Tuesday, October 26, 2010

အင်းစိန်နှင့် မင်္ဂလာဒုံ တကျောတွင် မဲမပေးရေး စာရွက်များဖြန့်

ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း ရေးသားထားသည့် စာများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် လူငယ်များက ရန်ကုန်တိုင်း အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ်များတွင် ယနေ့နံနက်က လိုက်လံပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

အင်းစိန်၊ ဖော့ကန်၊ အောင်ဆန်း၊ မင်္ဂလာဒုံ၊ မှော်ဘီနှင့် ထောက်ကြန့် အရပ်များရှိ လူစည်ကားရာ ဈေးများတွင် NLD လူငယ်များက စာရွက်များကို လိုက်လံပေးဝေခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲ နေနိုင်ခွင့်လည်းရှိတယ်ဆိုတဲ့အချက် တွေပါတဲ့ စာရွက် ကမ်းတယ်။ ပြည်သူလူထုကိုလည်း ဒီအကြောင်း ရှင်းပြတယ်။ စောင့်ကြည့်တာ နှောင့်ယှက်တာတော့ မရှိဘူး။ ထောက်ကြန့်ဈေးမှာတော့ ကျနော်တို့ စာရွက်တွေ လိုက်ဝေပြီးလို့ ကားပေါ်အတက်မှာ သတင်းတပ်ဖွဲ့ဝင်တွေက ဓာတ်ပုံ လိုက်ရိုက်တယ်” ဟု NLD လူငယ် တဦးက ပြောသည်။

ပြည်သူများအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲပေးရန်ေ၀၀ါးနေဆဲဖြစ်ပြီး တချို့ကမူ NLD ပါတီ ရွေးကောက်ပွဲ ၀င်မည်ဟု ထင်မှတ်နေကြကြောင်း သူက ဆိုသည်။

“တချို့က မသိကြဘူး။ ခွပ်ဒေါင်းတွေ၊ ခမောက်တွေပါတော့ NLD က ရွေးကောက်ပွဲဝင်တယ် ထင်ကြတယ်။ ကျနော်တို့က NLD ရွေးကောက်ပွဲ မ၀င်ဘူးဆိုတာရယ်၊ ဘာကြောင့် မဝင်ဘူးဆိုတာရယ်ကို ရှင်းပြရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ပြည်သူလူထုကို ရှင်းပြ၍ မဲမပေးဘဲ နေခွင့်ရှိကြောင်း စာရွက်များ ဖြန့်ဝေမှုကို တခြား မြို့နယ်များတွင်လည်း ဆက်လက် အရှိန်မြှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် မဲမပေးရေး၊ ရွေးကောက်ပွဲ သပိတ်မှောက်ရေး အတွက် အထိုက်အသင့် အောင်မြင်မှုရှိလိမ့်မည်ဖြစ်ကြောင်း NLD လူငယ်များက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သန်လျင်မြို့နယ် NLD အဖွဲ့ဝင် လူငယ်များက သန်လျင်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း စာရွက်များ လိုက်လံပေးဝေခဲ့သေးသည်ဟု သိရသည်။

“စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ မတရားဘူးဆိုတာ ပြည်သူတွေ သိဖို့လိုတယ်။ ကျနော်တို့ ဒီလိုလုပ်တော့ မသိတဲ့သူတွေ သိသွားလို့ ထိရောက်မှု တခုဖြစ်တယ်” ဟု NLD လူငယ်တဦးက ပြောသည်။