Friday, October 08, 2010

ကျိုင်းတုံမြို့ အထက(၂)ကျောင်း အထက်တန်းပြ ဆရာ၊ဆရာမ များ၏ လုပ်ရပ်များ အကြောင်



တြိဂံဒေသတိုင်းစစ်ဋ္ဌာနချုပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့တွင် ရှိသော အထက(၂)ကျောင်းတွင်း၌ ပညာသင်ကြားနေသော ကျောင်းသူ၊ကျောင်းသားများသည် သူငယ်တန်းမှစ၍ အဋ္ဌမတန်းအထိ ပညာသင်ကြားမှုများသည် မည်သည့်ပြဿနာမျှမရှိခဲ့ချေ။သို့သော် န၀မတန်းသို့တက်ရောက်သွားသော ကလေးများမှစ၍ ဆရာ၊ဆရာမများသည် ကလေးများကို စ၍ ပညာပြပါတော့သည်။

(၁) ကျောင်းစာသင်ခန်းထဲတွင် ကလေးများအား စာကို နားလည်သဘောပေါက်အောင် မသင်ပေးခြင်း။(စေတနာမရှိသော လုပ်ရပ်များ)
(ဥပမာ)- သင်ခန်းစာ တစ်ခု၏ လေ့ကျင့်ခန်းများကို တစ်ပုဒ်၊နှစ်ပုဒ်ရှင်းပြပြီး လေ့ကျင့်ခန်းတစ်ခန်းလုံးစာ အိမ်စာပေးခြင်း။ မနက်ဖြန် မပြီးပါက ရိုက်မည်ဟုပြောပြီးကလေးအားခြိမ်းခြောက်ခဲ့သည်။
“မတွက်တတ်ရင် ကျူရှင် လာတက်ပါ။ ကျူရှင်တက်တဲ့လူကိုပဲ ကောင်းကောင်းတွက်ပြမည် “ ဟု စာသင်ခန်းရှိ ကျောင်းသားများအားကြေညာ၍ ပြောဆိုခဲ့ပါသည်။ထို့ကြောင့် ပိုက်ဆံတတ်နိုင်သော ကျောင်းသားများသာလျှင် ကျုရှင်တက်ကြပါသည်။ ပိုက်ဆံမတတ်နိုင်သောကျောင်းသားများ(တောင်ပေါ်သားများ)အဖို့ ကျုရှင်မတက်နိုင်၍ နေ့စဉ်နေ့တိုင်း နားမလည်သော သင်ခန်းစာများကို အိမ်စာ မပြီးနိုင်ခြင်း၊ မပြီးပါက ကျောင်း၌ဆရာ၊ဆရာမ ဆဲဆိုခြင်း၊ ရိုက်ခြင်း စသည်တို့ကို ပြုလုပ်၍ ကျူရှင် လာတက်အောင် ပြုလုပ်လေသည်။ ကျူရှင် မတက်သော ကလေးများအား “မင်းတို့ရဲ့ အဖြေလွှာတွေကို က ကနေ ယ လုပ်လိုက်မည် “ ဟုခြိမ်းခြောက်ခဲ့သည်။
(ထိုလုပ်ရပ်များသည် ကလေးများအားအရည်ချင်းရှိအောင်၊စေတနာနှင့် သွန်သင်ဆုံးမမှု မရှိသည့် လုပ်ရပ်ဖြစ်သည်။)

(၂) one week test/ two weeks test / one month test များကို စာမေးပွဲစစ်ဆေးပါက အဖြေလွှာများအား သက်ဆိုင်ရာဆရာ၊ဆရာမများသည် မိမိကိုယ်တိုင်မစစ်ဆေးဘဲ၊ အတန်းထဲ၌ စာတော်သောကျောင်းသား(သို့) ကျူရှင်တက်သော ကျောင်းသား များကို စစ်ဆေးအမှတ်ပေးခိုင်းခြင်း၊ အဖြေလွှာထဲ၌ မှားယွင်းအမှတ်ပေးမှားထားပါက မပြုပြင်ဘဲ ဆရာမက “ထားလိုက်ပါတော့၊အလုပ်ရှုပ်တယ်” ဟု ပြောလေသည်။
မိမိ အရည်အချင်းနှင့် မည်မျှမှန်ကန်အောင်ဖြေနိုင်သော်လည်း ဆရာမမှာ ကျူရှင်မတက်သော ကလေးများအား အမှတ်လျော့ခြင်း၊အမှားပေးခြင်း ပြုလုပ်လေသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဆရာ၊ဆရာမ များသည် ကျူရှင်တက်သော ကလေးကိုသာ ဦးစားပေးခြင်း၊ မိမိ၏အလုပ်တာဝန်များကို ကျေပွန်အောင်မပြုလုပ်နိုင်ခြင်း၊မိမိ၏အလုပ်ကို ပေါ့ပေါ့ဆဆနှင့် တွေးတောခြင်း။တို့ဖြစ်ကြောင်းသိရသည်။

(၃) စာသင်ခန်းထဲ၌လည်း စားပွဲပေါ်တွင် မုန့်မမြင်ပါက ကလေးများအား မုန့် ဘာကြောင့် မပေးလည်းဟုဆိုကာ စာမရှင်းပြတော့ဟု ပြောဆိုခဲ့လေသည်။ ကလေးများမှာလည်း စာတတ်ချင်သောကြောင့် မုန့်ဝယ်ပေးရခြင်း။(တောင်ပေါ်သားများအဖို့ ပိုက်ဆံမရှိ၍ မ၀ယ်လျှင် ဆရာမက “ မင်းတို့ ငါ့အပေါ် စေတနာမရှိလိုက်တာ“ ဟုပြောကြားသွားပြန်လေသည်။ တောင်ပေါ်ကလေးများသည် ၀မ်းနည်း၍ ငိုခဲ့ရသည်။

ထို့သို့ ဆရာ၊ ဆရာမ များသည် မုန့်တောင်းစားခြင်း၊ မုန့်လာပေးရန် ကလေးများအားပြောခြင်း၊ မုန့်မြင်မှစာရှင်းပြမည်ဟု ပြောခြင်း (သို့) တစ်တန်းလုံး ကလေးများကော်ဖီ တစ်ယောက် တစ်ထုပ်ယူလာပေးရခြင်း၊ မုန့်တစ်ထုပ်စီယူလာစေခြင်း စသည့်ဖြစ်ရပ်များသည် ကလေးမိဘကြားခဲ့လျှင်လည်းမကောင်းပါ...ဟု ဆရာ၊ဆရာမများတွေးမိရဲ့လား။

(၄) ဆရာ၊ဆရာမများသည် ပိုက်ဆံရှိသော ကလေးများကို မျက်နှာသာပေးခြင်း။ဥပမာ- ကျောင်းခန်းတွင်း၌ ကျုရှင်သင်သော ကလေးများ စကားများခြင်း၊ မုန့်စားခြင်း၊ ကျယ်လောင်စွာအော်ခြင်းကို မြင်လျှင်လည်း မသိသလိုသာ နေလိုက်သည်။ ကျူရှင်မတက်သော ကလေးဖြစ်ပါက ဆဲဆိုခြင်း၊ ရိုက်ခြင်းပြုလုပ်နေ သည့် ဆရာ၊ဆရာမများသည် ငွေမျက်နှာကို အဓိကထား၍ အသာပေးနေပါသည်။ ထိုဆရာ၊ဆရာမများသည် မေတ္တာတရားကို အညီအမျှ မပေးနိုင်ခြင်း။(ကြားဖူးသည်မှာ ကျောင်းဆရာများသည် စေတနာ၊၀ါသနာ၊အနစ်နာ၊ဂရုဏာနှင့် ပြည့်စုံရမည်။) ယခုမှာ ထိုကဲ့သို့ဖြစ်ရပ်မျိုးကိုမတွေ့ရပါ။

(၅) ကျောင်းတွင်း၌ ကျောင်းသားများအချင်းချင်းရန်ဖြစ်ခြင်း၊
mp3 /mp4 ယူလာ၍နားထောင်ခြင်း၊
TV game များဆော့ခြင်း၊
ဆေးလိပ်သောက်ခြင်း(အိမ်သာထဲ၌)၊
ကော်ရှုခြင်း( အိမ်သာထဲတွင်)စသည့် လုပ်ရပ်များကို ဆရာမများ သိသော်လည်း ကျောင်းသားများအား အရေးယူပြီး သတိပေးခြင်း၊သွန်သင်ဆုံးမမှု မပြုလုပ်ခြင်း၊ ဤကဲ့သို့ကြီးမားသော အပြစ်များကို အရေးမယူခြင်း၊ ပြုပြင်မှုများ မတွေ့ခြင်း။
ဤလုပ်ရပ်များကို ဖြေရှင်းနိုင်ရန်အတွက် ယခုလူငယ်၊နောင်ဝယ် လူကြီးဖြစ်မည့် ကလေးများအား ပြုပြင် သွန်သင်ဆုံးမ မှသာလျှင် လမ်းမှားမှ လမ်းမှန် ပြုပြင်ပေးရာရောက်မည်မှာ ဆရာ၊ဆရာမတို့၏ တာဝန်ပင်ဖြစ်သည်။ ကျောင်း၏ ဂုဏ်သိက္ခာမကျအောင် ကလေးများကို စည်းနဲ့ကမ်းနဲ့သတ်မှတ်ပြီးပြုပြင်ပေးသင့်ပါသည်။

(၆) ကျောင်းသားများအနေဖြင့် စာကြိုးစားနေရင်းမှ စာမလိုက်နိုင်မှုတို့ကြောင့် စာမေးပွဲကျသည်ကို စာလိုက်နိုင်အောင် နည်းလမ်းကောင်းများ မညွှန်ကြားဘဲ ၊ ဒဏ်ငွေအဖြစ် ကောက်ခံခြင်းသည် ကျောင်းသားများအပေါ် စာကြိုးစားချင်စိတ် မပေါ်ပေါက်လာစေဘဲ ၊ “နောက်တစ်ခါ စာမေးပွဲကျရင် ပူစရာမလိုဘူး ဒဏ်ငွေပေးရင် ဆရာမ ကျေနပ်မယ်”ဟုသော အတွေးများဝင်လာနိုင်ပါသည်။ ပိုက်ဆံမရှိသော ကျောင်းသားများအတွက်တော့ ပိုလို စိတ်အားငယ်စရာများ ဖြစ်နေပါတော့သည်။

(၇) တက္ကသိုလ်ဝင်တန်း(ဒဿမတန်း) ကျောင်းသားများအတွက် ဆရာ၊ဆရာမများသည် ကောင်းစွာ စာသင်ကြားမှုမရှိခြင်း၊ ကလေးများအား “မင်းတို့တတ်ပြီးသား တော်ပြီးသား “ ဟု ပြောဆို၍ စာသင်သော ဆရာဆရာမများဖြစ်သည်။

(၈) ကျောင်းစာသင်ခန်းတွင်း၌(မုန့်စားကျောင်းဆင်းချိန် နှင့် နောက်ဆုံးချိန်များ) တွင် သက်ဆိုင်ရာ ဆရာ၊ဆရာမ များသည် စာသင်ချိန်၌ ကလေးများ စုံ-မစုံကို မစစ်ဆေးခြင်း၊ တချို့ကလေးမှာမူ မုန့်ဆိုင်၌ နေပြီး အတန်းမတက်ခြင်း၊ တချို့မှာမူ ကျောင်းအပြင်ဘက်သို့ ထွက်၍သွားလည်ခြင်း၊ တချို့မှာ အိမ်သာသို့အကြာကြီးသွားခြင်းတို့ကို သတ်မှတ်ချိန် မထားဘဲ ၀င်ချင်သလိုဝင် ၊ ထွက်ချင်သလိုထွက် ပြုလုပ်နေသည်ကို ဆရာမများသည် မိမိ၏အတန်းကလေးများ ခြေလမ်းပျက်သည်ကို သိသော်လည်း မိမိနှင့်မသက်ဆိုင်သလိုနေခြင်း။
အထက်ပါအချက်များမှာ ဆရာ၊ဆရာမများ၏ စေတနာ မပြည့်ဝမှုများ၊ မိမိ၏အလုပ်တာဝန်များအပေါ်(အဖြေလွှာ မစစ်ဆေးခြင်းများ)ပေါ့ပေါ့ဆဆလုပ်ဆောင်မှုများ၊ကလေးများအား စည်းကမ်းကောင်းအောင် မထိန်းသိမ်းနိုင်ခြင်းများ၊ ဆင်းရဲသောကလေးများအား ပစ်ပယ်ခြင်းများ၊ငွေမျက်နှာကို အဓိကထားခြင်းများ စသည့် မကောင်းသည့်အချက်များကို ရပ်တန့်သွားစေချင်ပါသည်။

လေးစားစွာဖြင့်-
(ပြည့်သုရှင်)