Sunday, March 06, 2011

မိုး/ ဇလ မှတ်တမ်းဟောင်းများ ပျောက်ဆုံး

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ မိုးလေ၀သနှင့် ဇလဗေဒ (မိုး/ ဇလ) ညွှန်ကြားမှု ဦးစီးဌာန၊ ကမ္ဘာအေး မိုးလေ၀သ စခန်း (ရုံးချုပ်) ရှိ မိုးလေ၀သနှင့် သက်ဆိုင်သော ဌာနတွင်း အချက်အလက် မှတ်တမ်းဟောင်းတချို့ ပျောက်ဆုံးနေသည်ဟု သိရသည်။  မြန်မာပြည်ရှိ မိုးလေ၀သ စခန်းများ စတင်တည်ဆောက်ခဲ့ချိန်မှ ယနေ့အထိ မှတ်တမ်းအချက်အလက် ဖိုင်တချို့၊ မိုး/ ဇလ ဆိုင်ရာ တန်ဖိုးကြီး စာအုပ်တချို့၊ ရုပ်ပုံကားချပ်တချို့တို့ မကြာခဏ ပျောက်ဆုံးနေသည်ဟု ဌာနတွင်း ၀န်ထမ်းများက ပြောသည်။  ပျောက်ဆုံးလျက်ရှိသော သတင်း အချက်အလက်များသည် မိုးလေ၀သ ခန့်မှန်း သုံးသပ်ရာ၌ လည်းကောင်း၊ ပြည်တွင်းပြည်ပ မိုးလေ၀သ ပညာရှင်များ အတွက်လည်းကောင်း၊ ပါရဂူဘွဲ့ယူမည့် မိုးလေ၀သ စာတမ်းရှင် များအတွက် လည်းကောင်း လွန်စွာ အရေးပါသည်ဟု သိရသည်။  ကမ္ဘာအေး မိုး/ ဇလ စီမံရေးရာ ၀န်ထမ်းတစ်ဦးက “ဒီဘက်ဆယ်စုနှစ်မှာက စာရွက်စာတမ်းတချို့ ပျောက်ဆုံးပေမယ့် ကွန်ပျူတာတွေနဲ့ ထိန်းသိမ်းထားလို့ အခုထိတော့ ဌာနတွင်း ပြဿနာ မဖြစ်သေးဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ က အချက်အလက် မှတ်တမ်းတွေ ပျောက်ဆုံးနေတာတော့ နှမြောစရာကောင်းတယ်” ဟု ပြောသည်။  အဆိုပါ ပျောက်ဆုံးနေသော မိုးလေ၀သဆိုင်ရာ ဌာနတွင်း အချက်အလက် မှတ်တမ်းဟောင်းများတွင် ဒေသအသီးသီးရှိ မိုးလေ၀သ စခန်းများမှ နေ့စဉ်ပေးပို့လေ့ရှိသော နေ့ ည အပူချိန်၊ ထူးခြား အပူချိန်၊ မှတ်သားဖွယ် မိုးရေချိန်၊ တိမ်ဖြစ်ထွန်းမှု၊ ရစ်ခ်ျတာစကေး ငလျင် တိုင်းတာခြင်း၊ မြန်မာ့ပင်လယ်ပြင် လှိုင်း ခန့်မှန်းချက်၊ လေဖိအားနည်း ရပ်ဝန်းတိုင်းတာခြင်း၊ အမြင့်ဆုံး အနိမ့်ဆုံး မိုးရေချိန် တိုင်းတာချက်များ၊ မုန်တိုင်း သတိပေးချက်ဆိုင်ရာ မှတ်တမ်းဟောင်းတချို့ ပါဝင်သည်ဟု သိရသည်။  ထိုသို့ မိုး/ ဇလ ဆိုင်ရာ မှတ်တမ်းဟောင်းများ ပျောက်ဆုံးနေမှုအတွက် တရားခံကို ဌာနဆိုင်ရာ အရာရှိများ လျှို့ဝှက်စွာ စုံစမ်းနေဆဲဖြစ်ကြောင်း၊ တရားခံကို မမိသေးဘဲ အရာရှိများ၏ စောင့်ကြည့်မှုကို ခံနေရသည့်အတွက် ၀န်ထမ်းများအကြား စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း သိရသည်။  ရန်ကုန်တွင် ကမ္ဘာအေး မိုး/ ဇလ စခန်း (ရုံးချုပ်) မှော်ဘီ၊ မင်္ဂလာဒုံနှင့် မြို့လယ်စခန်း (ပို့ဆောင်ရေး ၀န်ကြီးရုံး) ဟူ၍ မိုးလေ၀သ စခန်း ၄ ခု ရှိသည်။  မြန်မာပြည်အနှံ့၌ မိုးလေ၀သ စခန်းပေါင်း ၃၀ ကျော်ရှိပြီး ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ စစ်တွေ၊ သံတွဲ မိုးလေ၀သ စခန်းများသည် မုန်တိုင်း သတိပေးခြင်းအတွက် အရေးပါသော စခန်းများ ဖြစ်ကြသည်။  မိုးလေ၀သ ဆိုင်ရာ အချက်အလက်များကို သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား အပါအ၀င် ချိတ်ဆက်ထားသော ၀န်ကြီးဌာနများသို့ ကမ္ဘာအေး မိုးလေ၀သ စခန်း (ရုံးချုပ်) မှ သတင်းများ နေ့စဉ် ပေးပို့လျက်ရှိသည်။ မုန်တိုင်း အထူး သတိပေးချက်များ ရှိပါက သက်ဆိုင်ရာ ဌာနအသီးသီးသို့ FAX များ၊ တယ်လီဖုန်းများ အသုံးပြုကာ အချိန်နှင့် တပြေးညီ ပေးပို့ထုတ်ပြန် ကြရသည်ဟု ၀န်ထမ်းတို့အဆိုအရ သိရသည်။  ထို့အပြင် ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့ ပြုလုပ်လိုသော လုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းခွင်များ၊ စီမံကိန်းများ၊ ပင်လယ်ပြင် ရေလုပ်ငန်းများအတွက် လိုအပ်သော မိုးလေ၀သ ဆိုင်ရာ၊ ငလျင်ဆိုင်ရာ မှတ်တမ်းများ၊ နေ့စဉ် သတင်းပေးပို့ချက်များကို အဆိုပါ ကမ္ဘာအေး မိုးလေ၀သ စခန်း (ရုံးချုပ်) မှ ၀ယ်ယူကြရသည်ဟု သိရသည်။