ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော “Freedom From Fear” စာအုပ်နှင့် ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်တို့ကို လက်ဝယ်တွေ့ရှိမှုဖြင့် အသက် ၁၄ နှစ်အရွယ်ရှိ ကလေး တဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးထားကြောင်း သိရသည်။
ရန်ကုန်မြို့ တာမွေမြို့နယ်မှ ဦးစံသိန်း၏သား မောင်နေလင်းသည် အဆိုပါ စာအုပ်များကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့သို့ ပါဆယ်ဖြင့် ပို့ရန် အသွားတွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီ ရွှေမန်းသူကားဂိတ်၌ အဖမ်းခံရခြင်း ဖြစ်သည်။
“ဦးဝင်းတင် ရေးတဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်က ၆ အုပ်၊ နောက် ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ Freedom From Fear ဆိုတဲ့ စာအုပ်က ၅ အုပ်၊ အဲဒါတွေကို မိလို့ ကလေးကို ဖမ်းထားတယ်”ဟု ၎င်းက ဆိုသည်။
“Freedom From Fear” စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ် အဲရစ်က တည်းဖြတ်၍ ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေသည်။ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” အမည်ဖြင့် ဒေါက်တာ အောင်ခင်က မြန်မာပြန်ဆိုခဲ့သည်။
“ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်း အမှတ် အဖြစ် ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။
ထိုစာအုပ်တွင် အနှစ် ၂၀ ကာလ အတွင်း ဦးဝင်းတင်ခံစား ခဲ့ရသော ကာယဒုက္ခ၊ စိတ္တဒုက္ခများကို ဖော်ပြထားပြီး ထောင်တွင်း မတရားမှုများ၊ အာခံမှုများ၊ အကျဉ်းသား အချင်းချင်း ရိုင်းပင်း ကူညီမှုများ၊ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျဖော်များ အကြောင်းနှင့် ထောင်တွင်း အမြင်မတော်မှုများကို ရေးသားထားသည်။