ကျနော်တို့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ ပျက်စီးနေတဲ့ ဆည်ကြီးတံတားကို အနီးအနားမှာရှိတဲ့ ရွာတွေကနေ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ထူကိုယ်ထ ပြုပြင်ကြဖို့ ခရိုင်ဥက္ကဋ္ဌ ဦးကြည်ဝင်းက ညွှန်ကြားထားလို့ ရွာအာဏာပိုင်တွေက တအိမ်ထောင်ကို ကျပ် ၄ဝဝဝ ကနေ ကျပ် ၂ သောင်းအထိ ကောက်ခံနေပါတယ်။
ဆည်ကြီးတံတားဟာ ကလေးမြို့အနောက်မြောက် ၈ မိုင်လောက်မှာ တည်ရှိပြီးတော့၊ ပျဉ်းခုံကြီးနဲ့ လက်ပံချောင်း ကျေးရွာအုပ်စု ၂ စု ကြားမှာ ရှိတာပါ။ အုပ်စု ၂ စုလုံးကနေ ဒီလဆန်းကစပြီး ကောက်ခံနေတာပါ။ ပျဉ်းခုံကြီးအုပ်စုမှာ ရွာ ၇ ရွာ ရှိပါတယ်။ အိမ်ခြေပေါင်းကတော့ ၁၈ဝဝ လောက် ရှိပါတယ်။ လက်ပံချောင်းမှာကျ ၈ ရွာရှိပြီး အိမ်ခြေကတော့ ၂၇ဝဝ လောက် ရှိပါတယ်။
ပျဉ်းခုံကြီးမှာ တအိမ်ကို ကျပ် ၄ဝဝဝ ပျမ်းမျှနှုန်း ထည့်ဝင်ရပါတယ်။ လက်ပံချောင်းမှာကျ ဆင်းရဲချမ်းသာအလိုက် အနည်းဆုံး ကျပ် ၄ဝဝဝ ကနေ အများဆုံး ကျပ် ၂ သောင်းအထိ ကောက်ပါတယ်။ ဒါပေမဲ့ မုဆိုးမတွေနဲ့ ဆင်းရဲလွန်းသူတွေဆီကနေ မကောက်ခံပါဘူး။
ဆည်ကြီးတံတားကို ၁၉၇၉ ခုနှစ်ထဲမှာ ကြိုးတံတားအဖြစ် ရွာသားတွေကပဲ တည်ဆောက်လာခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်ထဲမှာတော့ သစ်သားတံတားနဲ့ အစားထိုးပြောင်းလဲခဲ့ပါတယ်။ တံတားအရှည်ကတော့ ပေ ၂ဝဝ ပါ။ အနံက ၁ဝ ပေ ရှိပြီး အမြင့်ကတော့ ၁၂ ပေလောက် ရှိပါတယ်။ ၂ဝဝ၇ ခုနှစ် သြဂုတ်လထဲမှာ ချောင်းရေကြီးလို့ တံတားအောက်ခြေကစပြီး ပြိုကျပျက်စီးသွားခဲ့တာပါ။ ပြန်မပြင်နိုင်ခဲ့ကြပါဘူး။ အခုတော့ ကောက်ရတဲ့ ငွေတွေနဲ့ နောက်လထဲမှာ ပြန်ဆောက်မယ်လို့ သိရပါတယ်။
ဒီတံတားပေါ်ကနေ လက်ပံချောင်း၊ ပျဉ်းတောဦးနဲ့ ပျဉ်းခုံကြီး ကျေးရွာအုပ်စုထဲမှာပါတဲ့ ရွာပေါင်း ၂၅ ရွာက အိမ်ခြေပေါင်း ၇၃ဝဝ ကျော်ရှိတဲ့ တောင်သူနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတွေ သွားလာနေကြတာပါ။ တံတားကြီးဟာ ကလေးမြို့ဆီကို သွားရောက်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးအဖြစ် အဓိက အားကိုးနေရတဲ့ လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတာတော့ ဖြစ်ပါတယ်။
ကလေးမြို့ဆီကို လယ်ယာထွက်သီးနှံ ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ ဆီ စတဲ့ သီးနှံတွေကို တင်သွင်းရောင်းဝယ်တဲ့ ဆည်ကြီးတံတား ပျက်စီးလို့ ဒေသခံတွေအဖို့ အခက်အခဲတွေတော့ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် မိုးတွင်းမှာ ချောင်းရေကြီးလို့ ပျက်နေတဲ့ တံတားကို ဝါးခြမ်းတွေခင်းပြီး သွားလာခဲ့ရပါတယ်။
တံတားကို ပြန်ပြင်ဖို့ လိုလားပေမယ့် ကျပ် ထောင်ချီပြီး ငွေကောက်နေတာကိုတော့ ရွာသားအများက မကျေနပ်ကြပါဘူး။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး ဆိုတဲ့ စကားက လှပေမယ့် ဝမ်းမဝ ခါးမလှတဲ့ ကျနော်တို့တွေ ငွေအတွက် ခက်ခဲရပါကြောင်း တင်ပြလိုက်ပါတယ်။
ပျဉ်းခုံကြီး ရွာသားတချို့
ကလေးမြို့နယ်
စစ်ကိုင်းတိုင်း