ပြည်သူလူထု ဆင်းရဲ ဒုက္ခမျိုးစုံ အဖုံဖုံကို
ခံစားနေရတဲ့ မြင်ကွင်းတွေ ကြည့် ပြီး ကိုယ်ချင်းစာ တရားနဲ့ စစ်ပွဲတွေ
ရပ်တန့် စေချင်လို့ တတ်နိုင်သလောက်လေး တောင်းဆိုပေးတာပါ ။
ဘယ်သူက အမှန် ၊ ဘယ်သူက အမှား ဆိုတာထက် လက်ရှိမှာ ဘယ်သူတွေ ဒုက္ခရောက်နေသလည်း ဆိုတာကို တည့် တည့် ကြည့် တတ်ပြီး ရိုးသားစွာ တွေးတတ်တဲ့ လူဆို စစ်ပွဲတွေ ကိစ္စ သိပ်အငြင်းပွားစရာ ရှိလှမယ် မထင်ပါဘူး ။
နောက်တချက်က အမှန်နဲ့ အမှား ထင်ရှားချင်လို့ အငြင်းပွားကြတဲ့ အခါ ထွက်ပေါ်လာတဲ့ အမှန်တရားဟာ ကိုယ့် အယူအဆနဲ့ မကိုက်ညီလည်း လက်ခံချင်တဲ့ ဆန္ဒရှိမှ ဖြစ်ပါလိမ့်မယ် ။
သင့် တို့ မိသားစုဝင်တွေ နေထိုင်တဲ့ အိမ်ကလေးမှာ မောင်နှမ အချင်းချင်း ရန်ဖြစ်ကြရင် အားပေးကြမလား ၊ ဖြန်ဖြေပေးကြမလား ။ အကယ်၍များ တစုံတစ်ယောက်က သင်တို့ မိသားစု ပိုင်ဆိုင်တဲ့ အဖိုးတန် ပစ္စည်းလေးတွေကို ရိုက်ခွဲ ဖျက်စီးပစ်ရင် အားပေးမှာလား ။
ကိုယ်မိသားစုဝင်တွေကို တကယ်ချစ်တဲ့ လူတွေဆိုရင် ကိုယ်နေထိုင်ရာ အိမ်ကလေး ပျက်စီးမယ့် ဘယ်သူမှ အားမပေးကြပါဘူးဗျာ ။
တကယ်တော့ ကျနော်တို့ တိုင်းပြည်ဟာ ကျနော်တို့ အတွက် နားခိုစရာ အိမ်ကလေးပါဘဲ ။ ဒီနယ်နမိတ်ထဲမှာ နေထိုင်သူ မြန်မာနိုင်ငံသားတိုင်းဟာ မောင်နှမတွေဘဲ မဟုတ်ဘူးလား ။
ဒီလိုမှ မဟုတ်ဘဲ ...... နိုင်ငံနဲ့ အိမ် မတူပါဘူး ၊ တိုင်းပြည် ဒုက္ခရောက်တာ ငါတို့ အိမ် ဒုက္ခရောက်တာ မဟုတ်ပါဘူး ၊ ဒုက္ခခံစားရတာ ပြည်သူလူထုဟာ ငါတို့ မိသားစုဝင် မဟုတ်ပါဘူး ဆိုပြီး ကျားကျား မီးယပ် ဆိုတဲ့ လူတွေနဲ့ ငြင်းနေရမယ် ဆိုရင်တော့ အချိန်ကုန်တာဘဲ အဖတ်တင်ပါတယ် ။
တကယ်တော့ တိုင်းပြည်ကို ဖျက်စီးနေတဲ့ ပြည်တွင်းစစ်ကို တိုင်းပြည်ကို မချစ်တဲ့ လူတွေသာ အားပေးကြတာပါလို့ ကျနော်ကတော့ အခိုင်အမာ ယုံကြည်ထားပါတယ် ။

သတ်ခြင်း
ဖြတ်ခြင်း နဲ့ ယဉ်ပါးနေတဲ့ လူတွေ အတွက် စစ်ပွဲဆိုတာ မထူးခြားလှပေမယ့်
သူတို့အတ္တကို အသွေးအသားနဲ့ ဖော်ကြူးခံရတဲ့ ပြည်သူလူထု ဘ၀များကတော့
စုတ်ပြတ်သတ်သွားကြတာ များပါတယ် ။
ညီအစ်ကို မောင်နှမ အချင်းချင်း ပြန်သတ်ကြဖို့ အတွက် ကိုယ့်အိမ်က စည်းစိမ် ဥစ္စာကို အဓမ္မနည်းလမ်း ကျင်သုံးပြီး ဖြုန်းတီးကာ ကစားနေကြတဲ့ လူတွေ သေဆုံးသွားတော့ တိုင်ပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားလို့ သူရဲကောင်း ဆိုပြီး ဂုဏ်ပြုကြကာ နှမြောတသ ဖြစ်ကြပြန်တယ် ။
ရီစရာ ကောင်းလိုက်တဲ့ အလေ့ အထ........
ရိုးသား ဖြူစင်လှတဲ့ အပြစ်မဲ့တဲ့ ပြည်သူလူထု သေဆုံးမှုကြတော့ သက်ဆိုင်သူ မိသားစုမှ တပါး အခြားသူများက ဥပက္ခာ ပြုထားကြတာ များပါတယ် ။
စစ်ပွဲတွေကို ဖန်တီးရတာ ပျော်မြူးနေတဲ့ လူတွေ ၊ အဲဒီလို စစ်ပွဲကို အားပေးနေကြတဲ့ လူတွေ ရဲ့ မိသားစုဝင်တွေ အခုလို ဒုက္ခမျိုးကို ဘယ်တော့မှ မခံစားရဘူးလို့ မထင်ထားလိုက်ကြပါနဲ့အုံး ။
စစ်ပွဲဆိုတာ ငါတို့နဲ့ အဝေးကြီးပါဆိုပြီး တွေးပြီး မပျော်လိုက်ကြနဲ့အုံး…..အခုလို ဒုက္ခသည်တွေထက် ဆိုးဝါးတဲ့ ကံကြမ္မာ ခင်ဗျာတို့မှာ မကြရောက်လာနိုင်ဘူးလို့ သေချာပေါက် တွေးနိုင်လို့လား………။
ကံကြမ္မာ ဆိုတာ အ၀ိုင်းပြေးပြေးနေတာပါ …….. ၀ဋ်ဆိုတာ လည်စမြဲပါ .. ။ ကိုယ်လုပ်သမျှ အကုသိုလ်ကံတွေ တနေ့တော့ ကိုယ်တိုင် ခံစားရမှာပါ ဆိုတာ မမေ့ကြပါနဲ့……။
အပြစ်မဲ့ ပြည်သူလူထု မိသားစုများနဲ့ သေကွဲ ၊ ရှင်ကွဲ အမျိုးမျိုးကွဲအောင် နှိပ်စက်နေကြတဲ့ စစ်ပွဲကို အားပေးတဲ့ အယူဝါဒ ပိုင်ရှင်များ ကျဆုံးပါစေ……….။