ရွှေဝါရောင် တော်လှန်ရေး ၃ နှစ်ပြည့်ချိန်တွင် မွန်သံဃာတော် တပါးကို အင်းစိန် အထူးတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။
“အရှင်ဥက္ကံသကို ဒီနေ့ပဲ အီလက်ထရွန်းနစ်ပုဒ်မနဲ့ ထောင် ၁၀ နှစ်၊ ပုံနှိပ်မှုဆိုင်ရာပုဒ်မနဲ့ ထောင် ၄ နှစ်၊ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) နဲ့က ၁ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ် ချလိုက်တာပါ။ ဥပဒေကြောင်းအရ တရားလိုဘက်က တရားခံအပြစ်ရှိကြောင်း တိကျ ခိုင်မာတဲ့ အထောက်အထား မတင်ပြနိုင်ဘူးလို့ ပြောရမှာပါ” ဟု အရှင်ဥက္ကံသဘက်မှ ရှေ့နေလိုက်ပေးခဲ့သူ ဒေါ်ခင်ဌေးကြွယ်က ဧရာဝတီသို့ ပြောသည်။
အရှင်ဥက္ကံသကို ယခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။