Thursday, September 02, 2010

တပ်ပြေး ကလေးစစ်သားကို ဖမ်းဆီးထား

ဧရာဝတီတိုင်း အိမ်မဲမြို့မှ ကလေးစစ်သား မောင်အောင်ဇော်မိုးကို တပ်မှ ထွက်ပြေးလာ သောကြောင့် ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင် ထားကြောင်း မိဘများက ပြောသည်။

၂၀၀၉ ခုနှစ်တွင် အသက် ၁၂ နှစ်အရွယ် မောင်အောင်ဇော်မိုးအား  တပ်ကြပ်ကြီးတဦးက မိဘများမသိဘဲ စည်းရုံးခေါ်ဆောင် သွားပြီး လေ့ကျင့်ရေး အမှတ် ၆ (၀ါးရာချောင်း) ပုသိမ်မြို့သို့ ပို့ပြီး သင်တန်းတက်စေခဲ့ကြောင်း၊ ထို့နောက်  ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၅၃၈ တွင် ကိုယ်ပိုင်အမှတ် တ/၃၈၉၃၀၂ ဖြင့် တာဝန်ထမ်းဆောင်နေရာမှ အိမ်သို့ ထွက်ပြေးလာခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က အိမ်သို့လာရောက်ဖမ်းဆီးပြီး ယခုအချိန်အထိ ချုပ်နှောင်ထားကြောင်း မိဘများ ဖြစ်သည့် ဦးသန်းမြင့်နှင့် ဒေါ်ထွန်းမေက ပြောသည်။

“မင်းမိဘတွေကို ငွေကျပ် ၇သောင်းနဲ့ ဆန်တအိတ် ပို့ပေးမယ်၊ မင်းကိုလည်း တပ်ထဲမှာ ကောင်းကောင်းကျွေးထားမယ်၊ လစာ ကောင်းကောင်းပေးမယ်လို့ပြောပြီး ခေါ်သွားတယ်လို့ သားက စစ်ဆင်ရေးက ပြန်လာတော့ အကြောင်းစုံ ပြောပြတယ်”ဟု ဒေါ်ထွန်းမေက ဆိုသည်။

မောင်အောင်ဇော်မိုးသည် ရသေ့တောင်တွင် တာဝန်ထမ်းဆောင်နေရင်း ကရင်ပြည်နယ်သို့ စစ်ဆင်ရေးထွက်ရာမှ အပြန် ၂၀၀၉ ဒီဇင်ဘာတွင် အိမ်မဲမြို့ မိဘများရှိရာသို့ ပြန်လာခဲ့ပြီး လယ်ယာလုပ်ငန်းကို ကူလုပ်ပေးနေခဲ့ကြောင်း၊ ၂၀၁၀ ဇူလိုင်လ ဆန်း ပိုင်းတွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ဇူလိုင်လ ၁၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က လာပြီး ဖမ်းခေါ်သွားတယ်။ ပြီးတော့ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၆၃ စစ်ခုံရုံးမှာ ခြေထောက်ကို သံခြေကျင်း ခတ်ထားပြီး စစ်ဆေးတယ်။ မြောင်းမြထောင်ကို ပို့မယ်လို့လည်း ကြားတယ်” ဟု ဒေါ်ထွန်းမေက ပြောသည်။