Saturday, March 20, 2010

စစ်ကြောင်းကို ခါးပိုက်ထဲထည့်၊ သစ်မှောင်ခိုနေ

ပဲခူးတိုင်း ဖြူးမြို့နယ် သမိုင်းဝင် မြသိန်းတန် ဘုရားကြီးဘေးကနေ ပဲခူးရိုးမတောထဲအထိ Asia Green ကုမ္ပဏီက ဖောက်လုပ်ထားတဲ့ လမ်းပေါ်မှာ အကျင့်ပျက် သစ်တောဝန်ထမ်းတွေနဲ့ ကားပိုင်ရှင်တွေ ပူးပေါင်းပြီး ညတိုင်းလိုလို ၁၀ ဘီးကားကြီးတွေနဲ့ သစ်တွေကို သယ်ထုတ်နေကြပါတယ်။

သစ်ခိုးထုတ်တာကို တားမယ့်ဆီးမယ့် ရိုးမတပ်မတော် စစ်ကြောင်းဆိုတာလည်း သူတို့ခါးပိုက်ထဲ ရောက်နေပါပြီ။

သစ်တွေကို တောင်ပေါ်မှာ ချက်ချင်း ခုတ်လှဲ၊ ကားပေါ်တင်၊ တံဆိပ်တုံးရိုက်ပြီး လုပ်နေလိုက်ကြတာ မြင်မကောင်းပါပဲ။ မြို့ဒေါင့် ဘုန်းကြီးကျောင်းထဲက သစ်စက်တွေအပြင် တခြားစက်တွေကလည်း ချက်ချင်း သစ်ခွဲပြီး ညမြင်နေ့ပျောက် တရားမဝင် သစ်မှောင်ခိုလုပ်ငန်းကြီးကို လုပ်ချင်တိုင်း လုပ်နေကြတာပါ။

တတောလုံး၊ တတောင်လုံးကို နွေမိုးဆောင်း သစ်ခုတ်လှဲနေကြပါတယ်။ သစ်တပင်ခုတ် ထောင် ၃ နှစ် ဆိုတာလည်း မမှုကြပါဘူး။ စစ်ကြောင်းကတော့ တောင်ပေါ်ကိုတောင် မရောက်ပါဘူး။

ကျနော်တို့ ဖြူးမြို့နယ်က အကျင့်ပျက် သစ်တောဝန်ထမ်းတွေနဲ့ သစ်မှောင်ခိုသမားတွေ ပူးပေါင်းထားတဲ့ အကြီးစား မှောင်ခိုဂိုဏ်းကြီးကို အမြန်ဆုံး တားဆီးနိုင်ဖို့ သစ်ထုတ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လူကြီးတွေကို အကြောင်းကြားလိုက်ရပါတယ်။

တာဝန်သိ လုပ်သားပြည်သူတဦး