် ထပ်တိုးလိုက်ကြောင်း အန်အယ်လ်ဒီက ပြောသည်။
ဦးတင်ဦးကို ယမန်နေ့က နေအိမ် သက်တမ်းတနှစ် ထပ်တိုးလိုက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ပြောပြသည်။
“ဦးတင်ဦးကို အကျယ်ချုပ် သက်တမ်း တနှစ် ထပ်တိုးလိုက်ပါတယ်၊ ဥပဒေအရ ဆိုရင်တော့ စုစုပေါင်း ၅ နှစ် ထက်ပိုပြီး တားဆီးချုပ်နှောင်ခွင့် မရှိဘူးလို့ ကျနော်တို့ နားလည်ပါတယ်၊ ဒါကြောင့် အခုလို သက်တမ်း ထပ်တိုး တာဟာ ဥပဒေနဲ့ မညီပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
တိုင်းပြည်အတွက် မည်သည့်အန္တရာယ်မှ မပေးနိုင်သူ တဦးကို ယခုကဲ့သို့ အကျယ်ချုပ်သက်တမ်း ထပ်တိုး နေခြင်းသည် တရားမျှတမှုမရှိကြောင်းလည်း ဦးဉာဏ်ဝင်းက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ဦးတင်ဦးကို ပထမအကြိမ် သက်တမ်းထပ်တိုးစဉ်ကပင် ဥပဒေအရ မှားယွင်းကြောင်း၊ အမြန်ဆုံးပြန်လည်လွှတ် ပေးရန် စစ်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနသို့ အယူခံတင်ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိကြောင်း ၎င်းက ဧရာဝတီသို့ ပြောခဲ့ဖူးသည်။
ယင်းကဲ့သို့ ဦးတင်ဦးအား နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခြင်းကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ အယူခံလွှာကိစ္စအပေါ်တွင်လည်း အားရမှုမရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
“အယူခံက ၂၀၀၈ အောက်တိုဘာလ ကတည်းက တင်တာ၊ ဒီနေ့အထိ မကြားနာဘူးဆိုတော့ ဒီအတွက်လည်း အားရစရာမရှိပါဘူး၊ ဥပဒေမှာပေးထားတဲ့ အခွင့်အရေးကိုတောင် မျက်ကွယ်ပြုပြီးလုပ်နေတာလို့ မြင်တယ်”ဟု လည်း ၎င်းက ပြောဆိုသည်။
အဆိုပါ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းလူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည် နှင့်အတူ ဖမ်းဆီးခံခဲ့ရရာ ယခု ဆိုလျှင် ၅ နှစ် ကျော်ပြီဖြစ်သည်။
၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ် သို့ ပြောင်းလဲ၍ ရန်ကုန်နေအိမ်တွင်ထားရှိ ခဲ့ခြင်း  ဖြစ်သည်။
၁၉၉၈ ခုနှစ် ဇူလိုင်လတွင်လည်းစစ်အစိုးရက ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ၅ လ အပါအဝင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် သြဂုတ်လ အထိ နေအိမ်အကျယ်ချုပ် ချခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုတိုက်တွန်းမှုများ ပြုလုပ် ထားသည်။

(ဧရာဝတီသတင်းဌာန)

Thursday, February 12, 2009

ဗိုလ်ချုပ်ပုံများ ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ဖြန့်ဝေ

မနက်ဖြန် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ငွေစက္ကူ ပေါ်တွင် ဗိုလ်ချုပ်ပုံကို ရိုက်နှိပ်ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်နေ ကြောင်း လူငယ်အဖွဲ့တဖွဲ့က ဆိုသည်။

undefined
ဗိုလ်ချုပ်အောင်ဆန်းပုံကို ၁၀၀၀ တန် ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ထားပုံ
ဗိုလ်ချုပ် ကဲ့သို့ သူရဲကောင်းစိတ်ဓာတ်ကို လူထုများ အကြား မေ့လျော့ခြင်းမရှိစေရန် ရည်ရွယ်သည်ဟု မျိုးဆက်သစ် လူငယ်များ အစည်းအရုံးခေါ် Generation Wave (GW) အဖွဲ့က ဆိုသည်။

“ဗိုလ်ချုပ် အောင်ဆန်းက မတရားဖိနှိပ်မှုတွေကို တွန်းလှန်ခဲ့တဲ့ သူရဲကောင်းဖြစ်တယ်။ သူရဲကောင်း တယောက်ရဲ့ ပုံရိပ်ကို လက်ရှိ ဖိနှိပ်နေတဲ့ သူတွေက ဖျောက်ဖျက် ပစ်တယ်။ ဒါပေမယ့်လည်း ဗိုလ်ချုပ် အောင်ဆန်းရဲ့ စိတ်ဓာတ်ကို လူငယ်တွေက လုံးဝ မမေ့ဘူး။ အမြဲတမ်း အတုယူ လေးစားနေတယ် ဆိုတဲ့ ရွည်ရွယ်ချက်နဲ့ ဖြန့်ဝေခြင်းဖြစ်ပါတယ်” ဟု (GW) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေး က ပြောသည်။

ယင်း ငွေစက္ကူ လှုပ်ရှားမှုကို ၂၀၀၈ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့သည်ဟု ဆိုသည်။ ယခုနှစ် ဇန်နဝါရီလအထိ ဗိုလ်ချုပ်ပုံကို ငွေစက္ကူများပေါ်တွင် ရိုက်နှိပ်ပြီး ရန်ကုန်မြို့ နှင့် နယ်မြို့ကြီးတချို့တွင် ဖြန့်ဝေခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း ပုံပါသည့် အင်္ကျီ ဝတ်ဆင်သည့် လူငယ်တချို့ ဖမ်းဆီးခံရဖူးသည် ဟုလည်း ကိုမိုဃ်းသွေးက ဆိုသည်။

“လက်ရှိ အသက်၁၈နှစ်ကျော် လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်း မည်သူမည်ဝါဆိုတာကို သိပေမယ့်လည်း သူ့ရဲ့ ကိုယ်ရေးရာဇာဝင် အသေးစိတ်ကိုတော့ သိကြမယ်လို့ မထင်ဘူး။ အသက် ၁၈နှစ်အောက် ကလေးတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ သိပ် မသိကြတော့ဘူး” ဟုလည်း ကိုမိုဃ်းသွေးကရှင်းပြသည်။

မြန်မာနိုင်ငံ၌ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားသည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့ကို ကလေးများနေ့ အဖြစ် သတ်မှတ် ထားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပြီး ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ၌ မကွေးတိုင်း၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ နယ်ချဲ့ ကိုလိုနီ နှင့် ဖက်ဆစ်ဂျပန် တို့၏ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ သူ၏ အသက် ၃၂နှစ် အရွယ်တွင် လုပ်ကြံခံရပြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်။

GW အဖွဲ့က ဖေဖော်ဝါရီ  ၅ ရက်နေ့တွင်လည်း ရန်ကုန်မြို့ရှိ လူစည်ကားရာ အရပ်များတွင် အင်္ဂလိပ် ဘာသာဖြင့် “CNG” Change New Government  စာတန်းများကို ပိုစတာချိတ်ခြင်း၊ လှုံ့ဆော်စာများ ဖြန့်ဝေခြင်း၊ နံရံတွင် လှုံ့ဆော်စာများ ရေးသားခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

လာမည့် ဖေဖော်ဝါရီ ၁၄ရက်နေ့ ချစ်သူများနေ့ (Valentine’s Day)တွင်လည်း ငြိမ်းချမ်းရေးနှင့် ချစ်ခြင်း မေတ္တာကို သင်္ကေတ အဖြစ် နှင်းဆီပန်းများကို ရင်ဘတ်တွင် ထိုးခြင်း၊ ကျောပိုးအိတ်များ၊ ကျောင်းများ၊ အိမ်များ၊ ရုံးများတွင် ချိတ်ဆွဲခြင်း၊ နှင်းဆီပန်းပုံပါသည့် ပို့စကတ်များ၊ ဆုတောင်းမေတ္တာ ပို့သသည့် စာများ ရေးပြီး ဖြန့်ဝေရန် ပြည်သူလူထု တရပ်လုံးက တက်ကြွစွာ ပါဝင် လှုပ်ရှားသွားရန်လည်း ပန်ကြားထားသည်။

GW အပါအဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည် - ယာယီ) နှင့် လူထုတရပ်လုံးအတွက် အစတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ တို့က ပူးပေါင်း တိုက်တွန်းထားခြင်းဖြစ်သည်။

GW အဖွဲ့သည် ၂၀၀၇ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ဆန္ဒပြပွဲများအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

 (ဧရာဝတီသတင်းဌာန)

Saturday, February 07, 2009

ဗကသ ကျောင်းသား ထောင်ဒဏ် ၁၅ နှစ် ခွဲ ကျခံရ

စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ် ချမှတ်ထားသော ဗကသ ကျောင်းသား အဖွဲ့မှ ကိုဒီငြိမ်းလင်းကို ယမန်နေ့က ထောင်ဒဏ် ၅ နှစ် ထပ်မံ ချလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါ ကိုဒီငြိမ်းလင်းအား တောင်ဒဂုံမြို့နယ် တရားရုံးက မတရားအသင်း ဖွဲ့စည်းသည့် ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အဒေါ်ဖြစ်သူက ပြောသည်။

“ဟုတ်တယ် မနေ့ကပဲ အမိန့်ချလိုက်တယ်၊ တောင်ဒဂုံ တရားရုံးက တရားသူကြီး ဒေါ်ဌေးဌေး အမိန့်ချလိုက်တာ၊ ပုဒ်မ ၆ နဲ့ ၅ နှစ် ၊ မတရားအသင်းဖွဲ့တာ၊ ကျောင်းသား သမဂ္ဂ ဖွဲ့တယ်ပေါ့၊ အရင်ချတာနဲ့ဆို အားလုံးပေါင်း ၁၅ နှစ်ခွဲ ရှိပြီ”ဟု ကိုဒီငြိမ်းလင်း ၏ အဒေါ်က ဧရာဝတီသို့ ပြောပြသည်။

ကိုဒီငြိမ်းလင်းကို ၂၀၀၇ ခုအတွင်းက ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်ပြီး စစ်အာဏာပိုင်များက ဖမ်းဆီး၍ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက ပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၁၉၅ ၊ ၅၀၅(ခ) တို့ဖြင့်  ထောင်ဒဏ် ၆ နှစ် ခွဲ၊ ယင်း နိုဝင်ဘာလ ၂၈ ရက်တွင် ထန်းတပင် တရားရုံးမှ  ပုဒ်မ ၁၄၇ ၊ ၅၀၅(ခ) တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ထားခဲ့သည်။ ယခုချမှတ်သည့် ထောင်ဒဏ် ၅ နှစ် အပါအ၀င် ကိုဒီငြိမ်းလင်းသည် ထောင် ၁၅ နှစ် ခွဲ ကျခံရမည် ဖြစ်သည်။

ယခုကဲ့သို့ ကိုဒီငြိမ်းလင်းအား နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းသည် မမျှတသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း ၎င်း ၏ အဒေါ်က ပြောဆိုသည်။

“မိသားစုဝင်တယောက် အနေနဲ့ စိတ်မကောင်းဘူး၊ အခု ထောင်ချလိုက်တာက အသက်အရွယ်နဲ့ မမျှဘူး၊ သူက အသက် ၂၀ ၊ ဒါပေမယ့် သူကပြောတယ်၊ အများအတွက် လုပ်တာ၊ စိတ်မကောင်း မဖြစ်နဲ့ ၀မ်းမနည်းနဲ့ တဲ့၊ သူ့အမေကလည်း ကျန်းမာရေးမကောင်းဘူး”ဟု ကိုဒီငြိမ်းလင်း၏ အဒေါ်က ပြောသည်။

ယမန်နေ့က တရားရုံးသို့ လာရောက်သည့် ကိုဒီငြိမ်းလင်း၏ မိသားစုဝင်များနှင့် သူငယ်ချင်းမိတ်ဆွေများကို ရဲ ထောက်လှမ်းရေးက မှတ်တမ်း ဓာတ်ပုံ ရိုက်ယူရန် ကြိုးပမ်းကြောင်း၊ မျက်ချည် မပြတ်စောင့်ကြည့်နေကြောင်း လည်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဗကသ ကျောင်းသားအဖွဲ့မှ ကိုကျော်ကိုကို ကိုလည်း လာမည့်အပတ်အတွင်းတွင် အမိန့်ချ မှတ်နိုင်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

တချိန်တည်းတွင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်တွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်း များကို မြေမြှုပ်သင်္ဂြီုဟ်သည့်အတွက် ဖမ်းဆီးခံထားရသူများဖြစ်သော ဒေါက်တာ နေ၀င်း ၊ ကိုအောင်ကျော်ဆန်း၊ ကိုဘုန်းပြည့်ကြွယ် တို့ ကို မတရားသင်းပုဒ်မ ပုဒ်မ ၆ နှင့် မတရားသင်းဖွဲ့ခြင်းကို အားပေးကူညီမှု ပုဒ်မ ၇ ၊ မဖြိုးဖြိုးအောင်၊ ကိုဟိန်းရာဇာထွန်းတို့ကို ပုဒ်မ ၆-၇ ၊ ၅၀၅(ခ) ၊ ကိုအောင်သန့်ဇင်ဦး ခေါ် ဂျိန်း ကို ပုဒ်မ ၁၄၃ ၊  ၁၄၅ ၊ ၅၀၅(ခ) ၊ ပုဒ်မ ၆-၇ တို့ဖြင့် တနင်္လာနေ့က အင်းစိန် ထောင် အထူးတရားရုံးတွင် စတင်ရုံးထုတ်ကြောင်း နှင့် လာမယ့် ၁၀ ရက်နေ့ ကို ရုံးချိန်းပြန်ချိန်းလိုက်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းတဦး ကပြောသည်။

 (ဧရာဝတီသတင်းဌာန)

Friday, February 06, 2009

နေပြည်တော်မှ တိုးတိုးတိတ်တိတ် မင်္ဂလာပွဲ

“စိန်စီသောည” ကဲ့သို့သော အရှက်ကွဲစေမည့် ဗွီစီဒီတချပ် ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရန် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက မင်္ဂလာ ဧည့်ခံပွဲကြီး တခုကို သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ ကြသည်။

ဧည့်ခံပွဲသည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒေါ်ခင်ခင်ဝင်းတို့၏ သမီး မယဉ်သူဇာသိန်း နှင့် ဗိုလ်ကြီး ဟန်ဝင်းအောင် တို့၏ လက်ထပ် မင်္ဂလာပွဲဖြစ်ပြီး စနေနေ့ (ဇန်န၀ါရီလ ၃၁ရက်နေ့) က မြို့တော်သစ် နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အစိုးရ ဧည့်ဂေဟာ တခုတွင် ပြုလုပ်ခဲ့သော အဆိုပါ ဧည့်ခံပွဲကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု အပါအ၀င် စစ်ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ လက်ဝတ်ရတနာ ပစ္စည်း၊ ဇိမ်ခံကား၊ အိမ်ခြံမြေ စသည့် လက်ဆောင်ပစ္စည်း အများအပြား ရရှိခဲ့သည်ဟု သိရသည်။

ဝန်ကြီးချုပ်၏ သမီးဖြစ်သူ မင်္ဂလာဆောင်ပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပခြင်း မပြုရန် တားမြစ်ခံခဲ့ရဖွယ်ရှိသည်ဟု ၎င်းမင်္ဂလာပွဲ တက်ရောက်သူတဦးက သုံးသပ်သည်။ “မင်္ဂလာဆောင်က သိပ် အကျယ်မချဲ့ဘူး၊ မီဒီယာကို သတင်းပေါက်သွားမှာ စိုးရိမ်ကြပုံရတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ထိုသို့ သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ခြင်းမှာ ၂၀၀၆ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်ကဲ့သို့ နောက်ဆက်တွဲ အရှက်ကွဲမှုများ ထွက်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။

မသန္တာရွှေ၏ ခမ်းနား ထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင် ပျံ့နှံ့ခဲ့သည်။

“စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး မသန္တာရွှေက စိန်ရတနာ ပစ္စည်းများ ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ထားသည်။

အဆိုပါ မင်္ဂလာဧည့်ခံပွဲကို အင်တာနက်မှတဆင့် ကြည့်ရှုခဲ့ရသည့် စင်ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယုက “(ဗိုလ်ချုပ်မှူးကြီး)သမီးကလည်းဗျာ ခရစ်စမတ်သစ်ပင် ကျနေတာပဲ”ဟု အင်တာဗျူးတခုတွင် မှတ်ချက်ချခဲ့သည်။

“စိန်စီသောည” တွင် ခမ်းနားလှသော ဧည့်ခံပွဲ၊ အဖိုးတန် ဝတ်စားဆင်ယင်မှုများ၊ ရှန်ပိန်အရက်များ အလျှံအပယ်တို့ဖြင့် ညစာစားပွဲ တည်ခင်းပုံကို ပြည်သူများ ဆင်းရဲ ကြပ်တည်းပြီး စားစရာ မရှိ ဖြစ်နေသည့် အခြေအနေများနှင့် ဖြတ်ညှပ်ကပ်ပြီး နှိုင်းယှဉ် ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းအား မည်သူက စတင် ဖြန့်ချိခဲ့သည်ကို မသိရပါ။

ထို မှတ်တမ်းစီဒီကြောင့်  စစ်အစိုးရ ခေါင်းဆောင်ပိုင်း မိသားစုတစု၏ နေထိုင်မှု ဘဝတစိတ် တပိုင်းကို မြန်မာနှင့် ကမ္ဘာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။

ယင်း “စိန်စီသောည”  မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းစီဒီမှာ လူအများ အကြား ရေပန်းစား ပျံ့နှံခဲ့သဖြင့် ၎င်းအခွေ လက်ဝယ် တွေ့ရှိသူများကို ဖမ်းဆီး ထောင်ချခဲ့သည်ဟု သိရသည်။

မင်္ဂလာဧည့်ခံပွဲ ကြော်ငြာကို စစ်အစိုးရ၏ မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာ တို့တွင် ထည့်သွင်းခြင်း မပြုခဲ့ပေ။ ယခင်က စစ်ခေါင်းဆောင်နှင့် ပတ်သက်သည့် မင်္ဂလာဧည့်ခံပွဲများကို သတင်းစာများတွင် ခမ်းခမ်းနားနား ကြော်ငြာလေ့ရှိခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်တို့က အခွင့်အရေးများ၊ လုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိရန်  စစ်ခေါင်းဆောင်တို့၏ ဧည့်ခံပွဲ အခမ်းအနားများတွင် တန်ဖိုးကြီးလက်ဆောင်များ၊ ငွေကြေးများ ပေးအပ်ခြင်းဖြင့် ချည်းကပ်လေ့ရှိသည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး၏ သမီးဖြစ်သူ မင်္ဂလာဆောင်တွင် ဇိမ်ခံကား၊ လက်ဝတ်ရတနာ စသဖြင့် စုစုပေါင်း ဒေါ်လာသန်း ၅၀ ခန့် တန်ဖိုးရှိသော လက်ဖွဲ့ပစ္စည်းများ ရရှိခဲ့သည်ဟု ဆိုသည်။

၁၉၉၀ ပြည့်လွန် အစောပိုင်း နှစ်များအတွင်းက ဗိုလ်ချုပ်တင်ဦး၏သားနှင့် မြို့တော်ဝန်ဟောင်း ဦးကိုလေး၏ သမီးဖြစ်သူတို့ ပြုလုပ်ခဲ့သည့် မင်္ဂလာ ဧည့်ခံပွဲတွင်လည်း စီးပွားရေး လုပ်ပိုင်ခွင့်များ ရရှိရေးအတွက် လုပ်ငန်းရှင်တို့က အကြီးအကျယ် လက်ဖွဲ့ခဲ့ကြသည်ဟု သိရသည်။

 (ဧရာဝတီသတင်းဌာန)

Wednesday, February 04, 2009

ဗိုလ်ချုပ်မှူးကြီးက ဂန်ဘာရီကို ပညာပြ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ ဂန်ဘာရီကို တွေ့ဆုံခြင်း မရှိသော်လည်း အာရှတိုက်မှ သံတမန်များကိုမူ ယမန်နေ့က လက်ခံ တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ် နိုင်ငံတို့မှ သံအမတ်များ မြို့တော်သစ် နေပြည်တော်တွင် တွေ့ဆုံသည့် ဓာတ်ပုံများကို ယနေ့ထုတ် မြန်မာသတင်းစာများတွင် ဖော်ပြထားသည်။

အာရှသံတမန်များနှင့် တွေ့ဆုံမှုမှာ ကြိုတင်စီစဉ် ထားခြင်းဖြစ်ပြီး မစ္စတာ ဂန်ဘာရီကို တွေ့ဆုံခြင်း မပြုရန်လည်း ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်မည်ဟု မြန်မာ့အရေး လေ့လာသူ တဦးဖြစ်သည့် ဦးဝင်းမင်းက သုံးသပ်သည်။

“ဂန်ဘာရီကတဆင့် တောင်းဆိုလာမယ့် အချက်တွေကို အကြောင်း မပြန်ချင်လို့၊ မလိုက်လျော ချင်လို့ပေါ့။ ဘန်ကီမွန်း (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်) လာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ စီစဉ်သင့်တာ တွေကို သူမလုပ်ချင်ဘူး ဆိုတဲ့ လက္ခဏာ ပြတာပေါ့” ဦးဝင်းမင်းက ဧရာဝတီသို့ ပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသည် ဒီဇင်ဘာ လကုန်ပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေးတိုင်းရှိ မြို့များသို့ လှည့်လည် သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီး နောက်ပိုင်းတွင် ၎င်း၏ လှုပ်ရှားမှုများ သတင်းစာများတွင် တလကြာ ပျောက်ကွယ် နေခဲ့ရာမှ ယနေ့ထုတ် သတင်းစာများတွင် ပြန်လည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရနှင့် အတိုက်အခံ တို့အကြား ဝင်ရောက် စေ့စပ်ပေးရန် အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အထူးကိုယ်စားလှယ် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ခွင့် ရသော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ခွင့် မရခဲ့သည့် ၎င်း၏ ၄ ရက်ကြာ ခရီးစဉ်ကို ယမန်နေ့ ညနေက အဆုံးသတ် ခဲ့သည်။

ခရီးစဉ်အတွင်း မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့နှင့် တွေ့ခွင့်ရခဲ့သည်။ ဝန်ကြီးချုပ်က ၎င်းအား နိုင်ငံတကာ၏ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ် မှုများကို ရုပ်သိမ်းရေးအတွက် ကုလသမဂ္ဂက ဆောင်ရွက်ပေးရန် ပြောကြားလိုက်သည်။

ဗိုလ်မှူးချုပ် ကျော်ဆန်းကလည်း ၎င်းတို့အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်း စုကြည်အား ကမ်းလှမ်းမှုများ ပြုလုပ်လေ့ ရှိကြောင်း၊ ပြီးခဲ့သည့် ၅ လအတွင်း ဆက်ဆံရေး ဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံနိုင်ရေး အတွက် ၂ ကြိမ်တိတိ ကမ်းလှမ်းခဲ့ သော်လည်း ဒေါ်စုက လက်ခံခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ဗိုလ်မှူးချုပ် ကျော်ဆန်း၏ ပြောကြားချက်များမှာ တရားမျှတမှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ပြောတာက ဘယ်သူနဲ့ တွေ့ဆုံမယ်ဆိုတာ သူငြင်းတာ တခုမှ မရှိဘူးတဲ့၊ ဒါပေမယ့် အကျိုးမရှိတဲ့ တွေ့ဆုံခြင်းကိုတော့ သူမလိုလားဘူးတဲ့။ ဦးအောင်ကြည်ကို လက်ခံဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်၊ ဆရာဝန်နဲ့ ချိန်းထားတယ်၊ အဲဒီ ချိန်းတဲ့ရက် နောက်ပိုင်းမှာ ဆိုရင် ဖြစ်နိုင်တယ်လို့ ဒီလို ဖြေထားတာ။ ရှေ့နေကိုယ်တိုင် သူတို့ သတင်းတပ်ဖွဲ့ကို ပြောထားတာ”ဟု ဧရာဝတီသို့ ရှင်းပြသည်။

 (ဧရာဝတီသတင်းဌာန)

တရားဥပဒေစိုးမိုးမှု ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု ဆိတ်သုဉ်း နေသည်ဟု ယမန်နေ့က မစ္စတာ ဂန်ဘာရီသို့ ပြောကြား လိုက်ကြောင်း သိရသည်။

undefined
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂန်ဘာရီ တွေ့ဆုံစဉ် (ဓာတ်ပုံ - အေပီ)
စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်နေခြင်းနှင့် နိုင်ငံရေး အမှုလိုက် ရှေ့နေများကို ဖမ်းဆီးထောင်ချ နေခြင်းတို့သည် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု မရှိခြင်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က မစ္စတာ ဂန်ဘာရီအား ပြောကြားလိုက်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုးကား၍ ရန်ကုန်မြို့ရှိ သံတမန် အသိုင်းအ၀န်းက ပြောသည်။

စစ်အစိုးရက မကြားသေးခင်ကပင် နိုင်ငံရေး လှုပ်ရှားသူများနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နာဂစ် မုန်တိုင်း ဒုက္ခသည်များကို အကူအညီ ပေးနေသူများအား ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ယမန်နေ့က အစိုးရ ဧည့်ဂေဟာ၌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေများကို ဒေါ်အောင်ဆန်း စုကြည် သိရှိနေခြင်း အတွက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီက များစွာအံ့အားသင့်သွားခဲ့ ကြောင်းလည်း ရန်ကုန်မြို့မှ အနောက်တိုင်း သံတမန် တဦးကပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအခြေအနေတွေကို အများကြီး သိနေပါတယ်” ဟု ၎င်း အနောက်တိုင်း သံတမန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရပ်ခြားမှ ထုတ်လွှင့်သည့် ရေဒီယို အစီအစဉ်များကို နားထောင်လေ့ရှိကြောင်း နှင့် ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားသည်။

မြန်မာနိုင်ငံ အမှန်တကယ် ပြုပြောင်းလဲရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ ပျက်ကွက်သည့်အပေါ် အားမလိုအားမရ ဖြစ်မှုကိုလည်း မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံစဉ်၌ ဒေါ်အောင်ဆန်းစုကြည်က အထင်အရှားဖော် ပြခဲ့ကြောင်းလည်း သိရသည်။

အန်အယ်လ်ဒီ ခေါင်းဆောင်များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဒေါ်အောင် ဆန်းစုကြည်တို့သည် ယမန်နေ့က မစ္စတာ ဂန်ဘာရီနှင့် အစိုးရ ဧည့်ဂေဟာ၌ တချိန်တည်း အတူတကွ တွေ့ဆုံခဲ့ ပြီး တွေ့ဆုံချိန် တနာရီခွဲခန့် ကြာမြင့်ခဲ့သည်။

ထို့အပြင် မစ္စတာ ဂန်ဘာရီသည် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် “မစ္စတာ ဂန်ဘာရီသည် ယခု မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှ စတင်၍ အတိုက်အခံ နိုင်ငံရေး ပါတီအဖွဲ့ဝင်များ အပါအ၀င် တခြားသော နိုင်ငံရေးပါတီများ၊ ပြောဆိုဆွေးနွေး သင့်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံကြောင်း” ဖော်ပြထားသည်။

 (ဧရာဝတီသတင်းဌာန)

Tuesday, February 03, 2009

ရန်ကုန်ဘိန်းမှုတွင် နာမည်ကြီး စီးပွားရေးသမားများ ပတ်သက်နေ

ရန်ကုန်ရှိ ဘီအမ်အီး ကလပ်ပိုင်ရှင် ဦးအိုက်ဟော့၏ တပည့်တချို့ကို ယခင်အပတ်က စင်ကာပူသွားမည့် သင်္ဘောပေါ်တွင် ဘိန်းဖြူဖမ်းမိသည့် အမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားကြောင်း ဦးအိုက်ဟော့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက် များထံမှ ကြားသိရသည်။

၁၉၉၉ မတ်လက ရှမ်းပြည်နယ်အတွင်း ကျေးရွာတရွာတွင် မြန်မာ စစ်သားများနှင့် ဒေသခံများတို့ ဘိန်းပင်များကို ခုတ်ထွင်ရှင်းလင်းနေစဉ် (ဓာတ်ပုံ - အေပီ)

ယခင်အပတ်က မြန်မာပြည် အေးရှားဝေါလ်ကုမ္ပဏီပိုင် ဆိပ်ကမ်းတခုမှ စင်ကာပူနိုင်ငံသို့ ထွက်ခွာမည့် ကုန်တင် သင်္ဘော တစီးပေါ်တွင် ဘိန်းဖြူ ၂၉ ကီလိုဂရမ်ထက် မနည်း ဖမ်းဆီးရမိခဲ့သည်။ ဦးအိုက်ဟော့သည် အေးရှားဝေါလ် ကုမ္ပဏီ၏ အစုရှယ်ယာဝင်တဦးဖြစ်သည်။

ဦးအိုက်ဟော့သည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ၏ ငွေမည်းခဝါချမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေသည်ဟု ဆိုကြသည်။ ၎င်းသည် UWSA ဥက္ကဌ ဦးပေါက်ယူချန်း၏ သားမက်ဖြစ်ပြီး အသက် ၄၀ ကျော် အရွယ်ဖြစ်သည်။

ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၏ အဆိုအရ ဦးအိုက်ဟော့ကို ရန်ကုန်မြို့ရှိ ကျောက်မျက် ရတနာ အရောင်းပွဲတော်ကဲ့သို့သော စီးပွားရေးသမားများ ကျင်လည်ရာ အသိုင်းအဝန်းတွင် မကြာခဏတွေ့ရကြောင်း သိရသည်။

ဦးအိုက်ဟော့သည် UWSA ၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းအချိတ်အဆက်များအတွက် အဓိကနေရာမှ ပါဝင် ဆောင်ရွက်ပေးနေသူဖြစ်ပြီး စစ်အစိုးရနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနက် တဦးဖြစ်သည်။

၎င်းသည် ရန်ကုန်အဲဝေး၊ ဟိုတယ်လုပ်ငန်း၊ သစ်လုပ်ငန်းနှင့် ကျောက်မျက်လုပ်ငန်းများကို တရားဝင် လုပ်ကိုင်လျှက်ရှိပြီး ၂၀၀၃ ခုနှစ်က ငွေမည်းခဝါချမှုဖြင့် အပိတ်ခံခဲ့ရသော မြန်မာမေဖလားဝါးဘဏ်၏ အရေးကြီးသည့် တာဝန်ယူထားသူတဦးဟု နာမည်ကြီးသည်။

ဦးအိုက်ဟော့ကို တရုတ်ပြည် ယူနန်နယ်အတွင်းရှိ လောင်လင် ဒေသတွင်မွေးဖွားပြီး ဆယ်ကျော်သက် အရွယ်တွင် မြောက်ပိုင်းရှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တာမိုးညဲဒေသသို့ ပြောင်းရွှေ့ခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောပြသည်။

“ကျနော်သိသလောက်တော့ သူက နိုင်ငံကူးလက်မှတ် ၂ ခုကိုင်ထားတာပဲ။ တရုတ်နဲ့ မြန်မာပေါ့” ဟု ဦးစိန်ကြည်က ဆိုသည်။

အေးရှားဝေါလ် ဆိပ်ကမ်းတွင် ဘိန်းဖြူဖမ်းဆီးရမိသည်နှင့် တရက်တည်း လှိုင်သာယာ FMI အိမ်ရာ၌လည်း ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း လှိုင်သာယာရဲစခန်းမှ အတည်ပြုပြောကြားသည်။

ယခင်အပတ်က ဖမ်းဆီးရမိသည့် ဘိန်းဖြူကိစ္စနောက်ဆက်တွဲကို မြန်မာနိုင်ငံ မူးယစ်ဗဟို အဖွဲ့က ဆက်လက် စုံစမ်းလျှက်ရှိသည်။ ဘိန်းဖြူ ကုန်သွယ်မှုတွင် စစ်အစိုးရ၏ အကြီးပိုင်းတာဝန်ရှိသူများနှင့် ထင်ရှားသော စီးပွားရေးသမားများ ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်ရသည်။

ယခုအခါ မူးယစ်ဆေးဝါးမျိုးစုံသည် မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ထိုင်းနှင့် တရုတ်တို့မှ နယ်စပ်ကိုဖြတ်ကျော်ကာ နည်းမျိုးစုံဖြင့် ပြည်တွင်းသို့ ဝင်ရောက်နေသကဲ့သို့ ပြည်တွင်းမှတဆင့် ပြည်ပသို့ ပင်လယ်လမ်းကြောင်းနှင့် ကုန်းလမ်း နှစ်မျိုးစလုံးနှင့် ဘိန်းကုန်သွယ်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ ဘိန်းကုန်သွယ်မှုများပြုလုပ်ရန်မှာ စစ်အစိုးရ တာဝန်ရှိသူများ မပါဝင်ဘဲမဖြစ်နိုင်ကြောင်း အများက ယူဆနေကြသည်။

တချိန်တည်းတွင် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆန့်ကျင်ရေး အေဂျင်စီ၏ အစီအရင်ခံစာ၌ မြန်မာပြည်တွင် ၂၀၀၈ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၃ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

စစ်အစိုးရသည် ဒီဇင်ဘာလအတွင်းက အေးရှားဝေါလ်နှင့် ရွှေတောင် အပါအဝင် ကုမ္ပဏီ ၄ ခုကို ဝ၊ ကိုးကန့်ဒေသ၌ ဘိန်းစိုက်ပျိုးရန် ခွင့်ပြုထားကြောင်း ၎င်းကုမ္ပဏီများနှင့် နီးစပ်သည့် သတင်းရင်းမြစ် တခုမှ ကြားသိရသည်။

အေးရှားဝေါလ်ကုမ္ပဏီသည် ဘိန်းဘုရင်လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော ပိုင်ဆိုင်သည့် ကုမ္ပဏီ ဖြစ်ပြီး ၎င်းကုမ္ပဏီကို အမေရိကန်နိုင်ငံက ငွေကြေးနှင့် ပတ်သက်၍ ပိတ်ဆို့ အရေးယူထားသည်။

ရွှေတောင်ကုမ္ပဏီမှာ ယခင်က အာရှဓနဘဏ် လုပ်ငန်းလုပ်ကိုင်ပြီး ယခုအခါ ဆောက်လုပ်ရေး၊ သစ်ထုတ် လုပ်ရေး၊ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများ လုပ်ကိုင်သည့် ဘိန်းဘုရင်တဦးဟု ကြော်ကြားခဲ့သော ဦးအိုက်ထွန်းပိုင် ကုမ္ပဏီ ဖြစ်သည်။ အာရှဓနဘဏ်ကို ၂၀၀၃ ခုနှစ်က ငွေမည်းခဝါချသည့် ကိစ္စကြောင့် အပိတ်ခံခဲ့ရသည်။

အတည်မပြုနိုင်သည့် သတင်းရပ်ဝန်းများ၏ အဆိုအရ လက်ရှိအနေအထားတွင် ရှမ်းပြည်နယ်အတွင်း ယခင်က ဘိန်းစိုက်ပျိုးခဲ့သည်ဟု လူသိများသော ဒေသများတွင် မစိုက်ပျိုးတော့ဘဲ လူသိနည်းသည့် ဒေသများတွင် ဘိန်းကို အကြီးအကျယ် စိုက်ပျိုးနေသည်ဟု သိရသည်။

ယခင်က ဘိန်းအထွက်များသော ဒေသများမှာ ဝ နယ်အတွင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း ဒေသ၊ မိုင်းကိုင်ဒေသတို့တွင် ဖြစ်ပြီး ယခုအခါ လူသိနည်းသော ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ မိုင်းပွန်မြို့နယ်၊ မိုင်းကိုင်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးနေသည်ဟု ကြားသိရသည်။

ယခုအခါ ရှမ်းပြည်ဒေသတွင် ဥစားစီပီကြက် မွေးမြူရေးလုပ်ငန်းများကို ဒေသခံစားသုံးသူ လိုအပ်ချက်ထက် ကျော်လွန်၍ မွေးမြူလျှက်ရှိသည်။ ဘိန်းစိုက်ပျိုးရေးတွင် ကြက်ချေးကို မြေသြဇာအဖြစ် အသုံးပြုပါက ဘိန်းဆီပိုမို အထွက်ကောင်းသောကြောင့် ဖြစ်ကြောင်း နားလည်သူများက သုံးသပ် ပြောဆိုသည်။

 (ဧရာဝတီသတင်းဌာန)