ကျနော်က ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ နေတဲ့သူပါ။
ကျနော်တို့ဟာ မီတာခကို လစဉ်ပုံမှန် ပေးသွင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ရပ်ကွက်မီးလင်းရေးကော်မတီဟာ မီတာခ မပေးသွင်းဘူးဆိုပြီးတော့ အစိုးရ လျှပ်စစ်မီးပေးဝေရေးဌာန EPC ဝန်ထမ်းတွေက ရပ်ကွက်ပြည်သူတွေ သုံးနေတဲ့ မီတာဘောက်စ် ၉၈ လုံးကို မနေ့တုန်းက ဖြုတ်ယူသိမ်းသွားပါတယ်။
ရပ်ကွက်မီးလင်းရေး ကော်မတီနဲ့ ရှင်းကြဆိုပြီးတော့ ပြောသွားပါတယ်။ ကော်မတီဆီကနေ ဝယ်ထားတဲ့ မီတာဘောက်စ်တွေကို သုံးလို့မရတော့ဘူးလို့လည်း ဆိုပါတယ်။ တကယ်တော့ ကော်မတီနဲ့ မရှင်းဘဲ ပြည်သူတွေရဲ့ မီတာတွေကို အခုလို သိမ်းသွားတာကဖြင့် သဘာဝ မကျပါဘူး။
ဒီကနေ့ EPC လျှပ်စစ်ရုံးကို သွားမေးတော့လည်း မီတာဘောက်စ် လိုချင်ရင် နောက်တခေါက် ထပ်လာလျှောက်ဖို့ ပြောပါတယ်။ ဝန်ထမ်းတယောက် အပြောအရ ကျပ် ၁ သိန်း ၁ သောင်းပေးရမယ်လို့ သိရတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စပါးခွံလောင်စာသုံးတဲ့ မီးစက်နဲ့ လျှပ်စစ်မီးပေးလာခဲ့တာပါ။ မီးရရှိဖို့ ရပ်ကွက် မီးလင်းရေး ကော်မတီကတဆင့် မီတာဘောက်စ်တွေ ဝယ်ခဲ့ရပါတယ်။ မီတာဘောက်စ်တလုံးကို ကျပ် ၆ သောင်းတောင် ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီမီးစက်ဟာ လွန်ခဲ့တဲ့ ၈ လ ကတည်းက မီးမပေးတော့ဘဲ၊ အစိုးရ လျှပ်စစ်မီးစက်ကနေကပဲ ပေးပါတော့တယ်။ မီတာခကိုတော့ ကော်မတီကနေတဆင့် ဆောင်ကြရပါတယ်။ တမီတာကို ကျပ် ၄ဝဝ ပေးရတာပါ။ တရက်ကို ၄ နာရီ မီးရပါတယ်။
ကျနော်တို့က ကော်မတီကတဆင့် မီတာခ ပေးရဲ့သားနဲ့ မပေးဘူးဆိုပြီး မီတာဘောက်စ်တွေ ဖြုတ်သိမ်းသွားတာ ဖြစ်ပါတယ်။ အခုအခါ ကျနော်တို့ရပ်ကွက်မှာ လျှပ်စစ်မီး မရှိတော့ပါဘူး။ လျှပ်စစ်မီးသုံးရတဲ့ ဆိုင်တွေအဖို့ အလုပ်တွေ ရပ်ကုန်ပါပြီ။ တခြားရပ်ကွက်တွေမှာတော့ အခုလိုအဖြစ်မျိုး မရှိသေးပါဘူး။
ကျနော်တို့ ကြုံတွေ့နေရတဲ့ လျှပ်စစ်မီး ပြဿနာကို တင်ပြလိုက်ရတာပါ ခင်ဗျား။
ဒေသခံတဦး
စက်ရုံစုရပ်ကွက်
စစ်တွေမြို့