Friday, May 28, 2010

ကျောင်းအဆောင် အခက်အခဲ ဖြေရှင်းပေးပါ

၂ဝဝ၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြလို့ဆိုပြီး မကျေမနပ်ဖြစ်ရာကနေ စစ်ကိုင်းတိုင်း ကလေးမြို့ တက္ကသိုလ် ပါမောက္ခချုပ် ဦးမြင့်ဆွေက နောက်တနှစ်က စပြီး ကျောင်းအဆောင်တွေကို ငှားရမ်းခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့လို နယ်ဝေးကနေ ကျောင်းလာတက်သူတွေအဖို့ နေရေးထိုင်ရေးအတွက် အတော်ပဲ ကသိကအောက် ဖြစ်နေပါတယ်။

ကျောင်းသားပေါင်း ၄ဝဝဝ လောက်ရှိတဲ့အထဲက ၆ဝ ရာခိုင်နှုန်းလောက်ဟာ လမ်းမတွေပေါ်မှာ သံဃာတော်တွေ မေတ္တာပို့ဆုတောင်းတဲ့ ရွှေဝါရောင် လှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို၊ စာမေးပွဲ မဖြေဘဲလည်း ဆန္ဒပြခဲ့ပါတယ်။

ကျောင်းသားနေတဲ့အဆောင် ၁၅ ဆောင်လောက် ရှိပါတယ်။ ကျောင်းသားပေါင်း ၁ဝဝဝ လောက် နေခဲ့ကြတာပါ။ ဒါကြောင့်လည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေဆီက လာတက်တဲ့ နယ်ဝေးကျောင်းသားတွေအတွက် အဆင်ပြေခဲ့ပါတယ်။

အဲဒီတုန်းက ကျောင်းသားတယောက်ဟာ တလမှာ အဆောင်ခ ၂ဝဝဝ ကျပ်နဲ့ စားစရိတ်တွေပေါင်းရင် ကျပ် ၁ဝဝဝဝ လောက်ပဲ ကုန်ကျခဲ့တာပါ။ အဆောင်ငှားခွင့် မရှိတော့လို့ အပြင်မှာပဲ ဖြစ်သလို နေထိုင်ကြရတော့ ကုန်ကျစရိတ်က  ၃ ဆလောက် တက်သွားပါတယ်။ ကျောင်းနားမှာရှိတဲ့ ပုဂ္ဂလိကအဆောင်တွေလောက်နဲ့ မလုံလောက်လို့ ဆွေမျိုးနီးစပ်တွေ၊ အသိတွေရဲ့ အိမ်တွေမှာ နေကြရပါတယ်။

ကျနော်တို့နေတဲ့ အိမ်ဆိုရင် ကျောင်းကနေ ၇ မိုင်လောက်ဝေးပါတယ်။ ဒါကြောင့်လည်း ကျောင်းသွားကျောင်းပြန် ပင်ပန်းရပါတယ်။ ကားခလည်းကုန်၊ မိုးရွာရင်လည်း ကျောင်းသွားလို့က မရပါဘူး။ ကျနော်လို ဘဝတူ ကျောင်းသားတွေက အများကြီးပါ။

ကျနော်တို့ ကလေး တက္ကသိုလ်မှာ ချင်းပြည်နယ်၊ တမူး၊ ကလေးဝနဲ့ ကလေးမြို့က ကျောင်းလာတက်ကြရာမှာ ကလေးမြို့ပေါ်က ၅ဝ ရာခိုင်နှုန်း၊ ချင်းပြည်နယ်က ၃ဝ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်း ကလေးဝနဲ့ တမူးမြို့နယ်က ၂ဝ ရာခိုင်နှုန်းလောက် ရှိပါတယ်။

ကလေးတက္ကသိုလ်ကို ၁၉၉၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။ ကျောင်းက ကလေးမြို့အနောက်ဘက် ၉ မိုင်မှာရှိတဲ့ ချင်းပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ၉ မိုင် ကျေးရွာမှာ တည်ရှိပါတယ်။

ကိုယ့်ကျောင်းထဲမှာပဲ အဖိုးအခချိုသာပြီး အဆောင်အတွက် ပူပန်ရတာမျိုးမရှိဘဲ နေချင်လှပါတယ်။ ကျောင်းအဆောင်တွေ အမြန်ဆုံး ပြန်ဖွင့်ပေးပါလို့ တင်ပြလိုက်ပါတယ်။

ကလေးမြို့ တက္ကသိုလ် ကျောင်းသားတစု

ဖလမ်းမြို့၊ ချင်းပြည်နယ်