Wednesday, August 25, 2010

စစ်အစိုးရတောင်းဆိုမှုကို အပစ်ရပ်အဖွဲ့များ ငြင်းပယ်

ရှမ်းပြည်နယ်အရှေ့ခြမ်းရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက ဖိအားပေးတောင်းဆိုလာသည့်အပေါ် ထပ်မံငြင်းပယ် လိုက်သည်။
စစ်အစိုးရ၏ စစ်ဖက်ရေးရာအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က နယ်ခြားစောင့်တပ် (သို့မဟုတ်) ဌာနေပြည်သူ့စစ် တပ်ဖွဲ့ရေးထက် လုံးဝလက်နက်ချရမည်ဟုပြောဆိုခဲ့မှုအပေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မိန်းလားခေါ် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ခေါင်းဆောင်တို့က ငြင်းပယ်လိုက်သည်ဟု ရှမ်းသံတော်ဆင့်သတင်းအယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။
မနေ့က မိန်းလန်းနဲ့ ပန်ဆန်းအဖွဲ့နှစ်ဖွဲ့ အစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ချက် ချလိုက်ပြီ။ မနေ့ ကညနေပိုင်းလောက်မှာ ဗိုလ်ရဲမြင့်ဆီ စာပြန်လိုက်ပြီ။ စကားလုံးယဉ်ယဉ် ကျေးကျေးသိမ်သိမ် မွေ့ မွေ့လေးတွေ သုံးပြီးမှ အကြောင်းပြန်လိုက်တယ်။ အဓိပ္ပါယ်က အနှစ်ချုပ်လိုက်လို့ရှိရင် သူတို့က လက် မခံဘူး။
နှင့် မိန်းလားအဖွဲ့ခေါင်းဆောင်များ ယခုလ ၂၀ ရက်နေ့က ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ဆွေးနွေးခဲ့စဉ် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကိစ္စများ သတ်မှတ်ရက် ကုန်ဆုံး သွားသည့်အတွက် လုံးဝလက်နက်ချရမည် ဟု  ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ပြောကြောင်း ဦးစိန်ကြည်က ဆက်ပြော သည်။
အခုနောက်ဆုံးမနေ့ကသိရတာ။ ရဲမြင့်ပြောတာက နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဘာညာ ဆိုတာ အခွင့်အရေး မရှိတော့ဘူး။ သူ့သက်တမ်းကုန်ဆုံးသွားပြီ။ လုံးဝလက်နက် ချရေးပဲပြောတယ် တဲ့။ အဲတာ စက်တင်ဘာ(၁)ရက် နောက်ဆုံးထားပြီးတော့မှ လုပ်မလုပ်၊ လက်ခံမခံ အကြောင်း ပြန်ဖို့ပဲ။
ထို့အပြင် လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် စစ်အစိုးရပြုလုပ်ပေးမည့် ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ၀နယ် မြေအတွင်း ပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း အနုနည်းဖြင့် တုန့်ပြန်ပြောဆိုခဲ့သည်ဟု သိရသည်။
နှစ်ဖက်တင်းမာသည့် အခြေအနေဟု မဆိုသာသော်လည်း ယခုရက်ပိုင်းအတွင်း ပန်ဆန်းမြို့ပေါ်၌ ယခင်က နှင့်မတူပဲ ငြိမ်သက်နေပြီး မြို့ပေါ်ရှိ စစ်အစိုးရတပ်ဖွဲ့ဝင်များအား စခန်းတာဝန်ရှိသူများက အကြောင်းမဲ့ပြင်ပ ထွက်ခွင့်ကို ပိတ်ပင်ထားသည်ဟု အမည် မဖော်လိုသည့် တပ်ဖွဲ့ဝင်တစ်ယောက်က ယခုလို ပြောသည်။
ဈေးသွားဈေးလာတာကလွဲလို့ ဘယ်မှမထွက်ခိုင်းဘူးကော သူတို့လူကြီးတွေ။ သူတို့နေရာ ပတ်ပတ် လည်မှာ စောင့်ထားပြီကော။ မြို့ထဲမှာလည်း ညကိုးနာရီဆိုရင် လူသွားလူလာ တောင်မရှိတော့ဘူး။ တိတ်ဆိတ်နေတာပဲ။