ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်းဖြစ်စဉ်များအပေါ် (နအဖ) စစ်အစိုးရ တုန့်ပြန်မှုတွေဟာ ယခင်ကနဲ့မတူပါဘူး။ မတူဘူးဆိုလိုက်လို့ သဘောထားပျော့ပြောင်းလာတယ်စသဖြင့် ဘာဘာညာညာပြောချင်တာ မဟုတ်ပါဘူး။
ဖြစ်ရပ်တွေက ရွေးကောက်ပွဲမှာကျူးလွန်ခဲ့တဲ့ မသမာမှုနဲ့ မတရားတဲ့ကိစ္စတွေကိုတောင် ကျော်လွန်သွားသလိုဖြစ်ခဲ့ရပါတယ်။ (နအဖ) စစ်အစိုးရကတော့ ဒါတွေကို အကြိုက်တွေ့နေမှာပေါ့။ ရွေးကောက်ပွဲမသမာမှုတွေကို တရားစွဲဖို့ဆိုတာကလည်း ငွေချည်း ၁၀ သိန်းတင်ရမယ် မဟုတ်လား။
(နအဖ) စစ်အစိုးရတုန့်ပြန်မှုတွေက ယခင်ကနဲ့မတူဘူးလို့ဆိုရတာလည်း (နအဖ) စစ်အစိုးရအဖို့ ယခင်ကလို အခြေအနေ မဟုတ်တော့တာလည်းပါတယ်။ အဓိကအချက်ကတော့ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရထားတယ်။ ဒါကြောင့် ဒီနေ့ဖြစ် နေတာတွေကို အရင်ကလိုသတင်းစာကနေဆောင်းပါးရေးပြီး မိုက်တိမိုက်ကန်းတုန့်ပြန်လို့ဖြစ်တာ မဟုတ်တော့ဘူး။ “အောင်မိုးစံ” တို့ကိုရေးခိုင်းလို့လည်းရတော့တာ မဟုတ်ဘူး။ သူတို့က နိုင်ငံရေးပါတီထောင်ထားတယ်။
ဒီတော့အခြားနည်းတွေသုံးလာရတယ်။ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်၊ လူငယ်ထုနဲ့ဒေါ်အောင်ဆန်းစုကြည် ရေနဲ့ငါးပမာ တစ်သားတည်း ဖြစ်နေမှာ/တာကို (နအဖ) စစ်အစိုးရက မနာလိုမရှုဆိတ်ပါဘူး။ ဒီတော့ထုံးစံအတိုင်း ဉာဏ်နီဉာဏ်နက်တွေလက် ကုန် ထုတ်သုံးလာပါတယ်။
ပထမဆုံးတုန့်ပြန်တာကတော့ ဒီချုပ်တရားဝင်တည်ရှိမှုကိစ္စကို နေပြည်တော်တရားရုံးချုပ်ကနေ “ပယ်ချ” လိုက်တာပါပဲ။
နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းက ဂျာနယ် (၉) စောင်ကို ဒေါ်အောင်ဆန်းစုကြည်သတင်းဖေါ်ပြလို့ဆိုပြီး ရက်သတ္တပတ် ကန့်သတ်ပိတ်ပင်တဲ့ ဒဏ်ချမှတ်လိုက်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း “ဖျက်သိမ်းပြီး NLD” လို့သုံးရမယ်လို့ သံပတ်တင်းလိုက်ပါတယ်။
ပိတ်ပင်ခံရတဲ့ ဂျာနယ် (၉) စောင်ထဲမှာ “လျှပ်တစ်ပြက်ဂျာနယ်” ပါတယ်ဆိုတာကလည်း ကျောသားရင်သားမခွဲခြားဘူးဆိုတဲ့ ဆင်ခြေပေးနိုင်ဖို့ဖြစ်တယ်။ “လျှပ်တစ်ပြက်ဂျာနယ်” ဆိုတာ အလံရှူးဂျာနယ်မှန်း လူတိုင်းသိပါတယ်။
နောက်တစ်ခုကတော့ မဖြူဖြူသင်းတို့ဖွင့်လှစ်ထားတဲ့ (PLWHA) တွေနဲ့ ပတ်သက်ပါတယ်။
ဒီကိစ္စမှာ ယခင်ကလို သက်ဆိုင်ရာအုပ်ချုပ်ရေးယန္တရားကနေ (မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေး) မကိုင်တော့ပဲ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေ/ ရပ်ကွက်လူထုတွေနဲ့လှည့်ပြီး ရန်တိုက်ပေးလိုက်ပါတယ်။ (NGO) ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ရမယ်/ ဆေးရုံဆိုရင်လည်း စံသတ်မှတ်ချက်များနဲ့ ကိုက်ညီရမယ်လို့ဆိုပါတယ်။
လောလောဆယ်တော့ ဧည့်စာရင်းတိုင်ခွင့် ထပ်မံပေးပါတယ်။ ဒါဟာ (နအဖ) စစ်အစိုးရဘက်က လိုက်လျောလိုက်တာ ခွင့်ပြုလိုက်တာမဟုတ်ပါဘူး။ သူတို့ဥပဒေကို သူတို့ကိုယ်တိုင် မချိုးဖောက်ဘူး ဆိုတာနဲ့ မဖြူဖြူသင်းတို့ဘက်တောင်းဆိုလို့ တင်းခံ နေလို့ လိုက်လျောရတာဆိုတဲ့ အနေအထားမျိုး မဖြစ်ရအောင် အကွက်ချတုန့်ပြန်တာပါ။
နေ့စဉ်ထုတ်သတင်းစာတွေထဲကနေသာ မတုန့်ပြန်ပေမယ့် (ကြေးမုံအွန်လိုင်းသတင်းစာ) မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းစိုင်းစွာ ပုတ်ခတ်ဆဲရေးထားတာတွေကို နေ့စဉ်ဖေါ်ပြနေပါတယ်။ လက်တွေ့မှာတော့ နိုဝင်ဘာ၂၅ ရက်နေ့မှာ ရွှေဂုံတိုင်ရုံး ရှေ့ကို “လူရမ်းကားငါးမင်းဆွေ” ရောက်လာပြီး သရုပ်ပျက် အော်ဟစ်ပါတယ်။
နောက်ဆုံးတုန့်ပြန်ချက်နဲ့ ရိုက်ချက်ကတော့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပက အာရုံကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေကို အာရုံလွှဲပြောင်းနိုင်ဖို့အတွက် “ဗိုလ်ခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ရဲ့မိုးသည်းည အသံတိတ်ဗွီဒီယို အပိုင်း” ကို (facebook) ကနေတဆင့်ဖြန့်လိုက်တာပါပဲ။ ရေကန်ထဲက ခဲကျသလိုဂယက်တွေ ပြန့်သွားပါတယ်။ ထင်မြင်ယူဆချက်တွေ ဘောင်ဘင်ခတ်သွားပါတယ်။
ဆံပင်ဖြူနေတဲ့ ဗိုလ်ခင်ညွန့်ကိုကြည့်ပြီး စိတ်မကောင်းသလိုလို/သံဝေဂ ရသလိုလိုပြောတဲ့ လူလည်းရှိပါတယ်။ စိတ်မကောင်းဖြစ်နေသူတွေ၊ သံဝေဂရနေသူတွေကို ပြောချင်ပါတယ်။ ဗိုလ်ခင်ညွန့် ညွန်ကြားချက်နဲ့ အဖမ်းခံရသူတွေထောင်ထဲမှာ အခုချိန်ထိ အများအပြားရှိနေပါသေးတယ်။
ထောင်ထဲမှာသေရတဲ့/ရူးသွပ်သွားရတဲ့/ကျန်းမာရေးချို့ယွင်းသွားရတဲ့ ဖြစ်ရပ်တွေနဲ့ အဖမ်းခံရသူတွေရဲ့မိသားစုတွေ ဘယ်လိုဘဝပျက်သွားတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒီနေရာမှာ သံဝေဂထက် စာနာမှုကပိုအရေးကြီးပါတယ်။
ဗိုလ်ခင်ညွန့်ရဲ့ အဝေးယောက်တပည့်ကတော့ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ဖြေရှင်းဖို့ လူကြီးတွေကတွေ့ဖို့ နေရာပြောင်းတာဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေးတို့ရဲ့အဋ္ဌာရဿတွေနဲ့ ထုံးစံအတိုင်း ချွန်ပေးပါတယ်။ စိတ်ကူး ယဉ်ဆန်လွန်းတဲ့ ထင်မြင်ချက်ဖြစ်ပါတယ်။ နိမ့်ပါးသွားတဲ့သူတို့ဆရာကို အသလွတ်ချီးမွန်းခန်းဖွင့်တာပါ။
“နိုင်ငံရေးကိစ္စတွေ နောက်တက်မယ့်အစိုးရနဲ့ပြောပါဆိုပြီး” အပစ်အခတ်ရပ်စဲခဲ့တဲ့ တိုင်းရင်းသားတွေကို တစ်ပတ်ရိုက်ခဲ့တာ ဗိုလ်ခင်ညွန့်ပဲ မဟုတ်လား။ (CO) နဲ့ (IO) တို့ရဲ့ လက်တွဲညီညီရိုက်ခဲ့ကြတဲ့အကွက်တွေ မဟုတ်ဘူးလား။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ခင်ညွန့်ပူးပေါင်းဆောင်ရွက်လိုက်ရင် အောင်မြင်မှာပါတဲ့။
ဖိတ်သွားတဲ့နို့ကို ပြန်လည်တမ်းတနေတာ။ အဆုံးအဖြတ်အာဏာကို ဘယ်သူကိုင်ထားတယ်/ ဘယ်သူ့လက်ထဲမှာ ရှိတယ် ဆိုတာကို ကျနော်တို့ အခုထိဝေဝါးနေကြဦးမှာလား။
ဘယ်သူကဗိုလ်ခင်ညွန့်ကို ဆိုင်းငံ့ထောင်ဒဏ် (၄၄) နှစ် အပြစ်ပေးပြီး ဖယ်ရှားလိုက်တာလဲ။ အခုလိုအချိန်မှာ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွန့်ကို ဘယ်သူက ပွဲထုတ်ဗန်းတင်ပေးမှာလဲ။ တရားခံကို ဘယ်သူက ဟီးရိုးလုပ်ခွင့်ပေးမှာလဲဗျာ။ “ဗိုလ်ခင်ညွန့်နဲ့ဒေါ်ခင်ဝင်းရွှေတို့ရဲ့ မိုးသည်းည အသံတိတ်ဗွီဒီယိုအပိုင်း” ကိုတော့ (နအဖ) စစ်အစိုးရရဲ့ ရိုက်ကူးရေးအဖွဲ့ရိုက်ပြီး၊ သူတို့ကပဲ တဆင့်ဖွပေးလိုက်တာပဲ ဖြစ်ပါတယ်။
အခုပဲ ကျနော်တို့အနေနဲ့ (နအဖ) စစ်အစိုးရရဲ့ တုန့်ပြန်ချက်တွေကြားမှာ အခြေအတင်တွေ ပြောနေဆိုနေရပြီပဲ။ ဒါကိုက (နအဖ) စစ်အစိုးရ ရည်ရွယ်ချက်မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။
(နအဖ) စစ်အစိုးရရဲ့ နောက်ဆုံးတုန့်ပြန်ချက်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားရဲ့ မြန်မာပြည်ခရီးစဉ် (၂၈/၂၉ နိုဝင်ဘာ) သတင်းဖေါ်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ကသပ်သပ်၊ “ဖျက်သိမ်း ထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”သပ်သပ် ခွဲခြားဖေါ်ပြထားတာပဲ ဖြစ်ပါတယ်။
(နအဖ) စစ်အစိုးရထံကနေ နောက်ထပ်တုန့်ပြန်ချက်တွေပုံစံမျိုးစုံနဲ့ ထပ်ထွက်လာဦးမယ်လို့ ကျနော်ယူဆတယ်။