
အသက်မဲ့အောင် ပြုလုပ်ထားပြီးဖြစ်သော လက်လုပ်ဗုံးတလုံးဟုဆိုကာ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည့်ပုံ (ဓာတ်ပုံ - မြန်မာ့အလင်း)
SB ၏ လာရောက် မေးမြန်းခြင်းခံရသူ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက “ညကပဲ ကျနော်ဆီကို SB အရာရှိတယောက်နဲ့ တခြားအဆင့် တယောက် လူကိုယ်တိုင် လာသွားတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်း တချို့ နာမည်တွေနဲ့ နေရပ်လိပ်စာတွေမေးပြီး ကျနော့်ကိုလည်း ကူညီဖို့ပြောတယ်။ အရင်လည်း မကြာခဏ ဒီလိုတော့ လာလာမေးတတ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
တခြား နိုင်ငံရေး အကျဉ်းသားဟောင်း တဦးကလည်း “အခုဟာကတော့ သူတို့က အရင် ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ကျောင်းသားဟောင်းတွေနဲ့ လက်နက်မှုနဲ့ ထောင်ကျခဲ့ဖူးသူတွေကို အဓိကထား မေးတယ်။ ကျနော်တို့လည်း စိုးရိမ်တယ်ဗျာ။ ကိုယ်ဘာမှ မသိလိုက်ရဘဲ ထောင်ကျခံရမယ့်အရေး မိသားစုကလည်း ပူတာပေါ့။ ကျနော်တို့ ထောင်ထဲမှာ ကတည်းက အပြင်မှာ ဗုံးကွဲလိုက်တာနဲ့ လာမေးတော့တာပဲ” ဟု ပြောသည်။
အင်းစိန်ဗုံးကွဲမှု ဖြစ်ပွားပြီးနောက် ညစဉ်ရက်ဆက် ဧည့်စာရင်းစစ်ခြင်း၊ ခရီးသွားပြည်သူများ အားလုံခြုံရေး အထူးကြပ်မတ် စစ်ဆေးခြင်းများကြောင့် စိတ်ပျက်စရာများနှင့်ကြုံနေရကြောင်း ရန်ကုန်မြို့ခံတဦးက ဆိုသည်။
ဗုံးပေါက်ကွဲပြီးနောက် ရန်ကုန်အ၀င်အထွက် ကားများ၊ ရထားများနှင့် ခရီးသည်များကိုပါ လုံခြုံရေးတပ်ဖွဲ့များက တင်းကျပ်စွာ စစ်ဆေးမှုများလုပ်နေကြောင်း သိရသည်။
အမည်မဖော်လိုသူ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက “လူထုလှုပ်ရှားမှု ပေါ်ပေါက်ရေးလုပ်နေသူတွေကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက နောက်ကွယ်က စီမံနေတယ်လို့ သူတို့က ထင်နေတယ်။ အခုအခါက နိုင်ငံတကာမှာလည်း လူထုတော်လှန်ရေးတွေက ဆက်တိုက်ဖြစ်နေတာ မဟုတ်လား။ နိုင်ငံရေး အကျဉ်းသားဟောင်း တချိုကတော့ ဆက်မလုပ်ကြတော့ပါဘူး။ ကြည့်ရတာ အမှိုက်လှည်းတဲ့ စီမံချက်ထဲမှာ အကုန်သိမ်းကျုံးမလို့ အကွက်ချထားတာ ထင်တယ်” ဟု ပြောသည်။
မတ်လ ၁၃ ရက်နေ့တွင် ကျရောက်မည့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးသည့် နှစ်ပတ်လည်နေ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ကျင်းပသွားရန် တက်ကြွလှုပ်ရှားသူများက စီစဉ်နေကြကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုများကို စစ်အစိုးရက စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး ကြိုတင်ဟန့်တားခြင်းအဖြစ် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ပြောသည်။