Friday, January 21, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် ရန်ကုန်မြို့ ထိုင်းသံရုံး၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

headquarters-ds
၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ NLD ရုံးချုပ်၌ ပြုလုပ်သော လူငယ်များနှင့် တွေ့ဆုံပွဲတွင် အမှာစကား ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
“မနက် ၉ နာရီကနေ ၁၀ နာရီလောက်အထိ ထိုင်းသံရုံးမှာပဲ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပွင့်လင်း ရင်းနှီးမှုရှိတဲ့ ဆွေးနွေးပွဲတခု ဖြစ်မြောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ ဒေါ်အောင်ဆန်းကြည်က ပြောဆိုခြင်း မရှိသေးပါဘူး”ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောသည်။

ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည် လွတ်မြောက်ခဲ့ ပြီးနောက် နိုင်ငံခြားရေး ၀န်ကြီး တဦးနှင့် ပထမအကြိမ် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

မစ္စတာ ကဆစ်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး၌ အာဆီယံ အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု ကမ္ဘာသို့ အသိပေးရမည် ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ စစ်အစိုးရအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ၊ တိုင်းရင်းသား အဖွဲ့များအနေဖြင့် စစ်အစိုးရနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရန်တို့ကို တိုက်တွန်းကြရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် ဆွေးနွေးပွဲသည်  ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တယ်လီဖုန်း ဆက် သွယ် ပြောဆိုမှုအပြီး ၂ ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ၄င်း၏ နေအိမ်တွင် စစ်အစိုးရပိုင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ အင်တာနက် တပ်ဆင် ခွင့် ရရှိခဲ့ပြီး ယနေ့ အပြီးသတ် တပ်ဆင်နေကြောင်း သိရသည်။

“အခုမြန်မာပြည်မှာ ချထားပေးနေတဲ့ Mcwill ( Multi Carrier Wireless Local Loop ) အမျိုးအစားလိုင်းကို သုံးခွင့်ရတာပါ။ ကနဦး ပေးသွင်းငွေ ဆယ်သိန်း နှစ်သောင်း ကျပ် ပေးရတယ်။ အခု ရက်သတ္တ တပတ်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးမယ် ထင်ပါတယ်”ဟု ဦးအုံးကြိုင်က ပြောသည်။