Sunday, October 24, 2010

ရွေးကောက်ပွဲအကြို အင်တာနက်လိုင်း ထိန်းချုပ်

မြန်မာနိုင်ငံတွင် လတ်တလော အင်တာနက် ဆက်သွယ်မှုများ လုံးဝနီးပါး ပြတ်တောက် ရခြင်းမှာ ရွေးကောက်ပွဲ ကာလ၌ ပြည်ပသို့ သတင်းစီးဆင်းမှု မရှိစေရန် စစ်အစိုးရက ကြိုတင် ထိန်းချုပ် လိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPT) က အင်တာနက်ကဖေးများနှင့် စီးပွားရေးလုပ်ငန်းသုံး အင်တာနက် လိုင်းများကို ဖြတ်တောက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနနှင့် နီးစပ်သူက ပြောသည်။

“၄၅ mbps နှုန်းရှိတဲ့ SEA-ME-We-3 ရေအောက်ကေဘယ်လ် အပြင် ၁၅ mbps နှုန်းရှိတဲ့ ဂြိုဟ်တုဆက်သွယ်မှုတွေနဲ့ ချိတ်ဆက် ထားတဲ့ စစ်ဘက်၊ အစိုးရဘက်ဆိုင်ရာဌာနတွေမှာတော့ အင်တာနက်လိုင်းက ဘာမှမဖြစ်ဘူး။ အင်တာနက် အသုံးပြုရတဲ့ လုပ်ငန်းတွေ၊ အင်တာနက် ကဖေးတွေမှာတော့ ဒီအတောအတွင်း ပြည်ပကို သတင်းပေါက်ကြားမှာစိုးလို့ အစိုးရက အင်တာနက်နှုန်းတွေကို လျှော့ချပစ်တာ” ဟု အဆိုပါ ဝန်ကြီးဌာနနှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင်း အင်တာနက် ဆက်သွယ်မှုများကို MPT နှင့် မြန်မာ တယ်လီပို့ (ယခင် ပုဂံဆိုက်ဘာတက်) တို့မှ ဝန်ဆောင်မှု ပေးနေပြီး စစ်ဘက်နှင့် အစိုးရဘက်ဆိုင်ရာဌာနများအတွက်ကို ဝန်ကြီးဌာနမှ လည်းကောင်း၊ စီးပွားရေးနှင့် အရပ်ဖက်တွင် အသုံးပြုရန်အတွက် မြန်မာ တယ်လီပို့ မှ လည်းကောင်း တာဝန်ယူရသည်ဟု သိရသည်။

စာနယ်ဇင်းသမားများ နှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကလည်း ပြီးခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်တွင် ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲကာလတွင် အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ်မှုများ ပြတ်တောက်မည်ကို စိုးရိမ်နေကြသည်။

စစ်အစိုးရသည် ရွေးကောက် ပွဲကာလတွင် အင်တာနက်ချိတ်ဆက်မှုကို ထိန်းချုပ်မည်၊ ယခုအကြိမ် အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းတို့မှာလည်း စစ်အစိုးရက ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) နှင့် မြန်မာ့သတင်းသမဂ္ဂ (BMA) တို့က ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

MPT ၏ တရားဝင်ထုတ်ပြန်ခြင်း မရှိသော ကြေညာချက်တွင် ပြည်တွင်း အင်တာနက် ဆာဗာကို ပြည်ပမှ DDoS စနစ်ဖြင့် တိုက်ခိုက်သဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကွန်ပျူတာပညာရှင်များက DDoS စနစ်ဖြင့် ဝက်ဘ်ဆိုဒ်များကိုသာ တိုက်ခိုက်နိုင်ပြီး အင်တာနက် ဆာဗာကို တိုက်ခိုက်၍ မရကြောင်း၊ ပင်လယ်ရေအောက် ကေဘယ်လိုင်းများ ပျက်စီးသည်ဟုလည်း တစုံတရာ ကြားသိရခြင်း မရှိကြောင်း၊ အရပ်ဘက်သုံး အင်တာနက်များ ရွေး၍ ပြတ်တောက်ခြင်းကို ကြည့်လျှင် တမင်ပိတ်ထားသိကို သိနိုင်ကြောင်း ထောက်ပြကြသည်။

လာမည့် ရွေးကောက်ပွဲကာလတွင် ပြည်တွင်းအခြေစိုက် သတင်းထောက်များအနေဖြင့် ပြည်ပသို့ သတင်း အချက်အလက်များ၊ ဓာတ်ပုံများကို အင်တာနက်မှတဆင့် ပို့ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း စစ်အစိုးရက အင်တာနက်လိုင်းများ ထိန်းချုပ်ခြင်း၊ အင်တာနက် ကဖေးများကို ပိတ်ခိုင်းခြင်း တို့ပြုလုပ်ခဲ့ဖူးသည်။

ယနေ့ထုတ် အေပီ သတင်းတွင် အင်တာနက်ကို အဓိကအသုံးပြုရသည့် ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှစပြီး အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများကို ပြောဆိုခဲ့သည်ဟု ဖော်ပြထား သည်။

၎င်းတို့ကလည်း အင်တာနက်လိုင်းများပြတ်တောက်ခြင်းသည် ရက်သတ္တပတ်ခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ခရီးသွားများ ကို ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။

တချို့နေရာများကလည်း ယနေ့မှစ၍ တယ်လီဖုန်းလိုင်းများပါ ခက်ခဲလာသည်ဟု ပြောဆိုကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် မဲရုံပရဝုဏ် အတွင်း သတင်းယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းများကို တားမြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။